20 July, 2010

အချစ်ကဘယ်မှာ



မတွေ့ဆုံလိုဘူးလို့ ဆန္ဒမပြုခဲ့ဖူးဘူး
ကြောက်တယ်လို့လည်း မဆိုခဲ့ဖူးဘူး
မယုံကြည်ဖူးလို့လည်း
အသံကောင်း မဟစ်ခဲ့ဖူးပါဘူး။
ဒါပေမယ့်လည်း
အဲဒီအချစ်နဲ့
မတော်တဆ လမ်းမှားပြီးတောင် မထိတွေ့ဖူးတာ
ငါ့ဘဝရဲ့ ကျိန်စာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။

သစ္စာဖောက်မှုတွေနဲ့ မကြုံခဲ့ဖူးတာ
ချန်ရစ်ထားခံရမှုတွေနဲ့ ကျန်မနေခဲ့ဖူးတာ
ကံကောင်းသူရယ်လို့
ယူဆချင်ယူဆနိုင်ပါတယ်။

တစ်ယောက်တည်းဘဝကို ပျော်တတ်သူထဲမှာ
ငါလည်း မပါခဲ့ဘူး။
တကယ်ပါ ငါကတော့
တစ်စုံတစ်ယောက်ကို အားကိုးချင်ခဲ့သူပါ၊
ဘဝကို တစ်ယောက်တည်း ရင်ဆိုင်ရမှာလည်း
ကြောက်တတ်သူလေ။

လက်တွဲဖော်မပါပဲ လမ်းလျှောက်ရမှာလည်း
အားငယ်ချင်သူပေါ့။
အသက်တွေ တစ်နှစ်တစ်နှစ် ကြီးလာ
ဖူးစာရေးနတ်က မျက်စိရှန်းနေလည်း
ငါ့နှလုံးသားကတော့ ပန်းနုရောင်သမ်းနေတုန်းပဲ။
အိပ်မက်ထဲက မင်းသားကို မျှော်နေတာ မဟုတ်ဘူး၊
တွေ့ရာကြုံရာလည်း လက်လှမ်းတတ်သူ မဟုတ်ဘူး၊
လက်တွေ့ဂရုစိုက်မှု တစ်ခုကိုပဲ လိုချင်ခဲ့သူပါ။

ဘယ်ဆီမှာ အိပ်ပျော်နေမှန်းမသိတဲ့
ငါ့ရဲ့ လိုက်ဖက်တဲ့ တစ်ခြမ်းကို
တစ်ချိန်ချိန် တစ်နေရာရာမှာတော့ တွေ့လိမ့်မယ်၊
ရူးနှမ်းတဲ့ စိတ်တစ်ခုနဲ့
မျှော်လင့်နေသူပေါ့။

သိင်္ဂါကျော်

သူမ ဆိုတဲ့ ကဗျာ တင်တုန်းက သူငယ်ချင်း တစ်ယောက်က သူ့စိတ်က အဲလိုမဟုတ်ဘူး၊ သူ့အတွက်လည်း ကဗျာတစ်ပုဒ်လောက် ရေးပါဦးလို့ ပြောဖူးလို့ တစ်ယောက်ထဲလည်း မနေရဲ၊ သရဲလည်းကြောက်တတ်တဲ့ သူငယ်ချင်းမလေး ကိုယ်စား ရေးထားတာပါ။ :D

17 July, 2010

ခရမ်းရင့်နှလုံးသား

မယုံကြည်တတ်ဘူးလို့ပြောတိုင်းလည်း
ခဲမှန်ဖူးတဲ့ စာသူငယ်လို့ မထင်စေချင်ဘူး။
ငါက လေ့လာသူ သက်သက်ပါ၊
Interview လုပ်ဖို့
ဝေးဝေးလံလံတောင် သွားရှာစရာ မလိုဘူး၊
အသည်းကွဲဖူးသူတွေ
လမ်းသွားရင်းတောင် ခလုတ်တိုက်မိလောက်တယ်။

အစစ်အမှန်အချစ်နဲ့ သစ္စာဘာသာစကားကို
လေ့လာချင်ပေမယ့်လည်း
ငါမသိနိုင်လောက်အောင်
ဝေးလို့နေဆဲပါပဲ...။

လောကကြီးကိုက အရောင်တွေစုံနေမှတော့
နှလုံးသားတစ်ခုတည်း တစ်သမတ်တည်းရှိကြေးဆို
မတရားရာများ ကျနေလေမလား...။
ငါကလည်း
အကောင်းမြင်ဝါဒကို အားပေးသူလေ။

ဧည့်သည်လာချင်လာပါ...
မတွေ့ဆုံလိုလို့ တံခါးပိတ်ထားတာလည်း မဟုတ်ဘူး၊
Welcome လုပ်ပြီး ဖွင့်ထားချင်တဲ့သူလည်း မဟုတ်ဘူး၊
ပုံမှန်ပါပဲ...
စေ့ရုံစေ့ထားတာပါ။
တံခါးလာခေါက်ရင်တော့
အလာပ သလာပ ပြောဖို့ အဆင်သင့်ရှိပါရဲ့။
နှလုံးသွေးတွေ ပူနွေး ဆူပွက်လောက်အောင် ဖြစ်ဖို့တော့
ခဲယဉ်းကောင်း ခဲယဉ်းလိမ့်မယ်။
ငါ့နှလုံးသားကိုက
ခရမ်းရင့်ရောင်သမ်းနေပြီးသားမို့ပဲ။

အဲဒါကြောင့်ပဲလားမသိ
ဆဌမအာရုံရှိသူတွေကလည်း
တံခါးလာမခေါက်ကြလေဘူး။

သိင်္ဂါကျော်

14 July, 2010

ငါဟာပန်းတစ်ပွင့်ပါ


ငါဟာ ပန်းတစ်ပွင့်လိုပဲ
ဘယ်အချိန် သေမလဲ မသေချာ၊
ဘယ်အချိန် ပြန်လည်ရှင်သန်လာမလဲ မသေချာ၊
ဘယ်အချိန်များ နာကျင်မှုနဲ့ ငိုကြွေးမှုတွေကြောင့်
ပြိုလဲပျက်စီးရလေမလဲ...။

သည်းမခံနိုင်လောက်တဲ့ နာကျင်မှုတွေ ကြုံရတဲ့အခါ
ငါ့ကိုယ်ငါ ထူထောင်နိုင်မလား မသေချာ၊
ငါ့ရဲ့ပွင့်ချပ်တွေ ကြွေသွားတဲ့အခါ ဘာလုပ်ရမလဲ၊
မိုးထဲမှာ ပြန်ရှာဖွေလို့ ရနိုင်ပါ့မလား။

တစ်နေ့တာလုံးမှာ ရေလုံလုံလောက်လောက် မရခဲ့ရင်
ငါဘာလုပ်ရမလဲ...၊
ကောင်းကင်ကို မော့ကြည့်တဲ့အချိန်မှာ 
ငါ ဘာလုပ်ရမလဲ၊
နေမင်းက အလင်းတန်းတွေ မလွှတ်ခဲ့ရင်လေ...။

ပန်းတစ်ပွင့်လို ငါရပ်တည်ပါတယ်
ဖြစ်နိုင်သလောက် ခပ်ကြာကြာပေါ့၊
ငါ့အရောင်အဆင်းကို ပြသရင်း ငါရပ်တည်..
ဒါ ငါ့ရဲ့ ရည်ရွယ်ရာပဲ။

ငါဟာ သီးကင်းတစ်ခုလည်း ဖြစ်နိုင်တယ်
ငါ့ပွင့်ချပ်တွေ ကြွေချင် ကြွေနိုင်ပေမယ့်
ငါ့ရဲ့ရှင်သန်ကြီးထွားမှုကိုတော့ မတားဆီးနိုင်။
ငါ့အချစ်၊ ရိုးသားမှု နဲ့ အလှအပတွေကို
ပြသနေဆဲပေါ့။

ငါဟာ ပန်းတစ်ပွင့်လိုပဲ
သန်မာတယ်၊ အဆုံးစွန် သတ္တိပြောင်မြောက်တယ်၊
ငါ့ကို နင်းခြေတာလည်း ခံရနိုင်တာပဲ..
ဒါပေမယ့် ငါ့အိပ်မက်တွေထဲက ယုံကြည်မှုကတော့
ဘယ်တော့မှ ဆုံးရှုံးမှာ မဟုတ်လေဘူး။

သိင်္ဂါကျော်
14.7.10
3:05 PM

The Flower in Me ကို ပြန်ဆိုပြီး ပုံကို google က ရှာယူထားပါတယ်။