24 May, 2009

လူကြောက်

ခုနေခါမှာ
ငါ့ကိုမေးလာကြည့်
ဘဝမှာ
ရည်မှန်းချက်ကဘာလဲလို့..
ငါမပြောတတ်တော့ဘူး...
ဘဝကပေးလာတဲ့
လမ်းကြောင်းထဲမှာပဲ
အလိုက်သင့်မျောပါနေလို့ပေါ့။

အသက်က ၃၀
ငွေများများ ရှာနိုင်တဲ့အလုပ်လည်း
တစ်ခါမှမလုပ်ဖူးလို့
သဌေးဖြစ်ဖို့လည်း
ရည်မှန်းလို့မရဘူး။

အောင်မြင်ကျော်ကြားမှုဆိုတာကလည်း
ငါနဲ့မသက်ဆိုင်တဲ့အရာတစ်ခုဖြစ်နေဆဲပဲ၊
ဒါပေမယ့် ငါလည်း
ဆန်ကုန်မြေလေး တစ်ယောက်တော့
မဟုတ်ခဲ့ပါလေ..
တာဝန်တွေရှိတယ်
ဝတ္တရားတွေ ရှိတယ်၊
ပုံစံခွက်ထဲအမြဲမနေချင်ပေမယ့်
လူတစ်ယောက်မှာရှိသင့်တယ်ဆိုတဲ့
အသက်မွေးမှုတစ်ခုတော့လုပ်နေလေရဲ့...။

ကိုယ့်အိပ်မက်မဟုတ်ခဲ့တော့လည်း
ထိပ်ဆုံးရောက်အောင်လည်း မကြိုးစားနိုင်၊
နောက်ဆုံးမှာလည်း ထိုင်မနေချင်တဲ့သူမို့
ဆန္ဒနဲ့ဘဝကြား
ဒုက္ခတွေများနေဆဲပဲ...။
အိပ်မက်တွေလည်း နှစ်မြှုပ်ထားရဆဲပဲ...။

အိပ်မက်ကိုအကောင်အထည်ဖော်ဖို့
အခွင့်အလမ်းအဆင်သင့် မရှိတဲ့သူမို့
အနည်ကျဘဝကိုလည်း
စွန့်ခွာဖို့သတ္တိနည်း...
ဒီလိုနဲ့ပဲ...
ဘဝရေစီးထဲ
အလိုက်သင့်မျောပါရင်း
အသက်တွေလည်း
တစ်နှစ်ပြီးတစ်နှစ် ကြီးလာပေါ့...။

(သိင်္ဂါကျော်)

1 comments:

purplemay said...

ဟုတ်တယ်အစ်မ ....အိပ်မက်မဟုတ်လို့ ထိပ်ဆုံးရောက်အောင် မကြိုးစားနိင်တာ ကိုယ်ချင်းစာတယ်...။