ပြာသိုလပြည့် အမေနေ့ အမှတ်တရပါ...။
08 January, 2012
06 January, 2012
မနေ့က ပန်းတစ်ပွင့်
မနေ့က ကောင်မလေးရေ
မင်းထင်သလောက်နဲ့တော့
လွယ်လွယ်မေ့လို့ရခဲ့တာ မဟုတ်ပါဘူး၊
ငါ့မနက်ဖြန်တွေ အားလုံး
ဟင်းလင်းပြင် ဖြစ်ပြီး နေခဲ့တာ
လတွေတောင် မရေနိုင်တော့လောက်အောင်ပဲ။
မင်းနဲ့ငါရဲ့ အဆုံးသတ်က
သေချာခဲ့ပြီ ဆိုပေမယ့်
တို့ နှစ်ယောက် ကျောခိုင်းခဲ့တဲ့
မျဉ်းတစ်ကြောင်းက
စက်ဝိုင်းရဲ့ အနားသတ်များ ဖြစ်လေမလားလို့
အစမှတ် ပြန်ရောက်ဖို့ မျှော်လင့်ရင်း
အရူးတစ်ယောက်လို လွမ်းနေခဲ့ပါရဲ့။
မနေ့က ကောင်မလေးရေ
ငါ့ရဲ့ မနက်ဖြန်တိုင်းကိုတော့
မင်း မပိုင်ဆိုင်နိုင်တော့ပါဘူး၊
အချိန်ဆိုတာ ဒဏ်ရာတိုင်းကို ကုစားနိုင်သတဲ့။
ခုတော့လည်း
ခံစားချက်မဲ့ဇုံထဲမှာ မင်းကို ထားနိုင်ခဲ့ပြီ။
သစ်ပင်တွေတောင်
တစ်ရာသီပြီး တစ်ရာသီ ပွင့်နိုင်သေးတာပဲ
တကယ်တော့
မင်းကလည်း ငါ့ရဲ့
ပွင့်ခဲ့ဖူးတဲ့ ပန်းတစ်ပွင့်ပါ။
သိင်္ဂါကျော်
04 January, 2012
တိမ်စီးတဲ့ည
ပြတင်းပေါက်က လှမ်းဆွတ်လို့ ရလောက်အောင်
နီးနီးကပ်ကပ် ပျံသန်းသွားတဲ့
တိမ်တွေကို ဆွဲခိုပြီး လိုက်ခဲ့တယ်..
ဘာသာမဲ့ စကားလုံးတွေနဲ့ ရေးခြစ်ထားတဲ့
အဲဒီကောင်းကင်ဆီ...။
အများရဲ့လက်တွေနဲ့ ထုဆစ်ထားတဲ့
အဲဒီမြို့က ဟိုအဝေးမှာ ကျန်ခဲ့ပေါ့
သူရဲကောင်း ကျောက်ရုပ်တွေ အစီအရီနဲ့၊
လေတိုက် မခံနိုင်တော့တဲ့
ဝတ်လစ်စလစ် သစ်ပင်တွေ...
အနင်းမခံချင်တော့တဲ့
တွန့်လိမ်တဲ့ လမ်းမတွေ နေတဲ့မြို့။
သဘာဝလွန် သူရဲကောင်းတွေ မကယ်နိုင်အောင်
အစုတ်အပြဲတွေ ပြည့်နေတဲ့ ဂြိုဟ်ဟာ
ကမ္ဘာမြေတဲ့လား...
ဘာပဲဖြစ်ဖြစ်လေ
ကြယ်ရောင်နဲ့တောင် စိမ်းလန်းဆဲပဲလို့
အကောင်းမြင်အတွေးနဲ့ မြင်ပေးလိုက်။
ကြယ်တွေလို သေချင်တယ်လို့
ကြယ်ကြွေတုန်းမှာ ဆုတောင်းလိုက်တယ်..
ဘယ်လောက် ကောင်းလိုက်သလဲ..
သေတာတောင်မှ သူတစ်ပါးဆန္ဒကို
ဖြည့်ပေးသေးသတဲ့။
တစ်ယောက်တည်း ကိုယ့်အရိပ်နဲ့ ကိုယ်
လမ်းလျှောက်နေတာထက် ပိုကောင်းလို့
တိမ်တွေနဲ့ အတူ ခရီးကြုံ လိုက်ခဲ့မိပါရဲ့
ရပ်နားဖို့ နေရာတောင် မရှိတဲ့အဖြစ်။
နားလည်လိုက်ပါရဲ့
တစ်ဘဝလုံး ပျံသန်းနေတာတောင်
ရင်ခွင်တစ်ခုတလေ နားခိုဖို့ မရှိခဲ့တဲ့ငှက်လေ..
ဘယ်တော့မှ မကျိုးမယ့် အတောင်ပံတစ်စုံကို
ဆုတောင်းမှားခဲ့လေသလား...
အကောင်းမြင်အတွေးပဲ တွေးပါတယ်
တောင်ပံကျိုး ငှက်တစ်ကောင်မဖြစ်ခဲ့တာ
တိမ်တွေနဲ့ အတူ ပျံသန်းနိုင်တာ
ကံကောင်းခြင်း လက်ဆောင်ပဲ ဖြစ်ရဲ့။
သိင်္ဂါကျော်
Subscribe to:
Posts (Atom)