22 December, 2011

ခရစ္စမတ် ချစ်သူ (၂)



ခရစ္စမတ် ချစ်သူ ရဲ့ အဆက် မဟုတ်ပါ။ မေသို့ လွမ်းချင်း ရဲ့ အဆက် ဟု ဆိုလိုက ဆိုနိုင်ပါသည်။
............................................................................................................................................................

ပြန်လာမယ် မသေချာတဲ့ သူ တစ်ယောက်ကို စောင့်မျှော်နေတာ မေ့ ရဲ့ ရူးနှမ်းမှုတစ်ခုသာပါပဲ။ ဘယ်လောက် ကြာခဲ့ပြီ ဆိုတာ ရေမထားပေမယ့်လည်း မှတ်မိနေခဲ့သည်။ သူနဲ့ အတူ မရှိနိုင်တဲ့ ဒီဇင်ဘာက အခုဆို သုံးခုမြောက် ဖြစ်နေပြီ။ ဒီဇင်ဘာ ဆို အားလုံးရဲ့ စိတ်ထဲ လွမ်းချင်လာကြသည်။ မေ လို အလွမ်းဓါတ်ခံ ရှိတဲ့သူ အဖို့တော့ ပိုဆိုးတော့သည်။ ဒီဇင်ဘာ အလွမ်း ကဗျာတွေ ဖတ်ပြီး လွမ်းသည်။ မေ ကိုယ်တိုင် ကဗျာ မရေးတတ်ပေမယ့် မေက ကဗျာတွေကို ချစ်သည်။ ကဗျာ တွေ ရေးတတ်သော သူ တစ်ယောက်ကို လည်း ချစ်သည်။ ဒီဇင်ဘာ သီချင်းတွေ နားထောင်ပြီး လွမ်းသည်။ Tayer Swift ရဲ့ Back To December ကို နားထောင်ပြီးလည်း လွမ်းသည်။ Hudrey Hannah ရဲ့ It’s December ကို နားထောင်ပြီးလည်း လွမ်းသည်။

အခု မေ နေသော မြို့ကလေးကလည်း မြန်မာပြည်ထဲက အအေးဓါတ်ပိုသော မြို့ကလေးပါပဲ။ ဒါပေမယ့် ဆောင်းက ဟိုအရင် ကြုံဖူးတဲ့ ဥရောပ ဆောင်းလို မပြင်းထန်ပါ။ အဲဒီတုန်းက ဆောင်းကို သူနှင့် အတူသာ မဖြတ်သန်းရလျှင် မေ ခံနိုင်ပါ့မလား မသိ။ အဲဒီက လေတွေကိုက အေးစက်ကြမ်းရှ နေသည်ဟု ထင်သည်။ ဒီဇင်ဘာမှာ ရွာတတ်သည့် မိုးတွေကိုလည်း မေက မုန်းသည်။ အပြင်ထွက်လျှင် လက်အိတ်စွပ်ရမှာ သဘောမကျတတ်သည့် မေ့ လက်တွေ အေးနေလျှင် သူ့ လက်တွေနှင့် အတူတွဲရင်း နွေးလာစေခဲ့ဖူးတာကို သတိရသည်။ အခုတော့ မေ့ လက်ကို တွဲမယ့်လူက အနားမှာ မရှိတော့။ အပြင်မှာ ဆောင်းလေ တွေ တိုက်နေတဲ့ အသံတွေ ကြားရင်လည်း ဟို အရင် ဆောင်းညတွေကို သတိရသည်။ လေတွေ တိုက်လို့ ကြောက်တယ် ဆိုပြီး သူနှင့် တစ်ညလုံး နီးပါး ဖုန်းပြောရင်း နေခဲ့ဖူးသည်။

အရင်က ပန်းချီပြခန်းတွေဆို သွားကြည့်တတ်လေ့ မရှိသည့် မေက အခုတော့ သွားကြည့်ရင်း သူ့ကို လွမ်းနေတတ် ခဲ့သည်။ သူနှင့် အတူ ပြတိုက်မှာ ပန်းချီကားကို ကြည့်ရင်း သူပြောပြသည့် ပန်းချီကားတွေ အကြောင်း နားထောင်ခဲ့ဖူးတာကို သတိရသည်။ သူ ရွတ်ပြသည့် ကဗျာတွေကို နားထောင်ဖူးခဲ့တာကို လွမ်းသည်။ သူ ညွှန်းခဲ့ဖူးသည့် ကဗျာ ဘလော့တွေကို ခုထိ အမြဲ သွားဖတ်ဖြစ်သည်။ နှစ်ယောက်သား အတူတူ ကြိုက်ခဲ့ဖူးသော အင်္ဂလိပ် သီချင်းတွေ နားထောင်ရင်းလည်း သတိရနေမိဆဲ..။ သူက မေ့ထက်စာလျှင် အများကြီး ပိုချောသည်ဟု ဆိုနိုင်သည်။ မေ့ထက် ပိုပြီးလည်း စမတ်ကျသည်။ သူ အပြုံးတိုင်းကိုလည်း မေက စွဲမက်ခဲ့သည်။ သို့ပေမယ့် အဲဒါတွေကြောင့် သူ့ကို ချစ်ခဲ့တာတော့လည်း မဟုတ်ပါ။ Avil ရဲ့ I Love You သီချင်းကို နားထောင်ရင်း မေခံစားချက်ကို စပ်ထားသလိုပဲ ဟု တွေးနေမိသည်။

အခုတော့ မေ့ အလွမ်းတွေကို ဘယ်သူ့ကိုမှလည်း မကြေငြာရဲပဲ တိတ်တိတ် လွမ်းနေရသည်။ အများအမြင်မှာတော့ မေဟာ လွမ်းစရာ မရှိသည့် အပျိုကြီးပေါ့။ ဝေးခဲ့ပြီးသည့် ချစ်သူကို မေ့ ချစ်သူ ရယ်ပါ လို့ ဖွင့်ဟ ပြောလို့ သင့်ပါ့မလားလေ။ သူ မပေးခဲ့သည့် ကတိတွေကို  မေ ရူးသွပ်စွာ မျှော်လင့် နေမိတာက တစ်ကဏ္ဍပေါ့။ ကိုယ် ဘယ်တော့ ပြန်လာမည် ဟု သူ မေ့ကို ကတိမပေးခဲ့ပါ။ မေ့ကိုသာ “ကိုယ်ပြန်လာတဲ့ အထိ မေ စောင့်နေမှာလား” တဲ့။ မေ ကတိ မပေးခဲ့ပါ။ သို့ပေမယ့် မေ သူ့ကို ခုထိ စောင့်နေတာ သူ သိနိုင်ပါ့မလား။ “ခရစ္စမတ်တိုင်းမှာ မေ နဲ့ အတူ ရှိချင်တယ်” လို့ ဆိုခဲ့သူက မေ့ကို ခရစ္စမတ်နှစ်ခု တိုင်တိုင် တစ်ယောက်တည်း ဖြတ်သန်းစေခဲ့ပြီးပြီ။ ဒီနှစ် ခရစ္စမတ်လည်း မေ တစ်ယောက်တည်းပဲ ဖြတ်သန်း ရဦးမည်။

နှစ်ယောက်လုံး ကွန်ပျူတာ နှင့် အင်တာနက်ကို အမြဲသုံးနေသူများ ဖြစ်ပါလျှက် သူနှင့် မေဟာ chat ထဲမှာလည်း အဆက်အသွယ် မရှိခဲ့တာ သူများတွေ ကြားလျှင် ရယ်စရာများ ဖြစ်နေမလား။ Facebook ထဲမှာတော့ သူ ရှိနေခဲ့ဖူးသည်။ သို့ပေမယ့် သူက ဒီ facebook ကိုလည်း ဘယ်တော့မှ ဖွင့်ပုံမပေါ်ပါ။ သူ နှင့် မေဟာ သုံးလေး ငါးလ ကြာမှ တစ်ခါလောက် Mail အဆက်အသွယ် ရှိကြသည် ဆိုလျှင် ဘယ်သူ့ကို အပြစ်တင်ကြမလဲ။ သူငယ်ချင်းတွေကို ပြောလျှင် အဲလို လူတစ်ယောက်ကို မေ့လိုက်ပါတော့ လို့ မေ့ကို ပြောကြမည် ဆိုတာ ကြိုသိနေသဖြင့် မေ့ ခံစားချက်တွေကို ဘယ်သူ့ကိုမှ ဖွင့်ဟ မပြခဲ့ပါ။ သူငယ်ချင်း မင်္ဂလာဆောင်တွေမှာ အပြုံးနဲ့ တက်ရင်း၊ အပျိုကြီး မစွံသေးဘူးလား ဆိုတဲ့ စကားတွေကို နားထောင်ရင်း မေ့ ရင်ထဲက အနာကို ကျက်အောင် မနည်းကြိုးစား နေခဲ့ရသည်။

မေ့ကို Propose လုပ်နေသည့် အဲဒီ တစ်ယောက်ကလည်း မေ့ရင်မှာ တစ်စုံတစ်ယောက် ရှိနေပြီးသား ဆိုတာကို မယုံလေဘူး တဲ့။ မေ သူ့ကို အကြောင်းရှာပြီး ငြင်းနေသည် ဟု ထင်နေသည်။ မေ့မှာ သူ့ကို မချစ်ရသည့် အကြောင်းပြချက် တွေကိုပဲ reasonable ဖြစ်အောင် ထပ်ရှာရမလို။ မေမေ ကလည်း ဒီတစ်ယောက်ကို သဘောကျကာ နေပြန်ပြီ။ မေ ငြင်းဦးမည် ဆိုတာကို မသိလေရော့သလား မေမေ ရယ်။ အရင်တုန်းကလည်း မေ ငြင်းပြီးတာ ဘယ်နှစ်ယောက်တောင်လဲ မေမေ မှတ်မိသေးရဲ့လား။ မေ ငြင်းလိုက်လျှင် ဇွတ်အတင်း မစီစဉ်ရှာသည့် မေမေ့ကိုပင် ကျေးဇူးတင်ရဦးမည်။ အိမ်ထောင်ပြုခြင်း ဆိုသည်ကို တာဝန်ဝတ္တရား တစ်ရပ်လို ဘာကြောင့် လုပ်ရမလဲ။ မေ မလုပ်နိုင်ပါ။ ပွင့်လွှာမေက ယောက်ျားတစ်ယောက် ကို မှီခို အားကိုးမှ နေနိုင်တော့မည် သူလည်း မဟုတ်ပါပဲ။ မေမေက ဘာကြောင့် မေ့ကို အိမ်ထောင်ပြုစေချင် နေသလဲ မစဉ်းစားတတ်တော့ပါ။

မေ ဟိုမှာ အလုပ် ဆက်လုပ်လို့ ရသေးလျှက်နဲ့ မေမေက မေ့ကို ပြန်လာစေချင်တာနဲ့ပဲ အချိန်တိုလေးနဲ့ ပြန်လာခဲ့ပြီးပြီ။ မေကိုယ်တိုင်လည်း မေမေ တစ်ယောက်တည်းကို စိတ်မချ၍ ပြန်လာခဲ့တာပါ။ မုဆိုးမ တစ်ယောက်တည်း ဘဝနှင့် မေ့ကို ပြုစုပျိုးထောင်ခဲ့သူမို့ မေမေ့ စကားဆို မေ့ တစ်သက်လုံး နားထောင်ခဲ့သည်။ သို့ပေမယ့် ဒီတစ်ခုတော့ နားမထောင်ပါရစေနဲ့ လို့ မေမေ့ကို တောင်းပန်ခဲ့ရသည်။ မေမေကလည်း မေ ဘာကြောင့် အိမ်ထောင်ပြုဖို့ကို ဒီလောက် ငြင်းဆန်ရသလဲ နားမလည် နိုင်ခဲ့ပါ။ မေမေ လက်ခံနိုင်အောင် ပြောဖို့လည်း မေ့မှာ အကြောင်းအရာ မရှိပါ။ မေမေ စီစဉ်တာတွေကို မကြိုက်ရင် သမီးမှာ ချစ်သူ ရှိလို့လား တဲ့ မေမေက မေးတော့ မေ့မှာ ဖြေစရာ မရှိခဲ့ပါ။

ခုနေ သူ့စိတ်ထဲ မေ ရှိချင်မှ ရှိတော့မည် ဆိုတာလည်း မေ တွေးထားပါသည်။ အထီးကျန်မှုကို မလွန်ဆန်နိုင်တာနှင့်ပဲ အနီးအနား တစ်ယောက်ယောက်နှင့် လက်ချင်းတွဲနေနိုင်သည် ဆိုတာလည်း မေ နားလည်ပါသည်။ သူ့ဆီကို မေ mail မပို့တော့တာ ခြောက်လ ရှိခဲ့ပြီ။ သူ့ဘက်ကလည်း ဘာမှ ပြန်မပို့ခဲ့ပါ။ မေ သူ့ကို သံယောဇဉ် ဖြတ်မှ ဖြစ်မည်ကို နားလည်ပါလျက်နှင့် စွဲလမ်းစိတ်က တစ်ထောင့်တစ်နေရာမှာ ရှိမြဲ ရှိနေခဲ့သည်။ ခုချိန်ထိ သူ မေ့ကို တကယ် ချစ်ခဲ့တယ် ဆိုတာကိုတော့ ယုံကြည်နေချင်သေးသည်။ တစ်နေ့မှာ သူ့ဘဝ အတွက် လက်တွဲရမည့် မိန်းကလေး တစ်ယောက်ကို ရှာတွေ့မှာပဲလေ။ သူ မေ့ဆီကို wedding invitation တော့ ပို့မှာပါ။ အဲဒီ အချိန်အထိ မေ မျှော်လင့် နေချင်သေးသည်။ အဲဒီ နောက်ပိုင်းတော့ မေ သူ့ကို မေ့ အသိစိတ်ထဲကနေ တစ်သက်လုံး အတွက် သိမ်းထားလိုက်တော့မည်။ ပွင့်လွှာမေ ဟာ တစ်သက်လုံး မစွံခဲ့သည့် အပျိုကြီး တစ်ယောက် အဖြစ် နေသွားတော့မည်။

******

ဒီဇင်ဘာ ကို မေ့ စိတ်ထဲ နှစ်နှစ်သက်သက် ဖြစ်ရခြင်း အကြောင်းထဲတွင် မေက ဒီဇင်ဘာဖွား ဖြစ်နေတာလည်း ပါသည်။ ဒီဇင်ဘာမှ မေမွေးနေ့က မှတ်မှတ်ရရ ခရစ္စမတ်နေ့ ဖြစ်နေသည်။ မေ ငယ်ငယ် ကတည်းက ဘိုးဘိုးက မေ့ မွေးနေ့နှင့် ခရစ္စမတ်ပါတီကို ရောပြီး ခြံထဲမှာ လုပ်ပေးလေ့ ရှိသည်။ ဘိုးဘိုး ဆုံးပြီးတော့ ဖေဖေက စီစဉ်ပေးသည်။ ဖေဖေ ဆုံးပြီးတော့ မေမေက ဆက်လုပ်ပေးသည်။ မေ ဇာတိ မြို့ကလေးကို မပြန်နိုင်ခဲ့သည့် နှစ်တွေက လွဲပြီး တစ်နှစ်မှ မပျက်ခဲ့ပါ။ မေကလည်း ဒီဇင်ဘာဆို ခရီးတွေ ထွက်ဖြစ်တတ်သည်။ ဒီဇင်ဘာမှာ မေ ခရီးသွားနေတာ မဟုတ်လျှင်တော့ မေမေ့ ခြံထဲမှာ ခရစ္စမတ်ပါတီ နှင့် မေ့ မွေးနေ့ကို သူငယ်ချင်းတွေ နှင့် ပျော်ပျော်ပါးပါး အမြဲ ကျင်းပဖြစ်သည်။ ခရစ်ယာန် မဟုတ်သော သူငယ်ချင်းတွေပင် မေ့ မွေးနေ့မို့ လာကြသည်။ တစ်ခါတလေ တစ်ခြားမြို့က ကျောင်းနေဘက် သူငယ်ချင်းတွေ၊ မေ အလုပ် တာဝန်ကျသော မြို့မှာ အတူလုပ်သည့် သူငယ်ချင်းတွေပါ လာတတ်ကြသည်။ သူ နှင့် မတွေ့ခင် နှစ်တွေ များစွာမှာ မေဟာ မေ့မွေးနေ့၊ ခရစ္စမတ်ပါတီကို သူငယ်ချင်းတွေနှင့်ပင် အပူအပင်ကင်းစွာ ပျော်ခဲ့သူ ဖြစ်သည်။ အဲဒီလို နှစ်များစွာ အနက်မှ မေက သူနှင့် အတူ ရှိခဲ့ဖူးသော တစ်ခုသော ခရစ္စမတ်ကိုမှ ဘာလို့ တမ်းတမ်းတတ သတိရနေမိရသည် မသိပေ။

မေ့ အခန်းကျဉ်း ကလေးထဲမှာ ထားဖို့ ခရစ္စမတ်ပင်ကလေး တစ်ပင် သူက ဝယ်ပေးသည်။ မေက တစ်ခြား decoration အသေးလေးတွေ လုပ်သည်။ မေ့ အခန်းရှေ့က ဝရံတာကလေးမှာ မီးရောင်စုံကလေး ထွန်းသည်။ မေက မီးလုံးလေးတွေ ထွန်းရတာ ဝါသနာ ပါသည်။ အိမ်မှာဆို သီတင်းကျွတ်တိုင်း မီးရောင်စုံတွေ ထွန်းသလို ခရစ္စမတ်တိုင်းလည်း ထွန်းသည်။ မေ့ မွေးနေ့ ခရစ္စမတ်ညမှာ နှစ်ယောက်သား မြို့ထဲ လျှောက်သွားပြီး ခရစ္စမတ်ညကို ခံစားသည်။ ခရစ္စမတ် Decoration မီးရောင်စုံတွေကို ကြည့်ရတာ မေ အရမ်းကြိုက်သည်။ မြန်မာနိုင်ငံမှာတော့ ခရစ္စမတ်ကို အဲလောက် လုပ်ကြလေ့ မရှိပေ။ ခြေထောက်တွေ ညောင်းအောင် လျှောက်သွားပြီး ည ၉ နာရီလောက်မှ ပြန်လာခဲ့ကြသည်။ 

မေ့ အခန်းလေးထဲ ရောက်တော့ သူ ဝယ်လာသော ခရမ် ကိတ်မုန့်အကြီးကြီးပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းပြီး Happy Birthday လုပ်သည်။ မီးမှုတ်ပြီးတော့ ကိတ်မုန့်လှီးပြီး ဘေးနားက အခန်းတွေ ဝေလိုက်သည်။ ပြီးတော့ နှစ်ယောက်သား တစ်ညလုံး စကားတွေ ထိုင်ပြောကြသည်။ သူက မေ့ကို ဒီမှာ staff mobility လာလုပ်သည့် တစ်နှစ်ပြီးလျှင် နောက်ထပ် တစ်ခုခု ဆက်တက်စေချင်သည်။ သူ့ Ph.D Thesis က ခုမှ စတုန်း ရှိသေးသည်မို့ ပြီးဖို့က မမျှော်လင့်နိုင်သေးပါ။ ငြင်းကြ ခုန်ကြ ရင်းနှင့်ပင် သူက မနက် မိုးလင်းကာနီးမှ သူ့အိမ်သို့ ပြန်သွားသည်။ သူက အဖေ အမေ မရှိတော့သည့်နောက် သူ့အန်တီလေး နှင့် အတူလိုက်နေရင်း ဆယ်တန်းအောင်ပြီးကတည်းက ဒီမှာ ရောက်နေသူ ဖြစ်သည်။

အခုတော့ သူ မရှိသော သုံးခု မြောက် ခရစ္စမတ်ကို မေ ဖြတ်သန်းရဦးမည်။ Justin Bieber ၏ Mistletoe လို ကြည်ကြည်နူးနူး သီချင်းကို နားမထောင်နိုင်လောက်အောင်ပင် မေ့မှာ အလွမ်းဓါတ်ခံ များနေသည်။ မေ ဘာကြောင့် ဒီလို ရေတွက် နေမိသလဲ မေ့ကိုယ်မေလည်း မသိတတ်တော့ပါ။ သူနှင့် ဆုံတွေ့ခဲ့ခြင်းဆိုတာက တစ်နှစ်တာမှာ အမှတ်မထင် ဆုံခဲ့ခြင်းပဲ မဟုတ်လား။ သူဘက်က မေ့ကို ဘယ်လို သဘောထားသလဲ မေက အတတ်သိနိုင်ပါ့မလား။ မြန်မြန်ဆန်ဆန် အချိန်တို အတွင်း ချစ်ခဲ့ကြသည့် အချစ်တစ်ခု ရယ်လို့ မေ့အပေါ် အလေးအနက် ထားမှ ထားရဲ့လား..။ ကြုံကြိုက်လို့ ချစ်လိုက်သည့် မိန်းကလေး တစ်ယောက်လို့ပဲ သဘောထားသလား၊ တစ်သက်လုံးအတွက် ရည်ရွယ်ခဲ့တာရော ဟုတ်ပါရဲ့လား မေ မသိနိုင်ခဲ့ပါ။ မေက သူ့ကို မျက်စိမှိတ်ပြီး ယုံကြည်ချင်နေခဲ့ခြင်း သက်သက်ပါပဲ။

******

တစ်နေကုန် Christmas Isn’t Christmas Without You သီချင်းကို ညည်းရင်း ညနေ ပါတီအတွက် ပြင်ဆင်နေသည့် မေ့ကို မေမေနှင့် အတူလာကူသည့် သူငယ်ချင်း ချိုမာက နားကြားပြင်း ကတ်နေကြသည်။ ခြံထဲမှာ ခရစ္စမတ် အတွက် Decoration ကို မေ စိတ်ကူးထားသော ဒီဇိုင်းအတိုင်း ခပ်ဆန်းဆန်းလေး ပြင်ထားသည်။ ခရစ္စမတ်သစ်ပင်တွေက အတုတွေ မဟုတ်ပဲ ထင်ရှူးပင်ပေါက်ကလေးတွေကို မြေကြီးမှာ ချစိုက်ပြီး မီးလုံးလေးတွေနှင့် လက်ဆောင်ထုတ်လေး တွေ၊ ဟိုဟို သည်သည် အရုပ်ကလေးတွေ၊ ပစ္စည်းလေးတွေ ကို ရအောင် ချိတ်ထားသည်။ အရင် တာဝန်ကျဖူးသည့် မြို့က သူငယ်ချင်းတစ်ချို့လည်း ရောက်နေကြပြီ။ ခရီးပန်းပြီး အိပ်နေကြသည်။ မေက အလှအပ အတွက် ပြင်ဆင်နေပြီး ချိုမာ နှင့် မေမေ ကတော့ အစားအသောက် အတွက် စီစဉ်နေသည်။ ပျော်ပျော်ပါးပါး ကစားကြဖို့ Game တွေလည်း စီစဉ်ထားသည်။ မေ့ သူငယ်ချင်းတွေတင် မဟုတ်ပဲ မေမေ့ မိတ်ဆွေတွေလည်း လာကြမည် ဖြစ်သည်။

မွေးနေ့ညမှာတော့ မေက မေ့ စိတ်တိုင်းကျ အရောင် နှင့် ဒီဇိုင်းကို ရွေးပြီး ချုပ်ခိုင်းထားသော ဗေဒါရောင်နုနု ဂါဝန်လေး နှင့် လှချင်တိုင်း လှနေသည်။ အမြဲတမ်း ဆံပင်ရှည် အဖြောင့်နှင့်သာ နေနေကြပေမယ့် ဒီတစ်ခါတော့ မေက စိတ်ကူးပြောင်းပြီး အဖျားမှာ အခွေအလိပ်ကလေး ဖြစ်အောင် ကောက်ထားခဲ့သည်။ မေသည် ကိုယ့်ကိုယ်ကို မှန်ထဲမှာ ကြည့်ရင်း သဘောကျနေသည်။ ကြည့်စမ်းပါဦး မေ့ကို ဘယ်သူက ၃၂ ပြည့် မွေးနေ့ ကျင်းပမယ့်သူ လို့ ထင်မှာလဲ နော်..။ မသကာ ၂၅ နှစ်ပေါ့။ တစ်မြို့တနယ်စီ ကွဲနေတာ ကြာပြီ ဖြစ်သည့် သူငယ်ချင်း သုသု က အရူးမ ရယ်လို့ ကောင်းချီးပေးသည်။ Christmas Isn’t Christmas Without You ကို ဆိုမိပြန်တော့ “နင်က ဘယ်သူ့ကို ရှိစေချင်နေတာလဲ” တဲ့ မေ့ကို မယုံသင်္ကာ နှင့် မေးကြပြန်သည်။ မေက လျှာထုတ်ပြရင်း ခြံထဲကို ပြေးဆင်းခဲ့သည်။ “ဟဲ့ ကလေးကျနေတာပဲ ချော်လဲဦးမယ် နင့် ဖိနပ် အထူကြီးနဲ့”  သုသုက ထုံးစံအတိုင်း လူကြီးသူမလို ပြောရင်း ကျန်ခဲ့သည်။ အဲဒါကြောင့် သူလည်း မေ့လိုပဲ အပျိုကြီး ဖြစ်နေတာပေါ့။ သူ မရှိသော ခရစ္စမတ်ပေမယ့်လည်း မေ့ သူငယ်ချင်းတွေ အများကြီး လာတော့ မေက ပျော်ရမှာပေါ့။
******

ခြံရှေ့မှာ ၁၀ လောက် ကြာအောင်ပင် ချီတုံချတုံနှင့် သူ ရပ်နေမိသေးသည်။ ဝင်သွားလိုက်ရင် မေက သူ့ကို ဝမ်းသာအားရ ကြိုမှ ကြိုပါ့မလား။ သူ့ကို အကြာကြီးနေမှ ပြန်တွေ့သည့် သာမန် သူငယ်ချင်း တစ်ယောက်လိုပဲ သဘောထားမှာလား။ မေ့ကို တစ်ယောက်ယောက်နှင့် အတူယှဉ်တွဲပြီး တွေ့လိုက်ရရင် သူ ဘယ်လို လုပ်ရပါ့မလဲ။ ဘာပဲဖြစ်ဖြစ်လေ.. ဒီလောက် ခရီးအဝေးကြီး လာခဲ့ပြီးမှ ဝင်တော့ ဝင်ရမှာပေါ့။ စိတ်ကို ပိုင်းဖြတ်ပြီး ခြံထဲ ဝင်ခဲ့လိုက်သည်။ ခရမ်းနုရောင် ဂါဝန်လေးနှင့် မေ့ကို အဝေးကပင် လှမ်းမြင်လိုက်ရသည်။ သူ မေ့ကို ဒီလိုပုံစံနှင့် တစ်ခါမှမမြင်ဖူးခဲ့ပါ။ မေက အမြဲတမ်း ဘောင်းဘီရှည် နှင့် အင်္ကျီအရှည်တွေ ဝတ်တာပဲ မြင်ဖူးခဲ့သည်။ ခပ်နီးနီးသို့ ရောက်လာသည် အထိ မေက သူ့ကို မမြင်သေးပါ။ မေက နှုတ်ခမ်းနီ ခရမ်းဖျော့ရောင်နှင့် အလှတွေ ပြင်ထားသည်။ မေ့ကို ချစ်ခဲ့ပေမယ့် မေ့ကို ချောသည်ဟု သူ တစ်ခါမှ မထင်ခဲ့ဖူး။ ခုတော့ မေက အရမ်းလှနေပါလား။ မေ့အနားမှာ မိန်းကလေးတွေ ချည်းပါပဲ။ သူ စိုးရိမ်ခဲ့သလိုတော့ ဖြစ်မည် မထင်ပါ။

မေက ရုတ်တရက် သူ့ကို အနီးအနားမှာ မြင်လိုက်ရတော့ အိပ်မက်လားတောင် အထင်မှားသွားသည်။ မေ သူ့ကို သတိရလွန်းလို့ ထင်ယောင်ထင်မှား ဖြစ်နေတာများလား။
“Happy Birthday, May”
သူ့အသံကို ကြားတော့မှ အမြင်မှားတာ မဟုတ်မှန်း သေချာသွားသည်။
“ရဲရင့်... မေ့ဆီကို လာတယ်”
“မေ ကိုယ့်ကို ဒီလိပ်စာ ပေးဖူးတယ်လေ”
မေ့ကိုယ်မေ မထိန်းချုပ်နိုင်တော့။ သူနှင့် မေ့ကြား ခြေလှမ်း ၅ လှမ်းစာလောက် ကွာနေသည်ကိုပင် မခံစားနိုင်တော့။ မေ စောင့်ခဲ့ရတာ ကြာလှပြီ။ မေ သူ့ဆီ ပြေးသွားမိသည်။ သူကလည်း မေ့ကို တင်းတင်းပွေ့ဖက်လိုက်သည်။ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်တော့။ မေ့ သူငယ်ချင်းများက ထူးဆန်းအံသြသည့် မျက်နှာများနှင့် ငေးကြည့်နေကြသည်။ ပွင့်လွှာမေ တစ်ယောက် ဘယ်တုန်းက ယောက်ျားတစ်ယောက်နှင့် ပတ်သက်ခဲ့ပါလိမ့် ဟု တွေးနေကြလိမ့်မည်။

“ရဲရင့် အလည်လာတာလား”
“မဟုတ်ဘူး၊ ကိုယ်အပြီးပြန်လာတာ၊ ဒီမှာ ဘာလုပ်မယ် ဘာညာ၊ အစီအစဉ်တော့ မဆွဲရသေးဘူး။ ဒီ ခရစ္စမတ် အမှီ မေ့ဆီလာမယ်လို့ ဆုံးဖြတ်ထားလို့လေ၊ မေ ကိုယ့်ကို စောင့်နေလိမ့်မယ်လို့ ကိုယ် မျက်စိမှိတ် ယုံထားခဲ့တယ်”
“မေကလည်း အရူးတစ်ယောက်လိုပဲ ပြန်လာမယ် မသေချာတဲ့လူကို စောင့်နေတာပါနော်..တစ်ခါမှလည်း ရေရေရာရာ စာလည်း မပြန်တဲ့လူ”
“ကိုယ်က မေနဲ့ အမြဲ ဆက်သွယ်နေရင် Thesis ပြီးအောင်တောင် လုပ်နိုင်ပါ့မလား မသိဘူး၊ မေ့ဆီ လာချင်နေမှာ စိုးလို့လေ၊ အဲဒါကြောင့် အဆက်အသွယ် ဖြတ်ပြီး ကိုယ့်စာပဲ ကိုယ်လုပ်နေတာပါ၊ မေနဲ့တင် မဟုတ်ဘူး၊ ဘယ်သူနဲ့မှ မ chat ဘူး”
“ဟွန့်.. အပိုတွေ”
“ဒီခရစ္စမတ်က စပြီး ကိုယ်တို့ အတူတူ ရှိနိုင်ပါပြီကွာ နော်..၊ မေ ကိုယ့်ကို ဘယ်တော့မှ ထားမသွားနဲ့တော့ ဟုတ်လား”
“ရဲရင့်သာ နောက်ထပ် ဘယ်တော့မှ မေ့ကို အဲလို မစောင့်ခိုင်းနဲ့တော့”
“ကိုယ် ကတိပေးပါတယ်”
“မေ့ အတွက်”
သူက ဘူးလေး တစ်ခု မေ့ကို ပေးသည်။ ဖွင့်လိုက်တော့ စိန်လက်စွပ်ကလေး တစ်ကွင်း။ မေ ဒီဇိုင်းဆန်းဆန်း ကြိုက်မှန်း သိလို့ ဒီဇိုင်းလှလှလေး။
“မေ့ကို လက်ထပ်ပါရစေတော့ မေ”
မေ့ လက်ကလေး ပေးလိုက်တော့ သူက စွပ်ပေးသည်။ မေ့ လက်သူကြွယ်လေးနှင့် တိုင်းထားသည့်အတိုင်း ကွက်တိ ဖြစ်နေသည်။
“အဲဒါက မေမေ့ကို ခွင့်တောင်းရမှာပေါ့၊ လာ..”
 မေမေကလည်း သူ့သမီးရဲ့ ရုပ်ရှင်ပြကွက်ကို တွေ့လိုက်၍ ထင်သည်။ ဟိုဘက် လူကြီးဝိုင်းကနေ ဒီဘက် ရောက်နေသည်။
“မေမေ၊ ဒါ သမီးချစ်သူပါ၊ ရဲရင့်လူသစ် တဲ့”


မေသည် ခုမှပဲ မေ့ချစ်သူကို မေမေ နှင့် သူငယ်ချင်းများကို အတိအလင်း မိတ်ဆက်ပေးခွင့် ရတော့သည်။ မေ တို့နှစ်ယောက်ရဲ့ ချစ်ခြင်းသစ္စာကို မေမေ သိလျှင် သဘောတူမှာပါ။ ဒီနှစ် ခရစ္စမတ်က မေ့အတွက် အမှတ်တရ အဖြစ်ဆုံး နှင့် အပျော်ဆုံး ခရစ္စမတ် ဖြစ်တော့သည်။ နောက် ခရစ္စမတ်တိုင်းမှာလည်း သူနှင့် အတူ ရှိနေနိုင်တော့မည်ဟု မေ ယုံကြည်ထားလိုက်ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် ဖွင့်ထားသော Projector မှာလည်း Justin Bieber ၏ Mistletoe သီချင်းလာနေသည်။ ခုတော့ ချစ်သူနှင့် လက်တွဲပြီး မေ ဒီသီချင်းကို နားထောင်နိုင်ပါပြီ။


ချစ်သောသူတိုင်း ဆုံဆည်းနိုင်ကြပါစေ...။

သိင်္ဂါကျော်
20.12.2011
11:37 PM

8 comments:

rose said...

This is a romantic, decent, nice novel. I wish May and Ye Yint happy together. But it's not a good idea that Ye Yint didn't contact May at all. If I were May, I would be so angry :D. I love your writing. Is that also my tagged post, sis?

မဒမ်ကိုး said...

သိမ်မွေ့တဲ့ဖွဲ့ဆိုမှု့တွေနဲ့ ချယ်မှုန်းထားတဲ့ အချစ်ဝတ္တုလေးကိုကြည်နူးစွာ အားပေးသွားပါတယ် မမရေ ..

ချစ်ခင်လျှက်

မဒိုးကန်

ကူးကူးလှိုင် said...

ဝတ္ထုလေးကို ဖတ်ရတာအရမ်းသဘောကျပါတယ် ချစ်သောသူတိုင်းဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

မေ့ကိုအားနာပြီး သနားမိတယ်
ကျွန်တော်ချစ်တဲ့ မေ့ကိုပိုဂရုစိုက်နိုင်အောင်ကြိုးစားတော့မယ်

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးစရာ အပြည့်နဲ့ စီးမြောခံစားသွားတယ်မမ
အေးချမ်းတဲ့ ဒီဇင်ဘာနှင့်အတူ ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေမမ။

jasmine(တောင်ကြီး) said...

စာဖတ်ရင်းနဲ့မေ ကိုမျက်စိထဲမြင်ကြည့်ပြီးဝမ်းနဲရပါတယ်
၁၂ လရာသီပတ်လုံးမိမိချစ်ရသူနဲ့ လက်ချင်းတွဲနိုင်ကြပါစေလို့
မောင်ဘကြိုင်ရေ
နစ်နာနေပါအုန်းမယ်ဟယ်

ဘိုဖြူ said...

ဖတ်ပြီးစိတ်ထဲမှာဆွေးနေသလိုပဲဗျာ
ချစ်သောသူတိုင်းဆုံဆည်းနိုင်ပါစေလို့
မေဆိုတဲ့တစ်ယောက်သနားပါတယ်ဗျာ
ဒီဇင်ဘာနှင့်အတူ ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေခင်ဗျာ

ကိုအောင်(ပျူနိုင်ငံ) said...

စာဖတ်လို့ အရမ်းကောင်းတယ်ဗျာ ...