21 February, 2013

လရောင်အောက်မှာ ပွင့်တဲ့ပန်း


အကြောင်းတိုက်ဆိုင်ရင် သတိရတတ်ပါတယ်
သူပြောဖူးတဲ့ စကားတစ်ခွန်းတစ်လေ
ချိုမြိန်တဲ့ သစ်သီးတွေ ရာသီကုန်ရင်တောင်
ငှက်တွေ ဘယ်တော့မှ မမေ့သလိုမျိုး...။

မိုးတွေ အကြိမ်ကြိမ်ရွာတယ်...
မိုးတွေ အကြာကြီးခေါင်တယ်..
ဒါပေမယ့်
သစ်ပင်တွေ ဘယ်တော့မှ မိုးကို မမေ့သလိုမျိုး
ငါ့ နှလုံးသားထဲ ဖြတ်သွားဖြတ်လာတွေ သိပ်မများခဲ့ပါဘူး..
သတိရခြင်းတွေ သူ့နေရာနဲ့သူ သိမ်းထားတယ်...။

မင်း မေ့လိုက်နိုင်ပါတယ်..
မင်း ပြောင်းလဲနိုင်ပါတယ်..
ကတိတစ်ခု အတွက် မင်းကို ငါ မတုပ်နှောင်ဖူးတဲ့ အတွက်
မျိုးစေ့တွေ လေလွင့်ရာ ပန်းတွေ ပွင့်တတ်သလိုမျိုး
အချစ်တွေလည်း နေရာပြောင်းပြီး ပွင့်နိုင်တယ် မဟုတ်လား...။

တစ်ချို့ပန်းကလေးတွေ
လရောင်အောက်မှာမှ ပွင့်တတ်သလိုမျိုး
မပြောဖြစ်တော့မယ့် ငါ့ချစ်ခြင်းတွေ
တိတ်တဆိတ် ပွင့်ခဲ့ဖူးတယ်...
အများအမြင် နေရောင်အောက်မှာတော့ ငုံရုံကလေး ငုံလို့..။

ငှက်တွေ အသိုက်သစ်အတွက် အိပ်မက်မက်ဖူးကြသလိုမျိုး
မပြောကောင်း မဆိုကောင်း ချို့ယွင်းချက်တွေ မရှိတဲ့ ငါလည်း
အိပ်မက်တွေ မက်ဖူးပါရဲ့
လရောင်အောက်က ပန်းပွင့်လေးကို
မြတ်မြတ်နိုးနိုး နမ်းရှိုက်သူ တစ်ယောက် အကြောင်း...။

အိပ်မက်ကတော့ အိပ်မက်ပဲပေါ့..
တော်မဝင်တဲ့ ဇာတ်လမ်းတွေကို
ငါ့ နေရောင်အောက်မှာ နေရာမပေးနိုင်တဲ့အခါ
ငါ့အတ္တတွေနဲ့ငါ လှလှပပ ပျော်မွေ့လို့
ငါ့ရှင်သန်ခြင်းတွေနဲ့ငါ အချိန်တွေတောင် မလောက်မငဖြစ်လို့..
ဒီလိုပါပဲ..
ဒီလိုပါပဲလေ...။

သိင်္ဂါကျော်
(ခုတလော ဘလော့ကို ပစ်ထားတာ ကြာသွားပါတယ်.. မအားသေးတာရယ်.. စိတ်မပါသေးတာရယ်ကြောင့်  ဝတ္တု မရေးဖြစ်တာတောင် ကြာနေပါပြီ.. sorry ပါနော်...)