31 May, 2016

သူနဲ့ ကိုယ်


သူနဲ့ ကိုယ်နဲ့  မိုင်တွေ ရာချီပြီးဝေးတယ်။
သူနဲ့ ကိုယ်နဲ့ ဝါသနာချင်းလည်း မတူကြဘူး။
သူနဲ့ ကိုယ်နဲ့ အကြိုက်ချင်းလည်း မတူကြဘူး။
သူနဲ့ ကိုယ်နဲ့ အသက်မွေးဝမ်းကြောင်း ဘဝချင်းလည်း ခြားနားတယ်။

ဒါပေမယ့်
ကိုယ်က သူ့ တစ်ယောက်တည်း ချစ်တာ သူသိတယ်။
သူက ကိုယ့်တစ်ယောက်တည်း ချစ်တာ ကိုယ်လည်း သိတယ်။

ခုချိန်မှာ
သူက ကိုယ့်ကို ထားခဲ့ဖို့ မကြိုးစားတော့ဘူး ဆိုတာ ကိုယ်ယုံကြည်တယ်။
ကိုယ်က သူ့ကို ထားခဲ့မှာ မဟုတ်ဘူး ဆိုတာလည်း သူယုံကြည်တယ်။

အမြဲတမ်း တွေ့ နေရမှ ချစ်ခြင်းက ခိုင်မြဲတာ မဟုတ်ဘူး။
နေ့တိုင်း ချစ်ကြောင်း ကြိုက်ကြောင်းတွေ အများကြီး ပြောနေရမှ
ချစ်နေဆဲ ဖြစ်ကြောင်း သိနိုင်တာ မဟုတ်ဘူး။
Good Night လုပ်ရုံလေးနဲ့ မမေ့သေးတဲ့ အကြောင်း သက်သေပြလို့ ရတယ်။

ကိုယ့် အားလပ်ချိန်တိုင်းမှာ သူက ကိုယ့်အတွေးထဲ အမြဲရှိတယ်။
သူ့ အားလပ်ချိန်တွေမှာလည်း ကိုယ်က သူ့ အတွေးထဲ အမြဲရှိလိမ့်မယ်။

ခုချိန်မှာ
အကြောင်းမရှိ အကြောင်းရှာ ရစ်တာတွေ မရှိတော့ဘူး။
မချစ်တော့ဘူးလားလို့ အပြန်အလှန် စိတ်ခုနေတာတွေ မရှိတော့ဘူး။
ကိုယ့်ကို ဂရုမစိုက်နိုင်တဲ့အခါ သူမှာ အကြောင်းရှိလိမ့်မယ်ပဲ တွေးတယ်။

မနက်တိုင်း အပြန်အလှန် ပို့တဲ့ message တစ်ကြောင်းကြောင့်
သတိရနေတဲ့ အကြောင်း သိနိုင်တာ မဟုတ်ဘူး။
ချစ်ခြင်းက အရာရာကို နားလည်မှု ပေးနိုင်ခဲ့တယ်။
နားလည်မှုက သည်းမခံနိုင်ချင်စရာတွေကို သည်းခံနိုင်ခဲ့တယ်။

ဘယ်သူကမှ နားလည်မပေးနိုင်မယ့် ချစ်ခြင်းတစ်ခုကို
တစ်လောကလုံးသိအောင် ဖွင့်ဟမပြနိုင်ပေမယ့်
နှစ်ယောက်သား ရင်ဘတ်ချင်းနီးတဲ့အခါ
ဝေးသွားခွင့်က အနားကပ်နိုင်မှာ မဟုတ်ဘူးလို့
မျက်မှန်စိမ်းတပ်ပြီး ယုံကြည်ထားတယ်။

ဆုံနိုင်ခွင့် မရှိခဲ့ရင်တောင်
ချစ်ခြင်းတစ်ခုက အမှန်တကယ် တည်ရှိခဲ့တဲ့ အကြောင်း
နောင်အခါလည်း အမှတ်တရ ပြောနိုင်ပါလိမ့်မယ်။

သိင်္ဂါကျော်

3 comments:

Ma Tint said...

စကားလုံးလှလှလေးတွေနဲ့ ရိုးရှင်းတဲ့သီကုံးထားတာလေး ဖတ်သွားပြီ။
နားလည်မှုဟာ အရာအားလုံးအတွက် တည်ငြိမ်အေးချမ်းစေတယ် ကျော်ရေ။

T T T ^_^

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကဗျာလေး ဖတ်သွားပါတယ်ခင်ဗျာ့

စံပယ်ချို said...

ကဗျာလှလှ စာလှလှလေးတွေဒီနေ့မှလာဖတ်ဖြစ်တယ်