27 June, 2010

တစ်ဖက်သက်ညနေခင်း

အရောင်ပြောင်းတတ်တဲ့တိမ်တွေကို
မမြင်ရမနေနိုင်အောင်
ငါ အားအားယားယား ဖြစ်နေတာ မဟုတ်ဘူး။
ဒါပေမယ့်
သူမကတော့ အဲဒီလိုထင်ခဲ့တယ်။


ငါချစ်တဲ့ သူမက
ညနေခင်းမှာ လွတ်လွတ်လပ်လပ်မြင်နေနိုင်မယ့်
တောပန်းတစ်ပွင့်လည်း မဟုတ်ခဲ့ဘူး။
 

ငါချစ်တဲ့ သူမက
မြေပြင်ကို ငုံကြည့်တတ်တဲ့
ပန်းတစ်ပွင့်လည်း မဟုတ်ခဲ့ဘူး။


ငါချစ်တဲ့ သူမက
တော်ဝင်သဇင်လိုမျိုး
ဝင့်ကြွားတဲ့ အသွင်သဏ္ဍန်နဲ့
လှပတဲ့ မွှေးရနံ့နဲ့
အဆင့်မြင့်မြင့် ပန်းတစ်ပွင့် ဖြစ်ခဲ့တယ်။

ညနေခင်းမှာ
နေမင်းက တောင်တန်းတွေကို နှုတ်ဆက်
တိမ်တွေကလည်း တောက်တောက်ပပ လက်ပြကြရင်း
အစိမ်းရောင် တောရိုင်းပင်တွေ ခြံရံတဲ့
ညနေခင်း လမ်းမက သာသာယာယာနဲ့။
ဒါပေမယ့်
ငါချစ်တဲ့ သူမကတော့
ငါလွမ်းနေတာကို မသိခဲ့ဘူး။

သိင်္ဂါကျော်

19 comments:

နေ၀သန် said...

ဓါတ်ပုံကဗျာလေးပေါ့ဗျာ...။ ပုံကြည့်ရင်း ကဗျာခံစားရင်းဖြင့်....


ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

ကဗျာရှု့ခင်းလေးတွေ
အရောက်လာလို့ဖတ်သွားပါတယ်။

လသာည said...

ပန်းနဲ့ ကဗျာလေး ကောင်းလိုက်တာ.။ ပန်းလေးတွေ တော်တော်လှတယ်နော်။
အခု ဘလော့ဒီဇိုင်းလေးကလည်း ဒီပိုစ်က ဓါတ်ပုံလေးတွေနဲ့ တအားပဏာရတာပဲ။

မောင်မျိုး said...

လှပတဲ့ စာသားတွေနဲ့ ပုံတွေတွဲဖတ်ပြီး ဆက်သွားတဲ့ ကဗျာလေးက တယ်လှပါ့ ။

kokomaung.uk said...

ပုံကို ကဗျာနဲ့အလှခြယ်
ကဗျာကို ပုံနဲ့ရောင်စုံတင်
အဆင်အပြင်တွေ ခန်းနားပါဘိ။

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာက လှတယ်၊ အားပေးလျက်။

linn said...

ပုံတွေနဲ့ ကဗျာဖေါ် သွားတာပေါ့ ... သဇင်ပန်းထက် တောပန်းလေးက လှနေပြန်ရော ... :)

ကိုဇော် said...

ကဗျာ ၊ ပုံ သရုပ်ဖော်လေးနဲ့ပဲ . .
ဂွတ်. . .

SHWE ZIN U said...

ဖတ်သွားပါတယ်ဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါချစ်နေတဲ့ သူမက ဘာကြောင့်မသိတာပါလိမ့်..
ပန်းကလေးတွေလှတယ်..
ကဗျာလေးက ပိုတောင်လှသေး

သဒ္ဓါလှိုင်း said...

ချစ်တဲ့သူတွေ လွမ်းနေတာကို သိနိုင်ပါစေ...။
နှစ်သက်ခံစားမိပါတယ်သိင်္ဂါရေ..
ခင်တဲ့
သဒ္ဓါ

မိုးငွေ့...... said...

ညနေခင်းမှာ
နေမင်းက တောင်တန်းတွေကို နှုတ်ဆက်
တိမ်တွေကလည်း တောက်တောက်ပပ လက်ပြကြရင်း
အစိမ်းရောင် တောရိုင်းပင်တွေ ခြံရံတဲ့
ညနေခင်း လမ်းမက သာသာယာယာနဲ့။
ဒါပေမယ့်
ငါချစ်တဲ့ သူမကတော့
ငါလွမ်းနေတာကို မသိခဲ့ဘူး။

အဲဒီအပိုဒ်လေးကြိုက်တယ် ပြီးတော့ နေ၀င်ချိန်ဆည်းဆာနဲ့သိပ်လိုက်ဖက်ပြီး လွမ်းမောဖွယ်ကောင်းလွန်းလို့ ကိုယ်ကိုယ်တိုင်အဲဒီနေရာရောက်နေသလားခံစားမိတယ်..။
စာရေးသူတွေဆိုတော့ အသည်းကနုတယ်လေး)

ခင်မင်စွာဖြင့်
မိုးငွေ့

sosegado said...

ကဗျာ သရုပ်ဖေါ်လေးဖတ်သွားပါတယ်၊ အလွမ်းတွေခံစားသွားတယ်

ချိုကျ said...

ဖြစ်ပုံခြင်းတောင်လာတူနေပါပေါ့လား ကိုသိင်္ဂါရေ....
ကောင်းတယ်ဗျာ အဖွဲ့အနွဲ့တွေကလေ

ခင်တဲ့(ချိုကျ)

ရေသန့်  said...

ညာဘက်ကဘားကိုဆွဲချတဲ့ အခါ ညနေခင်းနေလုံး က
နောက်ခံမြစ် တောင်တန်းတွေကြောင့်  နေ၀င်လာသလို
မြင်ရတယ်...လှုပ်ရှားနေသလို အသက်ပါတယ်
တော်တော်လှတယ်

ပေါ့ဆိမ့် said...

အယ် ... အိမ် နှစ်ယောက်တောင် ရောက်နှင့် ကြပါလား။ ကဗျာလေး နဲ့ ပုံလေးတွေ က ကြည့်ရင်း ဖတ်ရင်း ကျွန်တော် လည်း ကဗျာ စပ်ချင် စိတ် ပေါက်သွားတယ် ..

အင်ကြင်းသန့် said...

''ဒါပေမယ့်
ငါချစ်တဲ့ သူမကတော့
ငါလွမ်းနေတာကို မသိခဲ့ဘူး။''

အဲဒါ အဆိုးဆုံးပဲ။

အဖြူရောင်နတ်သမီး said...

ဒီလောက်ချစ်တတ်တဲ့သူ
သူမကို လွမ်းနေတာ ကိုတောင်...
သူမက မသိဘူးတဲ့လား...
...........................
ကဗျာလေးရော...ပုံလေးတွေရော...
အရမ်းလှပါတယ်....

ရွှေပြည်သူ said...

“အရောင်ပြောင်းတတ်တဲ့တိမ်တွေကို
မမြင်ရမနေနိုင်အောင်
ငါ အားအားယားယား ဖြစ်နေတာ မဟုတ်ဘူး။”

ဆိုတာလေးက ရှတတနဲ့လှတယ် အစ်မသိင်္ဂါကျော်ရေ...