05 December, 2010

နှစ်သိမ့်သူ


(ခုတလော ကိုယ်ကြိုက်နေတဲ့ The Best of Melody World 2009 Vol 1 ထဲက နှစ်သိမ့်ဆု သီချင်းလေးကို ခံစားပြီး သရုပ်ဖော်ထားတာပါ။ ကိုယ်သွားခဲ့တဲ့ ပုဂံ ရှုခင်းပုံလေးတွေလည်း တင်ချင်တာနဲ့ ပုဂံခရီးနဲ့ ရောပစ်လိုက်ပါတယ်။ ခရီးသွားမှတ်တမ်းလို ဖြစ်သွားရင်တော့ သည်းခံကြပါနော်..။)




“ငါစိတ်ညစ်နေတယ် ကိုခန့်၊ ဒီတစ်ပတ် ပိတ်ရက် ခရီးတစ်ခုခု သွားရအောင် စီစဉ်ပေးစမ်းပါဟာ”
“ခရီးသွားတာတော့ ဟုတ်ပါပြီ၊ နင်က ဘာအကြောင်းနဲ့ စိတ်ညစ်နေရတာလဲ၊ ဘာကိစ္စ ဖြစ်လို့တုန်း ပြောစမ်းပါဦး”
“ငါ ကိုကို နဲ့ ပြတ်သွားပြီ၊ စိတ်လေတယ်ဟ၊ ခရီးသွားမှ ဖြစ်မယ်၊ နင် ဖြစ်အောင်လုပ်ပေး၊ သောကြာည ထွက်ချင်တယ်၊ ရထားနဲ့သွားရင် ပိုကောင်းမယ်၊ ဆိုင်ကယ်တွေ တင်သွားမယ်လေ၊ ငါ့မှာ ပိုက်ဆံလည်း သိပ်မရှိဘူးနော်.. ခရီးစားရိတ် သက်သက်သာသာနဲ့ သွားရအောင် လုပ်ပေး”
“ဘယ်နှယောက် သွားမှာလဲ”
“ငါ့သူငယ်ချင်း သုံးလေးယောက်လောက် ခေါ်ခဲ့မယ်”
ပွင့်သစ် ပြောသောအချိန်မှာ ကြာသပတေးနေ့ ညဘက်။ ရထားလက်မှတ် ဝယ်ပေးသာ ပြောသည်။ မှတ်ပုံတင်လည်း ပို့မပေး။ ဒီအချိန်ကျမှ ရထားလက်မှတ်ကလည်း ဘယ်လိုမှ ရနိုင်စရာ လမ်းမမြင်။ နောက်ဆုံးတော့ ခန့်သူမှာ သူ့ LiteAce ကားကိုပဲ သေချာစစ်ပြီး သွားကြဖို့ ဖြစ်လာရသည်။ ကားမောင်းဖို့ သူ့သူငယ်ချင်း တစ်ယောက်ကိုပါ ခေါ်လာရသည်။

ခန့်သူ အတွက်တော့ ပွင့်သစ် ဒုက္ခပေးတာကို ခံရပေါင်း များနေတာမို့ ထူးပြီး မဆန်းတော့ပါ။ ပွင့်သစ် စိတ်ညစ်တိုင်း၊ စိတ်လေတိုင်း နှစ်သိမ့်အားပေးဖို့ သူ အမြဲတမ်း အနားမှာ ရှိခဲ့သည်။
****

ခန့်သူ နှင့် ပွင့်သစ် က မူလတန်း ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့သည်။ ပွင့်သစ် ရဲ့ အချစ်ဇာတ်လမ်းတွေကတော့ အထက်တန်း အရောက်မှာပင် စတင်ခဲ့သည်။ သူတို့ ကိုးတန်းနှစ်မှာ ဆယ်တန်းကို ကျောင်းသားသစ် တစ်ယောက် ပြောင်းလာသည်။ ရုပ်က ခပ်ချောချော၊ စာကလည်း တော်သည်။ ပွင့်သစ်က ထိုကောင်လေးကို အသေအလဲ ကြိုက်သွားသည်။ ပွင့်သစ် အတွက် သူကပါ ထိုကောင်လေးနှင့် မိတ်ဆွေ ဖွဲ့ခဲ့ရသေးသည်။ ပွင့်သစ်နှင့် ထို တစ်ယောက်ကို အောင်သွယ် လုပ်ပေးခဲ့ရသည်။ ထို ကောင်လေးက ခရစ်ယာန်မို့ ပွင့်သစ်က ခရစ်မတ်စ် လက်ဆောင်တွေ ပေးသည်။ ထိုကောင်လေး မွေးနေ့ကို သိအောင် လုပ်ကာ မွေးနေ့ လက်ဆောင်တွေ ပေးသည်။ သို့သော် ထိုကောင်လေးက ဆယ်တန်းလို အရေးကြီးသော အတန်းမှာ စာကိုပဲ ကြိုးစားဖို့ ဆုံးဖြတ်ထားပုံရသည်။ ပွင့်သစ်ကို လုံးလုံးမှ အရေးမစိုက်ပါ။ နောက်ဆုံးတော့ ပွင့်သစ်ကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား သူ့ကို လိုက်မနှောက်ယှက်ဖို့ ပြောပစ်လိုက်ပုံရသည်။ ပွင့်သစ် အသည်းကွဲလာသည်။ ကိုးတန်း စာမေးပွဲကို မဖြေတော့ဘူး လုပ်သောကြောင့် ခန့်သူ မှာ အတော်ကြီးကို ချော့မော့ နှစ်သိမ့်ပေးခဲ့ရသည်။ သူ့အတွက်တော့ ပွင့်သစ်က သူအခင်ဆုံး သူငယ်ချင်း။ ပွင့်သစ် ငိုမှာကို သူမကြည့်ချင်။ ပွင့်သစ် စိတ်ဆင်းရဲနေတာကို သူမမြင်ချင်ပါ။

ဘယ်လိုပဲ အချစ်ရေး ရှုပ်ထွေးထွေး ပွင့်သစ်က ဥာဏ်ကောင်းသူမို့ ကိုးတန်း ကိုလည်း ကောင်းကောင်း အောင်မြင် ခဲ့ပါသည်။ ဆယ်တန်း ရောက်လာတော့ အဲဒီလောက် အရေးကြီးသော အတန်းမှာတောင်မှ ပွင့်သစ်က သူမကို ကိုးတန်းကတည်းက ကြိုက်သယောင်ပြခဲ့သော တစ်ခြား တန်းခွဲထဲက ကောင်လေး တစ်ယောက်ကို အဖြေပြန်ပေးခဲ့သည်။ ငါအခု သူချစ်ကိုပဲ ရှာတော့မယ် လို့လည်း ပြောသေးသည်။ ခန့်သူ ကတော့ ဘာကိုမှလည်း မတားမြစ်၊ မကန့်ကွက်ခဲ့ပါ။ သူပြောလျှင်လည်း ပွင့်သစ်က နားထောင်သူမှ မဟုတ်ပဲ။ ဆယ်တန်း စာမေးပွဲက အရေးကြီးကြောင်း၊ စာကြိုးစားဖို့ အကြောင်းလောက်တော့ သူပြောဖြစ်ခဲ့သေးသည်။ ပွင့်သစ်ကတော့ သူမ အမြဲပြောနေကြ ငါသိပါတယ်၊ နင် ဆရာ မလုပ်ပါနဲ့ ဆိုတာမျိုးနဲ့ ပဲ တုံ့ပြန်သည်။

အဲဒီတစ်ယောက်နှင့်တော့ ဆယ်တန်း တစ်နှစ်လုံး မြဲနေသည်။ ခန့်သူ နှင့်လည်း အသွားအလာမပျက်။ ပွင့်သစ်က ချစ်တော့လည်း ထိုတစ်ယောက်ကို ခန့်သူကလည်း သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့ရတာပါပဲ။ သူတို့ သုံးယောက်သား ကျူရှင် အတူတက်၊ စာအတူ ကျက်ရင်း ဆယ်တန်း စာမေးပွဲကို ဖြေခဲ့ကြသည်။ ကျောင်းပိတ်ရက်များ မှာလည်း သူတို့ ပွင့်သစ်တို့ နှစ်ယောက်က တစ်တွဲတွဲပါပဲ။ သူတို့ကို ကြည့်ပြီး ခန့်သူ စိတ်တွေကသာ ပြောင်းလဲလာသည်။ ဘာကြောင့်မှန်း သေချာမသိသော်လည်း ပွင့်သစ်ကို သူမဟုတ်သော တစ်ခြားတစ်ယောက်နှင့် တွဲသွားတွဲလာ လုပ်နေခြင်းအပေါ် မနာလို မကျေမနပ် ဖြစ်မိသည်။ သို့သော် သူ့ ခံစားချက်ကို ပွင့်သစ် သိအောင် မပြချင်ခဲ့ပါ။

တက္ကသိုလ်တွေ ဖွင့်တော့... ပွင့်သစ် ကောင်လေးက နည်းပညာတက္ကသိုလ်၊ သူနှင့် ပွင့်သစ်က ကွန်ပျူတာတက္ကသိုလ် တက်ခွင့်ရကြသည်။ ကျောင်းချင်း မတူတော့ မတွေ့တာကြာလာသည်။ နောက် သုံးလေး လလောက်ကြာတော့ ပွင့်သစ် ကောင်လေးမှာ အသစ်တစ်ယောက် တွဲနေသည့် အကြောင်း ကြားလာရသည်။ ပွင့်သစ်က တငိုငို တရယ်ရယ် နှင့်မို့ ဟုတ်မဟုတ် သူ့မှာ စုံစမ်းပေးရသေးသည်။ ပွင့်သစ် ကိုယ်တိုင် မျက်မြင် တွေ့သွားတော့ သူတို့နှစ်ယောက် အပြီးပြတ်သွားကြသည်။ ပွင့်သစ်က မစားမသောက် စိတ်ညစ်နေသည်မို့ စိတ်ပြေလက်ပျောက် ဆိုပြီး ပြင်ဦးလွင် နှစ်ယောက်သား တက်ပြီး လည်ပတ်ခဲ့ကြသေးသည်။ ပွင့်သစ် အသည်းက အနာကျက်တော့ မြန်ပါသည်။ တစ်လ လောက် ပါပဲ။ ပြီးတော့လည်း ပြီးသွားတာပါပဲ။

နောက်တစ်ယောက်ကတော့ ထိပ်ထိပ်ကျဲ သဌေးသား။ သူက ကျောင်းပိတ်ရက် သင်တန်းတက်ရင်း အလုပ်ရှုပ်နေခိုက်မို့ ပွင့်သစ် ထိုလူနှင့် ဘယ်လိုတွေ့ပြီး ကြိုက်သွားသည်ကိုပင် သေချာမသိလိုက်ပါ။ သူ့အတွက် ထူးပြီးလည်း မနာကျင်တော့ပါ။ ပွင့်သစ်ကို ယောက်ျားလေး သူငယ်ချင်းဘေးနားမှာ မမြင်ချင်သော်လည်း ပွင့်သစ်အတွက် အဲလို အဖော်ရှိမှ ပျော်မယ် ဆိုလည်း သူ က ဘာမှမပြောသာပါ။ ခန့်သူအဖို့ သူ နာကျင်ရပေမယ့် ပွင့်သစ်ကို ချစ်သောသူနှင့် ပျော်ရွှင်နေလျှင် ကျေနပ်ပါသည်။ သို့သော် သူ ဆုတောင် ပေးချင်သလို မဟုတ်ခဲ့ပြန်ပါ။ ထိုလူ၏ အမေက ထိုလူမှာ စေ့စပ်ထားသူ ရှိ၍ ပွင့်သစ်နှင့် ထိုလူကို သဘောမတူနိုင်ပါ တဲ့။ အဲဒီမှာတင် မာနခဲ ပွင့်သစ်က ထိုလူကို သူမက အရင် အဆက်ဖြတ်လိုက်သည်။ ထိုလူက လိုက်တောင်းပန်သေးသော်လည်း တကယ်တမ်း သူ့အမေကို လွန်ဆန်နိုင်ပုံမရပါ။ အဲလိုနှင့် ပွင့်သစ်မှာ တစ်ခါ အသည်းကွဲရပြန်သည်။ ဒီတစ်ခါတော့ ဒဏ်ရာက အတော်ပြင်းသည်ဟု ဆိုရမည်။ နောက်ထပ် ချစ်ရမှာ ကြောက်သွားပြီ လို့ပင် ပြောသေးသည်။ ထို စကားက အမှန်တကယ် ဖြစ်ပါစေလို့ ခန့်သူ ဆုတောင်းမိပါသေးသည်။

သို့သော် နောက်ထပ် လ အနည်းငယ် ကြာသောအခါမှာ ပွင့်သစ်က အချစ်ကို ထပ်မံတွေ့ရှိခဲ့ပြန်သည်။ ဒီတစ်ယောက်ကတော့ သူတို့ထက် လေးနှစ်လောက်ငယ်သည်။ မောင်လေး ဆိုပါတော့။ ပွင့်သစ်ရဲ့ မောင်လေးက စိတ်သဘောထား လေး ကောင်းရှာပါသည်။ ပွင့်သစ်ကိုလည်း အမှန်တကယ် ချစ်ရှာကြောင်း သူသိလာသောအခါ ပွင့်သစ် အတွက် စိတ်ချမိသည်။ သူနှင့် ပွင့်သစ်လည်း အခု နောက်ပိုင်းမှာ သိပ်မတွေ့ဖြစ်တော့ပါ။ သူက ပထမဘွဲ့ ပြီးနောက် ကျောင်းဆက်မတက်ပဲ စီးပွားရေးပဲ လုပ်နေသည်။ ပွင့်သစ်ကတော့ Master ဆက်တက်သည်။ ကောင်လေးက ပွင့်သစ်ထက် အတန်းငယ်သည်။ ခန့်သူကတော့ ပွင့်သစ်ကို မေ့ထားလိုက်သည်။ ပွင့်သစ် တစ်ယောက်တည်း ဖြစ်နေရင်တောင် သူ့ခံစားချက်ကိုတော့ သူဖွင့်မပြောချင်ပါ။ ပွင့်သစ် ၏ မြောက်မြားစွာသော ချစ်သူတွေထဲက တစ်ယောက်တော့ မဖြစ်ချင်ပါ။

ဒီတစ်ခါတော့ ပွင့်သစ်က ကျန်ရစ်ခဲ့ရသူ မဟုတ်ပဲ ချန်ထားသူ ဖြစ်သွားပြန်သည်။ သူမ ချစ်သူ ကောင်လေး ရှိလျှက်နှင့် နောက်တစ်ယောက် ပြောင်းချစ်သွားခြင်း ဖြစ်သည်။ ဒီတစ်ခါတော့ Computer master နှင့် ကျောင်းပြီးခဲ့ပြီး လောလောဆယ် DSA မှာ သင်တန်းတစ်ခု လာတက်နေသော ဗိုလ်ကြီး တစ်ယောက်နှင့် ဖြစ်သည်။ ပွင့်သစ်နှင့် မာစတာ တက်မှ ခင်ခဲ့သော သူမ သူငယ်ချင်းတစ်ယောက် အိမ်ကို အလည်သွားခြင်း တွေ့ခဲ့ခြင်း ဖြစ်သည်။ “ငါ ဒီတစ်ယောက်ကိုတော့ တကယ် ချစ်သွားတာ ကိုခန့်၊ အဲလို ပြောင်းလဲတာ မကောင်းမှန်း ငါသိရက်နဲ့ ဘယ်လိုမှ မထိန်းနိုင်ဘူး၊ ကောင်လေးကို သနားတယ်၊ ဒါပေမယ့် ကောင်လေးကို ငါ မချစ်တော့ဘူးလို့ ထင်တယ်၊ ဒီတစ်ယောက်ကိုမှ တကယ် ချစ်တာဟ”  ခန့်သူကို တော့ ရင်ဖွင့်မြဲအတိုင်း ရင်ဖွင့်ခဲ့သေးသည်။ ခန့်သူကတော့ ကောင်လေးကို ဖြတ်လိုက်သည့် ကိစ္စအတွက် ပွင့်သစ်ကို အပြစ်တင်ခဲ့သည်။ နောက်တစ်ယောက် အကြောင်းကိုတော့ သူသိပ်မသိ။ ပွင့်သစ်က တစ်ခါတော့ သူ့လူနှင့် မိတ်ဆက်ပေးသည်။ ဘာကြောင့်မှန်းမသိ ခန့်သူက ထိုလူကို သိပ်သဘောမတွေ့မိပါ။ မိန်းကလေးတွေနှင့် ပတ်သက်ပြီး ကျမ်းကျေနေသူ ဟု ထင်သည်။ သို့သော် ပွင့်သစ်ကို တော့ သူဘာမှ မပြောခဲ့ပါ။ ပြောလို့လည်း မရမှန်း သိနေသည်။

အခုတော့ ပွင့်သစ်က သူမ ကိုကို နှင့် ပြတ်သွားပြီ ဟု ဆိုပြန်လေပြီ။ သူမ အသည်းကွဲတိုင်းမှာ သူပဲ နှစ်သိမ့်ပေးနေရခြင်း သည်လည်း သူ့ ဝဋ်ကြွေးပဲလား မသိပါ။
*****

ခန့်သူ နှင့် ဇော်လွင်က တစ်ယောက်တစ်လှည့်စီ ကားမောင်းသည်။ ပွင့်သစ် တို့ လေးယောက်ကတော့ နောက်ခန်းမှာ စောင်တွေ ခြုံပြီး အိပ်လိုက်လာသည်။ မန္တလေးမှ ည ၁၁ နာရီ ကျော်လောက် ထွက်လာသည်။ ထို လမ်းသစ်မှ ပုဂံသို့ သွားဖူးသော်လည်း အခုလို ညကြီးမင်းကြီး မဟုတ်၍ သိပ်မမှတ်မိပါ။ လမ်းခွဲတွေ ရောက်လျှင် မေးစမ်း၍ သွားရသည်။ လမ်းကလည်း ကောင်းသည့်နေရာ ကောင်း၍ ဆိုးသည့် နေရာက တော်တော်ဆိုးသည်။ ပုဂံသို့ မနက် ၅ နာရီ ကျော်ကျော် လောက် ရောက်သွားသည်။ ဘာမှ မစီစဉ်ပဲ ချက်ချင်း ထလာသလို ဖြစ်သောကြောင့် ဘယ် တည်းခိုခန်းမှာ တည်းရမှန်းလည်း မသိသေးပါ။ သူက ရွှေစည်းခုံ ဘုရားရှေ့ ထိုးရပ်လိုက်သောကြောင့် ကောင်မလေးတွေလည်း ကားပေါ်က ဆင်းပြီး ဘုရားပေါ်တက်ကြသည်။ ဘယ်သူမှတော့ မျက်နှာမသစ်ရသေး။ ဘုရားပေါ်က ပြန်ဆင်းလာတော့ အနီးအနားက ဆိုင်တစ်ဆိုင်မှာ မနက်စာ ဝင်စားကြသည်။ နောက်တော့ သင့်တော်မည့် တည်းခိုခန်း လိုက်ရှာရင်း မိုးလင်းသွားသည်။ သူတို့ တည်းချင်သည့် ဟိုတယ်ကလည်း လူပြည့်နေသည်။ မနူဟာ ဘုရားအနီး ရောက်သွားတော့ မျက်နှာအဟောင်းတွေနဲ့ပဲ ဘုရားဖူးလိုက်ကြသေးသည်။ 


နောက်တော့ တစ်ညတလေပဲ ဆိုပြီး ပုဂံဂေါက်ကွင်း အနီးက ဟိုတယ်လေးမှာ ဝင်တည်းကြသည်။ ခဏတဖြုတ် အိပ်ပြီးနောက် သူတို့ ပြန်ထွက်ကြသည်။
ပထမဆုံး ဝင်ဖူးဖြစ်တာက ထီးလိုမင်းလိုဂူဘုရား။ ပွင့်သစ်ကတော့ ကင်မရာတစ်လုံးနှင့် မြင်မြင်မျှကို စတင်ပြီး ရိုက်နေလေပြီ။ ခန့်သူအတွက်တော့ သူမလေးကို ခုလိုပဲ အမြဲတမ်း ပျော်နေတာကို မြင်ချင်ပါသည်။ ထီးလိုမင်းလို ဘုရား အနီးက ဇေယျာသီရိ ဆုတောင်းပြည့်ဘုရား အတွင်းကို ဝင်ရောက်ဖူးမြှော်ရင်း ဓါတ်ပုံရိုက်ခဲ့ကြသေးသည်။



ထီးလိုမင်းလို စေတီတော်ကတော့ အပေါ်ထပ်အထိ တက်ခွင့်မရှိပါ။ အဲဒီက ထွက်လာကြပြီးနောက် လမ်းတွင်တွေ့သော စေတီတော် တစ်ဆူမှာ သူ ရပ်ပေးလိုက်သည်။ ထိုစေတီတော်ကတော့ အပေါ်ထပ်အထိ တက်၍ရသည်။ မှောင်မှောင်မည်းမည်း အုတ်လှေကား ကျဉ်းကျဉ်းမှ တက်ပြီးနောက် အပေါ်ရောက်သွားသည်။ ဤပုဂံရှုခင်းကို အပေါ်စီးမှ ကြည့်ရသော မြင်ကွင်းလောက် သာယာရှုမောဖွယ် ကောင်းတာ မရှိပါ။ ဓါတ်ပုံကြိုက်သော မိန်းကလေးများပီပီ တစ်ယောက်ပြီး တစ်ယောက် ရိုက်ကြသည်။ ခန့်သူကတော့ သူတို့အတွက် ဓါတ်ပုံဆရာပေါ့။



နောက်ထပ်သွားဖြစ်သော ဘုရားကတော့ ထုမှာ ဓမ္မရံကြီး ဟု ဆိုစမှတ်ပြုကြသော ဓမ္မံရံကြီး ဂူဘုရား။ ပထမဆုံး အကြိမ် ရောက်ကတည်းက ခန့်သူက ဤဘုရားကြီးကို ကြည်ညိုသဘောကျသည်။ ထုနှင့် ထည်နှင့် ပုံသဏ္ဍန်ကို သူအမြဲ အမှတ်ရနေခဲ့သည်။  နေက တော်တော် ပူနေပြီ ဖြစ်သောကြောင့် ဓါတ်ပုံကို auto ပဲ ရိုက်တတ်သော ပွင့်သစ် နှင့် သူမ သူငယ်ချင်း က ပုံကောင်းကောင်း မရ၍ သိပ်စိတ်မကြည်။ အဝင်မှာပင် ကားရပ်ပြီး ဘုရားကြီး တစ်ခုလုံးကို နောက်ခံထားပြီး ရိုက်ခဲ့ကြသေးသည်။ လူငယ်တွေမို့ ခန့်သူတို့ နှစ်ယောက်နှင့် ပွင့်သစ်တို့ သူငယ်ချင်းတစ်စု မြန်မြန်ဆန်ဆန်ပင် ခင်မင်သွားကြသည်။


အားလုံးပဲ ဗိုက်လည်း ဆာနေကြလေပြီ။ သို့သော် အနီးသို့ ရောက်နေပြီ ဖြစ်သော အာနန္ဒာဘုရားကို တော့ ဖူးလိုက်ကြသေးသည်။ အနုလက်ရာမှာ အာနန္ဒာ ဆိုသည့် စကားအတိုင်း ကျော်ကြားသော ဘုရားတစ်ဆူ ဖြစ်သည်။ သူတို့ကတော့ ဘာကိုမှ အသေးစိတ် နှံနှံစပ်စပ် လေ့လာဖြစ်ကြသည် မဟုတ်ပါ။ နှစ်ရက်အတွင်း ပုဂံဘုရားအစုံ ဖူးနိုင်ဖို့သာ ရည်ရွယ်သည်။ အတွင်းဘက် လေးမျက်နှာမှ ရပ်တော်မူ ရုပ်ပွားတော်ကြီးများကတော့ တော်တော်လေး ကြည်ညိုဖွယ်ရာ ကောင်းပါသည်။


အာနန္ဒာဘုရားမှ ထွက်လာခဲ့ကြပြီးနောက် ထမင်းဆိုင်သို့ ချီတက်ကြသည်။ မျိုးမျိုး ထမင်းဆိုင်။ နာမည်ကြီးသော ဆိုင်ပီပီ လူတော်တော် စည်သည်။ ဟင်းခွက်တွေ အစုံ လာချပေးပြီး ကိုယ်စားသော ဟင်းခွက်အရေအတွက်အလိုက် ရှင်းပေးရသည်။ ချဉ်ပေါင်ကြော်၊ ပုစွန်ချဉ်ကြော်၊ မှိုနှင့် မုံလာဥနီကြော်၊ ပြောင်းဖူးကြော်၊ ချဉ်ပေါင်ဖူးထောင်း၊ ဆိတ်သားခြောက်ကြော်၊ ကြက်ဟင်းခါးသီးချက်၊ ခရမ်းချဉ်သီးချက် စသည့် အရံဟင်းများကို ကြက်သား၊ ဆိတ်သား အဖြူထည်ဆီပြန်များထက် သူတို့အဖွဲ့က ပိုကြိုက်ကြသည်။


ထမင်းဆိုင်မှ ထွက်ပြီးနောက် ငှက်ပစ်တောင်ကို သွားကြသည်။ ကလေးများက ဘုရားသမိုင်း ရှင်းပြချင်သဖြင့် တကောက်ကောက် လိုက်ကြသော်လည်း သူတို့ အဖွဲ့ ဘယ်သူမှ နားမထောင်ချင်။ အနည်းငယ်တော့လည်း သိကြသူချည်းပင်။ ငှက်ကြီး ရန်ကို ကြောက်၍ အပျိုတွေ ပုန်းသော ဂူများကိုလည်း တွေ့ခဲ့ရသည်။ အနီးရှိ ရှင်အရဟံအုတ်ကျောင်းကိုလည်း ဝင်ခဲ့ကြပါသေးသည်။





ခန့်သူအတွက်တော့ ပတ်ဝန်းကျင်ကို ကြည့်ဖို့အပြင် ပွင့်သစ် မျက်နှာကို အရိပ်လို ကြည့်ဖို့ လိုက်ပါလာခြင်းသာ ဖြစ်ပါသည်။ ပွင့်သစ် မျက်နှာညိုလျှင် သူမနေတတ်။ ပွင့်သစ် ပင်ပန်းနေသည်ဟု ထင်လျှင် သူ စိတ်မကောင်း။ သူက သူမအတွက် အမြဲတမ်း နှစ်သိမ့်သူ သာ ဖြစ်ပါသည်။ သူမတို့လေးတွေ ပင်ပန်းပြီး အိပ်ချင်နေလေပြီ။ ညက တစ်ညလုံး မအိပ်ခဲ့ရသော ခန့်သူတို့ နှစ်ယောက်လည်း ခဏလောက်တော့ အိပ်လိုက်ဖို့ လိုနေတာအမှန်မို့ ဟိုတယ်ပြန်ပြီး အိပ်လိုက်ကြသည်။ ညနေဘက်ကျမှပင် ဆည်းဆာကြည့်ရင်း တစ်နေရာရာ သွားကြဖို့ စီစဉ်လိုက်သည်။

*****

ရွှေဆံတော် ဘုရားတွင် ညနေဆည်းဆာ ကြည့်ဖို့ စောင့်နေကြသည့် လူတွေနှင့် ပြည့်ကျပ်နေသည်။ ဘုရား၏ အလယ် ပစ္စယံနှင့် အထက် ပစ္စယံတွင် ထိုင်နေသော လူတွေကို မြင်ရတာပင် ကြည့်၍ လှသေးသည်။ သူတို့ကတော့ ဤဘုရားမှာ ဆည်းဆာ စောင့်ကြည့်ဖို့အထိ မရည်ရွယ်ပါ။ ဆည်းဆာကို ဘူး ဘုရားမှာ ကြည့်ဖို့ စီစဉ်ထားသည်။ ဘုရားပေါ်မှ အောက်ဘက် ရှုခင်း တော်တော်များများ ရိုက်၍ ရခဲ့သည်။ ရွှေဆံတော် ဘုရားပြီးနောက် သဗ္ဗညုဘုရားသို့ ဝင်ရောက်ဖူးမျှော်သည်။



သဗ္ဗညုဘုရားမှ ထွက်တော့ ဘူးဘုရား သွားသည့်လမ်းကို မှားသွားသဖြင့် ဘူးဘုရား ရောက်သည့်အချိန်မှာ နေလုံးကြီးကတော့ ဝင်ပြီး ဖြစ်နေလေပြီ။

သူငယ်ချင်းတွေ ဓါတ်ပုံရိုက်နေခိုက် ဘူးဘုရား အောက်ဘက် မြစ်ကမ်းနားဘေးမှာ နှစ်ယောက်သား ထိုင်ရင်း စကားပြောဖြစ်ကြသည်။
“နင့်ကိုကိုနဲ့ ဘယ်လို ဖြစ်တာလဲ ဆိုတာ ငါ့ကို ပြောဦး ပွင့်သစ်၊ နင့်ကြောင့်ပြတ်တာလား၊ သူ့ကြောင့်ပြတ်တာလား”
“နင့်မေးခွန်းကြီးက ဘာလဲ ဘာလို့ ငါ့ကြောင့် ဖြစ်ရမှာလဲ၊ ငါ ကိုကို့ကို ဘယ်လောက် ချစ်တယ် ဆိုတာ နင် သိပါတယ်၊ ခုဟာက ဘယ်လိုမှ မဖြစ်နိုင်တော့လို့ ငါက စဖြတ်လိုက်တာ၊ ကိုကို့မှာ ငါ့အပြင် နောက်ထပ် ကောင်မလေးတစ်ယောက် ရှိနေတယ်”

“နင်ကလည်းဟာ ဒါကတော့ ယောက်ျားလေးပဲ အရင် ရည်းစား ဆိုတာတော့ ရှိမယ့်သူချည်းပဲ၊ လိုက်ပြီး သဝန်တိုနေလို့တော့ ဘယ်ရပါ့မလဲ၊ နင်တို့ လက်ထပ်ဖို့တောင် ဆုံးဖြတ်ထားကြပြီးပြီဆို ဘယ်လို ဖြစ်တာလဲ”

“နင်ကလည်း ငါ့စကားကို ဆုံးအောင် နားထောင်စမ်းပါဦး၊ အဲဒီ ကောင်မလေးက အရင် ကောင်မလေး မဟုတ်ဘူး၊ ခုထိ အဆက်အသွယ်ရှိနေတာ၊ ကိုကို့အိမ်ကလည်း သိတယ်၊ ကိုကို့သူငယ်ချင်းတွေ အားလုံးလည်း သိတယ်၊ ကိုကို့ တိုက်ခန်းကိုလည်း အမြဲတမ်း လာနေကြတဲ့။ ငါနဲ့က ကိုကို သင်တန်းလာတက်တော့မှ တွေ့ရတာလေ၊ အဲဒီ သင်တန်း တက်နေတဲ့ အချိန်လေးမှာပဲ အဲဒီကောင်မလေးက မလာတာတဲ့၊ ဟိုတစ်နေ့က အဲဒီ ကောင်မလေးက ငါ့ကို ဖုန်းဆက်ပြီး ပြောတာ၊ ငါ ဘယ်လို နေမလဲ နင် စဉ်းစားကြည့်စမ်းပါ၊ ငါမယုံချင်ပါဘူး၊ ကိုကို့ ဘက်က မဟုတ်ပါဘူး၊ လျှောက်ပြောနေတာပါ လို့ ငြင်းဖို့ကို ငါ အရမ်း မျှော်လင့်ခဲ့တယ်၊ ဒါပေမယ့် ငါ ထင်သလို မဟုတ်ဘူး၊ သူ ဝန်ခံတယ် ကိုခန့်၊ ဟုတ်တယ်တဲ့ အခု အဲဒီ ကောင်မလေးကို ဖြတ်ဖို့ ကြိုးစားနေပါတယ် တဲ့၊ ငါ ဘယ်လို လက်ခံ ရမလဲ၊ သူက ချစ်သူ အပြိုင်ထားနေတာ၊ အဲဒါကို ငါက ကြည်ကြည်ဖြူဖြူ သဘောထားရမှာလား၊ မထားနိုင်ဘူး ကိုခန့်၊ ဘယ်လိုမှ မထားနိုင်ဘူး၊ အချစ်ကို မုန့်လို ဝေမစားနိုင်ဘူး၊ ငါ ကိုကို့ကို ဖြတ်လိုက်ပြီ၊ သူ့ဖုန်းတွေကိုလည်း block ထားလိုက်ပြီ”

“အေးလေ၊ နင့်စိတ်က ပြတ်ပြီဆို ပြီးတာပဲ၊ နင့်ကို မပြောချင်လို့သာ နေတာ၊ ငါ အစတည်းက ဒီကောင် ဒီလို လူမျိုး ဆိုတာ ထင်နေတယ်၊ ယောက်ျား အချင်းချင်း သိနေတယ်၊ နင့်မှာ ကောင်လေး ရှိရဲ့သားနဲ့ နင့်ကို ရအောင်လိုက်နိုင်တာလည်း ငါမကြိုက်ဘူး၊ ဒါပေမယ့် နင့်စိတ်က မပြတ်ဘူး ဆိုရင်တော့ သူ့ကို တွေ့ပြီ သေချာ ကျေလည်အောင် ရှင်းဦးပေါ့၊ အဲဒီ ကောင်မလေးကို ဖြတ်မှာ သေချာတယ်၊ နင့်ကိုပဲ လက်ထပ်မယ် ဆိုရင်တော့ နင်လည်း သေချာ ပြန်စဉ်းစားဦးပေါ့”

“တော်ပြီ ငါ့ကို ဘာမှ ပြန်မစဉ်းစားခိုင်းနဲ့၊ အဲဒီ ကောင်မလေး နဲ့ သူနဲ့ အတူ နေနေတာ တစ်နှစ်ကျော်လောက် ရှိပြီ နင်သိလား၊ သူ ငါ့ကို အဲဒီ အကြောင်း တစ်စွန်းတစ်စတောင် မပြောခဲ့ဖူးဘူး”

ပွင့်သစ်က ပြောရင်း မျက်ရည်ကျလာသည်။ ခန့်သူ ရင်ထဲမှာတော့ မကောင်း။ သူမ ရဲ့ အချစ်ကံက ဘာကြောင့် အဲလောက် ဆိုးရသလဲ မသိပါ။ သူမကို စွန့်လွှတ်ရသည့် အတွက် သူတစ်ယောက်တည်းသာ အသည်းကွဲပြီး နာကျင်ရင် နာကျင်ပါစေ။ သူမကိုတော့ ချစ်သူကို စွန့်လွှတ်ရသော ခံစားမှုမျိုးကို မခံစားစေလိုပါ။

“မငိုပါနဲ့ဟာ တိတ်၊ တိတ်၊ သူ မကောင်းဘူး ဆိုတာ သိရင်လည်း နင့်စိတ်နင် ဖြေမှပေါ့၊ ဘဝ ဆိုတာ ဒီလိုပါပဲဟာ၊ ပျော်တလှည့် ငိုတလှည့်ပေါ့၊ ဘာမှ ခံစားမနေနဲ့တော့၊ သူ့အကြောင်းလည်း မတွေးနဲ့ ပျော်အောင်နေ၊ ဟိုမှာ နင့်သူငယ်ချင်းတွေ ဆင်းလာပြီ၊ တိတ်တော့နော်”

နင်လည်း အသည်းမကွဲဖူးတာမှ မဟုတ်ပဲ လို့ ဆက်ပြောချင်သော်လည်း ဒီအချိန်မှာ ပြောလို့မကောင်းပါ။ နင်က ယောက်ျားတွေနဲ့ မပတ်သက်ပဲမှ မနေနိုင်ပဲ အသည်းကွဲတာ နည်းတောင် နည်းသေးတယ် လို့လည်း  သူ မပြောရက်ပါ။
*****

တနင်္ဂနွေနေ့ မနက်စောစောမှာတော့ တန့်ကြည့်တောင်ကို တက်ဖို့ စီစဉ်လိုက်သည်။ နံနက် ၅ နာရီခွဲလောက်မှာ ဘူးဘုရား ဆိပ်ကမ်းမှ စက်လှေငှား၍ တန့်ကြည်တောင် ရှိရာ တစ်ဖက်ကမ်းသို့ လာခဲ့သည်။ ကားကိုတော့ ဘူးဘုရား ဘက်ကမ်းမှာ ထားခဲ့ရသည်။ တစ်ဖက်ကမ်းရောက်တော့ ကားဂိတ်မှ ဂျစ်ကားတစ်စီး ငှား၍ တက်ရသည်။ ပုဂံကို ရောက်ဖူးသူတွေချည်း ဖြစ်သော်လည်း တန့်ကြည်တောင်ကိုတော့ မရောက်ဖူးသူက များသည်။ မနက်အရုဏ်မှာ ဘုရားဖူးရတာ အတော်ကြည်နူးဖို့ ကောင်းသည်။ တောင်ပေါ်ကနေ အရုဏ်တက်စ နေမင်း ကို မြင်တွေ့ရသည်မှာ ပန်းချီကားတစ်ချပ်လို လှပသည်။





တန့်ကြည်တောင် စွယ်တော်ရှင် ဘုရားကို ဖူးမြှော်ပြီးနောက် စွယ်တော်ရှင်တစ်ဆူ ဖြစ်သည့် လောကနန္ဒာ စွယ်တော်ရှင်စေတီသို့ သွားခဲ့ကြသည်။ 


အထူးတလည် အဓိဌာန်ပြု ကပ်လှူ ပူဇော်တာမျိုးတွေ မရှိသော်လည်း ပွင့်သစ်တို့ကို ဒီနေ့ မွန်းမလွဲခင်မှာတော့ စွယ်တော် လေးဆူကို ပြည့်အောင် ဖူးစေချင်သည်။ ဒီဘဝမှာ နောက်ထပ်အသည်းမကွဲ ပါစေနဲ့လို့ ဆုတောင်းချင်လည်း ဆုတောင်းပေါ့ ပွင့်သစ်ရယ် ဟု တန့်ကြည့်တောင် မတက်ခင်ကတော့ နောက်သလို ပြောင်သလို ပြောခဲ့မိသေးသည်။ ပွင့်သစ်ကလည်း စိတ်ကြည်နေလို့ ပဲလားမသိ သူ့ကို စိတ်မဆိုး၊ မျက်စောင်း တစ်ချက်တော့ ထိုးသွားသည်။

ရွှေစည်းခုံကို မနေ့က ဖူးပြီးပြီ ဖြစ်သော်လည်း ဒီနေ့မနက်မှာ စွယ်တော် လေးဆူ ပြည့်အောင် ဖူးဖို့အတွက် ရွှေစည်းခုံဘုရားကို ဝင်၍ ခဏ ဖူးသည်။ ဆုတောင်းသည်။ မနေ့က မှောင်ကြီးထဲ ဓါတ်ပုံမရိုက်ခဲ့ရသောကြောင့် အုပ်စုလိုက် ဓါတ်ပုံ ထပ်ရိုက်သည်။


နောက်ဆုံး တစ်ဆူကတော့ တုရင်တောင် စွယ်တော်ရှင် ဘုရားပင် ဖြစ်သည်။ ဘုရား ကန်တော့ကြပြီးနောက် ဘုရားပေါ်မှာလည်း ဓါတ်ပုံရိုက်ကြသည်။ ဘုရားမှ အဆင်း တောင်ပေါ်မှာလည်း ဓါတ်ပုံရိုက်ကြသည်။ 




ပွင့်သစ်မျက်နှာလေး ဓါတ်ပုံတိုင်းမှာ ပြုံးနေတာကို မြင်ရတော့ ခန့်သူ စိတ်ချမ်းသာသည်။ ခရီးသွားခြင်းက လူကို စိတ်လက်ပေါ့ပါး လန်းဆန်းစေသည်မှာ အမှန်ပင်။ တုရင်တောင်ပေါ်မှ ဆင်းလာကြပြီး အဝင်ဝ ဆိုင်းဘုတ်ကို မကျန်အောင် ဓါတ်ပုံရိုက်လိုက်ကြသေးသည်။ အားလုံးလည်း ဗိုက်ဆာနေကြပြီ။ ဇော်လွင်ကလည်း ဗိုက်ဆာ၍ ထင်သည်။ ကားကို အမြန်မောင်းနေလေပြီ။ ထမင်းဆိုင်သို့ တန်းသွား၍ မရသေး။ ဟိုတယ် အချိန်မီ ပြန်၍ check out လုပ်ဖို့ အထုပ်အပိုး သိမ်းရဦးမည်။

ဟိုတယ်ရောက်တော့ အနည်းငယ် အနားယူပြီး ရေချိုးချင်သူက ရေမိုးချိုး၊ ပြန်မည့် အဝတ်အစား တစ်ခါတည်း လဲကာ အထုပ်အပိုးသိမ်း၍ check out လုပ်ကြရသည်။ ပြီးတော့ စားနေကျ ထမင်းဆိုင်ကို ဦးတည်သည်။ စားသောက်ပြီးနောက် မဖူးရသေးပဲ ကျန်နေသည့် နာမည်ကြီး ဘုရားများကို မကျန်အောင် ဖူးကြမည်ဟု အားလုံးက ကြွေးကြော်သည်။

ပထမဆုံး အပယ်ရတနာဘုရား။


နောက်...  မြစေတီ နှင့် ဂူပြောက်ကြီး။





ရှေးဟောင်းသုတေသန ပြတိုက် ဆိုင်းဘုတ်ရှေ့မှာလည်း ဆင်းပြီး ဓါတ်ပုံရိုက်ခဲ့ကြသေးသည်။ ဝင်ခ ဈေးကြီးလို့ ဆိုပြီး အားလုံး သဘောတူစွာ အတွင်းကို မဝင်ပဲ ကားပေါ်ပြန်တက်ကြသည်။ ခန့်သူကတော့ ပထမတစ်ခေါက်က သေချာ ဝင်ကြည့်ပြီးသားမို့ သူတို့ မဝင်ချင်တာကို ဘာမှ မပြောတော့ပဲ ကားကိုပဲ မောင်းခဲ့လိုက်သည်။


နောက်တစ်နေရာက... ကန်တော့ပလ္လင်ဘုရား။


ပြီးတော့ ရွှေဂူကြီး။

ပုဂံမျှော်စင်ကိုတော့ အပေါ်ထိ မတက်တော့ပဲ ဥယျာဉ်ဝင်းထဲမှာပဲ ဓါတ်ပုံလိုက်ရိုက်ကြသည်။ နေကလည်း မွန်းလွဲမို့ အတော်ပူနေသည်။ သို့သော် ဓါတ်ပုံဝါသနာအိုးများကတော့ နေပူပူမှာပင် ရိုက်ဖြစ်အောင် ရိုက်လိုက်ကြသေးသည်။

နောက်တော့ ပုဂံမျှော်စင်ကိုပါ လှမ်းမြင်ရသည့် ရှုခင်းကောင်းသော ဘုရားအမှတ် ၆၅၉ သို့ ဝင်ပြီး ဘုရားလည်းဖူး၊ ဓါတ်ပုံလည်း ရိုက်ကြသည်။


မနေ့က မနက်ပိုင်းက ဘယ်သွားရမယ်ဆိုတာ သေချာ လမ်းမသိခဲ့သောကြောင့် အဲဒီ မနက်မှာတင် ခန့်သူက ပုဂံလမ်းညွှန် စာအုပ်တစ်အုပ်ဝယ်ဖြစ်ခဲ့သည်။ ဒီနေ့ ထိုစာအုပ်ကို ကြည့်ပြီး သူတို့ကို လိုက်ပို့ပေးနေခြင်း ဖြစ်သည်။

ဆင်များရှင်ဘုရားမှာ ရပ်ပေးပြီး ဖူးမြှော်စေသောအခါ၌လည်း စက္ကူပန်းပင်ပါ မကျန် ဓါတ်ပုံရိုက်ကြပြန်သည်။ တက်လို့ရသည့် အုတ်နံရံမှန်သမျှ တက်ရပ်ကာ ဓါတ်ပုံရိုက်ကြသည်။ ပြန်ထွက်လာတော့ လမ်းမကြီး ပေါ်မှာပါမကျန် မှတ်တမ်း တင်ခဲ့ကြသည်။

မီးငြိမ်းကုန်း ဘုရားကြီးကိုရောက်တော့ အပေါ်ကို တက်လို့ရတာနှင့် တက်ခဲ့ကြသည်။ မီးငြိမ်းကုန်း ဘုရားပေါ်မှာ တစ်ယောက်တစ်နေရာစီ ထိုင်ရင်း ဆည်းဆာ ကြည့်နေချိန်မှာ ခန့်သူနှင့် ပွင့်သစ်က တစ်တွဲ ဖြစ်သွားသည်။
“ကိုခန့် နင်လည်း မငယ်တော့ဘူးနော်၊ နင်ကြိုက်တဲ့ ကောင်မလေး ခုထိ မတွေ့သေးဘူးလား၊ ငါ့သူငယ်ချင်းလေးတွေရော ဘယ်လိုလဲ၊ ဟိုနှစ်ယောက်က နံပါတ် မရှိသေးဘူးနော်… နင်စဉ်းစားလို့ ရတယ်”
“တော်စမ်းပါဟာ၊ ငါ စိတ်မဝင်စားဘူး၊ ငါ စီးပွားရေးပဲ လုပ်ချင်တယ်၊ အချစ်အကြောင်းမစဉ်းစားချင်ဘူး”
ပွင့်သစ်က သူ့စိတ်ကို တကယ်ပင် မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလားတော့ မသိပါ။ ပွင့်သစ် စကားများက သူ့ရင်ကို နာကျင်စေသော်လည်း မသိချင်ယောင်ပင် ဆောင်နေလိုက်ပါသည်။
“နင့် အသည်းကွဲဒဏ်ရာရော သက်သာရဲ့လား၊ မိပွင့်သစ်”
“မေ့တော့ ဘယ်မေ့ဦးမလဲ ဟဲ့၊ ဒီလိုပဲ ကြိုးစားရမှာပေါ့၊ လျှောက်လည်နေတုန်းတော့ ကိုကို့ကို သတိမရတာ အမှန်ပဲ၊ အဲဒါကြောင့် ငါ ခရီးထွက်ချင်တာပေါ့၊ အခု ခရီးကို ငါ အရမ်းပျော်တယ်၊ အားလုံးကို မေ့ထားလိုက်တယ်”




ရွှေဆံတော် ဘုရားလောက် လူမများသော်လည်း ဆည်းဆာကို စောင့်ကြည့်သူ နိုင်ငံခြားသားတစ်ချို့တော့ ရှိသည်။ ခန့်သူတို့ အုပ်စုလည်း ထိုဘုရားကြီး ပေါ်မှာ ပုဂံဆည်းဆာ အလှကို ခံစားခဲ့ကြသည်။ ပုဂံ လမ်းမကြီးပေါ်မှာ မြင်လှည်းလေးတွေ သွားနေတာက အစ မြင်နေရသည်။ ပုဂံပြတိုက်ကြီးကိုလည်း အပေါ်စီးမှ မြင်ရသည်။ ပုဂံဆည်းဆာကို မလွတ်တမ်း မှတ်တမ်းတင် ထားနိုင်ခဲ့သည်။
နောက်ဆုံး တစ်ဆူ အနေနှင့် မဟာဗောဓိဘုရားကို ဝင်ရောက်ဖူးမျှော်တော့ နေဝင် သွားပြီး မှောင်ရီဖြိုးဖြ အချိန် ဖြစ်နေလေပြီ။ ဓါတ်ပုံ ရိုက်မကောင်းတော့သော်လည်း မရမက Flash ထည့်၍ Group ပုံများ ရိုက်ခဲ့သေးသည်။ ပုဂံကို နှုတ်ဆက်ရတော့ အချိန်လည်း နီးလာလေပြီ။

စားနေကျ ထမင်းဆိုင်လေးမှာ ညနေစာ သွားစားကြသေးသည်။ ထုံးစံအတိုင်း ဘဲဥချက်၊ ဆိတ်သားခြောက်ကြော်၊ ဆိတ်သားတစ်ခွက် နှင့် အရံဟင်းကိုတော့ အစုံအလင်မှာပြီး စားကြသည်။ မျိုးမျိုး ထမင်းဆိုင်မှ ထွက်တော့ ၇ နာရီပင် ထိုးကာနီး နေလေပြီ။ ပုဂံကို နှုတ်ဆက်ထွက်ခွာခဲ့ပါပြီ။ လွမ်းသလို ဆွေးသလိုပင် ဖြစ်မိသေးတော့သည်။ ဇော်လွင်က အစောပိုင်း တစ်ဝက် သူမောင်းမည် ဆိုသဖြင့် ခန့်သူက နောက်ခန်းသို့ လာအိပ်လိုက်သည်။ ပွင့်သစ် သူငယ်ချင်းတစ်ယောက်က ရှေ့ခန်းမှာ ခဏ သွားစောင့်ပေးသည်။ အိပ်လို့တော့ သိပ်မပျော်ပါ။ ဟိုဟိုသည်သည် တွေးရင်း သူ့စိတ်တွေ ယောက်ယက်ခပ်နေသေးသည်။

ပွင့်သစ်ကို အမြဲတမ်းပဲ ဒီအတိုင်း ရှိနေစေချင်သည်။ သူ့နံဘေးမှာ သူ့ချစ်သူလေး အနေနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းမလေး အနေနဲ့ပဲ ဖြစ်ဖြစ်ပါ။ သူတို့ နှစ်ယောက်ကြားကို တစ်စိမ်းယောက်ျားတစ်ယောက် နောက်ထပ် ဝင်မလာစေချင်တော့ပါ။ နှစ်သိမ့်ဆု သိမ်းပိုက်ရသည့် အဖြစ်မှ ခန့်သူ လွတ်ချင်လေပြီ။ သို့သော် သူ့ ခံစားချက်ကို ပွင့်သစ်ကို ဖွင့်မပြောချင်ပါ။ ဖွင့်မပြောရပဲနှင့် ပွင့်သစ် သိသွားဖို့ကို သူလိုလားသည်။ သို့သော် အဲဒါက သူ့အိပ်မက်သာ ဖြစ်ပါသည်။ လက်တွေ့ ဖြစ်လာဖို့ကတော့ မလွယ်ကူနိုင်ပါ။ ဘာပဲဖြစ်ဖြစ် နှစ်သိမ့်ဆုနှင့်လည်း သူကျေနပ်ရမည်သာ။ ပွင့်သစ် အသည်းကွဲတိုင်း သူ့ကို သတိရတာကိုပင် ကျေးဇူးတင်ရသေးသည်။ ပွင့်သစ်ဘေးမှာ နှစ်သိမ့်ပေးနိုင်သူ တစ်ယောက်အဖြစ် ရှိနေခွင့်ရတာကိုပင် သူလက်ခံနိုင်ပါသည်။ ပွင့်သစ်တစ်ယောက် အနီးဆုံးကလူကို မြင်နိုင်သည့်တစ်နေ့ သူ့နံဘေးက ထာဝရထွက်ခွာမသွားမည့် အဖြစ်ကို သူစောင့်နေပါသည်။ ဘယ်လောက်ပဲ ကြာကြာ ပွင့်သစ်နှင့် နှလုံးသားချင်း နီးနိုင်မည့် တစ်နေ့ကို နှစ်သိမ့်သူ အဖြစ်နှင့်ပင် သူစောင့်နေပါမည်။

သိင်္ဂါကျော်

9 comments:

ကိုဇော် said...

ပုံတွေ အရမ်းကောင်းတယ်ဗျာ။
ဓါတ်ပုံ ပြတိုက်လေး တစ်ခုလောက်တော့ လုပ်ဖို့ အကြံပေးချင်တယ်။ ဓါတ်ပုံနဲ့ ပိုအောင်မြင်နိုင်တယ် ထင်တယ်။

Anonymous said...

ပုံတွေလည်းကောင်းတယ် ဇာတ်လမ်းလေး နဲ့ ပြတော့ ပိုကောင်းတယ်
ကျေးဇူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

သိင်္ဂါရေ
ပုဂံဘုရားလည်းဖူးရင်း ဇာတ်လမ်းလေးလည်း ဖတ်ရင်း
စိတ်ကူးကောင်းလိုက်တာနော်..
ဘုရားတွေအစုံဖူးခွင့်ရလိုက်တာ သိပ်ကျေးဇူးတင်တယ်
ပုဂံကို မရောက်တာ ကြာခဲ့ပြီလေ..
ဇာတ်လမ်းထဲက ချစ်သူမျိုး လိုချင်ပါရဲ့
သိပ်ချစ်တတ် နားလည်တတ်လွန်းလို့လေ
အပြင်မှာတော့ ထမင်းထုပ်သိုးမယ်ထင်တယ် လိုက်ရှာရင်းနဲ့ ဝေးးးးးးးးးးးးးးးးးးးးးးးးး

ဖိုးကြယ် said...

ဘာပဲဖြစ်ဖြစ်ကောင်းတယ် :) ဘုရားလည်းဖူးရတယ် နှလုံးသားအဟာရလည်းပြည့်တယ် :)

ခင်တဲ့(ဖိုးကြယ်)

အိမ့်ချမ်းမြေ့ said...

လှလိုက်တဲ့ ဓာတ်ပုံတွေဆိုတာ ရင်သပ်ရှုမောပါပဲ။
သိမ်းထားခွင့်ပြုပါ။

Khinmarlaraung said...

မရောက်ဖူးတဲ့ နေရာတွေရောက်....ရင်း...
ခံစားချက်လေးတွေ မျှဝေရင်း..ရောက်တယ်ရှင်။
...ခင်မင်လျှက်..ခင်မာလာအောင်..:)

မြစ်ကျိုးအင်း said...

သိပ်ကောင်းတဲ့ ပို့စ်လေးပါပဲ။
ဖြူစင်တဲ့အချစ် ဖြည့်ဆည်းပေးချင်တဲ့ အချစ်ကို တငြိမ့်ငြိမ့် ဖတ်ရသလို တထိုင်ထဲနဲ့ ပုဂံဘုရားတွေ စုံအောင် ဖူးလိုက်ရတာမို့ တော်တော်သဘောကျမိတယ်။
အနှစ်သက်ဆုံးကတော့ သီချင်းနားထောင်ပြီး
ရတဲ့စိတ်ကူးပါလို့ ဝန်ခံချက်လေးကိုပါပဲ။
ဘယ်သူမှ မသိလည်း ကိုယ့်လိပ်ပြာကိုယ် တန်ဖိုးထားတာမို့ သဘောကျမိပါတယ်။ စာရေးသူတွေ လိုက်နာသင့်တဲ့ အချက်ပါပဲ။

စိုးမြင့် (မေ့ဆေး) said...

သိပ်သဘောကျတယ်ဗျာ။ မရောက်ဘူးတာကြာ ပြီဖြစ်တဲ့ ပုဂံဘုရားတွေကို ခုလိုဓါတ်ပုံကောင်းကောင်း လေးတွေနဲ့ တွေ့ ရတာသိပ်ကိုခံစားရတယ်၊ အိမ်ကိုသိပ်လွမ်းလာမိတယ်။

Anonymous said...

နင်တင်ထားတဲ့ ပုံလေးတွေမြင်တော့ ဟိုးအရင်ကသွားဖြစ်ခဲ့တဲ့ ပုဂံခရီးလေးကို သတိယလိုက်တာ