10 August, 2011

မြစိမ်းရောင် ကမ်းရိုးတန်းသစ်ပင်




အမြဲတမ်းတော့လည်း
မုန်တိုင်းထန် မနေခဲ့ပါဘူး
အဲဒီ ကမ်းရိုးတန်းမှာ ...။

ငှက်တွေ တစ်အုပ်ပြီးတစ်အုပ်
မွေးရပ်မြေ စွန့်ခွာတာကို ငေးကြည့်ရင်း
အဲဒီမှာပဲ အမြစ်တွယ်နေခဲ့သူ။

နှစ်တွေ ကြာလာတော့
သက်တမ်းရင့်ပြီး အပင်မြင့်လာခဲ့တယ်
အဲဒီ ကမ်းရိုးတန်းမှာပဲ
နေဒဏ် လေဒဏ် ခံရင်း
တစ်ခါတရံလည်း
မုန်တိုင်းကို အံတုရင်းပေါ့။
အပင်မြင့်လာလေလေ
လေတိုက်ခံရလေလေနဲ့
မုန်တိုင်းတွေ ကြားထဲ
အကိုင်းအခက်တွေ ကျိုးတဲ့အခါကျိုး
အသီးအပွင့်တွေ ကြွေတဲ့ အခါ ကြွေနဲ့
နေသာလာတော့လည်း
ရွက်နုဖားဖား ပြန်ဝေလို့...။

အဲဒီ ကမ်းရိုးတန်းမှာပဲ
အမြင်မတော်တာတွေလည်း
မြင်ရဖူးတယ်။
အကြားမတော်တာတွေလည်း
ကြားရဖူးတတယ်။
အနိဌာရုံတွေလည်း
ခံစားရဖူးတယ်။
သံယောဇဉ်တွေလည်း များခဲ့ဖူးတယ်။
မုဒိတာတွေလည်း ပွားခဲ့ဖူးတယ်။
ဒီလိုနဲ့ပဲ
ဦးနှောက်လည်း အကြောတင်းလာတယ်။
နှလုံးသားလည်း အရောင်ရင့်လာတယ်။
ခံစားချက်တွေလည်း အေးစက်လာတယ်။

ဒီလိုနဲ့ပဲ
အတောင်မပါတဲ့ သစ်တစ်ပင်ဟာ
စိမ်းလန်းနေဆဲ
ခိုကိုးရာမဲ့နေဆဲ
အထီးကျန်နေဆဲ
ဘုရားပေးသနားမယ့်
အတောင်ပံတစ်စုံ အတွက်
အိပ်မက် မက်နေဆဲ...။

သိင်္ဂါကျော်

08 August, 2011

ကြားရ မြင်ရ သံဝေဂ ရစရာတွေ ...


ခုတလော အနီးအနားမှာ အက်ဆီးဒင့် ဖြစ်တဲ့ အကြောင်းတွေ ခဏ ခဏ မြင်နေ ကြားနေရတယ်။ စိတ်မချမ်းသာ စရာတွေပါပဲ။ လွန်ခဲ့တဲ့ သုံးပတ်လောက်ကပဲ ကိုယ်တို့ ဌာနမှူးရဲ့ အစ်ကို အရင်း တစ်ယောက် ဆုံးသွားတယ်။ သူတို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမှာ ခေါင်မိုး တက်ပြင်ပေးရာကနေ ပြုတ်ကျပြီး ဆုံးသွားတာပါ။ အသက်က ၄၀ လောက်ပဲ ရှိသေးတယ်။ မူကြိုအရွယ် သားလေး တစ်ယောက် ကျန်ခဲ့ပါတယ်။ သူ့ အမေ ခမျာလည်း ကြောင်တောင်တောင် ဖြစ်သွားတဲ့ အထိ ခံစားနေရရှာတယ်။ မိသားစု စီးပွားရေးကို ဦးဆောင်လုပ်နေတဲ့သူ၊ ညီအစ်မတွေ ကြားထဲ တစ်ဦးတည်းသော အစ်ကို မို့လို့ အားလုံးလည်း စိတ်မကောင်း ဖြစ်ကြရပါတယ်။ ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေကလည်း စိတ်မကောင်းဖြစ်ကြလို့ ကိစ္စ ဝိစ္စတွေ အားလုံး လိုက်ပြီး လုပ်ဆောင်ပေးကြပါတယ်။ သုဿာန် တစ်ခုလုံးလည်း ဘုန်းကြီးတွေနဲ့တင် စည်ကားနေတယ်လို့ ပြောပါတယ်။ ရန်ကုန်အိမ်မှာ ဖြစ်တာ ဆိုတော့ ကိုယ်တို့လည်း မသွားဖြစ်ခဲ့ပါဘူး။ ဒီကပဲ ရန်ကုန် ရောက်နေတဲ့ ဆရာမတစ်ယောက် ကပဲ အားလုံး ကိုယ်စား လိုအပ်တာ အကူအညီ ပေးခဲ့ပါတယ်။ အဲဒီကိစ္စ ပြီးတော့ နောက်ရက်မှာပဲ အဲဒီ ဘုန်းကြီးကျောင်းမှာ နဂါးနှစ်ကောင် ဘုရားလာဖူးတယ် ဆိုပြီး သတင်းကြီး လိုက်ပါသေးတယ်။ (http://www.themyanmarpost.com/?p=8894) ကိုယ်တို့ကတောင် သေသွားတဲ့ အစ်ကိုကြီး နဲ့များ ပတ်သက် မလားရယ်လို့ တွေးလိုက်ကြပါသေးတယ်။


စနေနေ့ကတော့ ဈေးသွားရင်းနဲ့ လမ်းမှာ အက်ဆီးဒင့်ဖြစ်ထားတာတွေ တွေ့ခဲ့ရပြန်ပါရော။ အသွားတုန်းက ကားညိထားလို့ ဆိုပြီး ပြင်ဦးလွင် အဝင်ဝမှာ ကားတွေ တစ်တန်းကြီး ခဏ ပိတ်နေတာနဲ့ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ စောင့်နေရပါတယ်။ အရှေ့မှာ ဘာဖြစ်သွားတယ် ဆိုတာတော့ သေချာ မမြင်လိုက်ရပါဘူး။ ကားထွက်လာတော့မှ အန်ဗျူးလင့်န် ကားတစ်စီး ထွက်သွားတာတော့ တွေ့လိုက်ရပါတယ်။ နောက်တစ်ခါ အပြန်ကျပြန်တော့လည်း .ပြင်ဦးလွင် အသွားလမ်းဘက်က ခပ်လတ်လတ် ကုန်ကားကြီး တစ်စီးက လမ်းဘေး ချောက်ထဲကို ကျပြီး ကားခေါင်းတစ်ခုလုံး နီးပါး ပျက်စီးနေတာကို တွေ့ရပါတယ်။ စိတ်မချမ်းသာစရာ မြင်ကွင်းတွေပါ။ 


မနေ့က၊ တနင်္ဂနွေ တုန်းကတော့ ပိုပြီး နီးနီးနားနားမှာပဲ သေခြင်းတရားတွေကို မြင်လိုက်ရ ပြန်ပါရော။ ကိုယ်တို့ အဆောင်ဘေးလမ်းက ကုန်းတက်ကြီးပါ။ ကားတွေ တော်တော်များများက အဆင်းဆိုရင် ဖရီး ရိုက်ပြီး ဆင်းကြပါတယ်။ သင်္ကြန်မတိုင်ခင်တုန်းကလည်း ဆိုင်ကယ်နောက်က ထိုင်လိုက်တဲ့ မိန်းကလေး တစ်ယောက် ပြုတ်ကျပြီး ဆုံးသွားဖူးတာ ကိုယ် ရေးဖူးပါတယ်။ ဒီလမ်းကြီး ပေါ်မှာပါပဲ။ အခုကတော့ မြေသယ်ကားကြီးပါ။ ရတနာပုံမြို့သစ် ဝင်းထဲမှာ ဆောက်လုပ်ရေးတွေက လုပ်နေဆဲ ဆိုတော့ မြေသယ်ကားတွေ မကြာခဏ ဟိုဟိုသည်သည် သွားလာနေကြပါ။ ကားကြီးတွေ ပုံကိုက ကြောက်စရာမို့ ကိုယ်တို့ကတော့ လမ်းလျှောက်နေတုန်း လာနေတာ ကြုံရင်တောင် ဝေးဝေးကနေ ရှောင်ပေးထားပါတယ်။


အဲဒီနေ့ကတော့ ကိုယ်တို့ကားက လမ်းထိပ်ကနေ ပြန်လာပြီး အဆောင်ရှေ့လမ်းကို ချိုးကွေ့ ရပ်လိုက်ပါတယ်။ အဆောင်ရှေ့မှာ ရေသန့်ကားကြီးကလည်း ရောက်နေတာမို့ သူတို့ကား ထွက်လို့ ရမရ မေးရင်းနဲ့ လွတ်တဲ့ နေရာမှာ ရပ်လိုက်တာပါ။ ကိုယ်တို့ကား ရပ်ပြီးပြီးချင်းလောက်ပဲ အဲဒီ မြေသယ်ကားကြီးက နောက်က တရှိန်ထိုး ဆင်းလာပြီး ရှေ့ဘက် ချောက်ထဲကို ပြုတ်ကျသွားတာပါ။ တစ်ဘက်မှာက ကွေ့ရမယ့် လမ်းရှိပါတယ်။ အရှိန်များတာလား၊ ဘရိတ်ပဲ ပြုတ်သွားတာလား သေချာတော့ မသိပါဘူး။ ကွေ့ရမယ့် လမ်းကို မကွေ့နိုင်တော့ပဲ ချောက်ထဲ ပြုတ်ကျသွားပါတယ်။ ကိုယ်တို့ကတော့ အဲဒီ ကားသံကိုတောင် မကြားလိုက်ကြပါဘူး။ သူများကလေး တစ်နှစ်သားလောက်လေးကို ကားပေါ် ခေါ်လာခဲ့မိတော့ အိပ်သွားတဲ့ ကလေးကို အာရုံစိုက်နေတာနဲ့ နောက်ကကားကိုလည်း သတိမထားမိပါဘူး။ အဲဒီနား ရပ်နေတဲ့လူတွေ ပြောတော့မှ “ကား ချောက်ထဲ ကျသွားပြီ” ဆိုလို့ ကြည့်မိတော့ မြင်ကွင်းထဲ ဘာမှ မမြင်ရတော့ပါဘူး။ ဘာကားလဲ မေးကြည့်တော့မှ မြေသယ်ကား အကြီးကြီးမှန်း သိရပါတယ်။ ကားတစ်စီးလုံး အောက်ကျသွားတာ အစအနတောင် မမြင်ရတော့ပါဘူး။ တကယ်လို့များ ကိုယ်တို့ကားသာ တစ်မိနစ်လောက် နောက်ကျပြီးမှ ကွေ့ခဲ့ရင် အဲဒီကားကြီးရဲ့ ဝင်တိုက်တာကိုတောင် ခံရနိုင်ပါတယ်။ ကိုယ်တို့မှာ အဲဒီလို ကံ မပါလို့ပဲလို့ တွေးရင်း ကျောချမ်းစရာ ဖြစ်ရပါတယ်။


အဲဒီနားကို ကိုယ်တို့ လမ်းလျှောက်နေကြပေမယ့် အဲဒီလောက်နက်တဲ့ ချောက် ရှိနေမှန်းတောင် သတိမထားမိပါဘူး။ သွားကြည့်ဖို့ရာတော့ စိတ်ဆင်းရဲကောင်းလို့ မကြည့်ဖြစ်ပါဘူး။ ဓါတ်ပုံတော့ ရိုက်ချင်စိတ်ရှိပေမယ့် လူတွေ ဝိုင်းကြည့်နေကြတာဆိုတော့ မသွားချင်တာနဲ့ပဲ ကိုယ့်အခန်း ပြတင်းပေါက်ကပဲ လှမ်းကြည့်မိပါတယ်။ သွားကြည့်တဲ့သူတွေ မေးကြည့်တော့ နှစ်ဦးက ပွဲချင်းပြီး ဆုံးသွားတယ် လို့ သိရပါတယ်။ ကားပေါ်မှာ ပါလာတာက စုစုပေါင်း ခြောက်ယောက်ပါ။ နာရီဝက်လောက် ကြာတော့မှ တာဝန်ရှိသူတွေ ရောက်လာကြတယ် ထင်ပါတယ်။ နောက်ထပ် တစ်နာရီခွဲလောက် ကြာတော့မှ (MCC က ကားထင်ပါရဲ့) ဒိုင်နာ ကား တစ်စီးနဲ့ မသေသေးတဲ့ လူတွေကို တင်သွားတာ တွေ့ရပါတယ်။ နောက်ခုံတွေမှာ ထိုင်သွားတဲ့ အလုပ်သမားတွေလည်း ပါသွားပါရဲ့။ ထိခိုက်မိသူတွေကိုတော့ ကြက်တွေ ဝက်တွေ တင်သလို နောက်ခန်း ကြမ်းပြင်မှာ ပစ်တင်သွားတာပါ။ (တစ်ခါတုန်းက ကလေးမလေးကို ဆေးရုံပို့တော့ ဆရာမတွေက သွေးထွက်လွန်နေမှန်းသိရဲ့ အင်္ကျီ လုံချည်တွေ ရွှဲအောင် ပွေ့ပိုက်သွားကြတာပါ။ ဘာပဲဖြစ်ဖြစ် ခံစားနာကျင်ရတာ သက်သာပါစေတော့ ဆိုတဲ့ စေတနာနဲ့ပါ။)


ခဏနေတော့ သုံးတောင်နာရေးကူညီမှု အသင်းက ကားနှစ်စီး ရောက်လာပြီး ပွဲချင်းပြီး သေသူ နှစ်ယောက်ကို တင်သွားပါတယ်။ အဲဒီ နှစ်ယောက်က ကားပေါ်က ခုန်ချလိုက်တဲ့ နှစ်ယောက်လို့ သိရပါတယ်။ ခုန်ချတဲ့ နေရာမှာ အကျမတော်ပဲ မြေနီအမာနဲ့ ခေါင်းနဲ့ ကျပြီး ပွဲခြင်းပြီး ဖြစ်သွားပုံပါ။ သွေးတွေ ဘာတွေ သိပ်မထွက်ပဲ အတွင်းကြေ ဖြစ်သွားပုံ ရပါတယ်။ ဒရိုင်ဘာ အပါအဝင် လေးယောက်က ကားခေါင်းခန်းထဲမှာ အောက်အထိ ပါသွားခဲ့တာပါ။ ဒီနေ့ မနက် သိရတာကတော့ ဆေးရုံခေါ်သွားတဲ့ သုံးယောက် အနက် တစ်ယောက် ဆုံးသွားပြီလို့ သိရပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဒဏ်ရာပြင်းပြီး နောက်ထပ် တစ်ယောက်ကတော့ ခြေထောက်နည်းနည်း နာရုံကလွဲပြီး ဘာမှ မဖြစ်ခဲ့ဘူး လို့ သိရပါတယ်။ တော်တော် ကံကောင်းတဲ့ သူလို့ ပြောရမှာပါ။ ကားကြီးကိုတော့ ခုမနက် အထိ ဆွဲတင်တာ မတွေ့ရသေးပါဘူး။ 


အတိတ်ဘဝတုန်းက အကုသိုလ်ကံတွေကြောင့် ခုဘဝမှာ ဥပစ္ဆေဒကံနဲ့ သေဆုံးရတယ် ထင်ပါတယ်။ ဒီမြို့သစ်လမ်းမကြီးမှာ ဘာအခိုက်တွေ ရှိသလဲတော့ ကိုယ်လည်း မသိနိုင်ပါ။ ကလေးမလေး သေဆုံးပြီးတုန်းကတော့ ရက်လည်မှာ ဘုန်းကြီးဆွမ်းကပ်တာအပြင် အဆောင်တွေ ကျောင်းတွေ သာမက လမ်းမကြီးတစ်လျှောက်မှာပါ ပရိတ်ရွတ်ပြီး ကမ္မဝါဖတ်ခဲ့ပြီးဖြစ်ပါတယ်။ ခုတစ်ခါတော့ သူတို့ တာဝန်ရှိသူတွေက လုပ်ပေးမလား၊ အလုပ်သမားတွေမို့လို့ပဲ လျစ်လျှူရှုထားမလား မသိပါ။ ကိုယ်တို့လည်း တတ်နိုင်သလောက်တော့ ဒီဝင်းကြီးထဲက .မြင်အပ် မမြင်အပ်တွေ အားလုံးကို ညတိုင်း မေတ္တာပို့ အမျှဝေနေပါတယ်။ သက်တမ်းကုန်ဆုံးလို့ သေရတာ မဟုတ်ပဲ သေနေ့စေ့လို့ အသေဆိုးနဲ့ သေဆုံးရတာတွေကို မကြုံရ မဆုံရ ပါစေနဲ့ လို့ဆုတောင်းမိပါတယ်။ ရုတ်တရက် မမျှော်လင့်ပဲ ဝိညာဉ်နဲ့ ခန္ဓာ ခွာသွားရသူတွေမို့ ဘယ်လို ဘုံဘဝကို ရောက်မလဲ တော့မသိပါ။ စွဲလမ်းတွယ်ငြိစိတ်တွေနဲ့ လမ်းမကြီးပေါ်မှာ လျှောက်သွားနေရတဲ့ ဘဝကို မရောက်ပဲ ကောင်းသော ဘုံဘဝကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။


သိင်္ဂါကျော်


04 August, 2011

ကြိုက်တာ မကြိုက်တာ .. ရောက်တတ်ရာရာ ..


အဖြူရောင်နတ်သမီး ရဲ့ ကြိုက် မကြိုက် ပို့စ်ကို သွားဖတ်မိရာက သူက ကိုယ့်ကို သတိရသွားပြီး တဂ်ထားလိုက်တော့ ခက်သွားပါတယ်။ ကိုယ်က တကယ်တော့ အဲဒါမျိုး မရေးချင်ပါဘူး။ ကြိုက်တာ မကြိုက်တာကို အဲလောက် သတ်သတ်မှတ်မှတ်ကြီး မတွေးဖူးဘူးလေ။ ဘာပဲဖြစ်ဖြစ် တဂ်တဲ့လူက ခင်လို့ မင်လို့ တဂ်မှတော့ မရေးပဲ နေလို့ မကောင်းတာနဲ့ပဲ အနည်းအကျဉ်းလေးတော့ ရေးမှပဲလို့ စဉ်းစားပြီးတော့ ရောက်တတ်ရာရာလေး ရေးလိုက်ပါတယ်။

ကိုယ့်အကြောင်းကိုယ်တော့ သိပ်မပြောချင်ပါဘူး။ ပြောရလောက်အောင် ဘာမှလည်း ထူးထူးခြားခြား မရှိပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ကြည့်ရင်တော့ မကြိုက်တာတွေ များနေလိမ့်မယ် ထင်တယ်။ မျက်နှာက ယောက်ျားဆန်သလို အလှပြင်ဖို့လည်း စိတ်မဝင်စားတဲ့ သူမို့ ယောက်ျားလေးလို နေရတာကို သဘောကျတဲ့သူပါ။ ဆယ်တန်းလောက်အထိ ရှပ်အင်္ကျီလို စပို့ရှပ်လို ယောက်ျားလေးပုံစံတွေပဲ ဝတ်ပြီး နေလာခဲ့ရာက တက္ကသိုလ် တက်မှ နည်းနည်း ပြောင်းသွားတာပါ။ အင်္ကျီတွေဆိုလည်း ready made အင်္ကျီခပ်ပွပွတွေ ဝတ်ရတာ သဘောကျပါတယ်။ ခုနောက်ပိုင်းတော့ အင်္ကျီပွပွ ဝတ်ရင် ပိုပြီး ဝဝတုတ်တုတ် အဒေါ်ကြီး ပုံများ ပေါက်မလား ဆိုပြီး နည်းနည်းပါးပါး သပ်သပ်ရပ်ရပ် fit ဖြစ်တဲ့ အဝတ်အစားမျိုး ဝတ်ဖို့ ကြိုးစားနေပါတယ်။ အလုပ်မှာလည်း အလုပ်သဘာဝအရ မြန်မာအင်္ကျီတွေပဲ ဝတ်ရတာ ဆိုပေမယ့် သူများလို ကွက်တိ ကျပ်ထုပ်နေတဲ့ ပုံစံမျိုး မဝတ်တတ်ပါဘူး။ အသက်ရှူကျပ်တယ်လို့ ထင်လို့ပါ။ အဝတ်အစား အသုံးအဆောင် အရောင်ကိုတော့ ထင်းနေတဲ့ အရောင်ရင့်တွေထက် ခပ်ဖျော့ဖျော့တွေကို ပိုကြိုက်ပါတယ်။ မီးခိုးရောင်တို့၊ အပြာနုတို့၊ ပန်းရောင်အနုတို့ စသဖြင့်ပေါ့။ ဖိနပ်မြင့်မြင့် ထူထူတွေကိုတော့ သဘောကျတတ်တယ်။

တစ်ချို့တွေလို ယောက်ျားစိတ် ပေါက်နေတာမဟုတ်ပေမယ့် ယောက်ျားလေး ဖြစ်ခဲ့ရင် ကောင်းမှာပဲလို့တော့ အမြဲလိုလို တွေးမိပါတယ်။ ယောက်ျားလေး ဖြစ်ခဲ့ရင် မိန်းကလေးထက်ပိုပြီး လွတ်လပ်ခွင့် လုပ်ပိုင်ခွင့်တွေ များမယ်လို့ ထင်တယ်လေ။ ဥပမာ တစ်ယောက်တည်း ရုပ်ရှင်ရုံ သွားကြည့်တာမျိုး၊ တစ်ယောက်တည်း ညဘက် လျှောက်သွားတာမျိုး မှာ ယောက်ျားလေး ဆို သင့်တော်ပြီး မိန်းကလေးဆို မသင့်တော်ဘူးလေ။ အခု စင်ကာပူ ရောက်နေတဲ့ သူငယ်ချင်း (မိန်းကလေး) မသွားခင်က ကိုယ်တို့ နှစ်ယောက် အပတ်တိုင်း ရုပ်ရှင်ရုံ သွားကြည့်ဖြစ်ကြတယ်။ နိုင်ငံခြားကားတွေကို တစ်ခါတလေ အခွေ ကြည့်ပြီးတာတောင် ရုံမှာ ကြည့်ရတာ ပိုကောင်းတယ် ဆိုပြီး သွားသွားကြည့်တယ်။ နိုင်ငံခြား ကြည့်စရာ မရှိတော့ရင် ဗမာကား ကြည့်ပြန်ရော.. ကြည့်ပြီးရင် နှစ်ယောက်သား ဝေဖန်လို့ မဆုံးပြန်ဘူး။ ခု သူ အဖော်မရှိတော့ ကိုယ်လည်း ရုပ်ရှင်ရုံ မသွားဖြစ်တော့ဘူးလေ။ အခွေပဲ ဝယ်ကြည့်ဖြစ်တော့တယ်။ 

ကိုယ်က ရုပ်ရှင်ဆို နိုင်ငံခြားကား Action ကားတွေ ပိုကြိုက်တယ်။ ငယ်ငယ်တည်းက အိမ်က အဘိုးကစပြီး ဂျိန်းစဘွန်းကားတွေ ဘာတွေ ကြိုက်ခဲ့တာ ဆိုတော့ ခုထိ အဲဒါမျိုးပဲ ကြိုက်တယ်။ ငယ်ငယ်က တီဗွီကလာတဲ့ The Guns of Navarone ဆို ခုထိ မှတ်မိနေတယ်။ ခုနောက်ပိုင်း တီဗွီ ဇာတ်လမ်းတွဲ ဆိုလည်း 5 series ရတုန်းက  ကြည့်ဖြစ်တဲ့ CSI ဇာတ်လမ်းတွဲတွေ၊ 4400 တို့၊ Lost တို့ ကိုရီးယားရှေးဟောင်း အမှုဖော်တဲ့ ဇာတ်လမ်းတို့၊ အိန္ဒိယမှာ သင်တန်းတက်တုန်းက ကြည့်ဖြစ်တဲ့ Lies To me တို့လို ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်။ Action ကားတွေ ကြည့်စရာ မရှိတော့ရင် လူသတ်ကား၊ သရဲကားတွေ ကြည့်တယ်။ သွေးသံရဲရဲ အသားပေးတာထက် ကိုရီးယား သရဲကားတွေလို ကြောက်စရာ ကောင်းတာမျိုးကို ပိုကြိုက်တယ်။ တစ်ခါတလေတော့ အဖော်ကောင်းရင် Drama ကား ကောင်းကောင်းလေးတွေလည်း ကြည့်ဖြစ်တာပဲ။ ဗွီဒီယိုအခွေ ခေတ်ကတည်းက နိုင်ငံခြားကားတွေပဲ ငှားကြည့်ဖြစ်တာ... DVD ခေတ်ကျတော့လည်း အပတ်တိုင်း ဝယ်ဝယ် ကြည့်နေတာပါပဲ။ အဲဒါအပြင် မြဝတီ၊ MRTV၊ MRTV 4 တို့က လာတဲ့ ကိုရီးယား ကားတွေလည်း အလွတ်မပေးချင် ပြန်ဘူး။ မြဝတီက လာတဲ့ ဂျာမန်ရုပ်ရှင်လား မသိ၊ ဥရောပ စကားပြောနဲ့ ကားတွေလည်း အားပေးတာပဲ။ အချိန်ကုန် အကျိုးမရှိမှန်း သိပေမယ့်လည်း ကြည့်ဖြစ်နေတုန်းပဲ။ အဲဒါတွေ ကြည့်မယ့် အချိန် စာရေးဖြစ်ရင်ကောင်းမှာပဲလို့ စိတ်ထဲတွေးမိပေမယ့်လည်း တွေးတာလောက်နဲ့ပဲ ရပ်ထားလိုက်တာ။

လောလောဆယ် အဆောင်နားမှာ စာအုပ်အငှားဆိုင် မရှိလို့ ငှားမဖတ်ဖြစ်ပေမယ့် စာဖတ်ရတာလည်း သဘောကျပါတယ်။ အိမ်ပြန်ရင်တော့ ဂမ္ဘီရမဂ္ဂဇင်းတွေရော၊ ဘာရော အကုန် ငှားဖတ်ဖြစ်တယ်။ အဒေါ်က စာဖတ် ဝါသနာပါတော့ ငယ်ငယ်တည်းက သူဖတ်တာ လိုက်ဖတ်ရင်းနဲ့ စွဲသွားတာလေ။ အမေက မြန်မာစာဌာနက ဆိုပေမယ့် သူက စာဖတ်တာ ဒီလောက် ဝါသနာ ပါလှတာ မဟုတ်ဘူး။ ငယ်ငယ်ကဆို သူ့ တက္ကသိုလ် စာကြည့်တိုက်က ရှိသမျှ ဘာသာပြန် စုံထောက်ဝတ္တုတွေ ကိုယ် ဖတ်ဖူးတယ်။ မိုးအေးအေးလေးမှာ ဝတ္တုကောင်းကောင်းလေး တစ်အုပ် ဖတ်ပြီး နှပ်ရတာလောက် ကောင်းတဲ့ အရသာ မရှိဘူးလို့ ထင်တယ်။

ခုတလော ကြိုက်နေတာ တစ်ခုက ရှိနေသေးတယ်။ အဆောင်မှာက internet က မရတော့ဘူး ဆိုတော့ အရင်က Farmville ထဲမှာ စိုက်ခဲ့ဖူးတာကိုတော့ မေ့လိုက်ပါပြီ။ ဒါပေမယ့် Laptop လေး ဖွင့်ပြီးရင် အလုပ် လုပ်မလိုလို ဘာလိုလိုနဲ့ နောက်ဆုံးမှာ Game ထဲရောက်ရောက် သွားပြန်ပါရော။ ပေါ့ပေါ့ပါးပါး Zuma Revenge တို့ Zombie တို့ ဘာတို့ ပေါ့။ အဲဒါတွေ လုပ်လုပ်နေလို့ စာက မရေးဖြစ်တာ.. :D ။

အစားအသောက် အကြောင်း ပြောရရင် ကောင်းမလား ဆိုပြီး စဉ်းစားလိုက်တော့ အဲလောက်ကြီး ကြိုက်တာ မကြိုက်တာ မရှိလှဘူးလို့ ထင်တယ်။ ငယ်ငယ်က မကြိုက်တာတွေလည်းခု နောက်ပိုင်းတော့ စားလို့ ဖြစ်သွားတာတွေ ရှိတယ်။ မနက်စာ ဆိုရင်တော့ ကိုယ့် အရပ်ဒေသက အသုပ်တို့ မုန့်ဟင်းခါးတို့ ဘာတို့ကို ပိုကြိုက်တယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အိမ်ကိုယ် မနေရတာက များတော့ ရှိတဲ့ နေရာက အစားအသောက်တွေကိုပဲ စားဖြစ်တယ် ဆိုရင် စားလိုက်တာပါပဲ။ ရှမ်းစာတွေ ဘာတွေတော့ သိပ်မကြိုက်တတ်ဘူး။ မနက်စာ ဆိုရင် ကိုယ်သိပ်မကြိုက်တဲ့ လက်ရာနဲ့ အသုပ်တွေ မုန့်ဟင်းခါးတွေ စားတာထက် လက်ဖက်ရည်နဲ့ စားတဲ့ မုန့်မျိုးတွေ (နံပြားထောပတ်သုပ်၊ ပဲပလာတာ၊ အီကြာကွေး...) စားရရင် ပိုကြိုက်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် ကိုတော့ အအေးဘူးတွေ အအေးပုလင်း တွေထက် ပိုကြိုက်တယ် ပြောရမှာပဲ။ ပေါင်မုန့်လည်း ကြိုက်တယ်၊ ချိစ်လည်း ကြိုက်တယ်၊ ကွတ်ကီးတွေလည်း ကြိုက်တယ်။ ဝစေတဲ့ အစားအစာတွေ ပိုကြိုက်တတ်လို့ ခက်နေတယ်။

ဝတာကို မကြိုက်ပေမယ့် မဝအောင် အစားလျှော့စားရမှာကို ပိုပြီး မကြိုက်ဘူး... :D ။ ရုပ်ရှင်ကြည့်ရင်းလည်း ရှိတဲ့ သွားရေစာတွေ လျှောက်လျှောက်စားချင်နေတာပဲ။ သူငယ်ချင်းတွေက အပိန်အသေးလေးတွေ ဖြစ်နေတော့ ကိုယ်က အဝဆုံး ဖြစ်နေရတာပါ။ တကယ်တော့ အရပ် ၅ပေ ၂ခွဲ၊ ပေါင် ၁၂၀ ဆိုတာ ပုံမှန်လောက်ပဲ မဟုတ်လား :D ။ အဲဒီထက် ထပ်မဝအောင် ထိန်းဖို့တော့ ကြိုးစားနေပါတယ်...။ အမှန်တော့ ပေါင် ၁၁၀ အထိ ကျချင်တာ..၊ ဒါပေမယ့်.. မဖြစ်နိုင်သေးဘူး ဟီးးး

ကိုယ့်ကိုယ်ကို မကြိုက်တာ တစ်ခုက ပေါင်းသင်း ဆက်ဆံရေးပေါ့။ ဖွယ်ဖွယ်ရာရာ ပျူပျူငှာငှာ မပြောတတ်ဘူး။ တွေ့တွေ့ချင်း ငယ်ပေါင်း ကြီးဖော်လို ရင်းနှီး သွားတတ်တဲ့ သူမျိုး မဟုတ်ဘူး။ တစ်ခါတလေမှာ ဘယ်လို ပြောလိုက်သင့်တယ် ဆိုတာ သိပေမယ့်လည်း ပါးစပ်က ဖွင့်ပြောဖို့ကို ခက်နေတတ်တာပါ။ အထက်ကိုလည်း မဖားတတ်၊ အောက်ကိုလည်း အရမ်း မရောတတ်တဲ့ သူပါ။ ဒါပေမယ့် ကိုယ့်ကို မုန်းနေတဲ့လူလည်း တစ်ယောက်မှတော့ မရှိဘူးလို့ ထင်ပါတယ်။ လူတိုင်းနဲ့ အရမ်းကြီး မရင်းနှီးတောင်မှပဲ ပုံမှန် ခင်ခင်မင်မင်တော့ ရှိကြပါတယ်။ သိပ်မရင်းနှီးတဲ့ သူတွေက ကိုယ့်ကို အရမ်းအေးတာပဲ လို့ မှတ်ချက် ချတတ်တယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ အဲလောက် အေးတာ မဟုတ်ပါဘူးတဲ့။ တစ်ခွန်းမခံ ပြန်ပြောတတ်တာ သူတို့ မသိလို့တဲ့ ... ပြောကြတယ်။ တစ်ခွန်းဆို တစ်ခွန်း ထိအောင် ပြောတတ်တယ် တဲ့..။

သူငယ်ချင်းတွေနဲ့ အတူတူ လည်ပတ်၊ စားသောက်၊ ရုပ်ရှင် ကြည့်ရတာ ကြိုက်ပေမယ့် အမြဲတမ်း နေထိုင်မှု အတွက်တော့ လူအများကြီးနဲ့ အခန်းမှာ မနေချင်ဘူး။ ကိုယ့် Privacy နဲ့ကိုယ်၊ တစ်ယောက်ခန်းလေး ထဲမှာပဲ ကိုယ် လုပ်ချင်ရာ လုပ်နေချင်တယ်။ သီချင်းတွေ အမြဲတမ်း ဖွင့်ချင် ဖွင့်ထားမယ်။ အများနဲ့ နေတဲ့ အခန်းမှာဆို သူများ ဖွင့်တဲ့ သီချင်းတွေ နားထောင်နေရမှာမျိုးကို မကြိုက်ဘူး။ ကိုယ့်အခန်းထဲမှာ ကိုယ် ညနက်မှ မီးပိတ်ပြီး အိပ်ချင်တဲ့ အချိန်မှ အိပ်မယ်၊ သူများနဲ့ဆို အားနာနေရမယ်လေ။ အိမ် ဆိုရင်လည်း ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ နေရတာကို မကြိုက်ဘူး။ တိတ်ဆိတ်တဲ့ ရပ်ကွက်လိုမျိုးမှာပဲ နေချင်တယ်။

ကိုယ့်မှာ မိန်းမ မဆန်တဲ့ စရိုက်တွေ အများကြီး ရှိတယ်။ ဟင်းချက်ရတာလည်း မကြိုက်ဘူး။ တော်တော် ပျင်းစရာ ကောင်းတဲ့ အလုပ်လို့ ထင်တယ်။ ဒါပေမယ့်လည်း ဆယ်တန်းအောင်ပြီးကတည်းက တစ်ခြားမှာပဲ ကျောင်းတက်နေရတော့ ဘာပဲဖြစ်ဖြစ် ကိုယ်စားဖို့ ကိုယ် လုပ်နေရတာပါပဲ။ အဆင်ပြေရင်တော့ ဆိုင်က ဝယ်စားတယ်။ ထမင်းချိုင့်ဆွဲ စားတယ်။ အိမ်က ပို့တာတွေ စားတယ်။ နောက်ဆုံး ဘွဲ့လွန်ကျမှ ကိုယ့်ဟာကိုယ် စပြီး ချက်စား ဖြစ်တယ်။ ဒါပေမယ့် ဖွယ်ဖွယ်ရာရာတော့ မဟုတ်သေးပါဘူး။ ကြက်သား၊ ငါး၊ ပုစွန် အဆင်ပြေတာ ကြော်ပစ်လိုက်တာပဲ။ ပြီးတော့ ဟင်းသီး ဟင်းရွက် တစ်ခုခု ကြော်လိုက်တယ်။ ပြီးပြီပေါ့။ ထမင်းလေး တစ်နပ် စားဖို့ အရေး ဘယ်လောက်များ ပင်ပင်ပန်းပန်း လုပ်နေရဦးမလဲ လို့..။ ခုတော့ သူငယ်ချင်းတွေနဲ့ စုပြီး ချက်စားကြဆိုတော့ ကိုယ့် ဂျူတီ နေ့ကျရင်တော့ အားလုံး စားနိုင်အောင် ချက်ရတာပေါ့။ တစ်ယောက်တည်း တုန်းကလို ဖြစ်သလို လုပ်လို့ မဖြစ်တော့ဘူး။  ဟင်းချက်တယ် ဆိုတာ ဘာမှ မခက်ဘူး၊ မလုပ်ချင်လို့ နေတာ လို့ ကိုယ်ကလည်း အမြဲကြွေးကြော် လာခဲ့သူ ဆိုတော့ ဖြစ်အောင် လုပ်ရတာပေါ့။ 

အိမ်မှုကိစ္စတွေ လုပ်ရတာ ကြိုက်ကို မကြိုက်ဘူး။ မကြိုက်ပေမယ့်လည်း လုပ်နေရတာပဲလေ။ မိန်းမ ဖြစ်ရတာ မကြိုက်တဲ့ အထဲ အဲဒါလည်း ပါတယ်လေ။ မိန်းမ ဆိုတော့ တစ်ယောက်တည်း နေလည်း ကိုယ့်ဟာကိုယ် လုပ်၊ အိမ်ထောင် ကျတော့လည်း လုပ်ရဦးမှာ မဟုတ်လား။ တစ်ယောက်တည်း ကမှ ကိုယ်လုပ်ချင်တဲ့ အချိန်မှ ထလုပ်၊ မလုပ်ချင်ရင်လည်း ကိုယ့်ဟာကိုယ် စာပဲ ရေးနေနေ၊ ရုပ်ရှင်ပဲ ကြည့်နေနေ ဘယ်သူမှ ပြောမယ့်သူ မရှိဘူး။ အဲဒီ ဘဝက အကောင်းဆုံးနော်.. အပျိုကြီးတွေ စိတ်ကူးလွဲပြီး ဒုက္ခတွင်းထဲ ခုန်မဆင်းရလို့ ဆိုပြီး စိတ်မပျက်ပါနဲ့.. :P ။ ယောက်ျားလေး ဖြစ်ရမှာကို ကြိုက်တယ်.. ဆိုတာက... ယောက်ျားလေး ဆိုရင်တော့ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ချစ်လို့ရမယ်လေ..။ ခုခေတ်မှာ လှတ ပတ ကောင်မလေးတွေ ဒီလောက်များတာ...။ အိမ်ထောင်ပြုလိုက်ရင်လည်း အိမ်မှာ ကိုယ့်ကို ထမင်းဝိုင်း အဆင်သင့်နဲ့ အမောပြေမယ့် ရုပ်ကလေးနဲ့ ကြိုနေမယ့် မိန်းကလေးမျိုးကို ရှာယူလို့ ရနိုင်တယ်လေ...။ ဟဲဟဲ လျှောက်ပြောတာပါ။ တော်ကြာ တစ်မျိုး ထင်နေကြဦးမယ်။ ယောက်ျားလေး ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် မြင့်မြတ်တဲ့ ရဟန်းဘဝကို ရနိုင်တယ်လေ..။ ဒါကတော့ ငြင်းမရတဲ့အချက် မဟုတ်လား။ ကိုယ်ကတော့ နောင်ဘဝမှာလူဖြစ်ခဲ့ရင် စိတ်ထား မြင့်မြတ်တဲ့ ယောက်ျားပဲ ဖြစ်ချင်မိပါတယ်။ 

ရောက်တတ်ရာရာလျှောက်ရေးရင်းနဲ့ နည်းနည်းတောင် ရှည်သွားပါပြီ။ စာဖတ်သူ မျက်စိညောင်းအောင် နှိပ်စက်မိတယ် ဆိုရင်တော့ Sorry ပါ။ :)
သိင်္ဂါကျော်