ခဏခဏ သပ်ချလည်း
ဘယ်တော့မှ ကွာကျမသွားဘူး။
အရိပ်မြင်တိုင်း ရန်သူထင်ပြီးရမ်း
ကိုယ်တိုင်မမြင်နိုင်လောက်အောင်
အတ္တအကြေးခွံတွေဖုံးလွှမ်းရင်း
အတွင်းထဲမှာလည်း ညစ်ပြီးရင်းညစ်နေသူ။
ဘယ်သူ့ကိုပဲ နင်းနင်း
တက်ရပြီးစတမ်းနဲ့
အထီးကျန်မှောင်မဲမှာကို
မမြင်မကန်း စမ်းသွားနေသလို
ဘဝရဲ့ ပျော်ရွှင်မှုကို မသိပဲ
သနားစရာ ရှင်သန်နေတဲ့သူပေါ့။
ခင်မင်မှုနဲ့
နံရံတစ်ခုခြားထားလေရဲ့
ကိုယ်တိုင်မပြောင်းလဲချင်မှတော့
နံရံက အလိုလိုပြိုမကျလေဘူး၊
ကိုယ့်အတ္တအကြေးခွံထဲ
ကိုယ်တိုင်ပိတ်မိနေတဲ့လူပေါ့။
ကိုယ်ကိုယ်တိုင်နဲ့ နှိုင်းပြီး
ယုံကြည်မှုကို
မမြင်ချင်ယောင်ဆောင်ထားသူပေါ့
ရဖို့ကလွဲပြီး
ဘာမှလည်း မပေးချင်ပဲ
လောဘအကြေးခွံကြားထဲ
ကောင်းဆိုးမသိပဲ ရူးမိုက်နေသူ။
ဆိုကြကြေးဆို
အကြေးခွံလည်း အရောင်စုံရှိတတ်တယ်
ဒေါသအကြေးခွံ၊ မောဟအကြေးခွံ၊
တဏှာအကြေးခွံ၊
ဒီလိုပါပဲ
ရောင်စုံငါးတွေလို
ရောစပ်ပြီးလည်း ပေါက်တတ်သေးရဲ့။
ဘယ်သူဟစ်ကြွေးရဲသလဲ
ငါ့မှာ အကြေးခွံတစ်စက်မှ မရှိပါဘူးလို့၊
ကိုယ်တိုင်ကို ညာလို့ရရင်တောင်
ဘုရားသခင်ကတော့ သိလိမ့်မယ်၊
ခွာချဖို့ကြိုးစားရင်းနဲ့ပဲ
Fungus မှိုတွေလို တစ်စတစ်စ ပွားများလာ
ဒီအကြေးခွံနဲ့လူတွေထဲ
ငါလည်း မပါဖို့
ကြိုးစားရဦးမယ်...။
သိင်္ဂါကျော်
29.8.2010
6:00 PM