ကျွန်တော်တို့ နိစ္စဓူဝ စားဝတ်နေရေး အတွက် အလုပ်တွေ လုပ်နေကြပါတယ်။ တကယ်တော့ တစ်နေ့ တစ်နေ့ လောဘ၊ ဒေါသ၊ မောဟတွေ ပွားများနေကြတာပါ။ အလုပ်ထဲမှာ လည်း အလုပ်ထဲမှာမို့ အထက်အရာရှိကို.. လုပ်ဖော်ကိုင်ဖက်တွေကို.. မကျေနပ်တာ၊ ဒေါသထွက်တာက တစ်မျိုး၊ ကိုယ့် အလုပ်ကို မကျေမနပ်နဲ့ ရတဲ့ လစာကို မရောင့်ရဲနိုင်တဲ့ လောဘစိတ်တွေက တစ်မျိုး၊ ဟိုပစ္စည်း အသစ်ကလေး လိုချင်လိုက်တာ၊ ဒီပစ္စည်း ကလေး လိုချင်လိုက်တာ ဆိုတဲ့ လောဘစိတ်တွေက တစ်မျိုး၊ အနားယူတဲ့ အချိန်မှာလည်း ကိုရီးယားကားလေး ကြည့်ရင်း ဟိုမင်းသားလေးကို ကြိုက်လိုက်တာ၊ ဒီမင်းသမီးလေးကို ကြိုက်လိုက်တာ ဆိုတာ လောဘ၊ ဟိုမင်းသား၊ ဟိုမင်းသမီး ကတော့ အမြင်ကပ်စရာ ကောင်းလိုက်တာ ဆိုတဲ့ ဒေါသစိတ်တွေကတစ်မျိုး၊ ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ်ထားနေတဲ့ စိတ်က မှန်သလား မှားသလား မသိတဲ့ မောဟ စိတ်တွေကတစ်မျိုးနဲ့ပဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ဖြတ်သန်း နေကြပါတယ်။ ကျွန်တော်တို့ စိတ်ထဲ ကိုယ့်အသက်က ဘယ်လောက်မှ မရှိသေးပါဘူး၊ ဒီအချိန်၊ ဒီအရွယ်ကတော့ ပညာရှာရမှာ..၊ စီးပွားရှာရမှာ.. ဆိုပြီး ပညာရဖို့ ဥစ္စာရဖို့ပဲ လုံးပန်းပြီး သေခြင်း တရားကို မေ့နေမိကြပါတယ်။ တစ်ချို့ကလည်း ဒီသံသရာကြီးက ရှည်တာ သိတယ်၊ တရားအားထုတ်ရဦးမယ်၊ ခုတော့ မလုပ်နိုင်သေးဘူး၊ ပင်စင်ယူမှပဲ လုပ်တော့မယ် ဆိုတာမျိုးလည်း ရှိကြပါတယ်။ ကျွန်တော်လည်း ဒီလိုလူတွေထဲက တစ်ယောက်ပါပဲ။ တစ်နေ့ လုပ်မယ်၊ လုပ်မယ် ဆိုပြီး နေ့ရွှေ့ ညရွှေ့နဲ့ နေလာခဲ့တာ ကြာပါပြီ။ ဒီအရွယ်နဲ့တော့ မသေနိုင်သေးဘူးလို့ သေမင်းအပေါ်လည်း ယုံကြည်မှု ကြီးကြီး ထားမိနေသလိုပါပဲ။
တစ်လောကတော့ သေခြင်းတရားကို နီးနီးကပ်ကပ် မျက်ဝါးထင်ထင် မြင်လိုက်ရတော့မှပဲ သံဝေဂ တော်တော် ရမိပါတယ်။ ရတနာပုံ မြို့သစ်ဝန်းထဲမှာပဲ Ph.D ကျောင်းသူလေး တစ်ယောက် ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားတာပါ။ Ph.D ကျောင်းသူ ကျောင်းသားတွေကို Camp သွင်းထားတဲ့ အတွက် ညအိပ်ညနေ အပြင်ထွက်ခွင့် မရှိပါဘူး။ အခု သင်္ကြန်တွင်းကိုတော့ တရားဝင် ပိတ်ရက် ရတဲ့ အတွက် အိမ်ပြန်ဖို့ရာ အားလုံးပဲ ပြင်ဆင်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ အခု ကျောင်းသူလေးကလည်း အိမ်ပြန်ဖို့ ကားလက်မှတ် လဲစရာ ရှိတဲ့ အတွက် နေ့လည် ထမင်းစားချိန် လမ်းထိပ် ထွက်ရာက ပြန်အလာမှာ ဖြစ်ရခြင်း ဖြစ်ပါတယ်။ ရန်ကုန်ဇာတိမို့ ဆိုင်ကယ် စီးနေကျလည်း မဟုတ်တော့ သတိလက်လွတ်စီးမိပါလိမ့်မယ်။ အပျော့သား ယူနီဖောင်း လုံချည်က ဆိုင်ကယ် နောက်ဘီးမှာ ညပ်သွားတာကို ရှေ့ကမောင်းသူကို မပြောပဲနဲ့ ကိုယ့်ဟာကိုယ် ဆွဲထုတ်ရင်း ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတာ ဖြစ်မယ်လို့ ယူဆကြပါတယ်။ အောက်ခံလမ်းက ကွန်ကရစ်လမ်း ဖြစ်တဲ့ အတွက် ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ ဦးခေါင်းနဲ့ ရိုက်မိရာမှာ ဘယ်လိုမှ သက်သာဖွယ်ရာ လမ်းမမြင်ပါ။ သွေးတွေ မြင်မကောင်းအောင် ထွက်နေပေမယ့် အသက်ရှင်လို ရှင်ငြား ဆရာ ဆရာမတွေ ဝိုင်းဝန်းပြီး ပြင်ဦးလွင် ဆေးရုံကို ကားနဲ့ သွားပို့ပေမယ့်လို့ On the Sport ဆုံးသွားတာပါလို့ ဆရာဝန်က ပြောပါတယ်။ ကလေးမလေးရဲ့ အမေကလည်း သွေးတိုး နှလုံး ရောဂါတွေ ရှိတယ် ဆိုလို့ ချက်ချင်း အကြောင်း မကြားရဲပဲ အဖေနဲ့ အစ်ကို ကိုပဲ ရအောင် ဖုန်းဆက်ပြီး အကြောင်းလှမ်းကြားတော့ သူတို့ လာမယ် ဆိုတာနဲ့ ရောက်အောင်စောင့်ပြီး သုံးရက်မြောက်နေ့မှာ ပြင်ဦးလွင်မှာပဲ သဂြိုံဟ် လိုက်ရပါတယ်။
ဆိုင်ကယ်ကို ရှေ့က မောင်းတဲ့ ကျောင်းသူလေးကလည်း စိတ္တဇတွေ ဖြစ်လို့... အတူပြန်မယ့် ကျောင်းသူလေးကလည်း သူမသွားမိပဲ သေသွားတဲ့ ကျောင်းသူလေးကို သွားခိုင်းမိလို့ပါ ဆိုပြီး စိတ္တဇတွေ ဖြစ်လို့...။ အဲဒီညမှာ သေဆုံးသူနဲ့ တစ်တန်းတည်းသားတွေူ အားလုံးလည်း စိတ်မကောင်းတွေဖြစ်၊ စိတ်တွေ ခြောက်ခြားပြီး နေမကောင်းတွေ ဖြစ်ကြလို့ ဆေးခန်းတောင် သွားပြကြရသေးရဲ့။ အားလုံးရဲ့စိတ်ထဲမှာ အိပ်မက်လိုလို ဖြစ်နေပါတယ်။ အသက် ၂၀ ကျော် အရွယ် တက်ကြွ လန်းဆန်းပြီး ဘွဲ့လွန်တက်နေတဲ့ ကျောင်းသူလေး တစ်ဦးကို ခုလို အဖြစ်ဆိုးမျိုးနဲ့ သေဆုံးလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့် မထားမိကြပါဘူး။ ဒီဝန်းထဲမှာ ဒီလိုပဲ ဆိုင်ကယ် ဦးထုပ်မဆောင်းပဲ သွားလာ နေကြတာပဲကို။ အခုတော့ ဝမ်းနည်းစရာ ကောင်းတဲ့ မတော်တဆမှု တစ်ခု ဖြစ်ခဲ့ရပါပြီ။ အားလုံးရဲ့ စိတ်ထဲမှာလည်း သေခြင်းတရား ဆိုတာ အချိန်မရွေး ရောက်လာနိုင်ပါလားလို့ သံဝေဂတွေလည်း ရလို့ ပေါ့။ ကိုယ်က ဝေးသေးတယ်လို့ မေ့ထားတဲ့ သေခြင်းတရားဆီ သွားရမယ့် ခရီးက တကယ်တော့ မျက်စိတမှိတ်၊ လျှပ်တပြက် အတွင်းလည်း ရောက်သွားနိုင်တဲ့ ခရီးပါ။ အဲဒါကြောင့် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ သေနိုင်တယ် လို့ ပြောကြတာပါ။
တစ်ချို့ကလည်း သေသွားရင် ပြီးသွားတာပါပဲ လို့ ပြောကြတယ်။ ဘဝတစ်ခု ချုပ်သွားတယ် ဆိုပေမယ့် သံသရာမှာ သွားရမယ့် ခရီးက အရှည်ကြီး ကျန်ပါသေးတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းက နောက်ဘဝ ရှိတယ် ဆိုတာကို ယုံကြည်ကြပါတယ်။ အဲဒီ နောက်ဘဝက ၃၁ ဘုံထဲက ဘယ်ဘုံ ဘယ်ဘဝမှာ ဖြစ်မယ် ဆိုတာတော့ ဘယ်သူမှ ကြို မသိနိုင်၊ ကြိုမပြောနိုင်တဲ့ အရာပါ။ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကယ် အပယ်လေးဘုံထဲ မရောက်ရအောင်တော့ ကိုယ်လုပ်တဲ့ ကံ အလုပ်တွေ ပေါ်မှာပဲ မူတည်မှာပါ။ သေဆုံးကာနီး စွဲလမ်းစိတ်တွေ ကလည်း မကောင်းတဲ့ ဘုံဘဝ ရောက်အောင် သတ်မှတ် ပြဌာန်းပေးတဲ့ အထဲမှာ ပါပါတယ်။ ကျွန်တော်လည်း ဒါမျိုးတွေ သိပ်မရေးတတ်ပါဘူး။
ပြည်မြို့ ကုဏ္ဍလာရာမ ဆရာတော်ကြီးရဲ့ တရားထဲမှာ ဟောကြားသလို ကျွန်တော်တို့ နေ့တဓူဝ တွေးနေ ကြံနေ လုပ်နေတာတွေ အားလုံးဟာ ငရဲမှာ ကိုယ်နဲ့ ပတ်သတ်တဲ့ ဒယ်အိုးကို တယ်နေသလိုပါပဲ တဲ့။ မကျေနပ်တဲ့ စိတ်ပေါ်တော့ ဒေါသ ဖြစ်တယ်၊ ကြိုက်တာ လိုချင်တာ ဖြစ်တော့ လောဘပါ၊ အဲဒီလို ဖြစ်နေတာကို မသိတာကလည်း မောဟ ပေါ့။ ဒီစိတ်တွေနဲ့ နေနေတဲ့ နောက်တော့ အကုသိုလ်တွေပဲ အမြဲ ဖြစ်နေတာပေါ့ တဲ့။ တစ်နေ့ တစ်နေ့မှာ ကိုယ်လုပ်တဲ့ (သူ့ အသတ် သတ်တာဖြတ်တာ မဟုတ်တာတောင်မှပဲ မသိမသာဖြစ်နေတဲ့) အကုသိုလ်တွေက တစ်ပိဿာ မက များပြားလှပါတယ်။ အဲဒီ အကုသိုလ်တွေ ပပျောက်ဖို့ ဆိုရင် တစ်နေ့မှာ အနည်းဆုံး တစ်နာရီ၊ နှစ်နာရီ လောက်ပဲ ဖြစ်ဖြစ် တရား ဘာဝနာ၊ ဝိပဿနာ တရား ပွားများကြဖို့ တိုက်တွန်းတာပါ။ အဲဒီလို တစ်နေ့ တစ်နေ့ မမေ့လျော့ပဲ ဝိပဿနာ ပွားများကြရင် ကိုယ်လုပ်မိတဲ့ အကုသိုလ် တရားတွေကို ပယ်သတ်နိုင်မှာပါ.. လို့ ဆရာတော်ကြီးက ဟောပါတယ်။
အခုခေတ်မှာ တရားကို သိပြီး တရား ဘာဝနာ ပွားများဖို့ စိတ်ပါဝင်စားကြတဲ့ သူတွေထဲမှာ အသက်ကြီးပိုင်းတွေသာ မကပဲ လူငယ် လူရွယ်တွေလည်း တော်တော်များများ ပါလာပါပြီ။ သင်္ကြန်တွင်းလို အစိုးရ ရုံးပိတ်ရက်မျိုးမှာ ဆိုရင် တရားရိပ်သာတွေမှာ စခန်းဝင်တဲ့ လူငယ် လူရွယ်တွေ တော်တော်လေး များပါတယ်။ ဒါပေမယ့်လည်း အပြင်မှာ သင်္ကြန်လည်ပြီး ပျော်ပါးနေတဲ့ သူတွေနဲ့ စာရင်တော့ ရာခိုင်နှုန်း အနည်းငယ်ကလေးမျှသာ ရှိတာပါ။
ပုထုဇဉ် လူသားတွေ ပီပီ ဘယ်သူမှတော့ ဒီ လောဘ ဒေါသ မောဟ၊ အကုသိုလ် တရားတွေကို ဆင်ခြင်နိုင်ကြဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်သွားရမယ့် သံသရာ ခရီးကြီးက အရှည်ကြီး ကျန်နေပါသေးသည်။ ဒီ သံသရာ ခရီးရဲ့ လမ်းခုလတ်မှာ အပယ်ငရဲကို ကျရောက်သွားလို့ကတော့ နှစ်ပေါင်း များစွာ အတွင်း လွတ်မြောက်ဖို့ လမ်းမမြင်ပဲ ဒုက္ခရောက်ကြရမှာပါ။ ဒီလို ဘဝ ကူးပြောင်းသွားရမယ့် သေခြင်းတရား ဆီ ရောက်ဖို့ရာကလည်း အဝေးကြီးပဲလို့ မထင်ကြစေချင်ပါဘူး။ အချိန်မရွေး ရောက်သွားနိုင်တာပါ။ အဲဒါလေးတွေ ဆင်ခြင်ပြီး ဒီဘဝ ခဏလေး နေရခိုက်မှာ အကုသိုလ် တရားတွေ တတ်နိုင်သလောက် နည်းနိုင်သလောက် နည်းအောင် ရှောင်ကြဉ်ပြီး ဒါန၊ သီလ စတဲ့ ကုသိုလ်တရားတွေ ဖြည့်နိုင်သလောက် ဖြည့်ဆည်းပြီး ဝိပဿနာ ဘာဝနာတရား ကိုလည်း တရားရိပ်သာ ဝင်တဲ့ အချိန်ကာလလေး မျှသာ မဟုတ်ပဲ အိမ်မှာ နေရင်းလည်း အိပ်ရာဝင် အိပ်ရာထလေး လောက်ပဲ ဖြစ်ဖြစ်၊ နာရီဝက်၊ တစ်နာရီလောက်တော့ မှန်မှန်ပွားများရင်းနဲ့ တစ်နေ့တစ်နေ့ ကိုယ်လုပ်ခဲ့မိတဲ့ အကုသိုလ်တရားများကို ပယ်သတ်နိုင်အောင် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီဘဝမှာ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရလောက်တဲ့ အဆင့် မဟုတ်ရင်တောင်မှပဲ ဝိပဿနာတရား ပွားများအားထုတ်ခဲ့တဲ့ ပါရမီကလေး ရှိခဲ့တယ် ဆိုရင် နောင် ကိုယ် ရောက်လေရာ ဘဝတွေမှာလည်း ဆက်လက် အားထုတ်ရင်းနဲ့ နိဗ္ဗာန် မဂ်ဖိုလ် ကို မျက်မှောက်ပြုရတဲ့ ဘဝကို ရောက်နိုင်ပါတယ်။
ကျွန်တော် ကိုယ်တိုင်လည်း တရားမရသေးပါဘူး။ ဆရာကြီး လုပ်တာလည်း မဟုတ်ပါဘူး။ တရားစခန်း တော့ တစ်ခါ နှစ်ခါ ရက်တို ဝင်ဖူးပေမယ့် အိမ်မှာလည်း မှန်မှန် မလုပ်ဖြစ်သေးပါဘူး။ ကိုယ်မလုပ်နိုင်ပေမယ့်လို့ လုပ်သင့်တဲ့ အလုပ်လို့ ထင်တဲ့ အတွက် အားလုံးကို သတိပေးတဲ့ အနေနဲ့ သေခြင်းတရားကို မမေ့လျော့ကြဖို့၊ ဘုရားအလုပ်၊ တရားအလုပ်ကို မမေ့ကြဖို့ ဒီစာကို ရေးဖြစ်တာပါ။
************************
ပြည်မြို့ ကုဏ္ဍလာရာမ ကျောင်းတိုက်မှာ သင်္ကြန်ကာလ တရားဝင်သူများ ဓမ္မာရုံပေါ်မှာ တရားမထိုင်ခင်။
ဆွမ်းစားဆောင်မှာ။
နေ့ လည် တရားနားချိန် ဖျော်ရည် သောက်နေကြသော ယောဂီများ။
အမြဲနေ သံဃာများ၊ သီလရှင်များ၊ ယောဂီများ တရားထိုင်ရာ ပြင်ဦးလွင် ဖားအောက်တောရ ဓမ္မာရုံ။
သီလရှင်များ၊ ယောဂီများ နေထိုင်ရာ ကျောင်းဆောင်လေးများ။
ဆွမ်းစားဆောင်။
သင်္ကြန်တွင်း တရားစခန်းမှာ တရားထိုင်ရမယ့် ပြင်ဦးလွင် ဖားအောက်တောရ သုံးထပ် ဓမ္မာရုံအသစ်။
သိင်္ဂါကျော်