16 June, 2010

အသွင်တူ ဖူးစာ

လင်းသည် မင်းကျော်ထင် ဆိုသော ထိုကောင်လေးကို တူမ ဝမ်းကွဲလေး နှင့် ပတ်သက်ပြီး သိခဲ့ရခြင်းဖြစ်သည်။ သူတို့နှစ်ယောက်ကို နှစ်ဖက်မိဘက သဘောတူထားပြီး တစ်ဦးကို တစ်ဦး လေ့လာရန် အချိန်ပေးထားသော ကာလတွင် တူမလေးက ကူပြီး လေ့လာပေးပါဦးဟု ကြိုပြောထားကာ ခေါ်လာခြင်း ဖြစ်သည်။ လင်း အကဲခတ်၍ ရသလောက်တော့ ရိုးသားအေးဆေးပုံ ပေါ်သောကြောင့် မဆိုးပါဘူး လို့ပဲ တူမလေးကို ပြောဖြစ်သည်။ တူမလေး ချယ်ကလည်း ခေတ်ဆန်ဆန် ဝတ်စားပြင်ဆင်တတ်ပြီး အပေါင်းအသင်းများတာကလွဲ၍ ချစ်သူရည်စား ဆိုတာမျိုး မရှိသေးသူပါ။ ယောက်ျားလေး တစ်ယောက်တွေ့သည်နှင့် အပြစ်အနာအဆာ တစ်ခုခုတော့ ရအောင် ရှာတွေ့တတ်သော လင်းက သည်လူငယ်လေးကိုတော့ သဘောမတွေ့စရာ ရှာမတွေ့မိသေး။ တစ်ခါတည်း တွေ့ဖူးသေးလို့လည်း ဖြစ်မည်။ တစ်ခြား လင်းရဲ့ ညီမဝမ်းကွဲ၊ တူမဝမ်းကွဲ တွေ မိတ်ဆက်ပေးသမျှ ကောင်လေးတွေနဲ့လည်း တွေ့ခဲ့ဖူးပါသည်။ တစ်ချို့ကျတော့ အမြင်နှင့်ပင် လင်းက သဘောမကျဖြစ်မိသလို၊ တစ်ချို့ကျတော့ သူတို့ပတ်ဝန်းကျင်မှ မြင်ရ ကြားရသော အကြောင်းများနှင့်ပင် သူတို့စိတ်ဓါတ်၊ သူတို့ သဘောထားကို မကြိုက်မိတာမျိုး ရှိခဲ့သည်။ လင်းက သဘောမတွေ့သော အရာကို သူတို့မိန်းကလေးများကတော့ အပြစ်ရယ်လို့ မမြင်ကြပါ။ အဲဒါကြောင့်လည်း လင်းက အပျိုကြီး ဖြစ်ခဲ့တာ နေမည်။ တစ်ဦးတည်းသော သမီး လင်းက ဝမ်းကွဲညီအစ်မများ၊ တူ တူမ များကို ခင်မင်သလို သူတို့ကလည်း သူတို့ ပြောသမျှ နားထောင်ပေးတတ်သော လင်းကို ချစ်ရေး ချစ်ရာကိစ္စမှ အစ တိုင်ပင်တတ်ကြသည်။
*****

အရင်နှစ်များက သင်္ကြန်တွင်းဆို သက်သတ်လွတ်စား ဥပုသ်စောင့် လောက်သာ လုပ်ဖြစ်ခဲ့သော်လည်း လင်းသည် ဒီနှစ်တော့ ၁၀ ရက် တရားစခန်း ဝင်ဖြစ်သွားပါသည်။ အသက် ၄၀ လည်း ပြည့်ပြီးပြီမို့ ဟိုအကြောင်းပြ ဒီအကြောင်းပြနှင့် မလုပ်ဖြစ်ခဲ့သော တရားအလုပ်ကလေးတော့ လုပ်ဦးမှ ဖြစ်မည်ဟု ဆုံးဖြတ်ပြီး ဝင်ဖြစ်ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုတရားရိပ်သာတွင် စခန်းဝင်သော ချယ့်ကောင်လေးကို တွေ့သည်။ ချယ် ပြောပြသဖြင့် ထိုကောင်လေး ဘုရားတရား ကိုင်းရှိုင်းတာတော့ သိပြီးသားဖြစ်ပေမယ့် ခုလို တရားစခန်းတွေ ဘာတွေ ဝင်တာကိုတော့ တကယ်ကို ချီးကျူးမိပါသည်။ ဆွမ်းမစားခင်တစ်ချိန်မှာ သူက လာနှုတ်ဆက်ရင်း ပြောသဖြင့် အားလပ်ရက်ရတိုင်း သူ တရားစခန်း ဝင်တတ်ကြောင်း သိရသော အခါ ပို၍ပင် သာဓုခေါ်မိပါသည်။ ချယ်အတွက်လည်း စိတ်ချမိသွားသည်။

လင်းသည် ကိုယ့်ရှယ်ယာ သုံးပုံတစ်ပုံ ပါသော ကုမ္ပဏီမှာပင် လုပ်နေသူဖြစ်သည်။ လင်းတို့ ကုမ္ပဏီကို Computerized System ပြောင်းမည်ဟု ဆုံးဖြတ်လိုက်ကြသောအခါ Software House တစ်ခုနှင့် ဆက်သွယ်ပြီး ဈေးညှိနှိုင်းဖို့၊ လိုအပ်ချက်များ ပြောပြဖို့တာဝန်မှာ General Manager ဖြစ်သော လင်းတာဝန် ဖြစ်လာသည်။ လင်းတို့ ရွေးချယ်လိုက်သော Software Team မှာ ချယ့်ကောင်လေးကို တွေ့သည်။ ကွန်ပျူတာတက္ကသိုလ်တွင် မာစတာ တက်နေရင်း အချိန်ပိုင်း ဝင်လုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။ ခုခေတ်မှာ အတွေ့ရနည်းသော သပ်သပ်ရပ်ရပ် ပုဆိုးနှင့် ရှပ်အင်္ကျီနှင့် ဝတ်တတ်သော သူ့ပုံစံကိုလည်း လင်းလို လူကြီးသူမ မျက်စိက သဘောတွေ့သည်။

ကိုယ့်လို လူကြီးကသာ လူကြီးဆန်ဆန်ကောင်လေးကို သဘောကျပေမယ့် သူ့ကောင်မလေး ချယ်ကတော့ သူနှင့် တွဲရတာ ပျင်းလာပြီ ဟု မနေ့ညကပင် ဖုန်းဆက်သေးသည်။ သူက အေးလွန်းအားကြီးပြီး ခွင့်လွှတ်တတ်လွန်းသောကြောင့် ရန်ဖြစ်ချင်လို့ပင် မဖြစ်ရသောကြောင့် ပျင်းစရာကောင်းသည် ဟု ချယ်က ဆိုသည်။ ရန်မဖြစ်ရလို့ ပျင်းသော တူမကို လင်းမှာ အံ့သြလွန်းလို့ ဘာမှပင် ပြန်မပြောနိုင်ခဲ့ပါ။

ထို Software ကုမ္ပဏီမှ အထက်ပိုင်းကလည်း သူနှင့် ပတ်သက်၍ တော်ကြောင်း အေးဆေးကြောင်းသာ ချီးကျူးကြသည်။ မင်းကျော်ထင်တို့ ကုမ္ပဏီနှင့်ပင် စာချုပ်ချုပ်ဖြစ်သောကြောင့် နှစ်ခေါက်၊ သုံးခေါက် သွား၍ Requirements (လိုအပ်ချက်) တွေ ပြောပြရသည်။ နောက်ပိုင်း လင်း သွားစရာ မလိုတော့ သော်လည်း မင်းကျော်ထင်ကတော့ သူတို့ Software ရေးနေစဉ်  လင်းတို့ ကုမ္ပဏီ လုပ်ပုံကိုင်ပုံ နှင့် ပတ်သက်၍ သိချင်တာ မေးဖို့ နှစ်ခေါက် သုံးခေါက် လာရသေးသောကြောင့် သူနှင့် ပိုရင်းနှီးသွားသည်။ လင်းတို့ကို System အပ်ပြီးနောက်ပိုင်းလည်း အသုံးပြုနည်းကို ရှင်းပြဖို့ သူပဲ လာရသေးသည်။ လင်းလည်း သူတို့ နှစ်ယောက်ကို ပြေလည်စေချင်သူမို့ တွေ့တိုင်း ချယ်နှင့် အခြေအနေကို မေးရသည်။ ဂရုစိုက်ဖို့ ပြောရသည်။ သူကတော့ ဘယ်အခါမေးမေး အဆင်ပြေသည် ဟုသာ ဆိုမြဲပင်။ နောက်ထပ် သူနှင့် ပြောဖြစ်တာက တရားအကြောင်း...။ သူက နေ့စဉ် နာရီဝက်လောက်တော့ အနည်းဆုံး တရားထိုင်သည် ဟု ဆိုသဖြင့် ရိပ်သာက ထွက်ကတည်းက တရား မထိုင်ဖြစ်တော့သော သူ့ထက် အသက်တစ်ဆ ကြီးတဲ့ လင်းမှာတော့ ဘာပြန်ပြောရမှန်းမသိ။

လင်း အလုပ်ကိစ္စနှင့် စင်ကာပူ တစ်လလောက် သွားလိုက်ရပြီး သူတို့ နှစ်ယောက်စလုံး နှင့်လည်း အဆက်အသွယ်ပြတ်သလို ဖြစ်သွားသည်။ လင်းမသွားခင် နောက်ဆုံး ချယ် ဖုန်းဆက်တုန်းကတော့ မင်းကျော်ထင်ကို စိတ်ကုန်နေသော လေသံက နည်းနည်း ပြင်းထန်သလို ထင်ရသဖြင့် လင်းကပင် နားလည်အောင် ပြောပြလိုက်ရသေးသည်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ လောင်းကစား ဝါသနာမပါ၊ မိန်းကလေး ဆိုလို့လည်း ချယ်ကလွဲလို့ ဘယ်သူနဲ့မှ အမြင်စောင်းစရာ အနေအထိုင်မရှိသူ။ အဲလို ယောက်ျားလေးမျိုး နောက်တစ်ယောက် တွေ့ဖို့ မလွယ်ကြောင်း နားချလိုက်ရသည်။ ချယ့်အမေ ကိုယ့်အစ်မဆီတောင် ဖုန်းဆက်ပြီး သူတို့ကို မြန်မြန်နေရာချပေးလိုက်ဖို့ မတိုက်တွန်းစဖူး တိုက်တွန်းလိုက်မိသေးသည်။ သို့သော် ချယ်ဆိုတဲ့ မိန်းကလေးက စိတ်မပါတော့ဘူး ဆိုလျှင် စောင်းငဲ့မကြည့်တတ်သူ။
*****

ချယ်ကလေး ရောက်လာတော့ သူတို့ စေ့စပ်ပွဲအတွက် လာဖိတ်တာလို့ပင် လင်းက ထင်လိုက်သေးသည်။ “သမီးတို့ လမ်းခွဲလိုက်ပြီ” ဟု ချယ်ကပြောတော့ လင်းမှာ ယုံတောင် မယုံချင်။ ချယ်ပြောတာကတော့ .. ရေခဲတုံးလို ယောက်ျား တစ်ယောက်နှင့် တစ်သက်လုံး အတူမနေနိုင်၍ပါ တဲ့။ သူမက သဝန်တိုအောင် လုပ်ပြသော်လည်း သဝန်မတိုတတ်သူ၊ ချိန်းသည့်အချိန်ထက် တော်တော်ကြီး နောက်ကျပြီးမှ လာတာကိုပင် စိတ်မတိုတတ်သူ၊ စတိတ်ရှိုးတို့၊ ရုပ်ရှင်ရုံတို့ သွားလျှင်လည်း ပုံတုံးကြီးနှင့်ပင် လိုက်လာပြီး တက်တက်ကြွကြွမရှိပဲ အိပ်ငိုက်နေသလား၊ တရားပဲမှတ်နေသလား မသိ လုပ်နေတတ်သူ .. စသဖြင့် ချယ့်ဘက်က မြင်သော အပြစ်များကလည်း အများသား။ ချယ်က စကတ်အတို၊ ဘောင်းဘီတို ရှည် စသဖြင့် ဝတ်တတ်သော ခေတ်မိန်းကလေး။ တက်တက်ကြွကြွ ဆူဆူပူပူ ကိုမှ သဘောကျတတ်သူ သည်ကလေးမက ရန်ဖြစ်လိုက်၊ စိတ်ကောက်လိုက်၊ ပြန်ချစ်လိုက် ဆိုသော အချစ်မျိုးကိုမှ လိုချင်သူ ဖြစ်နေသည်။ လင်းမှာလည်း ဘာမှ ပြောစရာ မရှိတော့ပါ။ အသွင်မတူ အိမ်တူ မဖြစ် ဆိုသော စကားကိုသာ သတိရလိုက်မိသည်။

နောက်တစ်ပတ်လောက် အကြာမှာတော့ မင်းကျော်ထင်နှင့် ချယ် က နှစ်ဖက်မိဘကို ဖွင့်ပြော၍ လမ်းခွဲဖို့ လုပ်ကြရာ မိဘများက လက်မခံပဲ ဇွတ်အတင်း စီစဉ်ကြသည်။ ရလာဒ်ကတော့ ချယ်က တစ်ခြား ကောင်လေး တစ်ယောက်နှင့် လိုက်ပြေးသွားခြင်းပင်။

သူ့မိဘတွေလည်း ဘယ်သူနှင့်မှန်းတောင် သေသေချာချာ မသိကြသည့်အတွက် စိတ်ပူနေကြသည်။ လင်းလည်း ထို့အတူပင်။ သူ ကောင်လေး တစ်ယောက်နှင့် တွဲလာတာ တွေ့တာတောင် မင်းကျော်ထင်က သဝန်မတိုကြောင်း ချယ်ပြောပြဖူးတာကို သတိရပြီး မင်းကျော်ထင်ကို ဖုန်းဆက်လိုက်မိသည်။ ချယ့်ကောင်လေးကို သူ သိချင်သိနိုင်သည်။
“စိတ်မပူပါနဲ့ အန်တီလင်းရယ်၊ ချယ်နဲ့ အလုပ်တူ အတန်းတူ အဝေးသင် နောက်ဆုံးနှစ်က ကောင်လေးပါ၊ ကျွန်တော် တွေ့ဖူးပါတယ်၊ မဆိုးပါဘူး” တဲ့။ သူကပြောသည်။ သူ့လေသံ ခပ်အေးအေးကို နားထောင်၍ လင်းပင် စိတ်တိုသွားသည်။ သူ ချယ့်ကို တကယ် မချစ်ခဲ့ဖူး ထင်ပါရဲ့။ ဒါကြောင့်သာ ချယ်ပြောသလို ချယ့်ကို သဝန်မတိုတာပေါ့။ လမ်းခွဲတော့လည်း ခပ်အေးအေးပဲ နေနိုင်သည်။
“အန်တီ့ကိုတော့ အဲဒီကောင်လေး အကြောင်း ဘာမှ မပြောဖူးဘူး ကွယ့်၊ မင်း သဝန်တိုအောင် သူတမင်လုပ်ဖူးတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တာတော့ သိတယ်၊ အဲဒီကောင်လေး ပဲလား...”
“ကျွန်တော့်ကို တမင်တွဲပြတဲ့ ကောင်လေးပါပဲ၊ အဲဒီကောင်လေးက သူ့ကို ပရိုပို့စ် လုပ်ထားတယ်တဲ့၊ နောက်တော့ သူနဲ့ စိတ်သဘောထားချင်း၊ ဝါသနာချင်း တိုက်ဆိုင်လို့ တကယ် သဘောကျသွားပြီလို့ ကျွန်တော့်ကို ပြောတယ်၊ ကျွန်တော်နဲ့ လမ်းခွဲရအောင် ဆိုလို့ သူစိတ်ချမ်းသာအောင် လုပ်ပေးခဲ့တယ်၊ မိဘတွေကိုလည်း သူ့စိတ်တိုင်းကျ ငြင်းပေးခဲ့တာပါပဲ၊ မိဘတွေက လက်မခံတာတော့ ကျွန်တော်လည်း မတတ်နိုင်တော့ဘူးလေ”
“မင်းကလည်း တော်တော် သွေးအေးတဲ့သူပဲနော်၊ နည်းနည်းပါးပါး ကိုယ့်ဘက်ပါအောင်များ ပြန်ဆွဲဆောင်ပါတော့လားကွယ်၊ ခုတော့ သူ့အိမ်ကလည်း ဘာမှ မသိရတော့ စိတ်ပူနေတယ်၊ သူတို့ ဘယ်သွားကြမယ်လို့ မင်းထင်လည်း...”
“ကိုယ့်အပေါ် စိတ်မရှိတော့တဲ့သူ တစ်ယောက်ကို ဘယ်လို ပြန်ဆွဲဆောင်လို့ ရမလဲ အန်တီရယ်၊ ကျွန်တော် အဲဒါမျိုးလည်း မလုပ်ချင်ဘူး၊ သူတို့ ထွက်ပြေးတော့မယ် ကူညီဦး လို့ ကျွန်တော့်ကို ပြောလို့ ဟဲဟိုးက သူငယ်ချင်း လင်မယားဆီ သွားဖို့ ကျွန်တော်ပဲ စီစဉ်ပေးလိုက်ရတယ်၊ သူက ဘယ်သူ့မှ မပြောပါနဲ့ ဆိုပေမယ့် အန်တီတို့ စိတ်ပူနေမှာ စိုးလို့ ပြောတာပါ၊ သူတို့ အဆင်ပြေမှာပါ၊ တစ်ပတ်လောက်နေရင် ပြန်လာကြမယ် ပြောတယ်၊ စိတ်မပူပါနဲ့ အန်တီ”
“မင်း အသံ နားထောင်ရတာ ခံစားချက် မရှိသလိုပဲ မင်းကျော်ထင်ရယ်၊ မင်း ချယ့်ကို သံယောဇဉ် မရှိခဲ့ဘူးလား..”
လင်းက မနေနိုင်မထိုင်နိုင် သူ့ကို မေးမိပြန်သည်။
“ချယ်က ကျွန်တော့်ရဲ့ အချစ်ဦးပဲ သံယောဇဉ် မရှိပဲ နေပါ့မလား အန်တီရယ်၊ ဒါပေမယ့် ခုတော့ ညီမလေး တစ်ယောက်လိုပဲ သဘောထားလိုက်ပါပြီ၊ တွေ့ကြုံ ဆုံကွဲ ဆိုတာ ရှောင်လွှဲလို့ မရနိုင်ဘူးလေ၊ သံယောဇဉ် ဆိုတာလည်း ပြတ်အောင် ဖြတ်ရင် ရတာပါပဲ”
“ကောင်းပါလေ့ကွယ်၊ မင်းလေသံက ချယ့်အဖို့ နောင်တ မရချင်စရာပါပဲ”
*****

ရှင်စောပု ဘုရင်မကြီး ကိုးကွယ်ခဲ့သော ရုပ်ပွားတော် တန်ဆောင်းထဲတွင် ဒီနေ့ ရှားရှားပါးပါး လူရှင်းနေသည်။ လင်းသည် ပုတီးကို စမစိပ်ဖြစ်သေးပဲ ထိုကလေးမလေးကို ခေတ္တ ငေးမောနေမိသေးသည်။ ခုခေတ်မှာ တွေ့ရခဲလှသော ကျက်သရေရှိရှိ အလှရှင်ကလေး ဖြစ်သည်။ ကျစ်ဆံမြီး တုတ်တုတ် တစ်ချောင်းတည်း ကျစ်ထားသည်မှာ တင်ပါးအောက်နား လောက်အထိ ကျနေပြီး စံပယ်ကုံးလေး တစ်ကုံးကို ရစ်ခွေပြီး ပန်ထားသေးသည်။ ရင်စေ့ လက်စက အင်္ကျီလေးနှင့် လုံချည်ရှည်ရှည်လေး ဝတ်ထားသည်။ အဆင်ကလေး ခပ်မှိန်မှိန် အပွင့်ကျဲကျဲလေး ဖြစ်သည်။ မျက်နှာလေးကလည်း နုနယ်ကြည်လင်လှသည်။ ချယ်တို့ အရွယ်လောက်ပင် ဖြစ်မည်။

လင်း ပုတီးစိပ်ပြီး၍ ဆုတောင်း မေတ္တာပို့ အမျှဝေကာ မျက်စိကို ပြန်ဖွင့်လိုက်ချိန်တွင် ထိုကလေးမလေး ပုတီးစိပ်၍ မပြီးသေးသည်ကို တွေ့ရသည်။ လင်း ပုတီး စ မစိပ်ခင်ကလေးမှာ ထိုမိန်းကလေး ရောက်လာခြင်းဖြစ်သည်။ လင်း ပုတီးစိပ်တာက တစ်နာရီနီးပါး ကြာသောကြောင့် ထိုမိန်းကလေး ပုတီးစိပ်တာလည်း လင်းထက်ပင် ကြာပုံရသည်။ လင်းသည် ယောဂီတဘက်ကလေး ပခုံးပေါ်တင်၍ မျက်လွှာချ၍ ထိုမိန်းကလေး ကို ကြည့်၍ မဆီမဆိုင် ရှပ်အင်္ကျီနှင့် ပုဆိုးအကွက်စိပ်စိပ်သာ ဝတ်တတ်သော မင်းကျော်ထင်ကို သတိရလိုက်မိသည်။ သူတို့နှစ်ယောက်သာဆိုလျှင် လိုက်ဖက်မည်ဟု စိတ်ကူးယဉ်လိုက်မိသေးသည်။

နောက်နေ့များမှာလည်း ရွှေတိဂုံဘုရားပေါ်မှာ ခဏခဏ တွေ့ဖြစ်သဖြင့် ထိုကလေးမလေးနှင့် မျက်မှန်းတန်းမိသွားသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမကလည်း လင်းလိုပင် ထိုရုပ်ပွားတော်ရှေ့မှာ အဓိဌာန်ဝင်နေခြင်းဖြစ်ကြောင်းသိရသည်။ လင်းကပင် လူကြီးပီပီ စနှုတ်ဆက်ပြီး စပ်စုသဖြင့် ခင်မင်သွားခြင်းလည်း ဖြစ်သည်။ သူမနာမည်မှာ ရွှေသဇင် ဖြစ်ပြီး မန္တလေးကွန်ပျူတာတက္ကသိုလ် မှ ရန်ကုန်သို့ ပြောင်းလာပြီး ဂုဏ်ထူးတန်း တက်နေခြင်းဖြစ်သည်။ လင်းကလည်း ထိုကလေးမကို ချစ်သွားသဖြင့် ဖုန်းနံပါတ်တွေ လိပ်စာတွေပါ ပေးပြီး မိတ်ဖွဲ့ဖြစ်ခဲ့သည်။

နောက်ပိုင်းမှာ သူမကလည်း တိုင်ပင်စရာရှိလျှင် လင်းကို ဖုန်းဆက်သည်။ သူမပြောပြသဖြင့် သူမမှာလည်း ချစ်သူ၏ ပစ်ခွာခြင်းကို ခံခဲ့ရသူ ဖြစ်ကြောင်း လင်း သိရသည်။ ဘာသာချင်း မတူသဖြင့် ရွှေသဇင်၏ မိဘများက လုံးဝသဘောမတူသလို ထိုသူကလည်း ထိုသို့ သဘောမတူရခြင်းကို မကျေမနပ်ဖြစ်၍ လမ်းခွဲခဲ့ကြခြင်း ဖြစ်သည်။ သူ့ဘက်ကသာ မိဘတွေကို ဆန့်ကျင်ပြီး လိုက်ခဲ့ဖို့ ခေါ်လျှင် အဲဒီအချိန်တုန်းကတော့ ရွှေသဇင်က လိုက်ခဲ့ဖို့ အဆင်သင့် ရှိခဲ့သည်။ သို့သော် သူက သူ့လို ပညာအရည်အချင်းလည်း ပြည့်စုံပြီးသား၊ အလုပ်အကိုင် ရှိပြီးသားလူကို သဘောမတူတာကိုပင် မခံနိုင်သလို သဘောမျိုး ရှိခဲ့ပုံပေါ်သည်။ ရွှေသဇင်ကသာ ပြည့်စုံသော သူမ အသိုင်းအဝိုင်းကို စွန့်လာနိုင်သော သတ္တိရှိခဲ့သော်လည်း သူ့ဘက်ကတော့ နှစ်ယောက် တစ်ဘဝ ထူထောင်ဖို့ စိတ်ကူး ရှိပုံမရခဲ့ပါ။ ထို့အပြင် သူငယ်ချင်းပါ လို့ တွင်တွင် ပြောနေခဲ့သော အစ်မကြီး တစ်ယောက်နှင့် တွဲသွားတွဲလာတာကလည်း မပျက်ခဲ့ပါ။ ထိုလူနှင့် အဆက်အသွယ်ပြတ်အောင် ဆိုပြီး ရွှေသဇင် ရန်ကုန် ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ အခုတော့ ထိုလူက သူ့အိမ်က သဘောတူသော ဘာသာတူ မိန်းကလေးတစ်ယောက်နှင့် လက်ထပ်လိုက်ပြီ ဖြစ်သည်။ ဘာသာတရားဘက်ကို လိုက်စားရင်း ဖြေနေရသော်လည်း အချစ်ဦးမို့ အသည်းကွဲသော ဒဏ်ရာကိုတော့ အလူးအလဲ ခံစားခဲ့ရကြောင်း ရွှေသဇင်က လင်းကို ရင်ဖွင့်သည်။

လင်းသည် မဟောသဓ ဇာတ်တော်ထဲမှ အခန်းတစ်ခန်းကို သတိရမိသွားသည်။ ဒိသာပါမောက္ခ ဆရာကြီးက ပညာစုံပြီဖြစ်သော တပည့်တစ်ယောက်နှင့် သမီး ကို လက်ဆက်ပေးပြီး ပြန်လွှတ်လိုက်သောအခါ လမ်းခရီး ၌ မိန်းကလေး၏ ဘုန်းကံကြောင့် ထိုလုလင်က စွန့်ခွာထွက်ပြေးသွားရာ ဝိဒေဟရာဇ် မင်းကြီးနှင့် တွေ့ဆုံ၍ မိဖုရား မြှောက်ခြင်း ခံခဲ့ရသော အကြောင်းကလေး ဖြစ်သည်။ မင်းကျော်ထင်နှင့် ရွှေသဇင် တို့ကို သူတို့ ချစ်သူများက စွန့်ခွာသွားရခြင်းမှာလည်း ထိုသဘောတရားပင် ဖြစ်လေမလားဟု လင်းက တွေးနေမိပါသေးသည်။
*****

ရပ်တန့်မနေသော အချိန်ကလေးတွေက တရွေ့ရွေ့ စီးမျောသွားကြသည်။ မင်းကျော်ထင်က ကုမ္ပဏီမှ ထွက်ကာ Master Thesis ပြီးပြီးချင်းပင် ဆရာဝင်လုပ်သည်ဟု ကြားရသည်။ ရွှေသဇင်ကလည်း Master မတက်ခင်မှာပင် ဆရာမ ဝင်လုပ်လိုက်သည်ဟု လင်းကို ပြောခဲ့သည်။ သူတို့ နှစ်ယောက်စလုံးနှင့် မတွေ့တာ ကြာသဖြင့် တစ်ယောက်အကြောင်း တစ်ယောက် သိအောင်ပင် လင်းမှာ မပြောဖြစ်ခဲ့ပါ။ ရွှေသဇင်က မင်းကျော်ထင်ထက် ငယ်သော်လည်း ကျောင်းချင်း တူသဖြင့် သူတို့ချင်း တွေ့ဖူးချင်တောင် တွေ့ဖူးလိမ့်မည် ထင်သည်။ မင်းကျော်ထင်က ကျောင်းပြီးပြီးချင်း နယ်ကောလိပ်တစ်ခုသို့ ပြောင်းရွှေ့ရကြောင်း လင်းကို ဖုန်းဆက်သေးသည်။ နောက်ပိုင်း သူနှင့်လည်း အဆက်အသွယ် ပြတ်သွားသည်။  နောက်နှစ်ဝက်လောက်မှာ ရွှေသဇင်လည်း နယ်ပြောင်းကာနီးမို့ ဆိုပြီး လာနှုတ်ဆက်သည်။ လောလော လောလော နဲ့မို့ ဘယ်တက္ကသိုလ် ဆိုတာတောင် သေချာ မကြားမိလိုက်ပါ။

တူမဝမ်းကွဲ ချယ်တို့ လင်မယားကတော့ သူမ မိဘတွေ ပေးထားသည့် တိုက်ခန်းမှာ နေကြပြီး ကလေးတစ်ယောက်ပင် ရနေလေပြီ။ သူ့ကောင်လေးသည် စိတ်သဘောထား သေးသိမ်သူ ဖြစ်ပြီး ချယ့်ကို အနိုင်ယူတတ်သည်ဟု ကြားရသည်။ ကောင်လေး မိဘများက လူလတ်တန်းစား မျှသာဖြစ်ပြီး ကောင်လေး ကိုယ်တိုင်ကလည်း အရောင်းဝန်ထမ်း ဘဝမှ တက်ဖို့ အရည်အချင်း မရှိသူမျိုးဖြစ်သည်။  မင်းကျော်ထင် မိဘများ၏ ထိတ်ထိတ်ကျဲ ချမ်းသာသော အခြေအနေ၊ မင်းကျော်ထင်ရဲ့ အရည်အချင်း နဲ့တော့ နှိုင်းမရအောင် ကွာလှသည်။ ဘာပဲဖြစ်ဖြစ် ရန်ဖြစ် ပြန်ချစ် ဘဝမျိုးမှာ ချယ်က ပျော်နေသည် ဆိုတော့လည်း လင်းတို့က ပူပန်ပေးနေလို့ အလကားပင်။
*****

မတွေ့တာကြာပြီ ဖြစ်သော မင်းကျော်ထင်နှင့် ရွှေသဇင် တို့ကို တွေ့မယ့် တွေ့တော့လည်း  အတွဲလိုက် လင်း အိမ်ကို လာလည်ကြခြင်း ဖြစ်သည်။ နယ်က လက်ဆောင်တွေလည်း တစ်ပုံတစ်ပင် ပါလာသေးသည်။ နယ်တွင် မင်းကျော်ထင်က နှစ်နှစ်၊ ရွှေသဇင်က တစ်နှစ် ကြာခဲ့ပြီးနောက် ယခု နှစ်ယောက်စလုံး Ph.D ဝင်ခွင့် ဖြေရန် ရန်ကုန် လာကြခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် မကြာခင် လက်ထပ်ဖို့ ရည်ရွယ်ထားသည် ဟု ကြားရတော့ လင်း ဖြစ်စေချင်သည့် စိတ်ကူးအတိုင်း ဖြစ်သွားသည့်အတွက် ဝမ်းသာရသည်။ Ph.D တက်ဖြစ်လျှင်တော့ ပြီးမှပဲ လက်ထပ်ဖြစ်ချင်လည်း လက်ထပ်ဖြစ်မည် ဟု ပြောကြသည်။ သူတို့ နှစ်ယောက်က နတ်ရေးတဲ့ ဖူးစာလို တကယ် လိုက်ဖက်သော စုံတွဲဟု ခံစားရသည်။

“မင်းကျော်ထင်ရယ်၊ မင်း မိန်းမမှ ယူပါတော့မလားလို့၊ ဘုန်းကြီးပဲ ဝတ်တော့မလားလို့ ထင်နေတာ၊ ဒီတစ်ခါတော့ အချစ်စစ်ကို တွေ့သွားပြီလား..”
“အဲဒီလောက်ထိ ပါရမီ မရင့်ကျက်သေးလို့ပေါ့ အန်တီလင်းရယ်၊ သူနဲ့ ကျွန်တော်က စတွေ့တွေ့ချင်းကတည်းက ဘာမှ မပြောရသေးပဲနဲ့ကို အချင်းချင်း နားလည်ခဲ့ကြတယ် အန်တီရဲ့..”
သူ့မျက်နှာက ခုတော့လည်း မတုန်မလှုပ် ကျောက်ရုပ်မဟုတ်တော့ပဲ ချိုမြနေသည်။

“ရွှေသဇင် ကရော..”
“အရင် ကြုံဖူးခဲ့တာ ပူလောင်တဲ့ အချစ် အန်တီလင်းရဲ့၊ အဲဒါက ခုတော့ အစအနတောင် မကျန်အောင် ပျောက်သွားပါပြီ၊ သူ့အပေါ်ထားမိတာက အေးချမ်းတဲ့ မေတ္တာပဲ၊ အလိုလို ဖြစ်လာတဲ့ အချစ်မျိုး”
ရွှေသဇင်က ရှက်ပြုံးလေးနှင့် ရှင်းပြနေသေးသည်။

“အေးကွယ်၊ အန်တီ သမီးကို မြင်ကတည်းက မင်းကျော်ထင်နဲ့ဆို လိုက်မှာပဲ လို့ တွဲမြင်မိတာ၊ အိမ်ထောင့်တာဝန်တွေ များလာရင်လည်း ဘုရား၊ တရားကိုတော့ မေ့မပစ်ကြနဲ့ ဟုတ်လား”
“ဟုတ်ကဲ့ပါ အန်တီ”
“အမယ်လေး အန်တီရယ် သင်္ကြန်တုန်းက သမီးက အိမ်ပြန်မလို့ဟာကို သူ ဆွယ်တာနဲ့ တရားရိပ်သာ ဝင်ဖြစ်သွားတယ်၊ အိမ်တောင်မပြန်ဖြစ်တော့ဘူး”
“အေး.. အေး .. ကောင်းတာပေါ့ကွယ်”

သူတို့ နှစ်ယောက် လင်းကို ကန်တော့ပြီး ပြန်သွားကြသည်။ စိတ်တူ အသွင်တူ စုံတွဲလေးဖို့ စိတ်ချမ်းမြေ့ရပါသည်။ သူတို့ နှစ်ယောက်စလုံး ဖူးစာမစစ်သူ၊ ကိုယ်နှင့် မထိုက်တန်သူနဲ့ ကွဲကွာပြီး ဖူးစာရှင် အစစ်နှင့် ဆုံတွေ့ခဲ့ရပြီ ဟု လင်း ဝမ်းမြောက်ဝမ်းသာ ထင်လိုက်ပါသည်။
****************************************************************************


(အရင် ၅ နှစ်လောက်က ရေးထားတဲ့ စာမူလေး အိမ်ပြန်တုန်းက တွေ့လို့... နည်းနည်းပါးပါး ပြင်ရိုက်ပြီး တင်လိုက်တာပါ)


သိင်္ဂါကျော်

23 comments:

Sym said...

ဒီဇတ်လမ်းလေးဖတ်ရတာစိတ်ချမ်းသာစရာကောင်းတယ်။
စိတ်တူကိုယ်တူ သူတော်ကောင်းချစ်သူနှစ်ဦးဆုံတွေ့ 
ပြီးဇတ်လမ်းလေးအဆုံးသတ်ထားတာငြိမ်းချမ်းတယ်...။

သဒ္ဓါလှိုင်း said...

စိတ်ဝင်စားစရာကောင်းတဲ့ဝတ္ထုလေးပါ သိင်္ဂါရေ..။
အရေးအသားလေးကလည်းကောင်းပါ့...။
နောက်ဆုံးတော့ နားလည်မှုရှိတဲ့ချစ်သူအချင်းချင်း
ဆုံစည်းကြတော့လည်း စိတ်ချမ်းသာရတဲ့အချစ်ဖြစ်သွား
တာပေါ့နော်..။
ခင်တဲ့
သဒ္ဓါ

မေဓာဝီ said...

မသိင်္ဂါရဲ့ နှင်းဆီခင်းလေးဆီ မရောက်တာတောင် ကြာနေပြီ။ ၀တ္ထုလေးဖတ်ရတာ ကြည်နူးစရာလေး။ ဟုတ်တယ်နော် ... မိန်းမတွေက ယောက်ျားထက် ဘုန်းကံမြင့်မားတဲ့အခါ ဘယ်လိုမှ ပေါင်းသင်းမရတတ်ဘူး။ ကျမကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မြင့်မြတ်လှပါတယ်ဆိုပြီး ၀ံ့ကြွားနေတဲ့ ယောက်ျားတွေဆိုရင် ဥဒုမ္မရဒေ၀ီနဲ့ ပိင်္ဂုတ္တရလုလင်အကြောင်း အမြဲကိုးကားပြီး နှိပ်ကွပ်လေ့ရှိတယ်။ :P

ခိုင်နုငယ် said...

အသွင်မတူအိမ်သူမဖြစ်ဆိုတာ..
ဒီလိုဇာတ်လမ်းလေးထဲကလိုနေမယ်နှော်။
အသွင်တူသူချင်းပေါင်းဖက်ပေးတဲ့
ဝတ္ထုလေးမို့ထင်တယ်။
ဖတ်ရတာစိတ်ချမ်သာသွားတယ်။
ပျော်ရွှင်ပါစေ...မသိင်္ဂါ

သိင်္ဂီ said...

စိတ်ကူးယဉ်ဆန်လွန်းတယ်ကွယ်... အနှစ် ၂၀ နောက်ဆုတ်ပြီး ဖတ်လိုက်ရတယ်.. ဒီခေတ်ကြီးမှာ မိန်းကလေးတွေကတော့ အဲလိုရှိသေးတယ် ယောက်ျားလေးကတော့ မရှိတော့ပါဘူး...

ယောနက်သန် said...

ဖတ်လို့ကောင်းတယ်။

ချိုကျ said...

ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲဗျာ။ အသွင်မတူ အိမ်သူမဖြစ်ဆိုတာပေါ့နော်။ အားပေးနေပါ၏
ခင်တဲ့(ချိုကျ)

blackroze said...

နားလည်မှု့ရှိတဲ့ချစ်သူတွေ
ပေါင်းဆုံတာကိုတကယ်ဘဲသဘောကျတယ်မသိင်္ဂါရေ..
ကောင်းတယ်..နောက်လဲဒါမျိုးလေးတွေရေးပါဦးနော်

SHWE ZIN U said...

ဖူးစာ ပါရင် ဖာသားပူးပါလိမ့်မယ်ဗျာ တန်ရာတန်ရာပေါ့

ခင်မင်တဲ့ ရွှေစင်ဦး

လင့်ခ်ကျန်နေလို့ ယူသွားပါတယ်နော်

SHWE ZIN U said...

ဖူးစာ ပါရင် ဖာသားပူးပါလိမ့်မယ်ဗျာ တန်ရာတန်ရာပေါ့

ခင်မင်တဲ့ ရွှေစင်ဦး

လင့်ခ်ကျန်နေလို့ ယူသွားပါတယ်နော်

ရွှေရတုမှတ်တမ်း said...

ဖူးစာမပါရင်..အမြဲလွဲတတ်ပါတယ်..
ဖူးစာဆိုတာ ဦးရာတော့မဟုတ်ဘူးလေ...

Anonymous said...

အရောင်းကန်း..
အရမ်းကောင်းတယ်...။

ဖူးစားဆိုတာ..အသွင်တူမှ...အသွင်မတူ အိမ်သူမဖြစ်။

မြတ်နိုး

လသာည said...

ဖူးစာဆိုတာ ဦးရာလူဟုတ်ဖူးလား..
နောက်တာနော်။
ဖတ်ကောင်းတယ်

Moe Myint Tane said...

ဝထ္တုတို ချိုချိုလေးကို ဖတ်သွားပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အင်ကြင်းသန့် said...

ဟုတ်ပ....ဖတ်လို့ကောင်းလိုက်တာ....ဟုတ်တယ်နော် စုံတွဲတွေများ တွေ့လိုက်ရရင် အသွင်တူနေမှ ဘေးက လူအနေနဲ့လည်း ကြည့်လို့ အဆင်ပြေတယ်လို့ထင်မိတယ်း))

noblemoe said...

" အသွင်တူ ဖူးစာ " ဖတ်လို့ ကောင်းလိုက်တာ မမရယ် စိတ်လည်းချမ်းမြေ့စရာဇတ်လမ်းလေးပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး

sosegado said...

ဖတ်လို့ကောင်းတယ်၊ အသွင်တူ ကြင်သူဖြစ်ဘို့ရာ အပြင်မှာ လွယ်ပါမလား၊

မောင်ဘကြိုင် said...

အစ်မရေ ကူးသွားတယ်ဗျ အိမ်မှာသေချာဖတ်မယ်နော့
း) လက်ရာလေး အစမြည်းကတည်းက သဘောကျသားပဲး)

မိုးခါး said...

စိတ်ချမ်းသာဖို့ ကောင်းလိုက်တာအစ်မရေ ..း)) ဖတ်ရင်းတပြုံးပြုံးနဲ့ :D

ကိုအောင်(ပျူနိုင်ငံ) said...

စိတ်ချမ်းသာဖို့ ကောင်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပဲ
ဖတ်ရတာ ကောင်းတယ်ဗျာ။

ဏီလင်းညို said...

မသင်္ဂါကျော်ရေ.......

ဝတ္တုလေး.......လာဖတ်သွားတယ်........။
စိတ်ကူးယဉ်ဆန်လွန်းတာ..........ပေါ်လွင်လွန်းအောင်........ဖြစ်ရပ်တွေတိုက်ဆိုင်နေတတ်တာကလွဲလို့........ဖတ်လို့ကောင်းတဲ့ ၀တ္တုလေးတစ်ပုဒ်ပါ........။
(၀တ္တုဆိုမှကိုနော့်...............း))

ခင်မင်တဲ့
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

ချစ်သူတိုင်း ကံကောင်းကြပါစေပေါ့..
စိတ်ချင်းတူမှ ချစ်သူဘ၀က ပျော်ဖို့ကောင်းမှာပါ..
မဟုတ်ရင် စိတ်ညစ်စရာ..

flowerpoem said...

စိတ်တူ၊ကိုယ်တူ ဆိုတော့ ပိုကောင်းပါတယ် စရိုက်မတူရင် မပေါင်းသင်းတာ ပိုကောင်းပါတယ်..