04 January, 2012

တိမ်စီးတဲ့ည

 

ပြတင်းပေါက်က လှမ်းဆွတ်လို့ ရလောက်အောင်
နီးနီးကပ်ကပ် ပျံသန်းသွားတဲ့
တိမ်တွေကို ဆွဲခိုပြီး လိုက်ခဲ့တယ်..
ဘာသာမဲ့ စကားလုံးတွေနဲ့ ရေးခြစ်ထားတဲ့
အဲဒီကောင်းကင်ဆီ...။

အများရဲ့လက်တွေနဲ့ ထုဆစ်ထားတဲ့
အဲဒီမြို့က ဟိုအဝေးမှာ ကျန်ခဲ့ပေါ့
သူရဲကောင်း ကျောက်ရုပ်တွေ အစီအရီနဲ့၊
လေတိုက် မခံနိုင်တော့တဲ့
ဝတ်လစ်စလစ် သစ်ပင်တွေ...
အနင်းမခံချင်တော့တဲ့
တွန့်လိမ်တဲ့ လမ်းမတွေ နေတဲ့မြို့။

သဘာဝလွန် သူရဲကောင်းတွေ မကယ်နိုင်အောင်
အစုတ်အပြဲတွေ ပြည့်နေတဲ့ ဂြိုဟ်ဟာ
ကမ္ဘာမြေတဲ့လား...
ဘာပဲဖြစ်ဖြစ်လေ
ကြယ်ရောင်နဲ့တောင် စိမ်းလန်းဆဲပဲလို့
အကောင်းမြင်အတွေးနဲ့ မြင်ပေးလိုက်။

ကြယ်တွေလို သေချင်တယ်လို့
ကြယ်ကြွေတုန်းမှာ ဆုတောင်းလိုက်တယ်..
ဘယ်လောက် ကောင်းလိုက်သလဲ..
သေတာတောင်မှ သူတစ်ပါးဆန္ဒကို
ဖြည့်ပေးသေးသတဲ့။

တစ်ယောက်တည်း ကိုယ့်အရိပ်နဲ့ ကိုယ်
လမ်းလျှောက်နေတာထက် ပိုကောင်းလို့
တိမ်တွေနဲ့ အတူ ခရီးကြုံ လိုက်ခဲ့မိပါရဲ့
ရပ်နားဖို့ နေရာတောင် မရှိတဲ့အဖြစ်။

နားလည်လိုက်ပါရဲ့
တစ်ဘဝလုံး ပျံသန်းနေတာတောင်
ရင်ခွင်တစ်ခုတလေ နားခိုဖို့ မရှိခဲ့တဲ့ငှက်လေ..
ဘယ်တော့မှ မကျိုးမယ့် အတောင်ပံတစ်စုံကို
ဆုတောင်းမှားခဲ့လေသလား...
အကောင်းမြင်အတွေးပဲ တွေးပါတယ်
တောင်ပံကျိုး ငှက်တစ်ကောင်မဖြစ်ခဲ့တာ
တိမ်တွေနဲ့ အတူ ပျံသန်းနိုင်တာ
ကံကောင်းခြင်း လက်ဆောင်ပဲ ဖြစ်ရဲ့။
 

သိင်္ဂါကျော်


11 comments:

မဒမ်ကိုး said...

ကံကောင်းခြင်းလက်ဆောင်တွေဘဲ ဖြစ်ပါစေ မမရေ
ချစ်တဲ့
မဒိုးကန်

Anonymous said...

ပျံသန်းခွင့်ရှိနေတာရယ် အကောင်းမြင်တတ်တာရယ် ရ ထားတာ သိပ်ကံကောင်းတာပဲနော် မသိဂါင်္ ..

ခင်မင်လျှက်
jr

blackroze said...

အမရေ
ကံကောင်းခြင်းလက်ဆောင်တွေ
အများကြီးပိုင်ဆိုင်ပါစေနာ်

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေးအားပေးသွားပါတယ်

kokoseinygn said...

ကဗျာလည်းဖတ်သွားတယ်..ဓါတ်ပုံတွေလဲ
ကြည့်သွားတယ်။

Mae Coe said...

ကဗျာလေးက အားတွေကို သဘောကျပါတယ်။
ကံကောင်းသော နှစ်သစ်တွေ အမြဲပိုင်ဆိုင်ပါစေး)

စံပယ်ချို said...

ဘုရားသခင်က လူသားအားလုံးအတွက်ဘ၀မှာတစ်ကြိမ်တော့ကံကောင်းခြင်းတွေပေးတယ်လို့မေမေပြောဘူးတယ်
အဲဒီတစ်ကြိမ်မြန်မြန်ရပါစေ

Cameron said...

တိမ်တွေကိုချစ်တတ်သူမို့ တိမ်တွေခိုစီးရင်းကဗျာလေးကိုခံစားသွားပါတယ်...အမ။

sosegado said...

ရှိတာကို အကောင်းဆုံးလို့မြင်တတ်ရင် စိတ်ချမ်းသာပါတယ်၊

မြသွေးနီ said...

ပျံသန်းနိုင်ခွင့်ရှိသလောက်..
ပျံသန်းနိုင်တာကိုက...
အခွင့်အရေးရနေသေးတာပါဘဲ...။

ပေါ့ဆိမ့် said...

ကဗျာလေးနဲ့အတူ တိမ်တွေဆီလိုက်သွားမိတယ်...
ကြယ်လေးတွေကိုပါ နှုတ်ဆက်လိုက်တယ်...
ခင်မင်စွာဖြင့်