04 September, 2008

အသံတွေရဲ့အကြောင်း

အသံတွေနဲ့ ဆူညံနေတဲ့ ပတ်ဝန်းကျင်ကို သူမုန်းသည်။ သူမုန်းတဲ့ အသံ အမျိုးအစားတွေကလည်း တော်တော်များ သည်။ သူ့ အတွက် တိတ်ဆိတ်သော ပတ်ဝန်းကျင် တစ်ခုက ရွှေထက်ရှားနေသော အချိန်တွေ ကလည်း တော်တော် များခဲ့သည်။

ရန်ကုန်မှာ ကျောင်းလာနေရတယ် ဆိုကတည်းက ကိုယ်ပိုင်တိုက်ခန်း မရှိသူ အားလုံးအတွက် အဆောင်ရှာပြီး နေကြရတာ ထုံးစံပါ။ အဲဒီမှာ သူ့အတွက် ကျေနပ်လောက်သော နေရာကို မရခဲ့တာများသည်။

သူက သူကိုယ်သူ သိပ် ဥာဏ်မကောင်းလှသူ ဟုထင်သည်။ ဆူညံသော ပတ်ဝန်းကျင်မှာ စာကျက်လျှင် တော်တော်နှင့် စာမရတတ်။ တိတ်တိတ် ဆိတ်ဆိတ် ဆိုလျှင်တော့ ခဏလေးနှင့် ရလွယ်သည်။ အာရုံစူးစိုက်နိုင်စွမ်း သိပ်မရှိတာလည်း ဖြစ်နိုင်သည်။ သူ ဆိုတာကလည်း အတွေးများသူ၊ စိတ်ကူးယဉ်တတ်သူလည်း ဖြစ်သေးသည်။ သူစာကျက်ချင်သော အချိန်မှာ ကျက်မရသောအခါ… သူ တိတ်တဆိတ် တွေးနေ ဆွေးနေ တုံးမှာ အနှောက်အယှက် များလာသော အခါ… အသံတွေကို မုန်းလာသည်။

အပြင်ဆောင်မှာ အပြင်လူတွေနှင့် ရောနေရသော အခါက တခြားလူတွေက တီဗွီက ဇာတ်လမ်းတွေကို အကျယ်ကြီး ဖွင့်ကြသည်။ ဘောလုံးပွဲတွေကို အကျယ်ကြီး ဖွင့်ကြသည်။ ညနက်သန်းခေါင် အထိ စကားတွေများ ကြသည်။ အတူနေ သူငယ်ချင်းကလည်း သူများ ကို အားနာ သိတတ်ရမှန်း မသိ၊ အသံ အကျယ်ကြီး အော်၍ စာကျက်တတ်သည်။ သူ့အတွက်တော့ အဲဒီ အဆောင်မှာ နေရစဉ်အခါက ငရဲကျသလိုပင်။ ပိုင်ရှင်တွေ ကလည်း သဘောကောင်းကြပါသည်။ ဆိုင်မှာ ဖြစ်သလို ၀ယ်စားသော သူတို့နှစ်ယောက်ကို မကြာခဏလည်း အိမ်ထမင်း အိမ်ဟင်း ချက်ကျွေးတတ်သည်။ သူငယ်ချင်းကိုလည်း ခင်ပါသည်။ သို့ပေမယ့် စာမေးပွဲ နီးလာချိန်မှာတော့ သူ့အတွက် ဒုက္ခအကြီးအကျယ် ရောက်ပြီး စိတ်ဆင်းရဲရသည်။ အဆုံးသတ်တော့ တစ်နှစ်လုံး ရည်းစားနှင့် တွဲနေပြီး စာမေးပွဲနီးမှ အသံကျယ်ကြီးနှင့် စာကျက်တတ်သော သူငယ်ချင်းက Roll No ကောင်း၍ သူကတော့ Roll တော်တော် နောက်ရောက်သွားသည်။

အဲဒီ အဆောင်မှာ နှစ်နှစ်ပြီးတော့ နောက်နှစ်မှာ ထပ်မနေရဖို့ သူတော်တော် ဆုတောင်းလိုက်ရသည်။ နောက်တစ်နှစ် အဲဒီ ငရဲထဲမှာ ထပ်နေရလျှင် သူ စာမေးပွဲ ကျသွားနိုင်သည်။ နောက်နှစ်ကျတော့ အဆောင်ပြောင်းဖြစ်၍ တော်သေးသည်။ အစိုးရဆောင် တစ်ခုမှာ နားလည်မှုနှင့် နေရခြင်းဖြစ်သည်။ စရောက်သောနှစ်က ထိုအဆောင်မှာ ဘယ်သူမှ သိပ်မရှိ။ သူ့အတွက် တော်တော် အဆင်ပြေသည်။ နောက်တစ်နှစ်ကျတော့ သူ့လို နားလည်မှုနှင့် လခပေးနေသူတွေ ထပ်ရောက်လာသည်။ သိပ်တော့ မများသေး…။ သူကတော့ အသံတွေ မကြားရအောင် စောစောစီးစီးပဲ အခန်း တံခါးပိတ်ပြီးနေသည်။ အဲဒီနောက်တစ်နှစ်… သူThesis စလုပ်သည့်နှစ်မှာတော့ တရားဝင်နေသူ တွေရာ တရားမ၀င် နေသူတွေပါ အဆောင်မှာ အရမ်းများလာသည်။ တော်သေးတာက သူလည်း စာမေးပွဲ ဖြေစရာ မလိုတော့၍ပင်။

ကျောင်းပြီးတော့ သူ အစိုးရအလုပ် ၀င်သည်။ နယ်ပြောင်းရသည်။ အသံတွေက သူ့ကို သိပ်အနှောက်အယှက် ဖြစ်လှသည်ဟု မခံစားမိတော့။

ဘွဲ့လွန်ပြန်တက်ဖို့ စဉ်းစားပြီး တက်နေချိန် မှာတော့ အသံတွေကို မုန်းသည့် ခံစားချက်က ပြန်ရောက်လာပြန်သည်။ သူစာကြည့်ချင်သည့် အချိန်မှာ စကားတွေပြောကြ၊ ရယ်ကြ၊ သီချင်းတွေ အကျယ်ကြီးဖွင့်ကြ …။ အဲဒီ အသံတွေကို သူမုန်းသည်။

တကယ်တန်းတော့ သူက ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ပဲ တစ်ယောက်တည်း ခွဲပြီး သီခြား နေသည့် ခွကျကျ လူတစ်ယောက်တော့လည်း မဟုတ်ပြန်။ ပြောကြ ဆိုကြ ရယ်မောကြတဲ့ အထဲ သူလည်း မကြာခဏ ပါလေ့ရှိသည်။ သူ့ အာရုံတွေက အဲဒီလို ဖြန့်ကျက်တတ်လို့လည်း သူက ဒီလို ဆူညံတဲ့ ပတ်ဝန်းကျင် တွေကို မကြိုက်ခြင်း ဖြစ်သည်။

တစ်ယောက်တစ်ခန်း နေရတဲ့ အဆောင်ပြောင်းရ ပြန်တော့လည်း သီးသန့် ဖြစ်သွားတာသာ ရှိလျှက် တစ်ဆောင်လုံးမှ အသံ မျိုးစုံကိုတော့ ကြားနေရဆဲပင် ဖြစ်သည်။ ညည ဆိုလျှင် လက်ဖက်ရည်ဆိုင်တန်း အလား ထင်ရလောက်အောင်ပင် သီချင်းတွေကို တစ်ထပ်လုံး ကြားရလောက်အောင် ဖွင့်ကြသည်။ တစ်ခါတရံ အိမ်နီးနားချင်း အခန်းတွေက သီချင်း တစ်ခွေဆို တစ်ခွေ ကိုပဲ မရပ်မနား ဖွင့်ကြသေးသည်။ သူက သီချင်းတစ်ပုဒ်ကို ဘယ်လောက်ပဲ ကြိုက်ပါစေ ထပ်ကာ ထပ်ကာ ရစ်ပြီး နားမထောင်တတ်။ ပိတ်ရက် နေ့လည်တွေမှာ ဖွင့်တာက ကိစ္စမရှိဘူးလို့ ပြောနိုင်ပေမယ့် နေ့လည် တစ်ရေးတစ်မော အိပ်ချင်တဲ့နေ့ ကြပြန်တော့ စိတ်အနှောက်အယှက် ဖြစ်မိပြန်သည်။ ဒါပေမယ့်လည်း ထားပါတော့… နေ့လည် ဖွင့်တာကတော့…။ ညနက်တဲ့ အထိ ဖွင့်တာကသာ ပိုဆိုးတာ…။ သူကိုယ်တိုင်က သီချင်းကြိုက်တတ်သူ ဖြစ်ပါလျှက် တစ်ချို့သီချင်းတွေကို ထပ်ကာ ထပ်ကာ ကြားရပါများပြီး မုန်းတောင် မုန်းချင်သည်။ သူကိုယ်တိုင်က “I can’t live without music” ရယ်လို့ ကိုယ့်ကိုကိုယ် ပြောမိသူ ဖြစ်ပါလျှက် ဒီလို မဖြစ်သင့်မှန်းတော့ ကိုယ့်ကိုကိုယ် သိသည်။ ဒါပေမယ့်လည်း သူအခန်းထဲမှာ သူ့ဟာသူ ဖွင့်တာက ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်စေရအောင် ဖွင့်ခြင်းသာ ဖြစ်သည်။ သူ အမြဲတမ်း ဖွင့်ပေမယ့်လည်း ခပ်တိုးတိုးနှင့် သူ့အခန်းထဲ ကြားရရုံ လောက်သာ ဖြစ်သည်။ တစ်ချို့ကတော့ အဲဒီလို အလေးမထားတတ်။ သူတစ်ပါးဘက်က ထည့် မစဉ်းစားတတ်။ သူတစ်ပါး အနှောက်အယှက် ဖြစ်မဖြစ် ကိုလည်း မတွေး။ ကိုယ့် အခန်းထဲ ကိုယ့်ဟာကိုယ် ဘာလုပ်လုပ် ရသည်ဟု တစ်ကိုယ်ကောင်း ဆန်ဆန် ထင်ကြသည်။ တစ်ထပ်လုံး ကြားလောက်သည့် စကားပြောသံတွေနှင့် မိုးမှမလင်းသေးခင် ကြားရတတ်သော ရေချိုးခန်းပြန် တကျီကျီ ဖိနပ်သံတွေကို ပါ ထည့်ပြောနေလျှင်တော့ သူ လွန်ရာ ကျတော့မည်။ အချိန်တွေကြာလာလို့ ကျင့်သားရနေပြီ ဖြစ်ပေမယ့်လည်း အဲဒီအသံတွေကို မုန်းနေဆဲ..။ သူမုန်းတဲ့ အသံတွေကို စာရင်းလုပ်ရလျှင် အတော်တော့ ရှည်လျားလိမ့်မည်။ အဆောင်ကို မနက်အစောကြီး လာပြီး မုန့်အော်ရောင်းသည့် ဈေးသည်တွေရဲ့ အသံရော၊ စောစောစီးစီး သူ့အခန်းအောက်တည့်တည့်မှာ တွန်တတ်တဲ့ ကြက်ဖသံ ပါမကျန် ပါနိုင်သည်။

ကျောင်းပိတ်ရက် အိမ်ပြန်ရောက် ပြန်တော့လည်း ဟိုးငယ်ငယ် ကလို အိမ်ပတ်ဝန်းကျင်က မတိတ်ဆိတ်တော့။ မနက်မနက် အိမ်ရှေ့အထိ ရောက်နေသည့် ပျံကျ ဈေးသည် တွေရဲ့ အသံတွေက အစောကြီး ကတည်းက ဆူညံ ပွက်လောရိုက်နေသည်။

အဲဒီအပြင် ပိုဆိုးတာက… အိမ်ရှေ့ ကမ်းနားမှာ… မြစ်ကမ်းပါး ပြိုကျတာ ကာကွယ်ဖို့ လုပ်ရမည့် ကျောက်စီနံရံ ကတော့ ဘယ်တော့မှ မလုပ်ဖြစ်တော့ပဲ၊ ပြည်သူပိုင်မြေ ကို ကိုယ်ပိုင်မြေလုပ်ပြီး ရောင်းစားပစ်ကြသည့် ဆိုင်ရာပိုင်ရာတွေကြောင့်၊ အိမ်ရှေ့မှာ အရင်ကလို တစ်ဖက်ကမ်းက ရွှေဘုံသာ ဘုရားကိုလည်း လှမ်းမမြင်ရ၊ မြစ်ကြီး နဲ့ တောင်တန်းတွေနဲ့ သာသာယာယာ ရှုခင်း ကိုလည်း မမြင်ရတော့ပဲ လူနေနေသည့် တဲတွေနှင့် ပိတ်သွားပြီဖြစ်သည်။ တဲတွေ ဆိုပေမယ့်လည်း တီဗွီနဲ့ ဆောင်းဘောက်စ် နဲ့မို့ သူ အရမ်းမုန်းသည့် တောသီချင်း တွေကို ကျယ်ကျယ် လောင်လောင် ဖွင့်ကြပြန်သည်။

တစ်ချို့ ညနေတွေမှာ အရူးမ တစ်ယောက်က အိမ်ရှေ့လမ်းမမှာ တောင်စဉ်ရေမရ လျှောက်ပြောနေတာမျိုး ကလည်း ရှိသေးသည်။ သူက ဒါမျိုးတွေကိုလည်း မကြားချင်။ တခြား တခြားသော သူမုန်းသည့် အသံတွေလည်း အများကြီး ရှိသေးသည်။ ဥပမာ ရန်ဖြစ်တဲ့ အသံတွေ၊ မီးသတ်ကား ဥသြဆွဲသံတွေ… အများကြီး ရှိသေးသည်။

လူတွေထဲမှာ နေမှတော့ ပတ်ဝန်းကျင်က အသံတွေနှင့် မကင်းနိုင်ပါ။ မကြားချင်လျှင်တော့ (စကားများသော ဥပုသ်သည်တွေ မလာတတ်သော) တောရချောင် တစ်ခုခုမှာ သွားနေဖို့သာ ရှိသည်။ လောကီလူ့ဘောင်ကို အပြီးတိုင် စွန့်လျှင်တော့ ပိုကောင်းတာပေါ့ နော့။ ဒီလိုတော့လည်း သူက ပါရမီပြည့်သေးသူ မဟုတ်ပါ။ သူကိုက တရားမရှိတာ… သူကိုယ်တိုင်လည်း သိသားပင်။

အသံတွေနဲ့ ဝေးရာ သူကျေနပ်နိုင်မည့် သူပိုင် အိမ်နေရာ တစ်ခုလောက် ၀ယ်နိုင်ဖို့ ဆိုတာကလည်း (ဒီအသက်အရွယ် ရောက်နေပေမယ့်) သူနှင့် အဝေးကြီးပါ။ အဲဒီတော့လည်း သူမုန်းသည့် အသံတွေကြားထဲ နေနေရဆဲပင်…။

(သိင်္ဂါကျော်)

02 September, 2008

ထီပေါက်စေနိုင်သော(ကံစမ်းမဲပေါက်စေနိုင်သော)ဂါထာ


ဧတဒင်္ဂံ ဘိက္ခဝေ မမသာဝကာနံ

ဘိက္ခူနံ ပထမံ သလာကံ

ဂဏှံတာနံ ယဒိဒံ ကောဏဒါနော

သီဃံ သိဉ္စတု မေ ဓနံ

ဧတေန သစ္စ၀ဇ္ဇေန ဧ၀ံမေဟောတု။


အနည်းဆုံး တစ်နေ့လျှင် ၁၀၈ လုံး ပုတီးဖြင့် တစ်ပတ်၊ အနည်းဆုံး ၉ ရက် အဓိဌာန်၍ စိပ်ပါ။

22 August, 2008

အနောက်တောင်ဘက် အခန်း


‘‘ အက်ကွန်က ဆရာမ ဒီနေ့လာလိမ့်မယ် ’’ အကြီးမ ဆိုဖီယာဂေးလ် ကပြောသည်။

‘‘ဟုတ်ပါရဲ့’’ အငယ်မ အမန်ဒါဂေးလ် ကထောက်ခံသည်။

‘‘ငါ သူ့ကို အနောက်တောင်ဘက် အခန်းမှာ ထားမလို့’’ ဆိုဖီယာက ပြောသည်။

အမန်ဒါ က သူ့အစ်မကို ကြောက်လန့်တကြား ကြည့်ပြီး ‘‘နင် အဲဒီလို မလုပ်သင့်ဘူးထင်တယ်’’ ဟုပြောသည်။

‘‘ဘာဖြစ်လို့လဲ’’ ဆိုဖီယာက စူးစူးရှရှ အော်သည်။ သူ့ညီမ ထက်ပင် အကဲဆတ်နေသည်။

‘‘ငါမသိဘူး ဒါပေမယ့် အန်တီ ဟာရက် သေပြီးတာတောင် သိပ်မကြာသေးပဲ အဲဒီအခန်းထဲမှာ သူ့ကို မအိပ်ခိုင်းသင့်ဘူး’’

‘‘အရူးစကားတွေ… ဒီအိမ်ထဲမှာ လူမသေဖူးတဲ့ အခန်းကို နင်ရှာကြည့်စမ်းပါဦး၊ ဒီလောက် ဆွေမျိုးများတာ လူမသေဖူးတဲ့ အခန်းဆိုတာ ရှိမှာကို မဟုတ်ဖူး’’ ဆိုဖီယာက ပြောသည်။

‘‘အရှေ့မြောက်အခန်းက သေးလည်းသေးတယ်၊ ပူလည်းးပူတယ်လေ၊ သူက နောက်တစ်နှစ်လုံးနေမယ့်ဟာ… နင် ဟိုအခန်းကိုပဲ သွားရှင်းလိုက်စမ်းပါ ’’

သူ့အစ်မ မီးဖိုထဲ သွားနေခိုက်မှာ အမန်ဒါ က သူ့အလုပ်သူလုပ်ဖို့ အနောက်တောင် အခန်းကို သွားသည်။ ဒီအရွယ် အမျိုးသမီးတစ်ယောက် အတွက် အဲဒီ အခန်းထဲကိုဝင်ဖို့ ဘယ်လောက်တောင် ကြောက်ရွံ့မိတယ် ဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါ။ သူမမှာ ဘာကြောင့် အဲဒီလောက် အကြောက်တရားတွေ ရှိနေတယ် ဆိုတာလည်း သူမကိုယ်သူမမသိ။

အခန်းက အတော်ကြီးမားပြီး ပြတင်းပေါက် လေးခု ပါသည်။ တောင်ဘက်မှာ နှစ်ခု၊ အနောက်ဘက်မှာ နှစ်ခု… ပိတ်လျှက်သား…။ အခန်းက အစိမ်းရောင် ပိတ်ကား ခပ်မှောင်မှောင်လိုဖြစ်နေသည်။ ပရိဘောဂတွေကလည်း မှုန်ဝါးဝါး အရိပ်တွေလို။

အမန်ဒါက ပြတင်းပေါက်တွေကို ဖွင့်လိုက်သည်။ မူမမှန်တဲ့ အရိပ်အရောင်တွေ မရှိတော့သလို ထင်ရသည်။ ခုတင် နှင့် ပက်လက်ကုလားထိုင် ပေါ်တွင် ဒေါင်းရုပ်များပါသော အ၀တ်စဖြင့် ဖုံးအုပ်ထားသည်။ ထိုကုလားထိုင် မှာ အရင် ဒီအခန်းမှာ နေထိုင်သူ၏ အကြိုက်ဆုံး ကုလားထိုင်ဖြစ်သည်။ နံရံကပ် ဘီဒိုကြီးမှာ တံခါး ပွင့်နေပြီး အထဲတွင် ခရမ်းရောင် အစ တစ်ခု ထွက်နေသည်ကို တွေ့ရသည်။ သူ့အစ်မ အခန်းရှင်း စဉ်က ကျန်ခဲ့သည်ဟု ထင်လိုက်သည်။ ဆွဲထုတ်ကြည့်လိုက်တော့ အန်တီ ၏ ခရမ်းရောင် ည၀တ်အင်္ကျိ တစ်ထည် ဖြစ်နေသဖြင့် ပက်လက်ကုလားထိုင်ပေါ် ပြန်တင်ထားလိုက်သည်။ အန်တီ ဟာရက် က အမြဲတမ်း အဲဒီ အင်္ကျိ အိပ်ကပ်ထဲမှာ Lovage တွေ ထည့်စားတတ်သည်။

အမန်ဒါ အနံတစ်ခုခု ရသလိုထင်မိသည်။ သူ အခန်းကို ရှင်းနေစဉ် တစ်လျှောက်လုံး Lovage အနံကို ရနေသည်။ ပရိဘောဂတွေကို ဖုန်သုတ်ပြီး အိပ်ရာခင်းသည်။ ခရမ်းရောင် ည၀တ်အင်္ကျီကို ထပ်ခိုးပေါ်က သေသူအမျိုးသမီး ၏ ပစ္စည်းတွေထားသော သေတ္တာထဲတွင် ထည့်ထားလိုက်မည်ဟု စဉ်းစားလိုက်သည်။ ခရမ်းရောင် ည၀တ်အင်္ကျီမှာ ပက်လက်ကုလားထိုင် ပေါ်တွင် မရှိတော့ပါ။

အမန်ဒါဂေးလ် က အမှတ်သညာမရှိသော မိန်းကလေး မဟုတ်ပါ။ ပက်လက်ကုလားထိုင် ပေါ်တွင် တင်ခဲ့တာ ကို သူ သေချာ မှတ်မိပါသည်။ သူ အမှတ်မှားတာလည်း ဖြစ်နိုင်သည် ဟု ချက်ချင်း ပြန်တွေးလိုက်ပါသည်။ ဘီဒိုကြီး ထဲတွင် ပြန်ရှာဖို့ ကြည့်လိုက်တော့ ဘီဒိုကြီး က ပွင့်နေသည်။ သူ ခုနက ပိတ်ခဲ့မိသည် ဟုသည်။ ဒါပေမယ့်လည်း မသေချာပါ။ ကုတင်အောက် နှင့် အံဆွဲတွေထဲ ကိုပါ ရှာသည်။ တစ်ခန်းလုံး အနှံ ရှာသည်။ ခရမ်းရောင် ည၀တ်အင်္ကျီင်္ိ ကို ဘယ်မှာမှ မတွေ့ရတော့ပါ။ ခရမ်းရောင် ည၀တ်အင်္ကျီင်္ိ ကို သူမြင်ခဲ့တာတော့ သေချာပါသည်။ ဖြစ်နိုင်တာ တစ်ခုတော့ ရှိသည်။ သူအခန်းရှင်းနေတုန်း အစ်မ နောက်က ၀င်လာပြီး အဲဒါ ကို ယူသွားတာ ဖြစ်နိုင်သည်။

အပြင်ကို အမြန်ပြေးထွက်ပြီး ဆိုဖီယာ ရှိရာ မီးဖိုချောင်ကို ဆင်းလာခဲ့သည်။ ဆိုဖီယာ သည် ကိတ်မုန့်ဖုတ်နေပြီး အ၀ါရောင် ခရမ် ကို အပေါ်ယံမှာ တင်ဖို့ လုပ်နေသည်။ “လုပ်ပြီးသွားပြီလား” သူမက မေးသည်။ “ပြီးပြီ” အမန်ဒါ ကပြန်ဖြေပြီး တုန့်ဆိုင်းဆိုင်းဖြစ်နေသည်။ ရုတ်တရက် ကြောက်စိတ် ၀င်လာသည်။ ဆိုဖီယာ က ကိတ်မုန့်ကို ထားပြီး အပေါ်ထပ်ကို လာမှာ မဟုတ်ပါ။

‘‘အဲဒါပြီးရင် ပဲတွေ အခွံခွာစမ်းပါ ညစာ အချိန်မီ ချက်ရမယ်လေ’’

အမန်ဒါ က စားပွဲပေါ်က ပဲဗန်း ဆီသွားပြီးနောက် သူ့အစ်မကိုကြည့်ကာ “အန်တီ ဟာရက်အခန်းမှာ ငါရှိတုန်း နင်လာသေးလား” ဟုမေးသည်။ ဘယ်လို ဖြေမယ်ဆိုတာ သိနေပါသည်။

‘‘အပေါ်ထပ်က အခန်း ကိုလား မလာပါဘူး၊ ဘာဖြစ်လို့လဲ’’

‘‘ဘာမှ မဟုတ်ပါဘူး’’

သူ့အစ်မကို ပြန်မပြောဖို့ ဆုံးဖြတ်လိုက်သည်။ ဆိုဖီယာက သူ့ကို ရူးရူးနှမ်းနှမ်း အတွေးခေါင်နေသည် ဟု ထင်လိမ့်မည်။

နောက်တစ်နာရီ အတွင်း အမျိုးသမီး နှစ်ယောက်စလုံး အလုပ်များနေကြတော့သည်။ သူတို့အိမ်တွင် အိမ်အကူလည်း မရှိပါ။ သူတို့အမေသည် မိဘဆွေမျိုးများ သဘောမတူသော လူနှင့် လက်ထပ်ခဲ့သောကြောင့် ဤအိမ်ကြီးမှ ထွက်ခဲ့ရသည်။ သူတို့ညီအစ်မသုံးယောက်ကို မွေးခဲ့ပြီး အလုပ်ပင်ပန်းမှုများကြောင့် သက်ဆိုးမရှည်ခဲ့။ ညီအစ်မသုံးယောက်ထဲတွင် အလတ်မ တစ်ယောက်သာ အိမ်ထောင်ကျခဲ့သည်။ သူသေဆုံးပြီး သူ့ယောင်္ကျား နောက်အိမ်ထောင်ပြုသောအခါ သူတို့သမီးကလေး မှာ အမန်ဒါတို့ ညီအစ်မနှစ်ယောက် တာဝန် ဖြစ်လာခဲ့သည်။ ဆိုဖီယာက မူလတန်းပြဆရာမ လုပ်ပြီး အိမ်သေးသေးကလေးတစ်လုံး ၀ယ်နိုင်သည် အထိ ကြိုးစားခဲ့ရသည်။ အမန်ဒါက ဇာထိုး ပန်းထိုး သိုမွေးထိုးပြီး တစ်ဖက်တစ်လမ်းရှာရသည်။

သူတို့ အသက်သုံးဆယ် မပြည့်မီ အဖေဆုံးသည်။ ဖလော်ရာကလေး အတွက်စဉ်းစား၍ အိမ်ကလေးကို ရောင်းပြီး အထီးကျန် အမျိုးသမီးကြီး ဟာရက်အက်ကလေ တစ်ယောက်သာကျန်တော့သော ဤ အက်ကလေ မိသားစု အိမ်ကြီးသို့ ပြောင်းခဲ့ကြခြင်းဖြစ်သည်။ အန်တီ ဟာရက် သေဆုံးပြီး နောက်မှာ သူတို့အတွက် ဤအိမ်ကြီးမှလွဲ၍ အမွေပိုက်ဆံ တပြားတချပ်မှ မကျန်ခဲ့ပါ။ ဤအိမ်ကြီးကို ထိန်းသိမ်းရန် စားရိတ်အတွက် အိမ်ငှား သုံးယောက်ထားခဲ့ရသည်။ ယခု အသစ် တစ်ယောက် ထပ်ရောက်လာတော့မည်။

ဖလော်ရာသည် အပြာရောင်မျက်လုံးကျယ်ကြီးများနှင့် ပြုံးရယ်ခဲပြီး လှပသောနှုတ်ခမ်း၊ ပျော့ပြောင်းသော ဆံနွယ်တို့နှင့် နူးညံသော ဆယ့်ခြောက်နှစ်ရွယ် မိန်းကလေးတစ်ယောက် ဖြစ်သည်။ စတိုးဆိုင်မှ သကြားနှင့် လက်ဖက်ခြောက်များ ၀ယ်လာသော သူမသည် မီးဖိုချောင်ထဲသို့ ၀င်လာပြီး အန်တီ အမန်ဒါ ထိုင်နေသော စားပွဲသို့လာသည်။

‘‘ဆရာမနေမယ့် အခန်းထဲက ရေကရားကို ရေဖြည့်ပြီးပြီလား’’ ဆိုဖီယာက အမန်ဒါကို ကြည့်၍ မေးသည်။ ‘‘ငါမလုပ်ရသေးဘူး’’ အမန်ဒါက ဖြေသည်။

‘‘သွားစမ်းပါ ဖလော်ရာ ရေချိုင့်ကို ယူပြီး ရေဖြည့်ထားလိုက်စမ်းပါ မဖိတ်စေနဲ့နော် ’’

“ဟိုအခန်းလား” ဖလော်ရာက သိပ်မသွားချင်။ “ဟုတ်တယ်၊ သွားစမ်းပါ”

ဖလော်ရာက ရေချိုင့်ကို ယူလာပြီး ရေဖြည့်သည်။ ကြောက်ရွံ့သော မျက်နှာမျိုးနှင့် အပေါ်တက်သွားသည်။

ထိုအချိန်မှာပင် ရထားလုံးတစ်စင်း အိမ်ဘက်သို့ ဦးတည်လာသည် ကို တွေ့ရသည်။

‘‘သွားကြိုလိုက်စမ်းပါ အမန်ဒါ ငါဒီမှာ ဆက်လုပ်လိုက်မယ် သူ့အခန်းကို ပြလိုက်စမ်းပါ်’’

အမန်ဒါ ထွက်သွားပြီးနောက် ဆိုဖီယာက သူ့ကိတ်မုန့်ကို ဆက်လုပ်နေစဉ် ဖလော်ရာက အပြာရောင် ရေကရားနှင့် ၀င်လာသည်ကို တွေ့ရသည်။

‘‘ဘာဖြစ်လို့အဲဒါကို ထပ်ယူလာပြန်တာတုန်း’’ ဆိုဖီယာက မေးသည်။ ‘‘အန်တီ အမန်ဒါက ရေလိုတယ် ဆိုလို့ပါ’’

သူမ မျက်နှာမှာ ဖြူဖတ်ဖြူရော် နှင့် ရှုတ်ထွေးနေသော အမူအရာ ဖြစ်နေသည်။

‘‘ရေတွေ အများကြီးကို ဒီလောက်မြန်မြန် ဘယ်လိုသုံးလိုက်တာလဲ’’

‘‘ရေက တစ်စိ မှကို မရှိတော့တာ’’

‘‘မင်းခုန ဖြည့်တုန်းက ဖိတ်ကျကုန်တာလား’’

‘‘မဟုတ်ပါဘူး’’

‘‘ငါကြည့်မယ်’’ ဆိုဖီယာ ယူကြည့်တော့ ရေချိုင့်မှာခြောက်သွေ့နေပြီး ဖုန်အနည်းငယ်တောင်တက်နေသေးသည်။ ဖလော်ရာ ရေမဖြည့်ခဲ့ဘူး ထင်ပြီးဆူတော့ သူမက ငိုပြီး သူမဖြည့်ခဲ့ကြောင်းပြောသည်။

ရေယူပြီး တက်သွားတော့ ဆိုဖီယာက နောက်ကလိုက်သွားသည်။ မစ် လူးဝစ် စတပ်ခ် က ရေကို စောင့်နေသည်။

မစ် စတပ်ခ် သည် ထောင်ထောင်မောင်းမောင်း အမျိုးသမီးကြီး တစ်ယောက်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကျောင်းဆရာမ လုပ်လာ၍ ပိုင်နိုင်တိကျသော ဆရာမပုံစံ ပေါက်နေသည်။ အမန်ဒါက ဆိုဖီယာနှင့် မိတ်ဆက်ပေးသည်။ အခန်းကို ကြိုက်မကြိုက်မေးရင်းနှင့် နံရံကပ် ဘီရိုကြီးလည်း ရှိသည့်အကြောင်း ပြောမိသည်။ ဘီရိုကို ကြည့်မိရာ တံခါးပွင့်နေပြီး ခရမ်းရောင် အစတစ်စ ထွက်နေသည်ကို တွေ့ရသည်။

‘‘ဘယ်လိုဖြစ်တာပါလိမ့်၊ ဒီထဲကဟာတွေ အကုန်ရှင်းပြီးပြီလို့ထင်တာ’’ သူက အစကို ဆွဲယူလိုက်သည်။ အမန်ဒါ မှာ မျက်နှာပျက်သွားပြီး အခန်းထဲမှ ပြေးထွက်သွားသည်။ ဆိုဖီယာ က ဆရာမကို တောင်းပန်ရသည်။ ဆရာမက အမန်ဒါ တစ်ခုခု ဖြစ်သွားသည် ထင်၍ လိုက်ကြည့်ရန် ပြောသည်။

အမန်ဒါ မှာ အန်တီ ဟာရက်၏ ခရမ်းရောင် အင်္ကျီ ကို မြင်၍ ကြောက်ရွံ သွားမှန်း ဆိုဖီယာ သိသွားသည်။ ထိုအရာကို သူယူလာပြီး ထိုဘီရိုထဲတွင် ပြန်ထည့်ထားခြင်း ဖြစ်သည် ဟုပြောလိုက်သည်။ သူမ ထိုသို့ မလုပ်ခဲ့မှန်း အမန်ဒါ သိပါသည်။

အနောက်တောင် အခန်းထဲတွင် မစ်လူးဝစ် စတပ်ခ် သည် သူ့ပစ္စည်းများကို နေရာချပြီးနောက် ညစာစားရန်အတွက် ခရမ်းရောင်ပန်းပွင့်များပါသော အနက်ရောင် ပိုးထည်စကိုံ လဲ၍ မီးခိုးရောင် စွန်းစ ဆံပင်များကို ဖြီးသင်သည်။ ကြောင်မျက်ရွဲ အနက်နှင့် ပုလဲများ ဖြင့် ပြုလုပ်ထားသော စပျစ်ခိုင်ပုံ ရင်ထိုး ကို ထိုးဖို့ လုပ်သည်။ အနက်ရောင် ဆံချည် တစ်ထွေးကို အောက်ခံ ရွှေရောင်ချိတ် ပေါ်ငြိနေသည်ကို တွေ့လိုက်ရသဖြင့် အံသြပြီး ဖယ်ပစ်လိုက်ရသည်။ သူတပ်နေကျ ရင်ထိုးတွင် ထိုကဲ့သို့ဖြစ်စရာ အကြောင်းမရှိသဖြင့် ကြောက်ရွံသလိုပင် ဖြစ်မိသည်။ နောက်တစ်ကြိမ် ထိုးရန် ကြိုးစားရာတွင်လည်း ဆံချည် တစ်ထွေး ငြိနေသည်ကို ထပ်တွေ့ရပြန်သည်။ မှန်ထဲတွင် မြင်ရသော သူ့မျက်နှာမှာလည်း ကြောက်ရွံ့ပုံပေါ်နေသဖြင့် သူ့ကိုယ်သူပင် အံသြရသည်။ ထိုအရာကို ဖယ်ပစ်ပြီး သူ့ရင်ထိုးကို အောင်မြင်စွာ တပ်ပြီးနောက် အောက်ထပ်သို့ ဆင်းခဲ့သည်။

ညစာ စားပွဲတွင် တခြားအိမ်ငှား သုံးယောက်နှင့်တွေ့ရသည်။ အသက်ကြီးကြီး မုဆိုးမတစ်ယောက်၊ ငယ်ရွယ်သော ခရစ်ယာန်ဘုန်းတော်ကြီး တစ်ယောက်၊ သက်လတ်အရွယ် စာကြည့်တိုက်မှုး တစ်ယောက် တို့ဖြစ်သည်။ စာကြည့်တိုက်မှုး အမျိုးသမီးက မေးသဖြင့် ပြောရင်းနှင့် သူ့အခန်းမှာ အိမ်ရှင်၏အဒေါ် သေဆုံးခဲ့မှန်း သိသွားကြသည်။ စာကြည့်တိုက်မှုးက သူ့ကို အိပ်ရဲသလား ဟုမေးသည်။ ဘုန်းကြီးကတော့ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သူတိုင်း မကောင်းသော ၀ိညာဉ်များ မနှောက်ယှက်နိုင်ဟု တစ်ထစ်ချ မှတ်ယူထားသူဖြစ်သည်။ မုဆိုးမ အဘွားကြီး ကလည်း မစ် ဟာရက် ကိုယ်တိုင် ခရစ်ယာန် ဘာသာဝင် တစ်ယောက် ဖြစ်သဖြင့် ကြောက်စရာ မရှိကြောင်း၊ သူကြောက်တတ်လျှင် အခန်းချင်း လဲပေးမည် ဟုဆိုသည်။

မစ် လူးဝစ် စတပ်ခ် သည် ညစာပြီးသည်နှင့် အခန်းသို့တန်းပြန်လာခဲ့သည်။ သူသည် ခရီးပန်းလာ၍ အနားယူချင်နေပြီ။ မအိပ်ခင် စာနည်းနည်း လောက်လည်း ရေးချင်သေးသည်။

အခန်းထဲကို ၀င်လိုက်တော့ ညနေဆည်းဆာရောင် ဖျော့ဖျော့ က အခန်းတွင်းသို့ကျနေသည်။ ပထမဆုံး သတိထားမိ သွားသည်မှာ သူ၏ အကောင်းဆုံး အနက်ရောင် ဖဲဝတ်စုံ အောက်ပိုင်းကို မှာ နံရံကပ် ပန်းချီကား ပေါ် ချိတ်နေသည်ကို တွေ့လိုက်ရခြင်းပင်။ ထိုဝတ်စုံကို သေတ္တာထဲ ထည့်ထားခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိပါသည်။ ထိုအ၀တ်ကို အောက်ပြန်ချပြီး အိပ်ရာလိပ်ပေါ် ပြန်တင်ထားလိုက်သည်။ သို့သော် သူသည် လက်အိပ်တစ်စုံကိုပါ မြင်လိုက်ရသည်။ အနက်ရောင်ပိုးချည်နှင့် သေသပ်စွာ ချုပ်လုပ်ထားသည်။ အိပ်ရာဘေးမှာလည်း အရင်မမြင်ခဲ့ဖူးသည့် တစ်ခုခုရှိနေသည်။ အနက်ရောင် အပ်ချည်လုံး၊ ကတ်ကျေးတစ်လက် နှင့် စတီးအပ်တစ်ချောင်း ထည့်ထားသည့် သေတ္တာလေး တစ်လုံးဖြစ်သည်။ ထိုအရာသည် အစကတည်းက ထိုနေရာမှာ ရှိနေခဲ့သလား အခုမှ ရောက်လာသလား သူ မသေချာပါ။

မှန်ရှေ့တွင် အ၀တ်လဲနေရင်း သူ့ရင်ထိုးတွင် ထူးထူးဆန်းဆန်း ဖြစ်ခဲ့သည်ကို သတိရလာသည်။ ရင်ထိုးကို ဖြုတ်ကြည့်လိုက်တော့ အောက်ဘက် ရွှေချိတ်တွင် အနက်ရောင် ဆံချည် တစ်ထွေးကို တွေ့လိုက်ရပြန်သဖြင့် တုန်တုန်ရင်ရင် နှင့် ဖယ်ပစ်ပြီး ဘူးထဲထည့်ကာ အံဆွဲထဲ ထည့်ထားလိုက်သည်။ အ၀တ်အစားလဲနေသော သူ့လက်တွေမှာ အေးစက်ပြီး ထုံကျင်သလို ဖြစ်နေသည်။ သူ့နှာခေါင်းထဲမှာ Lovage အနံတွေ ရလာသည်။ ဘီဒိုတံခါး အနီးမှ ချိတ်တွင် ခရမ်းရောင် ၀တ်စုံတစ်စုံ က အခန်းထဲတွင် လေ၀င်နေသလို ဖြည်းဖြည်း လှုပ်ရမ်းနေသည်။ ဘီဒိုထဲမှ ချိတ်အားလုံးတွင်လည်း သူ့ပိုင်မဟုတ်သော အ၀တ်များဖြင့် ပြည့်နေသည်။ ထိုအ၀တ်များမှာလည်း ထူးဆန်းသော ပုံစံများဖြစ်သည်။

လူးဝစ် စတပ်ခ် သည် အ၀တ်ပြန်ဝတ်လိုက်ပြီး အောက်ဘက်သို့ ဆင်းလာခဲ့သည်။ တခြားလူများက ဧည့်ခန်းထဲမှာ ထိုင်နေကြဆဲဖြစ်သည်။ သူက ဘယ်သူကိုမှ မကြည့်ပဲ အမန်ဒါကိုသာမေးပြီး သူ့အစ်မရှိရာ မီးဖိုဆောင်ကို လာခဲ့သည်။ ဖလော်ရာက သူ့အဒေါ်ကို ကူလုပ်ပေးနေရင်း မစ် စတပ်ခ်ကို ရပ်ကြည့်လိုက်သောအခါ သူမမျက်နှာတွင် ထိတ်လန့်ရိပ်များပေါ်လာသည်။

“မစ် ဂေးလ်” သူက ဆရာမလေသံနှင့် ခေါ်လိုက်သည်။ “ကျွန်မ မေးစရာရှိလို့၊ ရှင်များ အခန်းထဲက ဘီဒိုကြီးထဲက ကျွန်မ အ၀တ်တွေ ထုတ်ပြီး အခြားအ၀တ်တွေ အစားထိုးထားသလားလို့”

ဂျုံမှုန့်ပေနေသော လက်များဖြင့် ဆိုဖီယာ၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး စိတ်အနှောက်အယှက် ဖြစ်သောပုံနှင့် နှုတ်ခမ်း တင်းတင်းစေ့သွားသည်။

“ဘာ၊ ကျွန်မရှင်ပြောတာ နားမလည်ဘူး မစ် စတပ်ခ်"

“ကျွန်မအ၀တ်တွေ နေရာမှာ တခြားအ၀တ်တွေနဲ့ ပြည့်နေတယ်”

“ရှင်ပြောတာ ဘာမှ မသိဘူး ဖလော်ရာ မင်းရော သိလား”

“ဟင့်အင်း မသိပါဘူး”

ဆိုဖီယာသည် ဂျုံမှုန့်များပေနေသော လက်ကို သုတ်ပြီးနောက် မစ်စတပ်ခ် နှင့် အတူ အပေါ်သို့တက်သွားသည်။ ဖလော်ရာက သူတို့ နောက်မှ ပါသွားသည်။ သူတို့ အနောက်တောင် အခန်းသို့ရောက်သွားသောအခါ ဘီဒိုကြီး၏ တံခါးမှာ ပိတ်နေသည်။ ဆိုဖီယာက ဖွင့်ကြည့်လိုက်သောအခါ ဆရာမ၏ အ၀တ်များသာ ညီညီညာညာ စီထားသည်ကို တွေ့ရသည်။ “ဘာမှလည်း အမှားအယွင်းမရှိပါလား” ဆိုဖီယာကပြောတော့သည်။ မစ်စတပ်ခ်သည် ဘာမှမပြောနိုင်တော့ပဲ နီးရာ ကုလားထိုင်မှာ ထိုင်ချလိုက်ရသည်။ ဘီဒိုထဲတွင် သူ့ကိုယ်ပိုင် အ၀တ်များသာ ရှိတော့သည်။ ထိုအချိန်ကလေး အတွင်းမှာ ဘယ်သူမှ လာပြောင်းဖို့မဖြစ်နိုင်။ ကြောက်လန့်စိတ်က တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ “ရှင် တစ်ခုခုများ မှားသလား” ဆိုဖီယာက ပြောသည်။ ဆိုဖီယာထွက်သွားပြီးနောက် အ၀တ်လဲပြီး အိပ်ရာဝင်လိုက်သည်။

မနက်မိုးလင်းတော့ သူ မနက်စာဆင်းမစား သေးသဖြင့် ဆိုဖီယာ သတင်းမေးဖို့ အပေါ်တက်လာတော့ နေ့ခင်း ရထားအတွက် လက်မှတ်မှာ နေသည်ကို တွေ့ရသည်။ သူက နေမကောင်းသဖြင့် ပိုမဆိုးခင် အိမ်ပြန်တော့မည် ဖြစ်ကြောင်းပြောသည်။ ဆိုဖီယာ လုပ်ပေးထားသော ပေါင်မုန့်မီးကင်နှင့် လက်ဖက်ရည်ကိုပင် မသောက်နိုင်ပဲ ထွက်သွားတော့သည်။ ဆိုဖီယာသည် သူမအတွက် စိတ်မကောင်းဖြစ်မိသော်လည်း နောက်တော့ ဒေါသထွက်လာသည်။ ကျောင်းဆရာမ ဘာကြောင့် ထွက်သွားသည်ကို သိသလိုလိုရှိသည်။ ထိုအရာက ဆိုဖီယာကို စိတ်ဆိုးစေသည်။

မုဆိုးမ မစ္စက် အယ်ဗီယာ ဆီမွန်က ကျောင်းဆရာမ ပြောင်းသွားမှန်းသိသောအခါ အခန်းပြောင်းချင်သည်ဟု ပြောလာသည်။ ဆိုဖီယာ ပြန်ပြောဖို့ နည်းနည်းတော့ နှောင့်နှေးနေသည်။ “ငြင်းစရာတော့ မရှိပါဘူး၊ အဲဒီ အခန်းမှာ ကျွန်မတို့အဒေါ် ဆုံးထားတာကို စိတ်အနှောက်အယှက် မဖြစ်ဘူးဆိုရင် နေလို့ရပါတယ်”

ထိုနေ့ နေ့လည်မှာပင် ဖလော်ရာ အကူအညီနှင့် အနောက်တောင် အခန်းသို့ ပြောင်းသွားသည်။ ဖလော်ရာသည် သူ့အဒေါ်ကြောင့်သာ ထိုအခန်းမှာ ကူလုပ်ပေးနေခြင်းဖြစ်သည်။ နည်းနည်းကြာတော့ ဖလော်ရာ ဆင်းလာပြီး ညအိပ် ခေါင်းစွပ်တစ်ခုကို ယူလာပြသည်။ “အန်တီဟာရက်ရဲ့ဟာပဲ ခေါင်းအုံးအောက်က တွေ့တာ” ဟုဆိုသည်။ ဆိုဖီယာက ဖလော်ရာကို စတိုးဆိုင်လွှတ်လိုက်ပြီး ခေါင်းစွပ်ကို စတိုထဲ ပစ်ထည့်ကာ အခန်းကို သူကိုယ်တိုင် သွားကြည့်သည်။ နောက်ထပ် အမှား တစ်စုံတစ်ရာ မရှိတော့ပါ။ မစ္စက် အယ်ဗီယာ ကတော့ သူ့အခန်းအသစ်ကို အတော်သဘောကျနေသည်။

ညစာစားပြီးတော့ စာကြည့်တိုက်မှုး မစ် အယ်လစ်ဇာ နှင့် သူမတို့နှစ်ယောက်တည်း ဧည့်ခန်းမှာ ကျန်ခဲ့စဉ် အယ်လစ်ဇာက ပြောသည်။

“လွန်ခဲ့တဲ့ အပတ်က ကျောင်းဆရာမ မလာခင် ကျွန်မ အဲဒီ အခန်းကို ရောက်ဖူးတယ်”

“အဲဒီတော့”

“အိပ်ရာခင်းနဲ့ လိုက်ကာတွေကို ရှင်သတိထားမိတယ်မဟုတ်လား၊ ဘာအဆင်လဲ”

“အပြာရောင်အောက်ခံပေါ်မှာ ဒေါင်းရုပ်တွေလေ”

“သေချာရဲ့လား”

“သေချာပါတယ် ဘာလို့လဲ”

“အဲဒီနေ့က ကျွန်မရောက်တော့ ဒေါင်းတွေမဟုတ်ဘူး၊ အ၀ါရောင် အောက်ခံပေါ်က နှင်းဆီအနီတွေပဲ”

“မစ် ဆိုဖီယာ လဲထားတာ ဖြစ်မှာပေါ့”

“မဟုတ်ဘူး၊ အဲဒီကို ကျွန်မ နောက်တစ်နာရီ လောက်မှာ ထပ်ရောက်တယ်၊ အဲဒီမှာ ဒေါင်းရုပ်တွေဖြစ်နေပြီ”

“မင်း ပထမတစ်ခါကြည့်တုန်းက အမြင်မှားတာ ဖြစ်မှာပါ”

“ကျွန်မကတော့ ပိုက်ဆံဘယ်လောက်ပေးပေး အဲဒီအခန်းမှာတော့ မအိပ်ရဲဘူး”

မစ္စက် ဆီမွန်သည် သူမအခန်းကို ပြန်ရောက်တော့ အိပ်ရာခင်းနှင့် ကုလားထိုင်စွပ်များကို ကြည့်သည်။ အပြာရောင်ပေါ်မှ ဒေါင်းရုပ်များပင် ဖြစ်သည်။ မစ် အယ်လစ်ဇာ ကို ရယ်ချင်သွားသည်။ သို့သော် သူမ အိပ်ရာမ၀င်မီ အခင်းများကို ထပ်ကြည့်မိတော့ အပြာရောင်ပေါ်မှ ဒေါင်းများ အစား အ၀ါရောင်ပေါ်မှ နှင်းဆီနီများ ဖြစ်နေတော့သည်။ သူမမျက်စိများကို ပိတ်လိုက် ဖွင့်လိုက် လုပ်ပြီး ကြည့်သည်။ အခန်းကို လျှောက်သွားပြီး ပြန်ကြည့်သည်။ အခန်းထဲတွင် လင်းချင်းနေသည်။ အပြင်မှာလည်း လက သာနေသည်။ ဘယ်လိုမှ မမှားနိုင်ပါ။ အ၀ါခံပေါ်က နှင်းဆီနီများပင်ဖြစ်နေသည်။ သူမသည် အောက်ထပ်သို့ ဆင်းရန်ပြင်ပြီးမှ ပြန်ဝင်လာသည်။ ဒါက သူမကို ဘာမှ အန္တရာယ်ပေးနိုင်မှာမှ မဟုတ်ပဲ၊ သူမရော အယ်လစ်ဇာ ပါ ရူးကြောင်ကြောင်ဖြစ်နေပြီလား မသိ။ ထိုအရာများက သူမ၏ အိပ်ပျော်ခြင်းကို ကြာကြာမနှောက်ယှက်နိုင်ပါ။ ထိုအိပ်ရာခင်း ဘာအဆင်ပဲ ဖြစ်ဖြစ် သူမကတော့ အိပ်မောကျသွားသည်။

သို့သော် ညလယ်လောက်တွင် သူမ၏လည်ပင်းကို ညှစ်ထားသလို ခံစားရသောကြောင့် နိုးလာသည်။ အဖြူရောင်လက်ချောင်း ရှည်ရှည်များသည် သူမ၏ လည်တိုင်ပေါ်ရောက်နေပြီး အဖြူရောင်ခေါင်းစွပ်နှင့် အဘွားအို တစ်ယောက်က သူမမျက်နှာကို အုပ်မိုးနေသည် ဟုအိပ်မက်မက်ခဲ့သည်။ သူမ နိုးလာသောအခါ ဘာ အဘွားအိုမှ ရှိမနေပါ။ အခန်းက လရောင်ကြောင့် နေ့အလားလင်းနေသည်။ သို့သော် လည်ပင်းညှစ်ခံရသော ခံစားမှုကတော့ ဆက်ရှိနေပြီး မျက်နှာနှင့် နားရွက်များကိုပါ တစ်ခုခုနှင့်အုပ်ထားသလို ခံစားရသည်။ လက်မြှောက်ပြီး စမ်းကြည့်သောအခါမှ ညအိပ်ခေါင်းစွပ်က မျက်နှာကိုဖုံးပြီး မေးအောက်မှာ တင်းကျပ်ကာ မသက်မသာဖြစ်နေခြင်း ဖြစ်သည်။ ခေါင်းစွပ်ကို လွှင့်ပစ်လိုက်ပြီး အိပ်ရာမှခုန်ထွက်လိုက်သည်။ အယ်လစ်ဇာများ အခန်းထဲဝင်လာပြီး စွပ်သွားသလားဟု ထင်လိုက်သေးသည်။ အခန်းကိုလည်း သော့ပိတ်မထားဘူးလေ။ သူမက အယ်လစ်ဇာထံ သွားရန် တံခါးနားရောက်တော့ အခန်းတံခါးက သော့ကျနေသည်။ သူမက ဘယ်တုန်းကမှ သော့ခတ်ပြီး အိပ်လေ့မရှိသဖြင့် အတော်အံ့သြသွားသည်။ အခုလို သော့ပိတ်နေတော့ အပြင်က ဘယ်သူမှ ၀င်လာပြီး လုပ်နိုင်မည်မဟုတ်တော့။ ကြောက်စိတ်ကို မထိန်းချုပ်နိုင်သလို ဖြစ်လာပြီး ဒေါသလည်းထွက်လာသည်။ “ငါနဲ့ကစားချင်နေတယ်ဆိုလည်း ကြည့်ရသေးတာပေါ့၊ ဘယ်သူပဲလုပ်လုပ် ဂရုမစိုက်ဘူးဟေ့…” သူမက ကျယ်လောင်စွာ ပြောလိုက်သည်။

ခေါင်းစွပ်ကို ပြတင်းပေါက်မှ လွှင့်ပစ်ရန် ဆုံးဖြတ်ပြီး သူမ ပစ်ချခဲ့သော နေရာတွင် ပြန်ရှာသော အခါ လုံးဝ မတွေ့ရတော့ပါ။ အခန်းထဲကို လရောင်ဖြင့်ပင် မြင်နိုင်သော်လည်း သူမက မီးအိမ်ကိုပါ ထွန်းပြီး နေရာအနှံရှာသည်။ မတွေ့ရပါ။ နောက်ဆုံးတော့လက်လျှော့ပြီး အိပ်ရာသို့ပြန်ဝင်သည်။ အိပ်ပျော်သွားပြီးနောက် ပထမတစ်ခါလိုဖြစ်ပြီး နိုးလာပြန်သည်။ ဒီတစ်ကြိမ်မှာတော့ သူမသည် ခေါင်းစွပ်ကို ဖယ်ပြီးနောက် လွှတ်မချတော့ပဲ ပွင့်နေသော ပြတင်းပေါက်ဆီသို့လာကာ လွှင့်ပစ်လိုက်သည်။ လေအေး တစ်ချက်ဝှေ့လာပြီးနောက် ပစ်ချလိုက်သော အစွပ်က သူမမျက်နှာဆီသို့ ပင့်ကူအိမ်တစ်ခုလို ပြန်လာကပ်သည်။ သူမက ပြန်ဖမ်းဆုပ်ထားသည်။ သူမ တကယ်ပင် ဒေါသထွက်နေပြီ။ ထိုအရာက လက်ထဲမှ ရုံးထွက်သွားပြီးနောက် ဘယ်မှာမှ မမြင်ရတော့။ ကြမ်းပြင်မှာလည်းမရှိ။ မီးအိမ်ထွန်းပြီး ထပ်ရှာသော်လည်း အရိပ်အရောင်ပင် မမြင်ရ။

ကြောက်ရွံမှုတွေ ပျောက်နေပြီး ဘာကြောင့် ဒေါသထွက်နေမှန်းပင်မသိ။ သူမမှာ သရော်ချင်စိတ်နှင့် ပြင်းထန်သော အားတစ်ခုက သူမ၏ အားနည်းချက်ကို ဆန့်ကျင်ဘက် အနေနှင့် ၀င်ရောက်နေသည်။ တော်တော်ကြီးကို မကျေနိုင် မချမ်းနိုင် ဖြစ်နေသည်။ နောက်ဆုံးမှာတော့ အိပ်ရာပြန်ဝင်လိုက်ရသည်။ အိပ်လို့တော့ မပျော်တော့။ လည်ပင်းမှ အထိအတွေ့ကို ခံစားနေရသည်။ အဖြူရောင် အမျှင်များက သူမ၏လည်မျိုကို တင်းကျပ်စွာ ရစ်ပတ်နေသည်။ သူမ ရန်သူကတော့ လာပြန်ချေပြီ။ ထိုအရာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကတ်ကျေးကို ယူကာ ညှပ်ပစ်လိုက်သည်။ “ကဲ ဒီတစ်ခါတော့ ဒီခေါင်းစွပ် အစုတ်က ဒုက္ခမပေးနိုင်တော့ပါဘူး”

အစများကို ခြင်းထဲပစ်၍ အိပ်ရာထဲပြန်ဝင်သည်။ ချက်ချင်းလိုပင် ထိုအရာက သူမ၏လည်ပင်းကို ရစ်ပတ်လာပြန်သည်။ နောက်ဆုံးတော့ ထိုအရာကို ပြန်တိုက်ရပြန်သည်။ မျက်နှာပေါ်မှ အတင်းဆွဲခွာပစ်ရသည်။ အဲဒီနောက်တော့ သူမ၏ အခန်းဟောင်းလေးဆီသို့ တိတ်တဆိတ် ပြန်သွားပြီး အိပ်ရာဟောင်းပေါ်မှာပဲ အိပ်ရသည်။ လည်ပင်းပေါ်သို့ ထိုအရာ တက်လာဦးမလားလို့ ထိတ်လန့်စွာ စောင့်နေသော်လည်း ထိုအရာက ဤအခန်းအထိတော့ လိုက်မလာတော့ပါ။

မိုးလင်းတော့ အနောက်တောင်အခန်းသို့ အ၀တ်လဲရန် ပြန်ရသည်။ မူမမှန်တာ တစ်စုံတစ်ရာ ရှိနေသည်ဟု လုံးဝမထင်ရပါ။ ပြီးတော့ နံနက်စာစားရန် အောက်သို့ဆင်းခဲ့သည်။ အယ်လစ်ဇာက အိပ်ပျော်ရဲ့လား ဟုမေးသောအခါ အိပ်ရာပြောင်း၍ ကောင်းကောင်းအိပ်မပျော်ဟု ပြန်ဖြေပြီး အခန်းအဟောင်းကို ပြန်ပြောင်းတော့မည်ဟု ပြောလိုက်သည်။ အယ်လစ်ဇာကို မလိမ်ချင်သော်လည်း ဆိုဖီယာတို့က ရှိနေသည်။

“ရှင် ကျွန်မကို ကောင်းကောင်းအိပ်ပျော်တယ်လို့ ပြောစရာကို မလိုပါဘူး အဲဒီ အခန်းထဲမှာ တစ်ခုခု ဖြစ်လိမ့်မယ် ဆိုတာ သိပြီးသားပဲ” အယ်လစ်ဇာက တဲ့တိုးကြီး ပြောလိုက်သောအခါ သူတို့ အားလုံးက မစ္စက် ဆီမွန်ကို ကြည့်ကုန်ကြသည်။ မထူးတော့ပြီမို့ ညက အဖြစ်အပျက်ကို ပြောပြလိုက်ရသည်။ နံနက်စာ အပြီးမှာတော့ အမန်ဒါနှင့် ဖလော်ရာက သူမကို အခန်းဟောင်းသို့ ပြန်ပြောင်းရန် ကူညီပေးကြသည်။

အဲဒီနောက်မှာတော့ ဘုရားသခင်အပေါ် ယုံကြည်မှုအပြည့် ရှိသော ခရစ်ယာန်ဘုန်းကြီးလေး ဂျွန်ဒမ်း က အနောက်တောင်ဘက် အခန်းသို့ ပြောင်းပေးရန် တောင်းဆိုသဖြင့် ဆိုဖီယာက လက်ခံလိုက်ရသည်။

ထိုည ဆယ့်နှစ်နာရီခန့်တွင် ဘုန်းကြီးလေး ဂျွန်ဒမ်းသည် သူ၏ အနောက်တောင်အခန်း သို့ အေးအေးဆေးဆေးပင် သွားသည်။ ထိုအချိန်မတိုင်ခင် အထိ သူသည် သမ္မာကျမ်းစာများကို ရွတ်ဖတ်နေခဲ့သည်။ မီးအိမ်ငယ် တစ်လုံးနှင့် ခန်းမကျယ်ကိုဖြတ်ခဲ့ပြီး အနောက်တောင်အခန်းကို ဖွင့်၍၀င်ရန်ဖြစ်သည်။ ထိုတံခါးမှာ ပွင့်ပြီးသား ဖြစ်နေခဲ့ပြီး လရောင်ပျော့ပျော့နှင့် အခန်းထဲကိုပင် ကြည့်လို့ရသည်။ အိပ်ရာကိုပင် မြင်နိုင်သည်။ သို့သော် သူ မ၀င်နိုင် ဖြစ်နေသည်။ ၀င်ဖို့ ကြိုးစားလိုက်တိုင်း မမြင်ရသော တစ်စုံတစ်ယောက်၏ ဆန့်ကျင်သော အင်အားစုကို မကျော်လွန်နိုင်သလို ထူးဆန်းသော ခံစားမှုမျိုးကို ရနေသည်။ သူသည် အားကစားသမား မဟုတ်သော်လည်း သန်မာသူတစ်ယောက်တော့ဖြစ်သည်။ သူ၏ တံတောင်ဆစ်များကို ကွေးပြီး နှုတ်ခမ်းကို တင်းတင်းစေ့၍ ရင်ဆိုင်ရန် အသင့်ပြင်ကာ အတွင်းသို့ဝင်ရန်ပြင်သည်။ သူတွေ့နေသော ဆန့်ကျင်ဘက်အင်အား ကလည်း တောင်တစ်လုံးလိုပင် တင်းမာခက်ထန်ပြီး တိတ်ဆိတ်ကြောက်လန့်ဖွယ် ကောင်းလှသည်။

နာရီဝက်ခန့် အကြာမှာတော့ သူသည် အခန်းထဲသို့ဝင်ရန် ကြောက်ရွံသည်ထက် သံသယနှင့် ဒေါသဖြစ်ခြင်းက သူ့စိတ်ကို လွှမ်းမိုးလာသည်။ စိုးထိတ်စရာ အဆန်းတကြယ် အတားအဆီးက သူ့ကို အင်အားမဲ့စေသည်။ နောက်ဆုံးမှာတော့ ကြီးမားသော ကြောက်ရွံထိတ်လန့်မှု ကပင် မကောင်းဆိုးဝါးလို သူ့အပေါ် ခြုံလွှမ်းလာသည်။ သူသည် ကြောက်လန့်နေသော မိန်းကလေးငယ် တစ်ယောက်လိုပင် သူ့အခန်းအဟောင်းသို့ ပြေးလာခဲ့ပြီး တံခါးပိတ်ထားလိုက်သည်။

နောက်နေ့ မနက်မှာတော့ မစ် ဆိုဖီယာဆီ သွားပြီး ဘာဖြစ်ခဲ့သည်ကို မပြောနိုင်သော်လည်း ထိုအခန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည် ဟုယုံကြည်ကြောင်း ပြောခဲ့သည်။ “ဘာလဲဆိုတာတော့ မသိဘူး ဒါပေမယ့် အဲဒီအခန်းထဲမှာ ကျိန်စာသင့်နေတဲ့ မကောင်းဆိုးဝါး အင်အားတစ်ခုတော့ ရှိနေတယ် ခေတ်သစ်သိပ္ပံနည်းနဲ့ ဘယ်လိုမှ မသိနိုင်တဲ့ အရာမျိုးပဲ” သူကပြောသည်။

“ဒီညတော့ ကျွန်မ ကိုယ်တိုင် အဲဒီ အခန်းမှာ သွားအိပ်မယ်” ဆိုဖီယာက ပြောလိုက်သည်။

ထိုည ဆယ်နာရီခန့်တွင် ဆိုဖီယာသည် အနောက်တောင် အခန်းသို့သွားခဲ့သည်။ အခန်းထဲရှိ စာရေးစားပွဲပေါ်တွင် မီးအိမ်တစ်ခုကို ထွန်းပြီး ခန်းဆီးများကို ချသည်။ အိပ်ရာဖုံးကို ဖယ်ပြီး ညအတွက် ပြင်ဆင်သည်။ တည်တည်ငြိမ်ငြိမ် စဉ်းစားပြီး လုပ်နေခိုက် သူမ တွေးနေမိသော အကြောင်းများကို ထူးဆန်းသည်ဟု ခံစားလာရသည်။ သူ မမှတ်မိနိုင်သော မမွေးခင်က အကြောင်းများကို မှတ်မိနေသည်။ သူမ အမေ၏ လက်ထပ်ပြီးနောက် ဒုက္ခများ၊ ခါးသက်ဖွယ် ဆန့်ကျင်မှုများ၊ အိမ်၏ အပယ်ခံ ဖြစ်ခဲ့ပုံများ…။ သူမ ကိုယ်တိုင်ပင် မကျေမချမ်းနိုင် ဖြစ်ပြီးနောက် သူမ အမေကို အဲဒီလို ဆက်ဆံခဲ့သော အမေ့အမေ နှင့် ညီအစ်မများ ကို မဆန့်ကျင်ချင်သလိုလို သူမ အမေကို ဆန့်ကျင်မိသလိုလို ဖြစ်လာသည်။ သူမဘယ်လိုမှ မမှတ်မိနိုင်သော်လည်း မိန်းမငယ်လေး တစ်ယောက်အနေနှင့် မှတ်မိနေသော သူမအမေ အပေါ် အန္တရာယ်တစ်ခုခု ကျရောက်တော့မည် ကဲ့သို့ ခံစားရသည်။ သူမ ကိုယ်တိုင်နှင့် အမန်ဒါ၊ ဖလော်ရာတို့ အပေါ် အန္တရာယ်တစ်ခုခု ကျရောက်တော့မည် ကဲ့သို့ ခံစားရသည်။ မကောင်းဆိုးဝါး၏ အကြံအစည်များက သူမ ဦးနှောက်ကို စီးဝင်ပြီး အသည်းထဲထိ အေးစက်စေသည့်ပြင် သူမကို ဆွဲဆောင်နေသလိုပင်။ သူမ၏ သိစိတ်က နှစ်ထပ်ဖြစ်နေပြီး ထူးထူးခြားခြားတွေ တွေးမိနေသည်။ သူမသည် သူမသိသော တခြားလူတစ်ယောက်၏ အတွေးများကို တွေးနေမိပြီး ကိုယ်တိုင်ပင် ဖြစ်နေသလို ခံစားရသည်။

သူမသည် သူမ၏ အဆက်အနွယ် မကောင်းဆိုးဝါး ၀ိညာဉ် ဆီမှ မှန်ကန် ခိုင်မာသော အင်အားကို ဆက်ခံရရှိခဲ့သည်။ သူမ၏ ကိုယ်ပိုင် စဉ်းစားဥာဏ် နှင့် ပြန်စဉ်းစား ပြီး သဘာဝလွန် ကြောက်လန့်စရာ အတွေ့အကြုံကို ပြန်စဉ်းစားပြီး “ငါ စိတ်ကူးယဉ်နေတာပါ” ဟု ကိုယ့်ကိုကိုယ် ပြောလိုက်သည်။ သူမသည် ဆံပင်ကို ဖြန့်ချလိုက်ပြီး မှန်ရှေ့သို့သွားကြည့်သော အခါ သက်လတ်ပိုင်း အရွယ် အပြာရောင် မျက်လုံးများနှင့် ကြည့်ပျော်ရှုပျော်ရှိသော၊ သူတစ်ပါးအပေါ် ရိုးရိုးသားသားနှင့် စိတ်ကောင်းထားတတ်သော ဆိုဖီယာ၏ မျက်နှာ အစား အနက်ရောင် မျက်လုံးများနှင့် ကိုယ်တိုင်ကိုရော လူတိုင်းကိုပါ သေသည်အထိ နာကျင်စွာ မုန်းတီးနေခဲ့သော အဘွားအို တစ်ယောက်၏ မျက်နှာကို မြင်ရသည်။ သူမ၀တ်ထားသော ၀တ်စုံများနှင့် ပခုံးများပေါ်တွင် သူမမျက်နှာ အစား အန်တီ ဟာရက်၏ မျက်နှာ ရောက်နေသည်။

ဆိုဖီယာသည် အခန်းထဲမှ ထွက်လာခဲ့သည်။ သူမပြောပြနိုင်မည့် တစ်ဦးတည်းသောသူ အမန်ဒါ၏ အခန်းသို့လာခဲ့သည်။ အမန်ဒါသည် မျက်နှာကို လက်ကိုင်ပ၀ါ အုပ်ပြီး ရပ်နေသော ဆိုဖီယာကို ကြည့်ပြီးနောက် စားပွဲပေါ်တွင် မီးအိမ်ကို ထွန်းလိုက်သည်။

“ဘာဖြစ်သလဲ ဆိုဖီယာ၊ ဘာဖြစ်တာလဲ” သူမက အလောတကြီး မေးသည်။ ဆိုဖီယာက လက်ကိုင်ပ၀ါကို အုပ်ထားဆဲ…။

“အိုး ဆိုဖီယာ သူများတွေကိုပါ ခေါ်လိုက်ရမလား၊ မင်းမျက်နှာ ခိုက်မိသွားသလား၊ ဘာဖြစ်တာလဲ”

ဆိုဖီယာက မျက်နှာပေါ်မှ ပ၀ါကို ဖယ်လိုက်ပြီးနောက် “ငါ့ကို ကြည့်စမ်းပါ အမန်ဒါ” ဟု ခြောက်ခြားသော အသံနှင့် ပြောသည်။

“ဘာမှလည်း မဖြစ်ပါလား၊ ဘာဖြစ်လို့လဲ ဆိုဖီယာ”

“နင် ဘာမြင်ရလဲ”

“ဘာဖြစ်လို့တုန်း နင့်ကို မြင်တာပေါ့”

“ငါ့ကိုလား”

“အေးလေ နင်က ဘာမြင်မယ်ထင်တာတုန်း”

ဆိုဖီယာက သူ့ညီမကို ကြည့်သည်။ “နင် မြင်မယ်ထင်တာကို ငါ့တစ်သက်လုံး ပြောမပြတော့ပါဘူး၊ နင်လည်း ဘယ်တော့မှ မမေးပါနဲ့တော့”

“ထားပါတော့ မမေးတော့ပါဘူး” အမန်ဒါက ကြောက်ရွံမှုနှင့် ပြန်ပြောသည်။

“နင် နောက်တစ်ခါ ဟို အခန်းထဲကို သွားမအိပ်ပါနဲ့တော့ ဆိုဖီယာ”

“မဟုတ်ဘူး၊ ငါ ဒီအိမ်ကို ရောင်းတော့မယ်” ဆိုဖီယာက ပြောလိုက်သည်။

Mary Wilkins ၏ The Southwest Chamber ကို သင့်လျော်သလို ပြန်ဆိုပါသည်။

သိင်္ဂါကျော်