22 September, 2010

သုံးကြိုးတပ် တယော

                                                                                                                                                   
နိုဝင်ဘာ ၁၈ ရက် ၁၉၉၅။ တယောဆရာ Itzhak Perlman ဟာ နယူးရော့ခ်မြို့ လင်ကွန်း Center က Avery Fisher Hall က စတိတ်ခ်ျ ပေါ်ကို လာခဲ့ပါတယ်။


ခင်ဗျား ပါးလ်မန်း ရဲ့ ပွဲကို ကြည့်ဖူးရင် စတိတ်ခ်ျ ပေါ်ကို သူရောက်လာတာ သူ့အတွက် နည်းနည်းနောနော အောင်မြင်မှု မဟုတ်ဘူးဆိုတာ ခင်ဗျား သိမှာပါ။ သူဟာ ကလေးဘဝတုန်းက ပိုလီယို ဖြစ်ခဲ့ဖူးလို့ ခြေနှစ်ဖက် စလုံး မသန်စွမ်းပဲ ချိုင်းထောက်နဲ့ သွားလာရသူပါ။ သူ စင်မြင့် ပေါ်ကို တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လာတာကို မြင်ရတာ နာနာကျင်ကျင် နှေးနှေးကွေးကွေးနဲ့ပါ။

သူ့ရဲ့ ထိုင်ခုံကို ရောက်တဲ့အထိ နာကျင်စွာနဲ့ လျှောက်လာပါတယ်။ အဲဒီနောက် ချိုင်းထောက်နှစ်ခုကို အောက်ချပြီး သူ ဖြည်းဖြည်းပဲ ထိုင်လိုက်ပါတယ်။ သူ့ခြေထောက်နှစ်ချောင်းကို အဆင်ပြေပြေဖြစ်အောင် နေရာချပါတယ်။ အဲဒီနောက် တယောကို ကောက်ကိုင်၊ ပခုံးပေါ်မှေးလို့ သူ့မေးအောက်နားမှာ ချလိုက်ပြီး တီးဝိုင်းခေါင်းဆောင်ကို ခေါင်းညိတ်ပြလို့ တီးခတ်ဖို့ ပြင်ပါတယ်။

အခုတော့ ပရိတ်သတ်တွေဟာ ဒီလို ပြင်ဆင်မှုမျိုးနဲ့ အသားကျသွားပါပြီ။ စင်မြင့်ပေါ်ကို သူ လျှောက်လာတုန်းကလည်း သူတို့ဟာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေခဲ့ပါတယ်။ သူ့ခြေထောက်နှစ်ချောင်းကို အဆင်ပြေအောင် ထိုင်တုန်းကလည်း သူတို့ တိတ်ဆိတ်နေခဲ့ပါတယ်။ သူတို့ဟာ သူ တီးခတ်ဖို့ အဆင်သင့် ဖြစ်တဲ့ အထိ စောင့်နေကြပါတယ်။

ဒီအချိန်မှာတော့ တစ်ခုခု မှားယွင်းသွားပါပြီ။ သူ နည်းနည်းလောက် အသံစမ်းပြီးချိန်မှာ တယောကြိုးတစ်ချောင်းဟာ ပြတ်သွားပါတော့တယ်။ အခန်းထဲမှာ သေနတ်သံလို ကျယ်လောင်သွားတဲ့ အဲဒီ အသံကို ခင်ဗျား ကြားနိုင်မှာပါ။ ဒီ အသံရဲ့ အဓိပ္ပါယ်က အမှားတစ်ခု မဟုတ်ခဲ့ပါဘူး။ သူလုပ်ခဲ့တဲ့ အရာဟာ အမှားတစ်ခု မဟုတ်ခဲ့ပါဘူး။

သူထသွားပြီး  စင်မြင့်ပေါ်က ဆင်းမယ်၊ တစ်ခြား တယောတစ်ခု ဒါမှမဟုတ် ကြိုးတစ်ချောင်းရှာလိမ့်မယ် လို့ ကျွန်တော်တို့က ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူ အဲဒီလို မလုပ်ခဲ့ပါဘူး။ သူ့မျက်လုံးတွေကို မှိတ်ပြီး ခဏလောက် စောင့်တယ်။  နောက် တီးဝိုင်းခေါင်းဆောင်ကို စဖို့ အချက်ပြလိုက်ပါတယ်။

တီးဝိုင်း စတင်ပါပြီ။ သူက သူ့မှာ ကျန်သလောက်နဲ့ပဲ တီးခတ်ခဲ့ပါတယ်။ အဲဒီနောက် သူတီးခဲ့သမျှဟာ သူတို့ အရင်က မကြားဖူးခဲ့တဲ့ စိတ်လှုပ်ရှားစရာကောင်းပြီး တန်ခိုးရှိတဲ့ သန့်စင်တဲ့ တေးသွားများ ဖြစ်ခဲ့ပါတယ်။

တယောကို ကြိုးသုံးချောင်းတည်းနဲ့ တီးခတ်ဖို့ မဖြစ်နိုင်ဘူးလို့ လူတွေ သိထားကြတာပါ။ ခင်ဗျားလည်း သိတယ်။ ကျွန်တော်လည်း သိတယ်။ ဒါပေမယ့် ဒီညတော့ ပါးလ်မန်း က ဒါကို မသိဘူးလို့ ငြင်းဆန်လိုက်ပါပြီ။

ခင်ဗျား သူ့ကို မြင်နိုင်ပါတယ်… ပြောင်းလဲနေတဲ့… အသစ်ဖွဲ့စည်း ပေါင်းစပ်ထားတဲ့… သူ့ခေါင်းထဲက အရာတွေကိုလေ။ ဒီအရာကတော့ သူတို့တစ်ခါမှ မကြားဖူးတဲ့ အသံအသစ်တွေ ရအောင် ကြိုးတွေကို ပြန်ညှိထားတဲ့ ပုံပါပဲ။

သူ ပြီးသွားတဲ့ အခါမှာ အခန်းထဲမှာ တိတ်ဆိတ်သွားတယ်။ အဲဒီနောက်တော့ လူတွေဆီက ချီးကျူးသံတွေ ညံသွားတယ်။ အခါတိုင်းနဲ့ မတူတဲ့ လက်ခုပ်သံတွေ သောင်းသောင်းဖြဖြ ထွက်လာတယ်။ ကျွန်တော်တို့ အားလုံး ထရပ်ကြပြီး သူလုပ်သွားတာကို သြဘာပေးဖို့ လုပ်လို့ ရတာ မှန်သမျှ လုပ်ကြတော့တယ်။

သူ ပြုံးလိုက်တယ်။ ကျွန်တော်တို့ကို ငြိမ်အောင် အချက်ပြတယ်၊ ပြီးတော့ သူက ပြောတယ်။ အကျယ်ကြီး မဟုတ်ပေမယ့် တည်ငြိမ်ပြီး ရင်ထဲက နက်နက်ရှိုင်းရှိုင်း လာတဲ့ အသံမျိုးနဲ့…။
“ခင်ဗျားတို့ သိလား၊ တစ်ခါတလေမှာ ဂီတပညာရှင် တစ်ယောက်ရဲ့ အလုပ်က ခင်ဗျားမှာ ကျန်သလောက်ကလေးနဲ့ တေးဂီတတွေ ဘယ်လောက်များများ ဖန်တီးနိုင်မလဲ ဆိုတာကို ရှာဖွေဖို့ပဲဗျ”

ဘယ်လောက်ကောင်းတဲ့ စကားပါလဲ။ အဲဒီလို ကြားရတဲ့ အချိန်ကစပြီးတော့ ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်း ရှိနေခဲ့တယ်။ ဘယ်သူ သိနိုင်မှာလဲ။ အဲဒါ ဘဝရဲ့ အဓိပ္ပါယ်ပဲ။ ဂီတပညာရှင် တစ်ယောက် အတွက်မှ မဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးအတွက်ပါပဲ။

ဒီလူဟာ သူ့ဘဝ တစ်လျှောက်လုံး ကြိုးလေးကြိုး ရှိတဲ့ တယောနဲ့ ဂီတတွေ ဖန်တီးခဲ့တယ်။ ခုတော့ ရုတ်တရက် ပွဲတစ်ပွဲရဲ့ အလယ်ကျမှ ကြိုးသုံးကြိုးတည်းနဲ့ ဘယ်လို ဂီတမျိုး ဖန်တီးရမလဲ ဆိုတာ သူ့ဟာသူ ရှာတွေ့ခဲ့တယ်။ ဒီည ကြိုးသုံးကြိုးတည်းနဲ့ သူဖန်တီးခဲ့တဲ့ ဂီတက ကြိုးလေးကြိုး နဲ့တုန်းက သူလုပ်ခဲ့ဖူးသမျှထက် ပိုပြီး လှပတယ်။ ပိုပြီး ကြောက်မက်ဖွယ်ကောင်းတယ်။ ပိုပြီး အမှတ်ရစရာ ဖြစ်စေတယ်။

အဲဒါကြောင့်.. ကျွန်တော်တို့ နေထိုင်တဲ့ ဒီလို မတည်ငြိမ်တဲ့ အပြောင်းအလဲမြန်လှတဲ့ ရှုပ်ထွေးတဲ့ လောကကြီးထဲမှာ ကျွန်တော်တို့ရဲ့ အလုပ်ကလည်း တေးဂီတ ဖန်တီးသလိုပါပဲ။ ပထမဆုံး ကျွန်တော်တို့မှာ ရှိသမျှနဲ့ တေးဂီတဖန်တီးကြတယ်…၊ အဲဒီနောက်.. ရှိတာတွေက ကြာကြာမတည်မြဲနိုင်တဲ့အခါ ကျွန်တော်တို့မှာ ကျန်သမျှနဲ့ပဲ တေးဂီတ ဖန်တီးကြဖို့ပဲပေါ့။

Three Stringed Violin by Author Unknown
Itzhak Perlman ရဲ့ ပုံတွေကိုတော့ Google ကနေ ရှာပြီး ထည့်ထားပါတယ်။

သိင်္ဂါကျော်



14 comments:

မေပယ်လ် said...

စာအုပ်တစ်ခုမှာ ဖတ်ဖူးခဲ့ပေမယ့်
ဘာသာပြန်ပုံလက်ရာမတူတဲ့ အတွက် အရသာလေးကတော့
တစ်မျိုးလေးနဲ့ စိတ်ဓာတ်ခွန်အားကို ပြန်ပေးစွမ်းနိုင်ခဲ့တယ်.ကျေးဇူး

ဝေလင်း said...

သိပ်မှန်တာပဲဗျာ..။ သိပ်ကောင်းတယ်..။ ကျွန်တော်တို့မှာ ကျန်တာလေးတွေနဲ့ပဲ ဖန်တီးကြရမှာပါပဲ..။

ကိုဇော် said...

ကြည့်စမ်း။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ မနေ့ကပဲ စာအုပ် အဟောင်းတွေထဲက ဆရာ အတ္တကျော် စာအုပ်ကို ဖတ်လို့ ဒါလေးကို ပြန်ဖတ်မိသေးတယ်။ ဘာသာပြန်တဲ့ ဟန်မတူတော့လည်း အယူအဆသစ်လေးကို မြင်ရတာပေါ့ဗျာ။ ဒီစာလေးက တော်တော် ကောင်းပါတယ်။

လင်းဒီပ said...

ကြိုးသုံးကြိုးနဲ့ တီးဖို့ကြုံလာတဲ့ အခါ တွေဝေမနေဘဲ ရှေ့ဆက်ရဲဖို့ပါပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်မှာရှိတဲ့ကြိုးတွေအဖြတ်ခံရတဲ့အခါ ကျန်နေတဲ့ကြိုးတွေနဲ့ အလှဆုံးတေးသွားကို ဖန်တီးနိုင်ဖို့ လိုတယ်..

ရွှေရတုမှတ်တမ်း said...

ပါရမီရှင်ပါပဲဗျာ..
ရှိတာနဲ့ လှလှပပ တင်ပြနိုင်တာ..လွယ်မှတ်လို့

ရွှေရတုမှတ်တမ်း said...

အင်း..ရှိတာနဲ့ လှလှပပ တင်ပြနိုင်ဖို့ဆိုတာ လွယ်မှတ်လို့

SHWE ZIN U said...

ရှိသမျှ နဲ့ အကောင်းဆုံးလုပ်သွားနိုင်တာ တော်လိုက်တာ


မျှဝေခြင်းအတွက်ကျေးဇူးပါ
ရွှေစင်ဦး

လသာည said...

အားကျမှတ်သားစရာ တကယ်ကောင်းပါတယ်။ သဘောလည်း ကျမိတယ်။

ဘာသာပြန် တင်ပြ မျှဝေးပေးတာ အရမ်းကျေးဇူးနော်။

ကိုကိုးအိမ် said...

တယောကို ကြိုးသုံးကြိုးနဲ့ ထိုးတယ်ဆိုလို့ ဘယ်လိုပါလိမ့် လို့ ဖတ်ကြည့်မိမှ တကယ်လေးစားသွားတယ်။ ကိုးဆိုရင်တော့ သုံးကြိုးနဲ့ တစ်ဘားတောင်ပြည့်အောင် ထိုးနိုင်ပါ့မလား

မြသွေးနီ said...

ပြည့်စုံမှုနဲ့ ဖန်တီးတာထက်..
ရှိတာလေးနဲ့ ရအောင် ဖန်တီးသွားတာမှ..
ဖန်တီးရှင်အစစ်။

မယ်ကိုး said...

မျှဝေပေးတာ ကျေးဇူးပါနော် မ။

~ဏီလင်းညို~ said...

ဒီစာလေး........ခုမှဖတ်ဖူးတယ်......။
ဖတ်ခွင့်ရလို့ ကျေးဇူးပါ.......မသိင်္ဂါ.......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

blackroze said...

ပြည့်စုံအောင်မရှိဘူးဆိုပြီး
စိတ်ပျက်အားငယ်နေမဲ့အစား..ရှိတာလေးနဲ့
အဆင်ပြေအောင်လည်းရင်ဆိုင်တတ်ရမယ်..