09 September, 2010

မြေလတ်သားရဲ့ ညများ


ကိုကျော်မောင်က တောသား၊ မသန်းသန်းနှင့် အကြောင်းပါပြီးမှ မြေလတ်ပိုင်းတွင်ပါသော ပြည်မြို့ကြီးသို့ ဆံထုံးနောက် သျှောင်ပါ ဆိုသလို ရောက်လာခြင်းဖြစ်သည်။ သူ့ရွာဖြစ်သော ကံမမှာလည်း မိဘတွေက ဘယ်သူမှမရှိတော့ချေ။ မသန်းသန်းမှာက အမျိုးများသည်။ အဖေရင်း အမေရင်း မရှိတော့သော်လည်း ဒေါ်ကြီး၊ ဒေါ်လေး၊ အစ်မကြီး၊ အစ်မငယ်၊ ဝမ်းကွဲ မောင်ကြီး တွေ ရှိသည်။ ကိုကျော်မောင်က မသန်းသန်းကို ချစ်မိတော့လည်း သူ့အမျိုးတွေနှင့် တည့်အောင် ကြိုးစားရသည်။ မသန်းသန်းတို့က မျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝလာသူတွေ ဖြစ်သည်။ လက်ရှိ ပွဲရုံလုပ်ငန်းကလည်း အောင်မြင်နေသည်။ ကိုကျော်မောင် ရောက်လာတော့ ပွဲရုံကို ဦးစီးသည် ဆိုသော်လည်း မသန်းသန်း အစ်မကြီးရဲ့ သြဇာကိုတော့ လိုက်နာရသေးသည်။ မသန်းသန်း၏ မောင်ဝမ်းကွဲ နှစ်ယောက်ကလည်း သူ့ကို သူငယ်ချင်းလို သဘောထားတယ် ဆိုသော်လည်း အမြဲတမ်းလိုပင် သူ့ကို အထင်သေးကာ အနိုင်ယူချင်ကြသူများ ဖြစ်သည်။ သို့ပေမယ့် ကိုကျော်မောင်က အောက်သက်ကြေသူ ဆိုတော့ ဘာပြဿနာမှ မရှိပါ။

ကိုကျော်မောင်နှင့် သန်းသန်းကနေ တစ်နှစ်ကြီး တစ်နှစ်ငယ် သမီးလေး နှစ်ယောက်မွေးသည်။ အစ်မကြီးနှင့် အစ်မငယ်ကလည်း အပျိုကြီးတွေဆိုတော့ တစ်အိမ်လုံးရဲ့ ဖူးဖူးမှုတ်ခံလေးတွေ ဖြစ်နေသည်။ ဒေါင်းဘယက် အကြီးကြီးတွေ ကြိုက်ရာရွေးဝတ်နိုင်သော၊ စိန်တွေကို ဇယ်တောက်ကစားနိုင်သော သူတို့မိသားစု၏ ခေတ်ကိုတော့ ကလေးနှစ်ယောက်က မှီရုံကလေး ဆိုသလို မှီလိုက်ပါသေးသည်။ အကြီးမက ပိုယောင်္ကျားဆန်သဖြင့် လက်ဝတ်လက်စားကို ငယ်ငယ်ကတည်းက စိတ်မဝင်စားပါ။ အငယ်မကတော့ အလှူသွားမည်ဆိုလျှင် ဒေါင်းဘယက်ဆွဲရသဖြင့် သိပ်သဘောကျသည်။
*******

နောက်ပိုင်းမှာ စီးပွားရေးက ကျချင်တော့ ပြည်မြို့မှာ မီး အကြီးအကျယ်လောင်သည်။ တစ်မြို့လုံးနီးနီး ကုန်ခဲ့သည်။ ကိုကျော်မောင်တို့ ပွဲရုံနှင့် အိမ် လည်း ပါသွားသည်။ လက်ဝတ်လက်စားများ အရယူနိုင်၍ တော်သေးသည်။ မီးခံတိုက် မဆောက်ခင် အတောအတွင်း တဲကြီးထိုး၍ ပွဲရုံလုပ်ငန်းကို ပြန်လုပ်ရသည်။ အလုပ်က သိပ်မကောင်းတော့ ကိုကျော်မောင်က ပဲတွေ နှမ်းတွေ တစ်ခြား မြို့များအထိ လိုက်ဝယ်ရသည်။ တစ်ဘက်ကမ်းသို့ မော်တော်နှင့် သွား၍ ဝယ်သည့်အခါ ဝယ်ရသည်။ တစ်ခါတုန်းကလည်း ကုန်ဖိုးရှင်းမည့် ငွေတွေနှင့် တစ်ခြားမြို့သို့ အသွား ကိုကျော်မောင်တို့ ကားကို ဓါးပြတိုက်ခံရသည်။ မှတ်မှတ်ရရ ဘယ်တော့မှ မမေ့မည့် အဖြစ်ပါ။ ကိုကျော်မောင်က သံဗုဒ္ဓေတွေကိုသာ အားကိုးတကြီး ရွတ်နေခဲ့သည်။ လိုက်ခံတုန်း ထည့်လိုက်သည့် ပိုက်ဆံအနည်းငယ်ကလွဲ၍ ဓါးပြတွေက သူ့ကို ထပ်မရှာပါ။ ကုန်ဖိုးငွေတွေ ဘာမှ ပါမသွားသဖြင့် မြတ်စွာဘုရား ဂုဏ်ကျေးဇူးပေပဲ ဟု ပိုပြီး သက်ဝင်ယုံကြည်မိသည်။

နောက်တော့ စစ်ကြီးဖြစ်လာသဖြင့် သူတို့မိသားစု တောရွာဘက်သို့ စစ်ပြေးရသည်။ ခေတ်ကြီးမကောင်းသဖြင့် ရှောင်ရတော့မယ် ဆိုကတည်းက အတွင်းပစ္စည်းတွေကို အိမ်ဝင်းအတွင်းမှာမြှုပ်သင့်တာမြှုပ်ရသည်။ သူတို့ အိမ်ဝင်းအတွင်းရှိ ရေတွင်းထဲသို့ သေတ္တာတစ်လုံးနှင့် မြှုပ်ပစ်ခဲ့သည်။ ဒါက ကိုကျော်မောင့် အကြံအစည်တော့ မဟုတ်။ မမကြီးနှင့် သူ့မောင် နှစ်ယောက်၏ အကြံသာဖြစ်သည်။ သူတို့ သွားနေမည့် ရွာသို့လည်း တစ်ချို့တစ်ဝက် သယ်သွားရင်း မြှုပ်ခဲ့ကြသည်။ သူတို့မိသားစုရဲ့ စီးပွားက အဲဒီကစ၍ ပျက်တာပဲဖြစ်သည်။

စစ်ပြီး၍ ပြန်လာသောအခါ သူတို့ မြှုပ်ထားခဲ့သော ပစ္စည်း အများစုကို ပြန်မရတော့ပါ။ မမကြီးမောင် အကြီးကလည်း အရက်တွေမူး၍ ဟိုဟိုဒီဒီ လျှောက်အော်တာလည်းပါသည်။ “ရေတွင်းထဲက ပစ္စည်းတွေက ငါတို့ ပစ္စည်းတွေနော်.. ဘယ်သူမှ မထိနဲ့.. ” ဆိုတာမျိုးတွေ...။ အဲဒီရေတွင်းထဲက သေတ္တာကတော့ စုံးစမြှုပ်စ လုံးဝပျောက်သွားသည်။ စစ်ကြီးအတွင်း သူတို့ ပစ္စည်းတွေ တော်တော်များများ ဆုံးရှုံးခဲ့ရသည်။ သူရှာထားသော ပစ္စည်းထက် သူတို့မိသားစု ဘိုးဘွားစဉ်ဆက် ပစ္စည်းတွေ ဖြစ်သဖြင့် ကိုကျော်မောင်အတွက်တော့ ဘယ်လိုမှ မနေပါ။ သူ့ခြေနှစ်ဘက် လက်နှစ်ဘက် ကောင်းနေသရွေ့ သူ့မိသားစုကို ရှာကျွေးနိုင်ပါသည်။ သို့သော် တကယ်တော့ ဘာပြောပြော ဒီအမွေအနှစ်က သူ့သမီးလေးတွေ အတွက်ပဲ ဖြစ်သဖြင့် နည်းနည်းတော့ နှမြောမိလေသည်။ အဲဒီနောက်တော့ ပြန်ရလိုက်သော အတွင်းပစ္စည်း အနည်းငယ်ထဲက တစ်ချို့တစ်ဝက်နှင့်ပင် စီးပွားရေးကို ပြန်စရသည်။ ကိုကျော်မောင်က အလုပ်မျိုးစုံလည်း စမ်းလုပ်သည်။ သိပ်တော့ အဆင်မပြေလှပါ။ မမကြီးတို့ကလည်း စိတ်ဓါတ်ကျဆင်းပြီး ဘာမှ အကြံမပေးနိုင်တော့ပါ။ သန်းသန်းမှာလည်း နောက်ထပ် ကိုယ်ဝန်ရှိနေသဖြင့် ဝေးဝေးလံလံ သို့ ကြာကြာသွားပြီးလည်း စီးပွားမရှာချင်ပါ။
*******

နောက်ထပ် ကိုကျော်မောင်ဘဝမှာ အဆိုးရွားဆုံး ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသည်ကတော့ သန်းသန်း ကလေးမွေးရင်း သွေးတက်၍ ဆုံးသွားခြင်းပဲ ဖြစ်ပါသည်။ တကယ်တော့ ကိုကျော်မောင် နှင့် သန်းသန်းက အိမ်ထောင်ဖက် အသက်မရှည် ဆိုသော “သောက” ကိန်း မိနေလျက်နှင့် လက်ထပ်ခဲ့ကြခြင်း မဟုတ်လား။ သန်းသန်း ဆုံးသွားတော့ ကလေးနှစ်ယောက်ကလည်း သုံးနှစ် နှင့် လေးနှစ် အရွယ် လူမမယ် ကလေးတွေ...။ သန်းသန်းမျက်နှာနှင့် နေရသော အိမ်မှာ ခုတော့ သူနှင့် ကလေးနှစ်ယောက်ပဲ ကျန်တော့သည်။ မမကြီးတို့ကလည်း သူ့ကို အားကိုးပါသည်။ ထို့အပြင် စိတ်လည်းမချပါ။ သူနောက်ထပ် အိမ်ထောင်ပြုမည်ကို သူတို့အားလုံးက စိုးရိမ်ကြပါသည်။ သန်းသန်း မရှိတော့သဖြင့် ဘာပဲဖြစ်ဖြစ် စိတ်နှင့် ဝေးဝေးလံလံ သွား၍ စီးပွားရှာချင်သော သူ့ကို သူတို့က ခွင့်မပြုကြပါ။ သူ အဝေးမှာ တစ်ခြား တစ်ယောက်နှင့် တွေ့သွားမှာကို စိုးရိမ်ကြသည်။ သို့သော် သူ့စိတ်ထဲမှာတော့ သန်းသန်းနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ပါ။ သုံးဆယ်ကျော်အရွယ်ကောင်းမို့ စပ်ဟပ်သူတွေကလည်း စပ်ဟပ်ကြပါသည်။ သို့သော် သူကတော့ သမီးနှစ်ယောက်မျက်နှာဖြင့်သာ တစ်ကိုယ်တည်း နေဖြစ်ခဲ့သည်။

အရင်တုန်းကမှ သူ့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားသော မမကြီးတို့က သန်းသန်းဆုံးပြီးမှ သူ့ကို ချုပ်ချယ်ကြသည်။ စီးပွားရေးတစ်ခုခု ခိုင်ခိုင်မာထူထောင်ဖို့ အရင်းအနှီး ထုတ်မပေးပါ။ သူ့ကို မယုံကြည်နိုင်တာက တစ်ခြားမဟုတ်ပါ။ သူ မလုပ်တတ်မကိုင်တတ်နှင့် ရှုံးမှာစိုးတာ တစ်ခုပင်။ အမျိုးသမီးတို့၏ ဦးနှောက်ခပ်သေးသေးနှင့် တွေး၍ ရှုံးမှာ စိုးတာနှင့်ပင် ရှိတာကို ထုခွဲ စားသောက်နေကြသည်။ သူတို့စိတ်ထဲ သူတို့မှာ ရှိသော ပစ္စည်းတွေက တစ်သက်မကုန်နိုင်ဟုများ ထင်နေသလားပင်။ သူတို့ထင်သလို သူတို့တစ်သက်တော့ ဖူလုံခဲ့ပါသည်။ မမကြီး၊ မမလေး တို့ ဆုံးပြီးနောက် ကိုကျော်မောင်တို့ သားအဖ သုံးယောက်ထဲ ကျန်ချိန်မှာတော့ အတွင်းပစ္စည်းအားလုံးက ကုန်ခမ်းခဲ့ပါပြီ။ သမီးလေး နှစ်ယောက်ကို ကျောင်းထားဖို့ကိုပင် ကိုကျော်မောင်မှာ မနည်းကြိုးစားရသည်။ စီးပွားရေးတစ်ခုခု စလုပ်ဖို့လည်း ငွေကြေးကမပြည့်စုံတော့ပါ။ ရှိသည့် ငွေထည်ပစ္စည်း၊ ကြေးထည်ပစ္စည်းလေးတွေ ရောင်းချရင်း အသက်ဆက်ရသည်။ ရွှေထည်ဆိုတာတော့ မူးလို့ ရှုဖို့ပင် မရှိတော့ပါ။ သူတို့ ယခုနေနေသည့် တိုက်မှာ အခန်းလေးခန်းစာ ရှိသည့်အနက် အခန်းနှစ်ခန်းကလည်း ပြည်သူပိုင်သိမ်းခံလိုက်ရသည်။ ဒီလိုနှင့်ပဲ ရရာအလုပ်ကလေးတွေ လုပ်ရင်း ရှိတာလေးတွေ ရောင်းစားရင်း သမီးနှစ်ယောက်ကို တက္ကသိုလ်ပို့ရသည်။

သမီးတွေ ကြီးလာတော့ ကိုကျော်မောင်အပေါ် အနိုင်ယူလွန်းသည့် သန်းသန်း၏ မောင်ဝမ်းကွဲနှစ်ယောက်နှင့်လည်း အဆက်ပြတ်သွားသည်။ သန်းသန်းဘက်က တစ်ချို့အမျိုးတွေနှင့်လည်း အဆက်ပြတ်သွားသည်။ ကိုကျော်မောင်ကတော့ လူတကာကို အလျော့ပေးချင်သည်။ သူကလည်း ပညာလည်း မတတ်သည့် တောသား မဟုတ်လား။ သို့ပေမယ့် သမီးနှစ်ယောက် အရွယ်ရောက်လာတော့ မရတော့။ သူ့သမီးနှစ်ယောက်က ထက်မြက်သည်။ ဒီအဖေက ခုချိန်ထိ မုဆိုးဖိုဘဝ တစ်ယောက်တည်းနှင့် သမီးနှစ်ယောက်ကို လူလားမြောက်အောင် မွေးမြူလာတာကိုလည်း ဂုဏ်ယူသည်။ အဖေကို အထင်သေးလျှင် ဘယ်သူ့ကိုမှ မခံ။
*******
ကိုကျော်မောင် အတွက် ဒုတိယအကြိမ် ဆုံးရှုံးမှုကြီးဟု ခံစားမိသည်က သမီးငယ် အိမ်ထောင်ကျသွားသော အချိန်။ သူများလို တင့်တောင့်တယ်တယ် ထိုက်ထိုက်တန်တန် ဆိုလျှင်တော့ သမီးကို နှမြောသော်လည်း သူ ဒီလောက်ထိ ခံစားချင်မှ ခံစားရမည်။ ယခုတော့ မဟာဝိဇ္ဇာတက်နေသော သူ့သမီးက ဘွဲ့တစ်ခုမှ ပြီးဆုံးအောင် မရခဲ့သော ဖဲသမား အရက်သမား ကျောင်းသားနှင့် ဖြစ်ပျက်လာခဲ့သည်။ ရုပ်ရှင်တွေထဲက အမေတွေလို အတင်းခွဲပစ်တာ၊ မိဘသဘောတူသူနှင့် အတင်းပေးစားတာမျိုးလည်း သူမလုပ်တတ်ပါ။ သမီးကိုလည်း စိတ်ချမ်းသာစေချင်သည်။ သမီးကို ဟင်းရွက်ကန်စွန်းရွက်လို အပိုင်ကြံခံရပြီးမှတော့ အဖေတစ်ယောက်အနေနှင့် မပေးစား၍ ရတော့မတဲ့လား။

သမီးကြီးကတော့ ငယ်ငယ်ကတည်းက ယောင်္ကျားလေး ဆန်သလို တက္ကသိုလ်မှာလည်း ရည်းစားတစ်ယောက်မှမထားခဲ့။ အိမ်ထောင်ပြုဖို့လည်း စိတ်မကူးသူမို့ စိတ်ချရသည်။ သမီးငယ်ရဲ့ ကံမကောင်းသော အိမ်ထောင်ရေးအတွက်သာ ကိုကျော်မောင်မှာ ပူပင်နေရသည်။ သူထင်သည့်အတိုင်းပင် သမက်တော်က အိမ်ထောင်ကျပြီးလည်း အချိုးကမပြောင်း။ အလုပ်ဆို ဘာမှ မည်မည်ရရမရှိ။ မရှိတာဆို လုပ်ကို မလုပ်သူ ဖြစ်သည်။ သမက်ရဲ့ အိမ်ကလည်း အိမ်ထောင့်တာဝန် မကျေသော သူတို့သားအတွက် ဘာမှ မထောက်ပံ။ မျက်နှာလွှဲ ခဲပစ်နေသည်။ ကိုကျော်မောင်ကလည်း သမက်ကို စီးပွားရေးလုပ်ပါ ဆိုပြီး အရင်းအနှီးလည်း ထုတ်မပေးနိုင်။ အဲလို လုပ်မပေးနိုင်သည့်အတွက်လည်း သူအသုံးမကျ၍ဟု ကိုကျော်မောင်က ခံစားနေရပြန်သည်။ အလုပ်မရှိ မိန်းမအိမ် တက်နေရသဖြင့် မိန်းမကို ကြင်ကြင်နာနာရှိသလား ဆိုတော့လည်း မရှိချေ။ ဒီအိမ်က အဖေနဲ့ အစ်မ ရှိနေသောကြောင့်သာ မိန်းမကို မနှိပ်စက်ပေမယ့် ကိုကျော်မောင့် မျက်စိထဲ နည်းနည်းမှ အချိုးပြေသူ မဟုတ်ချေ။ ဒီလိုနဲ့ပဲ ကိုကျော်မောင်မှာ မြေးငယ်တစ်ယောက်ရလာသည်။

ထိုမြေးလေးက ကိုကျော်မောင်အတွက် သမီးနှစ်ယောက်အပြင် သံယောဇဉ်အသစ်ကလေး တိုးပွားလာခြင်းပင် ဖြစ်သည်။ ထိုမြေးမလေးကို ကိုကျော်မောင် ပိုပြီး အချစ်ပို စရာ အကြောင်း တစ်ခုကလည်း ရှိသေးသည်။ မြေးမလေး မမွေးခင် ဗေဒင် သွားမေးကြတော့ သမီး မိန်းကလေး ဖြစ်မည်၊ သူ့အဘွား ဝင်စားတာဖြစ်မည် ဟု ဟောသည်။ အဲဒီအချိန်ကတော့ အာထရာဆောင်းတွေ ဘာတွေ မရှိသေး။ ဗေဒင်ဆရာ အပြောနှင့်ပဲ မိန်းကလေးဟု မျှော်လင့်ခဲ့ကြတာပင်။ မွေးလာတော့ တကယ်ပင် သမီးမိန်းကလေး၊ သောကြာသမီးလေး ဖြစ်နေသည်။ သန်းသန်းကလည်း သောကြာသမီးပဲလေ။ သမီးလေး ကြီးလာတော့လည်း သန်းသန်းနှင့် တူတာတွေ ရှိလာသည်။ လက်ဖက်ရည် ကြိုက်တာ၊ ခရမ်းသီး မကြိုက်တာ.. စသဖြင့်...။ တစ်ခြား လူဝင်စားတွေလို အတိတ်ဘဝအကြောင်း ဘာမှ ပြန်ပြောတာတော့ မရှိခဲ့ပေမယ့် ကိုကျော်မောင်ကတော့ သန်းသန်း ပြန်ဝင်စားတာလို့ ယုံကြည်ခဲ့သည်။
*******

သမီးငယ်က ကိုကျော်မောင်နှင့် သူ့အစ်မကို သူတို့အိမ်ထောင်ရေး ခွဲသူအဖြစ် အပြစ်မြင်နေသော်လည်း တကယ်တော့ ကိုကျော်မောင်တို့က ဘာမှလုပ်ခဲ့ရတာ မဟုတ်ပါ။ သူတို့ဘာသာ သူတို့ အဆင်မပြေသဖြင့် ကွာရှင်းခဲ့ကြခြင်းသာ ဖြစ်သည်။ ကိုကျော်မောင်တို့က ကိုယ့်ခံစားချက်ကိုယ် ပြောပြခဲ့ကြခြင်းလောက်သာ ရှိသည်။ ဘာပဲဖြစ်ဖြစ် ၆လသာ ရှိသေးသော မြေးလေး အတွက် စိတ်မကောင်းသော်လည်း ထိုယောင်္ကျားနှင့် ကွဲကွာသွားသည့် သမီးဖြစ်သူ အတွက်တော့ ဝမ်းသာသည်။

သမီးနှစ်ယောက်ကို မိထွေးနှင့် မထားလိုသဖြင့် နောက်ထပ် အိမ်ထောင်မပြုခဲ့သော ကိုကျော်မောင်သည် မြေးလေးကိုလည်း ပထွေးပဲဖြစ်ဖြစ်၊ မိထွေးပဲဖြစ်ဖြစ် မရစေလိုပါ။ သမီးငယ်က စိတ်ကစားလိုသူပီပီ သုံးဆယ်ကျော်အရွယ်မှာ နောက်ထပ် ကလေကချေ ခပ်ငယ်ငယ် ကောင်လေး တစ်ယောက်နှင့် ဘာလိုလို ဖြစ်လာသော အခါ ကိုကျော်မောင်နှင့် သမီးကြီးမှာ စိတ်ပူရပြန်သည်။ သမီးငယ်က တက္ကသိုလ်ဆရာမတစ်ယောက်သာ ဖြစ်နေသော်လည်း စိတ်ဓါတ်ကတော့ မရင့်ကျက်သေးသူသာ။ သူ့ကို နောက်ထပ် မတော်တာနှင့် ဖြစ်သွားပြီး မြေးလေးမှာ ပထွေးတစ်ယောက် တိုးလာမှာကို တော့ ကိုကျော်မောင်ရော သမီးကြီးပါ ဘယ်လိုမှ လက်မခံနိုင်ပါချေ။ အဲဒါကြောင့်လည်း နောင်တရပြီး အချိုးပြင်နေပါပြီ ဆိုသည့် သမက်ဟောင်းရဲ့ စကားကို လက်ခံပြီး သူတို့နှစ်ယောက်ကို ပြန်ပေါင်းဖို့ စီစဉ်ပေးလိုက်ရသည်။

စီးပွားရေးက ခိုင်ခိုင်မာ မလုပ်နိုင်။ သမီးနှစ်ယောက်ရဲ့ ဝန်ထမ်း လစာလေးနဲ့ မလောက်မင နေရသောဘဝမှာ အကြွေးတွေက ထပ်လာသည်။ ပြည်သူပိုင် သိမ်းခံထားရာမှ ပြန်ရလာသော ဘေးဘက် နှစ်ခန်းကိုလည်း ငှားထားရာမှ ရောင်းစားလိုက်ရသည်။ အရင်လောက် မဆိုးတော့သော သမက်တော်မှာလည်း အလုပ်အကိုင်က ခုထိ မရှိသေးတော့ ဘာမှ အထောက်အပံ့မရ။ မိသားစုကို ပေးချင်စိတ် ရှိသည် ဆိုပြီး သုံးလုံးတွေ ထိုးရုံအပြင် တစ်သက်လုံးလည်း အလုပ် လုပ်မည့်ပုံမပေါ်ပါ။ သူများတွေက ကိုကျော်မောင်ကိုလည်း အလုပ်မရှိ အကိုင်မရှိ ရှိတာတွေ ထိုင်ရောင်းစားနေသူ ဟု ပြောချင်ပြောနိုင်သော်လည်း ကိုကျော်မောင်က အခြေအနေမပေးသဖြင့်သာ မလုပ်ခဲ့ရခြင်း ဖြစ်သည်။ အလုပ်လုပ်ချင်စိတ်ကတော့ အပြည့်အဝရှိခဲ့သည်။ ခုသမက်ကတော့ ဒီလို မဟုတ်ပါ။ ချဲအကြီးအကျယ် ပေါက်တုန်း တစ်ခါသာ ထောက်ပံ့ဖူးသည်။ မြေးလေး၏ ပညာရေးကိုလည်း ကိုကျော်မောင်တို့ ဘက်ကသာ ထောက်ပံ့ရတာ ဖြစ်သည်။

စားဖို့သောက်ဖို့တောင် အနိုင်နိုင် ဖြစ်နေသော ဘဝမှာ မြေး၏ တက္ကသိုလ် စားရိတ်ကိုလည်း ထောက်ပံ့ရသေးသည် ဖြစ်ရာ ကိုကျော်မောင်မှ ဦးကျော်မောင် ဖြစ်လာသော သူ့အတွက် ကျန်းမာရေး ဘာညာ ဆိုတာက အမြဲတမ်းလည်း စစ်ဆေးမနေနိုင်ပါ။ ဗိုက်အောင့်တာ ရင်ပြည့်တာလောက်ကတော့ ဆေးမြီးတိုနှင့်ပဲ နှစ်ပါးသွားဖြစ်တာပါ။ မြေးမလေး ပညာစုံပြီး အခြေတကျ ဖြစ်တာကို မြင်ပြီးမှသာ ဒီလောကကြီးထဲက ထွက်ခွာရလိမ့်မည်ဟု ထင်ခဲ့သော်လည်း...။ သူ့မှာ ကုသမရနိုင်မည့် ရောဂါ တစ်စုံတစ်ခု အမြစ်တွယ်နေပြီ ဆိုတာ သိလိုက်ရသောအခါ...။
*******

ဘဝဆိုတာက မျှော်လင့်မထားတာတွေလည်း ဖြစ်လာနိုင်သော အရာ ဖြစ်သည်ကို သူမေ့နေခဲ့သည်။ လူဆိုတာ သေမျိုးဆိုတာလည်း သူမေ့လျော့နေခဲ့သည် ထင်သည်။ ဒီဘဝထဲက ထွက်ခွာသွားရတော့မည် အချိန်မှာ သူစဉ်းစားမိသည်က သူ့အတွက် ဘာတွေ ယူဆောင် သွားရမလဲ...။ ဒီဘဝထဲမှာ သူနှင့် ပတ်သက်ပြီး ဘာတွေ ကျန်နေမလဲ...။

ဒီဘဝထဲ သူနှင့် ပတ်သက်ပြီး ကျန်နေစရာတော့ ဘာမှမရှိပါ။ သူက ထင်ကျန်ရစ်စရာ ဘာမှ လုပ်ကိုင်ခဲ့သူမဟုတ်။ အညတတြ တောသားတစ်ယောက်သာ ဖြစ်သည်။ ယူဆောင်သွားစရာတော့ လက်ဗလာ မဟုတ်လောက်ဟု ထင်သည်။ သူ လူလတ်ပိုင်းလောက်တုန်းက ပုတီးစိပ် အဓိဌာန်တာတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ဖူးသည်။ အလှူကတော့ များများစားစား မရှိပေမယ့် တတ်နိုင်သလောက်တော့ လှူခဲ့ဖူးတာပေါ့။ အသက်ကလေး ရလာတော့ ဝိပဿနာကို စတင် မြည်းစမ်းကြည့်ခဲ့သည်။ ဒါတွေက အပယ်တံခါးတော့ ပိတ်နိုင်လောက်သည်ဟု ထင်ရသည်။

သို့သော် သမီးငယ်နှင့် မြေးမငယ် ကို စိတ်မချနိုင်...။ သမီးကြီး အပျိုကြီးကိုလည်း စိတ်မချနိုင်...။ ဒီလိုနဲ့ပဲ.. သူ့အတွက် နောက်ထပ်လာမယ့် ညတွေ နည်းသထက်နည်းလာပြီ ကို သိနေသည်။ ထို့နောက် သိစိတ်နှင့် မသိလောက်သည့် ညများဆီသို့..။ ထို့နောက်တော့... နောက်ထပ် ကမ္ဘာတစ်ခုဆီသို့....။

(အဘိုးအတွက် အမှတ်တရ...)

သိင်္ဂါကျော်

14 comments:

Sonata Cantata said...

ဘ၀တွေ ဘ၀တွေ...

မေဓာဝီ said...

ကွန်မန့်ပေးထားတာ ပျောက်သွားတယ်တော့။ ဆားဗစ် အန်အဗေးလေးဘဲ ဆိုပြီး။
ရေးထားတာတွေနှမြောလိုက်တာ။
ဒီဇာတ်လမ်းက လုံးချင်းဝတ္ထုရေးလို့ရတယ်လို့ အစချီပြီး ရေးထားတာ ... ။ အကုန် မှတ်မိတော့ဘူး။

ရွှေရတုမှတ်တမ်း said...

ဖတ်လို့ကောင်းတဲ့ ဇတ်လမ်းအကျဉ်းပါပဲ ..သေချာဇတ်အိမ်ကို ဖွဲ့မယ်ဆိုရင် ဝတ္ထုတအုပ်တော့ရတယ်...

flowerpoem said...

ဖတ်လို့ကောင်းတယ် မသိင်္ဂါ ဇာတ်သိမ်းသွားပြီပေါ့နော်.

မြစ်ကျိုးအင်း said...

လူတစ်ယောက်ရဲ့ ဘဝတလျှောက်လုံးကို ၁၀ မိနစ် မပြည့်ဘဲ ဖတ်ရတော့ မောသွားတယ်။

ကိုဇော် said...

ဒါပေါ့...
ဘဝဆိုတာ မထင်တာတွေ ဖြစ်လာတတ်တာပဲ။
အဲ. . နောက်ပြန်ဆုတ်လို့တော့ မရဘူးနော်။

SHWE ZIN U said...

စိတ်ဝင်စားစွာ ဖတ်သွားတယ်
ကောင်းစ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတစ်ယောက်ရဲ့ဘ၀ကို စလယ်ဆုံး ဇာတ်လမ်းသေချာရေးမယ်ဆို သင်ခန်းစာယူစရာ၊ အားကျစရာ၊ လေးစားစရာ၊ သံဝေဂ ရစရာ၊ မောပန်းစရာတွေနဲ့ ရသမျိုးစုံကို ပေးနိုင်တယ်နော်
မှန်ပါတယ်.. ဘ၀ဆိုတာ တသမတ်တည်းမှ မဟုတ်တာကိုး နိမ့်မြှင့်တက်ကျ ရှိသလို ပျော်ရ ငိုရ ဘ၀တစ်ခုထဲမှာကို ခံစားချက်တွေက စုံလှတယ်နော်..

ကိုအောင် said...

ဖတ်လို့ အရမ်းကောင်းတယ်။

နေ့အိပ်မက် said...

ဝတ္ထုလား အောက်မေ့နေတာ၊ အဘိုးသို့ဆိုတာ မြင်လိုက်တော့ စိတ်ထဲမှာ ဟာခနဲ ဖြစ်သွားတယ်။ ဟုတ်တယ်.. ၀တ္ထုရှည်ရေးသင့်တယ်။ :)

ဒါနဲ့ ဆံထုံးနောက် သျှောင်ပါလို့ ပေါင်းတာဟုတ်

လသာည said...

ဝတ္တုလေးက အရေးအဖွဲ့ကောင်းတော့ တကယ့်ကို စိတ်ကိုမောသွားတာပဲ။ ဖတ်ကောင်းတယ်။ အဖိုးအတွက် အမှတ်တရ ရေးပေးတာလား ..

Cameron said...

်ဟုတ်တယ်...င်္ညီမရေ... စာအုပ်ထုတ်ဖို့ကောင်းတယ်...။

ခင်တဲ့
မိုးငွေ့

မောင်သီဟ said...

အကျယ်လေးရေးရင်လည်း လာဖတ်မယ်ဗျို့
အရေးသားလေးစားလျှက်ပါ...

အင်ကြင်းသန့် said...

သြော်....ဘ၀ဆိုတာ ဒီလိုပဲလား....။