23 April, 2012

လေနုအေး က မွှေးမြဆဲ








စ်ယောက်တည်းပြန်ဖြစ်သွားသော ဘဝမှာ အေး အသားမကျနိုင်သေး မောင်က အလွယ်တကူ အသစ် တစ်ယောက်ပြောင်းလိုက်နိုင်သော်လည်း အေးကတော့ ဒီလောက်မြန်မြန် မောင့်ကို မေ့နိုင်ဖို့ လွယ်ပါ့မလား။ မောင်ကတော့ ဒီအဖြစ်ကို အေး အပြစ်ရယ်လို့  ပြောနိုင်သော်လည်း အေးဘက်က ခုထိ နောင်တတော့ မရမိပါချေ။ အေးက မောင့်ကို တကယ်မချစ် ဆိုသော မောင့် စွပ်စွဲချက်ကို မဟုတ်ကြောင်း သက်သေပြဖို့ အတွက်နှင့်တော့ မောင့် တောင်းဆိုချက်ကို မလိုက်လျောနိုင်တာ အားနာပါသည်။ အေး ခံယူချက်ကြောင့် တစ်ချိန်က သူ့ကို ငြင်းခဲ့သလိုပင် မောင့်ကိုလည်း ငြင်းခဲ့ရပြန်ပါပြီ။ အကြောင်းတိုက်ဆိုင်တိုင်း သူ့ကို သတိရနေဆဲ ဖြစ်သလို မောင့်ကိုရော ဘယ်အချိန်ထိ သတိရမိနေမလဲ အေးက အစွဲအလမ်း ကြီးသူ တစ်ယောက် ဖြစ်သည်။ အေး ကိုယ် အေး နာကျင်အောင် အေးကိုယ်တိုင်ပဲ လုပ်မိသလို ဖြစ်ဖြစ်နေသည်။ ဒါပေမယ့်လည်း အေးသည် ခေါင်းမာသူ တစ်ယောက်လည်း ဖြစ်နေသေးသည်။
*****

လေနုအေး ဆိုသော အေးသည် နာမည်နှင့် လိုက်အောင်ပင် နုနုအေးအေး ပျော့နွဲ့နွဲ့ ကလေးဖြစ်သည်။ ဖေဖေတို့ မေမေတို့ က အေးကို တစ်နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ စိတ်မချနိုင်အောင် ဖြစ်ခဲ့ကြသည်။ သို့ပေမယ့်လည်း အေးမှ ပိုက်ဆံမရှာနိုင်လျှင် မိသားစု အတွက် စားဝတ်နေရေးက ဝန်ထုပ်ဝန်ပိုးလို လေးလံလာတော့မည်ဖြစ်သောကြောင့်သာ အဝေးကို လွှတ်လိုက်ရခြင်းဖြစ်သည်။ ဖေဖေက လေဖြတ်သွားခဲ့သည်။ မေမေ့ ကျူရှင်ပြသော လခက စားဝတ်နေရေး လောက်ငရုံ ထက်မပို။
အေး အောက်က မောင်လေး နှင့် ညီမလေး အတွက် ကျောင်းစားရိတ်က တစ်စ တစ်စ ကြီးလာတော့မည်။ အသက်ကြီးလှပြီဖြစ်သော ဘိုးဘိုး နှင့် ဘွားဘွား အတွက်လည်း အစားအသောက် ကောင်းကောင်း လေး ကျွေးပြီး အားဆေး ကောင်းကောင်း တိုက်နိုင်ဖို့ က မေမေ တစ်ယောက်တည်း အလုပ်လုပ်ရုံနှင့်တော့ ဘယ်လိုမှ မလောက်ငနိုင်တော့။ ဒီတော့ အေးလည်း ကျောင်းပြီးသည်နှင့် အများလိုပင် ဒီကျွန်းနိုင်ငံကလေးမှာ လာရောက် အလုပ် လုပ်ကိုင် ရတော့သည်ပေါ့။

အေး စလုပ်သော အလုပ်မှာ သူက အေး၏ စီနီယာ ဖြစ်ခဲ့သည်။ သူက အေးထက် အသက် တစ်နှစ်သာ ကြီးသည်။ လုပ်ငန်းခွင် အတွေ့အကြုံ မရှိသေးသော အေးကို သူက အစစ အရာရာ သင်ပြပေးခဲ့သည်။ စကားနည်းပြီး ပေါင်းသင်းဆက်ဆံရေးလည်း မကောင်းလှသော အေးကို သူက နားလည်ပေးခဲ့သည်။ နောက်ပိုင်းမှာတော့ အေးကလည်း သူ့ ကို ခင်မင် အားကိုး သွားခဲ့သည်။ သူက အေးတို့ အလုပ်ထဲမှာ တစ်ယောက်တည်းသော ဥရောပသားလည်း ဖြစ်သည်။ သို့ပေမယ့် သူက အာရှတိုက်သားတို့၏ ဓလေ့ ထုံးစံများကို လေးစားကာ လေ့လာလိုသူဖြစ်ပြီး အလုပ်ထဲက လူတိုင်းလိုလို နှင့်လည်း ရင်းရင်းနှီးနှီး ဆက်ဆံတတ်သူ ဖြစ်သည်။ အလုပ်ထဲက လူလွတ် တရုတ်မလေးတွေ၊ မလေး မလေး တွေက သူ့ ကို အထူးတလည် စိတ်ဝင်စား နေကြသော်လည်း သူကတော့ ခပ်မှန်မှန်သာ။ အေးကိုတော့ နည်းနည်းများ ပိုသလားလို့  အေးက စတွေ့ ကတည်းက ကိုယ့်ဘက်ကို ယက်ပြီး တွေးမိဖူးသည်။

နောက်ဆုံးတော့လည်း အေးတွေးထားသလိုပင် သူက အေးကို ချစ်ပါသည် ဟု ဆိုလာသည်။ သူ အေးကို အများထက် ပိုခင်မင်တာ စိတ်ဝင်တစား ရှိနေတာ သိပေမယ့်လည်း ဒီလို မြန်မြန်ဆန်ဆန် ပြောလာမယ်တော့ အမှန်ပင် မထင်ခဲ့ပါ။ သူက ပြောလာတော့ အေးမှာ ပေးစရာ အဖြေက အဆင်သင့် ရှိမနေခဲ့ပါ။ ဒီနိုင်ငံမှာ သူငယ်ချင်း အတော်များများ ရှိပေမယ့်လည်း အလုပ်မတူ၊ နေသော နေရာ မတူကြသောကြောင့် မတွေ့ ဖြစ်ကြသော နေ့ရက်များမှာ အလုပ်တူသော သူ တစ်ယောက်တည်းသာ အေးအတွက် အဖော်ကောင်း သူငယ်ချင်းကောင်း ဖြစ်ခဲ့ပါသည်။ အေး သူ့ ကို တွယ်တာမိသည်။ ခင်မင်မိသည်။ သို့ ပေမယ့်လည်း သူ့ ကို ချစ် မချစ်တော့ အေး ကိုယ် အေး တစ်ခါမှ မေးမကြည့်ဖူး။ နိုင်ငံခြားသား တစ်ယောက်ကို ချစ်ဖို့ ဆိုတာကိုလည်း အေးက ဖြစ်လာနိုင်သော အရာ တစ်ခုလို တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။ သူတို့ အကျင့်စရိုက်၊ သူတို့  ချစ်တတ်ပုံကလည်း အေးတို့ နှင့် တူမည် မထင်သလို သူက အေးကို လွယ်လွယ်ကူကူ ရနိုင်မည် ထင်ပြီး ထိုစကားကို ပြောသလား လို့ လည်း အေးက မယုံမကြည် ဖြစ်နေခဲ့ပါသေးသည်။ အဲဒါကြောင့် အေးက သူ့ ကို သူငယ်ချင်း မိတ်ဆွေလိုသာ ခင်တာပါလို့  ချက်ချင်း ဖြေပေးခဲ့ပါသည်။ သို့ပေမယ့် သူက အဲဒီလို ချက်ချင်းပေးသည့် အဖြေကို လက်မခံလိုပါတဲ့။

အေးက သူ့ကို သူငယ်ချင်း ပါပဲ လို့ ပြောနေလျှက်နှင့် သူနှင့် တွဲသွား တွဲလာ လုပ်ဖြစ်သည်။ အလုပ်ထဲမှာ တနေကုန် တွေ့နေရလျှက်ပင် ညတိုင်းလည်း message ပို့ ဖြစ်သည်။ တစ်ခါတလေ ဖုန်းပြောကြသေးသည်။ အေးဘက်က သူငယ်ချင်းပါပဲ ဆိုသည်ကိုပင် သူက အေးက သူ့ကို ချစ်လျှက်နှင့် ဝန်မခံတာ ဟု ထင်နေပြန်သေးသည်။ အေးဘက်က သူ့ကို ငြိတွယ်မှုနှင့် အားနာမှု တို့က သူ့ကို အထင်မှားစေသည် ထင်သည်။ သူနှင့် ခင်မင်တာ ကြာလာသည်နှင့် အမျှ သူ့ဘက်က အေးအပေါ် အလေးအနက်ထားတာ သိမြင်လာသည်။ အေးတို့ နှစ်ယောက်က အလုပ်ထဲမှာတော့ ပုံမှန်ပင် နေကြသဖြင့် အေးတို့ ရင်းနှီးမှု ဘယ်လောက် နက်ရှိုင်းကြောင်း ဘယ်သူမှ သိပ်မသိကြပါ။ သူ့ဘက်ကတော့ အေးဟာ သူ့ချစ်သူပဲလို့ သတ်မှတ်သတဲ့။

နှစ်ယောက်သား အပြင်သွားကြသည့် အခါမျိုးမှာ ကားလမ်းဖြတ်ကူးတဲ့ အခိုက်တန့် တွေ  ပန်းခြံထဲမှာ လမ်းလျှောက်နေစဉ်တွေမှာ သူက အေး လက်ကို လာရောက် တွဲကိုင် လျှင်တော့ အေးက အားနာပါးနာဖြင့် ရုံးမထွက်ဖြစ်ခဲ့။ သူ့လက် နွေးနွေး၏ တွဲခေါ်မှုထဲမှာ အေးက ဘယ်ကိုပဲဖြစ်ဖြစ် လိုက်လိုစိတ်တွေ ဖြစ်လာမိသည်။ အေး တစ်ယောက်တည်း နေသော အခန်းထဲသို့လည်း သူက သုံးလေးခါ လာလည်ဖူးသည်။ အေးက အစကတော့ သူ့ကို လာမလည်စေချင်သော်လည်း သူ့ကို ယုံကြည်မှုနှင့်ပင် ခွင့်ပြုမိသည်။ သူ့နိုင်ငံ၏ ယဉ်ကျေးမှုက ဘယ်လိုပင် ဖြစ်ပါစေ သူက အေးရဲ့ ယုံကြည်မှုကို လေးစားသည်။ အေး မကြိုက်သည်ကို ဘာတစ်ခုမှ မလုပ်ပါမည့် အကြောင်း ကတိပေးသည်။ တစ်ခါတလေတော့လည်း သူက အေး နှုတ်ခမ်းထွေးထွေးလေးကို နမ်းချင်သည့် အကြောင်း အေးမကြိုက်မှန်း သိသိနှင့်ပင် ဇွတ်ပြောသေးသည်။ အေးက ဒါကိုတော့ ဘယ်လိုမှ မလိုက်လျောနိုင်။ အေးက မလိုက်လျောတော့လည်း သူက ဇွတ်အတင်း မလုပ်ရှာပါ။ သူက ပြောသေးသည်။ ယောက်ျားတစ်ယောက်ဟာ မိန်းကလေး တစ်ယောက်ကို ကြိုက်တယ်ဆိုတာ သွေးသား ဆန္ဒ လိုလားတောင့်တရုံ သက်သက်ပါတဲ့။ မိန်းကလေး တစ်ယောက်ကို တကယ် ချစ်မြတ်နိုးခဲ့ရင်တော့ အဲဒီအရာတွေက အရေးမကြီးတော့ပဲ ချစ်နေရုံနဲ့လည်း ကျေနပ်နိုင်ပါသတဲ့။

သူနဲ့ အေးနဲ့ ငြင်းခုန်ကြတာကတော့ မပြီးဆုံးနိုင်အောင်ပါပင်။ အေးက သူနှင့် အေး လူမျိုး ဘာသာ မတူ၍ လက်ထပ်ဖို့ မဖြစ်နိုင် ဆိုသည့် အကြောင်းကို ပြောသည့်အခါ သူက ဘယ်လိုမှ လက်မခံနိုင်။ သူ့နိုင်ငံမှာ အေး အမြဲ လိုက်မနေနိုင်လျှင် သူကလည်း အေး နိုင်ငံမှာ တစ်လှည့် ပြန်လာနေဖို့ စီစဉ်မည် ဆိုသည်အထိ ပြောရှာသည်။ သူ ဘယ်လိုပဲ ပြောပြော အေးကတော့ ခေါင်းခါမြဲ။ အေးတို့ လူမျိုးတွေက လူမျိုးခြားတွေနှင့် လက်ထပ်နေကြမည် ဆိုလျှင် သေးငယ်သော အေးတို့ နိုင်ငံကလေးက လူမျိုးပျောက်သွားနိုင်သည် စသဖြင့် အေးကလည်း ကြီးကြီးကျယ်ကျယ်တွေ သူ့ကို ပြောသည်။ သူကလည်း နှမ်းတစ်လုံးနှင့် ဆီမဖြစ်နိုင် ဆိုသည့် အဓိပ္ပါယ်မျိုးနှင့် ပြန်လှန်ချေပသည်။ အေး ခံယူချက်ကို သူ့အချစ်က ပြောင်းပစ်နိုင်လောက်အောင် အင်အား မရှိသည်လား။ အေးကပဲ အရာရာကို စွန့်လွှတ်နိုင်လောက်အောင် သူ့ကို မချစ်သည်လား။ မပြောတတ်ပါပေ။

အေး မိသားစုက လုံးဝ သဘောတူမည် မဟုတ်သည်ကို သိနေသည်ထက် အေးကိုယ်တိုင်ကိုက မဖြစ်သင့် ဟု ထင်နေခြင်း ဖြစ်သည်။ အစစအရာရာ ပြည့်စုံသည်ဟု ဆိုရမည် ဖြစ်သော သူ့ကို အေးက ငြင်းနေသည်ကို သိသွားသော သူငယ်ချင်း တစ်ယောက်ကတော့ အေးကို ရူးလိုက်တာဟု ထောပနာပြုသည်။ နိုင်ငံခြားသားတစ်ယောက်နှင့် လက်ထပ်သော ကိစ္စဟာ အခုခေတ်မှာ ဘာမှ ထူးဆန်းသော ကိစ္စမဟုတ် ဟု ခံယူကြသူတွေက ခံယူကြမှာ ဖြစ်ပေမယ့် အေး အတွက်ကတော့ ပုံမှန်ကိစ္စတစ်ခု မဟုတ်ပါပေ။ အေး လက်ထပ်မည့် အမျိုးသားဟာ မြန်မာစစ်စစ် တစ်ယောက်ပဲ ဖြစ်စေချင်သည်။ သူပြောသလို နှမ်းတစ်လုံးနှင့် ဆီမဖြစ် ဟု ဆိုနိုင်သော်လည်း အဲဒီလို နှမ်းတွေ များလာလျှင်တော့ ဆီတစ်ပေပါ ဖြစ်သွားနိုင်ပဲ မဟုတ်လား။

သူနှင့် လက်ထပ်လိုက်လျှင် အေးက မွေးလာမည့် ကလေးလေးတွေဟာ နိုင်ငံခြားသား ရုပ်နှင့် ကပြားကလေး တွေဖြစ်နေတော့မည်။ ဘယ်သူတွေက ဘယ်လို မထူးဆန်းဟု ထင်သော်လည်း လူကြီးသူမ မြန်မာအသိုင်းအဝိုင်း အများစုကတော့ လက်ခံသင့်နိုင်ကြမည် မဟုတ်။ ရှေးရိုးစွဲဆန်ကြသော အေး အဘိုးအဘွား တွေသာ သိလျှင် ချက်ချင်းတောင် အသက်ထွက်သွားနိုင်သည်။ ဖေဖေနှင့် မေမေလည်း ရင်ထုမနာ ဖြစ်နေကြမည်။ အေး မိသားစုက သဘောမတူပဲနှင့်ရော သူနှင့် တစ်ခြားနိုင်ငံမှာ တစ်သက်လုံး အေး နေသွားနိုင်မှာတဲ့လား။ မဖြစ်နိုင်ပါ။ အေးက စားဝတ်နေရေးအတွက် တစ်ခြားနိုင်ငံမှာ လာ အလုပ်လုပ်နေရပေမင့် တစ်ချိန်ကျလျှင်တော့ မြန်မာနိုင်ငံကို ပြန်ကို ပြန်မည့်သူ ဖြစ်သည်။ နိုင်ငံရပ်ခြားမှာ အေးက မြန်မာ တစ်ယောက်ဖြစ်သည်ကို ပြောရမှာလည်း ဘယ်တော့မှ မရှက်တတ်ခဲ့။ ဂုဏ်ယူစွာ ပြောခဲ့မြဲ ဖြစ်သည်။ တစ်ခြားနိုင်ငံတွေထက် စာလျှင် ဘယ်လောက်ပဲ နိမ့်ကျသည် ဆိုပေမယ့် အေးကတော့ ကိုယ့်နိုင်ငံမှာပဲ ကိုယ်နေချင်သူ ဖြစ်သည်။

သူကရော အခု အေးကို ချစ်စိတ်တက်နေတုန်းမို့သာ အေးနိုင်ငံမှာ လာနေပါမည် ဆိုပေမယ့် သူ့နိုင်ငံထက် အဆများစွာ နိမ့်ကျနေသည့် အေး နိုင်ငံမှာ ဘယ်လောက် ကြာကြာ လာနေနိုင်မည် တဲ့လဲ။ သူက လာနေသည် ဆိုဦး အေး ပတ်ဝန်းကျင်က အေးကို ဘယ်လို ကြည့်ကြမှာလဲ။ မြန်မာစိတ် ရှိသော မြန်မာတိုင်းက အေးဟာ အမျိုးကို မစောင့်ထိန်းသူ တစ်ယောက် အဖြစ် စကားတင်း ဆိုကြမှာ မလွဲ။ ဒါတွေကို ခံနိုင်ရည် ရှိလောက်အောင် သူ့အချစ်က အေးကို တွန်းအားမပေးနိုင်။ ဘယ်လိုပဲ ဖြစ်ဖြစ် အေး သူ့ကို မချစ်သည့်အကြောင်းကိုပဲ သူ လက်ခံနိုင်လာအောင် ပြောခဲ့ရသည်။

အဲလိုနဲ့ပဲ အချိန်တွေက ကုန်လာကာ သူ့အလုပ်စာချုပ်ပြီး၍ သူ့နိုင်ငံသို့ အပြီးပြန်တော့မည့် အချိန်သို့ ရောက်လာခဲ့သည်။ သူကတော့ အေးနှင့် လက်ထပ်ပြီး အတူသွားကြရန် နောက်ဆုံး အချိန်အထိ ပြောတုန်း။ အေးက အေးမိသားစုကို ခွင့်တောင်းချင်သည် ဆိုလျှင် သူပါ မြန်မာနိုင်ငံ လိုက်လာပြီး ခွင့်တောင်းပါမည်ဟုလည်း ဆိုသေးသည်။ ပြီးလျှင်တော့ အေးက သူ့နိုင်ငံဆီကို အပြီး လိုက်ခဲ့ရတော့မည်ပေါ့။ ပတ်ဝန်းကျင်က ဝေဖန်မှာကို ကြောက်မနေပါနဲ့ဟု သူက ဆိုသေးသည်။ အေး စိတ်ရင်းကိုက မလုပ်ချင်သည့်အကြောင်းကို အပ်ကြောင်းထပ်အောင် ပြောရသည်မှာလည်း အေး ကိုယ့်ကိုယ်ကို မုန်းလာသည် အထိပင်။

နောက်ဆုံးတော့ သူပြန်သွားသည်။ အေး ကျန်ခဲ့သည်။ ရက်များစွာပင် မနေတတ် မထိုင်တတ် ဖြစ်ခဲ့ရသည်။ အေး ကိုယ်တိုင် ဖန်တီးသော အဖြစ်တစ်ခုအတွက် နောင်တလည်း မရပါ။ သူ့ကို လွမ်းသော အလွမ်းများနှင့်ပင် အေး နေ့ရက်များကို ပုံမှန်ဖြစ်အောင် ကြိုးစားရင်း ဖြတ်ကျော်ခဲ့ပါသည်။ သူ့ အရိပ်အငွေ့တွေ ရှိနေသော အဲဒီအလုပ်မှာလည်း မလုပ်ချင်တော့သည်နှင့် တစ်ခြား ခပ်ဝေးဝေးက လစာလည်း အနည်းငယ် ပိုကောင်းသော အလုပ်ရသည်နှင့် ပြောင်းဖြစ်ခဲ့သည်။ နေသော အိမ်ခန်းကိုပါ အလုပ်နှင့် နီးသော နေရာကို ပြောင်းလာခဲ့သည်။ သူနှင့် အတူသွားခဲ့ဖူးသော နေရာများကို အေးတစ်ယောက်တည်း မသွားချင်။ သူ့အရိပ်များက အေးကို ခြောက်လှန့်နေသည်။ သူကလည်း အေးကို အပြီးဖြတ်ဖို့ ကြိုးစားလိုက်ပြီထင်သည်။ အေးကို mail ပင် လုံးဝမပို့တော့။ လုံးဝပင် အဆက်အသွယ် ဖြတ်သွားသည်။ အဲဒါပဲ ကောင်းပါသည်။ အေးလည်း တော်တော်လေး ကြာလျှင်တော့ သူ့ကို မေ့သွားမှာပဲ မဟုတ်လား။
*****

မောင့်ကိုတော့ အေးက MRT ပေါ်မှာ စတင် တွေ့ခြင်းဖြစ်သည်။ သူနှင့် ဝေးကွာပြီး ခုနစ်လ အကြာမှာ ဖြစ်သည်။ မောင်ကတော့ အေးကို သတိထားမိနေသည်မှာ တစ်လလောက်ပင် ရှိခဲ့ပြီဟု နောက်မှ ပြောပြသည်။ အဲဒီနေ့ကတော့ မောင်က အေးကို စပြီး လာနှုတ်ဆက်သည်။ မဟုတ်လျှင် အေးက မောင့်ကို တွေ့ဦးမည် မဟုတ်ချေ။ အေးက လမ်းသွားလျှင်လည်း ဘေးဘီ ကြည့်တတ်သူ မဟုတ်သလို အထူးသဖြင့် သူစိမ်း ယောက်ျားတွေကို စေ့စေ့ ကြည့်လေ့ရှိသူ မဟုတ်ပါ။ မောင် နှင့် အေးက ရုံး အသွားအပြန် အချိန် တူကြသည်။ နေသော နေရာကလည်း မှတ်တိုင် တစ်ခုသာခြားသည်။ မောင်နဲ့က စကားပြောလို့ အဆင်ပြေသောကြောင့် အေးတို့နှစ်ယောက် ခပ်မြန်မြန်ပင် သူငယ်ချင်းတွေ ဖြစ်သွားသည်။ အေးတို့ နှစ်ယောက်က ခပ်အေးအေး သီချင်းတွေ ကြိုက်တာချင်း တူကြသည်။ ရုပ်ရှင်ဆိုလျှင် Drama ကားတွေ ကြည့်ဖြစ်တာ ချင်းလည်း တူသည်။ အလွမ်းဝတ္တုတွေ ကြိုက်တာချင်းလည်း တူသည်။ မောင်နှင့် ရုပ်ရှင် အတူကြည့်ဖြစ်သည်။ ကော်ဖီဆိုင် အတူထိုင်ဖြစ်သည်။ တစ်ပတ်မှာ သုံးလေးည ဆိုသလို ဖုန်းပြောဖြစ်သည်။ ဒီထက် မပိုဖို့ အေးက မျှော်လင့်ခဲ့သည်။ သို့သော် အေးတို့ တွေ့ဆုံပြီး သုံးလအကြာမှာ မောင်က အေးကို ချစ်ခွင့်ပန်ခဲ့သည်။

မောင့်ကို တကယ် ချစ် မချစ် အေးကိုယ်အေး မသေချာခင်မှာပင် မောင့်ရဲ့ မာယာတွေထဲ ရှုံးနိမ့်ပြီး အဖြေပြန်ပေးမိပြီးဖြစ်ခဲ့ရသည်။ အေးကိုယ်တိုင်လည်း ဒီအေးစက်တဲ့ ပတ်ဝန်းကျင်ထဲမှာ အထီးကျန် ကျင်လည်နေရတာကို ငြီးငွေ့သွားတာလည်း ဖြစ်နိုင်သည်။ မောင့်ကို အေးရဲ့ လက်တွဲဖော်အနေနဲ့ စဉ်းစားမိတော့ မဖြစ်နိုင်စရာ မရှိဟု ထင်မိတာ ကြောင့်လည်း ဖြစ်သည်။ မောင်နဲ့ တစ်ရက်လောက်မှ မတွေ့ဖြစ်၊ မဆက်သွယ်ဖြစ်ရင် တစ်ခုခု လစ်ဟာနေသလို ခံစားမိတာက အချစ်ဖြစ်နိုင်သည်ဟု ယူဆမိတာလည်း ပါသည်။ အဲလိုနဲ့ပဲ အေးသည် အချစ်ဆိုသော အရာနှင့် ဒုတိယအကြိမ် ထပ်မံ ပတ်သက်မိပြန်သည်။

မောင်နှင့် အေးမှာ ဝါသနာ တူတာတွေ ရှိသလို အမြင်မတူတာတွေလည်း အများကြီး ရှိတာ ရင်းနှီးချိန် ကြာလေ ပိုသိလေ ဖြစ်လာသည်။ ဥပမာ.. အေးက ဘယ်တော့မှ ဒူးအထက် အတို မဝတ်တတ်တာကို မောင်က မလန်းဘူး ဟု ထင်သည်။ အေး အလုပ်က ဘယ်လို ဝတ်ရမယ်လို့ သတ်မှတ်ထားခြင်း မရှိသောကြောင့် အေးက ဘောင်းဘီရှည် နှင့် ဖိုးကွာတား လောက်သာ အစဉ် ဝတ်လေ့ ရှိပြီး တစ်ခါတရံတော့ ဒူးအောက် ရောက်သည့် စကတ်ရှည်၊ ဂါဝန်ရှည်လေးများ ဝတ်လေ့ ရှိသည်။ တကယ်တော့ အေးက မြန်မာနိုင်ငံမှာ နေတုန်းကဆို မြန်မာ ဝတ်စုံ ခပ်ရိုးရိုး ဝမ်းဆက်လေးများသာ ဝတ်လေ့ ရှိသူ ဖြစ်သည်။ အေးလို အသားဖွေးဖွေး ခပ်သေးသေး လူကလေးက အတိုဝတ်လို့ ဘာမှ ကြည့်မကောင်းစရာ မရှိတာလည်း သိပါလျှက် ဝတ်ရမှာ မကြိုက်လို့ကို တမင် မဝတ်ခြင်း ဖြစ်သည်။ ဒါကိုပဲ မောင်က အေးကို အများနည်းတူ ခပ်လန်းလန်းလေး ဝတ်စေချင်သည်။ သူရော မောင်ရော တူတာကတော့ ခါးအထိ ရှည်သော အေးဆံပင် ပျော့ပျော့ထူထူ စင်းစင်းအိအိ များကို သဘောကျတတ်ခြင်း ဖြစ်သည်။

အေးက ရှေး နှစ်နှစ်ဆယ်ကလို ပဝါတစ်ကမ်း လက်တစ်လှမ်း ချစ်သူ အဖြစ်ကိုသာ လိုလားခြင်းကိုလည်း မောင်က ကြီးကျယ်သည် ထင်သည်။ အေးကလည်း မောင့်ကို သူ့လိုတောင် အေး အခန်းကို မခေါ်ဖြစ်ပါ။ သူနှင့် တုန်းကတော့ သူငယ်ချင်း ဆိုသော စည်းနှင့် သူ့ကို တားထားလို့ ရခဲ့ပေမယ့် မောင့်ကိုတော့ ဘယ်စည်းနှင့် တားမလဲလို့ အေးက အတွေးများကာ မောင်က လာလည်ချင်တာကို မသိချင်ယောင် ဆောင်နေခဲ့တာ ဖြစ်သည်။
အေးမှာ အေး အသားကို သူများ ထိတာ မကြိုက်သည့် ဖိုဘီးယား ရှိသည် ဟု သူ့ကို ပြောခဲ့ဖူးတာ သူ့ကို ဟန့်တားဖို့ သက်သက် မဟုတ်ခဲ့ပါ။ အေးမှာ တကယ့်ကို မနှစ်ခြိုက်မှု တစ်ခု ရှိနေခဲ့သည်။ လက်ချင်း ခဏတဖြုတ် တွဲတာကို ကျေနပ်စွာ နေနိုင်ပေမယ့် ခပ်ကြာကြာ တွဲထားမိလျှင် အေးမှာ စိတ်ကျဉ်းကျပ်မှုတွေ ဖြစ်လာသည်။ အဲဒီအပြင် အေးပခုံးကို ခပ်ကြာကြာ ဖက်ထားလျှင်လည်း စိတ်ထဲမှာ မွန်းကျပ်လာသည်။ ဒါကို မောင့်ကိုပြောတော့ မောင်က အေး ပလီနေသည် ဆိုပြီး ဟာသ လုပ်တတ်သည်။

*****

မောင်နဲ့ ချစ်ခဲ့တာ တစ်နှစ်နီးနီး ရှိခဲ့သည့် အတွင်း နှစ်ယောက်သား အမြင်မတူတာ အနည်းငယ် ရှိပေမယ့် တစ်ခါမှ ကြီးကြီးကျယ်ကျယ် စကားမများခဲ့ဖူး။ တစ်ယောက်နှင့် တစ်ယောက် ချည်နှောင်သော သံယောဇဉ်က ခိုင်မြဲလာတာ အေးဘက်ကတော့ သေချာနေခဲ့သည်။ မောင်က လက်ထပ်ဖို့ နှင့် ပတ်သက်ပြီး ဖွင့်ဟ မပြောဖူးသော်လည်း အေးကတော့ နောက်နှစ် နှစ်ယောက်သား ပိတ်ရက် အိမ်ပြန်ဖြစ်ကြလျှင် နှစ်ဖက်မိဘကို ဖွင့်ပြောကြမလားလို့ စိတ်ကူးထားမိသည်။ မောင်က အေးကို အပျော်တွဲခြင်း မဟုတ်ပဲ လက်ထပ်ဖို့အထိ ရည်ရွယ်သည် ဆိုတာ သူဖွင့်မပြောသော်လည်း အေးက နားလည် နိုင်သလိုပင်။

သို့ပေမယ့် မောင့်စိတ်တွေ တစ်စတစ်စ အရိုင်းဆန်လာတာကို အေးကြိုတင် မသိမြင်နိုင်ခဲ့။ မောင်က တစ်ယောက်တည်း အိမ်ပြန်ရတာ၊ အခန်းထဲမှာ စောင့်ကြိုနေမယ့်သူ မရှိလို့ လစ်ဟာနေတာ၊ ညညတွေမှာ တစ်ယောက်တည်း အထီးကျန်နေတာတွေ ပြောတော့ အေးကလည်း စာနာ နားလည်ပေးနိုင်ပါသည်။ အခန်းဖော် တစ်ယောက်ယောက်နှင့် အတူနေရမှာလည်း စိတ်ကျဉ်းကျပ်တတ်သူတွေမို့ တစ်ယောက်ခန်းမှာ တစ်ယောက်တည်း နေကြသူတွေဖြစ်ရာ အထီးကျန်မှုကတော့ ရှိသင့်သလောက် ရှိတာပင်။ အေးကတော့ ခုလို မောင်နှင့် မကြာမကြာတွေ့၊ အလုပ်ထဲက ခံစားချက်တွေ၊ မပြေလည်တာတွေလည်း ရင်ဖွင့်လို့ရနေလျှင် ဘဝကို ကျေနပ်စရာလို့မြင်ပါသည်။ မောင်နှင့် မတွေ့ခင်ကလောက် အထီးကျန်တယ်လို့ မခံစားရတော့တာလည်း အမှန်ပင်။

ပိတ်ရက်တစ်ရက်မှာ အေးနှင့် အတူ ထမင်း ဟင်း ချက်စားဖို့ အေးအခန်းကို မောင် ရောက်လာခဲ့သည်။ တစ်လမှာ နှစ်ခါလောက်တော့ အေးတို့ အဲလိုပဲ အတူတူ ချက်ပြုတ်စားတတ်သည်။ တစ်ခါတလေတော့ တစ်ခြား အေး သူငယ်ချင်း နှစ်ယောက်လည်း ပါတတ်သည်။ အဲဒီနေ့ကတော့ အေးနှင့် မောင် နှစ်ယောက်တည်း။ နှစ်ယောက်သား စားသောက်ပြီး ကွန်ပျူတာထဲမှာ ရုပ်ရှင်အတူကြည့်ရင်း ညနေစောင်းအထိ မောင်က မပြန်တော့ အေးက မောင့်ကို ပြန်ဖို့ သတိပေးမိသည်။ မောင်က မပြန်တော့ဘူး ဟု နောက်သလိုလို အတည်လိုလို ဆိုသည်။ နှစ်ယောက် တစ်ခန်းစီနေတာ အပိုကုန်တာပဲ အတူနေလိုက်လျှင် ပိုမကောင်းဘူးလား ဟု စကားစလာခဲ့သည်။ အရင်ကတည်းက အဲဒီစကားကို နောက်သလိုလို နှင့် ခဏခဏ ပြောပေမယ့် အေးက မသိချင်ယောင်ဆောင် နေခဲ့သည်။ ခုလည်း အေးက မကြားချင်ယောင်ဆောင် နေလိုက်သည်။ လမ်းလျှောက်ရင်းနှင့် မောင့်ကို လမ်းထိပ်ထိ လိုက်ပို့မည် ဟု အေးက ပြောရင်း အပြင်ထွက်ဖို့ ပြင်တော့ မောင့် အမူအယာက တစ်မျိုး ဖြစ်သွားသည်။ အဲဒီနောက်တော့...
*****

အေးတို့ နှစ်ယောက် ပြတ်သွားပြီ ကြားတော့ နှစ်ယောက်စလုံးကို သိသော သူငယ်ချင်း အချို့က အံ့သြကြသည်။ ဘာကြောင့်လဲ ဟု မေးကြသည်။ သဘောထား မတိုက်ဆိုင် တော့လို့ပါ လို့ လူတိုင်းကို အေးဖြေခဲ့သည်။ အဲဒါဟာလည်း အမှန်တရားပဲလေ။ မောင်နှင့် အေး သဘောထားမှ မတိုက်ဆိုင်တော့တာ။ ဆက် လက်တွဲနေဖို့မှ မဖြစ်နိုင်တော့တာ။ လူတိုင်းက အေးက မောင့်ကိုဖြတ်ခဲ့တယ်လို့ ထင်ကြသော်လည်း တကယ်ကတော့ မောင်က အေးကို စတင် အဆက်အသွယ် ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အေးက ဘယ်သူ့ကိုမှ မဖြေရှင်းခဲ့တော့ပါ။ ဖြစ်ခဲ့သော ကိစ္စမှာ အေးက မောင့်ကို စိတ်ဆိုးရမှာလား၊ မောင်က အေးကို စိတ်ဆိုးရမှာလား ဆိုတာ အများကို ချပြပြီး အမြင်တောင်းခံဖို့ ကောင်းသော ကိစ္စလည်း မဟုတ်ပါ။ မောင့်ပါးကို ခပ်ပြင်းပြင်း ရိုက်ခဲ့မိတာကို အေးက ပြန်တောင်းပန်ရမှာလား..  အေးရဲ့ လက်တစ်ကမ်းမှာ ရှိနေသော ပန်းသီး လှီးသည့် ဓါးချွန်ကလေးနှင့် .မောင့်ကိုခြိမ်းခြောက် ဟန့်တား ခဲ့မိတာကို အေးက ပြန်တောင်းပန်ရမှာလား.. အေးဘယ်တော့မှ နောင်တရမှာ မဟုတ်သည့် ကိစ္စအတွက် ဘယ်သူ့ကိုမှ အေး မတောင်းပန်နိုင်ပါ။ မောင်ကသာ နောက်တစ်ခါ မဖြစ်စေရဘူးလို့ တောင်းပန်ခဲ့လျှင်တော့ အေးက ကျေအေးလိုက်ဖို့ အဆင်သင့် ရှိနေခဲ့သေးသည်။

အေးတို့ နှစ်ယောက်စလုံးနှင့် ခင်မင်သော သူငယ်ချင်း လင်မယားကတော့ အေးတို့ နှစ်ယာက်အကြောင်းကို မောင်ပြောပြလိုက်သဖြင့် သိသွားခဲ့သည်။ အေး ဆုံးဖြတ်ချက်ကို ပြင်ဖို့ မောင်က ပြောခိုင်းသည် ဆို၏။ သူတို့ နှစ်ယောက်ကလည်း အေး ဆုံးဖြတ်တာ မှားသည်ဟု ဆိုချင်ပုံပင်။ ဘာမှ ဆန်းပြားသော ကိစ္စ မဟုတ်ပါဘူး၊ သဘာဝပါ တဲ့။ အေးဟာ အချစ်မှာ ရူးသွပ်ပြီး  စုံလုံကန်းတတ်သည့် မိန်းကလေးတွေထဲမှာ မပါပါဘူး။ ဒါကိုပင် မောင်က အေးဟာ သူ့ကို တကယ် မချစ်ခဲ့ပါဘူး ဟု ဆိုသတဲ့။ အေးဟာ သူ့ကို ယုံကြည်မပေးနိုင်သူ ဟု ဆိုသတဲ့။ မိုးခါးရေ မသောက်နိုင်ခြင်းသည် အေးဘက်က ချို့ယွင်းချက်လို့ မောင်က ဆိုချင်လျှင်လည်း အေးက ခံယူဖို့ အသင့် ရှိပါသည်။ ဘယ်သူတွေ ဘယ်လို ထင်ပါစေ အေးကတော့ အေး ဆုံးဖြတ်ချက်ကိုပြင်ဖို့  စကတည်းကကို စိတ်ကူးမရှိခဲ့ပါ။

အေးနဲ့ လမ်းခွဲပြီး သုံးလ အကြာမှာ မောင့်တိုက်ခန်းထက် ကောင်မလေး တစ်ယောက် ရောက်နေပြီး ဖြစ်ကာ အေးကတော့ တစ်ယောက်တည်း မောင့်ကို တမ်းတဆဲ အဖြစ်ကို ကြည့်လျှင် ဘယ်သူက ဘယ်သူ့ကို တကယ်ချစ်သလဲ ဆိုတာ လူတိုင်းလည်း သိနိုင်မည် ထင်သည်။ အေးနှင့် မောင်က လမ်းခွဲပြီး ကတည်းက သွားချိန်၊ ပြန်ချိန် မတူအောင် တစ်ယောက်နှင့် တစ်ယောက် ရှောင်နေရင်း နောက်တော့ မောင်က အလုပ်ပြောင်းသွားခဲ့မှန်း သိရသည်။ အဲဒီအတွက် မောင့်ကို ကျေးဇူးတင်ရသေးသည်။ အေးရှေ့မှာ နောက်တစ်ယောက်နှင့် တွဲသွားတာ နေ့စဉ် မြင်နေခဲ့ရလျှင် အေးအတွက် ပိုနာကျင်မည် ထင်သည်။

ခုချိန်ကစပြီး တိမ်းညွှတ်လွယ်သော အေး နှလုံးသားကိုလည်း အချိန်အတိုင်းအတာ တစ်ခုအထိ သော့ခတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ဒီလို မိဝေး ဖဝေး၊ တစ်ယောက်တည်း အားငယ် အထီးကျန်မှုကို ခံစားနေရခိုက်မှာ တွယ်တာ သာယာမှုကို ရှာရင်း ပြင်မရသော အမှားမျိုး ပြုမိမှာ စိုးပါသည်။ အေးကြားဖူးခဲ့သော ဒီကျွန်းပေါ်က ပုံပြင်တွေလည်း အများကြီး ရှိခဲ့ပါသည်။ တစ်ချို့ကတော့ ပျော်ရွှင်သော ဇာတ်သိမ်းနှင့် တစ်ချို့ကတော့ ရင်နင့်စရာ ဇာတ်သိမ်းနှင့်။ တစ်ချို့ကတော့ ဒီအရပ်ကတော့ ဇာတ်လမ်းကို တစ်ခန်းရပ် ကန့်လန့်ကာ ချပြီး ကိုယ့်ရပ်ကိုယ့်ရွာမှာ နောက်ထပ်ပြဇာတ်ကို မိတ်ကပ်လိမ်းပြီး ထပ်မံကပြကြ။ အေးကတော့ အေးကိုယ့်စောင့်နတ်က လေးစားသော အဖြစ်မျိုးကိုသာ လုပ်လိုသူ ဖြစ်သည်။

အေးဟာ မောင့်ကို အပြစ်မတင်ရက်ပါဘူး။ မောင့် သဘောထားကို မလိုက်လျောနိုင်ခဲ့တာကိုသာ အားနာပါသည်။ ခုလောလောဆယ် မောင့်ကို အေး မမေ့သေးပေမယ့် နောက်တော့လည်း မေ့သွားမှာပါ။ အဲဒီလို မေ့သွားတဲ့အခါ အေးမှာ ဘာဒဏ်ရာမှလည်း မကျန်နိုင်တော့ဘူး မဟုတ်လား။ အေးဟာ လက်ဆိတ် မသင့်သေးတဲ့ ပန်းတစ်ပွင့်ပါ။ အချိန်မတိုင်ခင် မွှေးရနံပြယ်ခွင့်ကိုတော့ အေးက ဘယ်တော့မှ ခွင့်ပြုနိုင်လိမ့်မှာ မဟုတ်ဘူးကွယ်...
  
သိင်္ဂါကျော်
   

12 comments:

အပြုံးပန်း said...

မနက်ခင်းစောစောမှာ
ဖတ်မိရင်းက
အစမှ အဆုံးတိုင် ဆွဲဆောင်မူ ရှိလှတဲ့
ဝတ္ထုတိုကောင်းတစ်ပုဒ်ပဲ ဆိုတာ
သိလိုက်ရတယ်။

ဟန်ကြည် said...

အရေးအသားရော အကြောင်းအရာပိုင်းပါ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေပဲ...

စကားမစပ်...
စာကြောင်းလေးတွေ တစ်ကြောင်းနဲ့တစ်ကြောင်း ကပ်လွန်းနေတော့ ဖတ်ရတာ အတော့်ကို အာရုံစိုက်ယူရတယ်...

စံပယ်ချို said...

လူမျိုးတူပေမယ့်လဲ
စိတ်သဘောမတိုက်ဆိုင်တော့ ဒီလိုပါပဲနော်
အလွမ်းဇာတ်လေးပေါ့

သိင်္ဂါကျော် said...

ညက အိပ်ကာနီး တင်လိုက်တော့ post font က ဘာဖြစ်သွားမှန်း မသိဘူး ကပ်သွားတာ.. အဲဒါ ပြင်မလို့ပဲ internet ကလည်း ပြတ်သွားတာနဲ့ ဒီတိုင်းထားလိုက်ရတယ်.. ခုတော့ ပြင်ပြီးပါပြီ..
ဦးဟန်ကြည် မျက်စိကို ဒုက္ခပေးသလို ဖြစ်သွားတယ်.. ဟီးး

Anonymous said...

စလုံးက ဇာတ်လမ်းတွေထဲက တခု
မိန်းကလေးရဲ့ စိတ်ဓါတ်ကို သဘောကျတယ်
မိန်းကလေးများ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ဖို့  ယုံကြည်ချက် ရှိဖို့ လိုတယ်နော်
မောင်လိုယောကျာင်္းတွေ များများ လာတာကလဲ မြင်နေရတယ် ။

မဒမ်ကိုး said...

ဒီလိုအဖြစ်တွေကြားမယ် ထိန်းသိမ်းနိုင်တဲ့မိန်းခလေးတွေဟာ အင်မတန်မှ တန်ဖိုးရှိတဲ့ပန်းကလေးတွေလို့ပဲ ခံစားမိတယ် မမရေ

ချစ်တဲ့

ဒိုးကန်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဝတ္တု အရမ်းကောင်းပါတယ်။

ဖတ်ရင်းနဲ့ ကြည်အေးဝတ္တုတစ်ပုဒ်ကို သတိရမိလိုက်သေးတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဖတ်ရင်းနဲ့ ကြည်အေးကို သတိရမိလိုက်တယ်ဆို ပိုမှန်ပါတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

Nyi Linn Thit said...

ပတ်ဝန်းကျင်မှာ တခါတလေ ကြားဖူးလေ့ ရှိတဲ့ ဇတ်လမ်းမျိုးပေမယ့် ညက်ညောတဲ့ ရေးဟန်က အဆုံးထိကို ခေါ်သွားနိုင်ပါတယ်၊ ကိုယ်ယုံကြည်ရာကို မမှိတ်မသုံ ဆုပ်ကိုင်ထားတဲ့ အေးလို မိန်းကလေးတွေဟာ လေနုအေးလို နူးညံ့ညင်သာစွာ၊ ခိုင်မာမြဲမြံစွာ၊ တန်ဖိုးရှိစွာ တိုက်ခတ်နေဦး မှာပါ၊ အစ တစ်ကြောင်းဖတ်မိလိုက် တာနဲ့ အဆုံးထိတိုင် ဖတ်မိစေတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ပါပဲ..။

Latt Latt said...

အရေးကောင်းလိုက်တာ။

ထော်ဦး said...

မွေးနေ့ ဆုမွန်ချွေပေးတဲ့အတွက် ကျေးဇူးပါအစ်မရေ...
ခိုင်လုံတဲ့ သတင်းရပ်ကွက်ကနေတစ်ဆင့်
ဘလော့ဂါတွေ ပါဝင်ကြတဲ့ ၀ထ္တုတိုစုမှာ
အစ်မ၀တ္ထုသုံးပုဒ်ပါဝင်လာတာကို
အားကျသွားပါကြောင်း...
ထော်ဦး

san htun said...

ဒီဝထ္ထုလေးကို ကြိုက်တယ်