ကိုယ်က ခရစ်ယာန် မဟုတ်ပေမယ့် ခရစ္စမတ်ဆိုတဲ့ အသံကို ကြားရရင်ကို သဘောကျတယ်။ ခရစ္စမတ် ရောက်ကာနီးရင် ခရစ္စမတ် သီချင်းတွေ ရှာပြီး နားထောင် ဖြစ်တယ်။ Last Christmas ကိုတော့ Billie ရော၊ wham ရော၊ Taylor Swift ဆိုတာရော version အားလုံးကို ကြိုက်တယ်။ So this is Christmas တို့ Christmas isn’t Christmas without you၊ တို့ကို ပြန်ပြီး နားထောင်ဖြစ်တယ်။ ဒီနှစ်ကြိုက်နေတာတော့ Justin Bieber ရဲ့ Misletoe ပါ။ မကြာသေးခင်ကပဲ Christmas Kiss ကိုလည်း နာမည်သဘောကျတာနဲ့ ကြည့်လိုက်သေးတယ်။
အရင်တုန်းကတော့ ခရစ္စမတ်နေ့နား နီးလာရင် သီချင်းဆိုတဲ့ အဖွဲ့တွေ အိမ်တွေကို လိုက်ပြီး ခရစ္စမတ်သီချင်းတွေ လာဆိုတတ်ကြတယ်။ အိမ်တွေကလည်း စားစရာတွေနဲ့ ဧည့်ခံကြပေါ့။ အဲဒီဓမ္မတေး တွေကိုလည်း သဘောကျပါတယ်။ နောက်ပိုင်းတော့ ကိုယ်တို့အိမ်ဘက်ကို အဲဒီအဖွဲ့တွေ မလာကြတော့ဘူး။ ကိုယ်ကလည်း အိမ်မှာ မရှိတာ များနေတော့ သိပ်မသိတော့ဘူး။
မြန်မာနိုင်ငံမှာတော့ တစ်ချို့တလေ အိမ်မှာ ပြင်ဆင်တာက လွဲရင် မြို့အလိုက် ရပ်ကွက်အလိုက် ဆိုသလို မီးအလှဆင်တာမျိုးလည်း မရှိပါဘူး။ ကိုယ်တို့အိမ်ကလည်း ခရစ်ယာန်အိမ် မဟုတ်တော့ ခရစ္စမတ် Decoration တွေတော့ တစ်ခါမှ မလှမဆင်ဖူးဘူး။ ဒါပေမယ့် အဲဒါမျိုးလေးတွေ လုပ်ထားတာ မြင်ရတာတော့ သဘောကျတယ်။ ခရစ္စမတ်ပင် အကြီးကြီးတွေ၊ မီးအလှဆင်ထားတာတွေ ကြည့်ရတာ တအားသဘောကျတယ်။ ခရစ္စမတ် မတိုင်ခင် ဒီဇင်ဘာထဲမှာ ကိုရီးယားကို သွားတုန်းက တစ်ခါ၊ နောက်တစ်နှစ် အဲလို အချိန်ပဲ စင်ကာပူ ရောက်တုန်းက တစ်ခါ အဲလို Decoration တွေ မြင်ဖူးခဲ့ရပါတယ်။ ခရစ္စမတ်နီးရင် ဆိုင်တွေ အားလုံးကလည်း Discount လို့ ရေးထားတော့ လူတိုင်းကလည်း Christmas Shopping မှာ ကြိတ်ကြိတ်တိုး နေကြတာပါပဲ။ အခုအချိန်က နယ်သာလန်မှာလည်း Christmas Shopping စည်ကားနေချိန်ပေါ့။ ဒီ Groningen မြို့လေးကပဲ ငယ်လို့လား မသိဘူး။ မြို့လည်က လမ်းတွေပေါ်မှာ မီးတွေ ထွန်းထားတာကလွဲရင် ကြီးကြီးမားမား အလှဆင်ထားတာတော့ ကိုယ်မတွေ့သေးဘူး။ ကိုရီးယားမှာတုန်းကမှ ပိုပြီး ပြင်ဆင်သလိုပဲ။
တစ်နေ့ကပဲ ကိုယ်လည်း မြို့ထဲက ဆိုင်တွေ လျှောက်ပတ်လိုက်သေးတယ်။ ဝယ်တာကတော့ နည်းနည်းပါ။ စကားမစပ် ဒီမှာ ခရီးသွားဖြစ်ရင် ကိုယ်တစ်ယောက်တည်း သွားရမှာဆိုပြီး ပြင်ဆင်တဲ့ အနေနဲ့ ကင်မရာ တင်တဲ့ ထောက်ကလေး တစ်ခုတော့ ဝယ်ခဲ့တယ်။ ခရစ္စမတ် အပင်လေးတွေ အလှဆင်ပစ္စည်းလေးတွေကိုတော့ အပိုကုန်လို့ မဝယ်ဘူးလို့ ကိုယ့်ကိုယ်ကို ဆုံးမပြီး မဝယ်ပဲ နေခဲ့ပါတယ်။ တကယ်တော့ ဝယ်ချင်နေသေးတယ်။ ကိုယ့်ရဲ့ Professor ရယ်၊ Supervisor ရယ်ကို Christmas Gift ပေးသင့်တယ်လို့ ဆိုင်ထဲ ရောက်မှ သတိရပြီး ဓါတ်ပုံ ထည့်တဲ့ stan လေးတွေနဲ့ အမွှေးဖယောင်းတိုင်လေး တွေ ဝယ်လာခဲ့ပြီး နောက်တစ်နေ့ ပေးလိုက်တယ်။ ကျောင်းတုန်းကလည်း ခရစ္စယာန် သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတော့ သူ့ကို နှစ်တိုင်း ကတ်ကလေးပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ပေးဖြစ်ခဲ့တယ်။ ခုနောက်ပိုင်းတော့ သူငယ်ချင်းတွေထဲမှာ ခရစ်ယာန် မရှိတာနဲ့ မပေးဖြစ်တော့ဘူး။ ဒါပေမယ့် ခရစ္စမတ် နားနီးရင်ရော၊ New Year နီးရင်ရော သူငယ်ချင်းတွေကို e-card တွေတော့ ပို့ဖြစ်တာ များပါတယ်။ Facebook မှာ အားလုံးကို tag ပြီး Card တွေလည်း တင်ဖြစ်ပါတယ်။
နှင်းတွေကိုတော့ တကယ်မျှော်လင့်တာပေါ့။ ဒီမှာက ပုံမှန်ဆို နှင်းသိပ်ကျလေ့မရှိဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ ဒီဇင်ဘာမှာ တစ်မြို့လုံးဖုံးအောင် တစ်ခါ နှင်းကျဖူးတယ်တဲ့။ ခုတော့ မိုးပဲ ရွာနေပြီး နှင်းကတော့ ခုထိ တစ်ဖွဲမှတောင် မကျသေးပါဘူး။ ကိုရီးယား ရောက်တုန်းကလည်း နှင်းကျဖို့ကို မျှော်လိုက်ရတာ နှင်းက ညဘက် နည်းနည်းပဲကျတာ မသိလိုက်ပဲ မနက်ကျမှ အစအနလေးပဲ မြင်ခဲ့ရတယ်။ ဖြစ်နိုင်ရင်တော့ နှင်းတွေကြားက ခရစ္စမတ်ကို ကြုံချင်တာပေါ့။ ဒီမြို့က မပြန်ခင် တစ်ခါလောက်တော့ နှင်းကျဖို့ကို ဆုတောင်းနေပါတယ်။ မိုးရွာတာကိုတော့ မကြိုက်ဘူး။ ဒီလထဲ ဟိုဟို ဒီဒီ လျှောက်သွားဖို့တောင် မိုးရွာမှာ စိုးလို့ စဉ်းစားနေရတယ်။ ကျောင်းက ဒီ weekend ကနေ နောက် weekend အထိ တစ်ပတ် ပိတ်မယ်။ အဝေးကြီး မဟုတ်ပေမယ့် အနီးအနား နေ့ချင်းပြန် ခရီးလေးတွေ ထွက်ရင် ကောင်းမလားလို့ စဉ်းစားနေပါတယ်။ ပိတ်ရက်မှာ အဖော်သာရှိရင် ခရီးထွက်ရတာ အကောင်းဆုံးပဲလို့ ထင်တယ်။
ဒီဇင်ဘာ ၃၁ ရောက်ကာနီးရင်လည်း သီရိဂျေမောင်မောင်ရဲ့ ၃၁ ဒီဇင်ဘာ သီချင်းကို အလိုလို ဆိုမိပြန်ရော။ ကိုယ်တို့ နိုင်ငံမှာကတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကြားမှာလည်း ပိတ်ရက် သီးသန့် မရှိတော့ နှစ်သစ်တိုင်းလည်း အိမ်မှာ မရှိဖြစ်ပါဘူး။ များသော အားဖြင့်တော့ အဆောင်မှာပဲ သူငယ်ချင်းတွေနဲ့ အတူ ရှိနေဖြစ်တယ်။ ရန်ကုန် အဆောင်တုန်းကလည်း အဆောင်မှာ တစ်ဆောင်လုံး စုပြီး မုန့်လုပ်စားကြတယ်။ ၁၂ နာရီကျတော့ တစ်ယောက်အခန်း တစ်ယောက် ခေါက်ပြီး Happy New Year လုပ်ကြတယ်။ မနှစ်ကလည်း ပြင်ဦးလွင် အဆောင်မှာ ခရစ်ယာန်လည်း တစ်ယောက်မှ မပါပဲ တစ်ဆောင်လုံး ညဘက် မုန့်လုပ်စား သီချင်းတွေ ဆိုပြီး ခရစ္စမတ်ပါတီ လုပ်ကြတယ်။ ၃၁ ရက် ကျတော့လည်း တစ်ခါ မုန့်တွေ လုပ်စားပြီး မီးပုံဘေးမှာ သီချင်းတွေ ဆိုကြတယ်။ ၁၂ နာရီ နီးလာတော့ Countdown လုပ်ပြီး Happy New Year အော်ကြတယ်။ ရောက်တဲ့နေရာမှာ ပျော်အောင် နေလိုက်ကြတာပေါ့။
အတူတူ ရှိနေစေချင်တဲ့ special someone တော့ လုံးဝ လုံးဝ မရှိပါဘူး နော်။ ခရစ္စမတ်ချစ်သူ တို့ ဘာတို့က စိတ်ကူးယဉ်တာပါ။ :P ဒီလိုပဲ မိသားစုနဲ့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အတူတူ ရှိရရင် ကောင်းတာပါပဲ။ ဒါပေမယ့် ဒီနှစ်တော့ တစ်ယောက်တည်းပဲ ဖြတ်သန်းရပါလိမ့်မယ်။ အခန်းထဲမှာပဲ နေဖြစ်တာ များတော့ အဆောင်က တစ်ခြားလူတွေနဲ့လည်း မခင်သေးဘူးလေ။ ၃၁ ရက်ကျရင်တော့ မှတ်မှတ်ရရကို ၁၂ နာရီထိုးအောင် စောင့်ပြီး တစ်ယောက်တည်း Happy New Year လုပ်မှာပါ။ ကိုယ့်အတွက်တော့ တစ်ယောက်တည်းနေလည်း lonely ဖြစ်လှတယ် မဟုတ်ပါဘူး။ အားရင် သီချင်းနားထောင်၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်လေးတွေ down ပြီးကြည့်၊ ကိုယ်ကြိုက်တဲ့ ဘလော့ပေါ်က စာလေးတွေ ရှာဖတ်၊ facebook ကလေးဖွင့်ပြီး သူငယ်ချင်းတွေ ဘာလုပ်နေလဲ ကြည့်။ ဒါနဲ့ပဲ ကျေနပ်ပါတယ်။
နှစ်သစ်ကတော့ တစ်နှစ်ပြီး တစ်နှစ် ဖြတ်သန်းနေတာပါပဲ။ တစ်ခါမှလည်း New Year Resolution ရယ်လို့ ဆုံးဖြတ် လုပ်ကိုင်တာလည်း မရှိခဲ့ပါဘူးလေ။ ကိုယ် ရေးခဲ့ဖူးတဲ့ ကဗျာ လို ထူးမခြားနား အလုပ်တွေ လုပ်နေဆဲပါပဲ။ ဒီနှစ်တော့ နေရာသစ် တစ်ခုမှာ ရောက်နေတာ နည်းနည်း ထူးခြားတယ်လို့ ပြောရမှာပေါ့နော်။ နှစ်တစ်နှစ် ကုန်သွားတော့ အသက် တစ်နှစ် ကြီးသွားတာပေါ့။ ဒါပါပဲ။ နှစ်ဟောင်းကို မကုန်စေချင်စရာလည်း ဘာအကြောင်းမှ မရှိသလို နှစ်သစ်ကို ထူးထူးခြားခြား မျှော်စရာလည်း မရှိပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာတော့ ဇန်နဝါရီ ၁ရက်ကစပြီး ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေ ပြင်ပြီး ကောင်းတာတွေ၊ လုပ်သင့်တာတွေ လုပ်တော့မယ်လို့ စိတ်ကူးမိတာတော့ ရှိပါတယ်။ နှစ်အသစ်ထဲမှာ ကိုယ့်ကတိ ကိုယ် မတည်တာတော့ တစ်ပိုင်းပေါ့။ :D
ဒီပို့စ်ကို ရေးဖြစ်တဲ့ အတွက် ကိုယ့်ကို သတိတရ Tag တဲ့ Rose ကို ကျေးဇူးတင်ပါတယ်။
ဘလော့ဂါ သူငယ်ချင်းအားလုံး၊ စာချစ်သူ အားလုံး၊ သူငယ်ချင်းအားလုံး “Merry Christmas and Happy New Year”
သိင်္ဂါကျော်