08 August, 2011

ကြားရ မြင်ရ သံဝေဂ ရစရာတွေ ...


ခုတလော အနီးအနားမှာ အက်ဆီးဒင့် ဖြစ်တဲ့ အကြောင်းတွေ ခဏ ခဏ မြင်နေ ကြားနေရတယ်။ စိတ်မချမ်းသာ စရာတွေပါပဲ။ လွန်ခဲ့တဲ့ သုံးပတ်လောက်ကပဲ ကိုယ်တို့ ဌာနမှူးရဲ့ အစ်ကို အရင်း တစ်ယောက် ဆုံးသွားတယ်။ သူတို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမှာ ခေါင်မိုး တက်ပြင်ပေးရာကနေ ပြုတ်ကျပြီး ဆုံးသွားတာပါ။ အသက်က ၄၀ လောက်ပဲ ရှိသေးတယ်။ မူကြိုအရွယ် သားလေး တစ်ယောက် ကျန်ခဲ့ပါတယ်။ သူ့ အမေ ခမျာလည်း ကြောင်တောင်တောင် ဖြစ်သွားတဲ့ အထိ ခံစားနေရရှာတယ်။ မိသားစု စီးပွားရေးကို ဦးဆောင်လုပ်နေတဲ့သူ၊ ညီအစ်မတွေ ကြားထဲ တစ်ဦးတည်းသော အစ်ကို မို့လို့ အားလုံးလည်း စိတ်မကောင်း ဖြစ်ကြရပါတယ်။ ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေကလည်း စိတ်မကောင်းဖြစ်ကြလို့ ကိစ္စ ဝိစ္စတွေ အားလုံး လိုက်ပြီး လုပ်ဆောင်ပေးကြပါတယ်။ သုဿာန် တစ်ခုလုံးလည်း ဘုန်းကြီးတွေနဲ့တင် စည်ကားနေတယ်လို့ ပြောပါတယ်။ ရန်ကုန်အိမ်မှာ ဖြစ်တာ ဆိုတော့ ကိုယ်တို့လည်း မသွားဖြစ်ခဲ့ပါဘူး။ ဒီကပဲ ရန်ကုန် ရောက်နေတဲ့ ဆရာမတစ်ယောက် ကပဲ အားလုံး ကိုယ်စား လိုအပ်တာ အကူအညီ ပေးခဲ့ပါတယ်။ အဲဒီကိစ္စ ပြီးတော့ နောက်ရက်မှာပဲ အဲဒီ ဘုန်းကြီးကျောင်းမှာ နဂါးနှစ်ကောင် ဘုရားလာဖူးတယ် ဆိုပြီး သတင်းကြီး လိုက်ပါသေးတယ်။ (http://www.themyanmarpost.com/?p=8894) ကိုယ်တို့ကတောင် သေသွားတဲ့ အစ်ကိုကြီး နဲ့များ ပတ်သက် မလားရယ်လို့ တွေးလိုက်ကြပါသေးတယ်။


စနေနေ့ကတော့ ဈေးသွားရင်းနဲ့ လမ်းမှာ အက်ဆီးဒင့်ဖြစ်ထားတာတွေ တွေ့ခဲ့ရပြန်ပါရော။ အသွားတုန်းက ကားညိထားလို့ ဆိုပြီး ပြင်ဦးလွင် အဝင်ဝမှာ ကားတွေ တစ်တန်းကြီး ခဏ ပိတ်နေတာနဲ့ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ စောင့်နေရပါတယ်။ အရှေ့မှာ ဘာဖြစ်သွားတယ် ဆိုတာတော့ သေချာ မမြင်လိုက်ရပါဘူး။ ကားထွက်လာတော့မှ အန်ဗျူးလင့်န် ကားတစ်စီး ထွက်သွားတာတော့ တွေ့လိုက်ရပါတယ်။ နောက်တစ်ခါ အပြန်ကျပြန်တော့လည်း .ပြင်ဦးလွင် အသွားလမ်းဘက်က ခပ်လတ်လတ် ကုန်ကားကြီး တစ်စီးက လမ်းဘေး ချောက်ထဲကို ကျပြီး ကားခေါင်းတစ်ခုလုံး နီးပါး ပျက်စီးနေတာကို တွေ့ရပါတယ်။ စိတ်မချမ်းသာစရာ မြင်ကွင်းတွေပါ။ 


မနေ့က၊ တနင်္ဂနွေ တုန်းကတော့ ပိုပြီး နီးနီးနားနားမှာပဲ သေခြင်းတရားတွေကို မြင်လိုက်ရ ပြန်ပါရော။ ကိုယ်တို့ အဆောင်ဘေးလမ်းက ကုန်းတက်ကြီးပါ။ ကားတွေ တော်တော်များများက အဆင်းဆိုရင် ဖရီး ရိုက်ပြီး ဆင်းကြပါတယ်။ သင်္ကြန်မတိုင်ခင်တုန်းကလည်း ဆိုင်ကယ်နောက်က ထိုင်လိုက်တဲ့ မိန်းကလေး တစ်ယောက် ပြုတ်ကျပြီး ဆုံးသွားဖူးတာ ကိုယ် ရေးဖူးပါတယ်။ ဒီလမ်းကြီး ပေါ်မှာပါပဲ။ အခုကတော့ မြေသယ်ကားကြီးပါ။ ရတနာပုံမြို့သစ် ဝင်းထဲမှာ ဆောက်လုပ်ရေးတွေက လုပ်နေဆဲ ဆိုတော့ မြေသယ်ကားတွေ မကြာခဏ ဟိုဟိုသည်သည် သွားလာနေကြပါ။ ကားကြီးတွေ ပုံကိုက ကြောက်စရာမို့ ကိုယ်တို့ကတော့ လမ်းလျှောက်နေတုန်း လာနေတာ ကြုံရင်တောင် ဝေးဝေးကနေ ရှောင်ပေးထားပါတယ်။


အဲဒီနေ့ကတော့ ကိုယ်တို့ကားက လမ်းထိပ်ကနေ ပြန်လာပြီး အဆောင်ရှေ့လမ်းကို ချိုးကွေ့ ရပ်လိုက်ပါတယ်။ အဆောင်ရှေ့မှာ ရေသန့်ကားကြီးကလည်း ရောက်နေတာမို့ သူတို့ကား ထွက်လို့ ရမရ မေးရင်းနဲ့ လွတ်တဲ့ နေရာမှာ ရပ်လိုက်တာပါ။ ကိုယ်တို့ကား ရပ်ပြီးပြီးချင်းလောက်ပဲ အဲဒီ မြေသယ်ကားကြီးက နောက်က တရှိန်ထိုး ဆင်းလာပြီး ရှေ့ဘက် ချောက်ထဲကို ပြုတ်ကျသွားတာပါ။ တစ်ဘက်မှာက ကွေ့ရမယ့် လမ်းရှိပါတယ်။ အရှိန်များတာလား၊ ဘရိတ်ပဲ ပြုတ်သွားတာလား သေချာတော့ မသိပါဘူး။ ကွေ့ရမယ့် လမ်းကို မကွေ့နိုင်တော့ပဲ ချောက်ထဲ ပြုတ်ကျသွားပါတယ်။ ကိုယ်တို့ကတော့ အဲဒီ ကားသံကိုတောင် မကြားလိုက်ကြပါဘူး။ သူများကလေး တစ်နှစ်သားလောက်လေးကို ကားပေါ် ခေါ်လာခဲ့မိတော့ အိပ်သွားတဲ့ ကလေးကို အာရုံစိုက်နေတာနဲ့ နောက်ကကားကိုလည်း သတိမထားမိပါဘူး။ အဲဒီနား ရပ်နေတဲ့လူတွေ ပြောတော့မှ “ကား ချောက်ထဲ ကျသွားပြီ” ဆိုလို့ ကြည့်မိတော့ မြင်ကွင်းထဲ ဘာမှ မမြင်ရတော့ပါဘူး။ ဘာကားလဲ မေးကြည့်တော့မှ မြေသယ်ကား အကြီးကြီးမှန်း သိရပါတယ်။ ကားတစ်စီးလုံး အောက်ကျသွားတာ အစအနတောင် မမြင်ရတော့ပါဘူး။ တကယ်လို့များ ကိုယ်တို့ကားသာ တစ်မိနစ်လောက် နောက်ကျပြီးမှ ကွေ့ခဲ့ရင် အဲဒီကားကြီးရဲ့ ဝင်တိုက်တာကိုတောင် ခံရနိုင်ပါတယ်။ ကိုယ်တို့မှာ အဲဒီလို ကံ မပါလို့ပဲလို့ တွေးရင်း ကျောချမ်းစရာ ဖြစ်ရပါတယ်။


အဲဒီနားကို ကိုယ်တို့ လမ်းလျှောက်နေကြပေမယ့် အဲဒီလောက်နက်တဲ့ ချောက် ရှိနေမှန်းတောင် သတိမထားမိပါဘူး။ သွားကြည့်ဖို့ရာတော့ စိတ်ဆင်းရဲကောင်းလို့ မကြည့်ဖြစ်ပါဘူး။ ဓါတ်ပုံတော့ ရိုက်ချင်စိတ်ရှိပေမယ့် လူတွေ ဝိုင်းကြည့်နေကြတာဆိုတော့ မသွားချင်တာနဲ့ပဲ ကိုယ့်အခန်း ပြတင်းပေါက်ကပဲ လှမ်းကြည့်မိပါတယ်။ သွားကြည့်တဲ့သူတွေ မေးကြည့်တော့ နှစ်ဦးက ပွဲချင်းပြီး ဆုံးသွားတယ် လို့ သိရပါတယ်။ ကားပေါ်မှာ ပါလာတာက စုစုပေါင်း ခြောက်ယောက်ပါ။ နာရီဝက်လောက် ကြာတော့မှ တာဝန်ရှိသူတွေ ရောက်လာကြတယ် ထင်ပါတယ်။ နောက်ထပ် တစ်နာရီခွဲလောက် ကြာတော့မှ (MCC က ကားထင်ပါရဲ့) ဒိုင်နာ ကား တစ်စီးနဲ့ မသေသေးတဲ့ လူတွေကို တင်သွားတာ တွေ့ရပါတယ်။ နောက်ခုံတွေမှာ ထိုင်သွားတဲ့ အလုပ်သမားတွေလည်း ပါသွားပါရဲ့။ ထိခိုက်မိသူတွေကိုတော့ ကြက်တွေ ဝက်တွေ တင်သလို နောက်ခန်း ကြမ်းပြင်မှာ ပစ်တင်သွားတာပါ။ (တစ်ခါတုန်းက ကလေးမလေးကို ဆေးရုံပို့တော့ ဆရာမတွေက သွေးထွက်လွန်နေမှန်းသိရဲ့ အင်္ကျီ လုံချည်တွေ ရွှဲအောင် ပွေ့ပိုက်သွားကြတာပါ။ ဘာပဲဖြစ်ဖြစ် ခံစားနာကျင်ရတာ သက်သာပါစေတော့ ဆိုတဲ့ စေတနာနဲ့ပါ။)


ခဏနေတော့ သုံးတောင်နာရေးကူညီမှု အသင်းက ကားနှစ်စီး ရောက်လာပြီး ပွဲချင်းပြီး သေသူ နှစ်ယောက်ကို တင်သွားပါတယ်။ အဲဒီ နှစ်ယောက်က ကားပေါ်က ခုန်ချလိုက်တဲ့ နှစ်ယောက်လို့ သိရပါတယ်။ ခုန်ချတဲ့ နေရာမှာ အကျမတော်ပဲ မြေနီအမာနဲ့ ခေါင်းနဲ့ ကျပြီး ပွဲခြင်းပြီး ဖြစ်သွားပုံပါ။ သွေးတွေ ဘာတွေ သိပ်မထွက်ပဲ အတွင်းကြေ ဖြစ်သွားပုံ ရပါတယ်။ ဒရိုင်ဘာ အပါအဝင် လေးယောက်က ကားခေါင်းခန်းထဲမှာ အောက်အထိ ပါသွားခဲ့တာပါ။ ဒီနေ့ မနက် သိရတာကတော့ ဆေးရုံခေါ်သွားတဲ့ သုံးယောက် အနက် တစ်ယောက် ဆုံးသွားပြီလို့ သိရပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဒဏ်ရာပြင်းပြီး နောက်ထပ် တစ်ယောက်ကတော့ ခြေထောက်နည်းနည်း နာရုံကလွဲပြီး ဘာမှ မဖြစ်ခဲ့ဘူး လို့ သိရပါတယ်။ တော်တော် ကံကောင်းတဲ့ သူလို့ ပြောရမှာပါ။ ကားကြီးကိုတော့ ခုမနက် အထိ ဆွဲတင်တာ မတွေ့ရသေးပါဘူး။ 


အတိတ်ဘဝတုန်းက အကုသိုလ်ကံတွေကြောင့် ခုဘဝမှာ ဥပစ္ဆေဒကံနဲ့ သေဆုံးရတယ် ထင်ပါတယ်။ ဒီမြို့သစ်လမ်းမကြီးမှာ ဘာအခိုက်တွေ ရှိသလဲတော့ ကိုယ်လည်း မသိနိုင်ပါ။ ကလေးမလေး သေဆုံးပြီးတုန်းကတော့ ရက်လည်မှာ ဘုန်းကြီးဆွမ်းကပ်တာအပြင် အဆောင်တွေ ကျောင်းတွေ သာမက လမ်းမကြီးတစ်လျှောက်မှာပါ ပရိတ်ရွတ်ပြီး ကမ္မဝါဖတ်ခဲ့ပြီးဖြစ်ပါတယ်။ ခုတစ်ခါတော့ သူတို့ တာဝန်ရှိသူတွေက လုပ်ပေးမလား၊ အလုပ်သမားတွေမို့လို့ပဲ လျစ်လျှူရှုထားမလား မသိပါ။ ကိုယ်တို့လည်း တတ်နိုင်သလောက်တော့ ဒီဝင်းကြီးထဲက .မြင်အပ် မမြင်အပ်တွေ အားလုံးကို ညတိုင်း မေတ္တာပို့ အမျှဝေနေပါတယ်။ သက်တမ်းကုန်ဆုံးလို့ သေရတာ မဟုတ်ပဲ သေနေ့စေ့လို့ အသေဆိုးနဲ့ သေဆုံးရတာတွေကို မကြုံရ မဆုံရ ပါစေနဲ့ လို့ဆုတောင်းမိပါတယ်။ ရုတ်တရက် မမျှော်လင့်ပဲ ဝိညာဉ်နဲ့ ခန္ဓာ ခွာသွားရသူတွေမို့ ဘယ်လို ဘုံဘဝကို ရောက်မလဲ တော့မသိပါ။ စွဲလမ်းတွယ်ငြိစိတ်တွေနဲ့ လမ်းမကြီးပေါ်မှာ လျှောက်သွားနေရတဲ့ ဘဝကို မရောက်ပဲ ကောင်းသော ဘုံဘဝကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။


သိင်္ဂါကျော်


14 comments:

မအိမ်သူ said...

အောင်မလေး ဖတ်ရကြားရတာနဲ့တောင် ကြောက်စရာကြီးပါလားနော်။ ဟုတ်တယ် အခုနှစ်ပိုင်းတွေမှာ သတိထားမိနေတာ နေရာတကာမှာ အက်ဆီးဒင့်တွေ အဖြစ်များလာပြီး လူတွေ အသေအပျောက်များလာတာကို တွေ့တွေ့နေရတယ်။ လူတွေမကောင်းမှုတွေလုပ်တာ များလာကြလို့ထင်ပါရဲ့ ဖြစ်လိုက်ရင် နဲနဲပါးပါးဆိုတာမျိုး တခါမှကိုမကြားရဘူး မကြားဝံ့စရာ ပိုးစိုးပက်စက်ချည့်ပဲ...း((

jasmine(တောင်ကြီး) said...

ဖတ်တော့ဖတ်လိုက်တာပဲ
ဖတ်ပြီးတော့ အတော့်က်ုစိတ်မကောင်းဖြစ်မိပါတယ်။
မအိမ်သူပြောသလ်ုပဲနော်...
လူတွေမကောင်းမှုတွေလုပ်တာ များလာကြလို့ထင်ပါရဲ့

ချမ်းမြေ့ပါစေ..နှင်းဆီချစ်သူလေးရေ..

sosegado said...

ဘာပြောရမှန်းကို မသိတော့ဘူး၊ မသေသင့်ပဲ သေရတာတွေ ဘယ်သူက ဂရုစိုက်မှာလည်း။

အဖြူရောင်နတ်သမီး said...

စာဖတ်ပြီး ရင်ထဲဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး..

မင်းဧရာ said...

အေးဗျာ........
စာဖတ်နေရင်းနဲ့ကို ဘယ်လိုဖြစ်သွားလည်းမသိဘူး
ဒါကြောင့်မို့ ဘုရားရှင်က ဟောခဲ့တာပေါ့
ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီလို့ပေါ့။

kokoseinygn said...

နေ့မြင်ညပျောက်ဆိုသလိုပါဘဲ..
ဒီခတ်ကြီးမှာ သက်တမ်းစေ့နေဖို့သိပ်မလွယ်ပါဘူး
အားလုံးကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာ
ကြပါစေ....

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်မကောင်းစရာဘဲ
အနိဌာရုံမြင်ကွင်းတွေ ဘဝမှာလုံးဝမမြင်တွေ့ချင်ဘူး
ဒါပေမဲ့ ရှောင်လွဲမရနိုင်တော့လည်း ခုလို မကြာခဏတွေ့ရဦးမှာပါဘဲနော်

မိုးခါး said...

ဘ၀ဆက်တိုင်း ခုလို အဖြစ်ဆိုးမျိုးတွေက ကင်းဝေးနိုင်ပါစေလို့ ဆုတောင်းပေးရုံပေါ့လေ .. ၀ဋ်ကြွေးတွေရှိရင်လည်း အမြန်ဆုံး ကြေပါစေ ..

ကိုဇော် said...

ကြားရတာ မသက်သာလိုက်တာဗျာ။

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရတာတောင်ရင်ထဲမချိ ကိုယ်တိုင်ကြုံခဲ့သူဆို တွေးကြည့်တာတောင်....

mstint said...

အရာရာဟာ အစိုးမရဘူးလေ။
မျက်လုံးနှစ်လုံးဖွင့်ချိန်နဲ့ ပိတ်ချိန်တွေမှာ ကိုယ့်ကိုယ်ကို သရဏဂုံတင်ထားမှ တော်ရုံကျမယ်။
ကြုံဆုံရသမျှ ဆင်းရဲဒုက္ခအပေါင်းမှ သတ္တဝါအားလုံး လွတ်ကင်းကြပါစေလို့သာ ဆုတောင်းမိပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လင်းဒီပ said...

ကျွန်တော်တို့နဲ့ အနီးဆုံးမှာ သေခြင်းက ရှိနေတာပါပဲ ။ ကျွန်တော်တို့က မတွေ့ဖြစ်ကြတာပါ ။

jr said...

မသိဂ်ါရေ.. သေခြင်းတရားက တကယ်ကို လတ်တကမ်းနော်။
ထိခိုက်သွားတဲ့လူတွေလဲ သက်သာရာရကြပါစေလို့ ဒီကနေ မေတ္တာပို့ပါတယ်။

ရွှေပြည်သူ said...

သေနေ့စေ့ရင်တော့ ဘယ်လောက်ပဲ ရှောင်လွှဲရှောင်လွှဲ တည့်တည့်တိုးတတ်သလို သေနေ့မစေ့သေးရင်လည်း ကံသီလို့ လွတ်တတ်ပြန်တယ်နော်။ ကိုလင်းဒီပပြောသွားသလို အနီးဆုံးမှာ သေခြင်းက ရှိနေပေမယ့် မေ့မေ့နေတတ်ကြတယ်။ သံဝေဂဖြစ်စေတဲ့စာအတွက် ကျေးဇူးတင်ပါတယ် အစ်မသိင်္ဂကျော်ရေ...