“သင့် စိတ်ကူး စိတ်သန်း ကို ယုံကြည်လိုက်ပါ။ သင် လုပ်ကိုင်နေတဲ့ အရာကို ပြင်းပြင်းပြပြ စွဲလမ်း ဝါသနာကြီးခြင်း ဆိုတာ သင့် စိတ်ကူး၊ အကြံအစည်၊ ရည်ရွယ်ချက်ကို ယုံကြည်တဲ့ အချိန်အခါမှာ ရောက်လာပါလိမ့်မယ်။” လို့ ဂျပ်စ်တီနာ ကဗေးလ် (Justina Kavale) က ပြောပါတယ်။
ဂျပ်စ်တီနာ ကဗေးလ် ဟာ ၃၃ နှစ်အရွယ် ဆပ်ပြာနဲ့ အလှကုန် လုပ်ငန်းရှင် တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်ကပဲ နမီးဘီးယား မှာ ဆပ်ပြာ၊ ချေးချွတ်ဆေးနဲ့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စီးပွားရေး လုပ်ငန်းလေး တစ်ခုကို စတင်ခဲ့ပါတယ်။ သူမရဲ့ စီးပွားရေးကို အချိန်ပိုင်း လုပ်ဆောင် နေတဲ့ အချိန်မှာ ဂျပ်စ်တီနာ ဟာ သူမရဲ့ ပုံမှန် ၉ နာရီ - ၅ နာရီ အလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလေး တိုးတက်လာဖို့ မျှော်လင့်ချက်ထားပြီး အာရုံစိုက် လုပ်ကိုင်ခဲ့ပါတယ်။ ယခုတော့ သူမရဲ့ အိပ်မက် အတိုင်း ကိုယ်ပိုင် စီးပွားရေးကို အချိန်ပြည့်လုပ်ပြီး အောင်မြင်မှု လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါပြီ။
အာဖရိကန် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဆုကို ရခဲ့တဲ့ ဂျပ်စ်တီနာ ဟာ တခြား အာဖရိကန် စီးပွားရေး လုပ်ငန်းရှင်များကို အကြံဉာဏ် တစ်ချို့ ပေးခဲ့ပါတယ်။
အင်တာဗျုး မေးခွန်းတွေကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။
“ခင်ဗျားရဲ့ ကိုယ်ပိုင် ကုမ္ပဏီ ကို စတင်ဖို့ ဘာက တွန်းအားပေးခဲ့တာလဲ”
“ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းမှာ တက်ဖို့ စာရင်းသွင်းလိုက်တဲ့ အချိန်မှာပဲ ကျွန်မ ကိုယ်ပိုင် ကုမ္ပဏီ တစ်ခု စတင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ သင်တန်းမှာ သင်ခန်းစာ modules အမျိုးမျိုး ယူခဲ့ပါတယ်၊ ကျွန်မ လုပ်နေတဲ့ အလုပ်က ရာထူးနေရာမှာ အဲဒီ စွမ်းဆောင်ရည် (skills) တွေကို တွေကို အသုံးချခွင့် မသာခဲ့ပါဘူး။ အဲဒါကြောင့် ကျွန်မက ကိုယ်ပိုင် ကုမ္ပဏီ သာရှိရင် စာထဲက အချက်တွေကို ပိုပြီး ကောင်းကောင်း အသုံးချနိုင်မယ် လို့ တွေးခဲ့တာပါ။ တီထွင်မှု ဆိုတာ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ တစ်စိတ်တပိုင်း ဆိုတာမျိုး၊ ဈေးကွက် သုတေသန၊ စာရင်းကိုင်ပညာ နဲ့ တခြားဟာတွေ အများကြီးပါပဲ။ အဲဒီနောက် ကျွန်မ ကိုယ်ပိုင် ကုမ္ပဏီ ကို မှတ်ပုံတင်ပြီး ၂၀၁၂ မေလမှာတော့ အမှန်တကယ် ဖြစ်လာပါတယ်။
ဒါပေမယ့် ၂၀၁၂ မှတ်ပုံတင်ပြီးချိန် ကနေ ၂၀၁၄ အကုန်လောက် ဒီအိပ်မက်ကို လေ့လာသုံးသပ်ပြီး လှုပ်ရှားမှု မစခင်အထိ ကုမ္ပဏီဟာ ငြိမ်သက်နေပါသေးတယ်။ အဲဒီ အခိုက်အတန့်မှာ ကျွန်မ ထုတ်ကုန် နည်းနည်း ပဲ ထုတ်ဖြစ်ခဲ့ပြီး ELI တံဆိပ်နဲ့ အရောင်းမြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရေချိုးခရင်မ်၊ ပန်ကန်ဆေး ဆပ်ပြာ၊ နှုတ်ခမ်းနီ အဆီ တွေပါ။ နှစ်လ ကြာတိုင်း ထုတ်ကုန် အသစ် တစ်ခု ထပ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ”
“အလှကုန် ပစ္စည်းတွေ ထုတ်ဖို့ ဘာကြောင့် အာရုံစိုက် ဖြစ်ခဲ့တာလဲ၊ ဘယ်အရာက ခင်ဗျားကို သဘာဝ ပတ်ဝန်းကျင် မထိခိုက်တဲ့ ပစ္စည်းတွေ ထုတ်မယ့် စီးပွားရေး စိတ်ကူးကောင်းတွေ ဖြစ်စေတာလဲ”
“ကျွန်မက အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် ထုတ်ကုန်တွေ ထုတ်ဖို့ နဲ့ ဝန်ဆောင်မှုတွေ ပေးချင်ပါတယ်။ နမီးဘီးယား မှာ လူတိုင်းလို လုပ်နေတယ် လို့ ထင်ရတဲ့ လုပ်ငန်းတွေကိုလည်း မလုပ်ချင်ပါဘူး။ စားသောက်ဆိုင်၊ အိမ်တွင်း အလှဆင်၊ ဖျော်ဖြေရေး လုပ်ငန်းတွေကို ရှောင်ပြီးတော့ တစ်ခုခု မတူတာ လုပ်ချင်ပါတယ်။ ကျွန်မက ဝယ်တာတွေ၊ ပြန်ရောင်းတာတွေ မဟုတ်ပဲ ကိုယ်ပိုင် ကုန်ပစ္စည်း ထုတ်လုပ်ချင်တာပါ။ နမီးဘီးယား လုပ် ပစ္စည်း တွေ ထွက်ပေါ်ဖို့ အချိန်သင့်ပြီလို့ ထင်ပါတယ်။ နမီးဘီးယားမှာ သွင်းကုန်တွေကို အားထားနေရတာ များပြီး ပြည်တွင်း ဖြစ်က နည်းပါတယ်။ နမီးဘီးယားမှာ ဆပ်ပြာ ထုတ်တဲ့ ကုမ္ပဏီက ၄ ခုထက် နည်းပြီး ဆပ်ပြာတွေ၊ အလှကုန်တွေက သိပ် မပျံနှံ သေးပါဘူး။ ဈေးကွက်မှာ တခြားနိုင်ငံက သွင်းတဲ့ ဆပ်ပြာတွေပဲ များနေပါတယ်။
အဲဒီ အချိန်က ကျွန်မမှာ သဘာဝ ပစ္စည် ၁၀၀ ရာခိုင်နှုန်း သုံးထားတဲ့ နှုတ်ခမ်းနီ အဆီပဲ ရှိပါသေးတယ်။ ဒါပေမယ့် စိတ်ကူးကတော့ ပတ်ဝန်းကျင် မညစ်ညမ်းတဲ့ သဘာဝ ပစ္စည်းသုံး ထုတ်ကုန်တွေ တဖြည်းဖြည်း ထုတ်သွားဖို့ ပါ။ ကျွန်မမှာ အရင်းအနှီး ရလာတဲ့အခါ ဖြစ်လာမှာပါ။ ဆပ်ပြာနဲ့ အလှကုန် သုတေသန နဲ့ ထုတ်လုပ်မှု အတွက် ကျွမ်းကျင်သူတွေ ကလည်း ဈေးမပေါဘူးလေ။”
“နမီးဘီးယားမှာ စီးပွားရေး စလုပ်တဲ့အခါ အခက်အခဲဆုံး အပိုင်းက ဘာပါလဲ”
“အခက်အခဲဆုံး အပိုင်းကတော့ ဘဏ္ဍာရေး အခြေအနေပါ။ ဆပ်ပြာရည် ရောမွှေတဲ့ စက်နဲ့ ပထမဆုံး ကုန်ကြမ်းတွေ ရနိုင်ဖို့ကတင် မလွယ်လှပါဘူး။ ဒါပေမယ့် ကျွန်မ ဒါကို လုပ်ရပါမယ်။ ဘဏ္ဍာရေး အဖွဲ့ အစည်းတွေ ဆီကို အရင်းအနှီး ရဖို့ သွားခဲ့ပါတယ်။ ကျွန်မမှာ စီးပွားရေး လုပ်ပုံကိုင်ပုံတွေ၊ ထုတ်ကုန်တွေက ကျွန်မရဲ့ အယူအဆကို လွယ်လွယ်ကူကူ ရှင်းပြနိုင်ဖို့ အဆင်သင့် ရှိနေခဲ့ပါတယ်။ လိုအပ်တဲ့ စက်ပစ္စည်းတွေ ကုန်ကြမ်းတွေ ပြည်တွင်းကနေ ရဖို့က စိန်ခေါ်မှု တစ်ခုပါပဲ။ စက်တွေနဲ့ ဆပ်ပြာပုလင်းတွေကို တောင်အာဖရိက ကနေ တင်သွင်းရပါမယ်။ အဲလို လုပ်ရရင် သယ်ပို့ခနဲ့ ဝယ်ရတာတွေကြောင့် ထုတ်လုပ်တဲ့ ပစ္စည်းက ဈေးတက်တော့မှာပါ။ ဈေးကွက်မှာ လူအများစုကို သူတို့ နှစ်ပေါင်းများစွာ သုံးလာတဲ့ ပစ္စည်းတွေကို ပြောင်းပြီး သုံးကြည့်ဖို့ ဆွဲဆောင်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်မ စဉ်းစားမိတာက လူတွေဟာ တစ်ခါတလေ ပြည်တွင်း ထုတ်ကုန်တွေကို သံသယ ရှိနေတဲ့ သဘော ရှိနေပါတယ်။ ဒီအမြင်ကို ကျွန်မက ပြောင်းပစ်ချင်ပါတယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်ကတော့ အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေ ထုတ်ချင်တာပါ။”
“ခင်ဗျား ကိုယ်ပိုင် စီးပွားရေး စလုပ်တုန်းက လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေထဲကနေ တစ်ခြားလူတွေကို ဘာများ အကြံဉာဏ် ပေးချင်ပါသလဲ”
“ရှင့် စိတ်ကူး စိတ်သန်း ကို ယုံကြည်လိုက်ပါ။ ရှင် လုပ်ကိုင်နေတဲ့ အရာကို ပြင်းပြတဲ့ စိတ်အားထက်သန် စွဲလမ်းမှု ဆိုတာ ရှင့် စိတ်ကူး၊ အကြံအစည်၊ ရည်ရွယ်ချက်ကို ယုံကြည်တဲ့ အချိန်အခါမှာ ရောက်လာပါလိမ့်မယ်။ ရှင် အဲဒီ အရာကို ယုံကြည်တယ် ဆိုရင် ရှင် ရည်ရွယ်တဲ့ ဝယ်သူတွေ ဆီကို ရှင့်ရဲ့ စိတ်ကူးတွေကို မိတ်ဆက်ပေးဖို့၊ ရောင်းချဖို့ လွယ်ကူ လာပါလိမ့်မယ်။ စီးပွားရေး နဲ့ ပတ်သက်ပြီး စိတ်အားထက်သန်တဲ့ ၊ လူမှုအဖွဲ့ အစည်းရဲ့ လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်တဲ့ လူတွေ ဆီကို ပြောဖို့လည်း အရေးကြီးပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ဖို့ နဲ့ ပတ်သက်တဲ့ ရှင့်စိတ်ကူးကို မြှင့်တင်နိုင်မယ့် Forums (ဆွေးနွေးပွဲ) တွေမှာ ပါဝင်ပါ။ အဲဒီလို ဆွေးနွေးပွဲတွေ တက်တဲ့ အခါတိုင်းမှာ ရှင့်ကို ပိုပြီးတော့ တွန်းအားတွေ ဖြစ်စေပြီး သင့် စိတ်ကူး အကြံအစည်ကို အကောင်အထည် ဖော်ချင်စိတ်တွေ ပေါ်လာမှာပါ”
အာဖရိကန် သန်းပေါင်းစွာ လိုပဲ ဂျပ်စ်တီနာ မှာလည်း အိပ်မက်တစ်ခု ရှိခဲ့ပြီး အဲဒီ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။ သူမရဲ့ ပန်းတိုင်ကို ရောက်အောင် စိန်ခေါ်မှု အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ အရေးကြီးတာကတော့ သင့်မှာ ထက်သန် ပြင်းပြတဲ့ စိတ်ထားနဲ့ ရည်မှန်းချက်ကို အောင်မြင်ချင်တဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားဖို့ပဲ ဖြစ်ပါတယ်။ အခုအခါမှာ ဂျပ်စ်တီနာ ဟာ သူမရဲ့ ထုတ်ကုန်တွေကို ထုတ်လုပ် ရောင်းချ နေပါပြီ။ သူမရဲ့ တံဆိပ် ဟာ အိမ်သုံး တံဆိပ် တစ်ခုအနေနဲ့ နာမည် ရလာခဲ့ပါပြီ။
စွန့်ဦးတီထွင် လုပ်ငန်းရှင် ဖြစ်ချင်သူတွေ အနေနဲ့ မိမိ စွန့်စားလိုတဲ့ စီးပွားရေး ဧရိယာ နဲ့ ပတ်သက်ပြီး သုတေသန ပြုဖို့ ၊ ဈေးကွက် အခြေအနေ၊ အရွယ်အစား ကို သေချာ လေ့လာထားဖို့ အရေးကြီးပါတယ်။ သင် ထုတ်ချင်တဲ့ ထုတ်ကုန် သို့ ဝန်ဆောင်မှုဟာ ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အမျိုးအစား ဖြစ်ဖို့လည်း လိုပါတယ်။
စီးပွားရေး လုပ်ငန်းတစ်ခုကို စတင် လုပ်ကိုင်ဖို့ ဆိုရင် အရင်းအနှီး ကလည်း အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ စီးပွားရေး စီမံချက် plan ကို သေချာ ရေးဆွဲထားတယ်၊ စိတ်ကူး အကြံဉာဏ် ကောင်းကောင်း ရှိတယ် ဆိုရင် ရင်းနှီးမြှုပ်နှံမယ့် သူတွေကို ရှာလို့ ရနိုင်ပါတယ်။
အာဖရိက မှာတော့ ငယ်ရွယ်တဲ့ စီးပွားရေး လုပ်ငန်း လုပ်ချင်သူတွေအတွက် ရင်းနှီး မြှုပ်နှံပေးမယ့် လုပ်ငန်းကြီးတွေ အများအပြား ရှိပါတယ် လို့ အာဖရိက က စီးပွားရေး လုပ်ချင်သူတွေ အတွက် အကြံပေးထားပါတယ်။
သိင်္ဂါကျော်
Reference: https://africanentrepreneurshipaward.com
http://luckypesa.com