07 December, 2011

နေ၏ တစ်ဖက်ခြမ်း (၂)

(၄)

ပီတာ ကို မွေးလာတော့ မျက်လုံးပြာပြာ၊ အသားဖြူဖြူ လေးမို့ တစ်ရွာလုံးက စိတ်ဝင်တစား သွားသွား ကြည့်ကြသည်။ လူဝင်စားလေး လို့လည်း အားလုံးက ပြောကြသည်။ ပီတာလေး စကားပြောတတ်ပြီး သိတတ်သော အရွယ်ရောက်လာတော့ သူ အရင်ဘဝက တိုက်လေယာဉ်မှူး တစ်ယောက် ဖြစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကို ဗုံးကြဲဖို့ လာရင်း လေယာဉ်ပျက်ကျကာ သေဆုံး ခဲ့ရကြောင်း၊ သေဆုံးပြီးနောက် ဒီရွာထိပ်က ညောင်ပင်ကြီးမှာ နှစ်ပေါင်း အတော်ကြာအောင် နေခဲ့ရကြောင်း စသည်ဖြင့် ပြောပြသဖြင့် သူ့ကို လူဝင်စားလေး ဟု အားလုံးက ယုံကြည်ကြသည်။

ပီတာတို့မှာ မောင်နှမ နှစ်ယောက်သာ ရှိသည်။ ပီတာ နှင့် သူ့ညီမ မိုးအေး က သုံးနှစ် ကွာသည်။ ပီတာ ၏ အချစ်ဆုံး သူငယ်ချင်းက သာမောင် ဖြစ်သည်။ သာမောင် မှာလည်း သူ့ထက် နှစ်နှစ်လောက် ငယ်သည့်  ပန်းငုံ ဆိုသည့် ညီမ တစ်ယောက် ရှိသည်။ လေးယောက်သား ငယ်စဉ်ကပင် ဆော့ကစားဖော် ဖြစ်ခဲ့ကြသည်။ ပီတာ၊ သာမောင် တို့နှင့် မတည့်သူမှာ မင်းလ ဖြစ်သည်။ ပီတာ၊ သာမောင် တို့ မိသားစုမှာ သာမန် လယ်ယာလုပ်ကိုင်သူများ ဖြစ်သော်လည်း မင်းလ တို့ မိသားစုကတော့ ရွာမှာ အချမ်းသာဆုံး စာရင်းဝင် ဖြစ်သည်။

ပန်းငုံ ငါးတန်းနှစ်မှာ  ပီတာတို့ အဖေ ဆုံးသွားတော့ ပီတာကပဲ ကျောင်းတက်ရင်းနှင့် အမေ့ကို ကူညီ လုပ်ကိုင် ပေးခဲ့ရသည်။ သူတို့ မိသားစု နှစ်ခုမှာ ကံတူ အကျိုးပေး ဖြစ်သည်။ နောက် တစ်နှစ်လောက် ကြာတော့ သာမောင်တို့ အဖေကလည်း လယ်ထဲမှာ မြွေပွေး ကိုက်ခံရပြီး ဆုံးပါး သွားပြန်သည်။ သူတို့ အမေ နှစ်ယောက်မှာလည်း တစ်ယောက် တစ်ယောက် တိုင်ပင် အားပေးရင်း စိတ်ဓါတ်ခိုင်မာသူ များမို့ ရှိရင်းစွဲ လယ်ယာများ ကိုပင် ဆက်လက် လုပ်ကိုင်ကာ သူတို့ကို ကျောင်းဆက် ထားပေးခဲ့သည်။

ပီတာ နှင့် သာမောင် က ဆယ်တန်းအောင်ပြီးတော့ စာပေးစာယူ သင်တန်း တက်ဖို့ ဆုံးဖြတ်သည်။ နှစ်ယောက်လုံးက အိမ်က လယ်ယာလုပ်ငန်းကို ဦးစီးပေးဖို့ လိုအပ်နေသည်လေ။ အဲဒီအချိန်မှာ ပန်းငုံက ရှစ်တန်း၊ မိုးအေးက ခုနစ်တန်း ရောက်နေပြီ။ မင်းလက အမှတ် သိပ်မများသော်လည်း မြို့က တက္ကသိုလ် ကို သွားတက်သည်။

အရွယ်ရောက် လာတော့ မင်းလက ပန်းငုံ ကို အသေအလဲ ပိုးပန်းသည်။ ပန်းငုံကတော့ မင်းလ ကို နည်းနည်းမှ ကြည့်မရပါ။ သိတတ်စ အရွယ်ကတည်းက ပန်းငုံ အတွက် တွယ်တာစရာ ဆို၍ အစ်ကို အရင်း ကိုသာမောင် အပြင် ကိုပီတာ သာ ရှိပါသည်။ ပန်းငုံ စိတ်ကစားတတ်သော အရွယ် ရောက်တော့ ကိုပီတာကို အစ်ကို တစ်ယောက် အဖြစ်ကနေ ချစ်သူ တစ်ယောက် အဖြစ် စိတ်ကူးယဉ် ကြည့်မိသည်။ ကိုပီတာကတော့ ပန်းငုံကို သူ့ညီမ မိုးအေး နှင့် အတူတူ ညီမငယ်လေး တစ်ယောက် အဖြစ်ပင် သဘောထားဆဲ ဖြစ်သည်။

မင်းလက တက္ကသိုလ် ကျောင်းပိတ်လို့ ပြန်လာတိုင်း ပန်းငုံတို့ အိမ်ကို လာသည်။ ပန်းငုံတို့ အမေကို အစစ အရာရာ အကူအညီပေးပြီး ဆွဲဆောင် သိမ်းသွင်းသည်။ ပန်းငုံကိုလည်း အကွက်ရလျှင် ရသလို ရည်းစားစကား ပြောသည်။ ပန်းငုံက သူ့ကို ပြတ်ပြတ်သားသား ငြင်းပြီးသား ဖြစ်သော်လည်း သူကတော့ လက်မလျှော့ပေ။ မြို့မှာ မင်းလ တစ်ယောက် ရည်းစားတွေ မှိုလို ပေါက်အောင် ထားနေသည်ဟု သတင်းကြားရသော်လည်း ပန်းငုံကိုတော့ သူက လက်ထပ်ဖို့ အထိ ရည်ရွယ်ပုံ ရသည်။ ပန်းငုံ ဆယ်တန်းအောင်တော့ နှစ်ဘာသာ ဂုဏ်ထူးပါသည်။ မင်းလက ပန်းငုံကို မြို့မှာ တက္ကသိုလ် တက်ခိုင်းဖို့ ပန်းငုံတို့ အမေကို စည်းရုံး တိုက်တွန်းသည်။ အဆောင်မှာ မနေပဲ သူ နေသော သူ့အဒေါ် အိမ်မှာ လာနေဖို့၊ သူ အစစ အရာရာ တာဝန်ယူကြောင်း ပြောတော့ ပန်းငုံတို့ အမေက နည်းနည်း စိတ်ပါလာသည်။ မင်းလက ပန်းငုံအပေါ် စိတ်ရင်းနှင့် ဆိုတာ ယုံကြည်လာသောကြောင့် ပန်းငုံအမေက သမီးကို တိုက်တွန်းသည်။ မင်းလ အိမ်မှာ မနေလိုသော်လည်း တက္ကသိုလ် တက်ချင်သောကြောင့် ပန်းငုံက အဲဒီအိမ်မှာ နေဖို့ သဘောတူလိုက်သည်။

ပန်းငုံက မင်းလ တို့အိမ်မှာ နေပြီး ကျောင်းတက်မည် ဆိုသော အခါမှ ပီတာ က စိတ်မချနိုင် ဖြစ်ပြီး ပေါက်ကွဲလာသည်။ တကယ်တော့ ပီတာ့ စိတ်ထဲမှာလည်း မိန်းကလေး ဆို၍ ပန်းငုံ တစ်ယောက်ကလွဲပြီး မရှိခဲ့ပါ။ အရွယ်ကွာသော ညီမလေး သူငယ်ချင်းမို့ ညီမလေး လိုပဲ သဘောထားဖို့ ကြိုးစားနေခဲ့ခြင်းသာ ဖြစ်ပါသည်။ ပန်းငုံ တက္ကသိုလ် တက်ကာနီးမှာ ပီတာက ဖွင့်ပြောလိုက်တော့ မကြွေခင်ကတည်းက ချွေချင်နေသော ပန်းငုံကလေးက အသာအယာ ကြွေကျလာပါသည်။ ပီတာက မင်းလ အိမ်မှာ လိုက်နေပြီး ကျောင်းတက်ဖို့ လုံးဝ ခွင့်မပြုဘူး ဆိုသောကြောင့် ပန်းငုံက သူ့အမေ အလိုကို ဆန့်ကျင်ပြီး အဆောင်မှာပဲ နေဖို့ အတင်းပြောခဲ့သည်။ သာမောင်ကလည်း ပန်းငုံဘက်က ဖြစ်သောကြောင့် သူ့အမေလည်း ဘာမှ မတတ်နိုင် ဖြစ်ရသည်။ သာမောင် နှင့် ပီတာ နှစ်ယောက်လုံး ပန်းငုံကို တက္ကသိုလ် လိုက်ပို့သည်။ မင်းလ ကတော့ သူတို့ နှစ်ယောက်ကြောင့် သူ့အကြံအစည် မအောင်မြင်ရသည်ကို မကျေမနပ် ဖြစ်နေသည်။

ပီတာ နှင့် သာမောင် ကျောင်းပြီးသွားသောအခါ အချိန်ပိုရလာသောကြောင့် စိုက်ပျိုးရေးကို ခေတ်မီ နည်းစနစ်များနှင့် တိုးချဲ့ စိုက်ဖို့ အရေး လုံးပန်းနေကြသည်။ ပန်းငုံ ဘွဲ့ရပြီးမှ ပီတာ နှင့် လက်ထပ်ဖို့ စီစဉ်ထားကြသည်။ အမေတွေက ရိပ်မိသော်လည်း သူတို့က အတိအလင်း ပြောမထားသေးသလို အမေတွေကလည်း ဘာမှ မမေးပါ။ ပန်းငုံအမေက ပီတာနှင့် သိပ် သဘောမတူချင်သလို ရှိသည်။ မင်းလ၏ အဖေ နှင့် အမေ ကလည်း စကားစ သန်းထားမျိုး ရှိသောကြောင့် ပန်းငုံအမေက ပန်းငုံကို မင်းလ နှင့် သဘောတူနေသည်။ မမိုးအေး ကတော့ ဆယ်တန်းအောင်ပြီးနောက် သူ့အစ်ကိုတွေလိုပင် စာပေးစာယူ တက်သည်။ ပထမနှစ် မှာပင် သူ့ကို ကြိုက်သော ကောင်လေး နှင့် တွဲသွားတွဲလာ လုပ်လာသည်။ သာမောင်က မခံချိ မခံသာ ဖြစ်သော်လည်း ဘာမှမပြောသာ ဖြစ်နေရသည်။ ပီတာကတော့ သူ့ညီမကို ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့သာ ပြောပြီး မတွဲနဲ့ မပြော။

ပန်းငုံ ဘွဲ့ရပြီးနောက် ပီတာတို့ အမေက ကျန်းမာရေး မကောင်းသဖြင့် သူတို့ ကိစ္စကို မစီစဉ် ဖြစ်သေးခင်မှာ မင်းလ ၏ မိဘများက ပန်းငုံကို အတိအလင်း လာရောက် တောင်းရမ်း သဖြင့် ပန်းငုံ အမေက သဘောတူလိုက်သည်။ သာမောင်က ကန့်ကွက်သော်လည်း ဒီတစ်ခါတော့ သူ့အမေက အလျှော့မပေးတော့ပေ။ ပီတာ နှင့် ချစ်နေကြမှန်း သိသိကြီးနှင့်ပင် ဇွတ်စီစဉ်ဖို့ပြင်သည်။ မင်းလက လက်ထပ်ပြီးလျှင် မြို့ကို အပြီးအပိုင် ပြောင်းပြီး အလုပ်လုပ်ဖို့ ရည်ရွယ်ချက်ရှိသည် ကိုလည်း သဘောကျသည်။ တစ်ဦးတည်းသော သမီးလေးကို သာမန် ဘဝနှင့် မနေစေချင်ပဲ အဆင့်အတန်း မြင့်မားစေချင်သည်။မင်းလကလည်း ပန်းငုံကို အပိုင်ချည်ဖို့ အကွက်ကို ချောင်းနေသည်။ သို့သော်လည်း သာမောင်၊ ပီတာ တို့နှင့် အမြဲ အတူတူ သွားလာနေသောကြောင့် အခွင့်အရေးမသာ ဖြစ်နေသည်။

တစ်ခုသော ညနေခင်းမှာ ပီတာက တွေ့ဖို့ ချိန်းသော စာတစ်စောင်ကို ပန်းငုံ ရခဲ့သည်။ တစ်ခါတရံ ညနေခင်းများမှာ လမ်းလျှောက်ရင်း ချိန်းတွေ့နေကြမို့ ခပ်သော့သော့ ရေးထားသော လက်ရေးများကို ပီတာ့ လက်ရေး ဟုပင် ပန်းငုံက ယုံပြီး သူ့အစ်ကို ကိုပြောပြီး ထွက်လာခဲ့သည်။ ပီတာကို ကျတော့ ရွာသား တစ်ယောက်က ပန်းငုံ တစ်နေရာမှာ စောင့်နေသည် ဟု လာပြောသောကြောင့် ပီတာက ညနေစာ ထမင်းကိုပင် ပြီးအောင် မစားတော့ပဲ သူ့ညီမ မိုးအေးကို မှာပြီး အလောတကြီး ထွက်သွားခဲ့သည်။

ထိုနေ့ ညနေခင်းမှာ ပီတာကို နောက်ဆုံး တွေ့လိုက်ရခြင်း ဖြစ်သည်။ မှောင်စပျိုးချိန်လောက်မှာ အဝတ်အစား အစုတ်စုတ် အပြတ်ပြတ် ပွန်းရာ ပဲ့ရာ များနှင့် ကြောင်တောင်တောင် ဖြစ်နေသော ပန်းငုံကို ရွာစပ်မှာ တွေ့၍ ဆွဲခေါ်ပြီး အိမ်ကို ပို့ပေးလိုက်ကြသည်။ အိမ်ပြန်ရောက်သော်လည်း ဘာ စကားမှ မေးမရတော့ပဲ ဝူးဝူး ဝါးဝါး နှင့် အော်ဟစ် သောင်းကျန်းနေသဖြင့် ရွာထုံးစံ အတိုင်း အပမှီလာသည် ဟု အားလုံးက ထင်ခဲ့ကြသည်။ ပန်းငုံက အဲလို အခြေအနေမျိုးနှင့် ပြန်ရောက်လာပြီး ပီတာကတော့ လုံးဝ ပြန်ရောက် မလာသဖြင့် မမိုးအေး တို့ သားအမိမှာ စိတ်ပူ ခဲ့ရသည်။ ရွာသားတွေကို ပြောပြီး အနီးအပါး လိုက်ရှာ ကြသော်လည်း ပီတာကို အရိပ်အယောင်မျှ မတွေ့ရပါ။

ပန်းငုံကို ကျန်းမာရေးမှူး ပေးသွားသော အိပ်ဆေးတွေ တိုက်ပြီး သိပ်ထားသောကြောင့် အိပ်သွားစဉ် အိမ်က လူတွေလည်း စိတ်ချလက်ချ ခဏ အိပ်ပျော်သွားမိသည်။ မနက်လင်းအားကြီး ၄ နာရီလောက်မှာ တံခါးဖွင့်သံ ကြားသဖြင့် သာမောင် နိုးလာပြီး ကြည့်တော့ ပန်းငုံ အပြင်ပြေးထွက် သွားမှန်း သိပြီး အမြန် လိုက်ရသည်။ သို့သော် ချောင်းကူးတံတား ဘက်ကို ဦးတည် ပြေးလွှားနေသော ပန်းငုံကို မမှီတော့ပါ။ သာမောင် မှီလာကာနီးမှာပင် ပန်းငုံက ချောင်းကူးတံတားပေါ် ရောက်သွားပြီး ခုန်ချလိုက်သည်ကိုသာ မြင်လိုက်ရတော့သည်။ သာမောင် ချက်ချင်း ခုန်ချပြီး လိုက်ဆယ်သော်လည်း မရပဲ ချောင်းရိုးအတိုင်း မျောပါသွားခဲ့သည်။ ပန်းငုံ အမေ၏ အော်သံကြောင့် တစ်ခြား ရွာသားများလည်း နိုးလာပြီး ချောင်းထဲ ဆင်းကာ ဝိုင်းဝန်း ရှာဖွေ ပေးကြသည်။ ပန်းငုံကို ဆွဲယူ ကယ်ဆယ်နိုင်သည့် အချိန်မှာတော့ အသက်နှင့် ကိုယ် တွဲလျှက် မရှိတော့ပါ။
♥♥♥♥♥

“အဲဒီ ဦးသာမောင် နဲ့ ဒေါ်မိုးအေးက သု ရဲ့ အဖေ နဲ့ အမေပဲ ကိုနေ”
“ဒါဖြင့် ကိုပီတာ နဲ့ မပန်းငုံ တို့ ဘာဖြစ်ခဲ့ကြတယ် ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး ပေါ့”
“တစ်ခုတော့ သိလိုက်ရတယ်လေ၊ ပန်းငုံ သေသွားပြီး ဆရာဝန်က စစ်ဆေး ကြည့်တော့မှ မကြာသေးခင်က Rape လုပ်တာ ခံခဲ့ရတယ် ဆိုတာ သိခဲ့ရတယ်လေ၊ အဲဒီကိစ္စရယ်၊ ကိုပီတာ ပျောက်သွားတဲ့ ကိစ္စရယ်ကို ရဲဌာနကို တိုင်ပြီး စုံစမ်း ခဲ့ကြပေမယ့် ဘာ သတင်းအစအနမှ မရခဲ့ဘူး၊ နောက်တော့လည်း အမှုပိတ်လိုက်ကြတယ်လေ”
“သု တို့က ဘယ်သူ့ကို တရားခံလို့ ထင်တာလဲ”
“ဖေဖေ နဲ့ မေမေ ကတော့ ကိုမင်းလ ကိုပဲ တရားခံလို့ ထင်တာပဲ၊ ကိုပီတာ ကိုလည်း သူပဲ သတ်ခဲ့တာလို့ ထင်ကြတယ်၊ မဟုတ်ရင် ကိုပီတာက ဘယ်ကိုမှ မပြောမဆို ထွက်သွားဖို့ မရှိဘူးလေ”
“အဲဒီ အကြောင်း ရဲတွေကို မပြောခဲ့ဘူးလား”
“ရဲအရာရှိတွေလည်း အားလုံးကို မေးမြန်းပြီးတော့ သူ့ကိုပဲ မသင်္ကာလို့ အမျိုးမျိုးမေးမြန်း စစ်ဆေး ပေမယ့် သူ့မှာ အလီဘိုင် ကောင်းကောင်းလည်း ရှိနေတယ်၊ သူ့ကို စွပ်စွဲဖို့ ဘာသက်သေ မှလည်း မရှိတော့ လွှတ်ပေးလိုက်ရတယ်လေ”
“အခု အဲဒီလူ ဒီရွာမှာ ရှိသေးလား”
“မရှိတော့ဘူး၊ အဲဒီ အမှုပိတ်ပြီးတဲ့ နောက်မှာပဲ ရွာကနေ ပြောင်းသွားတယ်၊ ဖေဖေ့ အမေကတော့ သူ့သမီး အဖြစ်ကို မြင်ပြီး စိတ်ထိခိုက်သွားရာက အိပ်ရာထဲလဲပြီး မကြာဘူး ဆုံးသွားခဲ့တယ်၊ မေမေ့ အမေကလည်း သူ့သား ကိုပီတာ ပြန်လာမလား၊ ပြန်လာမလား မျှော်ရင်းနဲ့ နောက်တော့ အားလုံး ပြောကြသလိုပဲ သေသွားပြီ ဆိုတာကို လက်ခံလိုက်တယ်လေ၊ ကိုပီတာ ပျောက်သွားပြီး တစ်နှစ်လောက်ပဲ ကြာမယ်တဲ့၊ အဲဒီ အဘွားလည်း ဆုံးသွားခဲ့တယ်။ အဲဒီနောက်တော့ ဖေဖေ နဲ့ မေမေ အကြောင်းပါပြီး ရန်ကုန် ပြောင်းလာခဲ့ကြတယ်လေ၊ ဒါပေမယ့် သူတို့က အဲဒီအဖြစ်ကို မေ့ခဲ့ကြတာ မဟုတ်ဘူး၊ အဲဒီ မင်းလ ဆိုတဲ့ လူကို လက်စားချေမယ် ဆိုတဲ့ စိတ်နဲ့ အမြဲတမ်း လိုက်ရှာနေခဲ့တယ်၊ အခုတော့ တွေ့နေပြီလို့ ပြောတာပဲ”
“ဒါပေမယ့် သူ လုပ်တာပါလို့ တစ်ထစ်ချ ပြောလို့ရတဲ့ အခြေအနေ မရှိဘူး မဟုတ်လား”
“ဟုတ်တယ်၊ အဲဒါကြောင့် သုက တရားခံ အစစ်ကို လိုက်ရှာချင်တာပေါ့”
“အနှစ် ၃၀ တောင် ကျော်ခဲ့ပြီ ဆိုတော့ ဖြစ်နိုင်ပါ့မလား သုရယ်”
“ဖြစ်နိုင်ပါတယ်၊ ကိုပီတာကို သူတို့ ခုထိ မမေ့ကြသေးဘူး ဆိုတာ ကိုနေ အမြင်ပဲလေ၊ ဦးမင်းလ ရဲ့ အပေါင်းအသင်း ဟောင်းတွေလည်း ရှိကြဦးမှာပဲ၊ သူတို့ တစ်စွန်းတစ်စ သိကို သိရမယ် လို့ သု ထင်တယ်၊ မျက်မြင်သက်သေလည်း ရှိကောင်းရှိနိုင်တယ်၊ ဦးမင်းလကို ကြောက်လို့သာ အရင်က ပါးစပ်ပိတ်နေခဲ့တာပဲ၊ အခုတော့ သူတို့ ပြောကောင်း ပြောနိုင်တယ် လို့ သုထင်တယ်၊ သု ကြိုးစားကြည့်မယ်”
“ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်နော် သု၊ သုက အမှုဟောင်းကို ပြန်ဖော်မယ် ဆိုတာ သိရင် တရားခံ အစစ်က အန္တရာယ် ပေးလာနိုင်တယ်၊ ကိုယ်ကတော့ ပြန်မှ ဖြစ်မယ် အလုပ်ကနေ ၂ ရက်ပဲ ခွင့်ယူလာတာ ဆိုတော့လေ၊ သု ပြန်မယ့် အချိန်ကျရင်သာ ဖုန်းဆက်လိုက်နော်၊ ကိုယ် ပြန်လာခေါ်မယ်”
“ဟုတ်၊ သု ဖုန်းဆက်လိုက်မယ်လေ၊ ကိုနေ မအားလည်း လာခေါ်မနေပါနဲ့တော့၊ ပြန်တာက သုတစ်ယောက်တည်း ပြန်လို့ ရပါတယ်၊ လာတုန်းကသာ မရောက်ဖူးတဲ့ နေရာသစ် ဆိုတော့ တစ်ယောက်တည်း လာရမှာ တစ်မျိုးဖြစ်နေတာနဲက ကိုနေ့ကို ဒုက္ခပေးရတာ”
“ကိုယ်က ဒုက္ခပေးတယ်လို့ မထင်ပါဘူး၊ စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ်ကို သိရတာပေါ့၊ တစ်ခုခု ထူးခြားရင် ကိုယ့်ကို ဖုန်းဆက်နော်၊ မနက်ဖြန် မနက်စောစော ကိုယ်ပြန်တော့မယ်”
“ကိုနေ”
“ဘာလဲ သု”
“အရင်ဘဝက အကြောင်းလေးများ မှတ်မိလာတာ ရှိရင်လည်း သုကို ဖုန်းဆက်ပြောဦးနော်”
“ဟား ဟား.. ဘာလဲလို့၊ သုက နောက်တယ်ကွာ၊ ဟုတ်ပါပြီ၊ အရင်ဘဝက ကိုယ့်ကို ဘယ်သူ သတ်ခဲ့တယ် ဆိုတာ မှတ်မိလာရင် သု ကို ပြောမယ် ဟုတ်လား”
အရင်ဘဝက ကိုပီတာကို သတ်မသတ် မသေချာ သော်လည်း အခုဘဝမှာ ကိုယ့်သားအရင်း ဖြစ်နေတာကိုတောင် သတ်ဖို့ရာ ကြံစည်ခဲ့သေးတာကိုတော့ သုကို ပြောမပြချင်သေးပါ။
♥♥♥♥♥♥♥♥♥♥

(၅)

သုက နေထက်ခေါင်ကို ဇာတ်လမ်းစုံ ပြောပြခဲ့သော်လည်း သူကတော့ သုကို မပြောနိုင်ခဲ့သော အကြောင်းအရာ ရှိနေပါသည်။ သုတို့ မိသားစု မုန်းနေသော ဦးမင်းလမှာ သူ့အဖေ အရင်း ဖြစ်သည် ဆိုတာကိုပင်။ သို့သော်လည်း သူတို့ နှစ်ယောက် သားအဖ ဆိုတာက သွေးသား တော်စပ်မှုအရ သာ ရှိနေပြီး သူ့အဖေကလည်း သူ့ကို မုန်း၍ သူ့အဖေ၏ အမုန်းကို ငယ်စဉ်တည်းက ခံစားခဲ့ရသော သူကလည်း သူ့အဖေကို မုန်းသည်။ လွန်ခဲ့သော ၁၀ နှစ်ကပင် သူ့ကို သားအဖြစ်မှ စွန့်လွှတ်ခဲ့ပြီး သူကလည်း ထိုအကြွေးကို ပြန်ဆပ်ဖို့ အစစ အသင့်ဖြစ်နေပြီ ဖြစ်သော အခြေအနေသို့ ရောက်နေပါပြီ။ သူ့အဖေက သူ့ကို ဘာကြောင့် ဒီလောက်ထိ မုန်းတီးခဲ့သည်ကို သူ့တစ်သက်လုံး ပဟေဠိ ဖြစ်နေခဲ့ရသည်။ အခုတော့ သူ့အဖေ သူ့ကို ဘာကြောင့် မျက်စိအောက်မှာ မထားချင်လောက်အောင် မုန်းတီးသည်ကို သူ နားလည်သွားပါပြီ။ သူက တစ်ချိန်က သူ့အဖေ မုန်းတီးခဲ့သော ကိုပီတာ ဆိုသူနှင့် တထေရာတည်း တူနေသောကြောင့်ပင် ဖြစ်သည်။
♥♥♥♥♥

မျက်လုံးပြာပြာ၊ အသားဖြူဖြူ ကလေး တစ်ယောက် အဖြစ် မွေးဖွားလာခဲ့ရခြင်းသည်ပင် သူ့အတွက် ကံဆိုးခြင်း ဖြစ်ခဲ့ရသည်။ သူ့အဖေ၏ အမုန်းတရားများ၊ သူ့အမေ၏ ဥပေက္ခာပြုမှုများ နှင့် အတူတကွ ကြီးပြင်းလာရသော သူ့ဘဝမှာ ပျော်ရွှင်မှု ဟူ၍ မရှိသလောက် ဖြစ်ခဲ့ရသည်။ ညမင်း ဆိုသော နာမည် အတိုင်းပင် သူ့ဘဝက မှောင်မိုက်သော ညများသာ ကြီးစိုးခဲ့သည်။

ဒေါ်ဖြူဖြူသစ်၏ မိဘများက သမီးဖြစ်သူကို ဦးမင်းလ နှင့် လက်ထပ်ပေးပြီးနောက် စိတ်ချ လက်ချ ဖြစ်သွားသလိုပင် ရှေ့ဆင့် နောက်ဆင့် ဆုံးပါး သွားခဲ့ကြသည်။ သူတို့ လက်ထပ်ကြတော့ ဒေါ်ဖြူဖြူသစ်က အသက် ၂၀၊ ဦးမင်းလက အသက် ၃၀ ရှိပြီ။ ဒေါ်ဖြူဖြူသစ် အတွက် အချစ်ဆိုတာ ဘာမှန်း မသိခင် ယောက်ျားတစ်ယောက်ကို ကောက်ယူ လိုက်ရခြင်း ဖြစ်သည်။ ဦးမင်းလ၏ မိဘ နှစ်ပါးကလည်း သူမကို သမီးရင်း တစ်ယောက်လို ချစ်ကြပါသည်။ သို့သော် ဦးမင်းလ ဘက်ကတော့ သူမကို အစဉ်သဖြင့် မသင်္ကာသော မျက်လုံးနှင့်သာ ကြည့်လာခဲ့သည်။ သူ့ဘက်က သူမကို ချစ်သည် မချစ်သည် သေချာ မဖော်ပြခဲ့သော်လည်း သူမက သူ့ကို မချစ်ပဲနှင့် လက်ထပ်ခဲ့သည် ဟု စွဲမှတ်ထားခဲ့သည်။

သားကြီးကို မွေးလာတော့ ဦးမင်းလ သဲသဲလှုပ် ချစ်သည်။ သားကြီးကလည်း သူနှင့် အတော်တူသည်။ သားကြီး နှစ်နှစ်သားလောက်မှာတော့ ဦးမင်းလ အလုပ်နှင့် အမေရိကားကို ပြောင်းဖြစ်ခဲ့သည်။ တစ်နှစ်လောက်နေတော့ သားငယ်ကို အမေရိကားမှာပဲ မွေးသည်။ အသားညိုသော ဦးမင်းလ နှင့် အသားလတ်သော ဒေါ်ဖြူဖြူသစ် တို့မှ မွေးလာသော ကလေးက ဖြူဖွေးဆွတ်သော အသားအရေ နှင့် မျက်လုံးပြာ ကလေး ဖြစ်နေသောအခါ ဦးမင်းလ က သူ့သား မဟုတ်ပါ ဟု ဆိုခြင်းမှာလည်း လွန်သည်ဟု မပြောသာ။ တိုက်ခန်းထဲမှာသာ အနေများသော ဒေါ်ဖြူဖြူသစ်မှာ အသိမိတ်ဆွေ ရယ်လို့ ပြောပလောက်အောင် ရှိလှတာ မဟုတ်တာကိုလည်း သူသိလျှက်နှင့်ပင် သံသယကို မဖျောက်ဖျက်နိုင် ဖြစ်ခဲ့သည်။ “ဘယ်သူ့ကို စွဲလမ်းပြီး မျက်လုံးပြာကလေး မွေးရတာလဲ” စသဖြင့် ဦးမင်းလသည် သူ့မိန်းမကို အမြဲတစေ ရန်စခဲ့သည့်အပြင် သူ့သံသယ အမုန်းများကို သားငယ် အပေါ်မှာလည်း ပုံချခဲ့သည်။ ဒေါ်ဖြူဖြူသစ်ကလည်း သူမဘက်က မြူတစ်မှုန်မှ အပြစ်မရှိခဲ့ပါလျှက် ရှိသယောင် ဖြစ်ခဲ့ရခြင်း အတွက် မျက်လုံးပြာနှင့် မွေးလာခဲ့သော သားငယ်ကို မချစ်။ သားငယ်ကို နာနီနှင့်ပဲ ပစ်ထားခဲ့သည်။

သားငယ် သုံးနှစ်လောက်မှာ ဒေါ်ဖြူဖြူသစ် နှင့် တူသော သမီးလေးကို မွေးသည်။ ဒီသမီးလေးကိုတော့ ဦးမင်းလ က ချစ်ရှာသည်။ သမီးလေး တစ်နှစ် အရမှာ သူတို့ မိသားစု မြန်မာနိုင်ငံ ပြန်လာဖြစ်ခဲ့သည်။ ဦးမင်းလ၏ ဖခင်ကြီးကလည်း ကျန်းမာရေး သိပ်မကောင်းသောကြောင့် မြန်မာနိုင်ငံမှာ ရှိသော စီးပွားရေး လုပ်ငန်းများကို ဦးစီး လုပ်ကိုင်ဖို့ရာ ပြန်လာခဲ့ရခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံမှာ ပြန်အချေချဖြစ်တော့ ဦးမင်းလက သူ့သားကြီးက ၈ နှစ် ရှိနေပြီမို့ အစိုးရကျောင်းမှာ တက်ဖို့ အဆင်မပြေ ဆိုပြီး ပုဂ္ဂလိက အင်္ဂလိပ်ကျောင်းမှာပဲ ပိုက်ဆံအကုန်ခံပြီး ထားသည်။ သားငယ်ကိုတော့ တစ်ရပ်ကွက်ကျော်က အထက်တန်းကျောင်းမှာပဲ ထားသည်။ ရပ်ကွက်ထဲမှာတော့ သားငယ်က နိုင်ငံခြားသား ဝင်စားသူ ဆိုပြီး နာမည်ကြီးသည်။ သူများတွေက အဲလို ပြောလေလေ မိသားစုက သူ့ကို မုန်းလေ ဖြစ်နေသည်။ အဘိုး တစ်ယောက်ကလွဲပြီး အဖေရော၊ အမေရော၊ အဘွားရောက မျက်လုံးပြာပြာ ကလေးကို မြင်လျှင်ပင် အကြောင်းမဲ့ မုန်းတီးစိတ် ဝင်လာမိကြသည်။ ကလေးတွေကို ထိန်းသော နာနီ က သူနာပြုဆရာမ အလုပ်က ထွက်ထားသော ၄၀ အရွယ် အမျိုးသမီးကြီး ဖြစ်သည်။ နာနီ အမျိုးသမီးကြီး ကတော့ မိသားစုဝင်များ၏ အချစ်ကို မရရှာသော သားငယ်လေးကို အချစ်ပိုရှာသည်။

အိမ်မှာ သားကြီးနှင့် သမီးငယ်လေးရဲ့ မွေးနေ့ကို နှစ်စဉ် ကျင်းပပေးသော်လည်း သားငယ်၏ မွေးနေ့ကိုတော့ အဘိုး တစ်ယောက်ကသာ အသိအမှတ်ပြုပေးသည်။ သားငယ်မှာ မွေးနေ့တိုင်း အဘိုးနှင့် နာနီ့ ဆီမှသာ မွေးနေ့ လက်ဆောင် ရဖူးသည်။ သူ့အဖေ နှင့် သူ့အဘွားက သူ့ကို မုန်းနေသည်ကို ငယ်ငယ်ကတည်းကပင် သူ ခံစားမိသည်။ သို့သော် ဘာကြောင့် မုန်းနေရသည်ကို နောက်ထပ် နှစ်တော်တော် ကြာ သူကြီးပြင်း လာသည်အထိ နားမလည်နိုင်ခဲ့ပါ။

♥♥♥♥♥

သူ့အစ်ကို နှင့် သူကလည်း တစ်ခြား ညီအစ်ကို တွေလို ရင်းရင်းနှီးနှီး သိပ်မရှိလှပါ။ သူ့ဘက်က ကိုကို့ကို ခင်မင် အားကိုး ချင်သော်လည်း ကိုကိုက သူ့အပေါ် ဖေးဖေးမမ မရှိပါ။ ကိုကိုက တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သည်ကို သိတတ်သော အရွယ်ကျမှ သူ သိလာရသည်။ မိဘများ၏ အရေးပေးမှု ခံရသည်ကို ကျေနပ်အားရပြီး မိဘများက ညီငယ် အပေါ် အလေးမထားသည်ကိုပင် ဝမ်းသာအားရ ရှိနေတတ်သူ ဖြစ်သည်။ ကိုကိုက ငယ်ငယ်ကပင် သူ့ကျောင်းမှာလည်း ပေါ်ပြူလာ ဖြစ်သူ ဖြစ်သည်။ သူကတော့ သူ့ကျောင်းမှာ ပြဿနာတုံးကလေး ဖြစ်ခဲ့သည်။ ဘယ်သူနဲ့မှလည်း မတည့်ပဲ သူ့မှာ သူငယ်ချင်း ရယ်လို့လည်း ရင်းရင်းနှီးနှီး သိပ်မရှိခဲ့ပါ။ သူက ဉာဏ်ကောင်းသူမို့ တစ်နှစ်တစ်တန်းတော့ မှန်မှန် အောင်ခဲ့သည်။ ဆရာမ များကတော့ သူဟာ မိသားစုမှာ သားလတ်မို့ အလယ်မှာ လပ်ပြီး ဆိုးနေသည်ဟု ထင်ကြသည်။ သူက ဆရာမများ အပေါ်မှာတော့ ရိုင်းရိုင်းပြပြ ပြန်ပြောသည် အထိတော့ ဆိုးသူ မဟုတ်ပါ။ သို့ပေမယ့် ပြန်မပြော နားမထောင် ထဲမှာတော့ ပါသည်။ သူများတကာနှင့် အမြင်မတူ၊ အမြဲတမ်း တရွဲ့တစောင်း တွေးတတ်သူ၊ လူ့ဂွစာ ဂျစ်တူးကလေး ဟာ သူ ဖြစ်ခဲ့သည်။ သူ့စိတ်ထဲမှာ အမြဲတမ်း မကျေနပ်မှုတွေ စုနေသူမို့ သူများတကာနှင့်လည်း အလွယ်တကူ ရန်ဖြစ်တတ်လေ့ရှိသည်။ သို့ပေမယ့် သူ့ကိုကိုကတော့ ဘယ်တုန်းကမှ ရန်ဖြစ်လေ့ ရှိသူ မဟုတ်ပါ။ အဲဒါကြောင့်လည်း နောက်ဆုံးတစ်ခေါက်မှာ လူတိုင်းက ကိုကို ပြောတာကိုသာ ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။

တကယ်တော့ အဲဒီနေ့က အဲဒီလမ်းကို ဖြတ်လျှောက်ခဲ့မိခြင်းသည်ပင် သူ အတွက် ကံဆိုးခြင်း ဖြစ်ခဲ့ပါသည်။ အဲဒီနေ့က သူ့အသက် ၁၅ နှစ် ပြည့်သော နေ့ ဖြစ်သည်။ သို့သော် အဘိုးလည်း ဆုံးပါးသွားပြီး၊ နာနီကြီးလည်း အိမ်က ထွက်သွားပြီးနောက်တွင် သူ့မွေးနေ့ကို ဘယ်သူကမှ သတိတရ ရှိမပေးခဲ့ပါ။ ဆယ်တန်း စာမေးပွဲ ဖြေပြီးနောက် အိမ်မှာ နေနေရသည်ကိုပင် စိတ်ညစ်နေသော အချိန် ဖြစ်သည်။ သူ့အတွက် ဘယ်တော့မှ နွေးထွေးမှု မရှိသော အေးစက် စိမ်းသက်သော အိမ်ကြီး ထဲမှာ နေရသည်က သူ့အတွက် ပူလောင် ကျဉ်းကျပ်လှသည်။ အဲဒါကြောင့် သူက နေ့တိုင်းလိုလို အပြင်ထွက်သည်။ လက်ဖက်ရည်ဆိုင်မှာ အကြာကြီး ထိုင်သည်။ သူနှင့် အရမ်း မရင်းနှီးသော်လည်း ပေါင်းလို့ သင်းလို့ ဖြစ်သော ကျောင်းက သူလို လူဆိုးလေးတွေနှင့် လက်ဖက်ရည်ဆိုင်မှာ စကားထိုင်ပြောကြသည်။ တစ်ခါတလေ ငြင်းခုန်ရင်း ရန်ဖြစ်ကြသည်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်။ အဲဒီကောင်တွေဆီ မသွားချင်တော့လျှင်တော့ တစ်နေကုန် သူ့အခန်းထဲမှာ ဗွီဒီယို အခွေ ကြည့်သည်။ အခွေကြည့်လို့ ပျင်းလာလျှင် စာအုပ်ဆိုင်က စာအုပ်ငှားပြီး ပန်းခြံထဲ သွားဖတ်ချင် ဖတ်နေသည်။ သူ့အိမ်ကလည်း သူဘယ်ရောက်လို့ ဘယ်အချိန်မှ ပြန်လာလာ စောင့်ကြည့်ပြီး ပြောမည့်သူ တစ်ယောက်မှ မရှိပါ။

အဲဒီနေ့ကလည်း သူက လက်ထဲမှာ စာအုပ်တစ်အုပ် ကိုင်ပြီး စာအုပ်အငှားဆိုင်မှာ ပြန်အပ်ဖို့ သွားခဲ့ခြင်း ဖြစ်သည်။ သူက လျှာရှည်ပြီး သွားနေကျလမ်းက မသွားပဲ တစ်ဖက်လမ်းက ပတ်သွားဖြစ်ခဲ့သည်။ အဲဒီဘက်လမ်းက ပိုဝေးပြီး ကိုယ်ပိုင် ခြံများသာ ရှိကာ လူအနည်းငယ် ပြတ်သည်။ အဲဒီလမ်း တစ်နေရာမှာ လူတစ်စု ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေးလိုက်ရသော်လည်း သူက သူနှင့်မဆိုင် ဆိုပြီး နောက်ပြန်မလှည့်ပဲ ဘေးက ပတ်သွားဖို့ ကြိုးစားလိုက်ချိန်မှာပင် အဲဒီ လူစုထဲက လူတစ်ယောက်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ သေချာကြည့်လိုက်တော့မှ ကျန်သော ကောင်လေး လေး၊ ငါးယောက်က တစ်ဖက်၊ ထိုလူက တစ်ဖက် ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုလူက သူ့ ကိုကို ပင် ဖြစ်သည်။ ကျန်သော ကောင်ကလေးများကိုတော့ သူမသိ၊ မြင်လည်း မမြင်ဖူးပါ။ အိမ်မှာ ဘယ်လိုပဲ မတည့်နေပါစေ အပြင်မှာတော့ ညီအစ်ကိုချင်း စည်းလုံးရမည်ဟု ယူဆပြီး ကိုကို့ကို တစ်ယောက်တည်း ပစ်မထားရက်သော သူက ထိုရန်ပွဲထဲသို့ ဝင်ပါလိုက်ပါသည်။ သူတို့ ပြောနေတာတွေ ကြားရသလောက်ကတော့ မိန်းကလေး တစ်ယောက်နှင့် ပတ်သက်သော ပြဿနာ ဖြစ်နိုင်သည်။

ကိုကိုက ဘယ်လို အကြောင်းကြောင့် ဒီလို အခြေအနေ ရောက်ရသည် သေချာ မသိပေမယ့် သူကတော့ ရန်ဖြစ်နေကျ လူငယ်လေး ဖြစ်ပါသည်။ သူသာ ဝင်မပါခဲ့လျှင် ကိုကိုကတော့ အသေအလဲ ခံရတော့မည်မှာ မလွဲပါ။ သူကတော့ မနှစ်က ကျောင်းပိတ်ရက်တုန်းက သင်ထားခဲ့သော ကရာတေး သင်တန်းကျောင်းက သင်ခန်းစာတွေကိုပင် လက်တွေ့ သုံးနေရသော အဆင့်အထိပင် တိုက်ခိုက်နေရသည်။ ကိုကိုကတော့ မည်းမည်း မြင်ရာ ထိုးနေရင်း ဒဏ်ရာတွေပင် အတော်ရနေလေပြီ။ တစ်ဖက် ကောင်လေးတွေက အလွယ်တကူ နိုင်မည် ထင်သော သူတို့ နှစ်ယောက်ကို အလွယ်နှင့် မရမှန်း သိသွားသောအခါ ကိုကို နှင့် ဦးတည်ရန်ဖြစ်သော ခေါင်းဆောင်ကောင်လေးက ဓါးမြှောင်တစ်ချောင်းကို အိတ်ထဲက ထုတ်လာသည်။ သူနှင့် နှစ်ယောက်သား တွေ့ကြတော့ ဓါးမြှောင်ကို လုကြရင်း နှစ်ယောက်သား လုံးထွေးသွားကြသည်။ ကျန်သည့်လူတွေကလည်း ဝင်မပါရဲတော့ပဲ ထွက်ပြေးကုန်ကြသည်။ သူက ဘာကြောင့် ပြေးကြမှန်းမသိလိုက်။ အမှန်တော့ ရဲတွေ ရောက်လာလို့ ပြေးကြခြင်း ဖြစ်သည်။ သူ သတိရလို့ ကြည့်လိုက်တော့ ဟိုကောင်လေးက ဓါးဒဏ်ရာနှင့် လဲနေပြီး ဓါးမြှောင်က သူ့လက်ထဲမှာ ရောက်နေသည်။ ကိုကိုလည်း ဘယ်ကို ပြေးသွားမှန်းမသိ၊ အနားမှာ မရှိတော့ပါ။
♥♥♥♥♥♥♥♥♥♥

(၆)
သူ လူငယ် အကျဉ်းထောင်မှာ ကျခံခဲ့ရသည်။ သူ့ အဖေရော အမေရော၊ ကိုကိုရော တစ်ယောက်မှ ရောက်မလာခဲ့ပါ။ ရဲစခန်းကို ရောက်ကတည်းက တစ်ခေါက်မှပင် လာမတွေ့ခဲ့ပါ။ ထိုအမှုကို သူတစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသည်။ သူ့ကို နားလည်သော သူ့အတန်းပိုင်ဆရာမ တစ်ယောက်သာ ရောက်လာပြီး အားပေးခဲ့သည်။ ထိုအမှုထဲမှာ ကိုကို ပါခဲ့တာက လုံးဝ ပျောက်ကွယ်သွားပြီး သူ့အဖေက သူလို သားတစ်ယောက် ရှိခြင်းကို အလွန်ပင် ရှက်သဖြင့် ဘာမှ မပတ်သက်ချင် ဟု ဆိုခဲ့သည်။ သူ တရားရင်ဆိုင်နေရသည့် အချိန်မှာပင် သူ့အဖေက သူ့ကို သားအဖြစ်မှ စွန့်လွှတ်ကြောင်း သတင်းစာမှာ ကြေငြာခဲ့သည်။

သူများလို ထောင်ဝင်စာ လာတွေ့မည့်သူလည်း မရှိပဲ သူ့ဘဝရဲ့ ကြမ်းတမ်းသော နေ့ရက်များကို ရင်ဆိုင်ခဲ့ရသည်။ ထောင်ထဲမှာက ဖေးဖမည့်သူထက် အနိုင်ကျင့်မည့်သူက များတာ သိကြတဲ့အတိုင်းပင်။ သူ့ထက် ကြီးသော လူဆိုးလေး တစ်ဖွဲ့က သူ့ကို အနိုင်ကျင့်ဖို့ ကြိုးစားသော်လည်း သူက သူ တတ်သမျှနှင့် ပြန်လည် တိုက်ခိုက် နိုင်သောကြောင့် သူ့ကို မကြည်သော်လည်း နောက်ထပ်တော့ ရန်မစတော့ပါ။ သူနှင့် တည့်သော ကောင်လေးတွေလည်း ရှိခဲ့ပါသည်။ သူဖြေထားခဲ့သော ဆယ်တန်း စာမေးပွဲ အောင်ခဲ့သည်ကို ထောင်ထဲမှာပင် သိခဲ့ရသည်။ သူက ပေပေတေတေ နေခဲ့သော်လည်း တစ်နှစ်တစ်တန်းတော့ အောင်အောင် ဖြေခဲ့သည်သာ ဖြစ်သည်။

သူများတွေလို လွတ်ရက်ကို မျှော်ဖို့လည်း ပြန်စရာ အိမ်က မရှိပါ။ သို့သော် ထွက်ရမယ့် ရက် နီးလာတော့လည်း သူများတွေလိုပင် ပျော်မိသည်။ သူ သွားဖို့ နှစ်ရက် အလိုမှာတော့ လူဆိုးကလေးတွေ အဖွဲ့နှင့် ချောင်ပိတ်မိသည်။ အနီးအနားမှာ အုပ်ချုပ်သူလည်း တစ်ယောက်မှ မရှိသည့် အခြေအနေမှာ ဖြစ်သည်။ ပြီးတော့ သူက ထင်မထားမိ သောကြောင့် အလစ်ခံလိုက်ရခြင်း ဖြစ်သည်။ ကောင်ကလေးတွေက သူ့ကို အသေ လုပ်ကြခြင်း ဖြစ်သည်။ သူ ကိုယ်တိုင်လည်း ဒီနေရာကနေ မကျော်နိုင်တော့ဘူး လို့ပင် ထင်မိသည်။ သူ သတိလစ်မသွားခင် နောက်ဆုံး ကြားခဲ့ရသော စကားကိုတော့ ကောင်းကောင်း မှတ်မိနေသည်။
“ငါတို့ကို အပြစ်မတင်နဲ့ ကိုယ့်လူ၊ အပြစ်တင်ချင်ရင် မင်းအဖေကိုပဲ အပြစ်တင်၊ မင်းကို အပြင်မှာ အသက်ရှင်ရက် ပြန်မမြင်ချင်ဘူးလို့ ငါတို့ကို မျိုးမျိုးမျက်မျက် ကလေး ပေးပြီး ပြောသွားလို့ ငါတို့က လုပ်ရတာ၊ ကြည့်ရတာ မင်းက မိထွေးပါ သား ထင်တယ်”
♥♥♥♥♥

ဆေးရုံမှာ တစ်လ နီးပါး နေပြီးမှ  ပုံမှန် လူကောင်း ဖြစ်လာသည်။ ထောင်ကပဲ သူ့ကို တာဝန်ယူပြီး ဆေးရုံတင်ပေးခဲ့ရခြင်း ဖြစ်သည်။ ဆေးရုံက ဆင်းလာတော့လည်း သူ့မှာ သွားစရာ နေစရာ မရှိသဖြင့် ခြေဦးတည့်ရာ လျှောက်သွား ဖြစ်သည်။ သူ့ကို အမွေပြတ် စွန့်လွှတ်ထားသော အိမ်ကို ဒူးထောက်ပြီး ပြန်ဝင်ဖို့ စိတ်ကူးတော့ သူ့မှာ လုံးဝမရှိပါ။ အဲဒီအိမ်မှာ သူမနေချင်တော့တာလည်း ကြာခဲ့ပြီ မဟုတ်လား။ အိမ်မရှိသော လူငယ်ကလေး တစ်ယောက် အတွက် အိပ်စရာက လမ်းဘေးမှာပဲ ဖြစ်သည်။ အလုပ်လုပ်တော့ ကမ်းနားမှာ ပစ္စည်းသယ်သည်။ နောက်တော့ ဘုန်းဘုန်း တစ်ပါးက မြင်ပြီး သူ့ ဘုန်းကြီးကျောင်းကို ခေါ်သွားသဖြင့် ဘုန်းကြီးကျောင်းမှာ ကပ္ပိယ ဖြစ်သွားသည်။ ဘုန်းဘုန်း ရဲ့ ကျောင်းက ဆင်းရဲ ရှာသော်လည်း သူ့အတွက်တော့ ကမ်းနားမှာ အိပ်ရတာထက် အများကြီး ပိုပြီး လုံခြုံ နွေးထွေးပါသည်။ အလုပ်ကတော့ ကြုံရာ ကျပန်း ဆက်လုပ်နေသည်။ ပိုက်ဆံစုပြီး အဝေးသင်တက္ကသိုလ် တက်ဖို့ ရည်ရွယ်ထားသည်။ သူ့ဘဝကို သူ့အဖေ ဦးမင်းလ ဖြစ်စေချင်ခဲ့သလို လမ်းဘေးကလူ ဘယ်တော့မှ မဖြစ်စေရ၊ သူ့ဘဝ သူ ရပ်တည်နိုင်အောင် ကြိုးစားမည် ဟု ဆုံးဖြတ်ထားသည်။

တစ်ရက်မှာတော့ ကျောင်းထိုင် ဘုန်းဘုန်း၏ မိတ်ဆွေ ဘုန်းဘုန်း တစ်ပါး ရောက်လာသည်။ သူ့အကြောင်းကို သိသွားပြီး ကျောင်းထားပေးမည် ဟုဆိုသည်။ ကျောင်းထိုင် ဘုန်းဘုန်း ကို နှုတ်ဆက် ကန်တော့ပြီး ဘဘုန်းနှင့် လိုက်လာ ခဲ့ရသည်။ သူ့စိတ်ထဲမှာတော့ အဝေးသင်တက္ကသိုလ် သို့မဟုတ် ရိုးရိုး တက္ကသိုလ် တစ်ခုခု တက်ရလိမ့်ဟု မှန်းပြီး ပျော်ရွှင်ခဲ့ရသည်။ သို့သော် ဘဘုန်းက အမေရိကားမှာ နေသည် ဟု ဆိုသည်။ ဘဘုန်း ပြန်လျှင် သူ့ကို ခေါ်သွားမည်၊ ဟု ဆိုသဖြင့် သူ့မှာ အံသြတကြီး ဖြစ်ရသည်။ သူ့ကို အမေရိကားမှာ မွေးခဲ့သည်ကို သူ သိပါသည်။ အမေရိကားမှာ မွေးလို့ အမေရိကန် တစ်ယောက်ယောက် ဝင်စားသည် ဟု သူ့ကို အားလုံးက ဝိုင်းပြောခဲ့ကြတာကိုလည်း သူမှတ်မိနေပါသည်။ သူ ငယ်ငယ် ကလေးဘဝမှာပဲ မြန်မာနိုင်ငံ ပြန်ပြောင်းလာကြသဖြင့် အမေရိက မှာ နေခဲ့ရသော ဘဝကိုတော့ သူမမှတ်မိတော့ပါ။ ဘဘုန်းက သူ့ကို အမေရိက ခေါ်ပြီး ကျောင်းထားမည် ဆိုသည်မှာ ဟုတ်မှ ဟုတ်ပါရဲ့လား၊ အိပ်မက်လား လို့ပင် ထင်မိသည်။ အိပ်မက် မဟုတ်ခဲ့ပါ။ သူ တကယ်ပဲ ပတ်စ်ပို့စ် လုပ်ပြီး ဘဘုန်းနှင့် အတူ အမေရိကကို လိုက်ခဲ့ရသည်။ ပတ်စ်ပို့ မလုပ်ခင် ကလေးမှတ်ပုံတင်ကိုပါ အသစ်လဲပြီး နာမည်ပါ ပြောင်းလိုက်သည်။ သူ့အဖေရဲ့ နာမည်တစ်လုံးပါနေပြီး သူ့ဘဝကို အမှောင်ကျစေသော ညမင်း ဆိုသော နာမည်ကို သူ ဘယ်တုန်းကမှ မကြိုက်ခဲ့ပါ။ သူ့ဘဝသည် နေရောင်အောက်တွင် တောက်ပ စေရမည် ဆိုသော ရည်ရွယ်ချက်နှင့် နေထက်ခေါင် ဟု နာမည်ပြောင်း ခဲ့သည်။

သူ့ဘဝ၏ ကံကောင်းခြင်း နေ့ရက်များ စတင်လာခဲ့ပြီ ထင်ပါသည်။ ဘဘုန်းကြောင့် သူ ပညာတွေ အများကြီး သင်နိုင်ခဲ့သည်။ အမေရိကား ကနေ MBA ဘွဲ့ယူနိုင်ခဲ့သည်။ ပြီးတော့ သူဝါသနာ ပါသော Fashion Design နှင့် ပတ်သက်သော Diploma ကို ပြင်သစ် ကနေ ယူနိုင်ခဲ့သည်။ ဘဘုန်း၏ ကျေးဇူးတွေက သူ့အပေါ် များလှပါသည်။ သူကလည်း ဘဘုန်း၏ ကျေးဇူးတွေကို ဆပ်နိုင်အောင် စာကိုပဲ ကြိုးစား သင်ခဲ့ပါသည်။ ဘဘုန်းအပေါ်မှာ အများကြီး ဝန်မပိအောင်လည်း အချိန်ပိုင်း အလုပ်တွေ လုပ်ပြီး ကျောင်းလခ ရှာခဲ့ပါသည်။ သူများ လူငယ်လေးတွေလို အပျော်အပါး ဘာမှ အာရုံမထားပဲ ကျောင်း နှင့် အလုပ်ကိုပဲ အာရုံစိုက်ခဲ့ပါသည်။ သူ့မိသားစုက မုန်းတီး အထင်သေးသော ကောင်လေး တစ်ယောက်ဟာ တစ်ချိန်မှာ အောင်မြင်သော လူတစ်ယောက် ဖြစ်လာရမည်ဟု သူ့ စိတ်ထဲမှာ ပိုင်းဖြတ်ထားသဖြင့် ဘယ်လောက် ပင်ပန်း ပင်ပန်း သူ တောင့်ခံနိုင်ခဲ့ပါသည်။

အဲဒီနောက်တော့ သူရော ဘဘုန်းရော အမေရိက ကနေ ထွက်ခွာခဲ့သည်။ ဘဘုန်းက ဂါယာမှာ အတော်ကြာကြာ သီတင်းသုံးဦးမည် ဆိုပြီး ကြွသွားသည်။ သူကတော့ မြန်မာနိုင်ငံမှာ ဖက်ရှင် လုပ်ငန်း တစ်ခု တည်ထောင်ဖို့ ကြိုးစားမည် ဆိုသော ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံ ပြန်လာခဲ့သည်။ သူ့ရည်ရွယ်ချက်က ပြင်းပြသောကြောင့်လား မသိ၊ သူ့ကို ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံမည့် သူ တစ်ချို့ကို ကံကောင်းထောက်မစွာ သူ ရှာတွေ့ခဲ့သည်။  ပြင်သစ်က သူ့ဆရာ၏ အဆက်အသွယ်တွေကလည်း အများကြီး ထောက်ပံ့ပေးသည်။ သူ့ ကုမ္ပဏီက ထုတ်သော အဝတ်အထည်များမှာ တစတစ ဈေးကွက်မှာ နာမည်ရလာခဲ့သည်။ မထင်မှတ်ပဲ စတိတ်တုန်းက တစ်တန်းတည်းသား၊ သူငယ်ချင်း ရှားသော သူ၏ တစ်ယောက်စ နှစ်ယောက်စ သူငယ်ချင်းများထဲမှာ ပါခဲ့ဖူးသော စိုးသက်အောင် နှင့် တွေ့သည်။ စိုးသက်အောင်ကလည်း ငယ်ငယ်တုန်းကလို ပေပေတေတေ မဟုတ်တော့ပဲ MBA ဘွဲ့တွေ ဘာတွေ ရပြီး ဖြစ်နေသည်။ စိုးသက်အောင် အဖေကလည်း အထည်ချုပ် စက်ရုံ ခပ်သေးသေး တစ်ခု ထောင်ထားသည်။ သူ့ ကုမ္ပဏီက ဒီဇိုင်းတွေကို ချုပ်ဖို့ အပ်ရင်းနှင့် ပြန်တွေ့ကြခြင်း ဖြစ်သည်။ စိုးသက်အောင်ကို သူ့ဆီ ခေါ်လိုက်ပြီး သူငယ်ချင်း နှစ်ယောက် စိတ်တူ ကိုယ်တူ ပေါင်း လုပ်ဖြစ်ကြသည်။

သူ့အဖေ ဦးမင်းလ၏ MoonShape လုပ်ငန်းစု ၏ အဓိက လုပ်ငန်းမှာလည်း MoonShape Fashion ဖြစ်သလို ဈေးကွက်မှာ နေရာအများစု ယူထားနိုင်ပြီးသား brand တစ်ခု ဖြစ်နေသည်။ ရုတ်တရက် ပေါ်ပေါက်လာသော Sun’s Highness က MoonShape ၏ ဈေးကွက်ကို မျှဝေယူလာတော့ ဦးမင်းလလည်း မခံမရပ်နိုင် ဖြစ်လာသည်။ MoonShape ၏ ရှယ်ယာတွေ ရုတ်တရက် ကျသွားသော တခဏမှာ သူ တော်တော်များများ ဝယ်ထားနိုင်ခဲ့သည်။ ဘာကြောင့် MoonShape ရဲ့ ရှယ်ယာတွေ ကမောက်ကမ ဖြစ်ရသလဲ စုံစမ်း ကြည့်သောအခါ လူတစ်ယောက်ကို သွားတွေ့သည်။ MoonShape ၏ အထွေထွေ မန်နေဂျာ လင်းထွဋ်သာ ဖြစ်သည်။ လင်းထွဋ်သာက MoonShape ၏ ရန်သူ တစ်ယောက် ဖြစ်မှန်း သူ သိလိုက်သောအခါ လင်းထွဋ်သာ နှင့် အလွယ်တကူပင် ပူးပေါင်းနိုင်ခဲ့သည်။ သူတို့ နှစ်ယောက်က အခွင့်သာရင် သာသလို MoonShape ၏ ရှယ်ယာများကို စုဆောင်းနေခဲ့သည်ကို ဦးမင်းလက လုံးဝ မရိပ်မိခဲ့ပါ။ လတ်တလောမှာတော့ သူတို့နှစ်ယောက်ပေါင်း ရှယ်ယာက ၅၀ ရာခိုင်နှုန်း ကျော် နေပြီ ဖြစ်သောကြောင့် ဦးမင်းလကို ဖြုတ်ချ၍ ရနေသော အခြေအနေမှာ ရောက်နေလေပြီ။

ထိုအချိန်မှာ ဘဘုန်းက သူ့ဆီ ခဏ လာခဲ့ပါ၊ အရေးကြီးသော စကား ပြောစရာ ရှိသည် ဆိုလာသည်။ အရင်ကတည်းက အခွင့်အရေးရရင် သွားချင်ခဲ့သော နေရာ ဖြစ်သောကြောင့် အလုပ်တွေကို စိုးသက်အောင်နှင့် လွှဲပြီး ဘဘုန်း ရှိရာ ဗုဒ္ဓဂါယာသို့ ဝမ်းသာအားရပင် သူသွားခဲ့သည်။
♥♥♥♥♥

ဘဘုန်းဆီရောက်တော့ သူ မမျှော်လင့်ခဲ့သော စကားတစ်ခွန်းကို ကြားခဲ့ရသည်။

“ဘုန်းဘုန်းက ကတိ မတည်တဲ့ လူတော့ ဖြစ်သွားပြီ၊ ဒါပေမယ့် ဒါကို မပြောပဲ တစ်သက်လုံး သိမ်းထားပြန်ရင်လည်း ဒကာလေးက မပြစ်မှားသင့်တဲ့ လူကို ပြစ်မှားပြီး ကံကြီးထိုက်မှာ စိုးလို့၊ ဘုန်းဘုန်း ပြောဖို့ ဆုံးဖြတ်လိုက်တာ၊ ဒကာလေး အမေက ဒကာလေးကို ပစ်မထားပါဘူး၊ ဒကာမကြီးတို့ မိသားစု အမေရိကားမှာ နေကတည်းက ဘုန်းဘုန်း နဲ့ ရင်းနှီးခဲ့ကြတာ၊ ဒကာလေးက ကလေးမို့ မမှတ်မိတာ၊ အခု ပြန်လာတုန်းမှာ သူက အကူအညီတစ်ခု တောင်းတယ်၊ သူ့သားကို ဘုန်းဘုန်း ပြန်သွားရင် ခေါ်သွားဖို့ပဲ၊ ဒကာလေး ထောင်က ထွက်ကတည်းက သူက လိုက်စုံစမ်းနေခဲ့တာ၊ ဒါပေမယ့် သူကလည်း အိမ်ရှင်မ တစ်ယောက်ပဲ ဆိုတော့ အဆက်အသွယ်က သိပ်မရှိရှာတော့ ဒကာလေးကို တော်တော်နဲ့ ရှာမတွေ့ခဲ့ဘူးတဲ့။ ရှာတွေ့ပြန်တော့လည်း ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတုန်း ဘုန်းဘုန်း ကို တွေ့တော့မှ သူက ဝမ်းသာ အားရနဲ့ အကြံရသွားတာ၊ ဒကာလေးကို ခေါ်သွားဖို့၊ ဟိုမှာ ကျောင်းတက်ဖို့ စားရိတ်တွေ အားလုံး သူ ထောက်ပံ့ခဲ့တာပဲ၊ ဘုန်းဘုန်းလို ဘုရားသားတော် တစ်ယောက်မှာ ဒကာလေးရဲ့ ကျောင်းစားရိတ် ထောက်လောက်အောင် ဘယ်ရှိပါ့မလဲကွယ်၊ အားလုံး သူ ပို့ပေးနေခဲ့တာပဲ။ ဒကာလေး အဖေကို မလွန်ဆန်နိုင်ပေမယ့်လို့ သူလည်း အမေ တစ်ယောက် အနေနဲ့ သူ့အတွက် သီးသန့် ရထားတဲ့ အမွေတွေထဲက ဒကာလေးကို တတ်နိုင်သလောက် လုပ်ပေးခဲ့ပါတယ်။ အဲဒါကို မသိပဲနဲ့ အမေက ပစ်ထားတယ် ဆိုပြီး ဒကာလေးက စိတ်နာနေရင် ဒကာလေး ငရဲကြီးမှာ စိုးလို့ကွယ့်၊ ကိုယ့်ကိုမွေးတဲ့ မိဘ ဆိုတာ ကိုယ့်အပေါ် ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ မပြစ်မှားရဘူးနော်”

ဘုန်းဘုန်းက သူ့စိတ်ကို သိနေသလို ပြောခဲ့သည်။ သူ မေမေ့ကို မမုန်းပါ။ သို့သော် သူ့အဖေဘက် ပါပြီး သူ့ကို ပစ်ထားသည့်အတွက် စိတ်နာခဲ့သည်။ အခု ဘယ်လို လုပ်ရမလဲ။ မေမေ့ အထောက်အပံ့နဲ့ သူ ပညာသင်ခဲ့ရသည်တဲ့။ အစက သိခဲ့ရင် သူ လုံးဝ လက်ခံခဲ့မှာ မဟုတ်ပါ။ သူက အဲဒီ မိသားစုရဲ့ အထောက်အပံ့မပါပဲ ကိုယ့်ဒူးကိုယ်ချွန် ရပ်တည်ချင်ခဲ့သူ ဖြစ်သည်။ ခုတော့ မေမေ့ ကျေးဇူးက သူ့အပေါ်မှာ ရှိနေပြီ။ သူ့အဖေ လုပ်ငန်းကို တိုက်ခိုက် လိုက်ရင် သူ့အမေများ ထိခိုက်သွားမလား စဉ်းစားစရာ ဖြစ်လာသည်။

သူ စိတ်လေပြီး မဟာဗောဓိ ဘုရားကြီး ရင်ပြင်တော်ပေါ်သို့ ထွက်လာခဲ့မိသည်။ အဲဒီမှာပဲ ခရီးသွားရတာ ဝါသနာပါသည် ဆိုသော ချစ်စရာ ကောင်းသော ကောင်မလေး တစ်ယောက် နှင့် တွေ့ခဲ့ရခြင်း ဖြစ်သည်။ သုထက်သာ ဆိုသော ခပ်ဆန်းဆန်း နာမည်နှင့် ကောင်မလေး။ မိတ်ကပ် တစ်စက်မှ မတင်သော ပင်ကို အပြစ်ကင်းသော မျက်နှာချောချောလေးက ဆံပင် တိုတို အုပ်အုပ်ကလေးကြောင့် ကလေးဆန်သည် ထင်ရသော်လည်း တောက်ပစူးရှသော မျက်လုံးများက ထက်သန်သော စိတ်ဓါတ်ကို ဖော်ပြနေသည်။

အဲဒီကောင်မလေးရဲ့ ခရီးတစ်ခုမှာ သူ ကတိပေးထားသည့် အတိုင်း အတူ လိုက်ပေးရင်း နှင့် မမျှော်လင့်ပဲ သူ့အဖေ ဦးမင်းလ ၏ အတိတ်ဇာတ်ကြောင်း တစွန်းတစကို သိလိုက်ရသည်။ သူ့အဖေမှာ သူ့ကို မုန်းဖို့ ခိုင်လုံသော အကြောင်းပြချက် ရှိမှန်း သူသိလိုက်ရသည်။ သူက သူ့အဖေ သတ်ခဲ့သည်ဟု ထင်ရသော လူနှင့် တိုက်တိုက်ဆိုင်ဆိုင် လာတူနေခဲ့ရသည်။ သူ့အဖေ သူ့ကို မုန်းသည်ကို ခွင့်လွှတ်နိုင်သလို ဖြစ်လာသည်။ သို့သော် သူ့အဖေ ကျူးလွန်ခဲ့သော အပြစ်ကို ခွင့်မလွှတ်နိုင်သူများက အပြစ်ပေးချင်သည် ဆိုလျှင်တော့ သူ့အနေနှင့် ဘာမှ တားဆီးဖို့ စိတ်ကူးမရှိပါ။

မထင်မှတ်ပဲ သုထက်သာ တို့ မိသားစု နှင့် သူ့အဖေ ဦးမင်းလမှာ အတိတ်က ရန်ကြွေး ရှိနေခဲ့သည်။ ဆုံးဖြတ်ပြီးလျှင် မဖြစ်မနေ လုပ်မည့် ပုံရသော သုထက်သာ ဆိုသည့် ရှေ့နေမလေးက အဖေ့ အတိတ်က အမှုကို ဖော်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားနေလေပြီ။ အဲဒီအမှုသာ ပေါ်ပေါက်ခဲ့လျှင် သူ လုပ်မည်ဟု ရည်ရွယ်သော စီးပွားရေး တိုက်ခိုက်မှုထက် အဆပေါင်းများစွာ အခြေအနေ ဆိုးသွားနိုင်သည်။ မတတ်နိုင်ပါ အဖေ။ အပြစ် လုပ်ခဲ့လျှင်တော့ အပြစ်ဒဏ်ကို ခံရမှာပါပဲ။ အဖေ ဟာ ဒီလူကို အရင်ဘဝမှာတင် သတ်ခဲ့တာ မဟုတ်၊ ဒီဘဝမှာ ကိုယ့်သား အရင်း ဖြစ်နေတာကိုပင် သတ်ဖို့ ကြံစည်ခဲ့သေးသည် မဟုတ်လား။

♥♥♥♥♥♥♥♥♥♥


သိင်္ဂါကျော်

8 comments:

kokoseinygn said...

စာတွေ တစ်ဝကြီးဖတ်သွားပါတယ်။
နေရာသစ်မှာ အရာရာအဆင်ပြေပါစေ။

ကိုရင် said...

ဖတ်နေရင်းနဲ့ ဟိုးအောက်နားရောက်သွားတာ မသိလိုက်ဘူး..ရှည်သယောင် ထင်ရပေမဲ့ ပိုစ့်က ဆွဲဆောင်အား ကောင်းတယ်..

jr said...

ရုပ်ရှင်ကားကြီး တကားကြည့်နေရသလိုပဲ မသိဂါင်္ရေ...
ဖတ်လို့ကောင်းလိုက်တာ။ ရှည်ပေမယ့် ဘယ်လို ပြီးသွားမှန်းတောင် မသိဘူး။း)

မဒမ်ကိုး said...

ဟင်ပြီးသွားတာလား
မပြီးသေးဘူးမလားဟင်
အလုပ်ထဲကနေတောင်ခိုးဖတ်ရတယ် ကောင်းလိုက်တာမမရယ်
ဆက်မျှော်နေမယ်နော်

မဒိုးကန်

Anonymous said...

ဆက်ရန်ရှိသေးလား အစ်မ
ရှိရင်မြန်မြန်လေးတင်ပေးပါ
တရားခံကိုဖမ်းမမိသေးဖူးဆိုတော.
ဇာတ်လမ်းကမပြီးသေးဖူး မို.လား

မိုးခါး said...

မြန်မြန်ဆက်ပါဗျို့............ :D

မြသွေးနီ said...

အပိုင်း(၃)ကို ဆက်လက်စောင့်စားလျှက်...
စကားမစပ်..ဇာတ်အိမ်ကြီးတော့ ရုပ်ရှင်ရိုက်ရင် အတော်ကောင်းမှာ..။

jasmine(တောင်ကြီး) said...

ဦးမင်လနဲ့သူ့သားအကြီးကိုတော့အတော့ကို
အံ့သြနေမိတယ်
ဖြစ်ရလေဟယ် ကိုယ့်သားအရင်းကိုများ
ပီတာကလဲ လက်စားချေချင်လို့လူဝင်စားလာဖြစ်တာထင်တယ်
မြန်မြန်ဆက်ပါနော် စောင့်နေတဲ့ jasmine