09 December, 2011

နေ၏ တစ်ဖက်ခြမ်း (၃)

(၇)

“ဆေးရုံမှာ ဒီလောက် အကြွေးတွေ တင်နေတာကို မင်း ဘာလို့ ငါ့ကို မပြောတာလဲ နံသာ”
“မင်း ဘာတွေ လုပ်နေတာလဲ၊ အဲဒီ ပိုက်ဆံတွေကို မင်းဘာလုပ်ပစ်တာလဲ”
“နံသာကို ဘာမှ အပြစ်တင် မနေနဲ့ ကိုသစ်၊ နံသာလည်း တတ်နိုင်သလောက် ကောင်းအောင် လုပ်ပေးခဲ့တာပဲ၊ ဟိုတစ်ခါ ပြဿနာ ဖြစ်ပြီးကတည်းက ဆေးရုံမှာ လူလျော့သွားတာ ကိုသစ်လည်း သိတာပဲ”
“အဲဒီ ပြဿနာ ကြီးသွားတာလည်း မင်း ကိုင်တွယ်တာ မဟုတ်လို့ပဲ နံသာ”
“နံသာ နဲ့ ဘာမှ မဆိုင်ဘူး၊ နံသာရဲ့ တာဝန်က ဆေးရုံကို အုပ်ချုပ်ဖို့ပဲ၊ ဆေးကုသတဲ့ နေရာမှာ အမှားအယွင်း ဖြစ်သွားတာ ကိုသစ် တာဝန်ပဲ၊ ကိုသစ်က ဆေးရုံအုပ်ကြီးပဲလေ”
“လျှော်ကြေးပေးတာကို မယူပဲနဲ့ မီဒီယာတွေမှာ ပြန့်သွားတာ၊ မင်းကြောင့်ပဲ၊ တကယ်ဆို သူတို့ကို ရအောင် ဆွဲဆောင် လိုက်ရမှာ”
“နံသာ ပြောတယ်လေ၊ သူတို့ကို တစ်ယောက်ယောက်က ထောက်ပံ့လိုက်ပါတယ်ဆို၊ ပြီးတော့ မီဒီယာမှာ ပါအောင် ဖိအားပေးတာ၊ အဲဒါ ဘယ်သူလဲ ဆိုတာတော့ ရအောင် မရှာပဲနဲ့”
“အဲဒါ မင်းအလုပ်လို့ ပြောထားတယ်လေ၊ ငါ့ အလုပ်က ဆေးကုဖို့လေ”
“တော်ပြီ၊ ကိုသစ်နဲ့ စကား မများချင်တော့ဘူး၊ ဒီအကြွေးလောက်ကတော့ ကိုသစ် အဖေကို အကူအညီ တောင်းလိုက်ရင် ရမှာပဲ ဟာ”
“အဲလို တောင်းရမှာ ကိုယ့် သိက္ခာကျလို့ ပေါ့ကွ၊ ဒီ ဆေးရုံ စဖွင့်တုန်းက ယူထားတဲ့ အရင်းအနှီးကိုတောင် ပြည့်အောင် ပြန်ဆပ်နိုင်ခဲ့တာ မဟုတ်ဘူး”
“တော်ပြီ၊ ကိုသစ်ကို ဒီကို ခေါ်တာ အကြွေးကိစ္စ ပြောဖို့ မဟုတ်ဘူး၊ ကိုသစ် မိဘ စီစဉ်ပေးတဲ့ မိန်းကလေး တစ်ယောက်နဲ့ တွေ့နေတယ်ဆို”
“ဟုတ်တယ်လေ၊ ဖေဖေ က ဖြစ်စေချင်တာ ဆိုတော့ ငြင်းရခက်လို့ပေါ့”
“ဒါဖြင့် နံသာက ဘာလဲ၊ နံသာ အကြောင်း ကိုသစ် မိဘ တွေကို ဘာလို့ မပြောရဲတာလဲ၊ နံသာက ဘာဖြစ်နေလို့လဲ ပြောပါဦး၊ နံသာကို ဘယ်တော့ လက်ထပ်မှာလဲ”
“မင်းကို လက်ထပ်မယ်လို့ ကိုယ် တစ်ခါမှ ကတိ မပေးခဲ့ဖူးပါဘူး”
“ဘာပြောတယ် ကိုသစ်၊ ဘာပြောတယ်၊ နံသာကို အပျော်တွဲချင်တာပေါ့ ဟုတ်လား၊ နံသာက တစ်ကောင်ကြွက် မိန်းကလေး ဆိုပြီး အနိုင်ကျင့် ချင်တာလား”
“မင်းက ပညာလေး တတ်တာပဲ ရှိတာ၊ တစ်ခြား ဘာမှ ရှိတာ မဟုတ်ဘူး၊ ဖေဖေ့ကို ပြောလို့ သဘောတူမှာတဲ့လား၊ ဒီတိုက်ခန်းရယ်၊ မင်း အလှကုန် လုပ်ငန်း အတွက် ယူသုံးထားတဲ့ ငွေတွေရယ်၊ ဒါလောက်ဆို တော်ပြီပေါ့၊ မင်းကို ငါ စိတ်ကုန်နေပြီ”
“သြ ကိုသစ်က ဒီလိုလား၊ ဒါဆိုလည်း နံသာ အကြောင်း သိအောင် ပြရသေးတာပေါ့”
“မင်း ဘာမှ လျှောက်လုပ်မနေနဲ့၊ ဆေးရုံက အကြွေးတွေကို ဘယ်လို ဖြေရှင်းမလဲ ပဲ စဉ်းစား၊ ငါ့အဖေကို အကူအညီ တောင်းဖို့တော့ မပြောနဲ့၊ မင်းနဲ့ငါက တစ်လှေတည်း စီးတွေပဲ၊ ဒီဆေးရုံရဲ့ ရှယ်ယာတွေလည်း မင်းကို ငါ ပေးထားတယ်လေ”
လရောင်သစ် ထွက်သွားတော့မှ နံသာ ဟားတိုက်ပြီး ရယ်ပစ်လိုက်သည်။ နောက်ဆုံးတော့ ဒီအချိုး ချိုးပြီပေါ့။ ဟိုအကြောင်း ဒီအကြောင်း ပြပြီး နံသာကို လက်မထပ်ပဲ နေလာတာ ခုတော့ လက်မထပ်နိုင်ဘူး လို့ ရှင်းရှင်း ပြောသွားပြီ။ ဒီတိုက်ခန်းမှာ ၂ နှစ်လောက် အတူနေခဲ့တာ ဒီလောက်နဲ့ပဲ ပြီးရမှာလား..။ သိကြသေးတာပေါ့ ဒေါက်တာလရောင်သစ်ရယ်။ ရှင် ဒီဆေးရုံကို သေချာပေါက် ဆုံးရှုံးရစေ့မယ်။ ကျွန်မ ဆီက ရှယ်ယာတွေကို ဈေးကောင်းပေးပြီး လာဝယ်နေတဲ့ သူ ရှိပြီးသား။ နောက်ပြီး ကျွန်မ ဆီမှာ ဒီဆေးရုံနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေ အားလုံး ရှိတယ် ဆိုတာ ရှင် မေ့နေပြီထင်တယ်။ ရှင်က ဆေးကုဖို့ကလွဲပြီး ကျန်တာ ဘာမှ သိတဲ့လူမှ မဟုတ်ပဲ။

♥♥♥♥♥♥♥♥♥♥

(၈)

သုသည် တစ်ရွာလုံး အနှံ လျှောက်သွားပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က လူသတ်မှုကို မသိမသာ စုံစမ်း နေခဲ့သည်။ ဦးမင်းလ၏ တပည့်ဟောင်း များမှာလည်း ရွာမှာ တစ်ယောက်စ နှစ်ယောက်စ လောက်သာ ရှိတော့သည်။ ကျန်သည့် လူများက သေသည့်လူကသေ၊ ပြောင်းသည့် လူက ပြောင်းကုန်ပေပြီ။ ဒေါ်လေး ဒေါ်ငယ်လှ ပြောသဖြင့် ဦးမင်းလ ၏ သူငယ်ချင်းဟု သိရသော ဦးရွှေလုံးကတော့ ရွာမှာ ခုထိ ဆိုးမိုက်နေဆဲ ဖြစ်သည်။ သူ့မိန်းမကလည်း ဒဏ်မခံနိုင်သဖြင့် ကလေးနှစ်ယောက် ခေါ်ပြီး ဆင်းသွားခဲ့သည် ဟုဆိုသည်။ ထိုအိမ်ထောင်ကွဲပြီးကတည်းက နောက်ထပ် အိမ်ထောင်လည်း အတည်တကျ ထပ်မယူတော့ပဲ အရောင်းအဝယ်လုပ်ကာ သွားလာနေပြီး ကြုံရာမိန်းမနှင့် ပျော်ပါးနေခဲ့သည် ဟု ဆိုသည်။ အခုတော့ သူ့တပည့်တပန်း အငယ်လေးများလည်း ရှိပြီး သောက်စား ပျော်ပါးနေသူမို့ ရွာက အော့ကြောလန်နေသူ တစ်ယောက် ဖြစ်သည်။ သုကတော့ တစ်ချိန်က ဦးမင်းလ ကျူးလွန်ခဲ့သော လူသတ်မှု နှင့် ပတ်သက်ပြီး ဦးရွှေလုံး အနည်းအပါးတော့ သိရမည် ဟု ယူဆပြီး သူ့ကို မေးခွန်းမေးခွင့်ရဖို့ အချိန်အခါ စောင့်ရင်း နောက်က လိုက်ကြည့်နေခဲ့သည်။

သုသည် တစ်နေ့မှာတော့ ရွာက အလှူတစ်ခုမှာ သူ့တပည့်တွေ မပါပဲ ဦးရွှေလုံး တစ်ယောက်ထဲ လာသည်ကို တွေ့သဖြင့် ယောင်လည်လည် လုပ်ရင်း ရင်းနှီးအောင် လုပ်ခဲ့သည်။ ဦးရွှေလုံးကလည်း ပါးနပ်သူ တစ်ယောက် ဖြစ်ပြီး သုက ဘယ်သူတွေနှင့် အမျိုးတော်သည်ကို သိနှင့် နေခဲ့သည်။ ဦးမင်းလ အကြောင်း စကားစလိုက်သည်နှင့် ပါးနပ်စွာ ရှောင်ထွက်သည်။ ဦးမင်းလနှင့် သူငယ်ချင်း ဆိုသော်လည်း ကိစ္စရပ်တိုင်းကို သူ မသိခဲ့ကြောင်း ကြိုတင် စကားစကို ပိတ်ထားသည်။ ဦးရွှေလုံး ဆီမှ သတင်းစကား အစအန ရဖို့မှာ မျှော်လင့်ချက် မရှိပါပေ။

သု ကံကောင်းချင်တော့ ရွာဦး ဘုန်းကြီးကျောင်းမှာ ဦးလေးကြီး တစ်ယောက်နှင့် ဆရာတော်က မိတ်ဆက်ပေးသဖြင့် သိခဲ့ရသည်။ သူ့နာမည်မှာ ဦးတုတ်ကြီး ဖြစ်ပြီး ငယ်စဉ်က ဦးမင်းလ အိမ်မှာ လူယုံ အလုပ်သမား လုပ်ဖူးကြောင်း သိရသည်။ ခုတော့ ဆရာတော့် ကျောင်းမှာ ဥပုသ်တိုင်း မှန်မှန် လာစောင့်သလို ဆရာတော် နည်းလမ်း ညွှန်ပြသည့်အတိုင်း တရားဘာဝနာများကိုပါ အားထုတ်နေသူ ဖြစ်သည်။ ဦးတုတ်ကြီး ကို ဦးမင်းလ နှင့် ပတ်သက်ပြီး မေးကြည့်တော့ သူက ဦးမင်းလ၏ အိမ်မှ အလုပ်သမားတစ်ယောက်သာ ဖြစ်ပြီး ဦးမင်းလ အပေါင်းအသင်း တပည့်တပန်း လူမိုက်များထဲမှာ မပါဝင်ခဲ့ကြောင်း သိရသည်။

သုသည် ဦးတုတ်ကြီးနှင့် သုံးခါလောက်တွေ့၍ စကားပြောပြီးသောအခါ ဦးတုတ်ကြီးမှာ သု ဘက်သို့ ပါလာသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ကိစ္စကို ပြန်စဉ်းစားပေးပါမည် ဟု ဆိုလာသည်။ သု စိတ်အထင်တော့ ဦးတုတ်ကြီး တစ်ခုခု သိထားသည် ဟု ထင်သည်။ အဘိုးကြီး၏ အမူအယာက တစ်ခုခုကို ဖုံးကွယ်ထားပုံပေါ်နေသည်။ သူက သူပြောလိုက်သော အကြောင်းအရာကြောင့် ဦးမင်းလ နှင့် တစ်ခြားသူများကို ထိခိုက်မည်ကို စိုးရိမ်နေသည့်ပုံ ပေါ်သည်။

“ဦးလေးကြီး ရယ် ကျွန်မက အမှန်ကို သိချင်တာပါ၊ ဘယ်သူ့ကိုမှ ဒုက္ခရောက်စေချင်တာ မဟုတ်ပါဘူး၊ ဦးလေးကြီး အဲဒီတုန်းက ဦးမင်းလ အိမ်မှာ လုပ်နေတုန်း ဆိုတော့ တစ်ခုခုများ ထူးခြားတာ ရှိလား ဆိုတာလေးပဲ ပြောပြစေချင်တာပါ”

“လွန်ခဲ့တဲ့ ၃၅ နှစ် ဆိုတာက ကြာ ကြာ လှပြီလေကွာ၊ ဦးလေးလည်း ဘာမှ သိပ် မမှတ်မိတော့ပါဘူး”

“ဟုတ်တော့ ဟုတ်ပါတယ် ဦးလေးကြီးရယ်၊ ဒါပေမယ့် ဆရာတော် ပြောတာတော့ ဦးလေးကြီးက မှတ်ဥာဏ် အရမ်းကောင်းတာပဲတဲ့။ ဟောထားတဲ့ တရားတွေ ဆိုရင်လည်း အလွတ်တောင် ပြန်ရွတ်ပြနိုင်တယ်ဆို၊ လုပ်ပါ ဦးလေးရယ်၊ ဦးပီတာ ပျောက်သွားတဲ့နေ့က ဦးမင်းလ အိမ်မှာ ဘာတွေ ထူးထူးခြားခြား ဖြစ်ခဲ့လဲ ဆိုတာ နည်းနည်းလောက် စဉ်းစားပေးပါနော်”

“အေး တစ်ခုတော့ ရှိတယ်၊ အဲဒီနေ့ ညနေက မင်းလ တစ်ယောက်တည်း အပြင်ကနေ ပြန်လာတာကို လှမ်းတွေ့လိုက်တယ်၊ အဲဒါကို ဘာလို့ မှတ်မိနေတာလဲ ဆိုရင် ငါက အဲဒီနေ့က တစ်ယောက်တည်း အလုပ်လုပ်နေရတယ်၊ ကျန်တဲ့ ကောင်တွေ တစ်ယောက်မှ မရှိဘူး၊ ပြီးတော့ မင်းလကို ပြောစရာ ရှိလို့ စောင့်နေတာ၊ သူ ပြန်လာတာ မြင်လို့ ကြည့်လိုက်တော့ အင်္ကျီချွတ်နဲ့ ပုံစံကလည်း တစ်မျိုးဖြစ်နေတာနဲ့ ခဏနေမှ သွားတွေ့မယ် ဆိုပြီး စောင့်နေတုန်း၊ သူ့ အပေါင်းအသင်းတွေ ပြန်လာကြတယ်၊ ပုံစံတွေကလည်း အင်္ကျီချွတ်တွေနဲ့ ဖုန်တွေ သဲတွေနဲ့ စုတ်ပြတ်နေတဲ့ ပုံမျိုးတွေနဲ့။ ငါလည်း မဝင်သေးပဲ အပေါက်ဝကနေ ချောင်းကြည့်လိုက်တော့ မင်းလ နဲ့ တွေ့ပြီး စကားပြောနေကြတာ တွေ့တာနဲ့ စောင့်နေလိုက်တော့ သူတို့ ပြောတာ ကြားရတယ်။ မင်းလက မေးတယ်၊ သေချာ လုပ်ခဲ့ရဲ့လား တဲ့။ သူတို့က ပြောတယ်၊ လုပ်ခဲ့တယ်တဲ့ ဘယ်သူမှ သိမှာ မဟုတ်ဘူး တဲ့။ အင်္ကျီတွေကော ထည့်ခဲ့လား ဆိုတော့ အားလုံး ထည့်လိုက်ပြီ၊ တုတ်တွေကောပဲ လို့ ပြောတယ်။ အခု စိတ်ပူရမှာ ကောင်မလေးပဲ တဲ့ ကောင်မလေး ထွက်ပြေးသွားတာကို ရအောင် တားလိုက်ရမှာ လို့ တစ်ယောက်က ပြောတယ်။ မင်းလက သူ ဘာမှ မပြောနိုင်ပါဘူး လို့ ပြန်ပြောတယ်။ နောက်တော့ သူတို့ ပြန်သွားကြတယ်။ ငါလည်း အဲဒီတုန်းကတော့ သူတို့ ဘာအကြောင်း ပြောနေမှန်း နားမလည်ခဲ့ပါဘူး။ အမှန်တော့ ငါက ဟိုဘက်ရွာက နေမကောင်းနေတဲ့ အဘွားဆီ သွားဖို့ သူ့ကို ခွင့်တောင်းဖို့ပဲ။ မင်းလ ရေမိုးချိုးပြီး ပြန်ထွက်လာမှ ငါလည်း သွား ခွင့်တိုင်ရဲတယ်။

နောက်နေ့ မနက် အစောကြီးပဲ အဲဒီအိမ်က ထွက်ခဲ့တာ။ အဲဒီမနက် ဖြစ်တဲ့ ကိစ္စတွေ ငါဘာမှ မသိလိုက်ဘူး။ ဟိုဘက်ရွာ ရောက်တော့ အဘွားက အခြေအနေ မကောင်းတာနဲ့ ငါလည်း မပြန်နိုင်ဘူး။ အဘွားဆုံးပြီးမှ ပြန်သွားတော့ နှစ်ပတ်လောက် ကြာသွားပြီ။ ရွာမှာ ဟိုကိစ္စတွေ ဖြစ်သွားတာ သူများတွေ ပြောမှ သိရတယ်။ ရဲတွေ မေးတဲ့ အထဲလည်း ငါမပါ လိုက်ဘူး။ နောက်ပြီး ရဲတွေကို တကူးတက သွားပြောရလောက်အောင်လည်း ငါက ဘာမှ ရေရေရာရာလည်း သိတာမှ မဟုတ်တာ။ နောက်ပိုင်းမှ စဉ်းစားရင်းနဲ့ ပီတာ ပျောက်နေတာနဲ့ သူတို့ ပြောတာတွေကို ဆက်စပ်မိလာတာ။  ဒါပေမယ့် ငါ့မှာ ဘာမှလည်း သက်သေရှိတာ မဟုတ်ဘူး။ ရဲတွေက ငါပြောတာကို ယုံချင်မှ ယုံမှာ၊ မင်းလ တို့ သိရင်တော့ ငါ့ကိုပါ သတ်ရင် သတ်ကြမှာ။ အဲဒီတော့ ငါ ပါးစပ်ပိတ် နေရုံအပြင် မရှိဘူးလေ။ ဒါပေမယ့် အဲဒီအတွက် ငါ့မှာ အပြစ်ရှိသလို ခုထိ ခံစားနေရတယ်။ မင်းလ တို့ မိသားစု ပြောင်းသွားပြီး နောက်ပိုင်း ငါလည်း ကြောက်ရမယ့်လူ မရှိတော့လို့ ပီတာကို ဘယ်မှာ မြှုပ်ထားတာ ဖြစ်မလဲ ဆိုပြီး ရွာပြင်မှာ သွားသွား ရှာသေးတယ်။ ငါတွေ့သလောက်တော့ ဘယ်နေရာမှာမှ ခြေရာ လက်ရာ မပျက်ဘူး၊ အဲဒါနဲ့ ငါလည်း လက်လျှော့လိုက်ရတာပဲ။ ”

သု မျှော်လင့်ထားသည်ထက် အများကြီး ပိုတိကျသော သတင်းကို ဦးတုတ်ကြီး ဆီက ရလိုက်သဖြင့် အတော် အံသြ ဝမ်းသာ သွားမိသည်။ ကိုပီတာကို ဦးမင်းလ တို့ အဖွဲ့ သတ်ပြီး မြှုပ်ထားတာ သေချာသည်။ ကိုပီတာကို မြှုပ်ထားသော နေရာကိုသာ ဖော်ထုတ်နိုင်လျှင် အမှုမှန် ပေါ်နိုင်သည်။ ထိုနေရာ ဤအနီးအနား ရွာအစပ်လောက်မှာသာ ဖြစ်နိုင်သည်။ သို့သော် ခုလို နှစ်ပေါင်း ၃၀ ကျော်မှ ထိုနေရာကို သု ဘယ်လိုလုပ် ရှာနိုင်ပါမည်နည်း။

ပန်းငုံ ထွက်ပြေးလာခဲ့သည် ဆိုသော ရွာ တောင်ဘက် အစပ်ကို သု သွားကြည့်သည်။ နေရာတိုင်းက ချုံနွယ် ပိတ်ပေါင်းတွေနှင့်မို့ ဘယ်နေရာမှ ထူးထူးခြားခြား မရှိဟု ထင်ရသည်။ အဲဒီတောင်ဘက်မှာပဲ ပန်းငုံ၏ အုတ်ဂူ ရှိသည်။ သု သည် ဘာရယ်မဟုတ် ပန်းငုံ၏ အုတ်ဂူ ရှေ့ သွားပြီး စကားတွေ ပြောမိသည်။
“မပန်းငုံရယ်၊ ကျွန်မကို ကူညီပါ၊ ကိုပီတာကို မြှုပ်ထားတဲ့ နေရာကို သိအောင် အကူအညီပေးပါ၊ မပန်းငုံတို့ နှစ်ယောက် အတွက် လက်စားချေခွင့်ရအောင် ကူညီပါ၊ ကိုပီတာကို မြှုပ်ထားတဲ့ နေရာကို ညွှန်ပြပေးပါနော်..”

အဲဒီ သောကြာညမှာပဲ နေထက်ခေါင်ကလည်း သတိတရ ဖုန်းဆက်လာသည်။
“ဟယ်လို သု၊ ဘယ်လိုလဲ အတိတ်ဟောင်းကို တူးဆွတဲ့ အခြေအနေ၊ ထူးပြီလား”
“အသံကြီးက လှောင်တဲ့ လေသံကြီးနဲ့၊ ဟွန်း.. ထူးတယ်နော်.. ထူးတယ်၊ သုကို ထောက်ခံမယ့် သက်သေ တစ်ယောက် ရထားပြီ”
သုက ဦးတုတ်ကြီး ဆီက ကြားရသမျှကို ပြောပြလိုက်သည်။
“ဒါဆိုရင် ကိုပီတာကို မြှုပ်ထားတဲ့ နေရာကိုသာ ရှာနိုင်ရင် သု အမှုပေါ်ပြီပေါ့”
“ဒီရွာ တစ်ပတ်လည်ကို သု ဘယ်လိုလုပ် ရှာရမလဲ၊ ဘာသဲလွန်စ မှလည်း မရှိဘူး၊ ကိုနေ ဒီ weekends ဘာအလုပ်ရှိလဲ၊ အားရင် လာခဲ့ပါလားလို့၊ သုမှာ ဘယ်သူမှ တိုင်ပင်စရာလူ မရှိဘူး”
“အလုပ်တော့ အထွေအထူး မရှိပါဘူး၊ အမှန်အတိုင်း ပြောရရင်တော့ မလာချင်ဘူး၊ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အဲဒီရွာမှာ ကိုပီတာ ဆိုတဲ့ အရိပ်ကြီးက ရှိနေတယ်လေ..၊ ဒါပေမယ့် သု တစ်ယောက်တည်း ဖြစ်နေရင်တော့ လာခဲ့ပါ့မယ်၊ မနက်ဖြန် မနက်အစောကြီး ထွက်ခဲ့မယ်၊ ဟုတ်ပြီလား”

အဲဒီညမှာပဲ သု အိပ်မက် တစ်ခု မက်သည်။ အိပ်မက်ထဲတွင် သုသည် ရွာတောင်ဘက်က တောစပ်တစ်နေရာသို့ ရောက်နေပြီး တစ်စုံတစ်ယောက်ကို စောင့်နေသည်။ အဲဒီနေရာမှာ သရက်ပင်ပျို နှစ်ပင်က ညနေ နေကို အရိပ်မိုး ပေးထားသည်။ ခဏနေတော့ လူတစ်ယောက် ရောက်လာသည်။ နေထက်ခေါင် ဖြစ်နေသည်။ မဟုတ်ပါ။ နေထက်ခေါင် မဟုတ်ပါ။ ကိုပီတာ သာ ဖြစ်သည်။ သု သည် သု မဟုတ်ပဲ မပန်းငုံ ဖြစ်နေသည် ဟု ထင်လိုက်သည်။ သို့သော် အဲဒါလည်း မဟုတ်ပါ။ သုသည် တစ်ခြား တစ်နေရာကနေ မပန်းငုံ နှင့် ကိုပီတာ တို့ ချိန်းတွေ့သည်ကို ကြည့်နေခြင်းသာ ဖြစ်သည်။ သူတို့ ဘာတွေ ပြောနေသည်ကိုလည်း သု မကြားရပါ။ သူတို့ နှစ်ယောက်က တစ်ခုခုကို ငြင်းနေကြပုံ ရသည်။

အဲဒီအချိန်မှာပင် သစ်ပင်များ နောက်ကွယ်မှ လူငါးယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ မျက်နှာတွေကို သု သေချာ မမြင်ရသလို သူတို့ကိုလည်း သု သေချာ မသိပါ။ သူတို့လက်ထဲမှာ သစ်သား တုတ်များ ကိုင်ထားကြသည်။ တစ်ယောက်၏ လက်ထဲမှာတော့ ဓါးမြှောင် တစ်ချောင်း ကိုင်ထားသည်။ အဲဒီနောက်တော့ အဖြစ်အပျက်က မြန်ဆန်သည်။ လူနှစ်ယောက်က ပန်းငုံကို ချုပ်ကိုင်ထားပြီး သုံးယောက်က ကိုပီတာကို ဝိုင်းရိုက်ကြသည်။ ဓါးမြှောင် ကိုင်ထားသော တစ်ယောက်က ခေါင်းဆောင် ဖြစ်ပုံရသည်။ သူက လဲကျနေသော ကိုပီတာကို ဓါးနှင့် ထိုးလိုက်သည်။ ကျန်လူများက ထပ်ရိုက်ကြသည်။ ချုပ်ကိုင်ထားသော လူနှစ်ယောက် လက်ထဲမှာ မပန်းငုံက ရုံးကန် အော်ဟစ်နေသည်။ ဓါးမြှောင်နှင့် လူက မပန်းငုံကို စကားပြောသည်။ ပြီးတော့ နှစ်ချက် သုံးချက်လောက် ပါးကို ဘယ်ပြန် ညာပြန် ရိုက်သဖြင့် မပန်းငုံ ငြိမ်သွားသည်။ အဲဒီနောက် ဓါးမြှောင်နှင့် လူက မပန်းငုံကို အနိုင်ကျင့်ဖို့ ကြိုးစားသည်။ ကျန်သည့်လူများက ဝိုင်းကြည့်ပြီး ရယ်မော နေကြသည်။ သု ဆက်မကြည့်ချင်တော့။ သို့သော် မြင်ကွင်းကို ဆက်လက်ကြည့် နေရသည်။

သု ကြောက်လန့် မောပန်းပြီး အိပ်ရာက နိုးလာသည်။ နေ့လည်က မပန်းငုံရဲ့ အုတ်ဂူကို သွားပြီး စကားတွေ ပြောခဲ့မိလို့ စိတ်စွဲပြီး မက်တာလား။ တကယ် မပန်းငုံကပဲ သူတို့ အတိတ်ဘဝက ဖြစ်ရပ်တွေကို သု မြင်အောင် ပြလိုက်တာလား အတတ် မပြောနိုင်ပါ။ အဲဒီနေရာကိုတော့ သု ကောင်းကောင်း မှတ်မိနေပါသည်။

♥♥♥♥♥

နေထက်ခေါင် ရောက်လာပြီးတော့ သုနှင့် နှစ်ယောက်သား ရွာ တောင်ဘက် တောစပ်သို့ လမ်းလျှောက်ထွက်ခဲ့ကြသည်။ မနေ့ညက  အိပ်မက် အကြောင်း နေထက်ခေါင်ကို ပြောပြတော့ သု စိတ်စွဲလို့ မက်တာပါ လို့ သူကပြောသည်။ တကယ်တမ်း သေချာ သွားကြည့်တော့မှ အဲဒီဘက်မှာ အလေ့ကျပေါက်နေသော အပင်ကြီးတွေက အတော်များနေသည်။ အောက်ဘက်မှာက ဆူးချုံပင်တွေ ပေါက်နေသည်။ ချုံတွေကို တိုးပြီး အထဲဘက် ဝင်ကြည့်တော့မှ ညက သု တွေ့ခဲ့သော နေရာကို ပြန်မြင်လိုက်ရသည်။ လွန်ခဲ့သော အနှစ် ၃၀ ကျော်က လူတစ်ရပ် သာသာလောက်သာ ရှိသေးသည့် အပင်ပျိုကလေး နှစ်ပင်က ခုတော့ အိုမင်းနေသော သစ်ပင်ကြီး နှစ်ပင် ဖြစ်နေလေပြီ။ အဲဒီ သရက်ပင်နှစ်ပင်၏ မျက်နှာချင်းဆိုင် ဖြစ်နေသည့် ပုံသဏ္ဍန်ကို သု ကောင်းကောင်း မှတ်မိသည်။

အိမ်ပြန်ပြီး ဒေါ်ကြီး ဒေါ်ငယ်လှ၏ ယောက်ျား ဦးကြီး ဖိုးစံ နှင့် သူ့သား ကောင်းစံ ကို ပြောပြတော့ ဦးကြီးက မယုံကြည်ချင်သော်လည်း သု ကို အားနာ၍ လိုက်ပေးရန် ပြင်သည်။ သုက မသေချာသေးခင်မှာ သူများတွေလည်း အများကြီး မသိစေချင်သေးပါ။ ပေါက်တူးတွေ ပေါက်ပြားတွေကို နေထက်ခေါင် ကားနောက်မှာ တင်ပြီး ရွာတောင်ဘက်ကို သွားဖို့ ပြင်နေတုန်း ဦးကြီး ကောင်းစံက နောက်တစ်ယောက် ခေါ်ချင်သည် ဟု ပြောသည်။

“သူက မြို့က ရဲအုပ်ကလေး တစ်ယောက်ပါ၊ ဒီရွာကို လာဖူးတယ်လေ၊ ပီတာတို့ ပန်းငုံတို့ အမှု အကြောင်းလည်း သိတယ်၊ အဲဒါ စိတ်စွဲလမ်းပြီး သု လိုပဲ အိပ်မက်တယ် ပြောခဲ့ဖူးတယ်၊ မပန်းငုံက သူ့ကို အိပ်မက်ထဲမှာ ပြောတယ်တဲ့ ရွာတောင်ဘက် တောစပ်မှာ ကိုပီတာကို သတ်ပြီး မြှုပ်ထားတဲ့ နေရာကို သွားတူးပေးပါလို့ ပြောတယ်တဲ့။ ပန်းငုံကို ရွာ တောင်ဘက်နားမှာ တွေ့ခဲ့တယ် ဆိုတော့ အားလုံးက အဲဒီဘက်မှာ ဖြစ်ခဲ့မယ်ပဲ ထင်ကြတာဆိုတော့ အဲဒါကို စိတ်စွဲတာ ဖြစ်မှာပါ။ သူပြောတာကို ဘယ်သူမှ မယုံကြဘူး၊ သူလည်း ဘယ်နေရာကို တူးရမယ်မှန်း သေချာ မမှတ်မိဘူး ဆိုတော့ စိတ်လျှော့ပြီး ပြန်သွားတာ၊ လွန်ခဲ့တဲ့ တစ်လ လောက်ကပဲ၊ အခု အဲဒီမှာ တူးမယ် ဆိုရင် သူ့ကိုလည်း ခေါ်သင့်တယ်”

“သူက ဘယ်မှာ နေတာတုန်း ဦးကြီးရဲ့၊ တော်ကြာ မဟုတ်ရင် သူက သုကို ဟားနေမှာပေါ့”

“မတွေ့လည်း ဘာမှ မဖြစ်ဘူး၊ သူကလည်း ဒီကိစ္စကို စိတ်ဝင်စားတာ သူ့ကို ခေါ်လိုက်မယ်၊ ဦးကြီးမှာ သူ့ဖုန်းနံပါတ်ရှိတယ်။ သူက ဟိုဘက် မြို့တင် နေတာ၊ သူ့ကားနဲ့ လာရင် နာရီဝက်လောက်ပဲ ကြာမှာ”

“ဦးကြီး ခေါ်ချင်လည်း ခေါ်လိုက်လေ၊ ကျွန်တော်ခေါ်ပေးမယ် ဖုန်းနံပါတ်ပြော”

သရက် နှစ်ပင်ကြားကို သူတို့ တူးနေတုန်း နာရီဝက်လောက်ကြာတော့ တကယ်ပဲ ရဲအုပ် ကိုရဲသူ ရောက်လာပါသည်။ သူတို့ ဆက်တူးကြသည်။ အနှစ် ၃၀ ကျော်မှာ မြေ အနေအထားတွေလည်း ပြောင်းနေပြီ ဆိုတော့ လွယ်လွယ်တော့ မတွေ့ပါ။ သူတို့ တူးနေတုန်း သုက အနီးအနား လျှောက်သွားပြီး ကြည့်နေသည်။
“သုရေ လျှောက်သွားမနေနဲ့ အကောင်ရှည်နဲ့ တွေ့မယ်နော်”
“ဟုတ်ကဲ့ပါ ဦးကြီး မသွားပါဘူး”

သူတို့ တူးနေသော နေရာရဲ့ တစ်ဖက်ခြမ်းမှာ လက်ပံပင်အို တစ်ပင် ရှိနေသည်။ အမြစ်များ အနီးမှာ အမြစ်တစ်ခြမ်းပါ ပါအောင် ရေတိုက်စားပြီး ခွက်ဝင်နေသော မြေလိုဏ်ခေါင်း တစ်ခုလည်း ရှိသည်။ သု က အဲဒီနေရာကို ဘာရယ် မဟုတ် သွားကြည့်မိသည်။ အဲဒီနားမှာ ပေါက်နေသော အစိမ်းရောင် အပင်ကလေး၏ အရွက်တွေက လှသည်။ အပင်ကလေးကို ကိုင်ကြည့်နေတုန်း အနားမှာ ခပ်ပြောင်ပြောင် အရာကလေး တစ်ခုကို မြင်မိလိုက်သည်။ ယူကြည့်လိုက်တော့ မြေကြီးများ ကပ်နေသော လက်စွပ်တစ်ကွင်း ဖြစ်နေသည်။ သုက မြေကြီးတွေကို ပွတ်ပစ်လိုက်တော့ ပုံသဏ္ဍန် ပိုပေါ်လာသည်။ ခပ်ကြီးကြီး လေးထောင့်ပုံ ယောက်ျားဝတ် ရွှေလက်စွပ် တစ်ကွင်း။ သေချာပွတ်ကြည့်လိုက်တော့ လေးထောင့်ပေါ်မှာ M ဆိုသော စာလုံးကို တွေ့ရသည်။ M ဆိုတော့ ဦးမင်းလရဲ့ လက်စွပ်များလား။ ဦးတုတ်ကြီးကို ပြကြည့်လျှင်တော့ သိကောင်း သိနိုင်သည်။

သူတို့ နေရာ နည်းနည်း ရွှေ့ပြီး ထပ်တူးနေကြသည်။ သုံးပေ အနက်လောက်မှာပဲ တစ်ခုခု ရှိနေမှန်း တွေ့လိုက်ရသည်။ ဆွေးမြေ့နေသော သစ်သားတုတ်တစ်ချောင်း ဖြစ်သည်။ ကျွန်းသား တုတ်မို့ အနှစ် သုံးဆယ်ကျော် မြေကြီးထဲမှာ ဆွေးမြေ့နေတာတောင် ခုထိ တစစီ ဖြစ်မသွားသေးပေ။
“ဒီနေရာ ဖြစ်နိုင်တယ် သုရေ၊ သုပြောတာ မှန်လောက်တယ်။ ကိုယ်တို့ တုတ်တစ်ချောင်းတော့ တွေ့ပြီ”
နေထက်ခေါင်က ပြောသည်။ Sun’s Highness ၏ CEO မြေကြီးတူးနေတာကိုသာ သူ့လူတွေ သိလျှင် ဘာပြောမလဲ မသိပေ။
“သုလည်း ဒီမှာ တစ်ခု တွေ့ထားတယ်၊ ယောက်ျားဝတ် လက်စွပ် တစ်ကွင်းပဲ”
တွင်းထဲမှ လူအားလုံးက သုကို မော့ကြည့်လိုက်ကြသည်။
“ဒီပေါ်မှာ M လို့ ထွင်းထားတယ်၊ တစ်ယောက်ယောက် ဝတ်တာ ဦးကြီး မြင်ဖူးလား၊ ဦးမင်းလ ဝတ်တာ မြင်ဖူးလား”
“မသိဘူးကွယ် ဦးကြီးက အဲဒီတုန်းက ငယ်သေးတယ်၊ ကိုမင်းလ နဲ့လည်း သိပ်မပတ်သက်ဖူးဘူး၊ သူ ရွှေလက်စွပ်တော့ ဝတ်တယ် ထင်တယ်။ ဒါ ဟုတ်မဟုတ်တော့ မသိဘူးကွယ့်”

ဦးကြီးကို နားခိုင်းပြီး သူတို့ သုံးယောက်ပဲ ဆက်တူးကြသည်။ တုတ်ဆွေး အပိုင်းအစများနှင့် ဓါးမြှောင်တစ်ချောင်း တွေ့တော့ ပိုသေချာသွားသည်။

သုက လက်စွပ်လေးကို ကြည့်ရင်း ရပ်နေတုန်း သစ်ကိုင်းမှာ ချိတ်ထားသော နေထက်ခေါင်ရဲ့ ကုတ်အင်္ကျီထဲက ဖုန်းမြည်သံကို ကြားရသည်။
“ကိုနေ ရေ ဖုန်းလာနေတယ်၊ ကိုနေ..”
“သု ကိုင်လိုက်ပါကွာ၊ ခဏနေမှ ပြန်ဆက်မယ်လို့ ပြောလိုက်၊ ဒီမှာ ကိုယ်တို့ တွေ့နေပြီ”
“ကိုနေ့ ကောင်မလေး ဆိုရင် သု ကိုင်လိုက်လို့ ပြဿနာ တက်နေမယ်နော်”
“ဟား ဟား.. ဘယ် ကောင်မလေးမှ မရှိဘူး၊ ကိုင်လိုက်ပါ၊ ဘယ်သူတဲ့လဲ”
“STA တဲ့”
“စိုးသက်အောင် ပါ၊ ကိုင်လိုက်”

သူ့ ဖုန်းကို ထူးလိုက်တော့ ယောက်ျား တစ်ယောက် အသံကို ကြားရသည်။ သူက သု့အသံကို ကြားတော့ အံ့သြသွားပုံရသည်။
“ဒါ နေထက်ခေါင်ရဲ့ ဖုန်း မဟုတ်ဘူးလား”
“ဟုတ်ပါတယ် ရှင်၊ သူ အခု ဖုန်း မကိုင်နိုင်သေးလို့ ခဏနေမှ ပြန်ဆက်မယ်လို့ ပြောပါတယ်”
“သူ့ကို ပြောလိုက်ပါ၊ MoonShape က လင်းထွဋ်သာ မနေ့ညက အက်ဆီးဒင့် ဖြစ်လို့ ခုထိ သတိမရသေးဘူး လို့၊ ဒီမှာ လုပ်စရာတွေ ရှိလာလိမ့်မယ်၊ မြန်မြန် ပြန်ခဲ့လို့၊ အဲလို ပြောရင် သူသိပါတယ် ”
“ဟုတ်ကဲ့ ပြောလိုက်ပါ့မယ် ရှင်”

MoonShape က လင်းထွဋ်သာ တဲ့။ ကိုကို ပေါ့။ ကိုကို အက်ဆီးဒင့် ဖြစ်လို့တဲ့၊ ဒုက္ခပဲ။ ကိုနေ နဲ့ ကိုကို နဲ့ ဘယ်တုန်းက သိနေပါလိမ့်။
“ကိုနေ၊ သူကပြောတယ်၊ MoonShape က လင်းထွဋ်သာ အက်ဆီးဒင့် ဖြစ်လို့တဲ့၊ အဲဒါ ကိုနေ့ကို မြန်မြန် ပြန်ခဲ့ပါတဲ့”
“ဘာ.. အက်ဆီးဒင့်က ဘယ်လို ဖြစ်တာတဲ့လဲ”
“အဲဒါတော့ ပြောမသွားဘူး၊ ပြန်ရအောင် ကိုနေ၊ အဲဒီ လင်းထွဋ်သာ ဆိုတာ သု အစ်ကို ပဲ၊ ကိုနေနဲ့ ဘယ်တုန်းက သိနေတာလဲ”
“သု အစ်က..၊ လင်းထွဋ်သာက သု အစ်ကိုလား၊ သူ့မှာ ညီမ တစ်ယောက် ရှိမှန်းတော့ သိတယ်၊ သု မှန်းမသိဘူး၊ ကိုယ်တို့က အလုပ်ချင်း အဆက်အစပ် ရှိတယ်လေ”
“ပြန်ကြရအောင် ကိုနေ၊ တက်ခဲ့တော့”
“လာပြီ၊ လာပြီ၊ ဒီမှာလည်း အရိုးလား မသိဘူး၊ တွေ့နေပြီ”
“အရေးကြီးရင် ပြန်လိုက်လေ၊ ဒီမှာ ကျွန်တော် ကြည့်လုပ်ထားလိုက်မယ်၊ စိတ်ချပါ”
“ကိုရဲသူ ရှိနေတာ တော်သေးတယ်၊ လုပ်စရာ ရှိတာတွေ ဆက်လုပ်ထားပေးပါနော်၊ ကျွန်မ တို့ ပြန်မှ ဖြစ်မယ်”
“စိတ်ချပါ၊ အရိုးတွေ တွေ့ရင် ဌာနကို အကြောင်းကြားပြီး စစ်ဆေးဖို့တွေ ဘာတွေ လုပ်မှာပါ၊ ကျွန်တော် ဖုန်းဆက်လိုက်မယ်လေ၊ ခုန ဆက်ထားတဲ့ ဖုန်းနံပါတ်ကို ဆက်လို့ ရတယ် မဟုတ်လား”
“ရတယ်၊ အဲဒါ ကျွန်တော့်ဖုန်းပဲ၊ ကျေးဇူးပဲ ကိုရဲသူ၊ ကျွန်တော်တို့ သွားတော့မယ်”
 အိမ်ပြန်ပြီး သု ပစ္စည်းတွေ ပြန်ယူတော့မှ အိမ်မှာ ကျန်ခဲ့သော သု ဖုန်းမှာ မေမေ ခေါ်ထားသော miss call ကို တွေ့သည်။ ပြန်ဆက်ပြီး သု အခု လာနေပြီ ဟု ပြောလိုက်ရသည်။ နေထက်ခေါင် ကလည်း သူ့လူဆီ ဖုန်း ပြန်ဆက်နေပုံ ရသည်။

နေထက်ခေါင်ကလည်း သု စိုးရိမ်နေမှန်း သိသဖြင့် ဘယ်မှာမှ မနားပဲ တောက်လျှောက် မောင်းလာခဲ့သည်။ လင်းထွဋ်သာကို သူ့ယောက်ဖ ဒေါက်တာလရောင်သစ်၏ New Moon ဆေးရုံမှာပဲ တင်ထားကြောင်း သိရသည်။ သုကို ဆေးရုံရှေ့ကိုပဲ ပို့ပေးလိုက်သည်။

“သု ရေ၊ ဆေးရုံကို ကိုယ်မလိုက်တော့ဘူးနော်၊ သု မိသားစုတွေလည်း ရှိနေမှာပဲ ဆိုတော့.. နောက်မှပဲ ကိုလင်းကို ကိုယ်လာကြည့်တော့မယ်၊ ကိုလင်းကို ကားတိုက်တာ မတော်တဆ မဟုတ်ဘူး၊ တမင် တိုက်ပြီး မောင်းပြေး သွားတာ တဲ့”
“တမင် တိုက်တာ ဟုတ်လား၊ ဟုတ်ရဲ့လား ဟင်၊ ကိုကို့ကို သေစေချင်တဲ့လူ ရှိတယ်ပေါ့”
“မြင်လိုက်တဲ့လူ ရှိတယ် တဲ့၊ အဲဒါ ဘယ်သူ လုပ်တာလဲ ဆိုတာ ကိုယ် စုံစမ်းရဦးမယ်၊ စီးပွားရေး ကိစ္စတွေက ရှုပ်တယ်လေ သုရဲ့၊ သု မသိတဲ့ အကြောင်းတွေ ရှိတာပေါ့၊ ညကျမှ သုဆီ ဖုန်းဆက်မယ် ဟုတ်ပြီလား”
“ဟုတ်ပြီလေ၊ ကျေးဇူးပဲနော် ကိုနေ၊ သု သွားလိုက်ဦးမယ်၊ တစ်ခုခု ထူးရင် သုကို ဖုန်းဆက်နော်၊ ကိုရဲသူ ဖုန်းဆက်ရင်လည်း ပြောဦးနော်”
“စိတ်ချ၊ ကိုယ်သွားပြီ၊ bye”
♥♥♥♥♥♥♥♥♥♥

သိင်္ဂါကျော်

5 comments:

မဒမ်ကိုး said...

မမရေ မြန်မြန်ဆက်ပါနော်
ဆန့်တငန့်ငန့်နဲ့စိတ်မရှည်တော့ဘူး
တထွာလောက်ထူတာတောင်တစ်နေ့ထဲကုန်အောင်ဖတ်တာ
ခနလေးရယ်
ဖီးပျက်လို့း)
စောင့်နေတယ်နော်

စံပယ်ချို said...

တစ်ခါထဲအပြတ်တင်ပေးပါလား ဖတ်ကောင်းလို့ပါ
ဦးမင်းလ တော်တော်ယုတ်မာပုံနော်
သူ့သားအကြီးကောင်ကလဲ အဖေတူဖြစ်မှာပဲ

လွင်ပြင်လှိုင်းငယ် said...

မြန်မြန်လေးတင်ပေးပါ
ဇာတ်ရှိန်မြင့်နေပြီ

နွေတေးရှင် (မင်းဧရာ) said...

အစ်မကြီး မရက်စက်ရဘူးလေ
မြန်မြန်တင်ပေးပါနော်။

စိတ်ကောင်းရှိတယ် ဆိုရင်ပေါ့းးးp။

kokoseinygn said...

ဖြည်းဖြည်းချင်းဖတ်သွားပါတယ်.....
စာတွေတင်လို့ ၀မ်းသာမိတယ်။