ခုနေခါမှာ
ငါ့ကိုမေးလာကြည့်
ဘဝမှာ
ရည်မှန်းချက်ကဘာလဲလို့..
ငါမပြောတတ်တော့ဘူး...
ဘဝကပေးလာတဲ့
လမ်းကြောင်းထဲမှာပဲ
အလိုက်သင့်မျောပါနေလို့ပေါ့။
အသက်က ၃၀
ငွေများများ ရှာနိုင်တဲ့အလုပ်လည်း
တစ်ခါမှမလုပ်ဖူးလို့
သဌေးဖြစ်ဖို့လည်း
ရည်မှန်းလို့မရဘူး။
အောင်မြင်ကျော်ကြားမှုဆိုတာကလည်း
ငါနဲ့မသက်ဆိုင်တဲ့အရာတစ်ခုဖြစ်နေဆဲပဲ၊
ဒါပေမယ့် ငါလည်း
ဆန်ကုန်မြေလေး တစ်ယောက်တော့
မဟုတ်ခဲ့ပါလေ..
တာဝန်တွေရှိတယ်
ဝတ္တရားတွေ ရှိတယ်၊
ပုံစံခွက်ထဲအမြဲမနေချင်ပေမယ့်
လူတစ်ယောက်မှာရှိသင့်တယ်ဆိုတဲ့
အသက်မွေးမှုတစ်ခုတော့လုပ်နေလေရဲ့...။
ကိုယ့်အိပ်မက်မဟုတ်ခဲ့တော့လည်း
ထိပ်ဆုံးရောက်အောင်လည်း မကြိုးစားနိုင်၊
နောက်ဆုံးမှာလည်း ထိုင်မနေချင်တဲ့သူမို့
ဆန္ဒနဲ့ဘဝကြား
ဒုက္ခတွေများနေဆဲပဲ...။
အိပ်မက်တွေလည်း နှစ်မြှုပ်ထားရဆဲပဲ...။
အိပ်မက်ကိုအကောင်အထည်ဖော်ဖို့
အခွင့်အလမ်းအဆင်သင့် မရှိတဲ့သူမို့
အနည်ကျဘဝကိုလည်း
စွန့်ခွာဖို့သတ္တိနည်း...
ဒီလိုနဲ့ပဲ...
ဘဝရေစီးထဲ
အလိုက်သင့်မျောပါရင်း
အသက်တွေလည်း
တစ်နှစ်ပြီးတစ်နှစ် ကြီးလာပေါ့...။
(သိင်္ဂါကျော်)
24 May, 2009
လူကြောက်
19 March, 2009
ရွှေစက်တော်ခရီး
ကိုယ်တို့ မြို့နဲ့ ရွှေစက်တော်နဲ့ သိပ်အဝေးကြီး မဟုတ်ပေမယ့်လို့ တစ်ခါမှ မရောက်ဖြစ်ခဲ့ဘူး။ ကိုယ်ကလည်း အိမ်မှာ နေတဲ့ အချိန် သိပ်မရှိပဲ အဝေးမှာပဲ အမြဲနေနေတော့ မိသားစုနဲ့ အတူတူ ဘယ်ခရီးမှ သိပ်မသွားဖြစ်ခဲ့ဘူး။ ဒီတစ်ကြိမ်တော့ သွားဖြစ်အောင် သွားမယ်ဆိုပြီး ကျောင်းပိတ်ရက် သုံးရက်မှာ အိမ်ပြန်ခဲ့ပါတယ်။ ပြန်ဖြစ် မပြန်ဖြစ် မသေချာဖြစ်နေပြီး ပြန်မယ့် နေ့မှပဲ အိမ်ကို ဖုန်းဆက်လိုက်ရပါတယ်။ (မသွားခင် ကင်မရာတစ်လုံးတော့ ပြေးဝယ်ခဲ့ရသေးတယ်)
အိမ်ကလည်း ဘာမှ မစီစဉ်နိုင်ပဲ လိုင်းကားလက်မှတ်ပဲ ဝယ်ထားနိုင်ပါတယ်။ အိမ်ရောက်ပြီး နောက်နေ့ မနက်စောစောမှာပဲ ရွှေစက်တော်ကို ထွက်ခဲ့ကြပါတယ်။
လမ်းမှာ ဖုန်ကလည်း အရမ်းထူ၊ ကားကြီးကလည်း တအိအိနဲ့ မကွေးကို ညနေ ၄ နာရီ ကျော်မှ ရောက်သွားပါတယ်။ ရွှေစက်တော် လိုင်းကား လွတ်သွားလို့ လေးဘီးတစ်စီး ငှားပြီး သွားကြရပါတယ်။ တစ်ချို့နေရာမှာ နှာခေါင်းစည်း နဲ့တောင် သွားရပါတယ်။ ညဘက်မှာ အောက်စက်တော်ရာ ကို ဖူးခဲ့ပါတယ်။
ကိုယ်တို့ သွားတဲ့ အချိန်က သုံးရက်ဆက်ပိတ်တဲ့ ရက်မို့ လူအရမ်း များနေပါတယ်။ မန်းချောင်းထဲက ရေကလည်း နောက်ကျိ ပြီး ရေမှော်တွေနဲ့မို့ သိပ်ပျော်စရာ မကောင်းတော့ပါဘူး။
မနက်ဘက် အထက်စက်တော်ရာတက်ပြီး ဖူးရတာကတော့ ကြည်နူးစရာပါ။
အောက်ဘက်ရှုခင်းကတော့ အတော်ကို လှပါတယ်။
အနှစ် ၅၀ က ဗောဓိညောင်ပင်မှာလည်း ညောင်ထောက်ခဲ့ပါသေးတယ်။
နောက်တစ်နေ့ ၁၀ နာရီလောက်မှာ ပြန်ထွက်ခဲ့ပြီး အလာတုန်းက ကားနဲ့ပဲ ကျောင်းတော်ရာ ကို သွားခဲ့ပါတယ်။ ဖုန်တွေလူးပြီး လူရုပ်မပေါ်တော့လောက်အောင် ပေတူးပြီး ကျောင်းတော်ရာကို ရောက်သွားကြပါတယ်။ အဲဒီက ဆက်ပြီး မင်းဘူးစက္ကန်းတဲ၊ နဂါးပွက်တောင်တော် တို့ကို သွားပြီး မကွေးကို ပြန်အရောက်မှာတော့ ကားလက်မှတ် ကြိုမမှာမိတဲ့ အတွက် ကားမရတော့ပဲ မကွေး အဝေးပြေးဂိတ်မှာ တစ်ည အိပ်ခဲ့ရပါသေးတယ်။
အဲဒီက ဆက်ပြီး မင်းဘူးစက္ကန်းတဲ၊ နဂါးပွက်တောင်တော် တို့ကို သွားပြီး မကွေးကို ပြန်အရောက်မှာတော့ ကားလက်မှတ် ကြိုမမှာမိတဲ့ အတွက် ကားမရတော့ပဲ မကွေး အဝေးပြေးဂိတ်မှာ တစ်ည အိပ်ခဲ့ရပါသေးတယ်။
ဘာမှ ထူးထူးထွေထွေ မဟုတ်ပေမယ့် ကိုယ်သွားခဲ့တဲ့ ခရီးလေးတွေကို အမှတ်တရ ဖြစ်စေချင်လို့ တင်လိုက်တာပါ။ သည်းခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပဲနော်...။
(သိင်္ဂါကျော်)
12 March, 2009
တတိယအကြိမ်မြောက် ဇလွန်ဘုရားဖူး
ဇလွန်ကို ပထမဆုံး Graduate ဒုတိယနှစ်တုန်းက သွားခဲ့တာပါ။ သူငယ်ချင်းသုံးယောက် သွားခဲ့ကြတာ။ ဘုရားဖူးကားကတော့ သန်းဌေးနဲ့ရောင်းရင်းများ လား၊ စိန်ဝင်းနဲ့ရောင်းရင်းများလား မမှတ်မိတော့ဘူး။ အဲဒီတုန်းက ဗိုလ်မြတ်ထွန်းတံတားကြီး မဆောက်ရသေးလို့တစ်ဖက်ကမ်းကို ဇက်နဲ့ ကူးခဲ့ရပါတယ်။ မနက်လည်း အစောကြီး သွားရပါတယ်။
နောက်တစ်ခေါက်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သူငယ်ချင်းတစ်ချို့က မရောက်ဖူးသေးဖူး ဆိုတာနဲ့ ဇလွန်လိုင်းကားနဲ့သွားခဲ့ကြတာပါ။ အဲဒီတုန်းက ရာသီဥတုက နွေခေါင်ခေါင် မဟုတ်လို့ ဖုန်တွေတော့ သိပ်မလူးခဲ့ပါဘူး။
ဒီတစ်ခေါက်တော့ အိမ်က မိသားစုနဲ့ အတူသွားတာပါ။ သူတို့က တစ်ခါမှ မရောက်ဖူးသေးလို့ ရန်ကုန်ရောက်တုန်း သွားဖို့စီစဉ်လိုက်တာပါ။ ၂၁.၂.၂၀၀၉ ။ ရွှေအိုးစည် ဘုရားဖူးကားကို လမ်းထိပ်မှာ ထွက်စီးပြီးသွားကြတာပါ။ ဒီခရီးမှာတော့ ဓာတ်ပုံ တစ်ပုံမှ မရိုက်ခဲ့နိုင်ပါဘူး။ ကိုယ့် ကင်မရာ ပျောက်သွားလို့ပါ။ (ဘွဲ့ယူတဲ့နေ့မှာ ပျောက်သွားတာပါ၊ ဘွဲ့ယူအပြီး ဆရာမတွေနဲ့ ဓါတ်ပုံရိုက်ဖို့လုပ်ကြတော့ သိဂီရွှေရည်က ဓါတ်ပုံဆရာတွေက ခြေရှုပ်နေလို့ သူတို့နဲ့ပဲ ရိုက်လိုက်ရတယ်။ ဓါတ်ပုံဖိုးတွေလည်း ပိုတောင်းသွားကြတယ်။ ကိုယ့် ကင်မရာကို လက်ထဲမှာ ကိုင်ထားရာက ပြန်အထွက်မှာ ခဏချမိခဲ့တာ... ပြန်သွားရှာတော့ မတွေ့တော့ပါဘူး။ မနက်က ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ ပါသွားလို့ အရမ်းနှမြောတာ...။)
ဓနုဖြူ ကျိုက်ကလွန်ဗွန်း ဘုရားက မြွေကြီး ၂၆ ကောင်ကို လည်း ဓါတ်ပုံ မရိုက်ခဲ့ရပါဘူး။ အဲဒီ မြွေကြီးတွေက ဘုရားဂေါပက လူကြီးတစ်ယောက်ကို အိပ်မက်ပေးပြီး လာခဲ့တာပါတဲ့။ ၃၃ ကောင် ပြည့်အောင်လာမယ်လို့ ပြောခဲ့ပြီး တစ်ကောင်စ နှစ်ကောင်စ တစ်ဖြည်းဖြည်း လာခဲ့တာ ၂၇ ကောင် တိတိ ရောက်လာခဲ့ပါတယ်တဲ့။ ၃၃ ကောင် တော့ မပြည့်ခဲ့ပါဘူး။ ၂၇ ကောင်မှာ တစ်ကောင်က သေသွားခဲ့ပါတယ် တဲ့။
ပြည်တော်ပြန် ရုပ်ရှင်တော်မြတ်ကြီးကိုတော့ ဘယ်နှစ်ကြိမ်ပဲဖူးဖူး အရမ်းကို ကြည်နူးရပါတယ်။
လမ်းတစ်လျှောက် မှာတော့ ဖုန်တွေကတော့ ထပ်ထပ်ကြမ်း နေတာပါပဲ။ အရင်တစ်ခါလို လိုင်းကားနဲ့ဆိုရင်တော့ မလွယ်ပါဘူး။ အခု မှန်လုံကားနဲ့မို့လို့ပဲ တော်ပါတော့တယ်။
ကင်မရာ ပြန်ဝယ်ပြီးရင် တစ်ခေါက်ထပ်လာဦးမယ်လို့ ဆုတောင်းခဲ့ပါတယ်။