05 December, 2011

နေ၏ တစ်ဖက်ခြမ်း (၁)



(၁)
သုသည် သူ့ကို တစ်ချက် စိုက်ငေးမိသွားသည်။ သူ့ အသားအရေက တစ်ခြား နိုင်ငံခြားသားတွေလို နီစပ်စပ် မဟုတ်ပဲ ဖြူဝင်းနေသည်။ သူ့မျက်လုံး အပြာရောင်က သိပ်မဖျော့ပဲ မိုးပြာရောင်လို သိသိသာသာ ပြာနေသည်။ မျက်ခုံးထူထူ နှင့် ဆံပင်ထူထူ တွေကတော့ အနက်ရောင် စစ်စစ် ဖြစ်သည်။ ဘာ နိုင်ငံသား များ ပါလိမ့် ဟု သု သိချင်လာသည်။ ဒီ ဗုဒ္ဓဂါယာမှာ တိဘက်များ၊ ထိုင်းများ စသည်ဖြင့် အရှေ့တိုင်းဘက်က ဘုရားဖူးများသာ များသော်လည်း မျက်လုံးပြာပြာနှင့် နိုင်ငံခြားသားကတော့ သိပ်တွေ့ရလေ့မရှိ ဟု ထင်သည်။ သူ့ကို မဟာဗောဓိ အတွင်းဘက်က ရုပ်ပွားတော်ကြီး ရှေ့မှာ ကျကျနန ဘုရားရှိခိုးနေသည် ကိုလည်း တွေ့ခဲ့ပြီးပြီမို့ ဗုဒ္ဓဘာသာ ဆိုတာတော့ သေချာသည်။ သုသည် တော်ရုံတန်ရုံ ယောက်ျား တစ်ယောက်ကို ချောသည်ဟု အသိအမှတ်ပြုဖို့ ဝန်လေးသူ တစ်ယောက် ဖြစ်သော်လည်း ဒီလူကိုတော့ ဖြတ်ခနဲ တွေ့ရုံနှင့်ပင် အတော်ချောသော ယောက်ျားတစ်ယောက် ဟု စိတ်ထဲမှာ အမှတ်ပေးလိုက်ဖြစ်သည်။ သု ကြိုက်တတ်သော အမေရိကန် မင်းသားတွေလို ပုံစံမျိုး ဖြစ်ပြီး ဟို မင်းသားတွေလို ရုပ်မကြမ်းပဲ ဆွဲဆောင်မှု ပိုရှိသူ ဖြစ်သည်။ သူ့အရပ်ကလည်း ၆ ပေ လောက်တော့ အနည်းဆုံး ရှိလိမ့်မည်။ အရပ် ၅ပေ ၃ သာ ရှိသော သု နဲ့ ယှဉ်ရင်တော့ သုက သူ့ ပခုံးလောက်သာ ရှိနိုင်သည်။

သုသည် သူ့ကို သွား မိတ်ဆက်ချင်သော်လည်း သတ္တိမရှိသလို ဖြစ်နေသည်။ သူ့ကို ထပ်မကြည့်တော့ပဲ ကင်မရာလေး ကိုင်ပြီး ရင်ပြင်တော်ကို ပတ်လျှောက်လာလိုက်သည်။
ဗောဓိရွက်  တစ်ရွက်တစ်လေ လောက် ကြွေကျလာတာကိုလည်း ကောက်ချင်သဖြင့် အောက်ငုံ့ရင်း လျှောက်လာစဉ် “ဟယ်လို” ဆိုသော အသံကြောင့် ကြည့်လိုက်တော့ သူကလည်း ဘေးမှာ ပါလာသည်ကို တွေ့လိုက်ရသည်။ ဒုက္ခပါပဲ၊ ခုနက သူ့ကို ခိုးကြည့်မိတာကို သူ သိများသွားသလား မသိဟု မလုံမလဲ တွေးလိုက်မိသေးသည်။
“ခင်ဗျားက မြန်မာ လူမျိုးလား မသိဘူး”
ပီသသော အမေရိကန် အသံထွက်နှင့် သူပြောတော့ သု အံ့သြသွားပြီး “yes” လို့ ပြောရင်း ခေါင်းညိတ် လိုက်မိသည်။
“ကျွန်တော်လည်း ထင်လို့ မေးကြည့်တာပါ၊ ခင်ဗျား တစ်ယောက်တည်းလား၊ ကြည့်ရတာ အဖွဲ့နဲ့ လာပုံမရဘူးနော်”
သူ့ဆီက နောက်ထပ် ကြားရသော စကားက အင်္ဂလိပ်စကား မဟုတ်ပဲ မြန်မာသံ စစ်စစ် ဖြစ်နေသဖြင့် သုမှာ ဘာမှ မပြောနိုင်လောက်အောင်ပင် အံ့သြတကြီး ဖြစ်သွားရသည်။
“ရှင်က မြန်မာစကား ပြောတတ်တယ်လား”
“ဟား ဟား.. ကျွန်တော်က မြန်မာပဲလေ၊ မြန်မာလို ပြောတတ်တာပေါ့၊ မြန်မာလူမျိုး စစ်စစ်ပါဗျာ၊ ဒီနေရာကို အေးအေး ဆေးဆေး လာချင်တာနဲ့ အဖွဲ့နဲ့ မလာပဲ ကိုယ့်ဘာသာကိုယ် သပ်သပ် လာခဲ့လိုက်တာ၊ ခင်ဗျားကရော..”
“အော်...၊ ကျွန်မက ရုတ်တရက်တော့ ရှင့်ကို နိုင်ငံခြားသားလို့ ထင်မိလို့ပါရှင်၊ ဆောရီးပါ...၊ ကျွန်မက အိန္ဒိယကို သင်တန်းတစ်ခု လာတက်ရင်း အပြန်မှာ ဂါယာကို ဝင်ချင်လွန်းလို့ အဖော်မရှိပေမယ့် ဖြစ်အောင် လာတာပါ”
“ဟုတ်တယ်၊ ကျွန်တော့်ကို မြင်မြင်ချင်းဆို အဲလိုပဲ ထင်တတ်ကြပါတယ်၊ ခင်ဗျား ဘယ်တုန်းက ရောက်တာလဲ၊ ကျွန်တော်တော့ ဒီနေ့မနက်မှ ရောက်တာဗျ၊ ကျွန်တော့ ဘကြီး ဘုန်းဘုန်းဆီ လာတာပါ၊ မြန်မာကျောင်းမှာပဲ တည်းတယ်”
“ကျွန်မလည်း ဒီနေ့မနက်ကမှ ရောက်တာပါ၊ ကိုးလ်ကတ္တားကနေ ကားကြုံနဲ့ လိုက်လာတာလေ၊ မြန်မာကျောင်းမှာပဲ တည်းတာ ရှင့်”
“အော.. ဒါဆို အတော်ပဲ တခြား နေရာတွေ အတူတူ သွားကြတာပေါ့၊ ကားရော စီစဉ်ပြီးပြီလား”
“ကားကြုံစီးလာတဲ့ အန်တီကြီးကိုတော့ပြောထားပါတယ်၊ သူ့ကားပဲ အဆင်ပြေရင် ငှားသွားမလားလို့၊ ရှင်လည်း အတူလိုက်ခဲ့ရင်တော့ ကောင်းတာပေါ့၊ နို့မို့ ကျွန်မ တစ်ယောက်တည်း ဖြစ်နေမှာ”
“ဟုတ်လား၊ ကျွန်တော်လည်း ဘုန်းဘုန်းကိုတော့ ပြောထားပါတယ်၊ သွားကြတာပေါ့၊ ဘုန်းဘုန်းက ဒီမနက် မအားလို့ဆိုပြီး တစ်ယောက်တည်း လွှတ်လိုက်တာ”
“ဟုတ်ကဲ့၊ မြန်မာ အချင်းချင်း ဆိုတော့ ဘာပဲဖြစ်ဖြစ် အဖော်ရတာပေါ့ရှင်”
“ခင်ဗျား ဓါတ်ပုံရိုက်ချင်ရင် ကျွန်တော် ဓါတ်ပုံဆရာ လုပ်ပေးမယ်လေ”
“ဟင်း.. ဟင်း.. ဟုတ်ကဲ့၊ ကောင်းတာပေါ့ ရှင်”
မဟာဗောဓိ ဘုရားကြီး၏ ရင်ပြင်တော် အနီးအနား အတွင်း နှစ်ယောက်သား လျှောက်သွားပြီး ဓါတ်ပုံရိုက် ဖြစ်ကြသည်။ သုက သု ကိုင်နေကြ ရိုးရိုး digital canon ixus ကင်မရာလေး နဲ့ပဲ ရိုက်သော်လည်း သူ့ ကင်မရာကတော့ ဓါတ်ပုံဆရာတွေ ကိုင်သော Professional Digital ကင်မရာ အကြီးစား ဖြစ်သည်။ နှစ်ယောက်သား ရှုခင်းလှလှတွေကို အမှတ်တရ ဓါတ်ပုံ ရိုက်ချင်တာချင်းတော့ တူသည်။ သူ သုကို ရိုက်ပေးသော ပုံတိုင်းမှာ ဓါတ်ပုံဆရာ တစ်ယောက် ရိုက်သလို အယူအဆ ကောင်းသည်။

မဟာဗောဓိက ပြန်လာပြီး မြန်မာကျောင်းမှာပဲ နေ့လည်စာ ထမင်းစားလိုက်သည်။ သု အတွက်တော့ သုံးလလောက် မြန်မာ လက်ရာ ထမင်း ဟင်း မစားခဲ့ရသည်မို့ ငါးပိရည် နှင့် ကြက်သားဟင်း က စားကောင်းလှသည်။ ထမင်းစားပြီး နေ့လည် တရေးတမော အိပ်ပြီးနောက် ရေမိုးချိုးပြီး ချိန်းထားသည့်အတိုင်း အပြင်ဘက် ထွက်လာခဲ့သည်။ ခဏနေတော့ သူ နှင့် အတူ Guide လုပ်ပေးမည့် ဘုန်းဘုန်းပါ ထွက်လာသည်။ နီးနီးနားနား သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူသော နေရာသို့ သွားကြမှာမို့ ကျောင်းရှေ့မှာ တွေ့သော သုံးဘီး အသေးလေး ငှားပြီး သွားခဲ့ကြသည်။
“မနက်က တစ်မနက်လုံး တွေ့နေပေမယ့် ခင်ဗျား နာမည် ကျွန်တော် မမေးမိသေးဘူး နော်”
အုတ်တံတိုင်းလေးကို ကျော်ပြီး တစ်ဖက် လယ်ကွင်းများဆီ ကြည့်နေကြရင်း သူက မေးလာသည်။ ဟုတ်သားပဲ၊ သုလည်း သူ့နာမည် မသိသေးပါလား။
“ကျွန်မ နာမည်က သုထက်သာ ပါ၊ နည်းနည်းတော့ တစ်မျိုး ဖြစ်နေမလား မသိဘူး၊ သု လို့ပဲ ခေါ်နိုင်ပါတယ်”
“သုထက်သာ တဲ့လား၊ နာမည်လေးက အဆန်းပဲနော်၊ ကျွန်တော့် နာမည်က နေထက်ခေါင် ပါ သု၊ သူငယ်ချင်းတွေကတော့ ကိုနေ လို့ပဲ ခေါ်ကြပါတယ်”
“ဟုတ်ကဲ့ ကိုနေ၊ တိုက်ဆိုင်တာက ကျွန်မတို့ နှစ်ယောက်ရဲ့ အလယ် နာမည် တစ်လုံးက တူနေတယ်နော်”
“ဟုတ်သားပဲ၊ မောင်နှမ တွေပေါ့ဗျာ၊ ဒါနဲ့ ခင်ဗျား ဘယ်နှစ်ရက် နေမှာလဲ”
“ကျွန်မက သုံးရက်ပဲ အချိန်ရတယ် ၊ လေယာဉ်လက်မှတ်က ဖြတ်ပြီးသားလေ”
“သြော်၊ ကျွန်တော်ကတော့ ဒီမှာ ၇ ရက်လောက် နေမယ် စိတ်ကူးတယ်”

အဲဒီက အပြန်မှာ ကမာကူရ ပုံတူ ထိုင်တော်မူ ရုပ်ပွားတော်ကြီး ကို သွားဖူးကြသည်။ ဆည်းဆာချိန် ရောက်နေပြီမို့ ရသမျှ အလင်းရောင် နှင့်ပင် ဘုရားကြီး ရင်ပြင်တော်ပေါ်မှာ ဓါတ်ပုံရိုက်ခဲ့ကြသည်။ ရှုခင်းပုံတွေကိုသာ သုက ကိုယ့်ကင်မရာနှင့်ကိုယ် ရိုက်ပြီး သုပုံကိုတော့ သူကပဲ သူ့ကင်မရာနှင့်သူ ရိုက်ပေးတော့သည်။ ဘုရားက အပြန် လမ်းတလျှောက်ရှိ ဂျပန်ကျောင်း၊ ထိုင်းကျောင်း စသည့် ဘုန်းကြီးကျောင်းများကို ဓါတ်ပုံရိုက်ပြီး ပြန်လာခဲ့ကြသည်။
♥♥♥♥♥

နောက်နေ့ မနက်စောစော မနက်စာ စားပြီးသည်နှင့် ရာဇဂြိုဟ် ဘက်သို့ ငှားထားသော ကားနှင့် ထွက်လာခဲ့ကြသည်။ ကားရှေ့ခန်းမှာ ကားမောင်းသူရယ်၊ ဘုန်းဘုန်းရယ် ထိုင်ပြီး နောက်ခန်းမှာ သု နှင့် သူ ထိုင်သည်။ ပထမဆုံး ဘုရားရှင် ဒုက္ကရစရိယာ ကျင့်သော တောင်ကို သွားဖို့ စီစဉ်ထားသည်။ ထွက်လာလို့ နာရီဝက် ကျော်ကျော်လောက် အကြာမှာတော့ နေပူဇော်ပွဲ အတွက် လာကြသော ကားများနှင့် ပိတ်နေသည်ကို ကြုံရပြီး တော်တော်လေး စောင့်လိုက်ရသည်။ ကားသမားက ဒီနေ့ မသွားတော့ပဲ နောက်ပြန်လှည့်တော့မည် လုပ်နေသောကြောင့် ဘုန်းဘုန်းက မနည်း ချော့ပြောပြီး စောင့်ခိုင်းရသည်။ နာရီဝက်လောက် စောင့်ပြီးမှ ဖြည်းဖြည်းချင်း ကားမောင်းလို့ ရလာခဲ့သည်။

သူက စကားနည်းသူ ဖြစ်သည်။ သူနှင့် တွေ့မှ အရင်က ကိုယ့်ကိုယ်ကို စကားနည်းသူ ထင်ထားခဲ့သော သုကပင် သူ့ထက် စကားများသူ ဖြစ်နေရသည်။ သူကတော့ သုကို သိပ်စပ်စုတဲ့ မိန်းကလေး ဟု ထင်မလား မသိပေ။ သု ဘက်ကတော့ သူ့အကြောင်း ခုထက် ပိုသိချင်မိပြီး သူ့ကို ခင်မင်ချင်သောကြောင့် စကားမရှိ စကားရှာ ပြောမိခြင်း ဖြစ်သည်။ သူက Sun’s Highness ဆိုသော Fashion Company တစ်ခု ထောင်ထားပြီး သူကိုယ်တိုင်လည်း Design ထုတ်ကာ သူ့ brand နှင့် ရယ်ဒီမိတ် အင်္ကျီများ ထုတ်လုပ်သည်ဟု သိရသည်။  သု က အရင့်အရင်က ထင်ထားမိသည်မှာ Designer အလုပ်မျိုးကို လုပ်သူမှာ အမျိုးသမီးတွေ မဟုတ်လျှင် နည်းနည်းတော့ မိန်းမဆန်သူ (အခြောက်) တွေသာ လုပ်သည်ဟု ထင်ခဲ့သဖြင့် သူ့ပုံစံနှင့် ဒီအလုပ် လုပ်သည် ဆိုတော့ နည်းနည်း အံ့သြစရာ ဖြစ်သည်။ သုက ရှေ့နေ တစ်ယောက် ဖြစ်မှန်း သိသွားသောအခါ သုက ရှေ့နေနှင့် မတူအောင် စကားနည်းသည် ဟု ဆိုသေးသည်။

အရင်ဆုံး ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူရာ တောင်ကို သွားကြသည်။ တောင်ပေါ် တက်ရတာ နည်းနည်း ပင်ပန်း ပေမယ့် သုက အပင်ပန်းခံနိုင်သူ ဖြစ်သဖြင့် အဲဒီတောင်လောက်တော့ မမှုပါ။ အဲဒီက ဆင်းလာပြီးမှ ရာဇဂြိုဟ်သို့ ဆက်သွားကြသည်။ အဲဒီခရီးက သု့ ဘဝမှာ သွားခဲ့ဖူးသော ခရီးတွေထဲမှာ အပျော်ဆုံး ဖြစ်ခဲ့သည်။ သုကိုယ်တိုင် သွားချင်လွန်းလို့ တစ်ယောက်တည်း အရဲစွန့် လာခဲ့သော ခရီးမှာ သူပါ အဖော်အဖြစ် ပါလာတော့ ပြောစရာ မရှိလောက်အောင်ပင်။ အပြန်လမ်းမှာလည်း Bimbisara အကျဉ်းထောင်၊ Son Bhandar cave၊ ဓါတ်တော်များ သိမ်းဆည်းခဲ့သော ဓါတ်တော်တိုက်ဟောင်း တို့ကိုလည်း ဘုန်းဘုန်းက ဆင်းကြည့်စေသည်။ နလန္ဒာ တက္ကသိုလ်ဟောင်း နေရာ သို့လည်း ရောက်သည်။ တက္ကသိုလ်သစ်ကိုလည်း ပြပြီး ဘုန်းဘုန်း က သူ့သူငယ်ချင်း ဘုန်းဘုန်း နေသော အဆောင်သို့ ခေါ်သွားတော့ အိမ်ရှင် ဘုန်းဘုန်းက လက်ဖက်သုပ်တွေ၊ ငါးမုန့်ကြော် တွေနှင့် ဧည့်ခံလိုက်သေးသည်။

နောက်တစ်နေ့ ညနေ ခပ်စောစောမှာ သုက ဘုန်းဘုန်းတို့ စီစဉ်ပေးသော ကားကြုံနှင့် ပြန်တော့မှာမို့ ဗာရာဏသီ သွားဖို့လည်း မောကြီး ပန်းကြီး နှင့် အေးအေးဆေးဆေး မလေ့လာနိုင် ဖြစ်နေမှာ စိုးသည်နှင့် မသွားတော့ပဲ နေလိုက်သည်။ ရောက်စနေ့က သမိုင်းကြောင်း သေချာ ပြောမပြရသေးသည်မို့ ဘုန်းဘုန်းက မဟာဗောဓိ ဘုရားကြီးကို ထပ်လိုက်ပို့ပေးပြီး တစ်နေရာစီ၏ အကြောင်းကို သေချာ ပြန်ပြောပြသည်။ ဘုန်းဘုန်း ပြန်သွားတော့ နှစ်ယောက်သား ဘာမှလည်း လုပ်စရာ မရှိသည်နှင့် ဘုရားကြီး ပေါ်မှာ အေးအေးဆေးဆေး ဘုရားရှိခိုးရင်း၊ ဗောဓိရွက် ကောက်ရင်း နေခဲ့ဖြစ်သည်။ သူက မပြန်သေးပေမယ့် ဒီနေ့တော့ သုကိုပဲ အဖော်လုပ်ပေးပြီး နောက်နေ့မှ တစ်ခြား ကျန်သေးသည့် နေရာများသို့ သွားမည်ဟု ဆိုသည်။

“ခင်ဗျားက တစ်ခါမှ မရောက်ဖူးတဲ့ နေရာကို တစ်ယောက်တည်း လာတာ တော်တော် သတ္တိကောင်းတာပဲနော်” တဲ့။ သူက ဆိုသေးသည်။ “သြော်၊ အိန္ဒိယ ရောက်လို့မှ ဂါယာကို မလာလိုက်ရဘူး ဆိုရင် တော်တော် နှမျောစရာ ကောင်းမှာပေါ့ရှင်၊ သင်တန်းကိုလည်း တစ်ယောက်တည်းပဲ လာတက်ရတာပဲဟာ၊ ဒီကိုလည်း တစ်ယောက်တည်းပဲ လာလိုက်တာပေါ့။ ကိုယ်က ကံထူးလို့ ဒီလို လာခွင့် ကြုံတာပဲ၊ ဟိုကနေ ပိုက်ဆံ အကုန်ခံပြီး သီးသန့်လည်း မသွားဘူးနိုင်လေ။ အဲဒီတော့ ရောက်တုန်း လာရတာပေါ့”
“အင်းလေ၊ ဟုတ်တော့ ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာရော အဲလိုပဲ တစ်ယောက်တည်း ခရီးသွားတတ်သလား”
“များသောအားဖြင့်တော့ မသွားပါဘူး၊ သူငယ်ချင်းတွေနဲ့ပဲ သွားတာပေါ့၊ ဒါပေမယ့် တကယ်တမ်း သွားဖို့ လိုတယ်၊ ဒါမှမဟုတ် ကျွန်မ အရမ်း သွားချင်နေပြီး၊ လိုက်ပေးမယ့် အဖော်လည်း မရှိဘူး ဆိုရင်တော့ တစ်ယောက်တည်း သွားတာပဲ၊ အိမ်ကလည်း ကျွန်မကို စိတ်ချတယ်လေ”
“ကျွန်တော်ကတော့ စိတ်မချချင်ဘူးဗျာ၊ ဘာပဲဖြစ်ဖြစ် မိန်းကလေး တစ်ယောက်တည်း ဝေးဝေးလံလံ ခရီးတော့ တစ်ယောက်တည်း မသွားသင့်ဘူး ထင်တာပဲ”
“အဲဒါကြောင့် ကျွန်မက ယောက်ျားလေး ဖြစ်ချင်တာပေါ့၊ သင်တန်း တက်နေတုန်းကလည်း အဖွဲ့တစ်ဖွဲ့က တိဘက် ဒလိုင်းလားမားကြီးကို ဖူးဖို့ ဆိုပြီး ဒမရာဇက ဆိုလား အဲဒီတောင်ပေါ်ကို သွားကြတယ်လေ၊ ညအိပ်ခရီး ဖြစ်နေပြီး မိန်းကလေး အဖော်က မပါဘူး၊ ယောက်ျားလေးတွေချည်း သွားမှာ ဆိုတော့ ကျွန်မ မလိုက်လိုက်ရဘူး။ တကယ်တော့ လိုက်ချင်တာလေ၊ ပထမ လိုက်မလို့ပဲ၊ အတူတူ လိုက်မယ့် သူငယ်ချင်းမက မလိုက်ချင်တော့ဘူး ဆိုလို့ ကျန်ခဲ့ရတာလေ”
“ခရီးသွားရတာကို ဝါသနာ ပါတာလား”
“ဟုတ်တယ်၊ ခရီးသွားရတာကို ပျော်တယ်လေ”
“နောက်တစ်ခါ ခရီးသွားချင်လို့ ခင်ဗျား တစ်ယောက်တည်း ဖြစ်နေတယ် ဆိုရင် ကျွန်တော့်ကို ခေါ်လိုက်လေ”
သုက ရယ်နေတော့ သူက ထပ်ပြောသည်။
“ဟာ တကယ်ပြောတာ၊ နောက်နေတာ မဟုတ်ဘူး၊ ဒီမှာ ကျွန်တော့် ဖုန်းနံပါတ်၊ တစ်ရက်လောက်တော့ ကြိုပြောပေါ့ ဗျာ၊ ကျွန်တော် ခင်ဗျား ကို လာခေါ်မယ်၊ တစ်ယောက်တည်းတော့ မသွားနဲ့နော်”
သူက သူ့နာမည်နှင့် လိပ်စာပါသော ကတ်ပြားတစ်ခု ပေးသည်။ နေထက်ခေါင်၊ CEO၊ Sun’s Highness Fashion Company၊ တဲ့။ သုမှာတော့ ပေးစရာ လိပ်စာကတ် မရှိပေမယ့် သု ဖုန်းနံပါတ်ကိုတော့ သူ့ကို ပေးလိုက်ပါသည်။

♥♥♥♥♥♥♥♥♥♥


(၂)
လင်းထွဋ်သာ၏ ဘဝသည် သူ့ အမေ နှင့် အဖေ၏ အမုန်းတရားများကို အကောင်အထည်ဖော်ဖို့ ကြီးပြင်းလာရသလို ဖြစ်ခဲ့သည်။ သူ့ဘဝ အဖော်ကိုပင် သူ့အဖေ နှင့် အမေက သတ်မှတ် ပေးခဲ့သည်။ အကြောင်းအရင်းကို သေချာ ရှင်းမပြသေးပဲ အေးလရိပ်ကို ရအောင် လိုက်ရမည် ဆို၍ သူ့မှာ ရအောင် လိုက်ခဲ့ရသည်။ အေးလရိပ် ဆိုတာကလည်း ချစ်စရာ သဌေးသမီး ကောင်မလေး ဖြစ်သောကြောင့် လင်းထွဋ်သာ အတွက် နစ်နာသည်ဟု မဆိုသာသည့်ပြင် သူကိုယ်တိုင်ကလည်း ကြိုက်ချင်ချင် ဖြစ်သွားသောကြောင့် နည်းမျိုးစုံသုံး၍ အေးလရိပ် နှင့် လက်ထပ်ခွင့်ရအောင် ကြိုးစားခဲ့သည်။

အဲဒီနောက်တော့ အေးလရိပ် အဖေ၏ ယုံကြည်မှုကို ရအောင် သူကြိုးစားခဲ့ရသည်။ အေးလရိပ်တို့ အစ်ကိုကြီး လရောင်သစ်မှာ အထူးကု ဆရာဝန် တစ်ယောက် ဖြစ်သောကြောင့် ကုမ္ပဏီ ကိစ္စများကို ဝင်ရောက် မလုပ်နိုင်ပါ။ ထို့ကြောင့်လည်း အေးလရိပ် အဖေ ဦးမင်းလက အရည်အချင်းရှိသော သူ့ကို အားကိုးလာခြင်း ဖြစ်သည်။ တဖြည်းဖြည်းနှင့် ကုမ္ပဏီက သူ့လက် သူ့ခြေ ဖြစ်လာသည်။ သို့သော် ဆက်ခံသူ နာမည်ကတော့ သူ့သား လရောင်သစ် နှင့် သမီး အေးလရိပ် သာ ဖြစ်သည်။ သူက ဦးမင်းလ၏ ကုမ္ပဏီကို ကျဆင်း သွားစေချင်သည်။ တစ်စချင်း တစ်စချင်း ဆုံးရှုံးအောင် သူ လုပ်လုပ် နေသည်များကို အဘိုးကြီး မရိပ်မိသေးပါ။ သူ့အမေ ဆီမှ အတိတ်အကြောင်းများကို ကြားအပြီးမှာ ဘာပဲဖြစ်ဖြစ် အဘိုးကြီးကို ကျဆုံးစေချင်လာသည်။ သို့သော် အဘိုးကြီးမှာ အင်အား ရှိနေသေး သောကြောင့် သူ့အကြံအစည်အတွက် ပံ့ပိုးပေးမည့်သူ တစ်ယောက်ယောက်တော့ လိုနေသည်မှာ အမှန်။ သူ့မှာ အကြံအစည် ရှိသော်လည်း အကောင်အထည် ဖော်ဖို့ အင်အား မရှိ ဖြစ်နေသည်။

အဲဒီမှာပဲ လင်းထွဋ်သာကို လူတစ်ယောက်က ဆက်သွယ်လာသည်။ Sun’s Highness Fashion ၏ CEO နေထက်ခေါင် ပင် ဖြစ်သည်။ ထိုလူ့မှာ ဘယ်လို အကြောင်းတွေ ရှိသည် သူ မသိပေမယ့် ထိုလူကလည်း ဦးမင်းလ၏ ကုမ္ပဏီကို ကျရှုံးစေချင်သူ ဖြစ်နေသည်။ ထိုလူမှာ အကွက်ချထားသော အကြံကောင်းများ ရှိနေသည်။ ထိုလူက သူ့ကို ဘယ်အချိန်ကတည်းက စောင့်ကြည့်နေသည် မသိသော်လည်း သူ့ဘက်က သေချာပေါက် ပူးပေါင်းလာလိမ့်မည်ကို ကြိုသိနေပုံ ရသည်။ ထိုလူ့ ကုမ္ပဏီ၏ အရှိန်အဝါဖြင့် အဘိုးကြီး၏ နိုင်ငံခြား အဆက်အသွယ်များကိုပါ သိမ်းယူ နိုင်လာသည်။ Sun’s Highness Fashion မှာ နာမည်ရ ကုမ္ပဏီ ဖြစ်လာနေပြီ ဖြစ်သော်လည်း CEO မှာ လူမြင်ကွင်းသို့ သိပ်လာလေ့ မရှိပေ။ GM ကသာ အစစ အရာရာ လုပ်ဆောင်လေ့ ရှိသည်။ CEO နေထက်ခေါင် နှင့် သူ အကြိမ်ကြိမ် ဖုန်းပြော ခဲ့ကြသော်လည်း လူကိုယ်တိုင် တွေ့ရမည့် ကိစ္စများမှာမူ GM ကိုစိုးသက်အောင် သာ လာလေ့ရှိသည်။ သူတို့ အစီအစဉ်အောက်တွင် ဦးမင်းလ၏ ကုမ္ပဏီတစ်ခုလုံးမှာ သိမ်းယူရန် အသင့်အနေအထားသို့ ရောက်လုနီးနေပြီ ဖြစ်သည်။

ဖေဖေနှင့် မေမေက ဦးမင်းလ ကို ထိခိုက်စေရန် သူ အချစ်ဆုံး သမီးဖြစ်သော အေးလရိပ်ကို ထိခိုက် နစ်နာ စေခြင်း ဖြစ်သည်ဟု ယူဆပြီး သူ့ကို အေးလရိပ်နှင့် ကွာရှင်းစေချင်သည်။ သူ့ စိတ်ရင်း အမှန်ကတော့ အေးလရိပ်ကို မထိခိုက်စေချင်ပါ။ သို့သော် သူ ကြောင့် သူတို့ ကုမ္ပဏီ ပျက်စီးသွားသည်ကို သိသည်နှင့် တပြိုင်နက် အေးလရိပ် နှင့် သူတို့ ဆက်ဆံရေးကတော့ ဆုံးခန်းတိုင်မည်မှာ အမှန်ပင်။ နေထက်ခေါင် ကတော့ သူ့အနေနှင့် အေးလရိပ်တို့ မိသားစုကို မသိစေလိုလျှင် အဆုံးသတ်ချိန်မှာ သူ့နာမည် မပါအောင် အတတ်နိုင်ဆုံး လုပ်ပေးမည်ဟု ကတိပေးထားသည်။

သူက ဦးမင်းလ၏ စီးပွားရေး ဆုံးရှုံးသွားသည်ထက် အတိတ်က အမှုကို အမှန်အတိုင်း ပေါ်ပေါက် စေလိုသည်။ ဖေဖေ နှင့် မေမေ့ကို မယုံကြည်လို၍ မဟုတ်သော်လည်း ဤကိစ္စမှာ တရားခံက ဦးမင်းလ ဟုတ်သည် မဟုတ်သည်ကို သက်သေ မပြနိုင်သည်မှာတော့ အမှန်ပင် ဖြစ်သည်။ သက်သေမပြနိုင်သော အမှုတစ်ခုကို ဦးမင်းလ ကျူးလွန်သည်ဟု အတတ်စွပ်စွဲပြီး လက်စားချေရမည် ဆိုလျှင် သူ့ဘက်က မတရား ဟု ယူဆသည်။ သူက လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်က အမှုကို ဦးမင်းလ အမှန်ပင် ကျူးလွန်ကြောင်း သက်သေ အထောက်အထား လိုချင်နေသည်။ ဦးမင်းလ မှာ အပြစ်ရှိခဲ့သည် မှန်မှသာ သူက သူတို့ အကြံအစည်ကို ဆက်လက် အကောင်အထည်ဖော်ချင်သည်။ ကုမ္ပဏီကို သိမ်းလိုက သိမ်း၍ ရနေပြီ ဖြစ်သော်လည်း သူက သူ့အကြံနှင့်သူ ဆိုင်းထားရန် ပြောသည်ကို နေထက်ခေါင်ကလည်း ဘာကြောင့်မှန်းမသိ ဆိုင်းထားရန် သဘောတူသည်။ ထို့ကြောင့် သူက အတိတ်က အမှုဟောင်းကို ဖော်ဖို့ တစ်စုံတစ်ယောက်ကို အကူအညီ တောင်းရန် စဉ်းစားထားသည်။
♥♥♥♥♥♥♥♥♥♥

(၃)

အိမ်ထောင်ကျသွားပြီ ဖြစ်သည့် ကိုကို နှင့် မတွေ့ရတာ ကြာပြီ ဖြစ်သောကြောင့် သုက ကိုကိုနှင့် တွေ့ဖို့ လမ်းစ ရှာနေတုန်း အကြောင်းတစ်ခု ရလိုက်ခြင်း ဖြစ်သည်။ ဒီနေ့ သု လိုက်သော အမှုတစ်ခု နိုင်သော အထိမ်းအမှတ်နှင့် မောင်နှမ နှစ်ယောက်သား ဆိုင်တစ်ဆိုင်မှာ ချိန်းပြီး ညနေစာ စားဖြစ်ကြသည်။ အဲဒီ အမှုကို ဖော်လိုက်နိုင်သည့် အတွက်လည်း သုက ကိုယ့်ကိုယ်ကို ဂုဏ်ယူနေသည်လေ။ အများက ထင်ထားကြသော တရားခံကို မဟုတ်မှန်ကြောင်း သက်သေ အပြည့်အစုံ ရှာပြနိုင်သည့်ပြင် တကယ့် တရားခံ အစစ်ကိုပါ သုက ရှာပေးနိုင်ခဲ့သည်။

“သု မဖော်နိုင်တဲ့ အမှုဆိုတာ မရှိဘူး၊ သိလား ကိုကို၊ သု ကိုင်လိုက်ရင် အမှုမှန် ပေါ်ကိုပေါ်စေရမယ်”
သုက ကိုကို့ကို ကြွားလိုက်သေးသည်။ အဲဒီမှာ ကိုကိုက စကားတစ်ခွန်းပြောလာသည်။
“နင် လိုက်လို့ မပေါ်မယ့် အမှုတစ်ခုတော့ ရှိနေတာ သေချာတယ် သုသုရေ” တဲ့။ သူက နောက်နေခြင်း မဟုတ်။ အတည်ပေါက် လေသံ နှင့် ပြောခြင်း ဖြစ်သည်။
“အမယ် ကိုကိုက သုကို အထင်သေးတာလား၊ သုက တကယ်တော့ စုံစမ်းစစ်ဆေးရေး ဘက်မှာတောင် လုပ်သင့်တာ၊ သုက စုံစမ်းရတာ ဝါသနာ ပါတယ် သိလား”
“ငါ နင့် အကြောင်းကို သိပါတယ်၊ အဲဒါကြောင့် ဒီစကားကို စရတာပေါ့၊ နင်လည်း အခု ကလေးမှ မဟုတ်တော့ပဲ၊ ငါတို့ မိသားစုရဲ့ သွေးကြွေးနဲ့ ပတ်သက်ပြီး နင်လည်း သိသင့်တယ်လို့ ထင်တယ်၊ မေမေ ကတော့ နင့်ကို ဒီကိစ္စထဲ မပါစေချင်ဘူး ဆိုပြီး ဘာမှ မပြောခဲ့ဘူး၊ ငါကတော့ နင့် အရည်အချင်းကို ယုံလို့ ဒီကိစ္စကို ပြန်ပြီး စုံစမ်းပေးစေချင်တာပဲ”
“ကိုကို့ စကားကြီးကလည်း သိုင်းဝတ္တုထဲက စကားကြီး လိုပဲ၊ သွေးကြွေး ဟုတ်လား၊ သုလည်း ဘာမှ နားမလည်ပါလား”
သုတို့ မိသားစုမှာ သု မသိသော အကြောင်းအရာတစ်ခု ရှိနေတာတော့ သေချာနေလေပြီ။ ဖေဖေ နှင့် မေမေက သု ကို ကလေးလိုပင် သဘောထားပြီး ကိုကို့ကိုသာ လူကြီးအရာထားပြီး တိုင်ပင်ကြသည်။ ကိုကိုက သု ထက် အသက် ၇ နှစ် ပိုကြီးသည်။
“ပြောမယ်လေ၊ နင့်ကို ပြောချင်လို့ကို အစပျိုး လိုက်တာပဲ၊ လွန်ခဲ့တဲ့ ၃၅နှစ် က ဖြစ်ခဲ့တဲ့ လူသတ်မှု တစ်ခုကို နင် ပြန်ပြီး ဖော်ထုတ်ပေးရမယ်၊ တရားခံ ဘယ်သူလဲ ဆိုတာကို စုံစမ်းပေးရမယ်၊ ဘယ်လိုလဲ သုသု၊ နင်လုပ်နိုင်ပါ့မလား”
“ကိုကို တကယ် ပြောနေတာလား”
“တကယ်ပြောနေတာပေါ့၊ အသတ်ခံ ခဲ့ရတဲ့ လူက နင့် ဘကြီး အရင်း၊ မေမေ့ရဲ့ အစ်ကိုပေါ့၊ ဖေဖေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလည်း ဖြစ်တယ်လေ”
“သု တကယ် စိတ်ဝင်စားလာပြီ ကိုကို၊ ပြောပြပါဦး”
“မေမေတို့ အရင်က ရွာမှာ နေခဲ့တယ် ဆိုတာ နင်သိတယ်နော်၊ နင့်ကို မမွေးခင်နှစ်ကမှ ရွာက ပြောင်းလာကြတာ၊ ရွာမှာ ခုထိ တို့ ဆွေမျိုးတွေ ရှိသေးတယ်၊ အဲဒီကို နင်သွားရမယ် သုသု၊ နင် ယုံကြည် စိတ်ချရတဲ့ သူငယ်ချင်း တစ်ယောက်ယောက် ကို ခေါ်သွားပေါ့၊ မေမေတို့တော့ မသိစေနဲ့ဟာ၊ ငါက သူတို့ လက်စားချေချင်တဲ့ နည်းနဲ့ လုပ်တာထက်၊ ဒီအမှုမှန်ကို ကို ပေါ်စေချင်တာ”
ကိုကို ပြောပြသော ပုံပြင်ကို နားထောင်ပြီးနောက် သုထက်သာ ကိုယ်တိုင်လည်း ထိုအမှုကို ပြန်လည် ဖော်ထုတ်ရန် စိတ်ဝင်စား လာခဲ့တော့သည်။
♥♥♥♥♥

သုသည် လစာမဲ့ခွင့် တစ်လ တင်ပြီး ရွာမှာ သွားနေဖို့ စီစဉ်ထားသည်။ သု ရွာသို့ သွားမည် ဆိုသောအခါ ကိုကို ပြောတဲ့အတိုင်း သူငယ်ချင်း တစ်ယောက် ခေါ်သွားဖို့ စဉ်းစားသည်။ လောလောဆယ် ပေါင်းနေသော သူငယ်ချင်းတွေအားလုံးက ဝန်ထမ်းတွေ ဖြစ်နေသောကြောင့် ခွင့်ယူပြီး လိုက်ခဲ့ဖို့က မဖြစ်နိုင်ပါ။ အဲဒီမှာပင် တစ်စုံတစ်ယောက်ကို ချက်ချင်း သတိရလိုက်မိသည်။ “နောက်တစ်ခါ ခရီးသွားချင်လို့ ခင်ဗျား တစ်ယောက်တည်း ဖြစ်နေတယ် ဆိုရင် ကျွန်တော့်ကို ခေါ်လိုက်လေ” ဟု ဆိုခဲ့သူ တစ်ယောက်။ ခုဆို ဂါယာက ပြန်ရောက်တာ တစ်လ ကျော် နှစ်လ နီးပါး ရှိနေပြီ ဖြစ်သော်လည်း သု သူ့ဆီ ဖုန်းမဆက်ဖြစ်ပါ။ အမှန်ကို ဝန်ခံရလျှင် သူ့ဆီ ဖုန်းဆက်ဖို့ သု နှစ်ခါ သုံးခါလောက် ကြံစည်ဖူးပါသည်။ သို့သော်လည်း သုရဲ့ မာနကလေးက တင်းခံပြီး မဆက်ဖြစ်ပါ။ တကယ်ဆို ယောက်ျားလေး ဘက်ကသာ အရင် စဆက်သင့်သည် မဟုတ်ပါလား။ ခုတော့ သူက သုကို အဆက်အသွယ် လုံးဝ မလုပ်ခဲ့ပါ။ သု ဖုန်းနံပါတ်တောင် သူ့မှာ ရှိသေးရဲ့လား မသိပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခုတော့ သုမှာ ကိစ္စ ရှိလာပြီပဲ။ သူပေးခဲ့သည့် ကတိကို တည်မတည် သု ဖုန်းဆက်ကြည့်သင့်သည် မဟုတ်လား။
“ဟယ်လို သုလား”
သူ ပြန်ဖြေသော အသံကို ကြားရသော အခါ သုမှာ အနည်းငယ်တော့ ဆွံ့အ သွားသည်။ သု ဖုန်းနံပါတ်ကို သူ မှတ်မိနေသားပဲ။
“ကိုနေလား၊ သု မှန်း ဘယ်လိုလုပ် သိတာလဲ”
“သု ဖုန်းနံပါတ်ပေးကတည်းက ကိုယ့်ဖုန်းထဲမှာ မှတ်ထားတယ်လေ၊ ကဲ ပြော ဘာကိစ္စ ရှိလို့လဲ”
ဒါနဲ့များတောင် တစ်ခါမှ သုကို မဆက်ခဲ့။ သုကပဲ စဆက်ရမယ် လို့ သူက သတ်မှတ်ထားတာလား။ မုန်းစရာ ကောင်းလိုက်တဲ့ လူနော်။
“တော်သေးတာပေါ့၊ သုက ဒီလောက်ကြာနေပြီ ဆိုတော့ သုကို မှတ်မိသေးရဲ့လား လို့”
“အဲဒီက ပြန်လာပြီးတော့ ကိုယ်လည်း အလုပ်တွေ အရမ်းရှုပ်နေလို့ ဖုန်း မဆက်ဖြစ်တာပါ၊ သုကို သတိရပါတယ်”
“ဟွန်း.. ထားပါတော့၊ ကိုနေ ပြောခဲ့တဲ့ စကားကို မှတ်မိသေးလားလို့ ဆက်ကြည့်တာပါ။ သု ခရီးသွားစရာ ရှိတယ်။ အဲဒါ လိုက်ပေးနိုင်မလား လို့၊ အလုပ်တွေ ရှုပ်နေရင်လည်း ရပါတယ်”
“အခုတော့ အားသွားပါပြီ၊ အရမ်း အလုပ်မရှုပ်တော့ပါဘူး၊ ပုံမှန်ပါပဲ၊ သုက ဘယ်တော့လောက် သွားချင်တာလဲ”
“ဖြစ်နိုင်ရင်တော့ သန်ဘက်ခါ လောက်ပေါ့၊ သိပ်တော့ အရေးမကြီးပါဘူး၊ ကိုနေ အားတဲ့ ရက်ပေါ့”
“ကောင်းပြီလေ၊ ကိုယ် အားအောင် လုပ်လိုက်လို့ ရပါတယ်၊ ဘယ်ကို သွားမှာလဲ”
“ပြည် နားက ရွာတစ်ရွာကိုပါ၊ မေမေတို့ အရင်တုန်းက နေခဲ့တဲ့ ရွာပါ၊ စုံစမ်းစရာလေး နည်းနည်း ရှိလို့”
“ကိုယ် ဘယ်နှရက်လောက် အားအောင် လုပ်ခဲ့ရမှာလဲ”
“သု ကို လိုက်ပို့ပြီးရင် ရပြီလေ၊ သုကတော့ နည်းနည်း ကြာကြာနေမှာ၊ အဲဒီမှာ အမျိုးတွေ ရှိတယ်လေ၊ ဆက်သွယ်ပြီးပြီ”
“ဟုတ်ပြီ၊ ကိုယ်လာခေါ်မယ်လေ၊ ဘယ်ကို လာခေါ်ရမလဲ”
“ခရေပင် လမ်းခွဲ”
“ဟင်.. ဘာ၊ သု အိမ်က အဲဒီနားမှာလား”
“ဟုတ်ပါဘူး၊ အိမ်ရှေ့ကို ကားနဲ့ လာခေါ်တာ မေမေတို့ မတွေ့စေချင်လို့၊ သု အဲဒီကို သွားမှာ ဖေဖေနဲ့ မေမေ မသိဘူး၊ သု အစ်ကို တစ်ယောက်ပဲ သိတယ်လေ၊ အဲဒါကြောင့် ခရေပင်လမ်းခွဲမှာပဲ စောင့်နေမယ်လို့၊ အဲဒီက လမ်းသင့်တယ်လေ၊ သန်ဘက်ခါ မနက်စောစော ၆ နာရီလောက် နော် ”
“သြ အဲလိုလား၊ ဟုတ်ပါပြီကွာ၊ ကိုယ်လာခဲ့မယ် စောင့်နေနော်”
♥♥♥♥♥

သုတို့ နှစ်ယောက် ရွာကို ရောက်တော့ မွန်းလွဲနေလေပြီ။ မေမေ့ အစ်မ တဝမ်းကွဲ ဒေါ်ငယ်လှတို့ မိသားစုက ဝမ်းသာအားရ ကြိုရှာသည်။ သုက ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရခင်မှာပင် မေမေနှင့် တူ၍ သိလိုက်သည် ဟု ဆိုသည်။ သူတို့က ကိုနေ့ကို သု အမျိုးသားလို့ ထင်နေကြသည်။ သု သူငယ်ချင်းပါ ဟု သေချာ မိတ်ဆက်ပေးသော အခါ သူကလည်း နေကာ မျက်မှန်ချွတ်ပြီး ပြန်နှုတ်ဆက်တော့မှ အိမ်ရှင် မိသားစုက တအံ့တသြ မျက်နှာများနှင့် ဝိုင်းအုံ ကြည့်ကြတော့သည်။ သုတို့လည်း ဘာများ ပါလိမ့် ဟု ထူးဆန်းသွားသည်။ ဒေါ်ကြီး ဒေါ်ငယ်လှက “ကိုပီတာ” ဟု အကျယ်ကြီး ခေါ်လိုက်သည်။
“ကိုပီတာ နဲ့ တူလိုက်တာကွယ်၊ ကိုပီတာ ပြန်လာသလိုပဲ၊ ရုတ်တရက်တော့ ကိုပီတာ ပျောက်သွားတဲ့ အရွယ်လောက် ဆိုတော့ ကိုပီတာများ ပြန်လာသလားလို့ ထင်လိုက်သေးတယ်၊ ဒါပေမယ့် မဖြစ်နိုင်ဘူး ဆိုတာ သိပါတယ်ကွယ်၊ ကိုပီတာ ပျောက်သွားတာ ၃၅နှစ်လောက်တောင် ရှိနေပြီပဲ၊ ခုနေ ပြန်လာရင်တောင် အဘိုးကြီး ဖြစ်နေရော ပေါ့။”

နောက်တော့ အဲဒီသတင်းက တစ်ရွာလုံး ပြန့်သွားပြီး ကိုပီတာကို သိခဲ့သော ဦးကြီး၊ ဒေါ်ကြီး များက ကိုပီတာ နှင့် တူသော လူငယ်တစ်ယောက် ရောက်နေသည် ဆိုပြီး နေထက်ခေါင်ကို လာကြည့်ကြသည်။ တစ်ထေရာတည်းပဲ၊ ချွတ်စွပ်ပဲ၊ အဝတ်အစား ပုံစံပဲ ပြောင်းသွားတာ၊ ကိုပီတာ ဝင်စားတာ ဖြစ်ရမယ်၊ စသည်ဖြင့် သူတို့က ပြောကြသည်။ သူ့ကို မျောက်ပွဲကြည့်သလို အကြည့်ခံရသောကြောင့် နေထက်ခေါင် မျက်နှာမှာလည်း အနည်းငယ်ရဲပြီး စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။

ဒီကိစ္စက တကယ်လည်း အံ့သြစရာ ကောင်းသည်။ သုရဲ့ လာရင်းကိစ္စကိုလည်း အထောက်အကူ အများကြီး ဖြစ်သွားသည်။ သု ဒီရွာကို လာရခြင်းမှာ အဲဒီ ကိုပီတာ ပျောက်ဆုံးရသော အမှုကို စုံစမ်းဖို့ ဖြစ်သည်။ သူတို့ ထင်ထားသလို ကိုပီတာမှာ ပျောက်ဆုံးသွားခြင်း မဟုတ်ပဲ အသတ်ခံလိုက်ရခြင်း ဖြစ်သည်ကို ဖော်ထုတ်ဖို့ သု လာရောက် ရခြင်း ဖြစ်သည်။ အခု သူတို့က ကိုပီတာနှင့် တူသော လူတစ်ယောက်ကြောင့် ကိုပီတာကို အားလုံးက သတိရသွားကြပြီ။ သုက အတင်း စကားဆက်စပ်ပြီး သတိရအောင် လုပ်ပေးစရာပင် မလိုတော့။ သူတို့ မှတ်ဉာဏ်ထဲမှာ အလိုက်သင့် ပေါ်လာသော အကြောင်းအရာများကို မေးမြန်းဖို့ပဲ လိုတော့သည်။

“သု ဒီရွာကို ဘာလာလုပ်တာလည်း လို့ ကိုယ် မေးလို့ ရမလား”
“ရပါတယ် ကိုနေ၊ သုလည်း ပြောပြ မလို့ပါပဲ၊ အဲဒါ ပြောမပြခင်၊ ကိုနေ့ကို တစ်ခု မေးချင်တယ်၊ ကိုနေ လူဝင်စား ဆိုတာကို ယုံလား”
“ဘာလဲ၊ သုကလည်း ကိုယ့်ကို ကိုပီတာ ဝင်စားတယ်လို့ ထင်တာလား၊ မသိဘူးကွာ၊ တော်တော်တော့ ထူးဆန်းတယ်၊ နာမည်တူ လူတူ မရှား ပေါ့”
“ကိုနေ ငယ်ငယ်တုန်းက အရင်ဘဝ အကြောင်း ဘာညာ မှတ်မိတာမျိုး မရှိဘူးလား၊ စာအုပ်တွေထဲမှာ ဖတ်ဖူးတဲ့ လူဝင်စား တွေက အဲလို မှတ်မိတယ် တဲ့”
“ဟား ဟား.. ကိုယ်ကတော့ ဘာမှ မမှတ်မိပါဘူးကွာ၊ တကယ်ပါ၊ ဘာမှကို မသိတာ”
နေထက်ခေါင် အတွက် သူ့ငယ်ဘဝကို မှတ်မိသမျှကတော့ သူ့ အဖေ ၏ ရက်စက်မှုများ၊ သူ့အမေ ၏ ပစ်ခွာမှုများ သာ ဖြစ်သည်။ သူ့အပေါ် ကောင်းသူ ဆို၍ နာနီ အဒေါ်ကြီး တစ်ယောက်သာ ရှိခဲ့သည်။

“ဒီလောက် နှစ်တွေ ကြာပြီးမှ ဒီလို ရုပ်မျိုး တစ်ထပ်တည်း ဖြစ်တည်လာတယ် ဆိုတာ အကြောင်းမဲ့ တူတာတော့ မဖြစ်နိုင်ဘူး၊ ကိုနေဟာ ကိုပီတာ ဝင်စားတာလို့ သုလည်း ထင်တယ်၊ ဒီရွာမှာ နေရင်းနဲ့ အရင်ဘဝ အကြောင်းတွေ မှတ်မိချင်လည်း မှတ်မိလာမှာပေါ့”
“ဟင်.. မဟုတ်တာ၊ အရင်နေခဲ့တဲ့ နေရာ ပြန်ရောက်လို့ ပြန်မှတ်မိတယ် ဆိုတာမျိုးက အတိတ်မေ့ နေတာမျိုးမှာသာ အသုံးကျမှာလေ၊ ခုဟာက ကိုယ်က အတိတ်မေ့နေတာမှ မဟုတ်တာ၊ ဘယ်လိုလုပ် မှတ်မိမှာတုန်း”
“အရင်ဘဝ ဆိုတာလည်း အတိတ်ပဲလေ ကိုနေ”
“မဟုတ်သေးပါဘူး သု ရာ၊ တော်ပါတော့၊ သု ပြောမယ် ဆိုတဲ့ အကြောင်းသာ ပြောတော့”
“သု ပြောမှာလည်း ကိုပီတာ အကြောင်းပဲလေ၊ ကိုပီတာက ပျောက်သွားတာ မဟုတ်ဘူး၊ သူ့ ချစ်သူ ကောင်မလေးကို လိုချင်တဲ့ ပြိုင်ဘက်က သတ်တာကို ခံလိုက်ရတာ၊ သု ဒီကို လာတာ ဒီအကြောင်းကို စုံစမ်း ဖော်ထုတ်ဖို့ပဲ”
♥♥♥♥♥♥♥♥♥♥

ဆက်လက်ဖော်ပြပါမည်။
သိင်္ဂါကျော်

6 comments:

rose said...

Interesting... Looking forward to read the second part.

jr said...

နောက်တပိုင်း မြန်တင်ပါဗျို့..း)

လွင်ပြင်လှိုင်းငယ် said...

ဇာတ်ရှိန်မြင့်နေပြီ
အပိုင်း(၂)မျှော်နေပါ့မယ်

jasmine(တောင်ကြီး) said...

တစ်ကယ်ချစ်ရင်တော့ အဲဒီလိုမကြည်စားပါနဲ့ကွယ်
ဘာလုပ်တာလဲ
စိတ်ဆိုးတယ် တစ်ကယ်ပဲ
သုထက်သာ-နေထက်ခေါင်
ကိုပီတာ-ဘယ်လိုတွေဖြစ်မလဲ သိချင်လှပြီနော်
ချစ်ချစ်ခင်ခင် jasmine

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကူးပြီး အိမ်ပြန်ဖတ်မယ်း)

မြသွေးနီ said...

ဒုတိယပိုင်း မျှော်နေပါမည်။