18 April, 2012

လမ်းလျှောက်တဲ့ ပန်းတစ်ပွင့်


တကယ်ပါ
ဦးနှောက်ထဲမှာ ဗလာဟင်းလင်းနဲ့
ဘာမှ ရေးမထားတဲ့ စာရွက်လွတ်တစ်ရွက်လို..
တိမ်တစ်စ ကြယ်တစ်မှုန်မရှိတဲ့ ကောင်းကင်လို..
အသစ်စက်စက် ဆေးသုတ်ကာစ နံရံဖြူတစ်ချပ်လို..
ဘာဖြစ်သလဲနော်
အမှိုက်သရိုက်တွေ ပြည့်နှက်နေမှာထက်စာရင်
ဘာမှ မရှိတာကိုပဲ အလိုရှိပါတယ်။

တကယ်ပါ
နှလုံးသားထဲလည်း အခန်းလွတ်အပြည့်နဲ့
စိတ်ဝင်စားစရာ မရှိတဲ့
ချောင်ကျကျနေရာက တိုက်ခန်းတွဲတစ်ခုလို
အသုံးမပြုပဲ ဟောင်းသွားတော့မလို..
ဘာဖြစ်သလဲနော်..
စရိုက်ဆိုးတွေ ဝင်လိုက်ထွက်လိုက်ပြုလို့
နာကျင်ကျန်ရမှာထက်စာရင်
အသစ်စက်စက် အခန်းလွတ်အဖြစ်ကိုပဲ
အလိုရှိပါတယ်။

ကိုယ့်မနက်ခင်းတွေ ကိုယ့်ဟာကို နိုးထလာခဲ့တာ
အချိန်တွေ အတော်ကြာပေါ့၊
ဘယ်သူကများ ဂရုစိုက်နေမှာလဲ
နေ့တစ်နေ့ဟာ ဒီလိုနဲ့ပဲ ပြီးဆုံးသွား။

လူမသိ သူမသိ ပွင့်လာပြီး
လူမသိ သူမသိ ကြွေကျသွားမှာချင်း တူရင်တောင်
မြက်ခင်းပေါ်က အလေ့ကျ ပန်းကလေးလို
ဘဝမှာ လှတဲ့ အချိန် ရှိဖူးသလား..
ဆူးတွေ များလွန်းလို့
ဘယ်သူမှ ခူးချင်စိတ် မရှိတဲ့ ပန်းပါ။

ဒါပေမယ့်လည်း
တကယ်ပါ
တစ်ခါတလေတွေထဲက
တစ်ခါတလေတွေထဲမှာပဲ
အထီးကျန်ခြင်းကို ငြီးငွေ့ခဲ့ဖူးတယ်။
တစ်ယောက်တည်း လျှောက်တဲ့လမ်းထဲ
အသားကျတဲ့ ပျော်ရွှင်မှုနဲ့
နာရီများကို မေ့ထားသူပါ။

သိင်္ဂါကျော်

16 April, 2012

နွေဦးရဲ့ ပန်းများနဲ့ နှစ်သစ်ကို ကြို

ပိတောက်ပန်းတွေ မရိုက်နိုင်တဲ့ နေရာမှာ လောလောဆယ်ဆယ် ရောက်နေတဲ့ အတွက် ရောက်ရာ အရပ်က ပန်းတွေကိုပဲ အားရပါးရ ရိုက်ပြီး တင်လိုက်ပါတယ်။
မြန်မာ နှစ်သစ်ကူးကို လှသော မွှေးသော ပန်းများနဲ့ပဲ ကြိုဆိုလိုက်ပါတယ်...။
ဘလော့ဂါ သူငယ်ချင်း မိတ်ဆွေ အပေါင်း.. အလည်လာရောက်သူ အားလုံး နှစ်သစ်မှာ ကောင်းသော လိုအင်ဆန္ဒ အားလုံးနဲ့ ပြည့်စုံပြီး မင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေ...။ လာမယ့် တစ်နှစ်လုံးမှာလည်း အစစအရာရာ အဆင်ပြေ ချောမွေ့ သာယာသော ဘဝရဲ့ နှစ်တစ်နှစ် ဖြစ်ကြပါစေ..။


ဟော်လန်နိုင်ငံရဲ့ နာမည်ကျော် ဥယျာဉ်တစ်ခု ဖြစ်တဲ့ Keukenhof မှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။



 






အောက်ပုံက အဖြူရောင် ပန်းကလေးတွေက Hyacinthus ခေါ်တယ်တဲ့။ အရောင်စုံ ရှိတယ်။ အဲဒီပန်းလေးတွေရဲ့ အနံက အရမ်းမွှေးတယ်။ သင်းသင်းလေး..။
ပန်းခင်းတွေ ကြားထဲ လျှောက်သွားရင် မွှေးတဲ့ ရနံလေး ရနေတယ်။ အရမ်းကြိုက်လို့ အပင်လေးတွေတောင် ဝယ်စိုက်ထားသေးတယ်။







 အဝါရောင် daffodil တွေနဲ့ မွှေးတဲ့ ပန်းကလေးတွေ...။














 ဒီပန်းကလေးတွေကလည်း မွှေးတဲ့ ရနံ ရှိတယ်..။

သိင်္ဂါကျော်

05 April, 2012

အေပရယ်ဦးမှာ ဖူးသည့်ပန်း


တောက်ပတဲ့ နွေဦးရဲ့
တစ်နေ့သော နေရောင်အောက်
အေပရယ် မိုးစက် တစ်စက်နှစ်စက် သောက်သုံးရင်း
ဣနြေ္ဒကြီးတဲ့ ပန်းဖူးကလေး ဖြစ်တည်ခဲ့။

ငုံကာစကပဲ လောကကို အလှဆင်
ချိုသော မွှေးရနံရဲ့
ညွှတ်နူးဆွတ်ပျံ့စေမှုနဲ့
ပျော်ရွှင်မှုတွေကို ပျံ့နှံစေသူ။

သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့
ဆူးဝတ်ရုံ ဝတ်ဆင်ထားတာကလွဲရင်
အဆိပ်တစ်စုံတရာ မရှိတဲ့ ခေါင်းမာမှုနဲ့
လွတ်လပ်ခြင်းကို မြတ်နိုးသူ။

ရိုးစင်းသောဘဝရဲ့ နှစ်လိုမှုထဲ
အသားကျနေလျှက်က
အိပ်မက်တွေကိုလည်း လက်မလွှတ်တတ်သူ။

သူမဟာ
သူ့ကိုယ်သူ အရောင်စွန်းထင်းခွင့်မပြုတဲ့
အဖြူရောင် ပန်းတစ်ပွင့် ဖြစ်ရဲ့။

ဥယျာဉ်ထဲက တော်ဝင်ပန်းကလေးလို
တိတ်ဆိတ်ခြင်းရဲ့ ငြီးငွေ့မှုအသံကို
ချစ်သောသူများနဲ့ အတူ နားထောင်ရင်း
Fairy ကလေးလို အသွင်ပြောင်းပြီး
ဟိုဝေးဝေး ပန်းခင်းတွေထဲ
ခိုးကြောင်ခိုးဝှက် ပျံသန်းပျော်ရွှင်မှုကို တောင့်တ။
တကယ်တမ်းတော့လည်း
Fairy ကလေး ခရီးလွန်သွားခဲ့ရင်
မလင်းတဝက် ညတွေထဲ
လမ်းပျောက်မှာ စိုးကြောက်စိတ်နဲ့
အသွင်ပြောင်းခြင်း သီအိုရီကို မေ့ပစ်ပြီး
ဥယျာဉ်ထဲက ပန်းကလေးအဖြစ်ပဲ
ရှိဆဲ.. မွှေးဆဲ.. လန်းဆဲ..။

(Fairy = နတ်သမီး သေးသေးကလေး)

April မှာမွေးတဲ့ ချစ်သော သူငယ်ချင်းမ နှစ်ယောက် အတွက်...

သိင်္ဂါကျော်