အဲဒီလမ်းမကြီးက
၂၄ နာရီလုံးလုံး အသုံးတော်ခံနေရတယ်။
တရွေ့ ရွေ့ များများ သွားတာနဲ့
ခပ်ကျဲကျဲ ခပ်မြန်မြန် ပဲ ကွာတယ်။
တိတ်ဆိတ်မှ အိပ်ပျော်မယ့်သူဟာ
အဲဒီ လမ်းမကြီးဘေးမှာ
နေလို့ မရနိုင်ဘူး။
အရင်ခေတ်က
ဇော်ဝင်းရှိန် သီချင်းကို ပြန်သတိရတယ်
ကားတွေပေါတဲ့အထဲ
တစ်စီးမှ ကိုယ်မပိုင်တာ ခုချိန်ထိ။
ညဟာ
အိပ်စက်ခြင်းကို သိမ်းပိုက်ရမယ့် တာဝန်ရှိရဲ့
လမ်းပေါ်က သွားလာမှုတွေကတော့
အပျော်တွေလား၊ ဘဝတွေလား
ထွေပြားစရာ။
ဘဝကို လက်လွှတ်ချင်စိတ်တွေ
ပြည့်နေတဲ့ လူတစ်ယောက်
သတ္တိကြောင်ကြောင်နဲ့ ပဲ
အဲဒီ လမ်းမကြီးဘေးမှာ နေထိုင်နေတယ်။
ဘယ်လိုပဲ
ဘာကိုမှ မကြိုးစားချင်တော့ဘူး ဆိုပေမယ့်
ဘာကိုမှ မမျှော်လင့်ချင်တော့ဘူး ဆိုပေမယ့်
အသက် တစ်နှစ် ကြီးမလာချင်တော့ဘူး ဆိုပေမယ့်
အဲဒီ လမ်းမကြီးပေါ်မှာ လှဲမအိပ်ဝံ့ဘူး။
အဆောက်အအုံ အမြင့်ကလည်း ခုန်မချဝံ့ဘူး။
အဲလိုနဲ့
အဲဒီလူလည်း
အဲဒီ လမ်းမကြီးဘေးမှာ နေထိုင်ဆဲ။
သိင်္ဂါကျော်
7.2.2018
11:00 PM