27 April, 2012

အလွမ်းသင့် ရာသီ

မတွေ့တာကြာရင်
Miss you လို့
အလွယ်တကူ ပြောနေကျ ဖြစ်ခဲ့တယ်
ကြုံတုံးကြုံခိုက် လွမ်းလိုက်တဲ့ သဘောပေါ့။
မင်းနဲ့တွေ့မှသာ
အလွမ်းရဲ့ အရသာကို မြည်းစမ်းဖူးသူပါ။

မင်းရဲ့ Message တစ်ကြောင်းလောက်မှ
မရောက်တဲ့ နေ့တွေမှာ
ညနေခင်း ကော်ဖီတစ်ခွက်က
ငါ့အတွက် အခါးသီးဆုံးဖြစ်ခဲ့။

ငါ့နေ့တွေ အဓိပ္ပါယ်မဲ့တာ
ရက်ရက်စက်စက် ကြာနေခဲ့ပြီ
တစ်ခုခု လစ်ဟာနေတာ
မေ့ထားရင်းနဲ့ပဲ သိသာလာပေါ့
ဘာတစ်ခုမှ
အဆင်ပြေပြေ စိတ်ဝင်စားနေအောင်
လုပ်မရခဲ့ဘူး ဘေဘီ..
နင့်အငွေ့အသက်မရှိပဲ မနေတတ်တဲ့
ငါ့ရောဂါပဲ ဆိုပါတော့။

တိမ်ပြာတဲ့ နေ့တွေမှာလည်း
ငါမနေပျော်ဘူး
နွေဦးပန်းတွေလည်း
ငါ့ကို မလန်းဆန်းစေနိုင်ဘူး
မင်းမရှိရင်
ငါ့စိတ်ထဲ တိမ်တွေ အမြဲအုံ့မှိုင်းနေခဲ့တယ်။

မင်း မလွမ်းဘူးလို့
မဆိုလိုပါဘူး ဘေဘီ
ငါ့အလွမ်းတွေ ထုထည်ကြီးမားကြောင်းသာ
သက်သေထူလိုတာပါ။

နေ့တိုင်း ဆက်သွယ်ပါလို့
ပြောနိုင်လောက်တဲ့ ပတ်သက်မှုမဟုတ်တာကို
ငါနားလည်ရဲ့နဲ့ပဲ
ရူးနှမ်းစွာ လွမ်းတဲ့ အလွမ်းတွေ
အရောင်ရင့်လာခဲ့ပေါ့
နွေဦးတောင် ကုန်လုပြီ ဘေဘီ။

သိင်္ဂါကျော်

9 comments:

မိုးသူ(တောင်ကြီး) said...

တိမ်ပြာတဲ့ နေ့ တွေမှာလဲ
ငါမနေပျော်ဘူး
နွေဦးပန်းတွေလည်း
ငါ့ကို မလန်းဆန်းစေနိုင်ဘူး
မင်းမရှိရင်
ငါ့စိတ်ထဲ တိမ်တွေ အမြဲအုံ့ မှိုင်းနေခဲ့တယ်

ကဗျာလေးက အရမ်းချစ်ဖို့ ကောင်းပါတယ်
လာရောက်လည်ပတ်သွားပါတယ်

ခင်တဲ့ 
မိုးသူ(တောင်ကြီး)

ခရစ္စတလ် said...

အလွမ်းရင့်ရင့် အလှမ်းသင့်ခဲ့ လွမ်းသူ့ရင်မှာ ...

လွင်ပြင်လှိုင်းငယ် said...

ဘေဘီအတွက် အလွမ်းကဗျာတွေပေါ့
ကဗျာလေးကအရမ်းကောင်းတယ်

ဖြိုးဇာနည် said...

အတော်လေးတိုက်ဆိုင်နေတယ် ဒါကြောင့်
အတော်လေးကြိုက်သွားတယ်
ပြီးတော့ ခဏခဏဖတ်မိပြန်တယ်
ပြီးတော့အရမ်းကြိုက်သွားတယ်

မောင်သီဟ said...

နွေပူပူမှာ ကျွန်တော်လည်းလွမ်းနာကျနေရဲ့ဗျာ

ကဗျာလေးဖတ်ပြီး ဆင့်ကဲလွမ်းမိပါရဲ့း)

mstint said...

အလွမ်းတွေဝေနေတဲ့ ကဗျာလေးတစ်ပုဒ် အားပေးခဲ့ပြီ။
i miss you ဆိုတဲ့စာသားလေးကိုမြင်တော့ မဆီမဆိုင်
ညီမအငယ်ဆုံးလေးဆီ စိတ်ရောက်သွားခဲ့တယ်ကျော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အလွမ်းဆိုတာ ဘယ်တော့မှ ကွယ်ပျောက်တတ်တဲ့ အရာမဟုတ်ဘူးနော်...


ခင်တဲ့
ဝသုန်

ရင်ဆူး said...

မင်းမလွမ်းဘူးလို့
မဆိုလိုပါဘူး ဘေဘီ
ငါ့အလွမ်းတွေ ထုထည်ကြီးမားကြောင်းသာ
သက်သေထူလိုတာပါ။

အဲ့အပိုဒ်လေးကြိုက်တယ်မကြီးရေ...အလွမ်းဆိုတာ ချစ်တဲ့သူတိုင်းခံစားရတဲ့ ခံစားမှု့လားတောင်မသိပါဘူးဗျာ.......

San San Htun said...

ကဗျာလေးဖတ်ရင်း လွမ်းသွားပါတယ်..