20 January, 2014

နေရပ်ဒေသ မသိသော ကြယ်


သူက ကျွန်မ ကမ္ဘာကို ခဏ အလည်လာသော ကြယ်တစ်စင်းသာ ဖြစ်သည်။ စကြဝဠာထဲမှာ သွားချင်ရာ သွားနေသော ကြယ်တစ်စင်းနှင့် ကျွန်မက အမှတ်မထင် ကြုံခြင်းမျှသာ။ မတော်တဆ စိတ်ကူးယဉ် ကမ္ဘာမှာ တွေ့ခဲ့ကြသည်။ နောက်တော့ ရုတ်တရက် ပျောက်ရှသွားသည်။ ကြယ်တစ်စင်းသာ ဖြစ်ခဲ့လျှင် သူ့ ပတ်လမ်းကြောင်းထဲသို့ ပြန်ရောက် သွားခြင်းသာ ဖြစ်ပါစေ ဟု ကျွန်မ ဆုတောင်းသည်။ ကျွန်မကလည်း ကြယ်တစ်စင်း ဆိုလျှင် ဆွဲငင်အားပြင်းသော ကြယ်ထက် တွန်းကန်အား များသော ကြယ်တစ်စင်းသာ ဖြစ်သည်။
★★★

ချစ်ခြင်းဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို ကျွန်မ သေချာ နားမလည်ခဲ့ပါ။ အချစ်ဆိုသော အရာကို စစ်၏ မစစ်၏ ပြောနိုင်ဖို့ရာ ဘယ်လို အချက်အလက်များနှင့် တိုင်းတာရမည်ကို ကျွန်မ မသိခဲ့။ လူတစ်ယောက်ကို တကယ် ချစ်သလား၊ မချစ်သလား ကျွန်မကိုယ် ကျွန်မ ဘယ်တုန်းကမှ မဆန်းစစ်တတ်ခဲ့ပါ။ ကျွန်မ ဘဝမှာ ကျွန်မ ပါးစပ်က ချစ်တယ် လို့  ပထမဆုံး ပြောဖူးသူ သူ့ကိုလည်း ဘယ်လောက်အထိ ချစ်ခဲ့ မချစ်ခဲ့ ခုထက်ထိ ကျွန်မကိုယ် ကျွန်မ သေချာ မသိပါ။

ကျွန်မ ဘဝ တစ်လျှောက် အသက် ၃၀ကျော်မှာ အချစ်ဆိုသော အရာနှင့် မျက်ဝါးထင်ထင် ပတ်သတ်ခဲ့ဖူးတာလည်း မရှိတော့ မခံစားတတ်တာကလည်း ကျွန်မ အပြစ်လို့ မဆိုသာဘူး မဟုတ်လား။ ကျွန်မ ပတ်ဝန်းကျင်ကလည်း ယောက်ျားသား ရှားသည်။ ကျွန်မကလည်း ယောက်ျားတွေ ကြိုက်တတ်သည့် ပုံစံမျိုး မဟုတ်။ ဟေသာထက် ဆိုသော နာမည်က အစ မိန်းမမဆန်။ မျက်နှာပေါ်မှာ နှုတ်ခမ်းနီ တစ်စက် မတင်တတ်သည့် ကျွန်မ ပုံစံက မိန်းမ မဆန်။ ပခုံးအထက် ဆံပင်ကနေ ဘယ်တော့မှ အရှည်မထားတတ်သူ၊ အင်္ကျီကို မိန်းမ မဆန်သော ခပ်ပွပွ တွေသာ အမြဲ ဝတ်တတ်သူ ကျွန်မကိုယ်ကျွန်မလည်း ဘယ်တုန်းကမှ မိန်းမ တစ်ယောက်လို လှပသည်ဟု မထင်ခဲ့ပါ။ အဲဒီတော့ အသက် ၃၀ ကျော်လာသည့်တိုင် ချစ်ခွင့် တောင်းခံသူ တစ်ယောက်မှ မရှိခဲ့တာ အဆန်းတကြယ် မဟုတ်ပါ။

တစ်ခါတလေတော့လည်း ရိုးရိုးစင်းစင်း ဘဝက ပျင်းစရာ ကောင်းသည် ထင်ခဲ့သည်။ ပြင်ပက အစစ်အမှန် ကျွန်မ ဘဝကို စိတ်တိုင်းမကျသည့်အခါ အားလပ်ချိန်များမှာ online ပေါ် အချိန်ကုန်တတ်လာသည်။ အခုလို သိပ်များများစားစား internet မသုံးနိုင်ကြသေးသည့် လွန်ခဲ့သော နှစ်များကတည်းက ကျွန်မမှာ online ပေါ်က သူငယ်ချင်း တော်တော်များများ ရှိခဲ့သည်။ သူငယ်ချင်းတွေထဲမှာ ယောက်ျားလေးတွေရော မိန်းကလေးတွေရော ပါသည်။ အစောပိုင်း သုံးကာစ ကာလ လောက်က သူငယ်ချင်းများမှာ ကျွန်မအပေါ် ရိုးသားကြသည်။ နောက်ပိုင်းကျတော့ ကျွန်မအပေါ် မရိုးမသား ပြောဆိုချင်သူတွေ တွေ့လာသည်။ ကျွန်မ စိတ်ထဲ ဆိုးဆိုးဝါးဝါး မကြိုက်သူများကိုတော့ ချက်ချင်း block လိုက်တာ များသည်။ ကျွန်မ စိတ်ထဲ သူတို့  identity ကို မှန်မှန်ကန်ကန် ပြောသည် ထင်သူ၊ ကျွန်မ ခင်မိသူများကိုတော့ တွေ့ ချိန်တိုင်းမှာ စကားပြောဖြစ်သည်။ အဲသလို လူကတော့ သိပ်များများ စားစား မရှိခဲ့ပါ။

သူငယ်ချင်းကနေ ချစ်သူ ဖြစ်လိုကြောင်း ပြောလာသူ တစ်ယောက်စ နှစ်ယောက်စ မက ရှိခဲ့ပေမယ့် သူတို့ ဘက်က အပျော်သဘော သက်သက် မဟုတ်ပဲ ကျွန်မကို နည်းနည်းပဲ ဖြစ်ဖြစ် ချစ်တာတော့ သေချာသည်ဟု ခံစားမိခဲ့ပေမယ့် ကျွန်မဘက်ကတော့ သူငယ်ချင်းလိုပဲ ဆက်လက် ခင်ဖို့သာ ပြောဖြစ်ခဲ့တာပင်။ ကျွန်မက အားနာတတ်တာလား၊ မပြတ်သားတာလား ကျွန်မကိုယ်ကျွန်မတော့ မဝေဖန်လိုပါ။ ကျွန်မ စိတ်ထဲ သူတို့ကို မချစ်ဖူး ထင်ပေမယ့် သူတို့ က ကျွန်မကို ချစ်သည့်အပေါ်မှာ သာယာသလိုလို ဖြစ်မိတာ မိန်းကလေး အများစု သဘာဝပါလို့  လျှော့လျှော့ပေါ့ပေါ့ တွေးဖြစ်သည်။

တနင်္လာသားတစ်ယောက် နှင့်တော့ အများထက်ပိုပြီး နည်းနည်း ရင်းနှီးမိခဲ့သည်။ online မှာပါပဲ။ သူလည်း ညနေဘက် ညဘက်တွေ အိမ်မှာ အမြဲတမ်းသုံး။ ကျွန်မကလည်း အိမ်နှင့် အဝေး ရောက်နေချိန်မှာ စကားပြောဖော် မရှိပဲ online ပေါ် အမြဲတက်။ အဲလိုနှင့် သူရော ကျွန်မရော စာရေးတာ စာဖတ်တာကလည်း ဝါသနာ တူသူတွေမို့ စကားပြောဖြစ်ခဲ့ ကြသည်။ သူက ကျွန်မကို ချစ်သည် ပြောသည်။ ကျွန်မကတော့ သူငယ်ချင်းလိုပဲ ခင်သည် လို့ ပြန်ပြောခဲ့သည်။ သူက ချစ်သည် လို့ ခဏခဏ ပြောတာကို ကျွန်မက ဘာမှ ပစ်ပစ်ခါခါ ပြန်မငြင်းပဲ (တကယ်တော့ အားနာလို့) smile လေးတွေ ရိုက်ပြီး မသိချင်ယောင် ဆောင်နေသည့်အခါ သူ့ဘက်က ကျွန်မကို ချစ်သူလို့ သတ်မှတ်လာသည်။ ကျွန်မဘက်ကလည်း တစ်ခြားလူတွေထက် သူ့ကို ပိုပြီး စိတ်ထဲမှာ ရင်းနှီးလာသည်။ ချစ်သည် မထင်ပေမယ့် ကျွန်မ အတွေးထဲမှာ သူ့အတွက် နေရာပေးလာမိသည်။ ကျွန်မက ဘယ်အကြောင်းအရာပဲ ဖြစ်ဖြစ် တွေးနေတတ်သူမို့  ကျွန်မ အတွေးထဲ ပါလာတိုင်းလည်း ချစ်နေမိသူလို့တော့ မဆိုနိုင်ပါ။

ကျွန်မ ရန်ကုန်ပြန်လာလျှင် လေဆိပ်ကနေ စောင့်ကြိုမည် ဆိုသော အဲဒီတစ်ယောက်က ကျွန်မ ပြန်မလာခင် နှစ်လလောက်မှာပင် online ပေါ်က မပြောမဆိုနှင့် ရုတ်တရက် ပျောက်သွားခဲ့သည်။ တစ်လလောက် ကြာမှ သူ နယ်စပ်မှာ အလုပ်အသစ် ပြောင်းသွားလို့ online မသုံးဖြစ်တဲ့ အကြောင်း mail အတိုလေး တစ်စောင်သာ ရောက်လာသည်။ ကျွန်မ ရန်ကုန် ပြန်ရောက်တော့ သူတောင်းထားဖူးသော ကျွန်မ ဖုန်းနံပါတ်ကို mail နဲ့ ပို့ပေးဖြစ်သည်။ အတော်ကြီး ကြာတော့မှ တစ်ခါ ဆက်လာသည်။ နောက်လည်း ထပ်မဆက်။ သူ ကျွန်မကို ချစ်စကား ပြောခဲ့ဖူးသော ချစ်သူများနေ့မှာ message ပို့တော့ သူက ဖုန်းပြန်ဆက်သည်။ အဲဒါ သူများဖုန်းမို့ မဆက်ဖြစ်တာပါတဲ့။ အမှန်အတိုင်း ပြောရလျှင် ကျွန်မ သူ့ရဲ့  ပြင်ပသဏ္ဍန်ကို မချစ်ပါ။ အဆက်အသွယ် မပြတ်ချင်သော သူငယ်ချင်း သံယောဇဉ်သာလျှင် ရှိပါသည်။ သူနှင့် အဆက်အသွယ် ပြတ်နေတာ ကျွန်မ စိတ်မကောင်းပေမယ့် သူနှင့် အမြဲမပြောဖြစ်တော့ ပျင်းသည်နှင့် နောက်ထပ် သူငယ်ချင်း အသစ်တွေ ရှာထားခဲ့ပါသည်။ သူကလည်း ကျွန်မကို လွယ်လွယ်ပြောခဲ့ပြီး လေးလေးနက်နက် ရည်ရွယ်ချက် မရှိခဲ့သူပဲ မဟုတ်လား။ သို့ပေမယ့် သူ့ကိုလည်း ခုချိန်ထိ အကြောင်း တိုက်ဆိုင်ချိန်များမှာ သတိရနေပါသေးသည်။

အဲဒီနောက် ကျွန်မကို ချစ်သည် ဆိုသူ နှစ်ယောက် သုံးယောက်လောက် online မှာတွေ့သည်။ တစ်ယောက်ကတော့ သူတစ်ခါ ပြော ကျွန်မက တစ်ခါ ငြင်းပြီးသည့် နောက်ပိုင်းမှာ ထပ်မပြောတော့ပဲ ကျွန်မ အလိုအတိုင်း သူငယ်ချင်းလိုပဲ ဆက်ဆံနေခဲ့သည်။ ခုထက်ထိလည်း အဆက်အသွယ်မပြတ်။ ကျွန်မကို ရိုးရိုးသားသား ပြောဆို ဆက်ဆံသူကို (သူ့ဘက်က မရိုးမသား ဖြစ်နေနိုင်တာ သိပေမယ့်လည်း) ကျွန်မ ဘက်က မိတ်ပျက်အောင် လုပ်စရာ မလို ဟုထင်သည်။ မနက်တိုင်းလိုလို သူက viber က morning message ပို့လေ့ ရှိသည်။ ကျွန်မက internet သုံးဖို့ အားလျှင် ပြန်နှုတ်ဆက်သည်။ မအားလျှင်လည်း ပြန်နှုတ်မဆက်ဖြစ်။ သူ မအားသော ညဘက်ကျမှ good night လုပ်ချင် လုပ်လိုက်သည်။ ကျွန်မတို့ကြားမှာ အလာပ သလာပ နှုတ်ဆက်စကား ကလွဲပြီး ဘာမှ မပြောသည့်အတွက် ကျွန်မလည်း အနှောက်အယှက် မဖြစ်ပါ။ သူကလည်း ကျွန်မ စိတ်ဆိုးမှာ ကြောက်ရှာသည်။ ကျွန်မ internet လိုင်း ပြတ်သွားလို့  ပြောနေရင်းနှင့် အဆက်ပြတ်သွားလျှင်ပင် ကျွန်မ စိတ်ဆိုးသည် ထင်ပြီး မနေတတ်သူ ဖြစ်သည်။ သူ့ကိုတော့ ကျွန်မက ဘယ်လိုမှကို မချစ်တာပါ။ သူငယ်ချင်းကောင်း တစ်ယောက်လိုသာ ခံစားချက် ရှိပါသည်။

နောက်ထပ်က ကျွန်မထက် အတော်ငယ်မယ့် ကောင်ကလေး တစ်ယောက် (စတွေ့ စဉ်က သူပြောသော အသက်အရပေါ့)။ နောက်တော့ သူပြောသလောက် မငယ်တာ သူ့ ပုံတွေ တွေ့လို့ သိသည်။ အစကတည်းက စိတ်ထား သိပ် မစစ်မှန်တာ သိပေမယ့် သူ့ ပလီပလာ အပြောများမှာ ကျွန်မကလည်း အားနာပါနာ သာယာပြီး ပြန်ပတ်သက်နေခဲ့သည်။ နောက်တော့ ကျွန်မရဲ့  တစ်ယောက်သော သူနှင့် တွေ့သည်။ အဲဒါကလည်း အဲဒီ ကောင်ကလေးက သူ့  gmail account ကို ဆောက်ပေးပြီး ကျွန်မ account ကို invite လုပ်ပေးလိုက်သည် ထင်သည်။ သူနှင့် တွေ့ ပြီး နည်းနည်း ကြာတော့ အဲဒီ ကောင်ကလေးက အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်မကို ဖြတ်သည်။ ကျွန်မက တစ်ခြားလူနှင့် chat တာ အဲဒီ ကောင်ကလေးကို သစ္စာဖောက်တာ ဖြစ်ရသလား။ အဲဒီ ကောင်ကလေးကို ချစ်ပါသည် လို့ ကျွန်မဘက်က တစ်ခါမှ တိတိကျကျ မပြောခဲ့ဖူးပါ။ ကျွန်မက သူငယ်ချင်းလို ဆက်လက်ခင်ချင်သော်လည်း သူ့ ဘက်က အဆက်အဆံ မလုပ်လိုပုံ ပေါ်သည်နှင့် ကျွန်မက အဲဒီ ကောင်ကလေးကို block ခဲ့တော့သည်။ အဲဒီ ကောင်ကလေးက သူ့သူငယ်ချင်းတွေနှင့်အတူ facebook account ကိုလည်း အတူတူ သုံးကာ ကောင်မလေး မှန်သမျှကို ကြူနေတာကိုလည်း ကျွန်မက သေချာ သိနေသည်။ ကျွန်မ ဘက်ကလည်း အလေးအနက် ချစ်ခြင်း မဟုတ်သည်မို့ သူ့ကို အလိုက်သင့် ဆက်ဆံခဲ့ပေမယ့် နောက်ဆုံး သူ့ ဘက်က စိတ်သဘောထားကြောင့် ကျွန်မလည်း ဖြတ်ခဲ့ရသည်ပင်။ အဲဒီလို ကောင်ကလေးနှင့် ပတ်သက်ပြီးမှ သိလာသော သူ့ကိုလည်း ကျွန်မက ယခုထိတိုင်ကို စိတ်ဒုန်းဒုန်းချပြီး မယုံနိုင်ခဲ့ပါ။
★★★

ကျွန်မက အပျော်အပါး မက်သော ကြယ်တစ်စင်း ဆိုလျှင် သူကလည်း ကျွန်မလိုပင် ဖြစ်လိမ့်မည်။ ကျွန်မက ကျွန်မ စိတ်ကူးယဉ် online ကမ္ဘာမှာ ကြယ်တစ်စင်း ဖြစ်သည်။ ကျွန်မ မကြိုက်နှစ်သက်ပဲ ရှေ့ဆက်နေရသော အသက်မွေးမှုဘဝ၊ ကျွန်မ လက်မခံချင်သော မိသားစု အတွင်းရေးများကို မေ့ထား၍ ရသော နေရာသည် online ပေါ်မှာသာ ရှိသည်။ ကျွန်မကို online ပေါ်မှာ ဇာတ်လမ်းရှုပ်သည်ဟု ပြောလိုလျှင် အပြင်မှာ ရှုပ်သူတွေထက်တော့ အပြစ်ကင်းသည်ဟု ထင်သည်။ သူလို ကိုယ်လို အတူတူ လူများ ပတ်သက်ခြင်းသည် ဘယ်သူ့ကိုမှ နစ်နာ စေခြင်း မရှိဟု ကျွန်မ ထင်သည်။ ကျွန်မကို အပြင်မှာ တွေ့လိုသည်ဟု တောင်းဆိုသူများကို အကြောင်းအမျိုးမျိုးပြ၍ ငြင်းခဲ့သည်သာ ဖြစ်သည်။

သူနှင့် ကျွန်မက မတော်တဆ ဆုံမိသည့် ကြယ်နှစ်စင်း။ သူ့ဘက်က ကြိုတင် ကြံစည်မှု ရှိခဲ့သည်လားလို့ ကျွန်မက သင်္ကာမကင်း ရှိခဲ့ပေမယ့် သူက ငြင်းတော့ ကျွန်မက ဆက်ပြီး ပြဿနာ မရှာဖြစ်ခဲ့ပါ။ သူက ကျွန်မလို စာဖတ် ဝါသနာ ပါသူ ဆို၍ ကျွန်မက သူ့ကို သူငယ်ချင်းလိုခင်မင်ဖို့ ဆုံးဖြတ်ခဲ့မိတာပင်။ သူက အချိန်တိုအတွင်း ကျွန်မကို ချစ်သည် ဆိုတော့ ကျွန်မကလည်း ထုံးစံအတိုင်း သူငယ်ချင်းလိုပဲ ဆက်ခင်ဖို့ ချက်ချင်း ပြန်ပြောခဲ့တာပါ။ ကျွန်မ ကိုယ်၌က သံသယ များလွန်းသူမို့  ကျွန်မကို ချစ်သည် ဆိုသူတိုင်းကို မယုံကြည်နိုင်ခဲ့ပါ။ အချစ်ဆိုသော အရာက ကျွန်မကို လာပတ်သက်တဲ့အခါများကလည်း တစ်ခါမှ တစ်သက်တာ မဆန်ခဲ့တော့ ကျွန်မက အချစ်ကို မယုံကြည်ခြင်းမှာလည်း သဘာဝကျသည် ထင်သည်။

သူက မိန်းကလေးတွေနှင့် စကားပြောဆိုရာမှာ ကျွမ်းကျင်သူ ဖြစ်ပုံရတာ ကျွန်မ ခန့်မှန်းမိပါသည်။ သူ ပြောလျှင် ကျွန်မမှာ မငြင်းချင်၊ မငြင်းနိုင် ဖြစ်ရသည်။ သူနှင့် online မှာ သိတာ ဘယ်လောက်မှ မကြာသေးပါပဲ သူက ဖုန်းနံပါတ် တောင်းတော့လည်း ကျွန်မက ပေးလိုက်မိသည်။ ကျွန်မ ဖုန်းနံပါတ်ကို ပေးမိသော online သူငယ်ချင်း ဆိုလို့ သူ့အရင် လေးယောက်သာ ရှိတာ ကျွန်မ မှတ်မိသည်။ အဲဒီလူတွေကလည်း တစ်ခါလောက်စီသာ ကျွန်မဆီ ဖုန်းဆက်ဖူး တာမို့ ဖုန်းနံပါတ် ပေးလိုက်လည်း သိပ်ကြီး ပြဿနာ မရှိလှဘူးလို့  ထင်ခဲ့သည်။ သူကတော့ chat ရတာထက် ဖုန်းပြောရတာ ပို ဝါသနာ ပါသူမှန်း နောက်မှ သိရသည်။ ပြီးတော့ ညဘက်ကျမှ ဆက်သည်။ ကျွန်မက အစ်မဖြစ်သူနှင့် အိပ်ခန်း တစ်ခန်းထဲ အတူ အိပ်သူမို့ အားနာရသည်။ သူကတော့ သူ့မိသားစုနှင့်ပင် အတူမနေပဲ တစ်ယောက်တည်း နေသူဖြစ်သောကြောင့် လွတ်လွတ်လပ်လပ် ဖုန်းပြောလို့ ရသည်ထင်သည်။ သူ ကျွန်မကို သုံးကြိမ် လောက် ဆက်အပြီးမှာ သူ့ ဖုန်းကို reject list ထဲ ထည့်လိုက်သည်။ နောက်နေ့ မနက်ကျတော့ သူ့ miss call တွေ အများကြီး တွေ့ရတာမို့  နှစ်ရက်လောက် နေတော့ အားနာတာနှင့် ပြန်ဖြုတ်လိုက်မိသည်။ အဲဒီကစပြီး ကျွန်မ စိတ်ကို ကျွန်မ မထိန်းချုပ်နိုင်ပဲ သံယောဇဉ် အမှားတွေ ငြိမိတော့တာပင်။

သူနှင့် ကျွန်မ သိကာစက သူက ကျွန်မကို ညတိုင်း ဖုန်းဆက်သည်။ ကျွန်မက ဖုန်းပြောတာ ဝါသနာမပါလို့ ညတိုင်း မဆက်ဖို့ ပြောသော်လည်း မရပါ။ ခဏပဲ ဖြစ်ဖြစ်တော့ ပြောလိုက်ရမှ ကျေနပ်သည်။ ကျွန်မက ဘယ်လိုပဲ သူငယ်ချင်းလို သဘောထားတယ် ပြောပြော သူကတော့ ကျွန်မကို ချစ်သည့် အကြောင်း ညတိုင်းပြောသည်။ အစ်မကတော့ ကျွန်မကို နှာခေါင်း ရှုံလှပြီ။ ညပိုင်းမှ ဆက်တယ် ဆိုကတည်းက အီစီကလီ လုပ်ချင်သူ မို့တဲ့။ ကျွန်မက အားနာလို့ ပြောနေတာပါ ဆိုတော့ ဘာမှ အားနာစရာ အကြောင်း မရှိဘူးတဲ့။ ကျွန်မအစ်မက သူမချစ်သူနှင့် ယူမည် ဆုံးဖြတ်ထားသည့်နှစ်မှာ မယူလိုက်နိုင်သည့်နောက် ချစ်သူကို အဆက်ဖြတ်ကာ အပျိုကြီး လုပ်မည် ကြွေးကြော်နေသူ ဖြစ်သည့်အတွက် ဘယ်ယောက်ျားကိုမှ အကောင်းမြင်ပေးမည် မဟုတ်ပါ။  

တစ်ခါတစ်ရံတော့လည်း ဖုန်းကို silent လုပ်ကာ အိပ်ရာထဲမှာ သူနှင့် အပြန်အလှန် sms message ပို့ဖြစ်ကြသည်။ (အစ်မကတော့ ထုံးစံအတိုင်း မျက်စိပျက်မည် ဆိုပြီး ကျွန်မကို မျက်စောင်းတစ်ထိုးထိုးနှင့်ပေါ့)။ စကားပြောဖြစ်သည့် အကြိမ် များလာလျှင် ထုံးစံအတိုင်း ကျွန်မက ကျွန်မအကြောင်းတွေ အမှန်အတိုင်း ပြောမိပြန်ကာ သူ့အကြောင်းကိုတော့ စပ်စုရာ ကျမည် စိုးသည်နှင့် ဘာမှ သိပ်မမေးဖြစ်ပါ။ သူပြောသလောက်သာ ကျွန်မ သိသည်။ ကျွန်မ သိသလောက် သူ့ အကြောင်းတွေကလည်း ကျွန်မအတွက် ကြိုက်ချင်စရာ တစ်ကွက်မှ မရှိပါ။ သူက နိုင်ငံရေး လုပ်သဖြင့် ရှစ်တန်းနှင့် ကျောင်းထွက်ခဲ့ရပြီး ဘွဲ့မရ ဟု ဆိုသည်။ တကယ် ဟုတ်မဟုတ်တော့ ကျွန်မ မသိပါ။ သူ နိုင်ငံရေး စိတ်ဝင်စားတာတော့ သူ့ ပြောစကားများအရ ကျွန်မ သိသည်။ ကျောင်းဆက်မတက်ဖြစ်သည်အထိ နိုင်ငံရေး လုပ်သည် ဆိုတော့ သူ ထောင်များ ကျခဲ့သေးသလား၊ ဒါမှမဟုတ် ထွက်ပြေး ပုန်းရှောင် နေခဲ့ရသူလား ကျွန်မ အသေးစိတ် ထပ်မမေးခဲ့ပါ။ သူက အစိုးရဝန်ထမ်း မဟုတ်တာတော့ သေချာသည်။ ဘွဲ့မရမှတော့ အစိုးရဝန်ထမ်းလည်း ဖြစ်စရာ အကြောင်းမရှိပါ။ သို့ပေမယ့် သူ ဘယ်မှာ ဘယ်လို အလုပ်လုပ်သည် ဆိုတာ ကျွန်မ တစ်ခါမှ သေသေချာချာ မမေးမိ။ သူ့ အိမ် ကို သွားဖို့ စိတ်ကူးမရှိသည်နှင့် သူ့အိမ် ဘယ်နေရာမှာ ဆိုတာလည်း ကျွန်မ တစ်ခါမှ မမေးဖြစ်။ သူပြောလို့ သူက ကျွန်မထက် ၅နှစ် ကြီးတယ် ဆိုတာတော့ သိသည်။ သူ့မှာ ချစ်သူ တစ်ယောက် ရှိဖူးသည် ဆိုတာလည်း သူပြောလို့ သိသည်။ ဆရာမ တစ်ယောက်ဖြစ်ပြီး သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲခဲ့တာ ကြာပြီတဲ့။

တော်တော်လေး ခင်မင်မိပြီးမှ မမျှော်လင့် သိလိုက်ရသည်က သူက လူမျိုးခြား၊ ဘာသာခြား ဖြစ်နေသည် ဆိုတာပါ။ သူက ကျွန်မ မေတ္တာသုတ် ရွတ်ပြီးမှ ပဌာန်းရွတ်တာကို မေတ္တာလည်း ပို့သေး နှင်လည်း နှင်သေး မလုပ်သင့်ပါဘူး ဘာညာ ပြောတတ်သဖြင့် ကျွန်မ စိတ်ထဲ ဗုဒ္ဓဘာသာပဲ ထင်ခဲ့သည်။ ကျွန်မ မိုးကုတ် တရားစခန်း ဝင်သည်ဆိုတော့ သူက ၇ လောက်နှင့် တရားရော ရခဲ့ရဲ့လား ဘာညာ ဆိုတော့လည်း သာမန်ပဲ ထင်ခဲ့ပြန်သည်။ သူကလည်း မိုးကုတ် တရားခွေတွေ သူ အကုန် နားထောင်ဖူးသည် ဆိုခဲ့သေးသည်ကိုး။ ဖြစ်ပျက် ရှုမှတ်တာထက် ဘုရားကို အာရုံပြုပြီး ဝင်သက် ထွက်သက် မှတ်တာက ပိုမကောင်းဘူးလား ဆိုတော့ သူ့ အတွေးအခေါ်က နည်းနည်းတော့ တစ်မျိုးပဲလို့သာ ထင်လျှက် သူနှင့် အပြန်အလှန် ငြင်းမိသေးသည်။ သူက သူလည်း တရားထိုင်ဖူးသည် လို့ပင် ဆိုသေးသလားလို့။ အဲဒီလိုနှင့် အဲဒီ ငြင်းခုန်သည့် နေ့မှာပဲ သူက သူဘာသာခြား မျိုးနွယ် ဖြစ်ကြောင်း ပြောတော့ ကျွန်မမှာ အံ့သြ မင်သက်လို့  ဘာမှကို မပြောနိုင်လောက်အောင် ဖြစ်ရသည်။ သူက သူ ဘာကိုမှ မယုံကြည် မသက်ဝင်ကြောင်းလည်း ပြောခဲ့ဖူးသည်။ ကျွန်မကပင် သူ့ကို ဘာသာမဲ့လို့ ပြောဖူးသေးသည်။ တကယ်တမ်းကျ တော်တော် အံ့သြဖို့ ကောင်းသည့်အဖြစ်ပါလား။ ကျွန်မက သူတောင်းသဖြင့် ကျွန်မ ဓါတ်ပုံ ပို့ခဲ့မိဖူးသော်လည်း သူပို့သော ဓါတ်ပုံက ဝါးတားတားနှင့် ရုပ်ကိုမှ ဖမ်းလို့မရသော ပုံ ဖြစ်နေခဲ့သည်ကိုး။

သူ ဘာသာခြားမှန်း သိကတည်းက သူ့ကို ကျွန်မ ဒီထက်ပိုပြီး အကျွမ်းတဝင် မဆက်ဆံသင့်မှန်း ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့သည်။ သို့ပေမယ့်လည်း သူ့ ဖုန်းလာလျှင် ကျွန်မ အားနာပြီး မကိုင်ပဲ မနေနိုင်ပြန်ပါ။ သူက စကားပြောကောင်းသူ၊ ဆွဲဆောင်မှုကောင်းသူ၊ ယုံချင်စရာ မကောင်းသူမှန်း ကျွန်မ နားလည်သည်။ ချစ်သူ အနေနှင့် အတိအလင်း ပတ်သက်လို့ မဖြစ်နိုင်သူ မှန်းလည်း သိသည်။ သို့ပေမယ့် သူငယ်ချင်းလို ခင်လို့ ရသည်ပဲ ရယ်လို့ ကျွန်မကိုယ်ကျွန်မ လျှော့ပေါ့ စိတ်ဖြေကာ သူနှင့် ဆက်လက် ပတ်သက်မိခဲ့သည်။ အချစ်နှင့် ပတ်သက်လျှင် ကျွန်မက အရိုင်း၊ သူက လူလည်။ ကျွန်မက သူ့ကိုလည်း လျှော့တွက်ခဲ့မိသည်။ သူက ကျွန်မကို “ယောက်ျားတွေကို မယုံနဲ့နော် ဟေ” လို့ ပြောတတ်သေးသည်။ အရင်ကောင်ကလေးနှင့် ကျွန်မရဲ့ online ပတ်သက်မှုကို သူလည်း သိချင် သိလိမ့်မည်။ “ကျွန်မက ဘယ်ယောက်ျားကိုမှ မယုံပါဘူး” ဆိုတော့ “ကိုယ့်ကိုတော့ ယုံပါကွာ” တဲ့။ တတ်လည်း တတ်နိုင်သည်။

သူက ကျွန်မကို ထူးထူးခြားခြား စတွေ့ကတည်းက “ဟေ” လို့ ခေါ်သည်။ online ရော အပြင်ကရော သူငယ်ချင်း အပေါင်းအသင်း အားလုံးက ဟေသာထက် ဆိုသည့် ကျွန်မနာမည်ကို ထက်ထက် လို့သာ ခေါ်ကြသည်။ သူ့ကို ထက်ထက်လို့ ခေါ်ဖို့ ပြောတာ ဘယ်လိုမှကို မရပါ။ သူက ဟေ မှ ဟေ ပဲ။ ကျွန်မ နားထဲ စကြားကာစကတော့ တစ်မျိုးကြီး ဖြစ်နေသည်။ နောက်တော့လည်း သူ့ ခေါ်သံကို အကျွမ်းတဝင်နှင့်၊ ခုချိန်မှာတော့ လွမ်းမိနေလေပြီ။

သူ ကျွန်မကို ဖုန်းခေါ်သည့် အခါတိုင်းမှာ “ဟေ၊ အရမ်းချစ်တာပဲ ကွာ” ဆိုသည့် စကားတစ်ခွန်းကတော့ အမြဲတမ်း ပါသည်။ ကျွန်မက အဖြေပြန်မပေးလျှင် ဖုန်းမချဘူး ဆိုတာမျိုးလည်း လုပ်တတ်သေးသည်။ “သူငယ်ချင်းလိုပဲ ချစ်တာ..၊ ညီမလေး လိုပဲ ချစ်တာ..” ဆိုပြီး ကျွန်မက ဖုန်းကို အရင် ချချ ပစ်ခဲ့တာ ညပေါင်းမနည်းခဲ့ပါ။ နောက်တော့ ကျွန်မ သူ့ အပြောတွေမှာ မျောပါမိသည်။ သူ့ အသံကပဲ ဆွဲဆောင်မှု ရှိတာလား၊ သူကပဲ အပြောကောင်းလွန်းတာလားတော့ မသိ။ (သူကတော့ အပြောကောင်းလိုက်တာလို့ ပြောလျှင် တစ်ခါမှ ငြိမ်မနေ၊ ရင်ထဲက လာတဲ့ စကားတွေပါ လို့ ဆိုတတ်သေးသည်။) သူက ဖုန်းမချပဲ အကြာကြီး ပြောပြီး ဂျီကျနေတာ ရစ်နေတာကို မခံနိုင်တာလည်း ပါသည်။ ကျွန်မက အစ်မ အငြိုအငြင်ခံပြီး မီးဖိုခန်းထဲ အစ်မ မကြားအောင် ပြောရပါသည် ဆိုမှ အရစ်နှင့်တွေ့တော့ ခက်သည်။ နောက်ဆုံး ကျွန်မ အရှုံးပေးလိုက်ရသည်။ သူ့ကို အဖြေ ပြန်ပေးဖြစ်ခဲ့သည်။ သူက ကျွန်မကို စကားအမျိုးမျိုး ပြောပြီး လှည့်ပတ်တောင်းခဲ့တာလေ။ ကျွန်မက မချစ်ပါဘူး၊ ချစ်လား မချစ်လား သေချာလည်း မသိဘူး ဆိုတော့ သူက “စကားလေးနဲ့ ချစ်တယ် ပြောတာပဲ ဘာဖြစ်လဲ ပြောပါ” တဲ့။ “တကယ် ချစ်ချစ် မချစ်ချစ် သူ စိတ်ချမ်းသာအောင် ချစ်တယ် ပြောပါ” ဆိုတာမျိုးနှင့် တစ်ဂျီဂျီ လုပ်တတ်သည်။ ကျွန်မ အဖြေပြန်မပေးလျှင် တစ်ညလုံး ဖုန်းခေါ်နေမှာ ဆိုတာမျိုးက လာသေးသည်။ အဲဒါတွေကြောင့်ပဲ ကျွန်မဘဝမှာ ဘယ်သူ့ကိုမှ မပြောဘူးသေးတဲ့ အဖြေတစ်ခုကို သူ့ကို ပေးဖြစ်ခဲ့သည်။ သူ့ကို ကျွန်မ တကယ်ချစ်မချစ် မသေချာပါ။ သူ ကျွန်မကို တကယ် ချစ်မချစ်လည်း မသေချာပါ။ သို့ပေမယ့် သူ့ကို စိတ်ချမ်းသာစေချင်သည်။ အဲဒါနဲ့ပဲ သူ့ကို ချစ်ကြောင်း ပြန်ပြောခဲ့မိသည်။ သူကလည်း ပြောသည်လေ။ သူလည်း အပျော် ချစ်တာပါပဲ တဲ့။ ကျွန်မ မကြိုက်လျှင် အပြင်မှာလည်း လာမရှာပါဘူးတဲ့။ အပျော် ချစ်ရုံပဲ ချစ်ပါ ဆိုတော့ ကျွန်မကလည်း အီစီကလီ ပြန်လုပ်မိသည်ပေါ့။

ကျွန်မတို့ အိမ်က တစ်ခါတစ်လေ ရက်ပိုင်းလောက် ညပိုင်း ဖုန်းမမိတာမျိုး ရှိတတ်သည်။ အဲဒီအခါ သူက မယုံမကြည်နှင့် ပြဿနာ ရှာတတ်သေးသည်။ တစ်ခါတစ်လေ ကျွန်မက တစ်ခုခု လုပ်နေလို့၊ ဖုန်းသံ မကြားလို့ သူ့ဖုန်းကို ချက်ချင်း မကိုင်မိလျှင်လည်း “ဘယ်သူနဲ့ chat နေလို့ အကြာကြီး နေမှ ကိုင်တာလဲ” ဆိုပြီး ရစ်တတ်သေးသည်။ ကျွန်မက စိတ်မကောက်ရပဲ သူက ယောက်ျားတန်မဲ့ စိတ်ကောက်တတ်သည်။ ကျွန်မ ဖုန်း လိုင်းမမိတာကိုလည်း မယုံမကြည်နှင့် ကျွန်မက တမင်လုပ်ထားတယ် ထင်သေးသည်။ သူ စိတ်ကောက်လျှင် ကျွန်မကပဲ မနေနိုင်သူမို့ အမြဲတမ်း အလျှော့ပေးပြီး စခေါ်ရတာပါ။ ဒါပေမယ့် သူက စကားတတ်သူဆိုတော့ သူစိတ်ကောက်တယ် စိတ်ဆိုးတယ် လို့ ဘယ်တော့မှ ဝန်မခံ။ ကျွန်မ ဥပေက္ခာကို မခံစားနိုင်လို့ပါတဲ့။ ဘာမဟုတ်တဲ့ အကြောင်းလေး တစ်ခုတစ်လေလောက်နဲ့လည်း “နောက် ဘယ်တော့မှ ဖုန်းမဆက်ပါနဲ့တော့၊ မခံစားနိုင်လို့ပါ၊ message တွေလည်း မပို့ပါနဲ့” ဆိုတာမျိုး message ပို့တတ်သေးသည်။ ကျွန်မက အမြင်ကတ်ကတ်နှင့် ပစ်ထားလိုက်လျှင် တစ်ရက်လောက် နေတော့ သူပဲ sms message ဖြစ်ဖြစ် viber message ဖြစ်ဖြစ် စပို့ ပြီး ခေါ်တတ်တာပင်။

ကျွန်မက တစ်မနက်မှာ ပျင်းပျင်း ရှိသည်နှင့် သူ့ကို Good Morning ဆိုပြီး sms ပို့ပြီး နှုတ်ဆက်လိုက်တော့ သူကလည်း “morning honey” ဆိုပြီး reply ပြန်သည်။ နောက်တော့ သူက ကျွန်မ message လေးမှ မရလျှင် သူ့မနက်ခင်းတွေပဲ မပြည့်စုံတော့သလို ပြောသည်နှင့် ကျွန်မကလည်း အကျင့်ပါပြီး ပို့မိသည်။ နောက်ပိုင်းမှာ သူက ညတိုင်း ဖုန်းမဆက်တော့ပေမယ့် ကျွန်မတို့ နှစ်ယောက် မနက်တိုင်းတော့ sms message ပို့ဖြစ်ကြသည်။ သူ့ကို အပြင်မှာ တစ်ခါမှ သူခေါ်ခိုင်းသလို ကို လို့ မခေါ်ဘူးပေမယ့် sms ထဲမှာတော့ မင်္ဂလာပါ ကိုကို တွေ ဘာတွေ လုပ်မိသည်။ ကိုကို ဆိုတာကတော့ အစ်ကို တစ်ယောက်လို ခင်မင်မှုနှင့်လည်း ခေါ်လို့ ရတာပဲ မဟုတ်လား။ သူကလည်း အဲဒါကိုပဲ သဘောတကျနှင့်။ သူက တစ်ခါတစ်ရံတော့ ပြောသေးသည်။ သူ့ကို ဖုန်း ဆက် ဆက်နေသည့် ကောင်မလေးတွေ အများကြီး ရှိသတဲ့။ ဒါပေမယ့် ကျွန်မလောက် သူ့ကို ဂရုစိုက်သူ မရှိဖူးဘူး တဲ့။ သူကလည်း ကျွန်မ တစ်ယောက်ကိုပဲ ချစ်တာပါတဲ့။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ။ နားဝင်ချိုအောင် ပြောသော စကားဆိုတော့လည်း နားဝင်ချိုမိသည်ပင်။
★★★

ကျွန်မတို့ ဖုန်းပြောဖြစ်ကြသည် ဆိုပေမယ့် သူ့အကြောင်းကို ကျွန်မ ဘာတစ်ခုမှ တိတိကျကျ မသိလှပါ။ ကျွန်မကိုယ်တိုင်ကလည်း သူငယ်ချင်း မိန်းကလေး အချင်းချင်းမှာတောင် ကိုယ်ရေးကိုယ်တာ စပ်စုဖို့ ဝန်လေးလှသူ ဖြစ်ရာ သူစိမ်းတစ်ယောက်အပေါ်လည်း စပ်စု မနေချင်ပါ။ သူကလည်း သူ့အကြောင်းကို သိပ်မပြောတတ်။ သူ့မှာ အစ်မတွေ ညီမတွေ တူမတွေ ရှိတာတော့ သူ့စကားတွေမှ တစ်ဆင့် သိရသည်။ သူ့အမေက သူ့ကို ကောင်မလေးတွေနှင့် ဖုန်းဆက်တာ online မှာ ရှုပ်တာကို မကြိုက်ကြောင်းလည်း ပြောဖူးသည်။ သူဖုန်းဆက်လျှင် အီစီကလီ လုပ်သူများရဲ့ ထုံးစံအတိုင်း မရေမရာတာတွေသာ ပြောသည်ဟု ကျွန်မက ထင်သည်။ ကျွန်မကို ချစ်သည့်အကြောင်း ပြောသည်။ ကျွန်မဆီက အဖြေကို မရမက ပြန်တောင်းသည်။ ကျွန်မကတော့ ဒီအတိုင်း သူငယ်ချင်းတွေနှင့် ပြောသလို ဘာလုပ်နေလဲ၊ ထမင်းစားပြီးပြီလား စသည့် အလာပ သလာပ လောက်သာ ပြန်ပြောတာများသည်။ ဒါကိုပဲ သူက သူ့ဆီ ဖုန်းဆက်သည့် ကောင်မလေးတွေထဲမှာ သူ့ကို ထမင်း စားပြီးမပြီး ဂရုစိုက်သူ တစ်ယောက်မှ မရှိ၊ ကျွန်မ တစ်ယောက်တည်းသာ သူ့ကို ဂရုစိုက်တာ ဟု ဆိုဖူးသည်။ ကျွန်မကတော့ အဲဒီလို စကားမျိုးမပြောလျှင် သူတို့ အချင်းချင်း ဘာတွေများ အီစီကလီ ပြောနေကြပါလိမ့်ဟု တွေးမိခဲ့သည်။ သူက ကျွန်မကို အဲဒီလို ပြောပြီး ကောင်မလေးတွေနှင့် ပတ်သက်ပြီး သဝန်တိုစေချင်သေးသည်။ ကျွန်မက ချစ်တယ် ဆိုတဲ့ စကားကို ကောင်မလေးတွေကို ပြောနေကျပဲ မဟုတ်လား ဆိုလျှင်တော့ ကိုယ်က တွေ့ရာလူကို ချစ်တယ် ပြောတတ်တဲ့လူ မဟုတ်ဘူးတဲ့၊ ကျွန်မ တစ်ယောက်တည်းကိုပဲ ချစ်တယ် ပြောဖူးတာပါ တဲ့။ ကျွန်မကလည်း စိတ်ထဲက မယုံကြည်ချင်လျှက်နှင့်ပင် သူမေးလျှင်တော့ ယုံပါတယ် ပဲ ပြန်ပြောဖြစ်ခဲ့သည်။

သူနှင့် ကျွန်မ ဆုံခဲ့တာ ရှစ်လကျော် ကိုးလလောက် ရှိသည့် အချိန်အတွင်း အကြီးအကျယ် စိတ်ဆိုးခဲ့ကြတာ နှစ်ကြိမ် သုံးကြိမ် လောက်တော့ ရှိမည်။ အများဆုံးက သုံးညလောက်ပဲ တစ်ယောက်နဲ့ တစ်ယောက် မခေါ်ပဲ နေကြသည်။ တစ်ခါကတော့ ကျွန်မက သူ့ကို ဖြတ်ချင်နေတာ ကြာပြီ ပြောမိ၍ သူက စိတ်ဆိုးပြီး မခေါ်ပဲ နေသည်။ သူ့အပြောကတော့ စိတ်ထိခိုက်သွားတာပါတဲ့။ သူက စိတ်ဆိုးပြီး ဘာမှ ပြန်မပြောလျှင် ကျွန်မကလည်း ကျွန်မ ပြောချင်တာတွေ viber ထဲကနေ message ပို့ပြီး ပြောသည်။ နောက်တော့ သူက မျက်ရည်ကျနေသည့် smile လေးတွေ ပို့သည်။ နောက်တော့ ကျွန်မကပဲ အလျော့ပေးလိုက်ရပြန်သည်။ “ဟေ့ ကို တကယ် ချစ်တာပါ” တဲ့။ ကျွန်မက ရုပ်ဆိုးတယ် အပြင်မှာတွေ့ရင် ချစ်မှာ မဟုတ်ဘူး ဆိုတော့ ဓါတ်ပုံထဲက ဟေက အပြင်က ဟေ နဲ့ မတူဘူးလားတဲ့။ ဓါတ်ပုံက အတုကြီးလား လို့ ဆိုပြန်သေးသည်။ ဘာလို့ အတု ရမှာလဲ ကျွန်မ ပုံပဲ ဆိုတော့ အဲဒီ ဓာတ်ပုံထဲက ကျွန်မကို ချစ်တာတဲ့။ ကျွန်မကို အပြင်မှာ တွေ့ချင်တယ် ဆိုတော့ ကျွန်မက အပြင်မှာ ကျွန်မ ရုပ်ဆိုးတာ မြင်ရင် ချစ်မှာ မဟုတ်တော့ဘူးလို့ ၊ ကျွန်မကလည်း သူ့ အပြင်က ပုံကို မကြိုက်ပါဘူး လို့ ဆိုတော့ သူက မတွေ့သေးလို့ပါ တဲ့။

နောက်ဆုံး တစ်ကြိမ် ကျွန်မတို့နှစ်ယောက် အကြီးအကျယ် စိတ်ဆိုးပြီး နောက်ပိုင်းတော့ သူလည်း မခေါ်မပြော စိတ်ဆိုးတာမျိုး မရှိတော့ပါ။ ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပိုပြီး နားလည်ပေးတတ်လာသည် ထင်သည်။ တစ်ခါတစ်လေကျ သူက ကျွန်မ စိတ်မကောက်တတ်တာကိုပင် သူ့ကို သိပ်မချစ်လို့ သဝန်မတိုတာ၊ စိတ်မကောက်တာ စသဖြင့် ကျွန်မကို ဂျီကျသေးသည်။ ကျွန်မလည်း တစ်ခါတစ်ရံတော့ သူ့ကို စိတ်ခုမိတာမျိုး၊ မယုံနိုင်တာမျိုး ရှိပေမယ့် အဲဒါမျိုးတွေကို လိုက်ပြောနေရမည့် အခြေအနေမျိုး မဟုတ်ဟု ထင်သဖြင့် မပြောဖြစ်တော့ပါ။ ကျွန်မတို့ နှစ်ယောက်က အတည်တကျ ချစ်သူတွေမှ မဟုတ်တာ။ online ပေါ်မှာ၊ ဖုန်းပေါ်မှာ အီစီကလီ အပျော်ချစ် အဆင့်သာ ရှိသည် မဟုတ်လား။ သူ့ကိုတော့ အဲဒီလို မပြောဖြစ်ပေမယ့် ကျွန်မကိုယ် ကျွန်မတော့ အဲဒီလိုပဲ နားချထားသည်။ သူ ကျွန်မကို အလေးမထားဘူး လို့ ခံစားရလျှင်လည်း သူ့ကို နားလည် ပေးလိုက်ပါသည်။ ကျွန်မက ဘယ်သူ့ကိုမှ ပြဿနာ မရှာတတ်သည့် သူမျိုးပါ။ ကျွန်မကိုယ်ကျွန်မလည်း အကောင်းသမား ဖြစ်ဖို့ ကြိုးစားနေသူလို့ သဘောထားသည်။

ကျွန်မ အဘိုးအဘွားအိမ် ပြန်သည့်အခါ သူ ညဘက်ကြီး ဖုန်းဆက်လျှင် လူကြီးတွေ သိမည် စိုးသည့်အတွက် သူ့ကို မဆက်ဖို့ ပြောခဲ့ရသည်။ သူက ဖုန်းမဆက်ပေမယ့် message တော့ ပို့သေးသည်။ အဲဒီတော့လည်း ကျွန်မက အိမ်က cordless ဖုန်းကို မီးဖိုခန်းထဲ ယူပြီး လူကြီးတွေ မသိအောင် ခိုးဆက်ရသည်။ ဖုန်းဆက်ပြီးလျှင် တာဝန်တစ်ခု ပြီးတာပေါ့။ ညနက်မှ သူဖုန်းခေါ်မှာ၊ message ပို့မှာ စောင့်စရာ မလိုတော့ဘူးပေါ့။ တစ်ညတစ်လေထက်ပိုပြီး သူနှင့် အဆက်အသွယ် မရလျှင် ကျွန်မ ကိုယ်တိုင်ကလည်း တစ်ခုခု လိုနေသလို ခံစားတတ်နေလေပြီ။ ကျွန်မ ဖုန်းဆက်တိုင်း သူက “ကျေးဇူးတင်ပါတယ် ဟေရယ်” လို့ အမြဲ ပြောတတ်သည်။ ခုနောက်ပိုင်း သူက ကျွန်မ သူ့ကို ချစ်တာကို ကျေးဇူးတင်သည့်အကြောင်းပါ ထည့်ပြောတတ်သည်။ “ကိုက ဟေ့ကို တကယ်ချစ်တာ.. ဟေ မယုံရင်လည်း မတတ်နိုင်ဘူးကွာ” လို့ ပြောတိုင်း ကျွန်မကလည်း သူ့ကို ယုံချင်မိသည်။ အစတုန်းကတော့ အပျော်ချစ်တာပါလို့ သူကလည်း ပြောခဲ့တာကြောင့် ခုနောက်ပိုင်း “တကယ်ချစ်တာပါ” လို့ ပြန်ပြောနေသည် ထင်၏။ ကလေးကလား စကားတွေ အမြဲပြောမနေပါနဲ့ ဆိုသော်လည်း သူက မရပါ။ ချစ်တာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး တဲ့။ အမြဲတမ်းလိုလို “ဟေ” “အရမ်းချစ်တာပဲ ကွာ” ဆိုတာမျိုးကို ပြောမြဲ။ ကျွန်မက သူများကြားမှာ စိုးရိမ်လို့ ဒါမျိုး မပြောချင်ပေမယ့် သူက မရပါ။ သူပြောတိုင်းမှာ ကျွန်မကိုပါ ပြန်ပြောစေချင်သည်။ ကျွန်မကတော့ သူပြောစေချင်သလို နူးနူးညံညံ ဖွဲ့ဖွဲ့ နွဲ့နွဲ့ ဘယ်တော့မှ ပြန်ပြောလေ့ မရှိပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် သူနဲ့ ကျွန်မက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြီးဆုံးသွားမယ့် ဇာတ်လမ်းတို တစ်ပုဒ်ပါပဲလေ။ ကျွန်မက အလေးအနက် ခံစားမနေသင့်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားသည်။ ဒါပေမယ့်လည်း သူနဲ့ ဘယ်တော့မှ မတွေ့တော့မယ့် ဇာတ်လမ်း အဆုံးသတ်မယ့် နေ့ကို တွေးမိလျှင် ကျွန်မ ရင်ထဲမှာ ဟာ လာသလိုပင်။ သူ့မှာ ကျွန်မ မကြိုက်သော အချက်တွေသာ ရှိသည်။ သူပြောသည့်အတိုင်း ကျွန်မ သိထားသမျှပေါ့လေ။ ဘွဲ့လေးတစ်ခုမှ မရ ဆိုတာကို မကြိုက်။ သူ့ပို့ထားသည့် ဓါတ်ပုံထဲက သူ့ရုပ်ရည်ကို မကြိုက်။ သူ လူမျိုးခြား၊ ဘာသာခြား ဖြစ်နေတာကို မကြိုက်။ သူ နိုင်ငံရေးကို စိတ်ဝင်စားပြီး ပါတီ တစ်ခုမှာ အဖွဲ့ဝင် ဖြစ်နေတာကို မကြိုက်။ သူ စိတ်သဘောထား မကြီးတာကို မကြိုက်။ ဘာကိုမှ မကြိုက်ပဲနှင့် ကျွန်မ ဘာကြောင့် သူနှင့် ဆက်သွယ် ဖြစ်နေသလဲ။ သူ ပြောသမျှ ချစ်စကားကို နားထောင်ကောင်းနေသလဲ ကျွန်မ ကိုယ် ကျွန်မလည်း နားမလည်နိုင်ပါ။ ဖုန်းနံပါတ်တစ်ခုနှင့် gmail address တစ်ခုသာ သိသော လူတစ်ယောက်ကို ကျွန်မ နှစ်နှစ်ကာကာ သံယောဇဉ် ထားလို့ မရနိုင်ဘူး ဆိုတာ ကျွန်မ သိပါသည်။

ကျွန်မ သူ့ကို ဖြတ်ချင်သည်။ သူ့ကို တစ်ချိန်မှာ ဖြတ်ကို ဖြတ်ရမည် ဆိုတာသိသည်။ သို့ပေမယ့်လည်း မဖြတ်နိုင် ဖြစ်နေသည်။ ပတ်ဝန်းကျင် သူငယ်ချင်း အသိုင်းအဝိုင်းမှာ ပေါ်ပေါ်ထင်ထင် တွဲပြဖို့ရာ ကျွန်မမှာ သတ္တိမရှိပါ။ သူကလည်း သတ္တိရှိရှိနှင့် ဇွတ်တိုးပြီး ကျွန်မအနားကို ပေါ်မလာခဲ့ပါ။ ကျွန်မမွေးနေ့ကို သူမေ့နေခဲ့တာကိုလည်း ကျွန်မက စိတ်မကောက်ဖြစ်ခဲ့ပါ။ ချစ်သူ အစစ်တွေမှ မဟုတ်တာလေ လို့ တွေးခဲ့သည်။ ချစ်သူ အစစ်တွေမှ မဟုတ်ပဲ ကျွန်မ သူ့ ဆီက ဘာမှ အများကြီး မမျှော်လင့်လိုပါ။ သူ့မွေးနေ့တုန်းကတော့ သူက သူ့သူငယ်ချင်းတွေကို ကျွေးမှာ၊ ကျွန်မပါ လာမလား လို့ ဖိတ်ဖူးသည်။ ကျွန်မက မလာတော့ပါဘူး ပြောတော့ သူလည်း စိတ်မဆိုးပါ။ သူ့ကိုလည်း တကူးတက မွေးနေ့လက်ဆောင် ပို့မပေးဖြစ်ပါ။ သူကတော့ ကျွန်မမွေးနေ့ သူမေ့သွားတာကို တောင်းပန်သည် ဆိုပြီး မွေးနေ့လက်ဆောင် ပို့မည် ဟု ဆိုသည်။ နောက်တော့ ကျွန်မပြောသလို အရုပ်ကြီးကြီး တစ်ရုပ် ဝယ်ထားပြီးပြီ၊ သူကိုယ်တိုင် လာတွေ့ မှ ပေးမည် ဟုဆိုပြန်သည်။ ထိုမွေးနေ့ လက်ဆောင်ကလည်း ခုချိန်ထိ ရောက်မလာခဲ့တော့ပါ။ တကယ်တော့ ကျွန်မနှင့် သူက တစ်နာရီကျော် နှစ်နာရီလောက် ဆိုင်ကယ်နှင့် လာရုံနှင့် ရောက်သည့် အကွာအဝေးမှာ နေထိုင်ကြတာပါ။ သူ မလာချင်လို့သာ မရောက်ခြင်း ဖြစ်သည်။ သူက အရင်ကတည်းကတော့ ကျွန်မကို တွေ့ချင်သည် ဟု ခဏခဏ ပြောဖူးပါရဲ့။ ချစ်သူတွေလို တွေ့ချင်သည် ဆိုတော့ ကျွန်မကလည်း ဟိုဟို ဒီဒီ အကြောင်းပြပြီး ငြင်းခဲ့ဖူးသည်။ ရန်လည်း ဖြစ်ခဲ့ဖူးပြီမို့ သူကလည်း ကျွန်မ စိတ်ဆိုးမှာ ကြောက်သလား သူပဲ အလုပ်များပြီး မလာနိုင်သလားတော့ မသိနိုင်၊ တွေ့ဖို့ကိစ္စကို သိပ်မပြောတော့ပါ။

သူက မထင်ရပဲ ကျွန်မလိုပင် စိတ်ကူးယဉ်တတ်သူ ဖြစ်သည်။ သူ့စိတ်ကူးထဲမှာ ကျွန်မနဲ့ တူသည့် သမီးလေး တစ်ယောက်ပါ ဖန်တီးထားသေးသည်။ “သမီးလေး နေကောင်းလား၊ ဘာလုပ်နေလဲ၊ ငိုနေလား၊ အိပ်နေပြီလား” ဆိုတာမျိုး ပြောတတ်သေးသည်။ အစပိုင်းတော့ ကျွန်မက သဘောမပေါက်ပဲ လျှောက်မပြောပါနဲ့ လို့ ဆိုခဲ့သော်လည်း နောက်ပိုင်းတော့ သူမေးလျှင် သူ့လိုပင် “သမီးလေး အိပ်နေပြီ၊ မငိုပါဘူး၊ သမီးလေးက သိပ်သဘောကောင်းတာ” စသဖြင့် ပြန်ပြောတတ်လာသည်။ သူက ကျွန်မဆီက morning message ကို နေ့တိုင်း စောင့်စားတတ်သလို ကျွန်မကလည်း သူ ညဘက် ဖုန်းခေါ်ဖို့၊ message ပို့ဖို့ကို မျှော်နေကြ ဖြစ်နေသည်။ တစ်ခါတစ်လေ သူဖုန်းကဒ်သိပ်မရှိတော့လို့ ဖုန်းခေါ်ပါလို့ sms ပို့တတ်သေးသည်။ ဖုန်းကဒ်မရှိလည်း မခေါ်နဲ့တော့ပေါ့ ဘာဖြစ်လဲ ဆိုတော့ “ဟေ့ အသံလေး ကြားချင်လို့ပါကွာ” လို့ ဆိုတတ်သေးသည်။ အစကတော့ ကျွန်မတို့ နှစ်ယောက်လုံး အပျော်သဘောထားခဲ့ပေမယ့် တဖြည်းဖြည်းနှင့် အစစ်အမှန် ခံစားချက် ရှိလာသည်ဟု ခံစားမိလာသည်။

ကြာလာရင် သံယောဇဉ် ပိုကြီးလာမှာ သိပေမယ့် ကျွန်မဘက်က ပြတ်တော့မယ် ဆိုတာမျိုး မပြောချင်၊ မပြောနိုင်ခဲ့ပါ။ သူက ကျွန်မကို စိတ်ကုန်ပြီး ဖြတ်သွားလျှင် ကောင်းမှာပဲ လို့ တစ်ခါတစ်လေ စဉ်းစားသည်။ ဘာပဲဖြစ်ဖြစ် အတူလက်တွဲလို့ ဖြစ်နိုင်သူ မဟုတ်တာ သေချာနေခဲ့သည်ပဲ။ သူ့ဘက်ကလည်း တစ်ခါမှ ဟေ့ကို လက်ထပ်ချင်သည် ရယ်လို့ မပြောဖူးပါ။ အရင်တုန်းကပဲ ကျွန်မကို လာတွေ့ပြီး တစ်ခါတည်း ခိုးပြေးမည် လိုက်မလား ဆိုပြီး စသလို နောက်သလိုသာ ပြောဖူးသည်။ ကျွန်မနှင့် သူ မဖြစ်နိုင်တာ တကယ်တော့ သူလည်း သိမှာပါ။ တစ်ခါကတော့ သူက “အတူတူနေချင်တယ် ဟေရယ်၊ တစ်သက်လုံး အတွက်ပါ”  လို့ message အပြန်အလှန် ပို့နေခိုက်မှာ ပြောဖူးသည်။ ကျွန်မရင်ထဲ တစ်မျိုးဖြစ်သွားခဲ့သည်။ “မဖြစ်နိုင်တာတွေ မပြောပါနဲ့ အပျော်ချစ်တာပဲ” လို့ ပြန်ပို့တော့ “ဘာပြောရမှန်းတောင် မသိတော့ပါဘူး ကွာ” ဆိုပြီး ဆက်မပြောတော့။ ကျွန်မကလည်း တစ်ခြားအကြောင်း ပြောပြီး good night လုပ်လိုက်ကြသည်။
★★★


New Year ညက ကျွန်မတို့အိမ်မှာ ကျွန်မ သူငယ်ချင်းတွေ၊ အစ်မ သူငယ်ချင်းတွေနှင့် မုန့်လုပ်စားကြပြီး သူငယ်ချင်း တစ်ချို့က ကျွန်မတို့အိမ်မှာ ညအိပ်သည်။ သူငယ်ချင်းတွေနှင့် ညလယ်စာ စားနေခိုက် သူ့ဆီက ဖုန်းလာတော့ မကြားပဲ miss call ဖြစ်သွားသဖြင့် ကျွန်မပဲ ပြန်ခေါ်လိုက်ရသည်။ သူငယ်ချင်းတွေကိုလည်း မသိစေချင်သဖြင့် ကျွန်မမှာ အိမ်နောက်ဘက် ခြံထဲ ထွက်ခေါ်ရခြင်း ဖြစ်သည်။ သူကလည်း သူငယ်ချင်းတွေနှင့် အတူရှိနေပုံရသည်။ နည်းနည်းလည်း သောက်ထားပုံ ရသည်။ သူ့ကိုမေးတော့ ဟုတ်တယ် နည်းနည်းသောက်ထားတာ၊ ဧည့်သည်တွေလည်း ရောက်နေလို့၊ ကျွန်မဆီ တက်လာဖို့ရာ မလာနိုင်ဖြစ်နေလို့ စိတ်ညစ်နေတယ် လို့ ဆိုသည်။ ကျွန်မက ရယ်တော့ သူ့ကို မဟားပါနဲ့ လို့ စိတ်ဆိုးချင်သေးသည်။ သူက အဲလိုပါပဲ ဘာမှမဟုတ်လည်း စိတ်လုပ်ချင်နေတာ မဟုတ်လား။ သူ့ဘေးမှာ လူတွေ ရှိနေသလားတော့မသိ၊ သူက ဘာမှ ထပ်မပြောပဲ “ဟေ ပြောလေ” ဆိုတော့ ဘာပြောရမှာလဲ လို့ ကျွန်မက ပြောမိသည်။ တကယ်တော့ သူက သူ့ကို ချစ်တယ် ဆိုတာ ပြောစေချင်တာမှန်း သိသည်။ သူက “တော်ပါပြီကွာ၊ ချတော့မယ်” တဲ့။ “၁၂ မှ ပြန်ဆက်နော်” တဲ့။ ကျွန်မက “I love you” လို့ ခပ်တိုးတိုး ပြောတာကိုတောင် သူကြားချင်မှ ကြားမည်။ ၁၂ ထိုးတော့ သူငယ်ချင်းနှင့် တစ်အိပ်ရာထဲ အိပ်သဖြင့် သူ့ကို ဖုန်းပြန်မဆက်ဖြစ်ပါ။ Good Night message တော့ ပို့လိုက်သည်။ သူ့ဘက်က ပြန်မပို့ပါ။ ကျွန်မလည်း စိတ်ထဲ မထားပဲ အိပ်လိုက်သည်။ အဲဒီညက သူနှင့်တွေ့တာ နောက်ဆုံးမှန်း သိလျှင် ကျွန်မ သူ့ကို ချစ်သည် ဆိုတာ သူကြားအောင် သေချာ ပြောလိုက်မိမည် ထင်သည်။

၂၀၁၄ ရဲ့ နှစ်ဆန်း တစ်ရက်နေ့မှာ ကျွန်မက ထုံးစံအတိုင်း သူ့ကို Morning message ပို့တော့ နှစ်သစ် ဆုတောင်းပါ ထည့်ပို့ဖြစ်သည်။ message ထဲမှာဆို ညွန့်တတ်သည့် ကျွန်မက “တို့နှစ်ယောက် အချစ်တွေ ဆက်လက် ရှင်သန်ပါစေ” ဆိုတာမျိုးပါ ထည့်ပို့လိုက်သေးသည်။ သူ့ဆီက ပြန်စာ မလာပါ။ ရှားရှားပါးပါး တစ်ခါတစ်ရံ သူ့ဆီက message မပြန်တာမျိုး ရှိဖူးသည်။ သူက message မပို့ဖြစ်တာကို ညကျမှ ဖုန်းဆက်တောင်းပန်တတ်တာမျိုး ရှိတော့ ကျွန်မကလည်း ထူးထူးခြားခြား ခံစားမနေပါ။ ညဘက်အထိ သူက ဖုန်းမဆက်တော့ ကျွန်မလည်း နောက်နေ့ မနက်မှာ message မပို့တော့။ သူက နောက်နေ့ညလည်း ဖုန်းမဆက်တော့မှ ကျွန်မက မနေနိုင်မထိုင်ဖြစ်ပြီး သူ့ဆီ message စပို့သည်။ သူ့ဘက်မှ ဘာမှ ပြန်မလာပါ။ ကျွန်မလည်း စိတ်ဆိုးပြီး နေလိုက်သည်။ နှစ်သစ်မှာ သံယောဇဉ်အဟောင်းတွေ ဖြတ်ချင်သလား လို့ message ပို့တော့လည်း ဘာမှ ပြန်မလာပါ။ နောက်ထပ် သုံးရက်လောက်နေတော့မှ မနက်စောစော သူ့ဆီ ဖုန်းခေါ်ကြည့်တော့ “လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့်… ” နှင့် တိုးသည်။ ကျွန်မလည်း အတော် အံသြသွားသည်။ သူ အိပ်ရာမနိုးလို့များ ပိတ်ထားသလား ထင်ပြီး နေ့လည် တစ်ခါ ညနေတစ်ခါ ခေါ်သည်။ ပိတ်ထားတုန်းပင်။ အဲဒီကတည်းက သူ့ဖုန်းကို ဆက်တိုင်းမှာ စက်ပိတ်ထားသည်သာ ပြောတော့သည်။

သူနှင့် နောက်ဆုံးတွေ့တုန်းက ကျွန်မတို့ ဘာမှ ထွေထွေထူးထူး မပြောဖြစ်ခဲ့ကြပါ။ သူ့ဖုန်းကဒ် ပိတ်သွားတာ၊ ပျက်သွားတာ၊ လိုင်းမမိသည့်နေရာ ရောက်နေတာ ဆိုလျှင်လည်း ကျွန်မကို တစ်ခြားဖုန်းနှင့် ဆက်သင့်သည်။ ဖုန်းနံပါတ်တစ်ခုနှင့် gmail တစ်ခုသာ သိသော သူက ဖုန်းလည်းပိတ်ထား၊ online လည်း မဝင်တော့သည့်အခါ သူနှင့် ကျွန်မ အဆက်အသွယ် ပြတ်သွားသည်။ ကျွန်မ ဖြစ်စေချင်သည့်အတိုင်းပါပဲ။ ကျွန်မဖြတ်စရာမလိုပဲ သူ့ဘက်က စတင်၍ အဆက်အသွယ်ဖြတ်ခဲ့ပြီလေ။ ဒါပေမယ့်လည်း ဒီလိုပုံစံနှင့် သူ ပျောက်ဆုံးသွားတော့ ကျွန်မစိတ်ထဲ အမျိုးမျိုး ဇာတ်လမ်းဆင်ပြီး တွေးနေမိသည်။ ကျွန်မဖုန်းကို reject list ထဲထည့်ထားသလား မသင်္ကာလို့ အစ်မဖုန်းနှင့် တစ်ခါဆက်ကြည့်တော့လည်း ဖုန်းပိတ်ထားသည်ပဲ ပြောသည်။ သူ ကျွန်မကို အဲဒီလို လုပ်စရာ ဘာအကြောင်းမှတော့ မရှိပါ။ ကျွန်မက သူ ပွင့်ပွင့်လင်းလင်း ပြတ်ပြီ ပြောလျှင်လည်း ရသည့်သူပဲ၊ သူ့ကို လိုက်တွယ်ကပ်နေမှာမှ မဟုတ်ပဲ။ ဒီဖုန်းနံပါတ်နှင့် ရှုပ်ခဲ့သော ဇာတ်လမ်းတွေ အားလုံးကို ဖြတ်ချင်၍ ဖုန်းကဒ်အသစ် ဝယ်ကိုင်နေတာလည်း ဖြစ်နိုင်သည်။ သူ့ရဲ့ 91 နှင့် စသော ဖုန်းက မမိသော နေရာတွေလည်း များသည်။ ဖုန်းမမိသော အရပ်ဒေသကိုများ ရုတ်တရက် ထွက်သွားရလို့ ကျွန်မကို ဖုန်းမဆက်လေသလား၊ နိုင်ငံရပ်ခြားပဲ သွားလေသလား တွေးကာ သူ့ကို နားလည်ပေးချင်သော ကျွန်မက ဘယ်အချိန် သူ့ဖုန်း ပြန်လာမလဲလို့ မသိစိတ်က မျှော်နေမိသေးသည်။

အစပိုင်းက ၂ ရက်တစ်ခါလောက် ဆက်ကြည့်မိသေးသော်လည်း ဖုန်းပိတ်ထားသည် ဆိုတာကို ကြားရသော ရက်သတ္တပတ်တွေ များလာသောအခါ ကျွန်မလည်း သူ့ဖုန်းကို မဆက်မိတော့ပါ။ ကျွန်မ မဖြစ်စေချင်သော အတွေးကလည်း စိတ်ထဲမှာ ပေါ်ပေါ်လာသည်။ သူ တစ်စုံတစ်ခုများ ဖြစ်နေလေသလား လို့ပါ။ ဖုန်းရော လူရော တစ်ခုခု ဖြစ်သွားခဲ့သလား ဆိုသော အတွေးက ကျွန်မစိတ်ကို နှောက်ယှက်နေသည်။ ကျွန်မအသံလေး မကြားရရင် မနေနိုင်ပါဘူး ဆိုသူက ရက်ပေါင်းများစွာ ကြာအောင် ဖုန်းမဆက်တာဟာ သူ တစ်ခုခု ဖြစ်သွားလို့သာ ဖြစ်ရမည်။ အဲဒီလို တွေးမိရင် သူ့ဖုန်းကိုလည်း မဆက်ချင်တော့ပါ။ သူ မဟုတ်သော တစ်ယောက်ယောက်က ကိုင်ပြီး တစ်ခုခု ပြောလိုက်မှာလည်း ကြောက်နေသည်။ အဲဒီလို ဆိုလျှင် သူ ကျွန်မကို အကြောင်းမရှိပဲ ပစ်မထားဘူး။ ကျွန်မကို တကယ်ချစ်တာပါ ဆိုတာကို သိလိုက်ရမှာ ဖြစ်ပေမယ့် ကျွန်မက အဲဒီလိုမျိုးတော့ မဖြစ်စေလိုပါ။ ကျွန်မကို လိမ်ညာကာ သစ္စာဖောက်သွားတာမျိုးပဲ ဖြစ်ပါစေ..၊ အပျော်သဘောနှင့်မို့ ဇာတ်လမ်း အပြီးဖြတ်သွားတာမျိုးပဲ ဖြစ်ပါစေ..၊ သူ့ကို သူ့နေရာမှာသူ ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေပဲ ရှိနေစေချင်ပါသည်။ သူ့ခြေရာကို ကျွန်မ ပြန်မရှာချင်ပါ။ viber နှင့် message ပို့စဉ်က သူ့ location ကို ကျွန်မ မှတ်ထားလိုက်မိတာ ရှိသော်လည်း လိုက်ရှာ စုံစမ်းဖို့ စိတ်ကူး ကျွန်မမှာ မရှိပါ။

ကျွန်မထံသို့ အလည်လာသော ကြယ်ကလေး သူ့ပတ်လမ်းကြောင်းထဲကို သူ ပြန်ရောက်သွားတာမျိုးပဲ ဖြစ်ဖို့ ကျွန်မ မျှော်လင့်ပါသည်။ သူ့ကို ကျွန်မ မကြွေလွင့်စေချင်ပါ။ ရုပ်ရှင်တွေ ဝတ္တုတွေ ထဲကလို သူ အကြာကြီး သတိမေ့နေပြီးမှ ကျွန်မဆီ ပြန်ရောက်လာဦးမလား လို့ နတ်သမီးပုံပြင်လိုမျိုး စိတ်ကူးကိုလည်း ကျွန်မ မရပ်တန့်နိုင်သေးပါ။ သူမရှိလို့ ကျွန်မ အစားမပျက်၊ အအိပ်မပျက်၊ အနေအထိုင် မပျက်ပါ။ Morning message လည်း ပို့စရာမလို၊ ညဘက်လည်း ဖုန်းစောင့်စရာမလို၊ ကျွန်မ ဖုန်းလိုင်း ပျက်နေလည်း စိတ်ပူစရာ မလိုတော့ပါ။ အရင်လို ချစ်သူမရှိသော လွတ်လပ်မှုကို ပြန်ရလို့ ကျွန်မ ပျော်ရမည် မဟုတ်လား။ သူနှင့် ကျွန်မ ဘယ်လိုမှ မဖြစ်နိုင်တာ သိလို့ တစ်နေ့နေ့ ပြတ်ဖို့ကို ကျွန်မ မျှော်လင့်ခဲ့ပြီးသား မဟုတ်လား..။ ဒါပေမယ့်လည်း ကျွန်မ ကြယ်ကလေး သူ့အရပ်ဒေသမှာသူ လင်းနေတာကိုတော့ ဝေးဝေးကနေပဲ ဖြစ်ဖြစ် ကျွန်မ မြင်ချင်ပါသေးသည်။

သိင်္ဂါကျော်


4 comments:

ထရီဆာ said...

"ဒါပေမယ့် ကျွန်မကြယ်ကလေး သူ့အရပ်ဒေသမှာ သူလင်းနေတာကိုတော့ ဝေးဝေးကနေပဲ ဖြစ်ဖြစ် ကျွန်မ မြင်ချင်ပါသေးသည်။"
:)

sweet said...

အမကမသိပေမယ်အမရဲ့စာတွေကိုတိတ်တဆိတ်အမြဲဖတ်နေသူပါ

sweet said...

အမကိုအထင်ကြီးလေးစားမိတယ်

sweet said...

ဒီနေ့မှfbအကောင့်ဖွင့်လိုက်တာအမာကိုcommentsပေးချင်လွန်းလို့ပါဘယ်သူ့မှမအပ်ရသေးဘူးfbအကောင့်ဖွင့်လိုက်တာအမနဲ့စကားပြောချင်လို့ပါညီမfbတခါမှမသုံးဖူးဘူးအမကြောင့်ပဲfbသုံးကြည့်ချင်မိတယ်အမကိုအပ်မလို့ဘယ်လိုလုပ်ရမှာလဲညီမဘာမှမလုပ်တတ်ဘူး