06 January, 2012

မနေ့က ပန်းတစ်ပွင့်


မနေ့က ကောင်မလေးရေ
မင်းထင်သလောက်နဲ့တော့
လွယ်လွယ်မေ့လို့ရခဲ့တာ မဟုတ်ပါဘူး၊
ငါ့မနက်ဖြန်တွေ အားလုံး
ဟင်းလင်းပြင် ဖြစ်ပြီး နေခဲ့တာ
လတွေတောင် မရေနိုင်တော့လောက်အောင်ပဲ။

မင်းနဲ့ငါရဲ့ အဆုံးသတ်က
သေချာခဲ့ပြီ ဆိုပေမယ့်
တို့ နှစ်ယောက် ကျောခိုင်းခဲ့တဲ့
မျဉ်းတစ်ကြောင်းက
စက်ဝိုင်းရဲ့ အနားသတ်များ ဖြစ်လေမလားလို့
အစမှတ် ပြန်ရောက်ဖို့ မျှော်လင့်ရင်း
အရူးတစ်ယောက်လို လွမ်းနေခဲ့ပါရဲ့။

မနေ့က ကောင်မလေးရေ
ငါ့ရဲ့ မနက်ဖြန်တိုင်းကိုတော့
မင်း မပိုင်ဆိုင်နိုင်တော့ပါဘူး၊
အချိန်ဆိုတာ ဒဏ်ရာတိုင်းကို ကုစားနိုင်သတဲ့။
ခုတော့လည်း
ခံစားချက်မဲ့ဇုံထဲမှာ မင်းကို ထားနိုင်ခဲ့ပြီ။

သစ်ပင်တွေတောင်
တစ်ရာသီပြီး တစ်ရာသီ ပွင့်နိုင်သေးတာပဲ
တကယ်တော့
မင်းကလည်း ငါ့ရဲ့
ပွင့်ခဲ့ဖူးတဲ့ ပန်းတစ်ပွင့်ပါ။

သိင်္ဂါကျော်


7 comments:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

နူးညံ့ပေမယ့် ပြတ်သားမှုရှိတယ်ဆိုတဲ့ သဘောလေးပေါ့နော် ..။

ကဗျာလေးကို နှစ်သက်မိတယ်။

မပိုင်ဆိုင်နိုင်တော့တဲ့သူကို အမြဲတမ်း လွမ်းဆွတ်တမ်းတနေမယ့် အစား အခုလိုမျိုး ခံစားချက်ကင်းမဲ့ဇုံထဲမှာ ထားခဲ့နိုင်ရမှာပါ။

Angelhlaing(May everybody be happy and healthy! said...

မိုက်တယ်မမ ..

ပွင့်ခဲ့ဖူးတဲ့ ပန်းတစ်ပွင့်...ပါ..တဲ့။

မိုးဇက် said...

သစ်ပင်တွေတောင်
တစ်ရာသီပီး တစ်ရာသီ ပွင့်နိုင်သေးတာပဲ
တကယ်တော့
မင်းကလည်း ငါ့ရဲ့
ပွင့်ခဲ့ဖူးတဲ့ ပန်တစ်ပွင့်ပါ။ ။
ခိုက်တယ်ဗျာ ......
အနက်ရိုင်းဆုံး ခိုက်သွားတယ် ။

စံပယ်ချို said...

ငါ့မနက်ဖြန်တွေအားလုံးကိုဟင်းလင်းပြင်ကြီးနေခဲ့တာလား

ဘိုဖြူ said...

မပိုင်ဆိုင်နိုင်တော့တဲ့သူကို အမြဲတမ်း လွမ်းဆွတ်တမ်းတနေမယ့် အစား ----
ဒီလိုလေးကပိုကောင်းတယ်ထင်တာပဲ

ကိုထွဋ် said...

မနေ့ကကောင်မလေးက ပွင့်ဖူးခဲ့တဲ့ ပန်းတစ်ပွင့်ဆိုတော့.. ဒီနေ့ ကောင်မလေးကကော .. ?? :D

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ကဗျာ