07 January, 2014

လူငယ်နှင့် ရည်မှန်းချက်ကို ပြုစုပျိုးထောင်ခြင်း


တက်ကြွလန်းဆန်းတဲ့ အရွယ်ဖြစ်တဲ့ လူငယ်တိုင်းမှာ ရည်မှန်းချက်ဆိုတာ ရှိကြပါတယ်။ တစ်ချို့ကတော့ ပတ်ဝန်းကျင်က လေးစား အားကျစရာ ဘဝတွေကို ကြည့်ပြီး အဲဒီလို ဖြစ်ရင် ကောင်းမှာပဲလို့ ရည်မှန်း လိုက်ကြတာမျိုးလည်း ရှိပါတယ်။ တစ်ချို့ကတော့ မိဘ အသိုင်းအဝိုင်းက ငယ်ငယ်ကတည်းက ရိုက်သွင်းထားတဲ့ အတိုင်း ဒီဘဝ ရောက်ရမယ်၊ ဖြစ်ရမယ် ဆိုတာမျိုးကိုပဲ ကိုယ့်ရည်မှန်းချက် အနေနဲ့ ထားလိုက်ကြတာမျိုးလည်း ရှိပါတယ်။ တစ်ချို့ကတော့ ကိုယ်တိုင် ဖြစ်ချင် ရောက်ချင်တဲ့ ဘဝကို ရည်မှန်းချက် သတ်မှတ်ထားကြတာလည်း ရှိပါတယ်။ တကယ်တော့ ကိုယ့်ဘဝအတွက် ရည်မှန်းချက် သတ်မှတ်တယ် ဆိုကတည်းက ကိုယ်တကယ် အဟုတ် ဖြစ်ချင်တဲ့ ကိစ္စကိုပဲ ပန်းတိုင် ထားသင့်တာပါ။ ငယ်ငယ်က ကျွန်တော့် ရည်မှန်းချက် ဆိုပြီး စာစီစာကုံး ရေးကြရတော့လည်း တကယ့် ကိုယ့်ရည်မှန်းချက်ကို ရေးတဲ့ ကလေးက ရှားပါတယ်။ ဖတ်ထားတဲ့ စာစီစာကုံး စာအုပ်တွေထဲက ထုတ်နှုတ်ရေးကြတာပဲ များပါတယ်။ နားလည်တတ်တဲ့ ကလေးအရွယ်ကတည်းက သူ အမှန်တကယ် ဝါသနာပါပြီး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် အသက်မွေးဝမ်းကြောင်းမှု လုပ်သွားနိုင်မယ့် ဘဝကို ရည်မှန်းတတ်ဖို့ မိဘ ဆရာ တွေက တိုက်တွန်း အားပေး သင့်ပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ အချိန် အသက်မွေးဝမ်းကြောင်းမှု ရွေးကြတဲ့ အခါမှာလည်း လူငယ် တော်တော်များများဟာ ကိုယ်ဘာကို တကယ် ဖြစ်ချင်တယ် ဆိုတာကို သေချာ မစီစစ်ကြတာ များပါတယ်။ အမှတ်များတဲ့ သူများကလည်း သူတို့အမှတ်နဲ့ ကိုက်ညီတဲ့ ဆရာဝန်လိုင်း၊ အင်ဂျင်နီယာလိုင်း၊ ခေတ်အလိုက် အမှတ်မြင့်တဲ့ တက္ကသိုလ်များမှာ တက်လိုက်ကြတယ်။ အမှတ် အသင့်အတင့် ရသူများကလည်း အလုပ်အကိုင် အဆင်ပြေနိုင်တယ်၊ ဝင်ငွေကောင်းနိုင်တယ်လို့ အများကပြောကြတဲ့ လိုင်းတွေကို လျှောက်လိုက်ကြ၊ တက်လိုက်ကြပါတယ်။ ကိုယ်ဘာကို ဝါသနာပါသလဲ၊ ဘာကို လုပ်ချင်တာလဲ ဆိုတာ သေချာ မစဉ်းစားကြတာ များပါတယ်။ တစ်ချို့လည်း စဉ်းစားခွင့်မရှိပဲ မိဘ အသိုင်းအဝိုင်းက လျှောက်ခိုင်းတဲ့ လမ်းကိုပဲ လျှောက်လိုက်ကြတာပါပဲ။ တစ်ချို့ကျတော့လည်း ကိုယ့်လုပ်ချင်တာ တစ်ခုတော့ ရှိပေမယ့် ဒါကို ဖြစ်အောင် လုပ်မှ လုပ်နိုင်ပါ့မလား လို့ မဝံ့မရဲ ဖြစ်ပြီး “ငါ ဒီလမ်းကို ကိုယ့်ဟာကိုယ် ရွေးလျှောက်လို့ မအောင်မြင်ခဲ့ရင် မိဘဆွေမျိုးတွေက အပြစ်တင်ကြမှာပဲ၊ သူတို့ လျှောက်ခိုင်းတဲ့ လမ်းပဲ လျှောက်လိုက်ပါမယ်လေ” ဆိုတာမျိုးလည်း ရှိကြပါတယ်။ တကယ်တမ်း အသက်မွေးဝမ်းကြောင်း ပြုကြတဲ့ အခါကျတော့ ကိုယ် စိတ်မဝင်စား၊ ဝါသနာ မပါတဲ့ ပညာရပ်၊ လုပ်ငန်း ဖြစ်တဲ့ အတွက် အလူးလူး အလိမ့်လိမ့်နဲ့ပဲ မအောင်မမြင် ဖြတ်သန်း ကြရတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ တစ်ချို့လည်း ကိုယ်ဖြစ်ချင်တာ မဟုတ်ပေမယ့် ဖြစ်သင့်တာကို အောင်အောင်မြင်မြင် ဖြစ်မြောက်အောင် လုပ်နိုင်သူတွေလည်း ရှိကြပါတယ်။

ရည်မှန်းချက် ဆိုတာက အံသြစရာ ကောင်းတဲ့ အရာပါ။ အရမ်းများလွန်းရင်လည်း မကောင်း၊ အရမ်း နည်းလွန်းရင်လည်း မကောင်းပါဘူး။ အများကြီး ရည်မှန်းထားပြီး ဖြစ်မလာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်လည် မတည်ဆောက်ချင်တော့ပဲ ဘဝပျက်တဲ့အထိ ဖြစ်သွားတတ်တာတွေ ရှိပါတယ်။ ရည်မှန်းချက် မရှိပဲ ဘဝကို ရေလိုက် ငါးလိုက် နေကြသူများမှာလည်း ဘာမှ တိုးတက် အောင်မြင်မှု ဆိုတာ မရှိနိုင်ပဲ တသမတ်တည်း ဘဝကို ဖြတ်သန်း နေရတတ်ပါတယ်။ ကိုယ် ဘာကို အောင်မြင်အောင် လုပ်ချင်သလဲ၊ ဘယ်အချိန်မှာ ဖြစ်ချင်တာလဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်သင့်ပါတယ်။

ရည်မှန်းချက် တစ်ခု သေသေချာချာ ရှိလာရင် အဲဒါက ကိုယ့်ဘဝမှာ ကြုံတွေ့လာမယ့် အခက်အခဲတွေကို ကျော်ဖြတ်ဖို့ တွန်းအားပေးပြီး အဲဒီနောက်မှာတော့ ကိုယ်တန်ဖိုးထားတဲ့ အရာကို ရအောင် ယူနိုင်မှာပါ။ ဘဝရည်မှန်းချက်သာ မရှိခဲ့ရင်၊ ကိုယ့်ဘဝကို ဘယ်လို ပုံစံနဲ့ ဘယ်နေရာ ရောက်အောင် လျှောက်မယ် ဆိုတဲ့ လမ်းကြောင်းသာ သေချာ သတ်မှတ် မထားခဲ့ရင်၊ အဲဒီ ဘဝက ပျင်းစရာ ကောင်းတဲ့ ဘဝ ဖြစ်မှာပါပဲ။ စာရေးဆရာ Maxwell Maltz က ဒီလိုပြောပါတယ်။ “သင့်မှာ သင့်အတွက် လုံလောက်တဲ့ ပန်းတိုင် မရှိဘူး၊ သင့်ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ၊ ကြိုးပမ်းအားထုတ်နိုင်စွမ်းတွေကို ရည်မှန်းချက်ပန်းတိုင် ရောက်အောင် သွားဖို့ အသုံးပြုခြင်း မရှိဘူး၊ အဲသလို ဘာမှမရှိခြင်းဆိုတာ သင်ဟာ စိတ်ကူးဉာဏ် ကွန့်မြူးပြီး နေထိုင်နေခြင်း မရှိဘူးဆိုတဲ့ ရောဂါ လက္ခဏာ တစ်ခုပါတဲ့။

လူငယ်တိုင်းမှာ အိပ်မက်တွေတော့ ရှိကြတာချည်းပါပဲ။ ဒါပေမယ့်လည်း ကြီးပြင်းလာတဲ့ အခါမှာ အဲဒီအိပ်မက်အတိုင်း လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့သူက ရှားပါးပါတယ်။ သစ်သီးတိုင်းမှာ သစ်စေ့ဆိုတာ ပါလာပေမယ့် အဲဒီ သစ်စေ့တိုင်းက သစ်ပင်သစ် တစ်ပင်အနေနဲ့ မရှင်သန် မပေါက်မြောက်နိုင်ကြပါဘူး။ အနည်းငယ်လောက်သာပဲ အောင်မြင်တဲ့ အပင်တစ်ပင် ဖြစ်လာနိုင်သလိုပါပဲ။ လူငယ်အများစုက “ငါလုပ်ရင် ဖြစ်မှ ဖြစ်ပါ့မလား” ဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်မကြီး၊ မယုံကြည်တတ်တဲ့ စိတ်ကြောင့် ကိုယ့်ဆီမှာ ရှိတဲ့ ရည်မှန်းချက် အိပ်မက်ကို ဥပေက္ခာပြုပြီး အလွယ်လမ်းကို လိုက်လိုက်ကြပါတယ်။ အဲဒီအခါ အသက်မွေးဝမ်းကြောင်း အနေနဲ့ အလုပ်တစ်ခု မလုပ်မဖြစ် လုပ်နေရတဲ့ အခြေအနေမှာ လုံးဝ အလုပ်မှာ စိတ်ပါဝင်စားခြင်းမရှိ၊ တိုးတက်အောင် လုပ်လိုစိတ်မရှိပဲ ဖြစ်သွားပြီး ဝတ္တရားတစ်ရပ် အနေနဲ့သာ လုပ်ဆောင်နေရတဲ့ အဖြစ်မျိုး ဖြစ်သွားတတ်ပါတယ်။ အဲဒီလို လူတစ်ယောက်အတွက် တိုးတက်အောင်မြင်ဖို့ဆိုတာ တော်တော် ဝေးကွာနေပါပြီ။

တစ်ချို့ အိပ်မက်တွေကတော့ အိပ်မက် သက်သက် ဖြစ်ပြီး တကယ်တမ်း ဖြစ်မြောက်လောက်အောင် စိတ်အားထက်သန်မှု မရှိတဲ့အခါ အိပ်မက် အဆင့်မှာပဲ ရှိနေပြီး ရည်မှန်းချက် အဆင့်ကို ရောက်မလာတော့ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ဦးတည် အာရုံစိုက်ပြီး ကိုယ်ရည်မှန်းချက် အစစ်အမှန်ကို ရှာဖွေဖို့က အရေးကြီးလှပါတယ်။ ဘယ်လို အမျိုးအစား ရည်မှန်းချက်က အသင့်တော် အကောင်းမွန်ဆုံး ဖြစ်နိုင်မလဲ။ ရိုးရိုးလေးပါပဲ။ ကိုယ့်အတွက် ဘယ်အရာက တန်ဖိုးအရှိဆုံး ဖြစ်မလဲ ဆိုတာ စဉ်းစားဖို့ပဲပေါ့။ ကိုယ် တကယ့်ကို အစစ်အမှန် လိုချင်တဲ့ ဆန္ဒ၊ ကိုယ်တိုင် ရရှိပိုင်ဆိုင်လိုတဲ့ အရာ ဖြစ်ရပါမယ်။ တစ်ခုတော့ သတိထားဖို့ ရှိပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်က တစ်ကိုယ်ကောင်း ဆန်လွန်းနေသလား။ လူမဆန်လောက်တဲ့ ရည်မှန်းချက်မျိုးလား။ သူတစ်ပါးကို ထိခိုက်စေနိုင်သလား။ အဲသလိုမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ရည်မှန်းချက် ဆိုတာက ကိုယ့်ကို လူတစ်ယောက်အနေနဲ့ ပိုမို ကောင်းမွန်စေနိုင်တဲ့၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ တစ်ခြားသူတွေ အပေါ်ကိုလည်း ပိုမို တိုးတက်ကောင်းမွန် စေနိုင်တဲ့ အခြေအနေမျိုးသာ ဖြစ်သင့်ပါတယ်။

ရည်မှန်းချက် ကို သတ်မှတ်တဲ့ အခါမှာ သင့်တော်တဲ့ အချိန်ကိုလည်း ရွေးချယ် တတ်ရပါမယ်။ ဥပမာ.. ကိုယ်က အခုမှ တက္ကသိုလ် ဝင်တန်းတောင် မအောင်မြင်သေးပဲနဲ့၊ အဆိုတော် ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ကြိုးစားနေမယ် ဆိုရင်၊ စာရေးဆရာ ဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် ကြိုးပမ်းအားထုတ်နေမယ် ဆိုရင် အချိန်မသင့်သေးဘူး လို့ ပြောရပါမယ်။ ကိုယ့်အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုက အနည်းဆုံးတော့ ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရပါမယ်။ ကိုယ့်မိဘ ကိုယ်တော့ အတန်အသင့် ထောက်ပံ့နိုင်လောက်တဲ့ အခြေအနေမျိုး ရှိသင့်ပါတယ်။ ကိုယ့်အသက်မွေးဝမ်းကြောင်းမှု ခိုင်မာပြီ ဆိုတဲ့အခါ ကိုယ်ဝါသနာပါတဲ့ ရည်မှန်းချက်ကို စတင် လုပ်ဆောင်ဖို့ အချိန်က ဘယ်တော့မှ နောက်မကျပါဘူး။

ရည်မှန်းချက် တစ်ခုကို ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည် ချမှတ်ပြီးပြီ ဆိုကြပါစို့။ အဲဒီ ရည်မှန်းချက်ကို ရအောင်၊ ရောက်အောင် စတင်ပြီး တည်ဆောက်ကြရမှာပါ။ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် သွားဖို့ အတွက် အဆင့်တွေ ထပ်မံ ခွဲခြားပြီး တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်းစီ အောင်မြင်အောင် လုပ်ဆောင်သွားရမှာပါ။ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေ တစ်ခုချင်း တစ်ခုချင်းစီကို စာရွက်ပေါ်မှာ ချရေးထားပါ။ အဲဒါကို ဖြစ်မြောက်ဖို့ အတွက် ဘာတွေ လိုအပ်သလဲ၊ ကိုယ့်ဘက်က ဘာအရည်အချင်းတွေ ဖြည့်ဆည်းထားဖို့ လိုသလဲ ဆိုတာလည်း ချရေးထားပါ။ ဘယ်အချိန်လောက်မှာ ပြီးအောင် လုပ်မလဲ ဆိုတာကိုလည်း ချရေးထားပါ။ နောက်ဆုံး ရည်မှန်းချက် အကြီးကြီးကို ရောက်တဲ့ အထိ ရည်မှန်းချက် အသေးလေးတွေကို အသေအချာ အစီအစဉ် ဆွဲထားဖို့ လိုအပ်ပါတယ်။ အဲသလို ချရေးပြီးပြီ ဆိုတဲ့အခါ ဘယ်အချိန် စလုပ်ရမလဲ ဆိုတဲ့အခါ.. ကိုယ့်ရည်မှန်းချက်ကို သတ်မှတ်ပြီးပြီ ဆိုတာနဲ့ ချက်ချင်းပဲ စတင်လို့ ရပါပြီ။ ဟိုနေ့မှ၊ ဒီနေ့မှ ရယ်လို့ ရက်ရွေးနေရင်တော့ ဘယ်တော့မှ စတင်ဖြစ်တော့မယ် မဟုတ်ပါဘူး။

ရည်မှန်းချက်တစ်ခု သတ်မှတ်ပြီး ရအောင် လုပ်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင် ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ်တိုင်ရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်မှု အပြည့်အဝ ထားရပါတော့မယ်။ ကိုယ်သတ်မှတ်ထားတဲ့ အဆင့်တိုင်း အဆင့်တိုင်းကို ဖြစ်နိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာ နဲ့ အောင်မြင်ပြီးမြောက်မယ့် အချိန်မှာ ရလာမယ့် ရလာဒ်ကိုပဲ စိတ်ကူးတွေးတောပြီး ကြိုးစားရပါမယ်။ မဖြစ်နိုင်ပါဘူး၊ စိတ်ကူးယဉ်နေတာပါ ဆိုတဲ့ အတွေးမျိုးကို ဘယ်တော့မှ မတွေးပါနဲ့။ ကိုယ့်ရည်မှန်းချက်၊ ကိုယ် လုပ်ချင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အဖျက်အဆီး အနှောက်အယှက် ပေးမယ့် အဆိုးမြင်တတ်သူတွေနဲ့ တတ်နိုင်သမျှ မပေါင်းသင်းပါနဲ့။ အဆိုးမြင်သမားများက ကိုယ့်ကို အကြံဉာဏ်ကောင်း ပေးမယ့်အစား စိတ်ဓါတ်ကျစရာတွေပဲ ခေါင်းထဲထည့်ပေးပါလိမ့်မယ်။ “မင်းလောက် ဉာဏ်တုံးတဲ့ကောင်က ဘယ်တော့မှ ဆယ်တန်းအောင်မှာ မဟုတ်ဘူး”၊ “မင်း အရည်အချင်းလောက်နဲ့ မင်းရည်မှန်းထားတဲ့ ဘဝကို ရမှာတဲ့လား မဖြစ်နိုင်တာ စိတ်ကူးယဉ်မနေပါနဲ့ကွာ” ၊ “မင်းက အဲဒီ အလုပ်မှာ အောင်မြင်ချင်တာလား၊ ဟားဟား ဟုတ်မှလည်း လုပ်ပါကွာ” စတဲ့ အပျက်သဘော မြင်တတ်တဲ့ သူတွေရဲ့ စကားတွေကို ခေါင်းထဲ အရောက်မခံပါနဲ့။ ကိုယ်နဲ့ ရည်မှန်းချက်တူသူတွေ၊ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရရှိပိုင်ဆိုင်ထားသူတွေနဲ့ တိုင်ပင် နှီးနှောပြီး လမ်းညွှန်ပြသမှုကို ခံယူပါ။ အပြုသဘော အကောင်းမြင်သမားတွေနဲ့ နီးနီးကပ်ကပ် နေတဲ့အခါ ကိုယ်တိုင်လည်း အပြုသဘော စိတ်ထားတွေ တိုးပွားပြီး ရည်မှန်းချက်အောင်မြင်ဖို့ နီးကပ်လာပါလိမ့်မယ်။

ရည်မှန်းချက်ကို ပြုစုပျိုးထောင်တဲ့ နေရာမှာ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုက စိတ်အားထက်သန်မှုပဲ ဖြစ်ပါတယ်။ ပြင်းပြင်းပြပြ စိတ်အားထက်သန်မှုက ကိုယ့်ရဲ့ အိပ်မက်တွေထဲမှာ လက်တွေ့ နေထိုင်ခွင့်ကို ရရှိစေနိုင်ပါလိမ့်မယ်။ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုကို လေးလေးနက်နက် စိတ်ပါလက်ပါ ရှာဖွေ လုပ်ကိုင်တတ်သူဟာ ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို ပြသပြီး ကိုယ့်ပတ်ဝန်းကျင်ကို ပိုမို ကောင်းမွန်စေမယ့်သူ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်နိုင်တဲ့သူ ဖြစ်ပြီး ကိုယ့်ဘဝကို ပျော်ရွှင် ကျေနပ်မှု ရှိရှိနဲ့ နေသွားနိုင်မယ့်သူ ဖြစ်ပါတယ်။ စိတ်အားထက်သန်မှု ရှိတဲ့သူဟာ အရှုပ်အထွေး အနှောက်အယှက် တွေ ကြားထဲက ကိုယ်သွားရမယ့် လမ်းကို ရအောင် ရှာနိုင်သူ ဖြစ်ပါတယ်။ ကိုယ့်အင်အားကိုလည်း ပျမ်းမျှထက်ကိုပိုပြီး အသုံးချနိုင်သလောက် သုံးတတ်တဲ့သူ ဖြစ်ပါတယ်။ ကိုယ့်မှာ စိတ်အားထက်သန်မှုသာ ရှိနေပါစေ။ ကိုယ့်ရည်မှန်းချက်ကို ပြုစုပျိုးထောင်ရာမှာ ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

ဒီနေ့ခေတ်မှာ အပျော်အပါး အပန်းဖြေစရာတွေ ကလည်း သိပ်ကို များပြားလှပါတယ်။ လူငယ် လူရွယ် အများစုဟာ ကိုယ့်ဘဝ တိုးတက်မှုအတွက် ကြိုးစားရမယ့် အစား အပျော်အပါးတွေထဲမှာ စိတ်မထိန်းနိုင်ပဲ မျောပါ အချိန်ကုန်နေတတ်ကြပါတယ်။ ကိုရီးယားရုပ်ရှင်တွေ၊ music concert တွေ၊ computer game တွေ အပြင် ခုခေတ်မှာ လူတိုင်း internet သုံးနိုင်နေတဲ့အခါ facebook၊ gtalk စတာတွေကကလည်း တစ်နေ့တစ်နေ့ရဲ့ အချိန်တွေကို အတော်ကုန်ဆုံးစေတာ တွေ့နေရပါတယ်။ ကိုယ့်ရည်မှန်းချက်ကို အောင်မြင်လိုတဲ့ လူတစ်ယောက်ဟာ ကိုယ့်ရည်မှန်းချက်ကို သွေဖြည်သွားစေမယ့် အရာတွေအတွက် ကိုယ့်ကိုယ်ကို အဆုံးရှုံး မခံပါဘူး။ ဘဝ အောင်မြင်မှုကို လိုလားတဲ့ လူငယ်ဟာ ဘယ်လို အခက်အခဲ အခြေအနေတွေပဲရှိရှိ.. ဘယ်လို အပျော်အပါးတွေကပဲ ဆွဲဆောင် ဆွဲဆောင်.. ကိုယ်လုပ်ရမယ့် အရာကိုပဲ အာရုံစိုက်ပြီး လုပ်ကိုင်တတ်ရပါမယ်။

စိတ်အားထက်သန်မှု ရှိတဲ့သူဟာ သူ့ပတ်ဝန်းကျင်က သာမန်လူတွေထက် ပိုပြီး တီထွင် ဖန်တီး နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်း ရှိပါတယ်။ သူ့စိတ်ကူး အကြံအစည် တစ်ခုကို အကောင်အထည်ပေါ်လာအောင် သူ့မှာ ရှိသမျှ စွမ်းရည် အကုန်သုံးပြီး လုပ်ကိုင်တဲ့ အတွက် အချိန်တစ်ခု ကြာတဲ့အခါမှာ အစစ်အမှန် ဖြစ်ပေါ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ဘဝရဲ့ ဖန်ဆင်းရှင်ဟာ သူကိုယ်တိုင်ပဲလို့ ယုံကြည်သူ ဖြစ်ပါတယ်။ သမားရိုးကျ သာမန်ဘဝမှာ မနေလိုသူ ဖြစ်ပါတယ်။ သူဟာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ နောက်ထပ် ဘယ်လို အရာတွေက သူ့ကို ထိခိုက်စေမလဲဆိုတာကို ကြောက်ရွံမနေသူ ဖြစ်ပါတယ်။ သူဟာ သူဆန္ဒရှိတဲ့ သူ့အနာဂါတ်အတွက် အကျိုးသက်ရောက်မှု ရှိနိုင်မယ့် လိုအပ်ချက်တွေ အပေါ်မှာပဲ တုံပြန် ပြုမူလှုပ်ရှားပါတယ်။

စိတ်အားထက်သန်မှု ရှိတဲ့အခါ ကိုယ့်ရဲ့ အိပ်မက်က ဘယ်လို ပုံစံဆိုတာ ကောင်းကောင်း နားလည် နိုင်တဲ့အပြင် ကိုယ့်လိုချင်တဲ့အရာကို ရကိုရနိုင်တယ် ဆိုတာ အမှန်တရား တစ်ခုဖြစ်တယ် လို့ သိထားပါတယ်။ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်လိုတဲ့ လူငယ်တစ်ယောက် အနေနဲ့ ကိုယ့်အိပ်မက် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်နိုင်ပြီးတဲ့နောက် ကိုယ့်အိပ်မက် အကောင်အထည်ပေါ်တဲ့ အဆင့်ရောက်အောင် ကိုယ့်မှာ ရှိသမျှ အစွမ်းအစ အကုန် ထုတ်သုံးပြီး ဦးတည် လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။ ရင်ဆိုင်ရမယ့် အခက်အခဲ တွေအတွက် ကြောက်စိတ်ကို ကျော်လွှားဖြတ်သန်း ရမယ့် အရာတစ်ခု အနေနဲ့ သိရှိပြီး ကိုယ့် အတွင်းစိတ်က အင်အားနဲ့ စိတ်အားထက်သန်မှုရဲ့ ညွန်ကြားပြသမှုနဲ့ ကြောက်စိတ် ဝင်မလာအောင် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

ကိုယ် အမှန်တကယ် လိုချင်တဲ့ ရည်မှန်းချက်က ဘာလဲ၊ ကိုယ် ဘာလုပ်ရမလဲ ဆိုတာကို သိရှိပြီးတဲ့သူဟာ ကိုယ့်စိတ်နှလုံးသား ထဲက လိုအပ်ချက်ကို ဖတ်ရှု အဓိပ္ဗါယ်ဖော်နိုင်တဲ့သူ ဖြစ်ပါတယ်။ ပန်းတိုင် သတ်မှတ် နိုင်ပြီးတဲ့အခါ စိတ်အားထက်သန်မှု၊ ပုံမှန်ထက် သာလွန်တဲ့ ဖန်တီးနိုင်စွမ်း၊ ကျေနပ်နှစ်သိမ့်မှု များကို လက်ဆောင်အနေနဲ့ လက်ခံ ရယူနိုင်မှာပါ။ အဲသလို လူတစ်ယောက် အနေနဲ့ သူ့လို လမ်းကြောင်းကို လျှောက်လှမ်းချင်တဲ့ တစ်ခြားလူတွေကိုလည်း သူလက်ခံ ကျင့်သုံးတဲ့ စိတ်အားထက်သန်မှု၊ ဖန်တီးနိုင်မှု တွေကို မျှဝေ ပေးနိုင်ပါတယ်။ အမြဲတမ်း စိတ်အားထက်သန်မှုနဲ့ တက်ကြွနေတတ်တဲ့သူ၊ အကောင်းမြင်ဝါဒနဲ့ အပြုသဘောထား ထားတတ်တဲ့သူနဲ့ တွေ့ဆုံရတဲ့အခါ သူ့ရဲ့ ပျော်ရွှင်မှုက သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း ကူးစက်စေပါလိမ့်မယ်။

ကိုယ့်ရည်မှန်းချက်ကို ပေါက်မြောက်အောင် ပြုစုပျိုးထောင်လိုတဲ့ လူငယ်များဟာ ကိုယ့်ကိုယ်ကို စိတ်အားထက်သန်မှုရှိတဲ့သူ ဖြစ်အောင် မွေးမြူရပါမယ်။ မနက်မိုးလင်း အိပ်ရာထကတည်းက ပျော်ရွှင်တက်ကြွစွာနဲ့ တစ်နေ့တာ အလုပ်ကို စတင်ကာ ကိုယ့်ရည်မှန်းချက်ကို ဦးတည် သွားနေတယ်လို့ စိတ်ထဲမှာထားပြီး နေထိုင်ရပါမယ်။ လူငယ်တိုင်းဟာ ကိုယ်တိုင် ရူးရူးမူးမူး ဝါသနာပါတဲ့ အလုပ်၊ ကိုယ်အစစ်အမှန် လိုချင်တဲ့ ရည်မှန်းချက်ကို ရှာဖွေ သတ်မှတ်ပြီး အောင်မြင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့် အရည်အချင်းနဲ့ အမှန်တကယ် မသင့်တော်တဲ့ ပတ်ဝန်းကျင်၊ ကိုယ့်အတွက် တိုးတက်လမ်းမရှိတဲ့ အလုပ်၊ ကိုယ့်ကို စိတ်ဓါတ်ကျ စိတ်ပင်ပန်းစေပြီး သက်တောင့်သက်သာ မရှိတဲ့ အရပ်ဒေသက ကိုယ့်ရည်မှန်းချက် အတွက်လည်း အထောက်အကူ မပေးနိုင်ဘူး ဆိုရင်တော့ အဲသလိုအရာတွေ ဆီကနေ မြန်မြန်ပဲ စွန့်ခွာသင့်ပါတယ်။ ကိုယ် အမှန်တကယ် ဘာကို သဘောကျသလဲ၊ ကိုယ့်ခံစားချက်ကို ဘာက ကောင်းမွန်စေသလဲ၊ ဆိုတာကို သေချာ စဉ်းစားဆင်ခြင်ပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ကိုယ်တိုင် ယုံကြည်နိုင်မယ့် စစ်မှန်တဲ့ ဘဝမှာပဲ နေထိုင်သင့်ပါတယ်။

လူငယ်တွေ အနေနဲ့ ရည်မှန်းချက်ကို ပြုစုပျိုးထောင်ရာမှာ ကျင့်သုံးရမယ့် အချက်လေးတွေကို နောက်ထပ် အကျဉ်းချုပ်ရေးပြရရင် အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
-       Lao-Tzu ရဲ့ “မိုင်ထောင်ပေါင်း များစွာရှည်တဲ့ ခရီးတစ်ခုကို ခြေတစ်လှမ်းနဲ့စတင်တာပါ” ဆိုတဲ့ စကားကို လက်ကိုင်ထားပါ။
-       ကိုယ့်ရဲ့ ရည်မှန်းချက်က သင့်မြတ်မှန်ကန်ကြောင်း သေချာပါစေ။ ကိုယ့်ရဲ့ ပန်းတိုင်က တိကျသေချာတဲ့ တစ်စုံတစ်ရာ ဖြစ်ရပါမယ်။ ကိုယ်လုပ်မယ် ဆိုတဲ့အရာကို ဘယ်လောက်ထိ ပြီးမြောက်အောင် လုပ်မယ် ဆိုတာကို တိုင်းတာလို့ရနိုင်ရပါမယ်။ ကိုယ့်အနေအထားနဲ့ အောင်မြင်နိုင်လောက်တဲ့ အရာ ဖြစ်ရပါမယ်။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တစ်ခု မဟုတ်ပဲ လက်တွေ့ကျတဲ့ ရည်မှန်းချက် ဖြစ်ရပါမယ်။ သတ်မှတ်ထားတဲ့ အချိန်တစ်ခု အတွင်းမှာ ဖြစ်အောင်လုပ်နိုင်တဲ့ အရာ ဖြစ်ရပါမယ်။
-       ကိုယ့်ရဲ့ ရည်မှန်းချက်ကို စာရွက်ပေါ်မှာ ချရေးထားပါ။ ကိုယ်တစ်ယောက်တည်း မြင်အောင် ဒိုင်ယာရီထဲ ချရေးထားတာ ဖြစ်ရင်တောင်မှ အဲဒီလို ချရေးထားခြင်းက ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အားအင်တွေ ပေးစွမ်းနိုင်လို့ပါပဲ။
-       ကိုယ် ချမှတ်ထားတဲ့ ရည်မှန်းချက် အဆင့်တစ်ဆင့် အောင်မြင်တိုင်းမှာ ကောင်းမွန်သော ခံစားချက်နဲ့ နေထိုင်ပါ။ ကိုယ့်စိတ်ကို မှန်ကန်အောင်ထားပြီး ပြုံးနေပါ။ ကိုယ်လုပ်သော အလုပ်ကို စိတ်ကောင်း စေတနာကောင်းထားပြီး လုပ်ကိုင်၊ အပြုသဘော စိတ်ကိုထားပြီး လုပ်ကိုင်၊ ကိုယ့်ရည်မှန်းချက်ကို စိတ်ထဲမှာ တကယ် ဖြစ်နေတဲ့အတိုင်း စိတ်ကူးကြံစည်၊ အဲသလို ဆိုရင် ရည်မှန်းချက် ပြီးမြောက်နှုန်းက ပိုမိုပြီး မြန်ဆန်လာပါလိမ့်မယ်။
-       အရာရာတိုင်းကတော့ ကိုယ်စီစဉ်ထားတဲ့အတိုင်း တသွေမတိန်း ဖြစ်လာကြတာ မဟုတ်ပါဘူး။ ဘယ်လို အနှောက်အယှက် ရှိပါစေ၊ ကိုယ့်ရည်မှန်းချက်ကိုတော့ မြဲမြဲ ဆုပ်ကိုင်ထားပါ။ ဒါပေမယ့် ပြောင်းလဲသင့်တဲ့အခါမှာ ပြောင်းလဲ လုပ်ကိုင်နိုင်ပါစေ။
-       ကိုယ့်ရည်မှန်းချက်ကို လျှောက်လှမ်းရာမှာ အပျက်သဘော မကောင်းမြင်တတ်တဲ့ လူတွေ ဝေဖန်တဲ့ စကားကို အလေးမထားပဲ အပြုသဘော အကြံဉာဏ်ပေးတတ်သူ၊ အားပေးတတ်သူတွေနဲ့သာ ပေါင်းသင်းပါ။ ကိုယ်နဲ့ ဆင်တူ ရည်မှန်းချက်ကို အောင်မြင်ပြီးသူတွေရဲ့ အလေ့အထကို စံနမူနာယူပါ။

လူငယ်လူရွယ်တိုင်း ရောက်တဲ့နေရာ ရောက်တဲ့အချိန်ကပဲ စတင်ပြီး ကိုယ့်ကိုယ်ကို ပြုပြင်ကာ ကိုယ်အမှန်တကယ် လုပ်ချင်တဲ့ ရည်မှန်းချက်ကို စိတ်အားထက်သန်စွာနဲ့ ပြုစုပျိုးထောင်ကြရင် အောင်မြင်ပြီးမြောက်တဲ့ နေ့ရက်ကို ရောက်ရှိလာကြမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။ အထက်ပါ အကြံပေးချက်များကို လိုက်နာကျင့်သုံးကြမယ် ဆိုရင် လူငယ်တိုင်းရဲ့ အိပ်မက်သစ်စေ့တိုင်း ရည်မှန်းချက် သစ်ပင် အနေနဲ့ ကြီးပြင်းရှင်သန် လာနိုင်ကြမှာ ဖြစ်ပါတယ်။

မှီငြမ်း :
http://www.citehr.com/153501-how-accomplish-your-ambition.html
http://www.theenthusiasm.com/en/informatie/artikels/?article=62
http://www.more-selfesteem.com/newsletter20.htm

သိင်္ဂါကျော်

29 December, 2013

ဒီဇင်ဘာရဲ့ အဝေးက အဝါရောင်နှင်းဆီ



ဒီနှစ် ဒီဇင်ဘာက အရင်နှစ်တွေနှင့်မတူ မကြုံစဖူးအောင် အေးလှသည်။ သီဟသစ် အတွက် ဒီဇင်ဘာက အမှတ်တရတွေ များသည်။ ဒီဇင်ဘာမှာ သူ့ကိုမွေးခဲ့သည်။ ဒီဇင်ဘာမှာ သူချစ်သော မိန်းကလေးနှင့်တွေ့ဆုံခဲ့သည်။ သူချစ်သော မိန်းကလေးကလည်း ဒီဇင်ဘာလမှာ မွေးသူပင် ဖြစ်သည်။ မေနှင့် တွေ့ဆုံခဲ့သည့် ဒီဇင်ဘာမှ ရေတွက်လျှင် နှစ်နှစ်ပြည့်မြောက်သည့် ဒီနှစ် ဒီဇင်ဘာမှာတော့ သူတို့နှစ်ယောက် တစိမ်းပြင်ပြင် ဖြစ်တာ သေချာသွားခဲ့သည်။ သူ့မွေးနေ့မှာ မေ့ဆီက Happy Birthday message ရောက်မလာခဲ့တော့ပါ။ မေက သာမန် သူငယ်ချင်းတွေလိုပဲ နေကြစို့ ဟု ဆိုသော်လည်း သူ့စိတ်ထဲမှာတော့ သူစိမ်းတွေလိုပင် ခံစားနေရသည်။ မေ့ကို သူ့ချစ်သူလေး အနေနှင့် ခံစားချက်က ခုထိ ပြောင်းလဲ၍ မရသေးပါ။ သူ့ဘက်က အမြင်မှာ ကြီးကြီးကျယ်ကျယ် ဘာအကြောင်းမှ မရှိပဲ မေက သူ့ကို သံယောဇဉ် ဖြတ်လိုခြင်းကို နားမလည်နိုင်သေးပါ။

ဒီဇင်ဘာက သူ့အတွက် အေးစက် ခါးသက်စွာ အထီးကျန်လွန်းသည်။ မေနှင့် စတင်တွေ့ဆုံခဲ့သော ဒီဇင်ဘာတစ်ခုကို ပြန်သတိရသွားသည်။

*****
ဒီဇင်ဘာလက ပုံမှန်ရာသီဥတု မဟုတ်ပဲ မုန်တိုင်း ရှိနေသဖြင့် ပတ်ဝန်းကျင်က မှိုင်းအုံ့အုံ့ ဖြစ်နေသည်။ သီဟသစ်သည် မကာအို၊ Golden Dragon ဟိုတယ်တွင် ပထမည ကုန်လွန်ခဲ့လေပြီ။ အိပ်ခန်းထဲမှ လိုက်ကာကို ဘေးသို့ ဖယ်ကြည့်လိုက်တော့ Macau Fisherman’s Wharf ကို လှမ်းမြင်နေရသည်။ တရုတ်ရှေးဟောင်း အဆောက်အအုံ ပုံစံတူတစ်ခု နှင့် အဆောက်အအုံ ပုံစံတူလေးများ၊ လာရောက်လည်ပတ်သော ခရီးသွားကားများ ရပ်ထားသည်ကို အပေါ်စီးမှ တွေ့နေရသည်။ နောက်ခပ်ဝေးဝေး မြစ်အတွင်းမှာတော့ တံတားတစ်စင်း…။ သူ့အနေနှင့် အလုပ်ကိစ္စနှင့် စင်ကာပူ၊ မလေးရှား နိုင်ငံများသို့ သုံး လေး ခေါက် မက ရောက်ဖူးသော်လည်း မကာအိုနိုင်ငံသို့ ခုတစ်ခေါက်က ပထမဆုံး ရောက်ခြင်း ဖြစ်သည်။ သူ့ကုမ္ဗဏီနှင့် ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းတစ်ရပ်အတွက် စာချုပ်ချုပ်ဆိုရန် လာရောက်ခြင်း ဖြစ်သည်။

ရေမိုးချိုးပြီးနောက် မနက်စာစားရန် ပထမထပ်သို့ ဆင်းလာခဲ့သည်။ မနက်စာစားပြီးသည်နှင့် သူတို့နှင့် ချိန်းထားသော နေရာသို့ သွားရမည်။ ရှစ်ထပ်မြောက်မှာ ဓာတ်လှေကား ရပ်ပြီးနောက် မိန်းကလေး တစ်ယောက် ဝင်လာသည်။ နံနက်စာ စားချိန် ဖြစ်သဖြင့် ဓါတ်လှေကား အတွင်းမှာ လူများသည်။ ဝင်လာသော မိန်းကလေးက သူနှင့် မျက်စောင်းထိုးလောက်မှာ ရပ်လိုက်သဖြင့် ယဉ်ယဉ်လေး ပျံ့သင်းသော သနပ်ခါးနံဆန်ဆန် မွှေးရနံကို ရနေသည်။ နိုင်ငံခြားသူတစ်ယောက်ပဲ ထင်သဖြင့် ရိုင်းရာလည်း ကျမည် စိုးသောကြောင့် မိန်းကလေးကို မျက်စိဝေ့၍ပင် မကြည့်ပါ။ နောက်ထပ် လေးထပ်လောက် ဆင်းပြီးနောက် နှစ်ယောက် ထပ်တက်လာသဖြင်း မိန်းကလေးက သူနံဘေးနားသို့ တိုးလာရသည်။ သို့နှင့် သူလည်း တစ်ချက်ကြည့်မိသွားသည်။ ဘေးတိုက်မို့ မျက်နှာကို သေချာ မမြင်ရသေးသော်လည်း ဝတ်ထားသော အဝတ်အစားကြောင့် စိတ်ဝင်စား သွားသည်။ သူမ ဝတ်ထားသည်က မြန်မာပြည်ထွက် ချင်းလုံချည်အဆင် ဖြစ်နေသည်။ အနက်ရောင် အောက်ခံပေါ်တွင် အစိမ်းရင့်ရင့်များများနှင့် အဝါနုနုတို့ စပ်ထားသော အဆင်။ ဒူးအောက်နားရောက်သော ပုံကျကျ စကတ်ဖြစ်ပြီး အပေါ်မှ အင်္ကျီမှာလည်း ချည်သား အစိမ်းရင့်ရင့် ပြောင် ဖြစ်သည်။ ကုတ်အင်္ကျီအနက်ရောင်လေး တစ်ထည်ကိုတော့ လက်ပေါ်မှာ တင်ထားသည်။ သူက ခေါင်းငုံလိုက်တော့ ဘေးနားမှ ဖြူဝင်း ဖောင်းအိသော ခြေထောက်လေး တစ်စုံကို မြင်လိုက်ရသည်။ ခြေသည်းလေးများက မတိုမရှည်နှင့် အရောင်မပါသော အကြည်ရောင်လေး တင်ထားသည်ထင့် အနက်ရောင် ဖိနပ်ကြိုးပေါ်မှ စိန်ပွင့်လေးများနှင့် အပြိုင် သပ်ရပ်တောက်ပနေသည်။

စားသောက်ခန်းမ ရှိရာ ပထမထပ်တွင် ဓာတ်လှေကားအတွင်းမှ သူမ ထွက်သွားတော့ သူ့လိုပင် စားသောက်ခန်းမသို့ သွားပုံရသည်။ စားချင်ရာ ကြိုက်သလောက် ယူ၍ရသော ဘူဖေး မနက်စာကို သူစားနိုင်သလောက် အနည်းငယ်စီ ထည့်ပြီး တစ်ပန်းကန် မောက်မောက်အဖြစ်မှာ ခုံနေရာ ထိုင်ဖို့ ကြည့်လိုက်တော့ သူမက စားပွဲတစ်ခုမှာ ထိုင်ပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမကို ကြည့်ရသည်မှာ မြန်မာမိန်းကလေး တစ်ယောက်နှင့် တူသည်။ သူက မိတ်ဖွဲ့ချင်သဖြင့် သူမ စားပွဲတွင် ထိုင်ဖို့ ခွင့်တောင်းတော့ သူမက ခေါင်းတစ်ချက်ငြိမ့်ပြပြီး မနက်စာကို ဣနြေ္ဒရရ ဆက်လက် စားသောက်နေသည်။ သူကလည်း သူ့မနက်စာကို စစားလိုက်ရင်းမှ မနေနိုင်တော့ပဲ ဘယ်နိုင်ငံက လာပါသလဲ ဟု အင်္ဂလိပ်လို မေးလိုက်မိသည်။ အဲဒီတော့မှ သူမကလည်း သူ့လေယူလေသိမ်းကို သတိထားမိသွားပုံရပြီး သူ့မျက်နှာကို ပြန်ကြည့်ရင်း သူ့မေးခွန်းကို အင်္ဂလိပ်လို ပြန်မဖြေပဲ “မြန်မာနိုင်ငံက လာတာပဲလား” ဟု မြန်မာလို ပြန်ပြောသည်။ အဲဒီနောက် နှစ်ယောက်သား အပြန်အလှန် မိတ်ဆက်ဖြစ်ကြသည်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော့်နာမည်က သီဟသစ်နိုင်ပါ၊ အလုပ်ကိစ္စလေး နည်းနည်း ရှိလို့ လာတာပါ၊ ဒီကရော”
“ကျွန်မ နာမည် မေနှင်းဆီဝါပါ၊ Conference မှာ စာတမ်းဖတ်ဖို့ လာတာပါ”

သူမက ထိုမျှသာ ပြောပြီး မနက်စာကို ဆက်စားနေသဖြင့် သူ့မှာ ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားသည်။ Frameless မျက်မှန်အောက်မှ မျက်ဝန်းများက ထက်မြက်စူးရှစွာ လှပလွန်းသည်ကို သတိထားမိလိုက်သည်။ မိတ်ကပ်ပါးပါး လောက်သာ လိမ်းထားပြီး နှုတ်ခမ်းနီတောင် ဆိုးမထားသော သူမမျက်နှာက သဘာဝအတိုင်း လှနေသည်။ သူက သူ့ ပတ်ဝန်းကျင်မှာ မိန်းမလှလေး များစွာနှင့် တွေ့ဆုံဖူး ပတ်သက်ဖူးသူ ဖြစ်ပါသည်။ သို့သော် ဒီမိန်းကလေးကတော့ တစ်ခြားမိန်းကလေးတွေနဲ့ မတူပဲ တမူထူးခြားသည်ဟု သူ ခံစားရသည်။ အပြစ်ကင်းစင်အောင် ချောမောပြေပြစ်သော မျက်နှာအလှထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော ဟန်ပန်က အရှိန်အဝါ တစ်မျိုး ရှိနေသည်။ သူ့လို မိန်းကလေး တော်တော်များများကို ဆွဲဆောင်နိုင်သူကပင် နည်းနည်း ရှိန်းနေရသည်။

မနက်စာ စားပြီးတော့ နှစ်ဦးသား Golden Dragon ဟိုတယ်မှ ထွက်လာခဲ့ကြသည်။ သူမက Macau Fisherman’s Warf သို့ ကားလမ်းကူးကာ လမ်းလျှောက်သွားမည် ဖြစ်ပြီး သူကတော့ သူ့ပါတနာများနှင့် ချိန်းထားသော တစ်ခြား ဟိုတယ်ရှိ ခန်းမတစ်ခုသို့ တက္ကစီငှားပြီး သွားရမည် ဖြစ်သည်။
*****

နောက်တစ်ရက်မှာတော့ သူက မနက်စောစောထပြီး စားသောက်ခန်းထဲမှာ မနက်စာစားရင်း သူမ လာသည်အထိ စောင့်နေမိသည်။ ဒီနေ့တော့ သူမက ခရမ်းရင့်ရောင် ဘောင်းဘီရှည် အကျပ်နှင့် ခရမ်းနှင့် အပြာရောင် ရှပ်အင်္ကျီအကွက်ကို ဝတ်ထားသည်။ ကြိုးရှည်ရှည် အိတ်ကြီးတစ်လုံးကို လွယ်ထားသည်။ သူမက စားစရာဗန်းလေး ကိုင်လာစဉ် သူက သူ့စားပွဲသို့ ခေါ်လိုက်တော့ သူမကလည်း မငြင်းမဆန် လိုက်လာသည်။ သူရော သူမပါ ကော်ဖီ မယူရသေးသဖြင့် သူက သူ သွားယူပေးမည်ဟု ပြောတော့ သူမက Thanks ဟု အပြုံးတစ်စနှင့် ဆိုသည်။ “နို့ထည့်မှာလား” ဟု သူက မေးတော့ “ဟုတ် ထည့်မှာ” ဟု ပြောသည်။
“တစ်ချို့ မိန်းကလေးတွေက ဝမှာ ကြောက်လို့ ရှောင်ကြတယ်လေ” ဟု သူက ပြောတော့
“ကျွန်မကတော့ အထူးတလည် ရှောင်မနေပါဘူး၊ ဒီမှာ ကျွန်မ စားတာကို ကြည့်လေ” ဟု သူမယူလာသော မနက်စာ အစုံအလင်ပါသည့် ပန်းကန်ကို ပြရင်း ပြောသည်။
“ကျွန်တော် မေလို့ ခေါ်လို့ ရမလား မသိဘူး၊ နာမည်ကလည်း ရှည်တော့လေ..”
“ရပါတယ် ကြိုက်သလို ခေါ်ပါ”
ကော်ဖီသောက်ရင်း သူမကို ဒီနေ့ Conference တက်ရဦးမှာလား ဘာအစီအစဉ်ရှိလဲ မေးတော့ သူမက မြို့ထဲ လျှောက်ကြည့်ဖို့ အစီအစဉ်ကို ပြောသည်။ သူရဲ့ ဒီနေ့ အစီအစဉ်ကလည်း ဤအတိုင်းပင် ဖြစ်ကြောင်း ပြောတော့ အတူတူသွားရအောင် ဟု သူမကပင် စတင်ပြောသည်။
“ကျွန်မကလေ မြေပုံလည်း သိပ်မကြည့်တတ်ဘူး၊ လမ်းလည်း သိပ်မမှတ်မိတတ်ဘူး ရှင့်” ဟု ပြောသည်။
                                                                   
မနက်စာစားပြီးနောက် နှစ်ယောက်သား ဟိုတယ်က ပေးထားသော မြေပုံများကို ကြည့်၍ ဘယ်နေရာတွေ သွားမလဲ ဟု တိုင်ပင်ကြသည်။ ထို့နောက် A Ma Temple သို့ Bus ကားစီးပြီး အရင် သွားသည်။ သူမနှင့် သူ့မှာ တူညီသော ဝါသနာက ဓါတ်ပုံရိုက်ခြင်း ဖြစ်နေပြန်သည်။ သူ့မှာ Canon Mark II professional ကင်မရာ ပါလာသလို သူမမှာလည်း canon 70D professional ကင်မရာ ပါလာသည်။ နှစ်ယောက်သား ရောက်သမျှနေရာများမှာ ကင်မရာ ကိုယ်စီနှင့် အမှတ်တရ ဓါတ်ပုံ ရိုက်ကြသည်။ Temple က အပြန်မှာတော့ ကမ္ဘာလှည့်များ စည်ကားနေသည့် ဈေးလမ်းမများ၊ ရှေးခတ် အကြွင်းအကျန် ဘုရားရှိခိုးကျောင်းဟောင်း (Materdei) စသည့်နေရာများသို့ နှစ်ယောက်သား လမ်းလျှောက် လည်ပတ်ကြသည်။

သူမက နည်းပညာတက္ကသိုလ်တွင် Ph.D (IT) တက်နေသော ကျောင်းသူတစ်ယောက် ဖြစ်ကြောင်း၊ သူမ၏ ဇာတိက အညာမြို့လေး တစ်မြို့မှ ဖြစ်ကြောင်း သူသိလာရသည်။ သူမမှာလည်း သူ့လိုပင် အဖေ ဆုံးပါးသွားပြီ ဖြစ်ကြောင်း၊ အပျိုကြီး အစ်မတစ်ယောက်၊ အိမ်ထောင်သည် အစ်ကိုတစ်ယောက်နှင့် အစ်မတစ်ယောက် ရှိကြောင်း သူသိလာရသည်။  သူမ၏ သူ့အပေါ် ဆက်ဆံပုံက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ရှိလှသည်။ သူ စပ်စုသမျှကို ပြန်ဖြေသော်လည်း သူ့ကိုယ်ရေးကိုယ်တာကို ပြန်လည် မေးမြန်းခြင်း မရှိပါ။ သူကသာ သူ့မှာ အဖေ မရှိတော့ပဲ အမေနှင့် အတူနေကြောင်း၊ ညီတစ်ယောက်က အိမ်ထောင်ကျပြီး၊ ညီမ တစ်ယောက်က အိမ်ထောင်မကျသေးပဲ သူတို့နှင့် အတူတူ နေကြောင်း စသည်ဖြင့် ပြန်ပြောပြမိသည်။

ညဘက်တွင် Fisherman’s Wharf မှ MGM အထိ နှစ်ယောက်သား လမ်းလျှောက်ရင်း ခရစ္စမတ်နားနီး၍ ပုံမှန်ထက် ပိုလှနေသော ရောင်စုံမီးတွေကို ဓာတ်ပုံရိုက်ဖြစ်ကြသည်။ ကမ်းနားအစပ်က ကွမ်ရင်မယ်တော် ရုပ်ထုရှေ့မှာ သူမကို ဓါတ်ပုံ ရိုက်ပေးရသေးသည်။ Casino အတွင်းထဲ ဝင်ပြီး စပ်စုချင်ကြသော်လည်း ပတ်စ်ပို့စ်ကို ဟိုတယ်ခန်းထဲ ထားခဲ့သော သူမကို သူတို့က ဝင်ခွင့်မပြု။ ဘာကြောင့်ဆိုသော် အသက် ၁၈ မပြည့်သူများကို ဝင်ခွင့်မပြုသောကြောင့် ဖြစ်သည်။ သူမကတော့ ၂၉ နှစ် ပြည့်ပြီးသူ ကို ၁၈ နှစ် မပြည့်ဟု သံသယ ရှိနေခြင်းကို သဘောတကျ ဖြစ်နေသေးသည်။ သူမက သူ့ထက် ငါးနှစ်တိတိ ငယ်သည်။

နောက်တစ်နေ့ မနက်ပိုင်းမှာ သူမက စာတမ်းဖတ်ပွဲတက်ပြီး နေ့လည်စာစားပြီး ထွက်လာသည်။ သူကလည်း မနက်ပိုင်းမှာ သူ့ ပါတနာ၏ အိမ်ကို အလည်လိုက်သွားပြီး နေ့လည်စာ ကျွေးသည်ကို စားကာ ပြန်လာသည်။ မေနှင့် နှစ်ယောက်သား ချိန်းပြီး ပန်ဒါ ဥယျာဉ်သို့ သွားကြသည်။ ညဘက်တော့ ဘယ်မှ မသွားတော့ပဲ Fisherman’s Wharf အတွင်းမှ ခရစ္စမတ်မီးများကို လျှောက်ကြည့်ရင်း အချိန်ဖြုန်းကာ ခပ်စောစောပင် ဟိုတယ် ပြန်အိပ်ကြသည်။


မပြန်ခင် တစ်နေ့မှာတော့ Ama နတ်ဖုရားမ၏ ရုပ်ထုတော် ရှိရာ တောင်သို့ သွားကြသည်။ နှစ်ယောက်လုံး တစ်နေကုန် အားသော်လည်း ရာသီဥတုက သိပ်မကောင်းသဖြင့် ဟောင်ကောင်ဘက်သို့ မကူးဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဘတ်စ်ကားနှင့် သွားရာမှ မျက်စိလည်ပြီး မရောက်သဖြင့် အချိန်အနည်းငယ် ပိုကုန်သွားပြီးမှ တက္ကစီနှင့်ပင် Ama Statue သို့ သွားခဲ့ရသည်။ တောင်ခြေရောက်တော့ တောင်ပေါ်သို့ အခမဲ့ လိုက်ပို့ပေးသော ဘုရားကျောင်းက ကားနှင့် တက်ရသည်။

ညဘက်မှာတော့ ညဈေးကို ပတ်ပြီး နှစ်ယောက်သား အိမ်ပြန် လက်ဆောင်များ၊ လိုချင်တာများ ဝယ်ရင်း ခရစ္စမတ် မီးရောင် များအောက်မှာ လမ်းလျှောက်ကြသည်။ ခရစ္စမတ် မဟုတ်လျှင်ပင် မကာအို ဆိုသည်က ကက်စီနိုများ နှင့် ချမ်းသာသော မြို့မို့ ညဆိုလျှင် တစ်မြို့လုံး မီးရောင်စုံများနှင့် ထိန်လင်းနေသော မြို့ဖြစ်သည်။ ညရှုခင်းက သာယာသော်လည်း မနက်ဖြန် မနက်မှာ မေနှင့် ခွဲရတော့မည်မို့ သူ့စိတ်ထဲမှာ လွမ်းလွမ်းဆွေးဆွေး ခံစားနေခဲ့ရသည်။
 *****

မူလ အစီအစဉ်များ အတိုင်း သူက သူမထက် တစ်ရက်စော၍ မကာအိုမှ ပြန်ခဲ့ရသည်။ သူမပုံတွေ သူ့ကင်မရာထဲမှာ မထုတ်ရသေးတာ ပါလာသေးတာမို့ အိမ်ပြန်ရောက်မှ ပို့ပေးဖို့အတွက် နှစ်ယောက်သား အပြန်အလှန် gmail တွေ ယူခဲ့ကြသည်။ သူက တမင်သက်သက်ကို သူမပုံများကို သူ့ကင်မရာနှင့် ရိုက်ခဲ့ခြင်း ဖြစ်သည်။ စတွေ့ကတည်းကပင် သူမက သူ့အာရုံကို ဖမ်းစားခဲ့သူ မဟုတ်လား။ အိမ်ပြန်ရောက်တော့ သူမပုံများကို laptop ထဲထည့်ကြည့်ရင်း သူမကို သတိရနေသည်။ အရေးထဲ မာမီက သူခရီးသွားရင်း ရိုက်သည့်ပုံများကို ကြည့်မည် ဆိုပြီး လာနှောက်ယှက် နေသဖြင့် သူမ မပါသော ရှုခင်းပုံများကို ပြရသေးသည်။

သူမ ဓာတ်ပုံတွေကို mail နှင့် ပို့လိုက်သည်။ နောက်တော့ သူမကို facebook မှာ ရှာပြီး invite လိုက်တော့ သူမကလည်း လက်ခံသည်။ နောက်တော့ သူတို့ နှစ်ယောက် ညဘက်တွေ online မှာ တွေ့ဖြစ်ကြသည်။ မကာအိုက ပြန်လာပြီးကတည်းက လူချင်းတော့ မတွေ့ဖြစ်ကြပါ။ သူက ရန်ကုန်မှာ သူ့ကုမ္ဗဏီ အလုပ်တွေနှင့် မအားလပ်။ သူမကလည်း မန္တလေးမှာ ကျောင်းတက်နေရသောကြောင့် မအားလပ်ပါ။ အပြင်မှာ မတွေ့ဖြစ်ကြသော်လည်း သူတို့နှစ်ယောက်က တကယ့် နှစ်ရှည်လများ ခင်မင်ခဲ့ကြသူတွေလို ရင်းနှီးလာသည်။ ညတိုင်း မဟုတ်တောင် နှစ်ရက် သုံးရက် တစ်ခါလောက်တော့ ဖုန်းပြောဖြစ်ကြသည်။

မေက သူ့စိတ်ထဲမှာ ရှိလာတော့ ခါတိုင်းလို အပျော်တွဲသော ကောင်မလေးတွေကို မတွဲချင်တော့ပဲ ဖြတ်လိုက်သည်။ ဖြတ်မရသူ တစ်ယောက်သာ ကျန်သည်။ မာမီ့ သူငယ်ချင်း၏ သမီး သူ့ထက် ၁၀ နှစ်တိတိ ငယ်သော ကောင်မလေး မိုးဖြူဖြူ။ သူကတော့ သူ့ညီမလေးနှင့် တန်းတူ သဘောထားပြီး ခင်မင်တာ ဖြစ်သော်လည်း မာမီကတော့ သူနှင့် လက်ထပ်မည့် သတို့သမီးအနေနှင့် သဘောတူနေပုံရသည်။ မိုးဖြူဖြူဘက်က သဘောထားကိုတော့ သူလည်း သေသေချာချာ မသိပါ။ သူ့ကို အစ်ကို တစ်ယောက်လိုတော့ နွဲ့ဆိုး ဆိုးတတ်သည်။ သူ့အားလပ်ရက်ကို ရှာကြံလာပြီး shopping ထွက်ဖို့ လိုက်ပို့ခိုင်းတာ၊ သူ့အိမ်က Home Theater မှာ ရုပ်ရှင်အတူ လာကြည့်တာမျိုး လုပ်တတ်သည်။ ညီမလေး သူငယ်ချင်းလည်း ဖြစ်နေပြန်တော့ သူက ပစ်ပစ်ခါခါ ပြောဖို့ ခက်သည်။ သူ့စိတ်ထဲမှာတော့ မေကလွဲ၍ ဘယ်သူမှ မရှိပါ။ မာမီ့အကြံအစည်အတိုင်း မဖြစ်နိုင်ကြောင်းကိုလည်း ပြတ်ပြတ်သားသား ပြောထားပြီးသား ဖြစ်သည်။
*****

မေနဲ့ စတွေ့ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီး မေနဲ့ ပွင့်ပွင့်လင်းလင်း ချစ်ခဲ့တာ ငါးလတိတိ ရှိခဲ့လေပြီ။ မေ့ မွေးနေ့မှာ သူက လူတစ်ရပ်လောက် ရှိသည့် ဝက်ဝံရုပ်ကြီး တစ်ရုပ် ပို့ပေးခဲ့သလို သူ့မွေးနေ့မှာ မေက အကောင်းစား အမျိုးသားကိုင် ခေါက်ပိုက်ဆံအိတ်ကလေးကို သူမ ဓါတ်ပုံလေးပါ ထည့်ပြီး ပို့ပေးခဲ့သည်။ ဒီဇင်ဘာက သူ့ဘဝအတွက် အမှတ်တရများ ပြည့်ပြီး သာယာအေးချမ်းသောလ ဖြစ်သည်ဟု သူက ထင်ခဲ့သည်။

သိပ်မကြာသေးဘူး ဆိုသော်လည်း သူ့ဘက်ကတော့ တစ်လောကလုံးကို ကြေငြာပြီး မေနဲ့ လက်ထပ်ချင်လှပြီ။ မေက Ph.D တက်ပြီးမှ လက်ထပ်ဖို့ကို စဉ်းစားလို့ ရမည် လို့ ဆိုထားသည်။ ခုတော့ မေလည်း နောက် သုံး လေး လလောက်ဆို ကျောင်းပြီးတော့မည် ဆိုတော့ လက်ထပ်ဖို့ကို စီစဉ်လို့ ရပြီဟု သူထင်သည်။ နှစ်ဖက်မိဘကို ဖွင့်ပြောကြဖို့ မေ့ကို ပြောတော့ မေကလည်း အသက် ၃၀ အထိ အပျိုကြီး လုပ်လာပြီးမှ အိမ်ကို ဖွင့်ပြောရခက်နေသည်ဟု ဆိုသည်။ မေ့ကိုသာ ပြောသည်။ သူကိုယ်တိုင်ကလည်း မာမီ့ကို ပြောဖို့ရာ နှောင့်နှေးနေရသည်။ ဘာပဲဖြစ်ဖြစ် သူကတော့ ဒီပိတ်ရက်မှာ မာမီ့ကို ဖွင့်ပြောပြလိုက်ဖို့ ဆုံးဖြတ်သည်။ မေက သူတို့လို မချမ်းသာသော်လည်း ပညာတတ်၊ ဣနြေ္ဒရသော တက္ကသိုလ်ဆရာမလေး တစ်ယောက်မို့ မာမီ သဘောမတူစရာ မရှိလို့ ထင်သည်။ မေတို့ဘက်ကလည်း သူ့လို နာမည်ရ ကုမ္ဗဏီတစ်ခုကို ဦးစီး လုပ်ကိုင်နေသူကို သဘောမတူစရာ မရှိဟု ကိုယ့်ကိုယ်ကို အထင်တကြီး တွေးထားသည်။

မာမီ့ကို သူ့မှာ ချစ်သူ ရှိကြောင်း ပြောပြလိုက်တော့ မာမီက တအံတသြဖြစ်ပြီး မယုံသလို ကြည့်သည်။ သူ့ကို ဘယ်ကောင်မလေးနဲ့မှ တစ်တွဲတွဲ တွေ့မနေသောကြောင့် မယုံနိုင်တာ ဖြစ်မည်။ သူနှင့် မေကလည်း ချစ်သူဖြစ်ပြီးနောက် နှစ်ခါသာ လူချင်း တွေ့ဖူးသည်။ သူက မေရှိရာ မန္တလေးသို့ သွားတွေ့တာက တစ်ကြိမ်၊ မေက ရန်ကုန်လာဖို့ ကိစ္စရှိသည်နှင့် သူ့ကို ချိန်းပြီး တွေ့ကြတာက တစ်ကြိမ်၊ နှစ်ကြိမ်သာ ရှိသောကြောင့် မာမီ မယုံသည်မှာ အဆိုးမဆိုသာ။ sms message ပို့တာ၊ viber ကနေ chat တာ၊ ဖုန်းပြောတာကတော့ နေ့တိုင်း ညတိုင်းလို လုပ်ဖြစ်သော်လည်း မာမီက မသိနိုင်ပါ။

“မာမီ့သားက လက်ထပ်ဖို့အထိ ရည်ရွယ်တဲ့ ချစ်သူ ဆိုတော့ ဘယ်လို မိန်းကလေးမျိုးလည်း သိချင်လိုက်တာ ကွယ်”
“မာမီ မြင်ရင် ချစ်မှာပါ၊ မေက အရမ်းချစ်စရာ ကောင်းတာ၊ ပြီးတော့ အေးအေးဆေးဆေးလေး..”
“သား ခုန ပြောတာ သူက ဆရာမ လုပ်တယ် ဟုတ်လား”
“ဟုတ်တယ် မာမီ၊ ခုလောလောဆယ် Ph.D တက်နေတာ ပြီးတော့မယ်၊ ပြီးရင် ဒေါက်တာဘွဲ့ ရမှာလေ”
ဆယ်တန်းတောင် မအောင်ခဲ့သော မာမီများ အထင်ကြီးမလားလို့ သူက တမင် ထည့်ပြောခြင်း ဖြစ်သည်။ သို့သော် အံသြစရာ ကောင်းစွာပင် မာမီက သဘောကျပုံမရပါ။
“သားနဲ့ လက်ထပ်ပြီးရင်ရော သူက အလုပ်ဆက်လုပ်မှာလား ကွယ့်”
“လုပ်မှာပေါ့ မေမေရဲ့ သူတို့ အလုပ်က စာချုပ်ချုပ်ထားရတာတဲ့၊ ကျောင်းပြီးလို့ အလုပ်ဆက်မလုပ်ရင် ပိုက်ဆံ အများကြီး လျော်ရမှာလေ”
“ပိုက်ဆံများကွယ်၊ သားမှာ ပေါသားပဲ မဟုတ်လား၊ ဘယ်လောက် မို့လို့လဲ လျှော်ပေးလိုက်ပေါ့၊ အိမ်ထောင်သည် ဖြစ်မှ တနယ်တကျေးမှာ အလုပ်သွားလုပ်နေဦးမှာလား”
“မာမီကလည်း ဒါကတော့ နောက်မှပဲ ဆွေးနွေးကြည့်တာပေါ့၊ သူလည်း သူ့အလုပ်ကို ချက်ချင်းကြီးတော့ ဘယ်ထွက်ချင်ပါ့မလဲ”
မေက သူ့အလုပ်ကို ဘယ်လောက် မြတ်နိုးသည်ကို သူသိသည်။ သူ့စိတ်အရတော့ မေ အလုပ်မထွက်လျှင်လည်း ဘာမှ ကိစ္စ မရှိပါ။
“နေပါဦး၊ သူ့မိဘတွေကကော ဘာအလုပ်လုပ်သတဲ့လဲ”
“မေ့ မိဘတွေကလည်း အစိုးရ ဝန်ထမ်းတွေပဲ မာမီ၊ အဖေက စိုက်ပျိုးရေးဘက်က အရာရှိ၊ အမေကတော့ အထက်တန်းပြ ဆရာမပါ”
“ဟုတ်လား၊ ဒါဆိုရင်တော့ အခြေအနေက သိပ်မကောင်းဘူးပဲ”
“မာမီကလည်း..”
“ဟုတ်တယ်လေ၊ မိုးဖြူဖြူတို့ အဖေ ဆိုရင် လုပ်ငန်းရှင်ကြီး၊ သားတောင် သူ့ဆီက အကူအညီတွေ ယူနေရသေးတယ် မဟုတ်လား၊ မိုးလေးက တစ်ဦးတည်းသော သမီး၊ သူ့ကိုသာ ယူရင် နောက်ပိုင်း သားပဲ ဒီလုပ်ငန်းကြီးတွေ ဦးစီးရမှာ၊ ခုတော့ ကိုယ့်ကိုပဲ လာမှီခိုမယ့်လူကိုများ ယူဖို့ စဉ်းစားနေတယ်ကွယ်၊ မာမီဖြင့် သဘောမကျပါဘူး၊ ပညာတတ်ပြီး ပိုက်ဆံမရှိတဲ့ လူမျိုးတွေနဲ့ မာမီ ဆွေမျိုးမတော်ချင်ဘူး”
“မာမီကလည်း ဗျာ၊ သားက မေက လွဲရင် ဘယ်သူ့ကိုမှ လက်မထပ်ဘူးနော်”
“အေးပါလေ၊ စဉ်းစားကြသေးတာပေါ့”
မာမီ့သဘောထားက သူတို့နှစ်ယောက်အတွက် စိတ်အေးစရာ မဟုတ်ခဲ့ပါ။ မေ့ကိုတောင် ဘယ်လို ပြန်ပြောရမှန်းမသိ၊ အားနာစရာ ဖြစ်နေရသည်။
*****
မာမီက သူ့ကို မိုးဖြူဖြူ နဲ့ သဘောတူချင်စိတ် ရှိကြောင်း မေ့ကို သူ ပြောပြဖူးသည်။ မေက တစ်ခြား မိန်းကလေးတွေလို အသေးအဖွဲလေးတွေကအစ သဝန်တိုတတ်၊ စိတ်ကောက်တတ်သူ မဟုတ်ပါ။ မေက သူ့ကို အရာရာ နားလည်ပေးသည်။ တစ်ခါတရံတော့ မေက သူ့ကို သူချစ်သလောက် မချစ်ဘူးလို့ပင် ထင်မိသည်။ တစ်ခါတလေ သူကပင် သူ့ကို ဂရုမစိုက်ဘူး ဆိုပြီး မေ့ကို စိတ်ကောက်မိသေးသည်။ အဲလိုကျလည်း မေက သူ့ကို အမြဲတမ်း ပြန်ချော့ရှာသည်။ သို့ပေမယ့် မေက သူ့ကို လက်မထပ်ချင်သေးပါ။ သူ့ကိုမှ မဟုတ်။ မေက တစ်ယောက်ယောက်နှင့် လက်ထပ်ပြီး အိမ်ထောင်ပြုရမှာ ဝန်လေးနေကြောင်း သူ့ကို ပွင့်ပွင့်လင်းလင်းပင် ဖွင့်ပြောသည်။ မေက အပျိုကြီး လုပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့သည်။ သူနှင့် မမျှော်လင့်ပဲ တွေ့ပြီး ချစ်မိသွားသည်။ လက်ထပ်ဖို့တော့ အဆင်သင့်မဖြစ်သေးဟု မေက ပြောသည်။ သူကတော့ မေနှင့် အတူတူ နေချင်လှပြီ။

မာမီ့ကို ဒုတိယအကြိမ် မေ့အကြောင်း ပြောကြည့်တော့ မာမီက သူ့ဟာသူ မေတို့မိသားစုအကြောင်းကို စုံစမ်းကြည့်ပြီး ဖြစ်နေသည်။ ပိုပိုလျှံလျှံ မရှိလှသော အစိုးရဝန်ထမ်း လူလတ်တန်းစား မိသားစုမို့ မာမီ သဘောမကျဘူးဆိုတော့ သူစိတ်ထဲ မကောင်းပါ။ သို့သော် သူ့တစ်သက်လုံး မာမီ့စိတ်တိုင်းကျ လက်ခံ နေထိုင်ပေးခဲ့သူမို့ ချက်ချင်းကြီးတော့ မာမီ့ကို ပြတ်ပြတ်သားသား ဆန့်ကျင် လွန်ဆန်ဖို့ ခက်နေပြန်သည်။

နောက်ဆုံးတော့ သူက မာမီ့ကိုရော မေ့ကိုပါ နှစ်ဖက်စလုံးကို နားပူနားဆာ လုပ်ပြီး တွေ့ဆုံပေးဖို့ လုပ်နိုင်ခဲ့သည်။ ဖြစ်ချင်တော့ မေ လာသည့်နေ့က သွားမကြိုနိုင်ခဲ့။ ညီမလေး မွေးနေ့နှင့် တိုက်နေသဖြင့် ညီမလေးကို မနက်စောစော ရွှေတိဂုံဘုရား လိုက်ပို့ပေးလိုက်ရသေးသည်။ မေက တွက်ကတ်တတ်သူ မဟုတ်သဖြင့် တက္ကစီနှင့် သူမသူငယ်ချင်းတွေ အဆောင်ကို သွားသည်။ ရောက်စနေ့က ဖုန်းပဲ ဆက်ပြီး မတွေ့ဖြစ်ကြ။ နောက်တစ်ရက်မနက်ပိုင်းကျမှ သူ့အိမ်ကို ခေါ်လာပြီး မာမီနှင့် တွေ့ပေးဖို့ ဖြစ်သည်။ ညီမလေးကလည်း အခုမှ သူနှင့် မေ့အကြောင်း သိသွားခြင်း ဖြစ်သည်။ သူမ သူငယ်ချင်း မိုးဖြူဖြူကို ငြင်းထားသည်ကို ဂျီကျပြီး သူ့ကို မေနှင့် လုံးဝ သဘောမတူဘူး လုပ်နေပြန်သည်။

မေ့ကို သူခေါ်လာတော့ မာမီက ပြုံးပြုံးရွှင်ရွှင် ကောင်းကောင်းမွန်မွန် လက်ခံစကားပြောပေး၍ တော်ပါသေးသည်။ သူတို့နှစ်ယောက် စကားပြောနေတာ ပုံမှန် အဆင်ပြေနေပုံရသော်လည်း သူ့စိတ်ထဲမှာ မေ့ကို စိတ်အနှောက်အယှက် ဖြစ်အောင် မာမီ တစ်ခုခု ပြောလိုက်မှာ စိုးရိမ်နေသည်။ ရုပ်ရှင်တွေ ဝတ္တုတွေ ထဲကလို သူ့ကို တစ်နေရာ ပထုတ်ပြီး နှစ်ယောက်သား အပြန်အလှန် စိတ်ထဲရှိတာတွေ ပြောလိုက်ကြမှာလည်း စိုးရိမ်နေသည်။ မေက မရင်းနှီးသူတွေနှင့်ဆို စကားနည်းတတ်သူ ဖြစ်သောကြောင့် မာမီ့စိတ်ထဲ အေးစက်ပြီး မဖော်ရွေသူလို့ ထင်သွားမှာလည်း သူက ကြားထဲက စိုးရိမ်နေရပြန်သည်။

“သမီးက ငယ်ငယ်လေးနဲ့ ဒေါက်တာဘွဲ့တောင် ယူတော့မှာဆို တော်လိုက်တာကွယ်၊ အန်တီတို့က ပညာရေးမှာ ပါရမီ မပါလို့ ဘွဲ့တောင် မရခဲ့ရတော့ ပညာရေးမှာ တော်တဲ့သူတွေကို တကယ် ချီးကျူးတာ”
မေကတော့ “ဟုတ်” ဆိုပြီး ပြုံးနေသည်။
“ကျောင်းပြီး သွားရင်ရော မန္တလေးမှာပဲ နေရမှာလားကွယ့်”
“ဟုတ်ကဲ့၊ သမီးအလုပ်က မန္တလေးမှာ ဆိုတော့ အဲဒီမှာပဲ ဆက်လုပ်ရမယ် ထင်တာပဲ၊ ဒီထက် ဝေးတဲ့နေရာ မပြောင်းရဖို့တော့ ဆုတောင်းနေရတာပဲ”
“အခု သမီးက ဘာရာထူး..၊ အဆောင်မှာနေတာဆိုတော့ ကိုယ့်လခနဲ့ ကိုယ်ရော လောက်ရဲ့လားကွယ့်၊ အိမ်ကိုရော ပြန်ထောက်နိုင်ရဲ့လား..”
“လက်ထောက်ကထိကပါ အန်တီ၊ အခုက ကျောင်းလည်း တက်နေရတုန်းဆိုတော့ စာအုပ်ဝယ်ရတာ ဘာညာ၊ တစ်ခြား လိုအပ်တာတွေလည်း ရှိတော့ အိမ်ကိုတော့ ပြန်မပေးနိုင်ပါဘူး အန်တီ၊ ကိုယ့်ဟာနဲ့ကိုယ်တောင် မနည်းလောက်အောင် သုံးရတာ ဆိုပါတော့၊ သမီးအတွက် ကွန်ပျူတာတို့ ပရင်တာတို့တောင် အိမ်က ဝယ်ပေးရတာပေါ့ အန်တီရယ်”

“သြော် သြော်.. အိမ်ထောင်ကျပြီး ကလေးတွေ ဘာတွေ ရလာရင်ရော သမီးအလုပ်နဲ့ဆို အဆင်ပြေပါ့မလားကွယ်…”
“ဒါကတော့ သမီးလည်း လောလောဆည်တော့ အိမ်ထောင်ပြုဖို့လည်း သေချာ မစဉ်းစားရသေးတော့ မသိသေးပါဘူး အန်တီ”

“အေးပေါ့လေ.. နောက်မှပဲ စဉ်းစားပေါ့… အခုတော့ ထမင်းစားကြရအောင်ကွယ်၊ သမီးလာမယ် ဆိုတော့ အန်တီ ကိုယ်တိုင် မီးဖိုချောင် ဝင်ပြီး ချက်ထားတာကွယ့်၊ အခါတိုင်းတော့ နေ့တိုင်းမဝင်ပါဘူး အဒေါ်ကြီး လုပ်ဖို့ကို ဟင်း စီစဉ်ပေးတာပဲ ရှိတယ်”
“ဟုတ် အန်တီ၊ သမီးက ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် စားပါတယ်.. အန်တီ အလုပ်ရှုပ်သွားပြီ”
“အန်တီ့ သားကတော့ ဂျီးများတယ်ကွယ့် အမယ်လေး၊ ဒီအိမ်မှာ နေ့တိုင်း သူ့အကြိုက်ပဲ လိုက်ပြီး ချက်ပေးနေရတာ”

ထမင်း အတူစားကြပြီးတော့ မေ့ကို သူ အဆောင်ပြန်ပို့ပေးသည်။ ညီမလေးကတော့ သူမ သူငယ်ချင်းတွေကို မွေးနေ့ ကျွေးရမည် ဆိုပြီး ထမင်း ပြန်လာမစားပါ။
သူ့အနေနှင့် မာမီက မေ့အပေါ် ဆက်ဆံတာ သိပ်မဆိုးသည့်ပြင် မေကလည်း မာမီအပေါ် အဆင်ပြေပြေ ပြန်ပြောလာသည့် အတွက် အခြေအနေမဆိုးဟု ထင်သော်လည်း မေ့အမြင်ကမူ တစ်မျိုးပါပေ။ မာမီက သူမကို သဘောမကျသည်ကို ခံစားမိသည်ဟု ဆိုသည်။

“မေကတော့ လက်ထပ်ဖို့ စိတ်ကူး ရှိသေးတာ မဟုတ်ဘူး.. ကိုနိုင်က လက်ထပ်ချင်တယ် ဆိုလို့ စဉ်းစားပေးတာ၊ အလုပ်ကတော့ လုံးဝ မထွက်နိုင်ဘူး နော်၊ အိမ်ထောင်သည်တွေလည်း ဒီလိုပဲ အလုပ်လုပ်နေကြတာပဲကို ”
“အင်းပါကွာ၊ မေ့ကို အလုပ်မထွက်ခိုင်းပါဘူး၊ မေ့ကို မခွဲနိုင်လို့.. မေ့ကို ပိုင်ဆိုင်ချင်လို့ လက်ထပ်ကြမယ်လို့ ပြောတာ၊ မေ့ စိတ်တိုင်းကျ လုပ်ပါ”
“ဒါပေမယ့် ကိုနိုင့် မာမီက မေ့ကို အလုပ်မလုပ်စေချင်တဲ့ ပုံစံပဲ၊ မေ့ လခလေး နှစ်ပဲ တစ်ပြားနဲ့ လုပ်မနေနဲ့ လို့ ပြောင် မပြောရုံတမယ်ပဲ၊ လခ ဘယ်လောက်ပဲ ရရ မေ့အလုပ်ကို မေချစ်တယ်၊ မေ သင်ထားတဲ့ ပညာတွေကို မီးဖိုချောင်ထဲမှာပဲ ထားဖို့တော့ မဖြစ်နိုင်ဘူး”
“ဟုတ်ပါပြီကွာ၊ မာမီ့ကို ကိုယ် နားလည်အောင် ပြောပါ့မယ်”
“နောက်ပြီးတော့ မေက မီးဖိုချောင် ကိစ္စ သိပ်စိတ်ဝင်စားမဟုတ်ဘူး၊ ဘာဟင်းမှလည်း သိပ်ကောင်းကောင်း မချက်တတ်ဘူးနော်၊ မေ့ တစ်ယောက်စာ အတွက်ဆို မေက ဖြစ်သလို ဟင်းတွေပဲ ချက်စားတာ၊ သူ့သားက ဂျီးများတယ် တဲ့ ကြိုပြောထားတာ၊ မေ့ကို ဟင်းကောင်းကောင်း ချက်ကျွေးရမယ် ဆိုတဲ့ သဘောပေါ့၊ မချက်နိုင်ပါဘူး၊ မေ ချက်တတ်သလိုပဲ ချက်မှာပေါ့၊ ဟွန်းး ကြိုပြောထားတာနော်..”

“ရပါတယ်ကွာ၊ မိန်းမယူတာက ချစ်လို့ ယူတာပဲကွာ၊ ထမင်းကောင်းကောင်း စားရဖို့တော့ကွာ စားဖိုမှူး ကောင်းကောင်းပဲ ရှာတော့မှာပေါ့”

“ပြီးတာပဲ.. ခက်တာက မေက အိမ်ကို ဘယ်လို ပြောရမှန်းကို မသိသေးဘူး၊ အိမ်ကလေ မေ့ကို ဘယ်သူနဲ့မှ ယူစေချင်တာ မဟုတ်ဘူး၊ အပျိုကြီးပဲ လုပ်စေချင်တာ၊ မေကလည်းလေ ဒီချိန်ထိ ရှင်းရှင်းလင်းလင်း နေခဲ့တာဆိုတော့ ဒီအသက်အရွယ်ကျမှ ချစ်သူ ရှိနေပြီ ဆိုတာ ပြောရခက်နေတာ”

“မေကလည်းကွာ.. ပြောရမှာပေါ့.. ကိုယ့်ကို မချစ်ဘူးလား.. နည်းနည်းတော့ သတ္တိမွေးလိုက်ပါ”
“အင်းပါ.. ဒါပေမယ့် ကိုနိုင်လည်း ကိုနိုင့် အိမ်ကို သေချာအောင် လုပ်ပါဦး”
“ကိုယ်ကတော့ မေကလွဲရင် ဘယ်သူ့ကိုမှ မယူနိုင်ဘူး လို့ ပြောပြီးသား”
“ဒါနဲ့ ကို့မာမီက တော်တော် အသားဖြူတယ်နော်.. ကိုနိုင်နဲ့ တစ်ခြားစီပဲ၊ ဘာ တိုင်းရင်းသား စပ်တာလဲ”
“ကိုယ့်မာမီက တရုတ်သွေးစပ်တယ်လေ၊ မာမီ့ အဖေက တစ်ရုတ်အစစ်၊ အမေက ရှမ်းတရုတ်၊ အဲဒါကြောင့် မာမီ့ အသားကဖြူဖွေးနေတာ၊ ကိုယ့်အဖေက တရုတ်သွေး နည်းနည်းလေးပဲ ပါတာဆိုတော့ အသားညိုတယ်၊ အဲတော့ ကိုယ်က မာမီ့လို အသားမဖြူဘူးလေ”
“သြော်.. ကိုနိုင့်မှာ တရုတ်သွေး ငါးမူးသားလောက်နီးနီး ပါတာပေါ့နော်.. မထင်ရဘူး.. ဟိ”
အဲဒီတုန်းကတော့ သူ အသားမဖြူခြင်း အတွက် မေက ဟာသ လုပ်ခြင်းကို ထူးထူးခြားခြား မခံစားခဲ့ရပဲ နောက်ပိုင်းမှာ မေက သူ့ကို လက်မထပ်နိုင်ရခြင်းထဲက အကြောင်းတစ်ခု အနေနှင့် ပြလိမ့်မည်ဟုလည်း မထင်ခဲ့မိပါ။ မာမီနှင့် ဆွေမျိုးများက သူ့ကို မိုးဖြူဖြူ နှင့် သဘောတူကြခြင်း အကြောင်းရင်းထဲမှာ ချမ်းသာသော သဌေးသမီး ဖြစ်သည့်ပြင် တရုတ်မကလေး ဖြစ်နေ၍ ဖြစ်သည်ကို သူကတော့ သတိမထားမိခဲ့ပါ။
*****

သူနှင့် မေ့အကြောင်း မေ့ အစ်ကိုနှင့် အစ်မများကတော့ သိရှိပြီး ဖြစ်သည်။ သဘောလည်း တူကြသည်။ မေက သူမ အမေကို တီးခေါက်ကြည့်တော့ သူမကို ဘယ်သူနှင့်မှ အိမ်ထောင်မပြုစေချင်ပုံ ပေါ်သည်နှင့် သေသေချာချာ မပြောရဲသေးပဲ ဖြစ်နေသည်။ သူကတော့ မှတ်မှတ်ရရ ဖြစ်အောင် သူတို့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ မှာ လုပ်ချင်သည်။ မာမီက သိပ်သဘောမတူချင် ဖြစ်နေသည် ဆိုသော်လည်း ပြင်းပြင်းထန်ထန် တားမြစ်တာမျိုး မလုပ်သဖြင့် သူကတော့ မေနှင့် လက်ထပ်ဖို့ကို အမြန်ဆုံး စီစဉ်ချင်သည်။ ကြားထဲမှာ တစ်လကျော်သာ ခြားသဖြင့် မေက မြန်လွန်းသည်၊ ဖြစ်နိုင်ပါ့မလား ဆိုပြီး သူ့ကို ပြောသေးသော်လည်း သူမအမေကို တစ်ပတ်အတွင်း ရအောင် ပြောကြည့်မည်ဟု သူ့ကို ကတိပေးထားသည်။ မာမီက သူ စိတ်ချမ်းသာအောင် မေ့ကို အတင်းအကျပ် မကန့်ကွက်သော်လည်း မိုးဖြူဖြူနှင့်တော့ ခုထိ သဘောတူနေဆဲ ဖြစ်သည်။ သူတို့နှစ်ယောက်ကို နီးစပ်အောင်လည်း နည်းမျိုးစုံနှင့် ကြံစည်နေဆဲဖြစ်သည်။

ထိုအချိန်မှာပင် သူနှင့် မာမီတို့ ဘယ်လိုမှ မျှော်လင့်မထားသော ကိစ္စတစ်ခုက ဖြစ်လာခဲ့သည်။ သူ့ထက် ၁၀နှစ် တိတိ ငယ်သော သူအချစ်ဆုံး ညီမလေးက ခိုးရာ လိုက်ပြေးသွားခြင်း ဖြစ်သည်။ သူ့ စိတ်ထဲ ငယ်သေးသည်ဟု ထင်နေသော ညီမလေးက ခုလို လုပ်သွားသောအခါ သူ့ စိတ်ထဲ တော်တော်မကောင်း ဖြစ်ရသည်။ မာမီဆို ပိုဆိုးတော့မည်။ ကောင်လေးက ညီမလေးလိုပင် ရိုးရိုးဘွဲ့ တစ်ဘွဲ့ ရပြီးသော်လည်း အလုပ်အကိုင် တည်တည်တံ့တံ့ မရှိပဲ အဆိုတော်ယောင်ယောင်၊ တေးရေးယောင်ယောင် လုပ်နေသူဖြစ်သည်။ သူတို့ ကြိုက်နေသည်ကို သူနည်းနည်းလေးမှ မရိပ်မိခဲ့ပါ။ သူတို့ကလည်း လူချင်းတွေ့သည်ထက် သူနှင့်မေ့ လိုပင် ဖုန်းပြောလိုက် online chat လိုက် လုပ်တာများပုံရသည်။ ကောင်လေး မိဘတွေက နယ်မှာ စတိုးဆိုင်ကြီး ဖွင့်ထားသဖြင့် အခြေအနေ သိပ်မဆိုးသော်လည်း မောင်နှမက ခြောက်ယောက် ရှိသည်။

ကောင်လေး မိဘတွေက ညီမလေးကို ပြန်လာအပ်သော်လည်း မင်္ဂလာပွဲကိုတော့ ကြီးကြီးကျယ်ကျယ် လုပ်မပေးနိုင်ဟုဆိုသည်။ မတတ်နိုင်တော့သော အခြေအနေဖြစ်သဖြင့် မာမီက သူ့သမီးကို သူ့ဘာသူပင် မင်္ဂလာပွဲ လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ရသည်။ ပြန်လာအပ်သည့် အချိန်မှ စ၍ ညီမလေးတို့  လင်မယားကို အိမ်ပေါ်မှာ ခေါ်တင်ထားခဲ့ရသည်။ နှစ်ယောက်စလုံးမှာက အလုပ်မရှိ၊ နေစရာကလည်း မရှိ။ ညီမလေး ဆိုတာကလည်း တစ်သက်လုံး အိမ်မှာ လိုတရ နေလာသူဖြစ်တော့ ဘဝအကြောင်း ဘာမှ သိသူလည်း မဟုတ်ပေ။ မာမီက သူ့သမီးကို ပစ်မထားနိုင်သလို သူကလည်း သူ့ညီမလေးကို ပစ်မထားနိုင်ပါ။

သူ လက်ထပ်ဖို့  ရည်ရွယ်ထားသော ဖေဖော်ဝါရီလတွင် ညီမလေးတို့ မင်္ဂလာပွဲ ကျင်းပသည်။ မေ့ကို ဖိတ်သော်လည်း မေက ခွင့်ယူ၍ မရသဖြင့် မလာနိုင်ပါ။ သူတို့ အတွက်ကိုတော့ ဘာမှ ဆက်မလုပ်နိုင်သေးပဲ ဖြစ်ရသည်။ မာမီကလည်း တစ်နှစ်မှာ နှစ်မင်္ဂလာ မလုပ်ကောင်း ဘာညာ ပြောပြီး သူ့ မင်္ဂလာပွဲကိုတော့ မလုပ်စေချင်ပုံ ပြနေသည်။ သူ့ဘက်ကလည်း ဘာမှ အဆင်သင့် မဖြစ်သေးပါ။ မာမီက သူ့ သားသမီး နှစ်ယောက်တည်းမှာ တစ်ယောက်က သူစိတ်တိုင်းမကျသူနှင့် အိမ်ထောင်ပြုသွားပြီးနောက် ကျန်သော တစ်ယောက်ကိုတော့ သူ စိတ်တိုင်းကျသူနှင့်သာ ပြုစေလိုသည်ဟု သူ့ကို ပြောသည်။ သူကတော့ မာမီ လောလောဆယ် စိတ်ဆင်းရဲ နေတုန်းမို့  ဘာမှ အပြင်းအထန် မငြင်းသေးပဲ နေနေခြင်းဖြစ်သည်။

မေနှင့် သူလည်း အရင်လောက် ဖုန်းမပြောဖြစ်ကြပါ။ နှစ်ယောက်လုံး အလုပ်များ နေကြတာလည်း ပါသည်။ သူကလည်း ညီမလေး ကိစ္စနှင့် စိတ်ရှုပ်၊ မေကလည်း သူ့  Thesis ပြီးကာနီးမို့  စိတ်ရှုပ်နှင့် အပိုတွေ မပြောချင်ကြတော့တာလည်း ပါသည်။ သူက မဆက်ဖြစ်သည့်အချိန်မှာ မာမီက မေ့ဆီ ဖုန်းဆက်သည် ဆိုတော့ သူနည်းနည်း အံ့သြသွားသည်။ နောက်တော့မှ မာမီ့ အကြံအစည်ကို သိရသည်။ မာမီက မေ့ကို မိုးဖြူဖြူ အကြောင်းပြောသည် ဆို၏။ သူက မေ့ကို မိုးဖြူဖြူ အကြောင်း ပြောပြမထားသည်မှာ ဘာကြောင့်မှတော့ မဟုတ်။ မိုးဖြူဖြူကို သူက သူ့ညီမလေးနှင့် အတူတူ ညီမလေးလိုပင် သဘောထားတာမို့၊ ဘယ်တော့မှလည်း ပြောင်းလာနိုင်စရာ မရှိတာမို့  မေ့စိတ်ထဲ တစ်မျိုးဖြစ်မှာ စိုးပြီး မပြောဖြစ်တော့တာပင်။ ခုလို မာမီက ပြောတော့ မေ့စိတ်ထဲ ဘယ်လိုနေမည်လဲ။ မာမီက မေ့ကို သူသဘောကျသော ချွေးမ ရှိပါလျှက် မေ့ကို သဘောတူပေးရခြင်း ဖြစ်ကြောင်း၊ မေကလည်း သူ့အလိုအတိုင်း လက်ထပ်ပြီးလျှင် အလုပ်ကထွက်သင့်ကြောင်း ပြောခဲ့သည် ဆို၏။ နောက်တစ်နှစ်လောက်မှ လက်ထပ်ကြပြီး ရန်ကုန်အိမ်မှာပင် အားလုံး စုပေါင်းနေကြဖို့  မေ့ကို မာမီက ပြောခဲ့သည်။

စိတ်မကောက်တတ်သော မေက သူ့ကို ဘာမှ မရစ်သော်လည်း မိုးဖြူဖြူနှင့် ပတ်သက်ပြီး နည်းနည်းတော့ စိတ်ခုသွားပုံ ရသည်။ မာမီ့ကိုတော့ အလိုက်သင့်ပြောခဲ့သည် ဆိုပြီး မေက သူ့ကိုတော့ လက်ထပ်ပြီးလျှင်လည်း လုံးဝ အလုပ်မထွက်နိုင်သည့် အကြောင်း၊ ဖြစ်နိုင်လျှင် ညီမလေးတို့ လင်မယားလည်း ရှိနေသော ယောက္ခမအိမ်မှာလည်း လိုက်မနေချင်ကြောင်း ပြောသည်။ သူကလည်း မေနှင့် နှစ်ယောက်တည်း သပ်သပ်နေဖို့  အစကတည်းက စိတ်ကူးထားသူ ဖြစ်သည်။ သို့သော် မေက အလုပ်မထွက်လျှင် သူနှင့် အမြဲတမ်း အတူမနေနိုင်ပဲ မာမီတို့ အိမ်မှာ နေသည်က ပိုအဆင်ပြေမလား ဟုတော့ တွေးမိသည်။
*****

မေလထဲမှာ မာမီ မွေးနေ့  လုပ်တော့ မေ ရောက်လာသေးသည်။ ကြီးကြီးကျယ်ကျယ် မဟုတ်ပဲ မာမီ့ ဆွေမျိုးများနှင့် သူတို့မောင်နှမ၏ အရင်းနှီးဆုံးသူများသာ ဖိတ်ပြီး ပွဲလုပ်ခြင်း ဖြစ်သည်။ ဒီတစ်ခေါက်မှာ ညီမလေးတို့ လင်မယားရော၊ မာမီ့ အစ်ကိုတွေ အစ်မတွေ၊ သူ့ မောင်နှမ ဝမ်းကွဲတွေနှင့်ပါ မေ့ကို မိတ်ဆက်ပေးတော့ မေ နည်းနည်းတော့ စိတ်ကျဉ်းကျပ်ဟန် တူသည်။ သူတို့မိသားစုကသာ မွေးချင်းနည်းသော်လည်း မာမီ့မှာ မောင်နှမ ကိုးယောက်ထဲက ရန်ကုန် ဝန်းကျင်မှာ လက်ရှိ နေနေသော လေးယောက်ရဲ့ မိသားစုကပင် များလှသည်။ သူတို့ ခြံကျယ်ကြီး တစ်ခြံလုံးမှာ အမျိုးတွေနှင့် ပြည့်နေသည်။

မာမီက မေ ပေးသော မွေးနေ့လက်ဆောင်ကို ယူပြီး ဘေးချထားရာမှ ပြန်မကြည့်တော့သည်ကို သူက ကြားထဲက မေ့ကို အားနာနေသေးသည်။ (မေပေးသည်က ပြင်ဦးလွင် အနွေးထည်အကောင်းစား တစ်ထည်ဖြစ်သည်ကို နောက်မှ သိရသည်။ မာမီက တုံးသည်၊ မကြိုက် ဆိုပြီး အိမ်က အဒေါ်ကြီးကို ပေးလိုက်သည်ကို မေ ပြန်မသိ၍သာ တော်သေးသည်။) မိုးဖြူဖြူပေးသော ကိုရီးယားဖြစ် ရင်ထိုးကြီးကိုတော့ မွေးနေ့မှာကတည်းက ထုတ်၍ ရင်ဘတ်မှာ ထိုးထားခဲ့သည်ကိုလည်း သူက ဘာမှန်းမသိ မကျေနပ်ခဲ့ပါ။

သာမန်အားဖြင့်တော့ သူ့ဆွေမျိုးတွေ အားလုံးက မေ့ကို ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့သည် ဆိုရမည်။ မေ့ကို စိတ်အနှောက်အယှက် ဖြစ်စေမည့် လခအကြောင်း၊ အလုပ်အကြောင်း စပ်စုကြသည်က လွဲ၍ပေါ့လေ။ မိုးဖြူဖြူက မာမီ့ဘေးမှာ ကပ်ချွဲနေတာကို မေ စိတ်အနှောက်အယှက် မဖြစ်ဘူး ဆိုလျှင်ပေါ့လေ။ မေ့ဘက်ကလည်း တော်တော်ကို သူမစရိုက်နှင့် ဆန့်ကျင်၍ အားလုံးကို ဖော်ရွှေစွာ ဆက်ဆံပေးခဲ့တာ သူသိပါသည်။ ထိုနေ့က ပွဲပြီးကာနီးမှ မေ့ကို သူ ပြန်ပို့ပေးလိုက်သည်။ မေပြန်ကာနီးမှာ မာမီက “ရန်ကုန်ရောက်ရင် လာလည်နော် သမီး၊ ဘာမှ အားနာစရာမလိုဘူး၊ နောက်ဆို သမီးအိမ် ဖြစ်မှာပဲလေ၊ အိမ်ဆိုတာ မောင်နှမတွေ ဆွေမျိုးတွေ အတူတူနေကြမှ စည်ကားတာပေါ့ သမီးရဲ့” ဟု နှုတ်ဆက်သည်။ မေကတော့ မျက်နှာအနည်းငယ် ပျက်သွားသည်ဟု သူ့စိတ်ထဲ ထင်လိုက်သည်။

နောက်နေ့ ဖုန်းဆက်တော့ မေက သူ့အမျိုးတွေနှင့် ပတ်သက်၍ ဘာမှ မပြောသော်လည်း ညီမလေး အမျိုးသားကို ကြည့်မရကြောင်းသာ သူ့ကို အတင်းပြောသည်။ မေ့ကို စကားတွေ လာပြောပြီး ဖုန်းနံပါတ်တောင်းကြောင်း၊ ဖုန်းဆက်မည်ဟု ပြောကြောင်း၊ အဲဒါ သူပြောစရာ ဘာအကြောင်းရှိသလဲ ဟု မေက ဆိုသည်။ သူကတော့ ညီမလေးက မေ့ကို ဆက်သွယ်ချင်၍ တောင်းတာ ဖြစ်မည်ဟု ဖြေပြီး ပြောလိုက်ရသေးသည်။ တကယ်တော့ သူ့ယောက်ဖအကြောင်း သူလည်း ရိပ်မိသည်ပင်။

“လက်ထပ်ပြီးရင် ကိုနိုင့် မာမီ ပြောသလို အတူတူ နေမှာလား၊ မေကတော့ အိမ်ခွဲနေချင်တယ် သိလား၊ ရုပ်ရှင်ထဲက ကိုရီးယားချွေးမတွေ၊ တရုတ်ချွေးမတွေ ကြည့်ပြီး ကြောက်လွန်းလို့ပါ”
“မာမီက မေထင်သလို မဆိုးပါဘူးကွာ၊ ဒါပေမယ့် ကိုယ်လည်း မေ့လိုပဲ သီးသန့် နေချင်ပါတယ်၊ လက်ထပ်ပြီးရင် မေက အလုပ်ထွက်ပြီး ကိုယ်နဲ့ အမြဲတမ်း နေတော့မှာလား၊ မဟုတ်ရင်တော့ မေပြန်သွားရင် ကိုယ်တစ်ယောက်တည်း အဲဒီအိမ်မှာ ဘယ်လို နေရမလဲ မေရဲ့”
မေက ခဏတော့ ငြိမ်သွားသည်။ နောက်တော့မှ
“ကိုနိုင်လည်း တကယ်တော့ မေ့ကို အလုပ်ထွက်စေချင်တာပဲလား”
“ဒါကတော့ ကိုယ်က ကိုယ့်ဘေးနားမှာ မေ့ကို အမြဲရှိစေချင်လို့ လက်ထပ်မှာပဲလေ၊ အဝေးမှာ သွားမနေရဘူးဆိုရင် ကြိုက်တာပေါ့ မေရဲ့”
“မေ ရန်ကုန်ပြောင်းရအောင် ကြိုးစားပါ့မယ် ကိုနိုင်ရယ်၊ အလုပ်တော့ မထွက်ချင်ဘူး၊ အလုပ်မရှိပဲ အိမ်မှုကိစ္စလုပ်၊ ကလေးထိန်း လုပ်နေတဲ့ မိန်းမတွေရဲ့ ဘဝကို အရမ်းမုန်းတာ ”
“အင်းပါ၊ ကိုယ်ကတော့ မေ့သဘောပါ”

အဲဒီညကတော့ သူတို့နှစ်ယောက် အတော်ကြာကြာ စကားပြောဖြစ်ကြသည်။ နောက်နေ့တွေကျတော ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်။ သူကလည်း အလုပ်တွေ ပင်ပန်းပြီး စောစောအိပ်သွားတာ များသည်။ မေကလည်း သူ့ကို ဖုန်းစ မဆက်သည်မှာ ကြာပြီ။ အဲသည်လိုနှင့် သူတို့နှစ်ယောက် ဆက်ဆံရေး အေးစက်သွားမည်ဟု သူကမထင်ခဲ့ပါ။ သူ့စိတ်ထဲမှာ မေ အမြဲ ရှိနေသလို မေ့စိတ်ထဲမှာလည်း သူ ရှိနေလိမ့်မည်ဟု ယုံကြည်နေသည်။
*****

“မေ လက်မထပ်ချင်တော့ဘူး၊ သေချာ စဉ်းစားကြည့်တော့ မေ အိမ်ထောင်ပြုရမှာ ကြောက်လာတယ်၊ အိမ်ထောင်သည်ဘဝ၊ အိမ်ထောင်သည်တာဝန်တွေ မေ လုပ်နိုင်မယ် မထင်ဘူး၊ ဒီအသက်အရွယ်အထိတောင် တစ်ယောက်တည်း နေခဲ့ပြီးမှ အပူမရှာချင်တော့ဘူး တကယ်၊ မေ့ကို သူငယ်ချင်းလိုပဲ သဘောထားပါတော့”

မေက ပြောလာသောအခါ သူ့စိတ်ထဲ အလေးအနက်ရယ်လို့ မထားမိသေးပါ။ မေက ဟိုအရင် ချစ်ခွင့်ပန်စဉ်ကပင် ဒီလိုပုံစံမျိုး ဆန်ဆန် စကားတွေ ပြောဖူးပြီးသားမို့  တကယ်တမ်း ပြတ်ပြတ်သားသားကြီး ဖြစ်သွားမည် မထင်သေးပါ။

“မေကလည်းကွာ ဘာဖြစ်ပြန်တာလဲ၊ ကို့ကို မချစ်ဘူးလား၊ ကိုယ်ကတော့ မေ့ကို အရမ်းချစ်တာ၊ ချစ်သူပါ ဆိုမှ ဘယ်လိုလုပ်ပြီး သူငယ်ချင်းလို ပြန်နေလို့ ရမလဲကွာ ခက်တာပဲ၊ မရဘူး ကိုယ့်ချစ်သူက မေပဲ”

“မေ နောက်နှစ် ဧပရယ်မှာ နိုင်ငံခြားမှာ နှစ်နှစ် သုတေသန သွားလုပ်ဖို့ ရှိတယ် ကိုနိုင်၊ မေ လွတ်လွတ်လပ်လပ်ပဲ သွားချင်တယ်၊ ကိုနိုင့်ကိုလည်း မစောင့်စေချင်ဘူး၊ ကိုနိုင့်မာမီ သိရင်လည်း ဘယ်လိုမှ သဘောတူမှာ မဟုတ်ဘူး”
သူကတော့ မေ့ကို မသွားစေချင်ပါ။ အမြဲတမ်း အတူတူ နေချင်ပါသည် ဆိုမှ နှစ်နှစ်ထပ်ခွဲရမည် ဆိုတော့…။ သို့ပေမယ့် မေ စိတ်ဆိုးသွားမှာ စိုးလို့ အဲလိုတော့ မပြောပါ။
“သွားပေါ့ မေရဲ့  လက်ထပ်ပြီးမှ သွားလည်း ရတာပဲလေ”
 “အဲဒီ တစ်ခုတည်းကြောင့် မဟုတ်ဘူး၊ တစ်ခြား အကြောင်းတွေလည်း အများကြီးပဲ၊ မေ သေချာ စဉ်းစားခဲ့ပြီးပြီ”

“မေ့ အမေက သဘောမတူလို့လား”
“မေမေ့ကို အရိပ်အမြွက် ပြောတော့ အရမ်းကြီး မတားပါဘူး၊ သင့်တော်တဲ့သူဆို လက်ထပ်ပေါ့တဲ့၊ မေမေက ကိုနိုင် တစ်ရုတ်သွေး စပ်တာကို သိပ်မကြိုက်ဘူး၊ ဒါပေမယ့် မပြောပါဘူး၊ မေက မေ့ဘာသာ တစ်ခြားဟာတွေ အကုန် လျှောက်စဉ်းစားတာပါ”
“ဘာတွေ စဉ်းစားတာလဲ မေ၊ မာမီက အလုပ်ထွက်ခိုင်းမှာ စိုးလို့လား၊ အိမ်မှာ အတူခေါ်နေမှာ စိုးလို့လား၊ တစ်ခုချင်းပြော၊ ကိုယ်ဖြေရှင်းမယ်”

“မပြောချင်ဘူး၊ မေ စိတ်မပါတော့တာပါ၊ အိမ်ထောင်မပြုချင်တော့တာ၊ တောင်းပန်ပါတယ် ကိုနိုင်”
“မေ အသစ်တွေ့နေတာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်တာ၊ တော်ပါပြီ၊ တစ်ယောက်နဲ့ကို စိတ်တွေ ရှုပ်ရလွန်းလို့ ထပ်လည်း မထားချင်ပါဘူး၊ တွေ့လည်း မတွေ့ပါဘူး၊ နောက်ဆို ဖုန်းတွေလည်း သိပ်မဆက်ပါနဲ့တော့၊ သာမန် သူငယ်ချင်းတွေလိုပဲ နေကြရအောင်ပါနော်”

“မေ တကယ် နေနိုင်တယ်ပေါ့”
“နေနိုင်ပါတယ်၊ နေနိုင်အောင် နေမှာပေါ့”

မေက တကယ် နေနိုင်ပါသည်။ သူ့ကို တကယ်ကို message လည်းမပို့။ ဖုန်းလည်း စမဆက်တော့ပါ။ မနေနိုင်သည့်သူက ဆက်ရင်တော့ ကောင်းကောင်းမွန်မွန် ပြန်ပြောပါသည်။ ခါတိုင်း ချစ်သူတွေလို ”အရမ်းချစ်တာပဲ” ဘာညာ တွေကိုတော့ မပြောရ ဟု မေက တားမြစ်ထားသည်။ ရက်ဆက် ဖုန်းဆက်မိလျှင်လည်း အကြောင်းတစ်ခုခုပြပြီး ချက်ချင်း ချသွားသည်။ မေက တကယ်ပင် သူ့ကို သံယောဇဉ်ဖြတ်ဖို့ ကြိုးစားနေလေပြီ။

အဲဒီလိုနှင့် သူလည်း မေ့ဆီက အေးစက်စက် စကားသံတွေ မကြားချင်တာနှင့်ပင် ဖုန်းသိပ်မဆက်ဖြစ်တော့။ လူချင်း ချိန်းတွေ့ဖို့တော့ အဝေးကြီး ဝေးသွားလေပြီ။ မေ့ကို အရင်က သူနားလည်သည် ထင်ခဲ့သော်လည်း ခုတော့ နားမလည်နိုင်တော့ပါ။ ချစ်သူ ရှိလျှက်နှင့် အပျိုကြီးပဲ လုပ်တော့မည် ဆိုသည်က ဘာသဘောလည်း နားမလည်နိုင်ပါ။ တရားပေါက်လို့ သီလရှင် ဝတ်သွားတယ် ဆိုရင်တောင် ဖြေသာသေးသည်။ အခုတော့ မေ့ကို သူနားမလည်နိုင်သလို သူ့ဘက် ပြန်ပါလာအောင် နားချလို့လည်း မရနိုင်တော့ပါ။

နောက်တော့ မေက ဖုန်းနံပါတ်ပြောင်းသွားသည်။ သူ့ကို ဖုန်းနံပါတ် အသစ် ပြန်မပေးပါ။ မေ့အစ်မဆီက သူသိရသော်လည်း မေ မပေးလိုသော ဖုန်းမို့ သိပ်မဆက်ချင်တော့ပါ။ မေ့မွေးနေ့မှာတော့ မေ့ ဖုန်းနံပါတ် အသစ်ဆီ မွေးနေ့ဆုတောင်း sms တော့ ပို့လိုက်သေးသည်။ မေက “ကျေးဇူးတင်ပါတယ်” ဆိုတာတော့ ပြန်သည်။ သူလည်း မေ့ဆီ မွေးနေ့လက်ဆောင် ပို့မပေးဖြစ်တော့ပါ။ သူ့မွေးနေ့ ရောက်တော့ မေက sms တစ်စောင်ပင် ပို့ပေးဖော် မရပါ။

ဒီနှစ် ဒီဇင်ဘာက သူ့အတွက် တကယ်ကိုပင် အေးစက်လွန်းလှပါသည်။ အပြင်က အအေးလှိုင်းရဲ့ အေးစက်မှုထက် မေ့ဆီက အေးစက်မှုက သူ့ရင်ကို ပိုပြီးအထိနာစေပါသည်။ မေနဲ့ တွေ့ခဲ့သော ဒီဇင်ဘာ၊ မေနဲ့ ချစ်နေသော ဒီဇင်ဘာ တွေလို သူ့ ဒီဇင်ဘာက မချိုတော့ပါ။ ခူးယူခွင့် ရှိမည် ထင်ခဲ့သော အဝါရောင် နှင်းဆီတစ်ပွင့်က အခုတော့ သူနှင့် အဝေးမှာ ခူးဆွတ်ခွင့် မရှိတော့ပါ။ သူငယ်ချင်းချင်း ပတ်သက် ချစ်ခင်ခြင်းကို ကိုယ်စားပြုသော အဝါရောင် နှင်းဆီ အနေနှင့် သူကတော့ အဝေးက နှင်းဆီကို ငေးကြည့်နေရတော့မှာပင်။

သိင်္ဂါကျော်
29.12.2013.

07 November, 2013

ငြီးငွေ့ခြင်းထဲ ဆက်လျှောက်ဖို့..


ကိုယ့်ကိုယ်ကို မသိတာမရှိဘူးဆိုတဲ့
လူတတ်ကြီးတွေ ကြားမှာ
ငါက ဗလာလူသားတစ်ယောက်လို နေချင်တယ်။

ကိုယ့်အမြင်မှကိုယ် အမှန်လို့ ထင်ကြတဲ့
ငြင်းခုန်မှုတွေ ကြားမှာ
ငါက စကားမပြောတတ်သူ တစ်ယောက်လို နေချင်တယ်။

ပြဿနာအစတွေ ရှာရှာဖွပြီး
ကိုယ့်အကုသိုလ် ကိုယ် ရှာရတာကို
အကောင်းထင်နေတဲ့ လူတွေကြားမှာ
ငါက နားမကြားသူတစ်ယောက်လို နေချင်တယ်။

ကိုယ့်စိတ်ထဲက နတ်ဆိုးနဲ့ နတ်ကောင်း
အမြဲတမ်း အားပြိုင်မှုတွေထဲ
ကိုယ့်ကိုယ်ကို ပြန်ရှာနေရတာနဲ့တင်
သူတစ်ပါးကို လက်ညှိုးထိုးဖို့ မအားမလပ်ရှိသူရယ်ပါ။

နာရီတွေ သွားတာ မြင်နေနိုင်ဖို့အတွက်
အသက်မွေးမှု တစ်စုံတစ်ရာကို လုပ်နေရသတဲ့။
အချိန်တွေ လေလွင့်သလောက်
အကျိုးရယ်လည်း မရှိခဲ့ပါလား။

လိုအင် ဆိုတာ ဘယ်သောအခါမှ
အဆုံးတိုင် ပြည့်ဝဖို့ ဆိုတာ မရှိသောအရာ။
အလိုမပြည့်မှုတွေက Vampire တွေ သွေးငတ်သလို
တဖြည်းဖြည်း ဆိုးလာကြလိမ့်မယ်။

ငါ့လိုဘတွေ ငါမဖြည့်နိုင်သလို
ဘယ်သူ့အလိုကိုမှလည်း ဖြည့်မပေးနိုင်တဲ့သူ။
အသုံးမကျတဲ့သူ လို့
ပင်လယ်တွေရဲ့ ဟိုမှာဘက်ထိ ရောက်အောင် အော်ပြောလိုက်ပါ။

တိတ်ဆိတ်တဲ့ မြက်ခင်းထဲ
ငါ့ကို ခဏလောက် လွှင့်ပစ်ခဲ့ကြပါ။
ပေါင်းပင်တွေ ကြားထဲက သစ္စာပန်းတစ်ပင်
ရေလောင်းပေါင်းသင်သူ မရှိပဲ လှလှပပ ရှင်သန်တာကို ကြည့်ရင်း
စိတ်ခွန်အား ဖြည့်ဖို့ လိုလိမ့်မယ် ထင်တယ်ကွယ်။

သိင်္ဂါကျော်