01 December, 2010

ဗုဒ္ဓဂါယာ


ဗုဒ္ဓဂါယာ ခရီး ဆိုတာကလည်း လူတိုင်းက ရေးဖူးပြီးသားမို့ ဘာမှ ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ဘလော့ထဲမှာ ခရီးသွားတိုင်း တင်နေကြ ဆိုတော့ ဒီခရီးကိုလည်း ကိုယ့်ခရီးသွား မှတ်တမ်း အနေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ တင်လိုက်ပါတယ်။

ပြန်ရောက်နေတာတော့ ကြာပါပြီ။ မပြန်ခင် အိန္ဒိယ နောက်ဆုံး ခရီး အနေနဲ့ ဂါယာကိုတော့ မသွားလို့ မဖြစ်ဘူး ဆိုပြီး ရောက်အောင်သွားခဲ့ပါတယ်။ သုံးရက်ထဲပါပဲ။ တကယ် သွားမယ်ဆိုတော့ ကိုးလ်ကတ္တားကနေ ဂါယာသွားဖို့ ရထားလက်မှတ်ကလည်း မရတော့ဘူး။ ကိုးလ်ကတ္တားမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်း ရဲ့ သူငယ်ချင်းကိုပဲ အကူအညီ တောင်းထားရတာပါ။ ကံကောင်းလို့ အန်တီကြီး တစ်ယောက်ရဲ့ ကားနဲ့ ၁၅၀၀ ပေးပြီး အကြုံလိုက်ခဲ့ရပါတယ်။ ဟိုရောက်တော့ မြန်မာကျောင်းမှာပဲ တည်းပါတယ်။ အဲဒီ သူငယ်ချင်းကပဲ အဲဒီ ကျောင်းက ဦးပဉ္ဖင်းလေးကို ဖုန်းဆက်ထားပေးပြီး နေဖို့ အခန်းတွေ ဘာတွေ စီစဉ်ပေးထားပါတယ်။ အဲဒီ အန်တီကြီးကလည်း နီလာအေး ခရီးသွားလုပ်ငန်းက ဆိုတော့ အဲဒီကျောင်းမှာပဲ တည်းနေကျမို့ အဆင်ပြေသွားပါတယ်။

မနက်အစောကြီးရောက်တော့ ခဏ အိပ်ပြီး မနက်စာစားပြီးတာနဲ့ မဟာဗောဓိစေတီတော်ကြီး ကို ဦးပဉ္ဇင်း တစ်ပါးက လိုက်ပို့ပြီး သတ္တဌာန နေရာတွေကို ရှင်းပြပါတယ်။ အောက်ကပုံတွေက အဲဒီ ပထမနေ့က ရိုက်ခဲ့တဲ့ ပုံတွေပါ။








 ကျောက်စာနှစ်ချပ် ရှိတဲ့ နေရာပါ။

နေ့ခင်းဘက် နေ့လည်စာ စားပြီးတော့ တရေးတမော အိပ်ပြီး ညနေဘက်ကျတော့ သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူတဲ့ နေရာကို သွားခဲ့ပါတယ်။ (ဟိုတယ်က အစားအသောက်တွေကို ငြီးငွေ့လာခဲ့တဲ့ ကိုယ်တော့ မြန်မာ ဘုန်းကြီးကျောင်းက ကျွေးတဲ့ ငါးပိရည် နဲ့ ကြက်သားဟင်း ကို တွေ့တော့ အတော် သဘောကျသွားပါတယ်။ နောက်နေ့ကျတော့လည်း အလှူရှိတာနဲ့ မနက်စာ မုန့်ဟင်းခါးကလည်း ကောင်းမှကောင်း၊ နေ့လည်စာကလည်း ကြက်သားဆီပြန်ရော၊ ဆိတ်သား ဆီပြန်ရော ဆိုတော့ မြန်မာအစာ ငတ်နေတဲ့ ကိုယ်တို့အတွက် စားကောင်းလိုက်တာ မပြောပါနဲ့တော့..။)



  ကြည်ညိုဖွယ်ရာ ကမာကူရ ပုံတူ ဂျပန် ဘုရားကြီးပါ။



ဒုတိယ နေ့ကျတော့ လာခဲ့တဲ့ အန်တီကြီး ကားကိုပဲ ငှားပြီး ဦးပဉ္ဇင်းနဲ့ ကိုယ်တို့ နှစ်ယောက်နဲ့ ရာဇဂြိုဟ်ဘက်ကို သွားခဲ့ပါတယ်။ 
ဘုရားရှင် ဒုက္ကရစရိယာ ကျင့်ကြံတော်မူခဲ့တဲ့ တောင်တော်ကို အရင်သွားခဲ့ပါတယ်။


အဲဒီက ပြန်ဆင်းလာပြီးတော့မှ ရာဇဂြိုဟ် ကို သွားခဲ့ပါတယ်။





ဘဏ္ဍာတော်တိုက် လို့ ပြောပါတယ်။

 နလန္ဒာ တက္ကသိုလ် ဟောင်း နေရာပါ။



နလန္ဒာ တက္ကသိုလ် အသစ်ပါ။ လိုက်ပို့တဲ့ ဘုန်းဘုန်း ရဲ့ သူငယ်ချင်း အဲဒီ အဆောင်မှာ နေတဲ့ ဘုန်းဘုန်း ဆီ ဝင်ပြီး ဘုန်းဘုန်း ကျွေးတဲ့ လက်ဖက်သုပ်နဲ့ ငါးမုန့်ကြော်တွေ စားခဲ့ရပါသေးတယ်။

တတိယ နေ့မှာ ပြန်ရတော့မှာပါ။ ဒါပေမယ့် အပြန်လည်း ရထားလက်မှတ် မရတော့ပါဘူး။ မတတ်နိုင်တော့ဘူး... နှစ်ယောက်တည်းပဲ ကားငှားပြန်ရလည်း ပြန်ရတော့မှာပဲ လို့ စီစဉ်နေတုန်း (စီစဉ်တာက ကျောင်းက ဦးပဉ္ဇင်းပါ) နောက်တော့ ကိုယ်တို့လိုပဲ လာတဲ့ မြန်မာမိန်းကလေး နှစ်ယောက်ကလည်း အဲဒီနေ့ပဲ ပြန်မယ် ဆိုတာနဲ့ ဦးပဉ္ဇင်း က ချိတ်ပေးလို့ အဆင်ပြေသွားပါတယ်။ သူတို့က နှစ်ရက်ပဲ ရလို့ မနေ့ကမှ ရောက်ပြီး ဒီနေ့မှ ရာဇဂြိုဟ်ကို သွားမှာပါ။ ကိုယ်တို့နဲ့ နည်းနည်း အချိတ်အဆက် လွဲသွားတာပါ။ မနေ့တည်းကသာ သိရင် ကိုယ်တို့က မနေ့က ဗာရာဏသီ သွားပြီး ဒီနေ့မှ ရာဇဂြိုဟ်ကို သူတို့ နဲ့ အတူတူ သွားလို့ ရပါတယ်။ ခုတော့ တတိယနေ့မှာ ပြန်ရမှာမို့ ဗာရာဏသီ သွားဖို့ မမှီလောက်တော့ဘူး ဆိုတာနဲ့ မသွားခဲ့ရတော့ပါဘူး။

မဟာဗောဓိ ဘုရားကြီးကိုပဲ အစောကြီး တစ်ခေါက်၊ နေ့ခင်းဘက် တစ်ခေါက် ပြန်သွားပြီး အေးအေး ဆေးဆေး ဘုရားကန်တော့၊ ဗောဓိ ညောင်ရွက် အကြွေကို ထိုင်စောင့် ကောက်ပြီး တစ်နေကုန် သွားပါတယ်။



တိဘက် ဘုန်းတော်ကြီးတွေ ပူဇော်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြတာပါ။



 ဗုဒ္ဓဂါယာ နေရာစုံကို ရောက်အောင် နောက်ထပ် တစ်ခေါက်လောက်တော့ သွားချင်ပါသေးတယ်။

(အမှန်တော့ ဒီနေ့က ကိုယ့်မွေးနေ့ပါ။ ကဗျာလည်း မတင်ချင်၊ စားစရာတွေလည်း မတင်ချင်၊ ဘာမှ စိတ်မပါတာနဲ့... အကြွေးကျန်နေတဲ့ ခရီးသွား ပို့စ်လေးပဲ တင်လိုက်ပါတယ်။)

သိင်္ဂါကျော်

23 November, 2010

တစ်ပြည်သူ အချစ်ဦး


သူမကို ပထမဆုံး ကျောင်းစတက်သည့် နေ့ကတည်းက သူ စတင် သတိထားမိခြင်း ဖြစ်သည်။ သူတို့ အုပ်စုမှာ ယောက်ျားလေးတွေက များပြီး မိန်းကလေးက နည်းသည်။ ယောက်ျားလေး အယောက် ၄၀ ကြားထဲ မိန်းကလေး ၁၁ ယောက်ပဲ ရှိသည့်အနက် အာဖရိကန် မိန်းကလေးတွေကလည်း များသည်။ သူမကတော့ အများထဲမှာ နည်းနည်း ထူးခြားနေသည်။ အသားနက်နက် အရပ်ရှည်ရှည်တွေ ကြားထဲက ဖြူဖြူပုပုကလေး...။ ဆံပင်ညိုညို ပျော့ပျော့တွေနှင့် မျက်ဝန်းနက်နက်တွေက သူ့ကို ဖမ်းစားသွားသည်။

သူမက လမ်းသွားလျှင်လည်း ဘေးဘီ ဝဲယာ ဘယ်ကိုမှ မကြည့်ပဲ ရှေ့တည့်တည့်ကိုပဲ ကြည့်လျှောက်တတ်သည်။ သူက မနက် ကျောင်းသွားလျှင်လည်း အိပ်ယာထ နောက်ကျ၍ ဖယ်ရီကားပေါ်သို့ အမြဲ နောက်ကျပြီး တက်တတ်သူ ဖြစ်သည်။ သူ ကားပေါ်တက်သည့် အချိန်မှာ သူမက ဒုတိယတန်း ပြတင်းပေါက်ဘေးက ခုံမှာ ထိုင်ပြီး ပြတင်းပေါက်ကနေ ငေးမောနေတတ်မြဲ။ ကားပေါ်တက်လာသည့် ဘယ်သူ့ကိုမှ နှုတ်ဆက်ဖို့ စိတ်ကူး ရှိပုံမရ။

သူတို့ နေရသော ဟိုတယ်မှာ မနက်စာနှင့် ညစာ ကျွေးပြီး နေ့လည်စာကတော့ ကိုယ့်အစီအစဉ်နှင့် ကိုယ်စားရသည်။ သူမက စားသောက်ခန်းသို့ လာလျှင်လည်း အစားအသောက်မှလွဲ၍ ဘယ်သူ့ကိုမှ ကြည့်သူမဟုတ်ပါ။ လူခပ်များများ ဝိုင်းထိုင်နေလျှင် ထိုစားပွဲကို ငဲ့စောင်း၍မှ မကြည့်။ ဘယ်သူမှ မရှိသည့် စားပွဲကိုမှ ရွေးထိုင်တတ်သည်။ စားတာကလည်း တကယ့်ကိုနည်းနည်းလေး။ ဟိုတယ်က အစားအသောက်များကို သူမ ကြိုက်ပုံမရ။ ညစာမှာ ကျွေးသည့် အိုက်စကရင်ကိုတော့ ကြိုက်ပုံရသည်။ သို့သော် တစ်ချို့တွေလို တအားအများကြီးတော့ ဘယ်တော့မှ မစား။ ဝမှာစိုးလို့ ထိန်းတာပဲလားတော့ မသိ။ သူကတော့ စားသောက်ခန်းကို ခပ်စောစောပဲ ရောက်နေလေ့ရှိပြီး သူမကို စောင့်ကြည့်နေတတ်ခဲ့သည်။ သူမကတော့ သူ့ကို မသိပါ။ တစ်ခါတလေ တည့်တည့်တွေ့လို့ သူက လိုက်နှုတ်ဆက်ရင်တောင် မျက်နှာကို သေချာမကြည့်ပဲ ပြုံးရုံလောက်သာ ပြုံးပြလေ့ ရှိသည်။ သူမက သူမနိုင်ငံကနေ တစ်ယောက်တည်း လာခဲ့သူမို့ ဘာသာတူ စကားပြောစရာလူလည်း မရှိသောကြောင့် ပိုပြီး တစ်ယောက်တည်း ဖြစ်နေသလိုပင်။ သူတို့နိုင်ငံကတော့ စုစုပေါင်း ၈ ယောက်လာခဲ့သည်။ ကိုယ့်နိုင်ငံအတွင်းတုန်းက တစ်ယောက်နှင့် တစ်ယောက် မသိခဲ့သော်လည်း အခုတော့ တစ်နိုင်ငံတည်းသားတွေမို့ စားသောက်ခန်းမှာ ဆိုလည်း စားသောက်ပြီးသည်နှင့် ချက်ချင်းမပြန်ဖြစ်ကြသေးပဲ ရောက်တတ်ရာရာ စကားပြောတတ်ကြသည်။ နိုင်ငံမတူပဲ အာဖရိကတိုက်ရှိ တစ်ခြားနိုင်ငံတော်တော်များများမှ လာသူတွေလည်း ရှိရာ သူတို့အချင်းချင်းက အလွယ်တကူ သူငယ်ချင်းဖြစ်သွားကြသော်လည်း အရှေ့တိုင်းသူ သူမကတော့ အဲလို မဟုတ်။ ဘယ်သူနှင့်မှ စကားလက်ဆုံ မကျတတ်ပဲ စားသောက်ပြီးသည်နှင့် ချက်ချင်းပင် အခန်းကို ပြန်တတ်သည်။

ပထမဆုံးစတွေ့သည့်နေ့ကတော့ ချစ်စရာလေးမို့ ချစ်သောမျက်စိနှင့် ကြည့်ခဲ့တာသာ ဖြစ်သော်လည်း တစ်နေ့ထက် တစ်နေ့မှာ သူမကို မတွေ့ရလျှင်ကိုပဲ သူ့မှာ မနေတတ်သလို ဖြစ်နေခဲ့ပြီ။ သူမ နှင့် သူက အတန်းမတူပါ။ သူက Network၊ သူမက Web Design။ သူမ မျက်နှာကို မြင်ရသော အချိန် ဆိုလို့ မနက် ကျောင်းကား ပေါ်မှာရယ်၊ ညနေ ဒင်နာမှာရယ်... ဒီနှစ်ချိန်ပဲ ရှိသည်။ မနက်ကျောင်းကားပေါ်မှ ဆင်းလျှင်လည်း သူမက ကျောင်းခန်းထဲ မြန်မြန်ရောက်ဖို့လောက်သာ စိတ်ကူးရှိသူ ဖြစ်သည်။ လမ်းသွားရင်း စကားပြောဆို နှုတ်ဆက်ဖို့ စိတ်ကူးသူ မဟုတ်။ သူကတော့ သူမနှင့် ပတ်သက်ပြီး အသေးစိတ်ကအစ မှတ်မိသည်။ ကားပေါ်မှာ ဘယ်နေရာထိုင်တာ၊ ဘယ်နေ့က အင်္ကျီ ဘာအရောင် ဝတ်တာ၊ ညစာ ဘယ်အချိန် လာစားတာ အားလုံး မှတ်မိနေသည်။ သူမကတော့ သူ့ကို မှတ်မိ သိရှိပုံမရပါ။ သူမက ဘယ်သူနှင့်မှ သိပ်ခင်မင်သူ မဟုတ်သူမို့ အပြင်သွားလျှင်လည်း တစ်ယောက်တည်း သွားတတ်သူ ဖြစ်သည်။

တစ်ခါတော့ ဟိုတယ်အနီးက လမ်းအနည်းငယ် လျှောက်သွားလျှင်ရောက်သော Sector 15 သို့ သူမက တစ်ယောက်တည်း အသွား၊ သူကလည်း တစ်ယောက်တည်း အသွားမှာ တစ်ခါ ဆုံသည်။ ရောက်ကာစ နှစ်ပတ်အကြာမှာ ဖြစ်သည်။ သူဝယ်ထားသော internet connection က မရသောကြောင့် ဝယ်ခဲ့သော ဆိုင်ကို ပြန်သွားပြောဖို့ သွားခြင်းဖြစ်သည်။ သူမကလည်း သူမ၏ ဖုန်းကတ်ဒ်က သူမနိုင်ငံကို ဆက်မရသော ပြဿနာနှင့် ထိုဆိုင်ကိုပင် သွားခြင်း ဖြစ်သည်။ သူမ နှင့် အတူတူ တွဲလျှောက်ရင်း သူမ နှင့် အမြဲတမ်း အတူသွားလာ နေချင်သော စိတ်က ရုတ်တရက် ဖြစ်ပေါ်လာသည်။ တစ်ချို့က ထင်နေသလို သူမက မာနကြီးသူ တစ်ယောက်တော့ မဟုတ်ပါ။ အတူတူ လမ်းလျှောက်ရင်း သူမေးသမျှကိုလည်း ကောင်းကောင်းပြန်ဖြေရှာပါသည်။ သို့ပေမယ့်လည်း များသောအားဖြင့်တော့ yes, no လောက်သာ ပြန်ဖြေချင်သူ ဖြစ်သည်။ သူမနှင့် စကားပြောကြည့်တော့ အင်္ဂလိပ်အသံထွက်နှင့် စကားပြော ကလည်း ဆိုးဆိုးဝါးဝါး နိမ့်ကျလှတာ မဟုတ်ပါ။ သူမကိုက သူများနှင့် စကားပြောချင်စိတ် မရှိတာသာ ဖြစ်ကြောင်း သူသိလာရသည်။ သူက shopping ထွက်ရတာကို ဘယ်သောအခါကမှ သဘောကျခဲ့သူ မဟုတ်သော်လည်း သူမကို တစ်ယောက်တည်း မထားခဲ့ချင်သောကြောင့် အတူတူ လိုက်သွားဖို့ စိတ်ကူးလိုက်သေးသည်။ သူမကတော့ သူ မပါလည်း သူမ ဟာသူမ ဈေးထဲမှာ လျှောက်သွားမယ့် သူမျိုးဖြစ်သည်။ နောက်တော့  သူတို့ အဖွဲ့ထဲက တစ်ခြား မိန်းကလေး သုံးယောက်နှင့် တွေ့၍ သူမကို ထားခဲ့ပြီး သူပြန်လာခဲ့လိုက်သည်။

သူမနှင့် စကားပြောကြည့်ပြီးတော့ သူ့စိတ်ကိုသူ ပိုသိလာသည်။ သူမကို သဘောကျရုံသက်သက်သာ မဟုတ်။ သူမကို ချစ်မိနေခဲ့ပြီ။ သူမမှာ လက်ထပ်ထားသူလည်း မရှိ၊ Boyfriend လည်း မရှိကြောင်း သိလိုက်ရတာကလည်း သူ့ကို စိတ်ချမ်းသာစေသည်။ သူမတို့ နိုင်ငံမှာ လက်မထပ်ခင် အတူနေခြင်းကို ခွင့်မပြုကြောင်းလည်း သိလိုက်ရသေးသည်။ သူမက အပျိုစင် စစ်စစ်ကလေးပေါ့။ သူတို့နိုင်ငံအနေနှင့် ဆို ဒီအသက်အရွယ် မိန်းကလေးတစ်ယောက်မှာ ဒီလို အခြေအနေ ဆိုတာက မယုံနိုင်စရာ ကောင်းလောက်အောင် တော်တော် ထူးဆန်းသည်ဟု ဆိုရမည် ဖြစ်သော်လည်း သူမတို့ နိုင်ငံ ယဉ်ကျေးမှုနှင့်တော့ အထူးအဆန်း ဟုတ်ဟန် မတူပါ။ ပညာတွေ တစ်ခုပြီးတစ်ခု သင်ယူနေရင်း၊ အလုပ်တွေ လုပ်နေရင်း အိမ်ထောင်ပြုဖို့ကို မေ့လျော့နေပုံရသည်။ ဒါကိုက သူ့အတွက် ကံကောင်းခြင်း တစ်ခု ဟု ထင်သည်။

အဲဒီနေ့ နောက်ပိုင်းမှာတော့ သူမက သူ့ကို မှတ်မိသွားပုံရသည်။ သူနှုတ်ဆက်လျှင် ပြန်လည် နှုတ်ဆက်ဖော်ရလာသည်။ သူ့အတွက်တော့ သူမနှင့် စကားပြောလိုက်ရသည့် နေ့က သာယာသော နေ့တစ်နေ့ ဖြစ်သွားခဲ့သည်။ ကျောင်းတက်နေသည့် အချိန်တွေကလွဲပြီး တစ်ယောက်တည်း ရှိနေချိန်များမှာ သူမအကြောင်းကို မတွေးမိပဲကို နေလို့မရ။ သူ့အာရုံမှာ သူမက တစ်နေ့ထက် တစ်နေ့ ပိုပြီး စိုးမိုးလာသည်။ သူမ သိအောင် ဘယ်လို စပြောရမလဲ ဆိုတာတော့ သူ မတွေးတတ်ပါ။ သူမက တကယ့်ကို အဖြူထည် သက်သက်ကလေး။ တည်တည်တံ့တံ့ကလေး။ သူမကို ဒီလို စကားမျိုး ပြောဖို့ ဆိုလျှင် သူ့အတွက်တော့ တော်တော်ကို သတ္တိ မွေးယူရလိမ့်မည်။ အသက် ၃၀ ကျော် ယောက်ျားတစ်ယောက် အနေနှင့် သူ့ဘဝမှာ မိန်းကလေး အတော်များများနှင့် တွေ့ဆုံခဲ့ဖူးပါသည်။ အိပ်ရာဝင်အဖော်အနေနဲ့လည်း ရှိခဲ့ဖူးတာပင်။ သို့သော် ဒီမိန်းကလေးတွေက သူ့ဘဝမှာ နည်းနည်းမှ အရေးမပါခဲ့ပါ။ ဘယ်သူ့ကိုမှလည်း တမ်းတမ်းတတ မရှိခဲ့ဖူး။ ဒီကို မလာခင် တွဲခဲ့သော မိန်းကလေးကိုပင် သူ့အတွေးထဲ လုံးဝ မရှိတော့။ ကြုံကြိုက်လို့ တွေ့ခဲ့ တွဲခဲ့တာက လွဲလို့ ဘယ်သူ့ကို မချစ်ခဲ့ဖူးပါ။ သူမကတော့ ယုံကြည်ဖို့ ခက်ခဲကောင်း ခက်ခဲလိမ့်မည် ဖြစ်သော်လည်း သူ့အတွက်တော့ သူမကသာ အချစ်ဦး ဖြစ်ပါသည်။ သူကလွဲလျှင် ဘုရားသခင်ကတော့ သူ့စိတ်ရင်းကို သိပါလိမ့်မည်။ ဒီကို သင်တန်းလာတက်၍ သူမနှင့် တွေ့ဆုံရခြင်းသည် ဘုရားသခင် အလိုတော် အတိုင်းပင် ဖြစ်သည်။ ဒီအတွက် ဘုရားသခင်ကိုလည်း ကျေးဇူးတင်မိသည်။ သူမနှင့် တွေ့ဆုံရခြင်းသည် ဒီသင်တန်းကို လာတက်၍ သူ ရရှိသော အကောင်းဆုံးသော ဆုလာဒ်ပင် ဖြစ်သည်။ အားလပ်ချိန်တိုင်းမှာ သူမနှင့် စကားပြောချင်မိသည်။ သူမနှင့် အတူရှိချင်မိသည်။ ဘုရားသခင် အလိုတော်အတိုင်း တွေ့ခဲ့ရသော သူတို့ နှစ်ယောက်ကို အချစ်ချင်းညီအောင် ဖန်ဆင်းပေးဖို့ သူမျှော်လင့်မိသည်။

ပထမဆုံး သင်တန်းက ပို့ပေးသော ခရီး။ အိန္ဒိယနိုင်ငံ၏ အထင်ကရ တပ်ခ်ျမဟာ နှင့် အိန္ဒိယန်းဂိတ်။ Express Bus ကားကြီး နှစ်စင်းနှင့် သွားကြခြင်း ဖြစ်သည်။ သူမက ထုံးစံအတိုင်း ကားအရှေ့ပိုင်းက ပြတင်းပေါက်ဘေး ခုံတစ်ခုံမှာ ထိုင်နေပြီးသား။ သူမဘေးက ခုံမှာ ဘယ်သူမှ မရှိသဖြင့် သူ ခဏ ထိုင်ဖြစ်သည်။ သို့သော် သူမက သူ့ကို စကားပြောချင်ပုံမရှိပဲ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ဖို့သာ အားသန်နေသည်။ ခရီးစဉ် တလျှောက်မှာ သူမ ဘေးက လိုက်ပါချင်မိသော်လည်း သူမ စိတ်အနှောက်အယှက် ဖြစ်မှာစိုးသဖြင့် လွတ်လွတ်လပ်လပ် နေရအောင် နောက်ခုံက သူ့အပေါင်းအသင်းများနားမှာပင် ပြန်ထိုင်ဖြစ်သည်။ ထို ခရီးတလျှောက်မှာ သူမ နောက်ကပင် သူ လိုက်နေဖြစ်သည်။ သူမကတော့ သူမ သူငယ်ချင်း အမျိုးသမီး တစ်ယောက်နှင့် အတူတူ သွားရင်း သူ့ကိုလည်း သတိထားမိပုံမပေါ်ပါ။ ဘာပဲဖြစ်ဖြစ် ထိုခရီးမှာ သူမနှင့် အတူတူ ဓါတ်ပုံရိုက်ဖြစ်ခဲ့သည်။ စကားပြောဖြစ်ခဲ့သည်။ သူမဘက်က သူ့ကို အမှတ်ထင်ထင် ရှိစေချင်သည်။

သူမ ကင်မရာထဲက သူ့ဓါတ်ပုံတွေ ပေးဖို့ တောင်းရင်း သူမ နားထောင်သည့် သီချင်းတွေပါ တောင်းတော့ memory stick နှင့် သူ့ကို ကူးပေးသည်။ သူကတော့ သူမနှင့် နှစ်ယောက်တည်း တွေ့ခွင့်ရမယ့် အခွင့်အရေးကို ဘယ်လို တောင်းဆိုရမလဲလို့ တစ်ချိန်လုံး စဉ်းစားနေမိသည်။ သူမ ရဲ့ flash ကို မပေးသေးပဲ ထားတော့လည်း သူမက တောင်းယူဖို့ကို စိတ်ကူးမရှိပါ။ အဲဒါကို အကြောင်းပြ၍ သူမရဲ့ ဖုန်းနံပါတ်ကိုတော့ တောင်းယူ၍ ရခဲ့သည်။ တနေရာရာ သွားဖို့ တောင်းဆိုတော့လည်း သူမက အင်းမလှုပ် အဲမလှုပ်။ ကျောင်းအားရက် ရောက်ပြန်တော့လည်း သူမက ဒီမြို့မှာ ရှိသည့် တစ်နေရာရာ သို့မဟုတ် အနီးအနား တစ်နေရာရာ ကို အမြဲ သွားနေတာနှင့် ပင် ဘယ်တော့မှ မအား။ သူမက တစ်ယောက်တည်း အခန်းအောင်းနေရတာ ကြိုက်သလို အပြင်ထွက် သွားလာဖို့ကိုလည်း သဘောကျသူ ဖြစ်ကြောင်း သူ သိလာရသည်။ သူမ ပေးထားသော သီချင်းတွေကလည်း သူမပုံစံ နှင့် မကိုက်ညီသလို ထင်ရသည်။ သူမက မြူးမြူးကြွကြွ hip hop လို pop လို သီချင်းမျိုးကို ကြိုက်သည်။ သူကတော့ ခပ်အေးအေး ခံစားချက်ပါသည့် သီချင်းမျိုးကိုသာ ကြိုက်သူ ဖြစ်သည်။

သူမက စကားပြောရမှာကို အတော်ဝန်လေးသူ ဖြစ်သော်လည်း သူ SMS ပို့သောအခါမှာတော့ ပြေပြေလည်လည် ပြန်ပို့တတ်သည်။ အခန်းထဲမှာ သူမ အကြောင်း စဉ်းစားရင်း တစ်ယောက်တည်း အထီးကျန်နေခိုက်မှာ သူမ နှင့် အပြန်အလှန် message ပို့ရတာက သူ့အတွက် ပျော်စရာ ဖြစ်လာသည်။ နောက်ဆုံးတော့ သူ့ခံစားချက်ကို message ပဲ ပို့လိုက်မိတော့သည်။ သူမနှင့် နှစ်ယောက်တည်း တွေ့ခွင့်ရဖို့က ဘယ်တော့မှန်း မသေချာသေးဘူး မဟုတ်လား။ I Love you so much လို့ သူ ပို့လိုက်မိတော့ သူမ ဘက်က ဘာမှ ပြန်မပို့တော့။ အတူတူ အချိန်ဖြုန်းရင်း သူ့အချစ်ကို ပိုသိအောင် ပြချင်သည် ဟု သူ ထပ်ပို့လိုက်သော်လည်း reply ပြန်မလာ။ သူမ စိတ်ဆိုးသွားမလား လို့ သူ စိုးရိမ်သွားသည်။ ချက်ချင်း ဖုန်းဆက်လိုက်မိတော့လည်း သူမက ပြေပြေလည်လည် ထူးပါသည်။ ထုံးစံအတိုင်း စကားကတော့ သိပ်မပြော။ သူပြောတာကိုပဲ နားထောင်နေသည်။ အားတဲ့ ရက် တစ်ရက်ရက်မှာ တစ်နေရာရာ သွားချင်သည် ဆိုတော့ သူမက သူ့သဘောပါ တဲ့။ သို့သော်လည်း သူတို့ မသွားဖြစ်ကြပါ။ ထုံးစံအတိုင်း သူမကတော့ ကျောင်းပိတ်ရက်မှာ အခန်းထဲမှာ နေသည် မရှိ။ shopping ပဲ ဖြစ်ဖြစ်၊ တစ်နေရာရာပဲ ဖြစ်ဖြစ် သွားနေမြဲ။ ညဘက်တော့ သူက message မှန်မှန်ပို့သည်။ အိပ်ကာနီးတိုင်း သူမ ဘက်က Good Night တို့ Sweet Dreams တို့ တစ်ခုခု ရပြီးမှ သူ ကောင်းကောင်း အိပ်ပျော်နိုင်သည်။ သူ့ကို ချစ်တယ်လို့ ပြောတာ ကြားချင်ပြီ ရယ်လို့ အရဲစွန့် ပြောမိတော့ သူမဘက်မှ ပြန်ပို့လာသည်က အဲဒီလောက် မလွယ်ပါဘူး.. တဲ့။ မလွယ်တာကိုတော့ သူ သိပါသည်။ သူမ ဆီက တုံ့ပြန်မှုကို ရဖို့ တော်တော် ခက်ခဲမယ် ဆိုတာ သူ သိနေပါသည်။

သူ့အတွက် လှပသော တစ်ညနေမှာတော့ ဟိုတယ် အနီးက သွားနေကြ ဈေးကို လမ်းလျှောက်သွားရင်း အပြန်မှာ ချက်ချင်း မပြန်သေးပဲ ပန်းခြံထဲက ခုံမှာ ထိုင်ဖြစ်ကြသည်။ ကိုယ်က သူမကို ကိုယ့်ထက် အတော်ငယ်မယ်လို့ ထင်ထားသော်လည်း တကယ်က တစ်နှစ်ကျော်လောက်သာ ငယ်သည်။ သူမ ဘဝမှာ တစ်ခါမှ Boyfriend မထားဖူးဘူး ဆိုတာက သူလို လူမျိုးတွေ အတွက်တော့ အံသြစရာ ကောင်းသော အခြေအနေ ဖြစ်သည်။ သူမက လက်ထပ်ဖို့လည်း စိတ်ကူး မရှိပါဘူး တဲ့။ ဒါကတော့ သူ့ရင်ကို ဆူးတစ်ချောင်း ထိုးသွင်းသလိုပင်။ သူ့ဘဝမှာလည်း အရှေ့တိုင်းသူတွေနှင့် တစ်ခါမှ နီးနီးကပ်ကပ် မတွေ့ခဲ့ဖူးတော့ သူမက တကယ်ကို ထူးထူးခြားခြား နတ်သမီးလေးပါ။ သူမ လက်ကလေးကို သူက ကိုင်ချင်တာကိုပင် သူမက အတော် တွန့်တိုသည်။ ပခုံးလေးကို ဖက်မိတော့လည်း မသိမသာ ရှောင်ဖယ်သွားသည်။ သူတို့အတွက်က သူငယ်ချင်း အချင်းချင်း လက်ကိုင်တာ၊ ပခုံးဖက်တာ လောက်က လုပ်နေကြ အပြုအမူတွေ ဖြစ်သော်လည်း သူမ အတွက်တော့ စိတ်ကျဉ်းကျပ်ပုံရသည်။ နောက်ပိုင်းတော့ သူမက သူမကို ထိတာ ကိုင်တာ မကြိုက်ပါ ဟု သူ့ကို ဖွင့်ကို ပြောခဲ့သည်။ သူနှင့် နီးကပ်မှာ စိုးသဖြင့် ခုံအစွန်းတစ်ဖက်ကို တိုးကပ်ထိုင်သည်မှာ ပြုတ်ကျတော့ မတတ်။ သူက ပြုတ်ကျတော့မယ် ပြောတော့ သူမက ရယ်နေသည်။

ပုံမှန်ဆို သူက သိပ် စကားပြောကောင်းသူ၊ စကားများသူ မဟုတ်ပါ။ သို့သော် သူမနှင့် တွေ့တော့ နှလုံးသားထဲက စကားတွေကို အလိုလို ပြောမိနေသည်။ သူမှ စကားမပြောလျှင်လည်း သူမကတော့ ဘာမှ ဖွယ်ဖွယ်ရာရာ ပြောမည့်သူ မဟုတ်။ ဒီအတိုင်း ထိုင်နေမည့်သူသာ ဖြစ်သည်။ သူ့ဘက်က တစ်တွတ်တွတ် ပြောနေသော်လည်း သူမကတော့ သူ့ကို မျက်နှာချင်းဆိုင်သည်မဟုတ်။ ငေးမိငေးရာ ကြည့်မိကြည့်ရာ ပန်းခြံ တစ်ဖက်ကိုသာ ကြည့်နေသည်။ ငါတို့က သူငယ်ချင်းတွေပါ တဲ့။ သူမဆီက တွန့်တွန့်တိုတို ထွက်လာသည့် စကားတစ်ခွန်း။  သူကတော့ သူငယ်ချင်းအနေလောက်နှင့် မနှစ်သိမ့်နိုင်ပါ။ သူ့ကို ချစ်သလား ဆိုတော့ No တဲ့။ အဲဒီ အချိန်က စပြီး ဆက်တိုက် ကြားရတော့မည့် စကားတစ်ခွန်းဖြစ်မှန်း သူမသိခဲ့။ သူနှင့် အတူရှိနေရကို စိတ်ညစ်နေပုံရသည့် သူမကလေး ကို သနားမိသည်နှင့် ဟိုတယ်သို့ ပြန်လာဖြစ်သည်။ သူ့သဘောအရ ဆိုလျှင်တော့ သူမနှင့် အတူရှိသည့် အချိန်တွေမှာ အချိန်နာရီ တွေကို မေ့ထားချင်သည်။

တစ်ညတော့ သူမ အခန်းကို သွားလည် ဖြစ်သည်။ ထုံးစံအတိုင်း သူ့ဘက်ကသာ သူ့ခံစားချက်တွေကို ပြောဖြစ်သည်။ သူ့ဘဝအကြောင်းတွေကို ပြောဖြစ်သော်လည်း သူမဘက်ကတော့ မေးတစ်ခွန်း ဖြေတစ်ခွန်းသာ။ သူ့အခန်းကို လာလည်ဖို့ ခေါ်တော့ သူမက နားမလည်ချင်သယောင်နှင့် လာမလည်။ တကယ်တော့ သူက သူမလို အားနေသူ မဟုတ်ပါ။ ညနေခင်း သင်တန်း တစ်ခု တက်နေဖြစ်ခဲ့ပြီး Microsoft exams တစ်ချို့လည်း ဖြေဖို့ ကြိုးစားနေခဲ့သည်။ အခုတော့ သူမအကြောင်းကို တွေးရင်းနှင့် စာကြည့်ရမှာလည်း စိတ်မပါသလို ဖြစ်နေသည်။ အဲဒါနဲ့ပဲ စာမေးပွဲ တစ်ခု ကျသည်။ သူ စိတ်လေသွားသည်။ အရင် ဖြေခဲ့သော စားမေးပွဲတွေတုန်းကလည်း တစ်ခါမှ မကျခဲ့ဖူးတော့ ပြန်ဖြေရမှာ တော်တော် စိတ်ညစ်သွားသည်။ ဘာမှမလုပ်ချင် မကိုင်ချင်အောင် စိတ်လေသွားသည့် အချိန်မှာလည်း သူမကို တွေ့ချင်သည်။ SMS ပို့လိုက်တော့ သူမက သူ့အခန်းသို့ တက်လာသည်။ သူမ အခန်းက ပထမ အထပ်မှာ ရှိပြီး သူ့အခန်းက တတိယအထပ်မှာ ရှိသည်။ ကျသည့် result စာရွက်ကို ပြတော့ သူမက နောက်တစ်ကြိမ်ပေါ့ လို့ ပေါ့ပေါ့ပါးပါး ပြောရင်း သူ့ကို အားပေးသည်။ သူမကို မြင်ရသည့် အခိုက်မှာ စိတ်ညစ်စရာတွေ ပျောက်သွားသည်။ သူ့ဘဝရဲ့ ပျော်ရွှင်တာ၊ ဝမ်းနည်းတာ အရာရာ တိုင်းကို သူမနှင့် အတူ မျှဝေ ခံစားချင်သည်။

အဲဒီနောက်တော့ အဲဒီ စာမေးပွဲ ပြန်ဖြေဖို့ စာပြန်ကြည့်နေရသဖြင့် သူမနှင့် မတွေ့ဖြစ်။ ညတိုင်းတော့ sms ပို့ဖြစ်သည်။ သူက စမပို့လျှင် သူမက စ နှုတ်ဆက်တတ်လာသည်။ သူက တမင်ပင် သတိရလျက်နှင့် သူမဘက်က စလာဖို့ကို မျှော်လင့်ရင်း စောင့်မိတာပင်။ စာမေးပွဲဖြေသည့် နေ့ကျတော့လည်း သူမက သူ့ကို အရေးတယူ မေးစေချင်သည်။ သူမက မမေးတော့ သူက စိတ်ကောက်ချင်သည်။ စိတ်ကောက်ပြီး သူမ ဆီ ဖုန်းလည်းမဆက်၊ sms လည်း မပို့ပဲ နေကြည့်သည်။ သူမဘက်ကလည်း ဖုန်း စမခေါ် သဖြင့် သူပဲ ခံစားရသည်။ သူမ ကတော့ နေနိုင်သူကြီးပါ။ နောက်တော့လည်း သူပဲ မနေနိုင်လွန်းသဖြင့် သူမ အခန်းသို့ သွားလိုက်ရသည်။

သူက အရင်တုန်းကတော့ အလုပ်ထဲမှာ ဘယ်တော့မှ chat တတ်သူ မဟုတ်။ facebook မှာ account ရှိပေမယ့်လည်း သိပ်မသုံးဖြစ်။ ခုတော့ ဒီက သူငယ်ချင်းတွေက အမြဲတမ်း ဒီ စာမျက်နှာပေါ် တက်နေသဖြင့် သူပါ အဲဒီအထဲ ပါလာသည်။ အဓိက ကတော့ သူမလေးကလည်း ဒီစာမျက်နှာ ကို အမြဲတမ်း သုံးလေ့ရှိသူ မို့ပင်။ ခရီးသွားတိုင်း ရိုက်ခဲ့သော ဓါတ်ပုံများကိုလည်း သူမက တင်တတ်သည်။ သူမ သူငယ်ချင်းတွေကလည်း comment ပေးကြသည်။ သူမက သူနှင့်နှစ်ယောက်တည်း ရိုက်ထားသော ပုံအပါအဝင် တစ်ခြား သူငယ်ချင်းတွေနှင့် နှစ်ယောက်တွဲပုံတွေ အားလုံးကို တင်တော့ သူမ သူငယ်ချင်းတွေက သူတို့ နှစ်ယောက်ကို လိုက်ဖက်သည် လို့ ရေးကြတော့ သူက ပျော်သွားသည်။ သူမ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်သည်။ သူမကို ပြောပြတော့ သူငယ်ချင်းတွေက နောက်တာပါ ဆိုပြီး ရယ်နေသည်။ facebook မှာ နှစ်ယောက်သား နေ့တိုင်း အပြန်အလှန် message ပို့ကြသည်။ အဲဒီအပြင် သူမက သူ့ကို မချစ်ကြောင်း အမျိုးမျိုးသော ကဗျာတွေ၊ သီချင်းတွေ တင်ပြီး share လုပ်သေးသည်။

သူ့ ဘက်က I love you ဆိုလျှင် သူမ ဘက်ကလည်း I love you too ဆိုတာကိုသာ ကြားချင်ခဲ့သော်လည်း ... သူမ ဘက်ကတော့ အမျိုးမျိုးသော အကြောင်းပြချက်တွေနှင့် သူ့ကို မချစ်ကြောင်း သက်သေပြသည်။ သူကတော့ သူမ စကားများက ရှေ့နောက် မညီဟုထင်သည်။ အဓိကတော့ လူမျိုးချင်း၊ ဘာသာချင်း မတူလို့ မဖြစ်နိုင်ပါတဲ့။ သူမ တို့ နိုင်ငံဟာ သေးသေးလေးမို့ အဲလို လူမျိုးချင်း ရောတာသာ များသွားရင် သူမတို့ လူမျိုးဆိုတာ ပျောက်သွားနိုင်ပါသတဲ့။ “ကလေးရယ်၊ မင်းတစ်ယောက်တည်းနဲ့ မင်းနိုင်ငံကို ကယ်တင်နိုင်မှာမို့လား” ဆိုတော့ သူမက ရယ်နေသည်။ တစ်ခါတရံတော့ သူမက အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိပဲ တစ်သက်လုံး အပျိုကြီး လုပ်သွားမှာ လို့လည်း ပြောသေးသည်။ အသက်ကြီးလာရင် သီလရှင်တောင် ဝတ်ချင် ဝတ်ဦးမှာ ဟုလည်း ဆိုသေးသည်။

သူ့ကို ချစ်သလားဆိုလျှင် အမြဲတမ်း No ဟု မဆိုင်းမတွ ပြန်ပြောတတ်သည်။ ဘာကြောင့်လဲ ဆိုလျှင်တော့ အကြောင်းပြချက် တစ်မျိုး ထွက်လာပါလိမ့်မည်။ ခုလို သုံးလလောက် အချိန်တို အတွင်းမှာ အချစ်စစ်ဆိုတာ မဖြစ်နိုင်ပါ ဆိုတာမျိုး။ “ဒါဆို ဒီမှာ တစ်နှစ်လောက်၊ နှစ်နှစ်လောက် တက်ရရင် မင်း ကိုယ့်ကို ချစ်မှာလား” ဆိုတော့ “ဒီမှာတော့ တစ်နှစ်၊ နှစ်နှစ်လောက် မနေပါရစေနဲ့” ဆိုပြီး ဝေ့လည်ကြောင်ပတ် ပြန်ဖြစ်သွားပြန်သည်။ သူမ သူ့ကို မယုံကြည်နိုင် ဖြစ်နေသည်ကို သူနားလည်နိုင်ပါသည်။ တစ်ခါတလေတော့လည်း သူ့အချစ်ကို သူမ ဘာကြောင့် မခံစား မသိရှိ နိုင်တာလဲ ဆိုပြီး စိတ်တိုချင်သည်။ သူ ဘယ်လောက်ပဲ သူမရဲ့ အကြောင်းပြချက်တွေကို ချေဖျက်ဖျက်၊ ပြုံးနေသော မျက်နှာပိုင်ရှင်ကလေး၏ ခေါင်းမာသည့် စိတ်ဓါတ်ကလေးကို ပြောင်းလဲပေးဖို့တော့ သူ့မှာ ခုထိတိုင်ပင် မစွမ်းနိုင်သေးပါ။

သူ့အတွက် နိုင်ငံတွေ၊ လူမျိုးတွေ ခြားနားတာက ပြဿနာ မရှိသော်လည်း သူမ အတွက်တော့ အကြီးမားဆုံး ပြဿနာ ဖြစ်နေပုံရသည်။ သူမကို သူ့ဇနီးလေး အဖြစ် တစ်သက်လုံး အနားမှာထားချင်သူမို့ သူမသာ သူ့အနားရှိနေလျှင် သူ့အတွက် ပြီးပြည့်စုံပါပြီ။ ဘယ်နိုင်ငံမှာ နေရပါစေ အကြောင်း မဟုတ်ပါ။ သူ့နိုင်ငံကို သူမ လိုက်လာ နေနိုင်လိမ့်မည် ဟု သူ မမျှော်လင့်ပါ။ သို့သော် သူမကသာ တောင်းဆိုလျှင် သူကတော့ သူမနိုင်ငံမှာလည်း သွားနေနိုင်ပါသည်။ နိုင်ငံတကာ အသိအမှတ်ပြု certificate တွေ ရထားသော သူ့အတွက် ဘယ်နိုင်ငံမှာဖြစ်ဖြစ် အလုပ်တစ်ခုတော့ ရနိုင်လိမ့်မည် လို့လည်း ယုံကြည်ပါသည်။ သူမကတော့ သူ ဘာပဲပြောပြော ဘာကိုမှန်းမသိ No လုပ်နေဆဲပင်။ တစ်ခုခု မေးလိုက်လျှင် သူမ နှုတ်ခမ်းက အမြဲတမ်း အကျင့်ပါနေသည်မှာ No ဆိုသော သူ အမုန်းဆုံး စကားလုံးပင်။ သူမ ကသာ လက်ခံမည် ဆိုလျှင် သင်တန်းပြီးသည့် နောက်ပိုင်းမှာ သူမ နိုင်ငံကို မဖြစ်ဖြစ်အောင် သွားပြီး သူမ မိဘတွေကို သွားရောက် တွေ့ဆုံဖို့ကိုပင် သူက စိတ်ကူးထားသူပါ။ သူ့ကို မယုံမကြည်နိုင် ဖြစ်နေသော သူမကို အဲဒီလို သက်သေပြလျှင်တော့ သူ့အချစ်ကို ယုံကြည်နိုင်မည်ဟု ထင်သည်။ သို့သော် သူမက သူ့ကို သူမ မိသားစုနှင့် တွေ့မပေးနိုင် ဟု ဆိုသည်။ “ကျွန်မက ရှင့်ရဲ့ girlfriend မဟုတ်ဘူးလေ၊ friend ပဲ၊ ကျွန်မနိုင်ငံကို လာလည်ရင်လည်း ရပါတယ်၊ ဟိုတယ်မှာတည်းပေါ့၊ ဟိုဟိုဒီဒီ ကျွန်မ လိုက်ပို့ပေးမှာပေါ့၊ အဲဒီထက်တော့ ပိုလို့ မရဘူးလေ” ဟု အားမနာ ပါးမနာ ပြောသည်။

သူမမှာ ချစ်နေတဲ့ တစ်ခြားတစ်ယောက်ယောက် ရှိသလားဆိုတော့လည်း မရှိပါတဲ့။ သူမကို ချစ်ရေးဆိုတာ သူ တစ်ယောက်တည်းလား ဆိုတော့ ဒီသင်တန်းမှာ သူ့ထက် အရင်ဦးသူ တစ်ယောက် ရှိသည်၊ ထိုလူကိုလည်း သူငယ်ချင်းလိုပါပဲ တဲ့။ သူမက ဘယ်သူ့ကိုမှ မချစ်ချင်သူ၊ အချစ်နဲ့ မတွေ့ဆုံလိုသူပါတဲ့။ ဘာကြောင့်လဲ ဆိုတော့လည်း တိတိကျကျ အဖြေမပေးနိုင်ပါ။ သူမဘက်က အကြောင်းပြချက်ကို မည်မည်ရရ မပြနိုင်လေ... သူ့ကို မချစ်ဖူး ဆိုသည့် သူမ စကားကို သူကလည်း မယုံနိုင်လေ ပင်။ မင်း ကိုယ့်ကို ချစ်တယ် ဆိုတာ ကိုယ် သိပါတယ် ကလေးမလေးရယ်...။ အဲလို ပြောမိတော့ သူမက မဟုတ်ဖူး ဆိုတာကို ရအောင်ငြင်းသည်။ I don’t love you၊ I don’t love you ဟု သူ အမုန်းဆုံး စကားကို ရေရွတ်သည်။ လူတစ်ယောက်ကို တစ်ခါမှလည်း မချစ်ဖူး ပဲနှင့် ချစ်လား မချစ်လား ဘယ်လိုသိသလဲ ဆိုတော့ သူမ တွေဝေ သွားသည်။ တစ်ခါတလေ ပြတ်ပြတ်သားသား မဖြေချင်သည့် အခါမျိုးမှာ သုံးနေကျ သူမ လက်သုံးစကား ဖြစ်သည့် I don’t know ဆိုတာကို ပြန်ရောက်လာသည်။ အဲလိုနှင့်ပဲ ပတ်ချာလည်ပြီး သူ နှင့် သူမ တို့ကြားက ဆွေးနွေးမှုက ဘယ်တော့မှ အပြီးမပြတ်ခဲ့ပါ။

သူမကို ချစ်ကြောင်း မပြောလျှင် သူမနှင့် ပြေလည်သည်။ သူမက သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်း တစ်ယောက်ပင်။ တစ်ခုသော နေ့လည်မှာလည်း သူ့အခန်းကို ခေါ်တော့ သူမ ရောက်လာပြီး သူ့ Project Management Assignment ကိုပင် ကူလုပ်ပေးသည်။ သူမက တကယ့်ကို တော်သော IT ပညာရှင် တစ်ယောက်ပါ။ သူမလေးသာ အနားမှာ ရှိခဲ့လျှင် သူ့အတွက် အရာရာ အဆင်ပြေသလိုပင်။ သူမ ကူညီပေးခဲ့သော ထို Assignment ကလည်း သူတစ်ခါမှ မရဖူးသည့် အမှတ်များများရခဲ့သည်။ သူမနှင့် အတူရှိချင်မိသော သူ့အိပ်မက်ကို ပိုမျှော်လင့်မိသွားသည်။ သူမ က သူ့ထက် ဘွဲ့နှစ်ခု ပိုနေတာကိုလည်း သူက အားငယ်သလို ဖြစ်မိသည်။ သူမနှင့် အဆင့်တူအောင် Master ဆက်တက်ဖို့လည်း သူ စိတ်ကူးနေသည်။ ဖြစ်နိုင်လျှင် သူမ နှင့် နီးနီးနားနား အရှေ့တိုင်း နိုင်ငံ တစ်ခုခုမှာ တက်ဖို့ သူ စီစဉ်ထားသည်။

တစ်ညနေမှာတော့ Rose Garden ကို နှစ်ယောက်သား သွားဖြစ်ကြသည်။ ပန်းခြံဆိုတော့လည်း အတွဲတွေက ဟိုနေရာ သည်နေရာ မနာလိုစရာ ကောင်းလောက်အောင် တွေ့နေရသည်။ သူ့ဘဝကတော့ သူမနှင့် အတူသာ လာရသော်လည်း လက်ကလေးကိုမှ ကိုင်ခွင့်မရှိ။ သူမက friend ပါပဲ လို့ ခုထိ ကြွေးကြော်နေဆဲ မဟုတ်လား။ သူမ မကြိုက်တာ ဘာမှ မလုပ်ပါဘူး လို့လည်း သူက ကတိပေးထားပြီးသား။ သူမက အခန်းထဲမှာ ဆိုလျှင်သာ လက်ကလေးကိုင်တာ၊ ပခုံးလေးဖက်တာကို အားနာပါးနာ ခဏလောက် ငြိမ်နေချင် နေမည် ဖြစ်သော်လည်း အပြင်ထွက်လျှင်တော့ လက်ကလေးတွဲတာလောက်ကိုပင် သူမက ရှောင်ဖယ်ချင်သည်။ ဘေးလူတွေ အမြင်မှာ သူတို့နှစ်ယောက်ကို အတွဲရယ်လို့ မမြင်စေလိုတာပင်။ နှစ်ယောက်တည်း ဆိုလျှင်တောင် သူ ပွေ့ဖက်တာ ခံရမှာ စိုး၍ သူနှင့် ခပ်ဝေးဝေးမှာသာ အမြဲလိုထိုင်သည်။ မြက်ခင်းပေါ် နှစ်ယောက်သား နှစ်ပေလောက် ခွာထိုင်ပြီး စကားပြော ဖြစ်ကြသည်။ ထုံးစံအတိုင်း သူကသာ များများ ပြောပြီး သူမကတော့ နားထောင်သမား သက်သက်သာ ဖြစ်သည်။ နှစ်ယောက်သား တွဲလာခဲ့ပေမယ့် သူမက သူ့မိန်းကလေး မဟုတ်သေးတာကို စိတ်ထဲမှာ မကောင်းချင် သော်လည်း အတူတူ ရှိနေရတာကိုတော့ ကျေနပ်သည်။ သူမနှင့် အတူဆိုလျှင် အချိန်နာရီ တွေကို ရပ်တန့် ပစ်ချင်သည်။ သူမ ကို သူ့ ဇနီးကလေး အနေနှင့် သူ့နံဘေးမှာ အမြဲရှိစေချင်မိသည်။ သူ စိတ်ကူးယဉ်လွန်းရာများ ကျနေသလား။ သူမ ဘက်ကတော့ ခုလို အတူ သွားတာလည်း သူပျော်အောင် လိုက်လျောတာပါတဲ့၊ သူ့ကို ချစ်လို့ မဟုတ်ပါတဲ့။ သူ မယုံကြည်ချင်ပါ။ အမြဲတမ်း ပြုံးနေတတ်သော ကောင်မလေး မျက်နှာမှာ သူ့ကို ချစ်တဲ့ အရိပ်အရောင် တစ်ခုတလေ ရှိနေလေမလားလို့ ရှာကြည့်မိသော်လည်း မရေမရာပါ။ ကိုယ့်ဘက်က သေချာတယ်၊ မင်းလည်း ကိုယ့်ကို ချစ်နေပါတယ် လို့ ပြောမိလျှင် သူမက ဟာသ တစ်ခုကို ကြားရသလို ရယ်မော တတ်သည်။

တစ်နေ့ထက် တစ်နေ့ သူမ အပေါ် စွဲလမ်းစိတ်က တိုးလာနေသည်ကို သူဘယ်လိုမှ မထိန်းချုပ်နိုင်ပါ။ သူမ အခန်းကို တစ်ရက်ခြား တစ်ခါလောက် သွားလည်မိသည်။ သေးသေးကွေးကွေး သူမ ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ ထည့်ထားချင်သည်။ နှင်းဆီရောင် နှုတ်ခမ်းလေးကို တစ်ခါလောက် နမ်းချင်သည်။ သို့သော် သူမက ဘယ်သောအခါမှ မလိုက်လျောခဲ့ပါ။ သူကလည်း ချစ်သော ကောင်မလေး မကြိုက်သည်ကို အတင်းအကျပ် မလုပ်ရက်ပါ။ သူမကို ချစ်ခြင်းက အလှကြည့်နေရုံနှင့်လည်း ကျေနပ်နိုင်ပါသည်။ ချစ်သော ကောင်မလေး နှင့် အတူတူ ရှိနေရလျှင်ပင် သူ ကျေနပ်ပါသည်။ သူက သူမ မျက်နှာလေးကို ကြည့်ပြီး စကားပြောလိုသော်လည်း သူမကတော့ သူ့မျက်နှာကို မကြည့်လိုပဲ အခန်းထဲက တီဗွီကို သာ မျက်စိမခွာတန်း ကြည့်နေတတ်သည်။ တစ်ခါတလေ သူက စိတ်ပေါက်ပေါက်နှင့် တီဗွီကို ပိတ်ပစ်လိုက်တော့လည်း သူမ အကြည့်က သူ့အပေါ် ပြောင်းမလာပဲ ဘာမှ မရှိသည့် အခန်း ထောင့်စွန်းကိုသာ ကြည့်ချင် ကြည့်နေတတ်သည်။ သူ့ရုပ်က ဒီလောက်ပဲ ဆိုးလို့ မျက်လုံးချင်းတောင် ဆုံပြီး မကြည့်ချင်တာလား၊ သူမ မျက်လုံးထဲက အမှန်တရားကို သူသိသွားမှာ စိုးသလား မသိနိုင်ပေ။ သူ့ဘဝမှာ ကြုံဖူးခဲ့သမျှထဲက ချစ်စရာ အကောင်းဆုံး မိန်းကလေး။ သူက ဒီလို ပြောမိလျှင်တော့ သူမက သူမကိုယ် သူမ မလှပါဘူး ဟု ပြန်လည် ချေပလေ့ရှိသည်။ “ကျွန်မတို့ နိုင်ငံမှာဆို ကျွန်မက ရုပ်အဆိုးဆုံးပဲ၊ ကျွန်မ ထက် ပိုလှတဲ့ မိန်းကလေးတွေ အများကြီးပဲ သိလား” အဲဒီလိုလည်း စိတ်လို လက်ရ ပြောတတ်သေးသည်။

သူမ နှင့် တစ်နေ့လောက် မျက်လုံးခြင်း မဆုံလိုက်ရလျှင်ပင် သူ့တစ်နေ့တာက မပြည့်စုံသလို ခံစားရသည်။ အချိန်တိုင်းမှာ သူမ နှင့် အတူ ရှိနေချင်သည်။ ရထားနှင့် ခရီးသွားရင်ပဲ ဖြစ်ဖြစ်၊ ကားနှင့် ခရီးသွားလျှင်ပဲ ဖြစ်ဖြစ် သူမနှင့် အနီးဆုံးမှာ ရှိချင်သည်။ သို့သော် သူ့စိတ်အတိုင်းတော့ ဖြစ်မလာခဲ့ပါ။ သူမ မကြိုက်မှာစိုး၍ သူတို့နှစ်ယောက် အကြောင်း ကို လူတွေ သိလောက်အောင် သူ မကြိုးစားခဲ့ပါ။ အဖွဲ့လိုက် တစ်နေရာ၊ တစ်နေရာ သွားကြလျှင်လည်း သူ စိတ်အလို အတိုင်း ဆို သူမ နှင့် အတူတူ တွဲ သွားလိုသည်။ Jaipur ပဲဖြစ်ဖြစ်၊ Amritsar ပဲဖြစ်ဖြစ် အဲဒီမြို့တွေမှာရှိတဲ့ အိန္ဒိယ temple တွေက သူ့ကိုစိတ်ဝင်စားအောင် မစွဲဆောင်နိုင်ပါ။ သူမနှင့် အတူတူ သွားလာရသည်ကပင် သူ့အတွက် ပျော်စရာ ခရီးများ ဖြစ်စေပါသည်။ သို့သော် များသောအားဖြင့် သူမကတော့ သူမ၏ မိန်းကလေး သူငယ်ချင်းနှစ်ယောက် သုံးယောက်နှင့်သာ အတူသွားပြီး သူ့ကို ငဲ့စောင်း၍မှ မကြည့်ပါ။ တစ်ခါတရံတော့ သူ့ကိုယ်သူလည်း စိတ်တိုသည်။ သူမကိုလည်း စိတ်ကောက်ချင်သည်။ သို့သော် သူမဆီက message တစ်ကြောင်း စပို့လိုက်လျှင် သူ ဘယ်လိုမှ မနေနိုင်ပါ။

သူမက သူ့ကို မချစ်ဘူး ဟု အမြဲတမ်း ပြောနေသော်လည်း သူအလည်လာလျှင် လက်ခံပြီး သူပြောသော စကားတွေကိုလည်း ပြုံးပြုံးလေး နားထောင်တတ်သည်။ ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဒီနေရာမှာ နေရသရွေ့ အချိန်လေးမှာ သူမနှင့် ခုလို အတူတူ အချိန်ကုန်ခွင့် ရနိုင်သလောက် ရတာကိုပင် သူက ကျေနပ်မိသူ ဖြစ်ပါသည်။ သူမ ရဲ့ ယောက်ျားလေးများနှင့် ပတ်သက်သော ဖိုးဘီးယားကို သူ နားလည်နိုင်ပါသည်။ သူမက တကယ့်ကို သန့်သန့်စင်စင် ဘယ်ယောက်ျားနှင့်မှ မပတ်သက်ဖူးသူ ဆိုတာ သိသာလှပါသည်။ သို့အတွက်လည်း သူက သူမကို သူကြုံတွေ့ဖူးခဲ့သည့် တခြား မိန်းကလေးများနှင့် မတူအောင် တန်ဖိုးထား မြတ်နိုးမိတာပင်။ သူတို့ နိုင်ငံက မိန်းကလေးတွေ ဆိုလျှင် သူမအရွယ်မှာ အားလုံး Boyfriend တော့ ရှိသူတွေချည်း။ သူမ သူငယ်ချင်း သူ နှင့် နိုင်ငံတူ မိန်းကလေးမှာလည်း သမီးလေး တစ်ယောက်ပင် ရှိသည်။ အဲဒီအကြောင်းပြောမိတော့ သူမက သူ့မှာကော ဘာဖြစ်လို့ ကလေး မရှိတာလည်း လို့ မေးလာသည်။ သူ့မှာတော့ ကလေးရှိဖို့ နေနေသာသာ စွဲစွဲမြဲမြဲ တွဲသော မိန်းကလေးပင် မရှိတာ သူမ နားလည်အောင် ရှင်းပြဖို့ ခက်သည်။ သူ့အဖေ တုန်းကတော့ သူ့အရွယ်မှာ မိန်းမ သုံးယောက်လောက် ရှိခဲ့ပြီ။ ပြီးတော့ သူ့အဖေမှာ ကလေးတွေကလည်း အများကြီး။ သူ့အမေဆိုတာကလည်း သူ့အဖေနှင့် လက်ပင်မထပ်ခဲ့ရ။ သူ နှင့် သူ့ ညီမလေးကို ရအပြီးမှာ အဖေ နှင့် အမေ ကွဲသွားကြသည်။ သူ့ ငယ်ဘဝ တစ်လျှောက်မှာ အဖေ့ အရိပ် ဆိုတာ မရှိခဲ့ပါ။ ထို ခံစားချက်ကြောင့်ပင် သူ့အလှည့်မှာ သူ့အဖေလို မဖြစ်စေရဟု သူ တစ်ယောက်တည်း စိတ်ပိုင်းဖြတ်ထားခဲ့သည်။ လက်မထပ်ရသေးပဲနှင့် ကလေးလုံးဝ မယူ ဟု ဆုံးဖြတ်ထားခဲ့သည်။ သူမကို ပြောပြတော့ မှန်တာပေါ့ ဟု သူ့ကို ထောက်ခံသည်။ မိခင် တစ်ယောက် မဖြစ်ချင်ဘူးလား ဟု သူမကို စကားတောက်တော့ ထုံးစံအတိုင်း ခေါင်းခါသည်။

အချိန်တွေ ကြာလာတော့ သူမ စိတ်ကို သူနားလည်သလို ရှိလာသည်။ အပြင်ပန်းက နူးညံသော မိန်းကလေး၊ သူ့အချစ်ကို လက်ခံလိုသော မိန်းကလေး ကို  အတွင်းက စိတ်ဓါတ် မာကြောသော၊ တစ်ယောက်တည်း နေလိုသော၊ နိုင်ငံ့ ဂုဏ်သိက္ခာကို ထိန်းလိုသော မိန်းကလေးက တားဆီးနေခြင်း ဖြစ်သည်။ သူမရဲ့ အတွင်းပိုင်းက မကောင်းမြင်တတ်တဲ့ တစ်စိတ်တစ်ပိုင်းကို ဖယ်ပစ်လိုက်ဖို့ သူမကို ပြောတော့ သူမက ထုံးစံအတိုင်း ရယ်မောနေသည်။ အဲလို ရယ်တတ်သော သူမ ပုံရိပ်ကလေးက သူ့နှလုံးသားအတွင်းပိုင်းထိ စွဲစွဲထင်ထင် ရှိစေသည်။ သူမက အချစ်ကို ကြောက်တတ်သော Phobia ရောဂါ ဖြစ်နေတာပါရယ်လို့ နောက်ထပ် အကြောင်းပြချက် တစ်ခု ကိုလည်း ပေးတတ်သေးသည်။ သို့ပေမယ့် မမြင်ရတဲ့ အရာတွေ၊ ကြိုမသိနိုင်တဲ့ အရာတွေ၊ မှောင်မှောင်မည်းမည်းထဲ တစ်ယောက်တည်း တိုးဝင်ရတာမျိုးကိုရော ကြောက်တတ်လား ဆိုတော့ မကြောက်တတ်ပါတဲ့။ ဒါဖြင့်ရင် ဘယ်သူမှ မသိနိုင်တဲ့ အနာဂါတ်ကို တွေးပြီး မကြောက်ပါနဲ့လား... သူနဲ့ အတူတူ စွန့်စားကြည့်ပါလား... ဆိုတော့ မဖြစ်နိုင်ပါတဲ့။

တစ်ညခင်းမှာတော့ ကျောင်းက အပြန် ညစာပါ အလွတ်ခံပြီး ပန်းခြံထဲမှာ နှစ်ယောက်သား ဆွေးနွေးဖြစ်ကြသည်။ သူမကတော့ သူ့ကို အားနားလို့ လိုက်လာခြင်းပဲပေါ့။ သူမပေးတဲ့ အကြောင်းပြချက်တွေကို လက်မခံနိုင်တဲ့ သူ့အတွက် သူမဆီက ပြတ်ပြတ်သားသား အဖြေတစ်ခုကို လိုချင်မိသည်။ သင်တန်း ပြီးမယ့် ရက်ကလည်း တဖြည်းဖြည်း နီးလာပြီ မဟုတ်လား။ ဆောင်းဝင်ပြီမို့ စောစောစီးစီး အမှောင်ဝင်လာသော ပန်းခြံထဲမှာ အအေးဓါတ်ကလည်း တဖြည်းဖြည်းတိုးလာသည်။ သူမကတော့ ထုံးစံအတိုင်း သူ့မျက်နှာကို မကြည့်ပဲ ပန်းခြံ အမှောင်ထုထဲကိုသာ ငေးကြည့်နေရင်း သူပြောတာကို နားထောင်သည်။ သူကလည်း I love you ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်တော့ သူမဘက်ကလည်း I don’t love you ဓါတ်ပြားဟောင်းကြီးနဲ့ပဲ တုံ့ပြန်သည်။ Why လို့ မေးတော့ I don’t know က စလာသည်။ အဲဒီနောက်တော့ သူမပေးတဲ့ ဆင်ခြေ တွေကို သူကလည်း တစ်ခုချင်း ပြန်ငြင်း။ သူမကလည်း မထပ်ရအောင် တစ်ခုပြီး တစ်ခု ပြော။ နောက်ဆုံးတော့ သူမ လက်သုံးစကား I don’t love you, I don’t know, No တွေ ကြားထဲပဲ ပြန်လည်ပြီး အဖြေတစ်ခုကတော့ ထွက်မလာပါ။ သူ့ကို စကားပြောကောင်းလို့ သူမက ခုလို အနီးဆုံး သူငယ်ချင်း အနေနဲ့ လက်ခံလိုက်မိတာပါ၊ ချစ်လို့မဟုတ်ပါဘူး ဆိုတော့ သူ့ရင်ထဲ စူးစူးနင့်နင့် နာသည်။ သူက စကားပြောကောင်းတာမဟုတ်ပါ၊ သူ့စကားတွေက နှလုံးသားထဲက လာတဲ့ စကားတွေပါ ဆိုတော့ သူမက မယုံချင့် ယုံချင်နှင့်...။

လူမျိုးခြား၊ ဘာသာခြား ဆို သူမ မိဘက သဘောတူမှာ မဟုတ်ဖူး ဆိုသော ဆင်ခြေမျိုးလည်း ပါသေးသည်။ ဒါတွေ နောက်မှ ထားလိုက်ပါ၊ စိတ်ထဲရှိတာပြောကြေး ဆိုတော့ သူမ စိတ်ထဲ သူနှင့် ပတ်သက်ပြီး ဘာမှမရှိ ဆိုတော့ သူ့ကိုယ်သူ သတ်သေချင်လောက်အောင် ဖြစ်သွားရသည်။ တကယ်လို့ မင်းချစ်တဲ့ လူနဲ့ မင်းမိဘက သဘောမတူရင် ဘယ်လိုလုပ်မလဲ ဆိုတော့ ထွက်ပြေးသင့် ပြေးမှာပေါ့ တဲ့။ စကားက ပြောပါများတော့ အမှားပါလာသည်။ သူမ၏ တစ်ခုသော အခြမ်းက အချစ်ကို စွန့်စားလိုသည်။ တစ်ခုသော အခြမ်းကတော့ စည်းမျဉ်း စည်းကမ်းတွေကို ထိန်းသိမ်းလိုသည်။ သူကတော့ အဲလိုပဲ ထင်သည်။ မိဘတွေ သဘောမတူရင် ဘယ်သူ့နိုင်ငံမှာမှ လိုက်မနေပဲနဲ့ တစ်ခြားတစ်နိုင်ငံမှာ နှစ်ယောက်သား ဘဝကို စကြရင် ဘယ်လိုလဲ ဆိုတော့လည်း သူမက သဘောမတူပါ။ သူမပြောသည့် သူတို့ နှစ်ယောက်ကြားက အတားအဆီး ဆိုတာတွေကို သူက တစ်ခုချင်း ဖြေရှင်းချက် ထုတ်ပေးလိုက်သည်။ အဲဒီတော့ သူမက ပြောလာပြန်သည်။ တကယ်လို့ သူ့ကို သာ ချစ်လျှင်တော့ အတားအဆီးတွေ ဘာပဲ ဖြစ်ဖြစ် ကျော်ဖြတ်နိုင်မှာပါ၊ ဒါပေမယ့် အခုက သူ့ကို ချစ်မှ မချစ်ပဲ တဲ့။ သူ ရင်နာမယ့် စကားမျိုးကိုမှ တမင် ရွေးပြောသလား ထင်ရသည်။ သူ့စိတ်ထဲမှာ ထင်ယောင် ထင်မှား သူ့စိတ်ကိုသူ လှည့်စားနေတာက မှန်ပုံမရပါ။ သူမက သူ့ကို တကယ်ပဲ မချစ်နိုင်ဘူး ထင်သည်။

သူမ အချစ်ကို ရဖို့ ကြိုးပမ်းနေတာကို စွန့်လွှတ်လိုက်ပါတော့ လို့ သူမက ပြောသည်။ သို့ပေမယ့် သူက ဘာကြောင့် စွန့်လွှတ်ရမလဲ။ သူမက တစ်ခြားတစ်ယောက်ကို ချစ်နေတာလည်း မဟုတ်။ တစ်ခြားတစ်ယောက်ကို လက်ထပ်တော့မှာလည်း မဟုတ်ပဲနဲ့ သူက ဘာကြောင့် လွယ်လွယ်ကူကူ စွန့်လွှတ်လိုက်ရမလဲ။ သူမက သူ့ကို မချစ်နိုင်ရင်တောင် သူ့အချစ်ကို လက်ခံပြီး အနားမှာ အတူရှိနေပေးလျှင် သူ့အတွက် ပြည့်စုံပြီ။ သူမကတော့ ဒီသင်တန်းပြီးလို့ ပြန်သွားရင် သူမကို မေ့သွားမှာပါလို့ သူ့ကို ပြောရက်သည်။ မင်းရဲ့ girlfriend နဲ့ ပျော်နေမှာပါ တဲ့။ သူ့စိတ်ထဲမှာ သူမကလွဲလို့ ဘယ်သူမှ မရှိတာ ယုံစေချင်သည်။

သူတို့ နှစ်ယောက်ရဲ့ အခြေအနေက တိုးတက်မလာပဲ ရပ်တန့် နေသော်လည်း အချိန်စက်ဝန်းကတော့ ရပ်တန့် မနေပါ။ ပြန်ရမည့် နေ့ရက်က တဖြည်းဖြည်း နီးကပ်လို့ လာနေသည်။ သူမ ဘက်ကတော့ Negative တွေ တုံ့ပြန်နေတုန်းပင်။ သူ ဘယ်လောက်ပဲ အပြောကောင်းပါစေ... သူမ စိတ်ကို ပြောင်းလဲအောင် လုပ်ဖို့တော့ မတတ်နိုင်ခဲ့ပါ။ မကောင်းမြင်ဝါဒတွေချည်းပဲ မတွေးပါနဲ့ baby လို့ ပြောမိတော့။ မကောင်းမြင်တာ မဟုတ်ပါဘူး၊ အမှန်တရားကိုပဲ ပြောတာပါတဲ့။ သူမ ပြောတဲ့ မချစ်နိုင်ဘူး၊ မသိဘူး၊ မဟုတ်ဘူး ဆိုတာမျိုးတွေ သူထပ်မံ မကြားလိုတော့ပါ။ သို့သော် သူ ကြားလိုသော စကားကိုလည်း သူမက မပြောနိုင်ခဲ့ပါ။ အဲလိုနဲ့ပဲ ဇာတ်မျောတစ်ခုမှာ သူတို့ ကပြနေခဲ့ရသည်။ သူ့ အချစ်စွမ်းအားကြောင့် သူမလည်း သူ့အပေါ် ပြန်ချစ်နေလိမ့်မည်ဟု စွဲစွဲမြဲမြဲ ယုံကြည်နေမိသော သူ့စိတ်ကို သူလည်း မသေချာတော့သလိုပင်။ သူမ သူ့ကို မချစ်တာ အမှန်တရား တစ်ခု ဖြစ်နေမည်ကို သူ ရင်မဆိုင်နိုင်ပါ။ ဒီသင်တန်း ပြီးလို့ ပြန်သွားပြီးရင် သူမကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး လို့ စဉ်းစားမိရင် သူ့ရင်တွေ နာလာသည်။ ထို အခြေအနေဆိုးကြီးကို မုန်းတီးမိသည်။ ဒီလိုနဲ့ ပြီးဆုံးသွားရလျှင် သူ့ဘဝက တစ်သက်လုံး အဓိပ္ပါယ်မဲ့ သွားရလိမ့်မည်။ သူမကို မျှော်လင့်ခွင့် မရှိသော သူ့ဘဝက ဘယ်လိုပုံမျိုးနှင့် အသက်ဆက်ရှင်သန်ရမလဲ။

နှစ်ဘက်နိုင်ငံ မိဘ အသိုင်းအဝိုင်းတွေကို မေ့ပြီး ဘယ်သူမှ မသိသော တစ်နေရာမှာ သူတို့ နှစ်ယောက်တည်း တစ်သက်လုံး အတူနေသွားချင်သည်။ သို့သော် သူမ ဘက်က အဲဒီလို စွန့်လွှတ်ဖို့ ဘယ်တော့မှ ဖြစ်နိုင်မည် မဟုတ်သည်ကိုလည်း သူသိနေပါသည်။ အမြဲတမ်း သူငယ်ချင်း ပဲရယ်လို့ သူမ ဘက်က ပြောလာတာကိုလည်း သူ့ဘက်က လုံးဝ လက်မခံနိုင်ပါ။ သူက အဲဒီလို တစ်ဝက်လောက်ကို မလိုချင်ပါ။ သူ ချစ်သလောက် အပြည့်အဝကိုပဲ သူ ပြန်လိုချင်တာပါ။ သူ့အိပ်မက်ကို သူမက မှားတဲ့ အိပ်မက်ရယ်လို့ ပြောခဲ့ဖူးသည်။ သူမ ဘဝ အတွက် သူနှင့် တွေ့ဆုံရခြင်းက မှားတဲ့အိပ်မက် တစ်ခု ဖြစ်ချင် ဖြစ်နေလိမ့်မည်။ သူ့အတွက်တော့ မမှားပါ။ သူမ ကို ချစ်သော အချစ်လောက် မှန်ကန်သော အမှန်တရား သူ့ဘဝမှာ တစ်ခါမှ မရှိစဖူး။

သူမက သူ့ထက် နှစ်ရက် စော၍ သူမ နိုင်ငံသို့ ပြန်သွားသည်။ ယောက်ျားတစ်ယောက် မာန နှင့် ဘာမှ မဖြစ်သလို ဟန်ဆောင် နေဖြစ်သော်လည်း သူ့ရင်ထဲမှာတော့ မခံစားနိုင်လောက်အောင် ငိုကြွေးနေမိပါသည်။ ဘယ်နှရက်လောက် လွမ်းမှာလဲ လို့ သူမက လမ်းကနေ message လှမ်းပို့တော့ သူ မခံမရပ်နိုင်အောင် ဖြစ်မိရင်း message ပြန်မပို့နိုင်ပဲ ချက်ချင်း ဖုန်းခေါ်မိသည်။ သူမက နောက်တာပါတဲ့။ ဘာပဲဖြစ်ဖြစ် သူမက I miss you too လို့ ပြန်ပြောရင်ပဲ စိတ်ရင်း ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့ဘက်က အကျေနပ်ကြီး ကျေနပ်သည်။ အခု အခိုက်အတန့် ဝေးရသော်လည်း သူ့ဘက်က လက်လျော့လိမ့်မည် မဟုတ်သေးပါ။ အခြေအနေပေးသော တစ်နေ့မှာ ပြန်တွေ့ကြဖို့ ကြိုးစားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူမကလည်း တစ်နေ့နေ့ ပြန်တွေ့မယ် လို့ message ပြန်ပို့ထားဖူးသည်။ သုံးလတည်းနှင့် ပြီးဆုံးသွားမည့် အချစ် မဟုတ်သည်ကို တပြည်သူ မိန်းကလေး ယုံကြည်အောင် သူ့ဘက်က ကြိုးစားရလိမ့်ဦးမည်။ ဝေးနေချိန်တွေမှာလည်း သူ့အတွေးထဲ သူမ အမြဲရှိနေမည် ဆိုတာ သူမ ယုံအောင် ပြောဖို့ခက်လှသည်။ သူမ အတွေးထဲလည်း သူပဲ အမြဲ ရှိနေချင်သည် ဆိုလျှင် သူ စိတ်ကူးယဉ်ရာများ ကျနေမလား..။ တပြည်သူ အတွက် ရင်နာရသည့် ခံစားချက်ကို ထွေးပိုက်ရင်း သူ့အိမ်ပြန်ခရီးကို စတင်ရပါတော့မည်။ သူမကို သူ မစွန့်လွှတ်သေးတာကိုလည်း သူမ သိအောင် ပြောပြရပါဦးမည်။
 
သိင်္ဂါကျော်

04 November, 2010

Two Days in Amritsar


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က Chandigarh နဲ့ ၂၁၇ ကီလိုမီတာ ဝေးတဲ့ Amritsar ကို ကျောင်းက စီစဉ်ပေးတဲ့ ကားနှစ်စီးနဲ့ သွားခဲ့ပါတယ်။ Amritsar အကြောင်း သိချင်ရင်တော့ wiki မှာပဲ ဖတ်ပါတော့နော်..။ စာရေးရမှာ ပျင်းနေလို့ပါ။ အောက်က ပုံကတော့ Macdonald မှာ ရပ်တုန်း ရှေ့မှာ တွေ့တဲ့ အဆောက်အအုံကို ရိုက်ခဲ့တာပါ။

Amritsar ကို ရောက်တော့ ပထမဆုံး Memorial Park တစ်ခုကို ဝင်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အမှတ်တရ အနေနဲ့ တည်ထားတဲ့ နေရာလို့ ပြောပါတယ်။


အဲဒီနောက်တော့ Amritsar ရဲ့ ထင်ရှားတဲ့ Golden Temple ကို သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့လည်း ဖြစ်နေတော့ လူတွေကတော့ တော်တော်ကို စည်ကားနေပါတယ်။


အတွင်းထဲကို ဝင်ဖို့ တန်းစီနေတဲ့ လူတွေ အရမ်းများနေလို့ ကိုယ်တို့လည်း မဝင်တော့ပဲ အပြင်ဘက်မှာပဲ ဓါတ်ပုံ ပတ်ရိုက်ပြီး ပြန်ထွက်ခဲ့ပါတယ်။


ဒါက လမ်းမှာ ကားပေါ်ကနေ လှမ်းရိုက်ထားတဲ့ ပုံပါ။

အဲဒီနောက်တော့ ပါကစ္စတန် နယ်စပ်မှာ နေ့စဉ် လုပ်နေကျ အလံ အတင် အချ အခမ်းအနားကို သွားခဲ့ပါတယ်။ အဲဒီကို လာတဲ့ လူတွေ အရမ်းများလို့ ရှားရှားပါးပါး ပွဲတော်များလား မှတ်တယ်။ နေ့တိုင်း လုပ်နေကျ ဆိုပဲ။ မနက်တိုင်း အလံတင်ပြီး ညနေ နေဝင်ကာနီးတိုင်း အလံချတဲ့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် လုပ်ကြပါတယ် တဲ့။ ပရိတ်သတ်ထဲက အမျိုးသမီးတွေ နှစ်ယောက်တွဲ နှစ်ယောက်တွဲ အလံတိုင်ကို ကိုင်ပြီး အပြေးပြိုင်ကြပါတယ်။ အဲဒီနောက် မြူးကြွတဲ့ Punjub Music နဲ့ ကချင်တဲ့ လူတွေ အားလုံး အပြင်ထွက်ပြီး ကကြ ပါတယ်။ နောက်တော့ ထူးခြားတဲ့ ရဲဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီး နဲ့ အမျိုးသားတွေက သရုပ်ပြကြပါတယ်။ နောက်ဆုံးမှာ အိန္ဒိယ အလံနဲ့ ပါကစ္စတန် အလံကို အလံတိုင်ကနေ ချပြီး အခမ်းအနား ပြီးဆုံးသွားပါတယ်။






အဲဒီညက Volga Hotel မှာ တည်းပါတယ်။


နောက်တစ်နေ့ မနက်ကျတော့ Amritsar ကနေ ၁ နာရီခွဲလောက် သွားရတဲ့ Science City ကို သွားကြပါတယ်။






အဲဒီမှာ Dinosour Park လည်း ရှိပါတယ်။ တကယ့်ကို အသက်ဝင်တဲ့ အရုပ်တွေပါပဲ။












ဘလော့ကို ပစ်ထားတာလည်း ကြာသွားပါပြီ။ ပြန်ကာနီးပြီ ဆိုတော့ ညညဆို သူငယ်ချင်းတွေကလည်း လာလာ စကားပြောကြတာနဲ့ တကယ်ကို စာလည်း မရေးဖြစ်ပါဘူး။ Final Project အတွက်လည်း နည်းနည်း ပါးပါး လုပ်နေရသေးတာမို့ပါ။ နောက် တစ်ပတ်၊ နှစ်ပတ် လောက်တော့ စာရေးဖြစ်ဦးမှာ မဟုတ်ပါဘူး။ လာလည်တဲ့ သူတွေကို ကျေးဇူးပါနော်...။

သိင်္ဂါကျော်