မက တည်တည်ငြိမ်ငြိမ်ပါပဲ
ကျွန်တော်ကသာ လှုပ်ခတ်နေတာ
ဆယ်ကျော်သက်လေးလည်း မဟုတ်ပါပဲ။
အပြင်မှာတော့
ကျွန်တော်က ထက်မြက်တဲ့ ယောက်ျားတစ်ယောက်
မ ရှေ့ မှာတော့
ယုန်သူငယ်လို နူးညံကြင်နာတတ်သူ။
တောက်ပ စူးရှတဲ့
မ မျက်ဝန်းလှလှတွေရဲ့ အကြည့်အောက်
ကျွန်တော် ဘယ်တော့မှ လိမ်ညာမပြောဝံ့။
နူးညံမွှေးပျံတဲ့ ဆံနွယ် ရှည်ရှည်တွေကို ချစ်တယ်
ထင်ထင်လင်းလင်း မျက်ခုံးအောက်က
ထက်ထက်မြက်မြက် မျက်ဝန်းတွေကို ချစ်တယ်
နှာတံ စင်းစင်းလေး အောက်က
နှင်းဆီသွေး နှုတ်ခမ်းဖူးလေးကို ချစ်တယ်။
အလှမပြင်တတ်တဲ့
သနပ်ခါးပါးပါး မျက်နှာလေးကို ချစ်တယ်။
ခပ်မြန်မြန် လမ်းလျှောက်တတ်ပေမယ့်
ဣန္ဒြေပျက်မသွားတဲ့ ကိုယ်ဟန်လှပုံလေးကို ချစ်တယ်
မြန်မာဆန်ဆန် အမြဲဝတ်တတ်ပေမယ့်
ပျော့ညံညံ မိန်းမပုံ မပေါက်တဲ့
ဆုံးဖြတ် လုပ်ကိုင်တတ်တာတွေကို လေးစားတယ်။
ကျွန်တော် မရှိလည်း
မ က ဘာမှ မဖြစ်ဘူးလို့ ထင်ရပေမယ့်
ကျွန်တော့် အတွက်တော့
ခံစားချက်မဲ့တဲ့ စက်ရုပ်တစ်ရုပ် ဖြစ်သွားလောက်တယ်။
ကျွန်တော့်ကို လွမ်းရင်တောင်
မ က အများမသိအောင် ကြိတ်ငိုမယ့်သူ
ကျွန်တော် လွမ်းပုံကတော့
အမူအရာ ပျက်လွန်းလို့
တစ်လောကလုံး ရိပ်မိလောက်တယ်။
သိင်္ဂါကျော်
23.12.2017