16 September, 2010

အိန္ဒိယ ၃

ပြီးခဲ့တဲ့ စနေနေ့က တတိယ သွားခဲ့ နေရာ တစ်ခုကတော့ Rock Garden ဖြစ်ပါတယ်။ အိန္ဒိယ မှာ ထင်ရှားတဲ့ နေရာတစ်ခုပါ။ Nek Chand ဆိုသူက စတင်တည်ထောင်ခဲ့ပြီး ယခုအခါမှာ ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခု ဖြစ်လာပါပြီ။ သဘာဝ ကျောက်တုံးတွေ အပြင် စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး စိတ်ကူးဆန်းများနဲ့ တီထွင် ဖန်တီး ထားတဲ့ ဥယျာဉ် တစ်ခုပါ။ အချိန် ၄၅ မိနစ်ပေးတာတောင် မလောက်ပဲ ခပ်မြန်မြန်ပဲ ဓါတ်ပုံရိုက်ရင်း ပြန်ခဲ့ရပါတယ်။



 Rock Garden ပြီးတော့ နောက် တစ်နေရာက Sukhna Lake ဖြစ်ပါတယ်။ Sukhna ဟာ သဘာဝရေကန်တော့ မဟုတ်ပါဘူး။ ၁၉၅၈ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့တဲ့ ဆည်တစ်ခုပါ။ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတဲ့ ကျေးငှက်တွေကို ဆွဲဆောင်ဖို့လည်း ရည်ရွယ်ခဲ့ပါတယ်။ တိတ်ဆိတ်ငြိမ်းချမ်းပြီး သဘာဝနေရာတစ်ခုလို ဖြစ်အောင် ဖန်တီးထားပါတယ်။ လှေလှော် ရွက်တိုက်၊ ရေလွှာလျှောစီး စတဲ့ အားကစားတွေ လုပ်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီမှာ မော်တော်ဘုတ်ငယ်လေးတွေလည်း ငှားပြီး စီးလို့ရပါတယ်။


Sukhna Lake ကို ရောက်တဲ့ အချိန်မှာပဲ မိုးတွေ တော်တော် ရွာလာတာကြောင့် ဓါတ်ပုံ နည်းနည်း ရိုက်ပြီး မိုးထဲမှာပဲ ကားဆီ ပြန်ပြေးလာရပါတယ်။ နောက်တစ်နေရာ ဖြစ်တဲ့ Rose Garden ကိုလည်း မသွားဖြစ်တော့ပဲ Hotel ကိုပဲ ပြန်လာခဲ့ကြပါတယ်။

သိင်္ဂါကျော်


14 September, 2010

အိန္ဒိယ ၂


ပြီးခဲ့တဲ့ စနေနေ့ကတော့ Chandigarh မြို့ရဲ့ အထင်ကရ နေရာတွေကို Tour Bus နဲ့ သွားခဲ့ပါတယ်။ Half Day Tour အတွက်ကို Rs 50 ပဲ ပေးရပါတယ်။ မနက် ၁၀ နာရီကနေ ၁ နာရီ ခွဲထိ တစ်ခါ၊ ညနေ ၂ နာရီခွဲ ကနေ ၆ နာရီအထိက တစ်ခါ... တစ်နေ့ နှစ်ခါ ရှိပါတယ်။ ကိုယ်တို့ကတော့ ၂ နာရီခွဲ ကစတဲ့ Half Day Tour နဲ့ပဲ သွားခဲ့ပါတယ်။

ပထမဆုံး Museum & Art Gallery ကို ပို့ပါတယ်။ ပြတိုက်ရဲ့ အပြင်ဘန်းကတော့ အတော်ကို အိုဟောင်းနေတဲ့ တိုက်ကြီးတစ်တိုက်ပါ။ အပြင်ဘက် အဆောက်အအုံကို မပြင်တာ အတော်ကြာနေတဲ့ပုံပါပဲ။


အိန္ဒိယ နိုင်ငံက ယဉ်ကျေးမှုအစဉ်အလာ ကြီးမားတဲ့ နိုင်ငံပီပီ ဒီလို မြို့ငယ်လေးက ပြတိုက်မှာကိုပဲ ရှေးဟောင်း အနုပညာ လက်ရာများစွာကို ပြသထားတာ တွေ့ရပါတယ်။ အချိန်က နာရီဝက်ပဲ ရလို့ အညွှန်းစာတွေကိုတော့ သေချာမဖတ်ခဲ့ရလို့ ဘယ်ခေတ်က လက်ရာတွေ ဆိုတာတော့ မပြောနိုင်ပါဘူး။

Museum အပြင်ဘက်မှာ ပြထားတဲ့ ရှေးဟောင်း ရုပ်ထုတွေပါ။











ပြတိုက်ထဲကို ဝင်ဖို့ တစ်ယောက်ကို Rs. 10 နဲ့ ကင်မရာ အတွက် Rs. 5 ပေးရပါတယ်။ အတွင်းမှာ ရှေးဟောင်းလက်ရာ ရုပ်ထုများအပြင် ပန်းချီကားများ ကိုလည်း ပြသထားပါတယ်။
မှန်အိမ်ထဲက အရာတွေကို ရိုက်ရင် ကိုယ့်ကင်မရာက အလင်းပြန်ပြီး သိပ်အဆင်မပြေလို့ တစ်ချို့ပုံတွေက သိပ်မကောင်းပဲ ဖြစ်နေပါတယ်။























အိန္ဒိယ ရှေးဟောင်း ဒင်္ဂါးများလည်း ပြသထားပါတယ်။




ဗုဒ္ဓဘုရားရှင်ရဲ့ ပုံတော်လို့ ထင်ရတဲ့ ရုပ်ထုတော်တွေလည်း တွေ့ရပါတယ်။ ဘယ်ခေတ်က လက်ရာတွေလည်းတော့ မသိပေမယ့် အားလုံးကတော့ ကျိုးပဲ့ပျက်စီး နေပါတယ်။



 

အတွင်းဘက်မှာ ထပ်တွေ့ရတဲ့ ပန်းချီကားတွေပါ။
 

မြေအိုး နဲ့ ကြွေအိုးတွေလည်း ပြသထားပါသေးတယ်။






ပြတိုက်က ထွက်ပြီးတော့ နောက်တစ်နေရာက Bougainvillea Garden ဆိုတဲ့ ပန်းခြံငယ်လေးပါ။

ထူးထူးဆန်းဆန်း လှလှပပ ပန်းပင်ရယ်လို့ ဘာမှ မရှိပေမယ့် အေးချမ်းတိတ်ဆိတ်ပြီး အပန်းဖြေလို့ ကောင်းမယ့် နေရာတစ်ခုပါ။ တိတ်ဆိတ်တဲ့ ပန်းခြံမို့ အတွဲတွေလည်း လာကြတာကို တွေ့ရပါတယ်။ အုပ်အုပ်ဆိုင်းဆိုင်း အပင်တွေနဲ့ မြက်ခင်းပြင် ကျယ်ကျယ်လွင့်လွင့်မို့ နတ်သမီး ပြောသလို မင်းသမီး၊ မင်းသား ကလို့ ကောင်းမယ့် နေရာတစ်ခုပါပဲ။



ဆက်ပါဦးမယ်..

သိင်္ဂါကျော်

09 September, 2010

မြေလတ်သားရဲ့ ညများ


ကိုကျော်မောင်က တောသား၊ မသန်းသန်းနှင့် အကြောင်းပါပြီးမှ မြေလတ်ပိုင်းတွင်ပါသော ပြည်မြို့ကြီးသို့ ဆံထုံးနောက် သျှောင်ပါ ဆိုသလို ရောက်လာခြင်းဖြစ်သည်။ သူ့ရွာဖြစ်သော ကံမမှာလည်း မိဘတွေက ဘယ်သူမှမရှိတော့ချေ။ မသန်းသန်းမှာက အမျိုးများသည်။ အဖေရင်း အမေရင်း မရှိတော့သော်လည်း ဒေါ်ကြီး၊ ဒေါ်လေး၊ အစ်မကြီး၊ အစ်မငယ်၊ ဝမ်းကွဲ မောင်ကြီး တွေ ရှိသည်။ ကိုကျော်မောင်က မသန်းသန်းကို ချစ်မိတော့လည်း သူ့အမျိုးတွေနှင့် တည့်အောင် ကြိုးစားရသည်။ မသန်းသန်းတို့က မျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝလာသူတွေ ဖြစ်သည်။ လက်ရှိ ပွဲရုံလုပ်ငန်းကလည်း အောင်မြင်နေသည်။ ကိုကျော်မောင် ရောက်လာတော့ ပွဲရုံကို ဦးစီးသည် ဆိုသော်လည်း မသန်းသန်း အစ်မကြီးရဲ့ သြဇာကိုတော့ လိုက်နာရသေးသည်။ မသန်းသန်း၏ မောင်ဝမ်းကွဲ နှစ်ယောက်ကလည်း သူ့ကို သူငယ်ချင်းလို သဘောထားတယ် ဆိုသော်လည်း အမြဲတမ်းလိုပင် သူ့ကို အထင်သေးကာ အနိုင်ယူချင်ကြသူများ ဖြစ်သည်။ သို့ပေမယ့် ကိုကျော်မောင်က အောက်သက်ကြေသူ ဆိုတော့ ဘာပြဿနာမှ မရှိပါ။

ကိုကျော်မောင်နှင့် သန်းသန်းကနေ တစ်နှစ်ကြီး တစ်နှစ်ငယ် သမီးလေး နှစ်ယောက်မွေးသည်။ အစ်မကြီးနှင့် အစ်မငယ်ကလည်း အပျိုကြီးတွေဆိုတော့ တစ်အိမ်လုံးရဲ့ ဖူးဖူးမှုတ်ခံလေးတွေ ဖြစ်နေသည်။ ဒေါင်းဘယက် အကြီးကြီးတွေ ကြိုက်ရာရွေးဝတ်နိုင်သော၊ စိန်တွေကို ဇယ်တောက်ကစားနိုင်သော သူတို့မိသားစု၏ ခေတ်ကိုတော့ ကလေးနှစ်ယောက်က မှီရုံကလေး ဆိုသလို မှီလိုက်ပါသေးသည်။ အကြီးမက ပိုယောင်္ကျားဆန်သဖြင့် လက်ဝတ်လက်စားကို ငယ်ငယ်ကတည်းက စိတ်မဝင်စားပါ။ အငယ်မကတော့ အလှူသွားမည်ဆိုလျှင် ဒေါင်းဘယက်ဆွဲရသဖြင့် သိပ်သဘောကျသည်။
*******

နောက်ပိုင်းမှာ စီးပွားရေးက ကျချင်တော့ ပြည်မြို့မှာ မီး အကြီးအကျယ်လောင်သည်။ တစ်မြို့လုံးနီးနီး ကုန်ခဲ့သည်။ ကိုကျော်မောင်တို့ ပွဲရုံနှင့် အိမ် လည်း ပါသွားသည်။ လက်ဝတ်လက်စားများ အရယူနိုင်၍ တော်သေးသည်။ မီးခံတိုက် မဆောက်ခင် အတောအတွင်း တဲကြီးထိုး၍ ပွဲရုံလုပ်ငန်းကို ပြန်လုပ်ရသည်။ အလုပ်က သိပ်မကောင်းတော့ ကိုကျော်မောင်က ပဲတွေ နှမ်းတွေ တစ်ခြား မြို့များအထိ လိုက်ဝယ်ရသည်။ တစ်ဘက်ကမ်းသို့ မော်တော်နှင့် သွား၍ ဝယ်သည့်အခါ ဝယ်ရသည်။ တစ်ခါတုန်းကလည်း ကုန်ဖိုးရှင်းမည့် ငွေတွေနှင့် တစ်ခြားမြို့သို့ အသွား ကိုကျော်မောင်တို့ ကားကို ဓါးပြတိုက်ခံရသည်။ မှတ်မှတ်ရရ ဘယ်တော့မှ မမေ့မည့် အဖြစ်ပါ။ ကိုကျော်မောင်က သံဗုဒ္ဓေတွေကိုသာ အားကိုးတကြီး ရွတ်နေခဲ့သည်။ လိုက်ခံတုန်း ထည့်လိုက်သည့် ပိုက်ဆံအနည်းငယ်ကလွဲ၍ ဓါးပြတွေက သူ့ကို ထပ်မရှာပါ။ ကုန်ဖိုးငွေတွေ ဘာမှ ပါမသွားသဖြင့် မြတ်စွာဘုရား ဂုဏ်ကျေးဇူးပေပဲ ဟု ပိုပြီး သက်ဝင်ယုံကြည်မိသည်။

နောက်တော့ စစ်ကြီးဖြစ်လာသဖြင့် သူတို့မိသားစု တောရွာဘက်သို့ စစ်ပြေးရသည်။ ခေတ်ကြီးမကောင်းသဖြင့် ရှောင်ရတော့မယ် ဆိုကတည်းက အတွင်းပစ္စည်းတွေကို အိမ်ဝင်းအတွင်းမှာမြှုပ်သင့်တာမြှုပ်ရသည်။ သူတို့ အိမ်ဝင်းအတွင်းရှိ ရေတွင်းထဲသို့ သေတ္တာတစ်လုံးနှင့် မြှုပ်ပစ်ခဲ့သည်။ ဒါက ကိုကျော်မောင့် အကြံအစည်တော့ မဟုတ်။ မမကြီးနှင့် သူ့မောင် နှစ်ယောက်၏ အကြံသာဖြစ်သည်။ သူတို့ သွားနေမည့် ရွာသို့လည်း တစ်ချို့တစ်ဝက် သယ်သွားရင်း မြှုပ်ခဲ့ကြသည်။ သူတို့မိသားစုရဲ့ စီးပွားက အဲဒီကစ၍ ပျက်တာပဲဖြစ်သည်။

စစ်ပြီး၍ ပြန်လာသောအခါ သူတို့ မြှုပ်ထားခဲ့သော ပစ္စည်း အများစုကို ပြန်မရတော့ပါ။ မမကြီးမောင် အကြီးကလည်း အရက်တွေမူး၍ ဟိုဟိုဒီဒီ လျှောက်အော်တာလည်းပါသည်။ “ရေတွင်းထဲက ပစ္စည်းတွေက ငါတို့ ပစ္စည်းတွေနော်.. ဘယ်သူမှ မထိနဲ့.. ” ဆိုတာမျိုးတွေ...။ အဲဒီရေတွင်းထဲက သေတ္တာကတော့ စုံးစမြှုပ်စ လုံးဝပျောက်သွားသည်။ စစ်ကြီးအတွင်း သူတို့ ပစ္စည်းတွေ တော်တော်များများ ဆုံးရှုံးခဲ့ရသည်။ သူရှာထားသော ပစ္စည်းထက် သူတို့မိသားစု ဘိုးဘွားစဉ်ဆက် ပစ္စည်းတွေ ဖြစ်သဖြင့် ကိုကျော်မောင်အတွက်တော့ ဘယ်လိုမှ မနေပါ။ သူ့ခြေနှစ်ဘက် လက်နှစ်ဘက် ကောင်းနေသရွေ့ သူ့မိသားစုကို ရှာကျွေးနိုင်ပါသည်။ သို့သော် တကယ်တော့ ဘာပြောပြော ဒီအမွေအနှစ်က သူ့သမီးလေးတွေ အတွက်ပဲ ဖြစ်သဖြင့် နည်းနည်းတော့ နှမြောမိလေသည်။ အဲဒီနောက်တော့ ပြန်ရလိုက်သော အတွင်းပစ္စည်း အနည်းငယ်ထဲက တစ်ချို့တစ်ဝက်နှင့်ပင် စီးပွားရေးကို ပြန်စရသည်။ ကိုကျော်မောင်က အလုပ်မျိုးစုံလည်း စမ်းလုပ်သည်။ သိပ်တော့ အဆင်မပြေလှပါ။ မမကြီးတို့ကလည်း စိတ်ဓါတ်ကျဆင်းပြီး ဘာမှ အကြံမပေးနိုင်တော့ပါ။ သန်းသန်းမှာလည်း နောက်ထပ် ကိုယ်ဝန်ရှိနေသဖြင့် ဝေးဝေးလံလံ သို့ ကြာကြာသွားပြီးလည်း စီးပွားမရှာချင်ပါ။
*******

နောက်ထပ် ကိုကျော်မောင်ဘဝမှာ အဆိုးရွားဆုံး ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသည်ကတော့ သန်းသန်း ကလေးမွေးရင်း သွေးတက်၍ ဆုံးသွားခြင်းပဲ ဖြစ်ပါသည်။ တကယ်တော့ ကိုကျော်မောင် နှင့် သန်းသန်းက အိမ်ထောင်ဖက် အသက်မရှည် ဆိုသော “သောက” ကိန်း မိနေလျက်နှင့် လက်ထပ်ခဲ့ကြခြင်း မဟုတ်လား။ သန်းသန်း ဆုံးသွားတော့ ကလေးနှစ်ယောက်ကလည်း သုံးနှစ် နှင့် လေးနှစ် အရွယ် လူမမယ် ကလေးတွေ...။ သန်းသန်းမျက်နှာနှင့် နေရသော အိမ်မှာ ခုတော့ သူနှင့် ကလေးနှစ်ယောက်ပဲ ကျန်တော့သည်။ မမကြီးတို့ကလည်း သူ့ကို အားကိုးပါသည်။ ထို့အပြင် စိတ်လည်းမချပါ။ သူနောက်ထပ် အိမ်ထောင်ပြုမည်ကို သူတို့အားလုံးက စိုးရိမ်ကြပါသည်။ သန်းသန်း မရှိတော့သဖြင့် ဘာပဲဖြစ်ဖြစ် စိတ်နှင့် ဝေးဝေးလံလံ သွား၍ စီးပွားရှာချင်သော သူ့ကို သူတို့က ခွင့်မပြုကြပါ။ သူ အဝေးမှာ တစ်ခြား တစ်ယောက်နှင့် တွေ့သွားမှာကို စိုးရိမ်ကြသည်။ သို့သော် သူ့စိတ်ထဲမှာတော့ သန်းသန်းနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ပါ။ သုံးဆယ်ကျော်အရွယ်ကောင်းမို့ စပ်ဟပ်သူတွေကလည်း စပ်ဟပ်ကြပါသည်။ သို့သော် သူကတော့ သမီးနှစ်ယောက်မျက်နှာဖြင့်သာ တစ်ကိုယ်တည်း နေဖြစ်ခဲ့သည်။

အရင်တုန်းကမှ သူ့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားသော မမကြီးတို့က သန်းသန်းဆုံးပြီးမှ သူ့ကို ချုပ်ချယ်ကြသည်။ စီးပွားရေးတစ်ခုခု ခိုင်ခိုင်မာထူထောင်ဖို့ အရင်းအနှီး ထုတ်မပေးပါ။ သူ့ကို မယုံကြည်နိုင်တာက တစ်ခြားမဟုတ်ပါ။ သူ မလုပ်တတ်မကိုင်တတ်နှင့် ရှုံးမှာစိုးတာ တစ်ခုပင်။ အမျိုးသမီးတို့၏ ဦးနှောက်ခပ်သေးသေးနှင့် တွေး၍ ရှုံးမှာ စိုးတာနှင့်ပင် ရှိတာကို ထုခွဲ စားသောက်နေကြသည်။ သူတို့စိတ်ထဲ သူတို့မှာ ရှိသော ပစ္စည်းတွေက တစ်သက်မကုန်နိုင်ဟုများ ထင်နေသလားပင်။ သူတို့ထင်သလို သူတို့တစ်သက်တော့ ဖူလုံခဲ့ပါသည်။ မမကြီး၊ မမလေး တို့ ဆုံးပြီးနောက် ကိုကျော်မောင်တို့ သားအဖ သုံးယောက်ထဲ ကျန်ချိန်မှာတော့ အတွင်းပစ္စည်းအားလုံးက ကုန်ခမ်းခဲ့ပါပြီ။ သမီးလေး နှစ်ယောက်ကို ကျောင်းထားဖို့ကိုပင် ကိုကျော်မောင်မှာ မနည်းကြိုးစားရသည်။ စီးပွားရေးတစ်ခုခု စလုပ်ဖို့လည်း ငွေကြေးကမပြည့်စုံတော့ပါ။ ရှိသည့် ငွေထည်ပစ္စည်း၊ ကြေးထည်ပစ္စည်းလေးတွေ ရောင်းချရင်း အသက်ဆက်ရသည်။ ရွှေထည်ဆိုတာတော့ မူးလို့ ရှုဖို့ပင် မရှိတော့ပါ။ သူတို့ ယခုနေနေသည့် တိုက်မှာ အခန်းလေးခန်းစာ ရှိသည့်အနက် အခန်းနှစ်ခန်းကလည်း ပြည်သူပိုင်သိမ်းခံလိုက်ရသည်။ ဒီလိုနှင့်ပဲ ရရာအလုပ်ကလေးတွေ လုပ်ရင်း ရှိတာလေးတွေ ရောင်းစားရင်း သမီးနှစ်ယောက်ကို တက္ကသိုလ်ပို့ရသည်။

သမီးတွေ ကြီးလာတော့ ကိုကျော်မောင်အပေါ် အနိုင်ယူလွန်းသည့် သန်းသန်း၏ မောင်ဝမ်းကွဲနှစ်ယောက်နှင့်လည်း အဆက်ပြတ်သွားသည်။ သန်းသန်းဘက်က တစ်ချို့အမျိုးတွေနှင့်လည်း အဆက်ပြတ်သွားသည်။ ကိုကျော်မောင်ကတော့ လူတကာကို အလျော့ပေးချင်သည်။ သူကလည်း ပညာလည်း မတတ်သည့် တောသား မဟုတ်လား။ သို့ပေမယ့် သမီးနှစ်ယောက် အရွယ်ရောက်လာတော့ မရတော့။ သူ့သမီးနှစ်ယောက်က ထက်မြက်သည်။ ဒီအဖေက ခုချိန်ထိ မုဆိုးဖိုဘဝ တစ်ယောက်တည်းနှင့် သမီးနှစ်ယောက်ကို လူလားမြောက်အောင် မွေးမြူလာတာကိုလည်း ဂုဏ်ယူသည်။ အဖေကို အထင်သေးလျှင် ဘယ်သူ့ကိုမှ မခံ။
*******
ကိုကျော်မောင် အတွက် ဒုတိယအကြိမ် ဆုံးရှုံးမှုကြီးဟု ခံစားမိသည်က သမီးငယ် အိမ်ထောင်ကျသွားသော အချိန်။ သူများလို တင့်တောင့်တယ်တယ် ထိုက်ထိုက်တန်တန် ဆိုလျှင်တော့ သမီးကို နှမြောသော်လည်း သူ ဒီလောက်ထိ ခံစားချင်မှ ခံစားရမည်။ ယခုတော့ မဟာဝိဇ္ဇာတက်နေသော သူ့သမီးက ဘွဲ့တစ်ခုမှ ပြီးဆုံးအောင် မရခဲ့သော ဖဲသမား အရက်သမား ကျောင်းသားနှင့် ဖြစ်ပျက်လာခဲ့သည်။ ရုပ်ရှင်တွေထဲက အမေတွေလို အတင်းခွဲပစ်တာ၊ မိဘသဘောတူသူနှင့် အတင်းပေးစားတာမျိုးလည်း သူမလုပ်တတ်ပါ။ သမီးကိုလည်း စိတ်ချမ်းသာစေချင်သည်။ သမီးကို ဟင်းရွက်ကန်စွန်းရွက်လို အပိုင်ကြံခံရပြီးမှတော့ အဖေတစ်ယောက်အနေနှင့် မပေးစား၍ ရတော့မတဲ့လား။

သမီးကြီးကတော့ ငယ်ငယ်ကတည်းက ယောင်္ကျားလေး ဆန်သလို တက္ကသိုလ်မှာလည်း ရည်းစားတစ်ယောက်မှမထားခဲ့။ အိမ်ထောင်ပြုဖို့လည်း စိတ်မကူးသူမို့ စိတ်ချရသည်။ သမီးငယ်ရဲ့ ကံမကောင်းသော အိမ်ထောင်ရေးအတွက်သာ ကိုကျော်မောင်မှာ ပူပင်နေရသည်။ သူထင်သည့်အတိုင်းပင် သမက်တော်က အိမ်ထောင်ကျပြီးလည်း အချိုးကမပြောင်း။ အလုပ်ဆို ဘာမှ မည်မည်ရရမရှိ။ မရှိတာဆို လုပ်ကို မလုပ်သူ ဖြစ်သည်။ သမက်ရဲ့ အိမ်ကလည်း အိမ်ထောင့်တာဝန် မကျေသော သူတို့သားအတွက် ဘာမှ မထောက်ပံ။ မျက်နှာလွှဲ ခဲပစ်နေသည်။ ကိုကျော်မောင်ကလည်း သမက်ကို စီးပွားရေးလုပ်ပါ ဆိုပြီး အရင်းအနှီးလည်း ထုတ်မပေးနိုင်။ အဲလို လုပ်မပေးနိုင်သည့်အတွက်လည်း သူအသုံးမကျ၍ဟု ကိုကျော်မောင်က ခံစားနေရပြန်သည်။ အလုပ်မရှိ မိန်းမအိမ် တက်နေရသဖြင့် မိန်းမကို ကြင်ကြင်နာနာရှိသလား ဆိုတော့လည်း မရှိချေ။ ဒီအိမ်က အဖေနဲ့ အစ်မ ရှိနေသောကြောင့်သာ မိန်းမကို မနှိပ်စက်ပေမယ့် ကိုကျော်မောင့် မျက်စိထဲ နည်းနည်းမှ အချိုးပြေသူ မဟုတ်ချေ။ ဒီလိုနဲ့ပဲ ကိုကျော်မောင်မှာ မြေးငယ်တစ်ယောက်ရလာသည်။

ထိုမြေးလေးက ကိုကျော်မောင်အတွက် သမီးနှစ်ယောက်အပြင် သံယောဇဉ်အသစ်ကလေး တိုးပွားလာခြင်းပင် ဖြစ်သည်။ ထိုမြေးမလေးကို ကိုကျော်မောင် ပိုပြီး အချစ်ပို စရာ အကြောင်း တစ်ခုကလည်း ရှိသေးသည်။ မြေးမလေး မမွေးခင် ဗေဒင် သွားမေးကြတော့ သမီး မိန်းကလေး ဖြစ်မည်၊ သူ့အဘွား ဝင်စားတာဖြစ်မည် ဟု ဟောသည်။ အဲဒီအချိန်ကတော့ အာထရာဆောင်းတွေ ဘာတွေ မရှိသေး။ ဗေဒင်ဆရာ အပြောနှင့်ပဲ မိန်းကလေးဟု မျှော်လင့်ခဲ့ကြတာပင်။ မွေးလာတော့ တကယ်ပင် သမီးမိန်းကလေး၊ သောကြာသမီးလေး ဖြစ်နေသည်။ သန်းသန်းကလည်း သောကြာသမီးပဲလေ။ သမီးလေး ကြီးလာတော့လည်း သန်းသန်းနှင့် တူတာတွေ ရှိလာသည်။ လက်ဖက်ရည် ကြိုက်တာ၊ ခရမ်းသီး မကြိုက်တာ.. စသဖြင့်...။ တစ်ခြား လူဝင်စားတွေလို အတိတ်ဘဝအကြောင်း ဘာမှ ပြန်ပြောတာတော့ မရှိခဲ့ပေမယ့် ကိုကျော်မောင်ကတော့ သန်းသန်း ပြန်ဝင်စားတာလို့ ယုံကြည်ခဲ့သည်။
*******

သမီးငယ်က ကိုကျော်မောင်နှင့် သူ့အစ်မကို သူတို့အိမ်ထောင်ရေး ခွဲသူအဖြစ် အပြစ်မြင်နေသော်လည်း တကယ်တော့ ကိုကျော်မောင်တို့က ဘာမှလုပ်ခဲ့ရတာ မဟုတ်ပါ။ သူတို့ဘာသာ သူတို့ အဆင်မပြေသဖြင့် ကွာရှင်းခဲ့ကြခြင်းသာ ဖြစ်သည်။ ကိုကျော်မောင်တို့က ကိုယ့်ခံစားချက်ကိုယ် ပြောပြခဲ့ကြခြင်းလောက်သာ ရှိသည်။ ဘာပဲဖြစ်ဖြစ် ၆လသာ ရှိသေးသော မြေးလေး အတွက် စိတ်မကောင်းသော်လည်း ထိုယောင်္ကျားနှင့် ကွဲကွာသွားသည့် သမီးဖြစ်သူ အတွက်တော့ ဝမ်းသာသည်။

သမီးနှစ်ယောက်ကို မိထွေးနှင့် မထားလိုသဖြင့် နောက်ထပ် အိမ်ထောင်မပြုခဲ့သော ကိုကျော်မောင်သည် မြေးလေးကိုလည်း ပထွေးပဲဖြစ်ဖြစ်၊ မိထွေးပဲဖြစ်ဖြစ် မရစေလိုပါ။ သမီးငယ်က စိတ်ကစားလိုသူပီပီ သုံးဆယ်ကျော်အရွယ်မှာ နောက်ထပ် ကလေကချေ ခပ်ငယ်ငယ် ကောင်လေး တစ်ယောက်နှင့် ဘာလိုလို ဖြစ်လာသော အခါ ကိုကျော်မောင်နှင့် သမီးကြီးမှာ စိတ်ပူရပြန်သည်။ သမီးငယ်က တက္ကသိုလ်ဆရာမတစ်ယောက်သာ ဖြစ်နေသော်လည်း စိတ်ဓါတ်ကတော့ မရင့်ကျက်သေးသူသာ။ သူ့ကို နောက်ထပ် မတော်တာနှင့် ဖြစ်သွားပြီး မြေးလေးမှာ ပထွေးတစ်ယောက် တိုးလာမှာကို တော့ ကိုကျော်မောင်ရော သမီးကြီးပါ ဘယ်လိုမှ လက်မခံနိုင်ပါချေ။ အဲဒါကြောင့်လည်း နောင်တရပြီး အချိုးပြင်နေပါပြီ ဆိုသည့် သမက်ဟောင်းရဲ့ စကားကို လက်ခံပြီး သူတို့နှစ်ယောက်ကို ပြန်ပေါင်းဖို့ စီစဉ်ပေးလိုက်ရသည်။

စီးပွားရေးက ခိုင်ခိုင်မာ မလုပ်နိုင်။ သမီးနှစ်ယောက်ရဲ့ ဝန်ထမ်း လစာလေးနဲ့ မလောက်မင နေရသောဘဝမှာ အကြွေးတွေက ထပ်လာသည်။ ပြည်သူပိုင် သိမ်းခံထားရာမှ ပြန်ရလာသော ဘေးဘက် နှစ်ခန်းကိုလည်း ငှားထားရာမှ ရောင်းစားလိုက်ရသည်။ အရင်လောက် မဆိုးတော့သော သမက်တော်မှာလည်း အလုပ်အကိုင်က ခုထိ မရှိသေးတော့ ဘာမှ အထောက်အပံ့မရ။ မိသားစုကို ပေးချင်စိတ် ရှိသည် ဆိုပြီး သုံးလုံးတွေ ထိုးရုံအပြင် တစ်သက်လုံးလည်း အလုပ် လုပ်မည့်ပုံမပေါ်ပါ။ သူများတွေက ကိုကျော်မောင်ကိုလည်း အလုပ်မရှိ အကိုင်မရှိ ရှိတာတွေ ထိုင်ရောင်းစားနေသူ ဟု ပြောချင်ပြောနိုင်သော်လည်း ကိုကျော်မောင်က အခြေအနေမပေးသဖြင့်သာ မလုပ်ခဲ့ရခြင်း ဖြစ်သည်။ အလုပ်လုပ်ချင်စိတ်ကတော့ အပြည့်အဝရှိခဲ့သည်။ ခုသမက်ကတော့ ဒီလို မဟုတ်ပါ။ ချဲအကြီးအကျယ် ပေါက်တုန်း တစ်ခါသာ ထောက်ပံ့ဖူးသည်။ မြေးလေး၏ ပညာရေးကိုလည်း ကိုကျော်မောင်တို့ ဘက်ကသာ ထောက်ပံ့ရတာ ဖြစ်သည်။

စားဖို့သောက်ဖို့တောင် အနိုင်နိုင် ဖြစ်နေသော ဘဝမှာ မြေး၏ တက္ကသိုလ် စားရိတ်ကိုလည်း ထောက်ပံ့ရသေးသည် ဖြစ်ရာ ကိုကျော်မောင်မှ ဦးကျော်မောင် ဖြစ်လာသော သူ့အတွက် ကျန်းမာရေး ဘာညာ ဆိုတာက အမြဲတမ်းလည်း စစ်ဆေးမနေနိုင်ပါ။ ဗိုက်အောင့်တာ ရင်ပြည့်တာလောက်ကတော့ ဆေးမြီးတိုနှင့်ပဲ နှစ်ပါးသွားဖြစ်တာပါ။ မြေးမလေး ပညာစုံပြီး အခြေတကျ ဖြစ်တာကို မြင်ပြီးမှသာ ဒီလောကကြီးထဲက ထွက်ခွာရလိမ့်မည်ဟု ထင်ခဲ့သော်လည်း...။ သူ့မှာ ကုသမရနိုင်မည့် ရောဂါ တစ်စုံတစ်ခု အမြစ်တွယ်နေပြီ ဆိုတာ သိလိုက်ရသောအခါ...။
*******

ဘဝဆိုတာက မျှော်လင့်မထားတာတွေလည်း ဖြစ်လာနိုင်သော အရာ ဖြစ်သည်ကို သူမေ့နေခဲ့သည်။ လူဆိုတာ သေမျိုးဆိုတာလည်း သူမေ့လျော့နေခဲ့သည် ထင်သည်။ ဒီဘဝထဲက ထွက်ခွာသွားရတော့မည် အချိန်မှာ သူစဉ်းစားမိသည်က သူ့အတွက် ဘာတွေ ယူဆောင် သွားရမလဲ...။ ဒီဘဝထဲမှာ သူနှင့် ပတ်သက်ပြီး ဘာတွေ ကျန်နေမလဲ...။

ဒီဘဝထဲ သူနှင့် ပတ်သက်ပြီး ကျန်နေစရာတော့ ဘာမှမရှိပါ။ သူက ထင်ကျန်ရစ်စရာ ဘာမှ လုပ်ကိုင်ခဲ့သူမဟုတ်။ အညတတြ တောသားတစ်ယောက်သာ ဖြစ်သည်။ ယူဆောင်သွားစရာတော့ လက်ဗလာ မဟုတ်လောက်ဟု ထင်သည်။ သူ လူလတ်ပိုင်းလောက်တုန်းက ပုတီးစိပ် အဓိဌာန်တာတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ဖူးသည်။ အလှူကတော့ များများစားစား မရှိပေမယ့် တတ်နိုင်သလောက်တော့ လှူခဲ့ဖူးတာပေါ့။ အသက်ကလေး ရလာတော့ ဝိပဿနာကို စတင် မြည်းစမ်းကြည့်ခဲ့သည်။ ဒါတွေက အပယ်တံခါးတော့ ပိတ်နိုင်လောက်သည်ဟု ထင်ရသည်။

သို့သော် သမီးငယ်နှင့် မြေးမငယ် ကို စိတ်မချနိုင်...။ သမီးကြီး အပျိုကြီးကိုလည်း စိတ်မချနိုင်...။ ဒီလိုနဲ့ပဲ.. သူ့အတွက် နောက်ထပ်လာမယ့် ညတွေ နည်းသထက်နည်းလာပြီ ကို သိနေသည်။ ထို့နောက် သိစိတ်နှင့် မသိလောက်သည့် ညများဆီသို့..။ ထို့နောက်တော့... နောက်ထပ် ကမ္ဘာတစ်ခုဆီသို့....။

(အဘိုးအတွက် အမှတ်တရ...)

သိင်္ဂါကျော်

08 September, 2010

မြင်းနှစ်ကောင်

 

ကျွန်တော့်အိမ်ကနေ လမ်းပေါ်ထွက်လိုက်ရင် မြင်းနှစ်ကောင် နေတဲ့ ကွင်းပြင်တစ်ခုရှိပါတယ်။ အဝေးကနေ ကြည့်ရင်တော့ မြင်းတစ်ကောင်စီက တစ်ခြားမြင်းတွေလိုပါပဲ။ ဒါပေမယ့် အနီးကပ်ကြည့်ရင်တော့ စိတ်ဝင်စားစရာ ကောင်းတာ တွေ့ရပါလိမ့်မယ်။ တစ်ကောင်က မျက်မမြင်ဖြစ်နေလို့ပါ။

သူ့ရဲ့ ပိုင်ရှင်က ဒီမြင်းကို မသုံးတော့ပေမယ့် သူ့ကို လုံလုံခြုံခြုံ သက်တောင့်သက်သာ နေနိုင်အောင် လုပ်ပေးထားပါတယ်။ ဒါကိုက အံ့သြစရာလို့ ပြောလို့ရပါတယ်။

ဒါပေမယ့် ခင်ဗျား အဲဒီနား ရပ်ပြီး နားထောင်ကြည့်စမ်းပါ။ ခေါင်းလောင်းသံလေး ကြားရလိမ့်မယ်။ အဲဒါကတော့ ကွင်းပြင်ထဲက တစ်ခြား ပိုငယ်တဲ့ မြင်းလေး ဆီက လာတာပါ။ အဲဒီမြင်းရဲ့ ခေါင်းပိုင်းက ဦးခက်ကြိုးနဲ့ သေးငယ်တဲ့ ကြေးဝါရောင် ခေါင်းလောင်းလေး တစ်လုံး ကို တွဲချည်ထားပါတယ်။ ဒါက မျက်မမြင်မြင်းအတွက် သူ့အဖော် ဘယ်နေရာမှာလဲ ဆိုတာ သိပြီး သူ့နောက်ကို လိုက်ဖို့ အတွက်ပါပဲ။

ခင်ဗျား ဒီမြင်းနှစ်ကောင်ကို ရပ်ကြည့်နေရင် မြင်မှာပါ။ ခေါင်းလောင်းနဲ့ မြင်းကလည်း သူ့အဖော် မျက်မမြင်ကို အမြဲတမ်း ရှိမရှိ စစ်နေပြီး မျက်မမြင်မြင်းကလည်း ခေါင်းလောင်းသံကို နားထောင်ပြီး သူ့အဖော်က လမ်းမှားကို ဦးဆောင်မှာ မဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုနဲ့ သူ့အဖော်ဆီ ခပ်ဖြည်းဖြည်း လျှောက်သွားနေတာကိုလေ..။

ခေါင်းလောင်းနဲ့ မြင်းက ညနေတိုင်း မြင်းစောင်းကို ပြန်တဲ့ အချိန်ကျရင်လည်း ခဏခဏ နောက်ပြန်လှည့်ကြည့်ဖို့ ရပ်လိမ့်မယ်၊ သူ့အဖော် မျက်မမြင်က ခေါင်းလောင်းသံ ကြားလောက်အောင် မဝေးတဲ့ နေရာမှာ ရှိနေတာ သေချာတော့မှ ဆက်သွားလိမ့်မယ်။

ဒီမြင်းနှစ်ကောင်ရဲ့ ပိုင်ရှင်လိုပဲ ဘုရားသခင်ကလည်း ကျွန်တော်တို့ဟာ အပြစ်ကင်းပြည့်စုံသူတွေ မဟုတ်ပေမယ့် ကျွန်တော်တို့ကို ဘယ်တော့မှ ပစ်မထားပါဘူး။ ကျွန်တော်တို့မှာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ရှိနေရင်တောင်မှပေါ့...။

သူ ကျွန်တော်တို့ကို စောင့်ကြည့်ပြီး ကျွန်တော်တို့ လိုအပ်တဲ့ အချိန်မှာ ကူညီဖို့ တစ်ခြားသူတွေကို စေလွှတ်ပါလိမ့်မယ်။ တစ်ခါတလေလည်း ကျွန်တော်တို့ဟာ မျက်မမြင်မြင်းလိုပဲ၊ ဘုရားသခင် စေလွှတ်ထားတဲ့ ကျွန်တော်တို့ ဘဝထဲက တစ်စုံတစ်ယောက်ရဲ့ ခေါင်းလောင်းသံကို နားထောင်ရင်း ရှေ့ဆက်သွားရတာမျိုး ရှိမယ်။ တစ်ခါတလေတော့လည်း ကျွန်တော်တို့က ရှေ့ဆောင်လမ်းပြတဲ့ မြင်းလိုမျိုး တစ်ခြားလူတွေကို သူတို့ရဲ့ လမ်းကြောင်းမှန်အောင် ကူညီပေးရတာမျိုး ရှိမယ်။

Two Horses (Author Unknown) ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

07 September, 2010

ကောင်မလေး အတွက် ၂


ကောင်မလေးရေ...
မင်းနဲ့ တွေ့ဆုံခြင်းကို
အိပ်မက်ပဲ ဖြစ်လိုက်စေချင်တယ်
ငါ့အတွက် အချစ်ဦးက
မင်းမဟုတ်တော့လို့ပါ။

အချစ်က ဘာလဲလို့
သေသေချာချာမသိခင်
ငါချစ်ခဲ့တယ်။
မင်းနဲ့တွေ့ချိန် နောက်ကျခဲ့တာက
ငါ့အပြစ်သက်သက်ပါ။

မယုံချင်ပေမယ့်လည်း
အချစ်က ပြောင်းလဲတတ်တာ
ငါကယုံလိုက်ပြီ။
ကောင်မလေးရေ..
မင်းနဲ့ကျမှ
ငါ့အချစ်စစ်ကို တွေ့လို့
ပေးဆပ်ခြင်းနဲ့လည်း
မရောင့်ရဲတဲ့ အဖြစ်မှာ
မင်းအချစ်တစ်ခုသာ
ငါက လိုတာပါ။

အပြစ်တင်ခြင်းများစွာကို
ခံယူဖို့ ဆုံးဖြတ်ခဲ့တာ
မင်းကိုချစ်ခြင်းရဲ့ အင်အားပါ။
ကောင်မလေးရေ..
အချစ်က အပြန်အလှန် စီးဆင်းတတ်တယ်ဆို
မင်းဆီက စီးဆင်းလာဖို့
မျှော်လင့်ပါရဲ့။

အိပ်မက်တွေ အတူမက်ဖို့
နှစ်ယောက်တည်းဆို လုံလောက်ပြီပဲ
ကောင်မလေးရေ..
ငါ့ရင်ခွင်ဆီမှာ ခြေစုံရပ်လိုက်ပါ။

သိင်္ဂါကျော်

06 September, 2010

အကြေးခွံနဲ့လူ


ခဏခဏ သပ်ချလည်း
ဘယ်တော့မှ ကွာကျမသွားဘူး။

အရိပ်မြင်တိုင်း ရန်သူထင်ပြီးရမ်း
ကိုယ်တိုင်မမြင်နိုင်လောက်အောင်
အတ္တအကြေးခွံတွေဖုံးလွှမ်းရင်း
အတွင်းထဲမှာလည်း ညစ်ပြီးရင်းညစ်နေသူ။

ဘယ်သူ့ကိုပဲ နင်းနင်း
တက်ရပြီးစတမ်းနဲ့
အထီးကျန်မှောင်မဲမှာကို
မမြင်မကန်း စမ်းသွားနေသလို
ဘဝရဲ့ ပျော်ရွှင်မှုကို မသိပဲ
သနားစရာ ရှင်သန်နေတဲ့သူပေါ့။

ခင်မင်မှုနဲ့
နံရံတစ်ခုခြားထားလေရဲ့
ကိုယ်တိုင်မပြောင်းလဲချင်မှတော့
နံရံက အလိုလိုပြိုမကျလေဘူး၊
ကိုယ့်အတ္တအကြေးခွံထဲ
ကိုယ်တိုင်ပိတ်မိနေတဲ့လူပေါ့။

ကိုယ်ကိုယ်တိုင်နဲ့ နှိုင်းပြီး
ယုံကြည်မှုကို
မမြင်ချင်ယောင်ဆောင်ထားသူပေါ့
ရဖို့ကလွဲပြီး
ဘာမှလည်း မပေးချင်ပဲ
လောဘအကြေးခွံကြားထဲ
ကောင်းဆိုးမသိပဲ ရူးမိုက်နေသူ။

ဆိုကြကြေးဆို
အကြေးခွံလည်း အရောင်စုံရှိတတ်တယ်
ဒေါသအကြေးခွံ၊ မောဟအကြေးခွံ၊
တဏှာအကြေးခွံ၊
ဒီလိုပါပဲ
ရောင်စုံငါးတွေလို
ရောစပ်ပြီးလည်း ပေါက်တတ်သေးရဲ့။

ဘယ်သူဟစ်ကြွေးရဲသလဲ
ငါ့မှာ အကြေးခွံတစ်စက်မှ မရှိပါဘူးလို့၊
ကိုယ်တိုင်ကို ညာလို့ရရင်တောင်
ဘုရားသခင်ကတော့ သိလိမ့်မယ်၊
ခွာချဖို့ကြိုးစားရင်းနဲ့ပဲ
Fungus မှိုတွေလို တစ်စတစ်စ ပွားများလာ
ဒီအကြေးခွံနဲ့လူတွေထဲ
ငါလည်း မပါဖို့
ကြိုးစားရဦးမယ်...။

သိင်္ဂါကျော်
29.8.2010
6:00 PM

03 September, 2010

Hello အိန္ဒိယ

ရန်ကုန် လေဆိပ်ကနေ ၁း၃၀ လောက်မှာ စထွက်ခဲ့ပါတယ်။ ကိုယ်နဲ့ အတူ ကာကွယ်ရေးက တစ်ယောက်လည်း ပါပါတယ်။ အိန္ဒိယကို သွားမယ့် ကာကွယ်ရေးက အဖွဲ့တစ်ဖွဲ့နဲ့လည်း လေဆိပ်မှာ တွေ့ပါတယ်။ ဒါပေမယ့် သူတို့နဲ့ ကိုယ်တို့နဲ့ သွားရမယ့် ခရီးဆုံးမြို့ခြင်း မတူပါဘူး။ Kolkata ကို မြန်မာစံတော်ချိန် ၃း၁၅ လောက်မှာ ရောက်ပါတယ်။ အိန္ဒိယ စံတော်ချိန် ဆိုရင်တော့ ၂း၁၅ လောက်ပါ။ နှစ်ယောက်စလုံးက အိန္ဒိယကို ပထမဆုံး သွားမှာပါ။ Kolkata လေဆိပ်က Domestic Departure ကို ပြန်သွားပြီး အကြာကြီး စောင့်နေရပါသေးတယ်။ တစ်ခြားအဖွဲ့ကို လာကြိုတဲ့ သံရုံးဝန်ထမ်း တစ်ယောက်က check in တွေ ဘာတွေ လိုက်လုပ်ပေးလို့ တော်ပါသေးတယ်။ ၅း၃၀ လောက်မှာမှ New Delhi ကို ပြန်ထွက်ရပါတယ်။ လေယာဉ်တွေကလည်း မြန်မာနိုင်ငံက အဝေးပြေးကားတွေလိုပဲ ပြောထားတဲ့ အချိန်အတိုင်း မဟုတ်ပဲ အမြဲတမ်း နောက်ကျပြီးမှ ထွက်တော့ Delhi ကို ည ၈း ၀၀ လောက်မှ ရောက်ပါတယ်။ ဒီည ကိုယ်တို့ ဒီမှာ အိပ်ရမှာပါ။ အရင်သွားဖူးသူတွေကတော့ Kolkata လေဆိပ်ထဲက guest house မှာ တည်းကြတယ် ပြောလို့ Delhi လေဆိပ်မှာလည်း အဲလို ရှိမယ် ထင်ပေမယ့် မရှိပါဘူး။ တစ်ခြားအဖွဲ့လည်း မရှိ၊ ကိုယ်တို့ကလည်း သံရုံးကို ကြိုမပြောထားမိတော့ လာကြိုမယ့်သူလည်း မရှိပါဘူး။ နှစ်ယောက်သား ဘယ်သွားရမှန်း မသိဖြစ်နေပါတယ်။ နောက်ဆုံး သူက လေဆိပ်ဝန်ထမ်း တစ်ယောက်ကို မေးတော့ ဖုန်း ပေးဆက်တာနဲ့ စစ်သံမှူးကို ဖုန်းဆက်ပြီး အကူအညီတောင်းရတာပေါ့။ ပြောတဲ့ လိပ်စာအတိုင်း သံရုံးက ဒုအတွင်းဝန်ဆီ သွားခိုင်းလို့ တက္ကစီငှားပြီး သွားရပါတယ်။

သံရုံးရောက်သွားတော့ ဟိုက တာဝန်ရှိသူကလည်း ကိုယ်တို့ကို ဘယ်မှာ ထားရမလဲလို့ စိတ်တွေ ရှုပ်သွားတာပေါ့။ ဟိုတယ်မှာ သွားထားဖို့လည်း တစ်ညတည်းနဲ့ ရူပီး  ၂၅၀၀ လောက် ကုန်မှာလို့ ပြောတော့... နောက်ဆုံး နေစရာမရှိရင်လည်း နေပါ့မယ်လို့ ပြောရတာပေါ့။ ယောက်ျားလေး နှစ်ယောက်ဆိုလည်း တော်သား။ ခုတော့ ကိုယ်က မိန်းကလေး ဖြစ်နေတော့ နေဖို့က ခက်နေတာပေါ့။ နောက်တော့ သံရုံးက ဒုအတွင်းဝန် အပျိုကြီး အန်တီ တစ်ယောက်ရဲ့ အခန်းကို ကိုယ်တို့ နှစ်ယောက်ကို ခေါ်သွားပါတယ်။ သူ့အိမ်မှာလည်း လောလောဆယ် နေနေကြ ညီမတစ်ယောက်၊ တူ တစ်ယောက်လည်း မရှိဘူး ဆိုတော့ ကိုယ်တို့ နေဖို့ အခန်းတစ်ခန်းစီ အဆင်ပြေသွားပါတယ်။ ကိုယ်တို့လည်း အားနာနာနဲ့ပဲ ဒုက္ခပေးခဲ့ရပါတယ်။ အစက အဲလို အစီအစဉ်လည်း မရှိတာမို့ ဘာလက်ဆောင်မှလည်း ပြင်ဆင်ထားတာ မရှိပါဘူး။ မနက်ကျတော့လည်း လေဆိပ်မသွားခင် အန်တီက စောစောစီးစီးထပြီး ဟင်းတွေ ဖွယ်ဖွယ်ရာရာ ချက်ကျွေးပါသေးတယ်။ ကိုယ်တို့လည်း အားတွေနာပြီး သူကလည်း ပါလာတဲ့ ပုစွန်ခြောက်၊ ကိုယ်လည်း ပါလာတဲ့ မုန့်ထုပ်ပဲ ပေးခဲ့ရပါတယ်။

၁၀း၃၀ လောက်မှာ သံရုံးက ကားလာကြိုပြီး လေဆိပ်ကို သွားကြပါတယ်။ Kolkata မှာတွေ့ခဲ့တဲ့ အဖွဲ့က အဲဒီမှာ ညအိပ်ပြီး မနက်လေယာဉ်နဲ့မှ ရောက်လာလို့ သူတို့ကို လာကြိုတဲ့ စစ်သံရုံးက နှစ်ယောက်ဆီမှာ ကိုယ်တို့ကို အပ်ထားပြီးမှ အဲဒီအန်တီက ရုံးပြန်သွားပါတယ်။ check in လုပ်ပြီး အကြာကြီး စောင့်နေပြီးမှ ၁း၃၀ လောက်မှာ လေယာဉ်ပေါ်တက်ရပါတယ်။ ရာသီဥတုမကောင်းလို့လား ဘာလား မသိဘူး၊ လေယာဉ်ပေါ်မှာ ၁ နာရီလောက် နေပြီးမှ လေယာဉ်က စထွက်ပါတယ်။ Chandigarh ကို ၃း၃၀ လောက်မှာ ရောက်ပါတယ်။ လေဆိပ်မှာ CDAC က ကားက လာကြိုနေပြီး Park View ဟိုတယ်ကို ပို့ပေးပါတယ်။ ဒီအသုတ်အတွက် နိုင်ငံတကာက သင်တန်းသား ၅၀ ကျော် တည်းနေတယ်လို့ ဟိုတယ် တာဝန်ခံက ပြောပါတယ်။

ည ၈ နာရီ dinner စားချိန်ကြတော့ အတူတက်ရမယ့် သင်တန်းသားထဲက Arfrican မိန်းကလေး သုံးယောက်က ကိုယ်တို့ စားပွဲကို လာထိုင်တာနဲ့ အရင်ဆုံးမိတ်ဆက်ကြပါတယ်။ တစ်ယောက်က ကိုယ်တက်ရမယ့် Course နဲ့တူတယ်။ ကိုယ့်အတူ လာတဲ့တစ်ယောက်ကတော့ ကိုယ်နဲ့ Course မတူပါဘူး။ ကိုယ်တို့က နှစ်ရက် နောက်ကျသွားတယ်လို့ ပြောတော့ သူတို့က စာ စမသင်သေးဘူး၊ intro ပဲ ရှိသေးတယ် ဆိုတော့ စိတ်အေးသွားရပါတယ်။

မနက်ကျတော့ Breakfast ကို ၈ နာရီလောက်မှာ စားပြီး  ၉း၀၀ လောက်မှာ school ferry ထွက်ပါတယ်။ ဟိုတယ်မှာ internet မရပေမယ့် ကျောင်းမှာ ရလို့တော်ပါသေးတယ်။ ကိုယ်တို့တက်ရတဲ့ ကျောင်းက mohali က CDAC (Center for Development of Advanced Computing) ပါ။ ၁၉၈၉ က စပြီး တည်ထောင်ခဲ့လို့ ၂၀၀၉ မှာ နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါပြီ။ နေ့ခင်းစာကိုတော့ ကျောင်းမှာပဲ ဝယ်စားဖြစ်ပါတယ်။ ပထမနှစ်ရက်ကတော့ ဘာဂါ၊ နောက်နေ့တော့ ထမင်းနဲ့ဟင်း ဝယ်စားလိုက်တယ်။ ဟင်းကတော့ သတ်သတ်လွတ် ပဲဟင်းပဲ ရှိတာပါ။ အရသာကတော့ မဆိုးပါဘူး။ အိမ်ကပါလာတဲ့ ငါးခြောက်ကြော်လေး၊ ဆိတ်သားကြော်လေး ထည့်လာဖြစ်လို့ စားလို့ရသွားတာပါ။ နေ့လည်စာ စားချိန်က နေ့လည် ၁ နာရီကနေ ၁ နာရီခွဲ အထိပါ။ အဲဒီအချိန်အတွင်းဆို canteen မှာလည်း လူတွေ ကြိတ်ကြိတ်တိုးနေလို့ တစ်ခါတလေ သွားမစားတော့ပဲ ပေါင်မုန့်ပဲ စားနေလိုက်တာမျိုးလည်း ရှိပါတယ်။

Breakfast ကတော့ ပေါင်မုန့်နဲ့ ကြက်ဥ အမြဲတမ်းပါပြီး ပလာတာနဲ့ အာလူးချက်လို ဟာမျိုးလည်း ပါပါတယ်။ လက်ဖက်ရည်၊ ကော်ဖီလည်း ကြိုက်တာသောက်လို့ရပါတယ်။ Dinner မှာတော့ ထမင်းနဲ့ ကြက်သားက အမြဲတမ်းပါပြီး ကိုယ်သိပ်မကြိုက်လှတဲ့ နို့ခဲဟင်းလို အရံဟင်းတစ်ခု ပါပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးပါတဲ့ အိန္ဒိယစတိုင်လ်ကတော့ တစ်ခါတရံမှပါ။ ချာပါတီ ကြိုက်သူတွေအတွက်လည်း ချာပါတီ အမြဲပါပါတယ်။ အချိုပွဲအနေနဲ့တော့ ice cream အမြဲတမ်းပါတတ်ပါတယ်။ မနက်ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ် ဒိန်ချဉ်လည်း အမြဲလို ပါတတ်ပါတယ်။ ကိုယ့်အိမ်မှာ စားသလိုတော့ မကောင်းလှပေမယ့် ကိုယ့်လို ဟင်းချက်ပျင်းတဲ့သူ အတွက်တော့ အဆင်သင့် စားရတာကိုပဲ သဘောကျနေပါတယ်။ ကိုယ်တစ်ယောက်တည်း ချက်စားရမယ့် နေရာဆို ဘယ်တော့မှ ဖွယ်ဖွယ်ရာရာ မချက်ပဲ ဖြစ်သလိုပဲ ချက်စားနေကြမို့ပါ။

စနေနေ့မှာတော့ ဟိုနားဒီနား ဆိုပြီး အပြင်ထွက်ခဲ့ပါတယ်။ ကိုယ်တို့ ဟိုတယ်က sector 24 မှာ ရှိပါတယ်။ sector 17 မှာ City Center လို့မြေပုံထဲမှာ တွေ့တာနဲ့ ဘတ်စ် စောင့်စီးပြီး သွားတာပေါ့။ စိတ်ထဲမှာ shoping mall ကြီး တစ်ခုခုများ တွေ့မလားလို့ ထင်ထားပေမယ့် မဟုတ်ပါဘူး။ ကိုယ်တို့ နယ်မြို့တွေမှာလိုပဲ ဆိုင်ခန်းတွေ စုနေတဲ့ နေရာပါ။ အဓိက electronics ပစ္စည်းတွေ၊ Handset ရောင်းတဲ့ ဆိုင်တွေ များပါတယ်။ Handset အသစ်ဝယ်စရာလည်း ပိုက်ဆံမရှိတော့ ဘာမှတော့ မဝယ်ဖြစ်ခဲ့ပါဘူး။ memory stick တစ်ခု ပျက်သွားတော့ ကျန်တဲ့ 512လေး တစ်ခုနဲ့ပဲ လုပ်နေပြီး အသစ်မဝယ်ဖြစ်သေးတာနဲ့ ခုတော့ ကျောင်းက စက်နဲ့ အခန်းထဲက စက်နဲ့ အကူးအသန်း လုပ်ဖို့ မရှိရင် မဖြစ်ဘူး ဆိုပြီး  4G တစ်ခုတော့ ဝယ်ခဲ့ရပါတယ်။ ဈေးကတော့ ပေါလည်းမပေါ၊ ကြီးလည်း မကြီး မြန်မာနိုင်ငံလောက်ပါပဲ။

Sector 17 မှာ ကြည့်စရာကုန်သွားတော့ ဟိုတယ်လည်း မပြန်ချင်သေးတာနဲ့ Sector 22 ကို တုတ်တုတ်လို့ ခေါ်ကြတဲ့ သုံးဘီးငှားသွားတော့ Shastri Market ကိုရောက်သွားပါတယ်။ 

ဗိုလ်ချုပ်ဈေးတို့ မင်္ဂလာဈေးတို့လိုပဲ ပိတ်ရက်မို့ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။ 
 အင်္ကျီတွေ ဆာရီတွေ၊ ဖိနပ်တွေ အိတ်တွေ၊ အဓိကရောင်းတဲ့ ဈေးကြီးပါ။ အဲဒါတွေကတော့ လောလောဆယ် ဝယ်ဖို့ စိတ်ကူးမရှိသေးလို့ window shopping ပဲလုပ်ခဲ့ပါတယ်။ ပြန်ကာနီးမှပဲ သူငယ်ချင်းတွေမှာတဲ့ ဆာရီစတွေ ဘာတွေ ဒီကိုပဲ လာရှာရမယ် ထင်ပါတယ်။ 

တစ်ဘက်ခြမ်းကို လျှောက်သွားတော့မှ စားစရာရောင်းတဲ့ ဆိုင်လေး ဘာလေး တွေ့ပါတယ်။ အအေးတစ်ခွက်စီ သောက်ပြီး ကုန်စုံဆိုင်တစ်ဆိုင်မှာ ဆန်နည်းနည်း ဝယ်ခဲ့ပါတယ်။ ကျောင်းပိတ်ရက်မှာ ဟိုတယ်ကလည်း ဝယ်မစားနိုင်တော့ နေ့ခင်းစာကို ကိုယ့်ဟာကိုယ် ခိုးချက်စားဖို့ပါ။ အခြောက်အခြမ်းတွေကတော့ အိမ်က ပါလာတယ်လေ။ ဒီနေ့ကတော့ ဝယ်စရာရယ်လို့ မည်မည်ရရ မရှိပဲ ပျင်းလို့ ဟိုဟိုဒီဒီ လျှောက်ပတ်တာ သက်သက်ပါ။ ပြန်ရောက်တော့ HBO နဲ့ Star Movies မှာလည်း ကြည့်ချင်စရာ မရှိတာနဲ့ အိပ်ပစ်လိုက်ပါတယ်။

တနင်္လာ နေ့မှာ သူငယ်ချင်းက laptop ကြည့်ချင်တယ် ဆိုတာနဲ့ ညနေ ကျောင်းအပြန်မှာ sector 15 နဲ့ sector 20 ကို သွားခဲ့ပါတယ်။ sector 20 မှာ သူ လိုချင်တဲ့ laptop တွေ့ပေမယ့် ငွေမလဲရသေးတာနဲ့ … နောက်လည်း နောက်ကျနေပြီ ဆိုတော့ hotel ကိုပဲ ပြန်လာလိုက်ကြပါတယ်။ အင်္ဂါနေ့ကျမှ sector 15 မှာ ငွေလဲပြီး sector 20 က laptop ဆိုင်ကို ပြန်သွားဝယ်ပါတယ်။ ကိုယ်လည်း ကိုယ့် laptop မှာ mouse မေ့ကျန်ခဲ့လို့ Logitech wireless mouse တစ်လုံး ဝယ်ခဲ့ပါတယ်။ ဈေးကတော့ မသက်သာပါဘူး။ မြန်မာနိုင်ငံနဲ့ အတူတူလောက်ပါပဲ။ လိုချင်တာကို လိုချင်တဲ့ အချိန်မှာ ဝယ်လိုက်ကြတာပါပဲ။

ကိုယ်အသုံးမကျလိုက်ပုံများ ပြီးခဲ့တဲ့ စနေနေ့က အပြင်ထွက်တုန်းကလည်း ဖုန်းကဒ် ရောင်းတဲ့ နေရာကို ရအောင် မရှာနိုင်ခဲ့ဘူး။ အဲဒါနဲ့ ဟိုတယ်မှာ လာရောင်းတာကိုပဲ ဝယ်တော့လည်း ပတ်စ်ပို့ မိတ္တူအပြင် ကျောင်းက ထောက်ခံတဲ့ letter မပါလို့ ဆိုပြီး ရစ်နေတာနဲ့… ဖုန်းကဒ်က ဝယ်ပြီးတာတောင် သုံးလို့မရသေးဘူး။ ညဘက် သူ့ကို သွားပြောတော့ မနက်ကျမှ ရမယ်တဲ့။ အဆင်မပြေချက်များတော့…။ တကယ်တော့ sector 15 ကိုသာ အရင်သွားမိရင် အဲဒီမှာ ကတ်ရောင်းတဲ့ ဆိုင်တွေ အများကြီးပဲ။ ပတ်စ်ပို့ မိတ္တူ ပြလိုက်ရုံနဲ့ ရတယ်လေ။ ကိုယ်က နဂိုတည်းက phone ကို crazy မဖြစ်တဲ့လူမို့ မရှိလည်း သိပ်တော့ အရေးမကြီးပါဘူး။ အိမ်ကတော့ ဖုန်းမဆက်လို့ဆိုပြီး စိတ်တိုနေကြတော့မယ်။

ခုထိတော့ ရှုခင်းကောင်းကောင်း ဘယ်နေရာကိုမှ သွားမလည်ရသေးဘူး။ နောက် သွားဖြစ်တော့မှပဲ ဓါတ်ပုံလေး ဘာလေး တင်ပါဦးမယ်။

သိင်္ဂါကျော်


30 August, 2010

သူစိမ်းပြင်ပြင်

အဲဒီအဖြစ်မှာ
ငါ့အပြစ်ရှိခဲ့တယ်ဆိုရင်တောင်
မင်းကို ချစ်မိတာတစ်ခုပဲ ဖြစ်မှာပါ၊
အစရဲ့အစမှာကတည်းက
ယုံကြည်လောက်တယ်လို့ထင်အောင်လည်း
မင်းကိုယ်တိုင်ပဲ ပြုစားခဲ့လေရဲ့။

ငါ့အတွက်တော့မင်းဟာ
နောက်ဆုံးအချစ်ရယ်လို့ သေချာနေတဲ့နောက်
မင်းအတွက်ငါဟာလည်း
နောက်ဆုံးပဲ ဖြစ်ချင်ခဲ့တာ
လောဘကြီးရာမကျပါဘူး။

အိပ်မက်ခြင်းတူမယ် မျှော်လင့်ရင်း
စိတ်ကူးထဲမှာ အရာရာရင်ဆိုင်လို့...
မင်းမကောင်းကြောင်း ပြောတယ်ဆိုရင်ပဲ
ငါ့အတွက် မခံမရပ်နိုင်ဖြစ်ရ နဲ့၊
မင်းဘက်က လျှို့ဝှက်ချက်တစ်စုံတစ်ရာ
ငါမသိတာ ရှိလိမ့်မယ် မထင်ခဲ့ဘူး။

သစ္စာကိုပဲ ကိုးကွယ်ချင်သူမို့
နောက်ကြောင်းမရှင်းတဲ့ ဇာတ်လမ်းတွေထဲက
မင်းသမီးလည်း မဖြစ်ချင်ခဲ့ဘူး။
မင်းဇာတ်လမ်းတွေ
သိသိကြီးနဲ့လည်း ဇွတ်မတိုးချင်ခဲ့ဘူး။
ဆက်ရန်မရှိသော ဇာတ်လမ်းမို့
ကိုယ့်လမ်းကိုယ် လျှောက်ကြရုံပါ
သူငယ်ချင်းလည်း မဖြစ်လိုပြီမို့
ခုတော့ ငါတို့က
သူစိမ်းပြင်ပြင်ပေါ့။

ငါ့သံယောဇဉ်တွေ
နောက်ထပ်တော့ လမ်းမှားအရောက်မခံနိုင်ဘူး၊
လမ်းတွေ့လည်း မခေါ်နဲ့တော့
ဖုန်းတွေလည်း မဆက်နဲ့တော့
Mail တွေလည်း block လုပ်လိုက်ပြီပဲ
ငါတို့က သူစိမ်းပြင်ပြင်ပါ။

သိင်္ဂါကျော်
26.8.2010
10:47 PM

(မည်သူ့ကိုမျှ မရည်ရွယ်ပါ၊ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ :P)