16 June, 2013

ချစ်ခြင်းနဲ့ စကားစမြည်


အချစ်ခံရခြင်းမှာ ရူးသွပ်မှုက
သာသာယာယာ ရှိတတ်တယ်...
အဓိပ္ဗါယ်မဲ့ တွေးတောခြင်းတွေနဲ့ ကြီးစိုး
အတည်တကျ မရှိတဲ့ မျှော်လင့်ခြင်းတွေနဲ့
အသားတောင် ကျနေပြီ။

ချစ်ခြင်းတစ်ခုခုနဲ့
နက်နက်ရှိုင်းရှိုင်း မပတ်သက်ချင်ဘူး
ဘယ်သူ ဘယ်လိုပဲ ဆွဲဆောင် ဆွဲဆောင်ပါ
ကိုယ့်ကိုယ်ကို ချောက်ထဲ ခုန်ချဖို့ သတ္တိမှ မရှိလေတာ။

ဘယ်သူက ယုံကြည်ခြင်းကို ရက်ရက်ရောရော သက်သေပြဖူးသလဲ
ရက်အပိုင်းအခြား တစ်ခုလောက်သာ ငြိတွယ်ကြ စွဲလမ်းကြ
ချစ်ခြင်းလို့ ပြောပြောနေကြတဲ့ စကားတစ်ခွန်းရဲ့
သက်တမ်းကုန် ရက်စွဲက သိပ်မကြာတတ်တာ
သိသိ နေတော့ ခက်တယ်။

ကိုယ်ကိုကပဲ အတ္တ များတတ်လေသလား
ကိုယ်ကိုကပဲ သံသယ များတတ်လေသလား
ကိုယ့်နှလုံးသားကိုယ် ကာကွယ်တာပါ
ကိုယ့်ဘက်က ချစ်ခြင်းတစ်ခုကို ခိုင်ခန့်တည်မြဲစေခဲ့ရင်
တစ်ချိန်ချိန်မှာ တစ်ဖက်သက် ဖြစ်သွားမှာ စိုးရိမ်သူမို့။

ဒါပေမယ့်လည်းလေ
အားနာပါးနာ သံယောဇဉ်တွေက ဒုက္ခပေးတတ်မယ်ဆိုတာ သိသိနဲ့
တစ်ခါတလေ တွယ်ငြိခံဖူးတယ်။
အားနာပါးနာ စကားစမြည်တွေက
တစ်ယောက်ယောက်ရဲ့ မျှော်လင့်ချက်တွေကိုလည်း မတိုးစေချင်ဘူး။

ဒီလိုနဲ့ပဲ
စွဲလမ်းခြင်းတွေမှာ သာယာ ယစ်မူး ရူးသွပ်၊
သံယောဇဉ်တွေ ပြောင်းလဲ ပျောက်ဆုံး အသစ်ဖြစ်၊
ချစ်ခြင်းတွေကို ဆက်လက်ပြီး မယုံမကြည်နိုင်။
ဒီလိုနဲ့ပဲ
လျှောက်ဆဲ လမ်းမှာ တစ်ယောက်တည်း ပျော်မွေ့။

သိင်္ဂါကျော်

5 comments:

မိုးနတ်ကြယ်စင် said...

ဒီလိုနဲ့ပဲ
စွဲလမ်းခြင်းတွေမှာ သာယာ ယစ်မူး ရူးသွပ်
သံယောဇဉ်တွေ ပြောင်းလဲ ပျောက်ဆုံး အသစ်ဖြစ်
ချစ်ခြင်းတွေကို ဆက်လက်ပြီး မယုံမကြည်နိုင်....
ဒီလိုနဲ့ပဲ
လျှောက်ဆဲ လမ်းမှာ တစ်ယောက်တည်း ပျော်မွေ့

အဲ့အပုဒ်လေး ရိုးရိုးလေးနဲ့ အဓိပ္ပါယ်နက်တယ် :)

ပဥာက် said...

အချိန်တန်ရင်ဓားသွားထက်ကပျားရည်စက်ကိုပဲ တပ်မတ်ကြတာပဲဗျ..။ဘာပဲပြောပြောကျနော်ကတော့..ချစ်ခြင်းတရားရဲ့သိမ်မွေ့မူ့တွေကိုတော့ နှစ်သတ်တယ်.

လင်းခေတ်ဒီနို said...

ကိုယ်ကိုကပဲ အတ္တများတတ်လေသလား
ကိုယ်ကိုကပဲ သံသယများတတ်လေသလား
ကိုယ့်နှလုံးသားကိုယ် ကာကွယ်တာပါ . .

လှပသေသပ်တဲ့ အပိုဒ်လေး . .


ခင်မင်စွာဖြင့်
ဗညားရှိန်

Latt Latt said...

ဖတ်လို့ကောင်းလိုက်တာ

နွေတေးရှင် (မင်းဧရာ) said...

ထုသားပေသားကျ
ဒဏ်ရာကိုမှ
လာလာပြီး ပုတ်ခတ်ကြတယ်
ရုန်းမလွယ်တဲ့စိတ်ကြောင့်
ခဏ ခဏ အောင့်ခဲ့တဲ့ နှလုံးသားနဲ့
ဒီလမ်းကို ဖြေးဖြေးသွာပါ ။