18 February, 2010

လရဲ့အဝေး



အဲဒီတစ်ချိန်ကတော့

သူ့အရိပ်ကို
ကိုယ် ခိုခွင့် ရှိခဲ့ပါတယ်။

ကိုယ်ရှုံးနိမ့်မောပန်းတဲ့ အခါတွေတိုင်း
သူ့ချွေးသိပ်စကားတွေနဲ့
အေးမြစေခဲ့တာပေါ့။

ကိုယ်လက်လျှော့မယ် ကြံတိုင်းလည်း
သူ့ရင်ခွင်မှာ လုံခြုံစေပြီး
အားသစ်တွေ ထည့်ပေးခဲ့မြဲ။

သူမရှိရင် ကိုယ်မဖြစ်နိုင်ဘူး…
ကိုယ်မရှိရင်လည်း သူမဖြစ်နိုင်ဘူး..လို့
ဖွင့်မပြောပဲ တည်ဆောက်ခဲ့တဲ့ သစ္စာတွေနဲ့။

ဒါပေမယ့်လေ
ဘဝဆိုတာ
ဝတ္တုတစ်ပုဒ်လို
ဇာတ်သိမ်းကို ကြိုတွေးလို့မှ မရနိုင်တာ…။
တစ်ခါတစ်ရံ
ဇာတ်လမ်းတွဲတွေလိုလည်း
ရင်နင့်စရာ ဝေးကွာမှုတွေ
ရှိတတ်တာ သဘာဝပေါ့။

သူ့ရဲ့ အရိပ်အောက်
ဟိုအဝေးမှာ…
သူ့အလင်းကို တမ်းတရင်းနဲ့
မရေနိုင်တဲ့ အိပ်ပျက်ညတွေ…။

ကိုယ်လည်း မမှားဘူး၊
သူလည်း မမှားဘူး၊
ကံကြမ္မာကပဲ မှားခဲ့တာပါ။

အဆုံးသတ် မဟုတ်သေးဘူးလို့တော့…
မျှော်ချင်မိသေးရဲ့၊
ကိုယ့်ဘဝကို
သူ့ရင်ခွင်ကလွဲလို့
ဘယ်မှာမှ မမြှုပ်နှံချင်ခဲ့တာ…
ကိုယ့်လမင်းလည်း အသိပါ။

အိပ်မက်တွေ တူခဲ့ရင်
သစ္စာတွေ သိမ်းထားနိုင်ခဲ့ရင်
တစ်နေ့နေ့တော့
လရဲ့ အလင်းအောက်ကို
ကိုယ်အရောက်လာခဲ့မှာပါ။

သိင်္ဂါကျော်
18.2.2010
10:10 PM


12 comments:

ကိုလူထွေး said...

“ဘဝဆိုတာ
ဝတ္တုတစ်ပုဒ်လို
ဇာတ်သိမ်းကို ကြိုတွေးလို့မှ မရနိုင်တာ”

ဒီစာတပိုဒ်ထဲနဲ့တင် ကဗျာလာဖတ်ရတာ တန်သွားပြီ...

းဝ)

(ပုံကကြည့်လို့မရသေးဘူး)

အဖြူရောင်နတ်သမီး said...

မကြီး...
ကဗျာလေး အရမ်းလှတယ်...
ကူးယူသွားတယ်နော်..
ပြန်ဖတ်မလို့....
ရွှင်လန်းချမ်းမြေ့ပါစေ...

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ...
လရောင်အောက်ကို မြန်မြန်လေးရောက်ပါစေနော့ ဆုတောင်းပေးသွားတယ်....း)
ကဗျာလေးကိုလည်း...ခံစားသွားတယ်ဗျာ....။
ခင်မင်တဲ့
ဏီလင်းညို

မျက်မှန်လေး said...

လရဲ့အဝေးကို ခံစားချက်အပြည့်နဲ့ဖတ်သွားပါတယ်နော်။

လသာည said...

လရဲ့ အဝေး တဲ့လား..
လရိပ်ကို နှစ်သက်သူဆိုတော့ ဒီခေါင်းစဉ်မြင်ရုံနဲ့ ဆွေးချင်သွားတယ်..

“အိပ်မက်တွေ တူခဲ့ရင်
သစ္စာတွေ သိမ်းထားနိုင်ခဲ့ရင်
တစ်နေ့နေ့တော့
လရဲ့ အလင်းအောက်ကို
ကိုယ်အရောက်လာခဲ့မှာပါ။”

လရောင်အောက်ကို အမြန်ဆုံး ခိုလှုံခွင့်ရပါစေနော်...

နွေဆူးလင်္ကာ said...

ရောက်ရမှာပေါ့ တစ်နေ့တော့ ........

မြစ်ကျိုးအင်း said...

နောက်ဆုံးအချိန်ထိ မျှော်လင့်ခွင့်ဆိုတာ ရှိနေတာပဲ မဟုတ်လား။
ကျနော်တို့တွေလည်း ကိုယ်စီ မျှော်လင့်ထားတဲ့ အရာတွေ ရှိနေကြတယ်။
ပြည့်တာ မပြည့်တာထက် မျှော်လင့်နေရတာ ကိုက ဘဝရဲ့ အဓိပ္ပါယ် တခုပါပဲ ။

Angel Shaper said...

မကြီးရေ......လရောင်အောက်မှာ ပျော်ပျော်ကြီး ခိုလှုံခွင့်ရမှာပါ။ ကဗျာလေး ဖတ်ပြီး ရင်ထဲထိရောက်သွားတယ်။ ဆွံ့အသွားတယ်ဆို ပိုမှန်မလား မသိဘူးနော်။

ကြည်ဖြူပိုင် said...

အဆုံးသတ် မဟုတ်သေးဘူးလို့တော့…မျှော်ချင်မိသေးရဲ့၊ကိုယ့်ဘဝကို သူ့ရင်ခွင်ကလွဲလို့ဘယ်မှာမှ မမြှုပ်နှံချင်ခဲ့တာ…ကိုယ့်လမင်းလည်း အသိပါ။

အိပ်မက်တွေ တူခဲ့ရင်သစ္စာတွေ သိမ်းထားနိုင်ခဲ့ရင်တစ်နေ့နေ့တော့လရဲ့ အလင်းအောက်ကိုကိုယ်အရောက်လာခဲ့မှာပါ။

<<<<<<အဲဒိစာသားလေးတွေအရမ်းကြိုက်တယ်။ ကဗျာတစ်ပုဒ်လုံးပြောစရာမလိုအောင်ကောင်းလိုက်တယ်။ သိပ်ကြိုက်တယ်မသိင်္ဂါရေ

Nge Naing said...

ညီမရေ ကဗျာလေးကို လာခံစားသွားပါတယ်။

ညရဲ့ကောင်းကင် said...

“ဘဝဆိုတာ
ဝတ္တုတစ်ပုဒ်လို
ဇာတ်သိမ်းကို ကြိုတွေးလို့မှ မရနိုင်တာ”

ဒီစာသားလေးကို အရမ်းကြိုက်တယ်...

timor wood said...

တူတူပဲ