18 April, 2012

လမ်းလျှောက်တဲ့ ပန်းတစ်ပွင့်


တကယ်ပါ
ဦးနှောက်ထဲမှာ ဗလာဟင်းလင်းနဲ့
ဘာမှ ရေးမထားတဲ့ စာရွက်လွတ်တစ်ရွက်လို..
တိမ်တစ်စ ကြယ်တစ်မှုန်မရှိတဲ့ ကောင်းကင်လို..
အသစ်စက်စက် ဆေးသုတ်ကာစ နံရံဖြူတစ်ချပ်လို..
ဘာဖြစ်သလဲနော်
အမှိုက်သရိုက်တွေ ပြည့်နှက်နေမှာထက်စာရင်
ဘာမှ မရှိတာကိုပဲ အလိုရှိပါတယ်။

တကယ်ပါ
နှလုံးသားထဲလည်း အခန်းလွတ်အပြည့်နဲ့
စိတ်ဝင်စားစရာ မရှိတဲ့
ချောင်ကျကျနေရာက တိုက်ခန်းတွဲတစ်ခုလို
အသုံးမပြုပဲ ဟောင်းသွားတော့မလို..
ဘာဖြစ်သလဲနော်..
စရိုက်ဆိုးတွေ ဝင်လိုက်ထွက်လိုက်ပြုလို့
နာကျင်ကျန်ရမှာထက်စာရင်
အသစ်စက်စက် အခန်းလွတ်အဖြစ်ကိုပဲ
အလိုရှိပါတယ်။

ကိုယ့်မနက်ခင်းတွေ ကိုယ့်ဟာကို နိုးထလာခဲ့တာ
အချိန်တွေ အတော်ကြာပေါ့၊
ဘယ်သူကများ ဂရုစိုက်နေမှာလဲ
နေ့တစ်နေ့ဟာ ဒီလိုနဲ့ပဲ ပြီးဆုံးသွား။

လူမသိ သူမသိ ပွင့်လာပြီး
လူမသိ သူမသိ ကြွေကျသွားမှာချင်း တူရင်တောင်
မြက်ခင်းပေါ်က အလေ့ကျ ပန်းကလေးလို
ဘဝမှာ လှတဲ့ အချိန် ရှိဖူးသလား..
ဆူးတွေ များလွန်းလို့
ဘယ်သူမှ ခူးချင်စိတ် မရှိတဲ့ ပန်းပါ။

ဒါပေမယ့်လည်း
တကယ်ပါ
တစ်ခါတလေတွေထဲက
တစ်ခါတလေတွေထဲမှာပဲ
အထီးကျန်ခြင်းကို ငြီးငွေ့ခဲ့ဖူးတယ်။
တစ်ယောက်တည်း လျှောက်တဲ့လမ်းထဲ
အသားကျတဲ့ ပျော်ရွှင်မှုနဲ့
နာရီများကို မေ့ထားသူပါ။

သိင်္ဂါကျော်

6 comments:

မဒမ်ကိုး said...

တစ်ယောက်ထဲ အထီးကျန်တယ်ဆိုပေမယ့် တခါတလေတော့လဲ လွတ်လပ်မှု့နှောင်ဖွဲ့မှု့ကင်းနေတာဘဲ မမရေ :0000

ချစ်တဲ့ ဒိုးကန်

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက ကောင်းလိုက်တာ

စံပယ်ချို said...

အမှိုက်သရိုက်တွေ ပြည့်နှက်နေမှာထက်စာရင်
ဘာမှ မရှိတာကိုပဲ အလိုရှိပါတယ်----


ထပ်တူပါပဲရှင်

Anonymous said...

နာကျင်မှုတွေနဲ့ ဆွေးမြေ့မှုတွေကို ခံစားနေရတာကိုကအသားကျမှုဖြစ်နေပါပြီဗျာ

မောင်ဘကြိုင်

မိုးငွေ့...... said...

အရိုးမဆွေးစေနဲ့ မောင်ဘကြိုင် ပြင်ပြင် အချိန်မီသေးတယ်...။ သင်္ဂါ ကဗျာလေးသိပ်ကောင်းတယ်..အရမ်းရေးတတ်တာပဲ..။

mstint said...

ကဗျာဆန်တဲ့ ကဗျာလေးတစ်ပုဒ် ဖတ်သွားတယ် ကျော်ရေ။
တစ်ခါတစ်လေတော့လည်း အနှောင်အဖွဲ့လေးနဲ့စာရင် လွတ်လပ်မှုဟာ ကိုယ့်အတွက် အေးချမ်းမှုကိုရစေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်