ပြီးခဲ့တဲ့ အပတ် စနေ နေ့ကတော့ Chandigarh ကနေ 104 km လောက် ဝေးတဲ့ Shimla တောင်ကို တက္ကစီနဲ့ သွားခဲ့ပါတယ်။ အားလုံးပေါင်း ခုနှစ်ယောက်ပါ။ ကိုယ်နဲ့ အတူတက်နေတဲ့ မြန်မာ တစ်ယောက်ကလည်း မလိုက်ပါဘူး။ တစ်ချို့ သူငယ်ချင်း မိန်းကလေးတွေကလည်း ဝေးတယ်.. မနက်စောစော ထရမှာ ဘာညာနဲ့ မလိုက်ကြပါဘူး။ (အစက ၆ နာရီ ခွဲ သွားဖို့ စီစဉ်ထားတာ ကားက မလာတာနဲ့ ၈ နာရီခွဲမှ သွားဖြစ်ပါတယ်)။ ယောက်ျားလေး လေးယောက် (မွန်ဂိုလီးယား ၁၊ အီဂျစ် ၂၊ နမီးဘီးယား ၁)၊ မိန်းကလေးက ကိုယ်ရယ်၊ ကျူးဘားက ၁ ယောက်၊ ဆူဒန်က ၁ ယောက် သုံးယောက်ပါ။
Shimla တောင်ဟာ အမြင့်ပေ နှစ်ထောင်ကျော်လောက် မြင့်ပြီး အိန္ဒိယ ရဲ့ နွေရာသီ အပန်းဖြေစခန်း တစ်ခုပါ။
Chandigarh ကနေ မနက် ၈ နာရီ ခွဲလောက် ထွက်ခဲ့တာ တောင်ခြေကို ၁၂ ခွဲလောက်မှ ရောက်ပါတယ်။ အဲဒီနောက် တောင်တက်လမ်းကို နောက်ထပ် ၃ နာရီလောက် ထပ်တက်ရပါတယ်။ ရာသီဥတုကတော့ မန္တလေးနဲ့ ပြင်ဦးလွင် ကွာသလိုပဲ ကွာပါတယ်။ နေ့ခင်းနေပူကျဲကျဲထဲမှာကို ရာသီဥတုက သိသိသာသာ အေးလာပါတယ်။ နေပူရှိန်ကြောင့် အနွေးထည် ဝတ်ရလောက်အောင် မဟုတ်ပေမယ့် မြေပြန့်နဲ့ မတူတာတော့ သိသာပါတယ်။
တောင်တက်လမ်းမှာ သွားနေတော့ မြန်မာနိုင်ငံက တောင်ကြီး၊ ပြင်ဦးလွင် သွားတဲ့ လမ်းတွေကို သတိရမိပါတယ်။ တောင်နံရံ တစ်ဖက်၊ ချောက်ကမ်းပါး တစ်ဖက် နဲ့ လမ်းကလည်း တစ်လမ်းသွားပဲ ရှိပါတယ်။ အဲဒီလမ်းမှာ ကုန်ကား အလတ်စားတွေလည်း သွားလာနေကြပါတယ်။ တစ်ချို့နေရာတွေလည်း ပြင်နေတုန်းပါ။ လမ်းက သိပ်မမတ်ပေမယ့် ကြောက်တတ်ရင်တော့ ကြောက်စရာ နည်းနည်း ကောင်းပါတယ်။
Shimla မြို့ရဲ့ ထူးခြားချက်က တောင်စောင်းတွေမှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ လူနေအိမ်တွေ ဆောက်ထားတာပါ။ ကိုယ်တော့ အဲဒီလို ရှုခင်းမျိုး ခုမှ မြင်ဖူးတာပါ။ ဆောက်ထားတာကလည်း တစ်ထပ် နှစ်ထပ်တင် မကပါဘူး၊ အထပ်မြင့် တိုက်ခန်းတွေပါ။ အခုလည်း ဆောက်လက်စ တွေက ဆောက်နေဆဲပါပဲ။
တောင်တစ်ထပ် တက်လိုက်တိုင်း အပေါ်ဘက် တောင်စောင်းက တိုက်တွေ၊ တစ်ဖက်ခြမ်း တောင်စောင်းက တိုက်တွေကို မြင်နေရပါတယ်။
လမ်းကလည်း သွားရင်း သွားရင်းနဲ့ ဆုံးကို မဆုံးနိုင်တော့ သလိုပါပဲ။ မနက်ကတည်းက ထွက်လာကြတာမို့ နေ့ခင်းလောက်မှာ ရေချိုးခန်း ဝင်ချင်တဲ့ ပြဿနာကလည်း စလာပါတယ်။ ဆူဒန် မိန်းကလေးက အရေးပေါ်နေပြီ၊ Bath Room ရှာပေးလို့ အော်ပေမယ့် ဒရိုင်ဘာက ရပ်မပေးပါဘူး။ အနီးအနားမှာလည်း ဘာဆိုင်မှ မရှိတဲ့ နေရာ ရောက်နေပြန်ရော...။ Kufri ရောက်တော့မှာ ရောက်တော့မှာ ဆိုပြီး တကယ်တမ်းကျ ဝေးနေသေးပြန်ရော။ အဲဒါနဲ့ပဲ စားသောက်ဆိုင် တစ်ခုကို တွေ့တော့ ဝမ်းသာအားရ ဝင်ကြရပါတယ်။ အဲဒီ ဆိုင်က အိမ်သာ ဆိုတာလည်း ညစ်ပတ်နေပြန်ရော...။
Shimla လမ်းဆုံးကို မရောက်ခင် Kufri Resort ကို ခဏ ဝင်ပါတယ်။ Nature Park တော့ ရှိပေမယ့် အတွင်းကိုတော့ မဝင်ခဲ့တော့ပါဘူး။ တစ်ခြားတော့ လက်ဆောင်ပစ္စည်း အရောင်းဆိုင် တစ်ချို့နဲ့ စားသောက်ဆိုင်တွေ လောက်ပဲ ရှိပါတယ်။
တိုက်ခန်းတွေ မရှိတဲ့ တစ်ချို့နေရာတွေမှာတော့ သဘာဝ ထင်ရှူးတောတွေပါ...။ တောင်အနိမ့်ပိုင်းတုန်းက ထင်ရှူးပင်တွေက တစ်မျိုး...။ တောင် အမြင့်ပိုင်းကျတော့ ထင်ရှူးပင်တွေက တစ်မျိုးပါ။ နှစ်ပေါင်းမနည်းတော့တဲ့ ထင်ရှူးပင် အကြီးကြီးတွေလည်း အများကြီးပါ။ Shimla တောင်ဟာ ဟိမဝန္တာတောင်ရဲ့ အနိမ့်ပိုင်း တောင်တန်း တစ်ခုပါ။
ကိုယ့်နိုင်ငံမှာလည်း တောင်တွေ များပေမယ့် ကိုယ်ကတော့ တောင်တွေကို ကြည့်ရတာ သဘောကျပါတယ်။ တောင်တန်းတွေဆီ သွားရတာကိုလည်း သဘောကျပါတယ်။ တစ်ချို့ကတော့ မျှော်လင့်သလောက်လည်း ရှုခင်းကောင်းကောင်း မတွေ့ရ၊ လျှောက်သွားစရာလည်း နေရာ သိပ်မရှိတော့ လာမိတာ မှားတယ်လို့တောင် ပြောကြပါတယ်။ ကိုယ်တို့ မျှော်လင့်တာက google မှာ ရှာကြည့်လို့ တွေ့ထားသလို အပေါ်ယံ တောင်ထိပ်ပိုင်းမှာ နှင်းဖုံးနေတဲ့ တောင်ကြီး တစ်ခု တွေ့ရမယ်လို့ ထင်ထားကြလို့ပါ။ အခုက ဆောင်းတွင်း မရောက်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်တို့ရောက်ခဲ့တာက ကားလမ်း ရှိတဲ့ နေရာလောက်ပဲမို့ တောင်လည်း မတက်ခဲ့ရတာနဲ့ သိပ်လှတဲ့ ရှုခင်းမျိုး မတွေ့ခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။
၃ နာရီခွဲလောက် မှာ Shimla ဟာ ဒါပဲ လို့ တက္ကစီသမားက ပြောတော့ လမ်းပေါ်မှာပဲ ခဏရပ်၊ ဓါတ်ပုံလေး ဘာလေး ရိုက်ပြီး ပြန်လာခဲ့ကြရတာပါ။ ညအိပ်ဖို့ အစီအစဉ်မရှိပဲ နေ့ချင်းပြန်မှာမို့ ဘယ်မှ လျှောက်သွားဖို့လည်း အချိန်မရှိတော့ပါဘူး။ အဲလို ချက်ချင်းပြန်တာတောင် ဟိုတယ်ကို ည ၉ နာရီ ထိုးကာနီးမှ ပြန်ရောက်ပါတယ်။ ညစာကိုတော့ လမ်းက Macdonald မှာ စားခဲ့လို့ တော်ပါသေးရဲ့။ ဟိုတယ်ပြန်ရောက်တော့ ညစာမရှိတော့ပေမယ့် Ice Cream လေးတော့ စားလိုက်ကြပါသေးတယ်။
ရိုက်ခဲ့တဲ့ ရှုခင်းပုံ အများစုကလည်း ကားပေါ်ကနေ လှမ်းရိုက်တာပါ။ တစ်ချို့နေရာတွေမှာတော့ ဓါတ်ပုံရိုက်ဖို့ ကားခဏရပ်ပြီး ဆင်းရိုက်ကြပါတယ်။ Google မှာ ရှာကြည့်ထားသလောက်တော့ ပုံကောင်းကောင်း မရခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ တောင်တန်းပေါ်မှာ ခရီးသွားရတာကိုပဲ တော်တော် သဘောကျခဲ့ပါတယ်။
သိင်္ဂါကျော်