05 March, 2012

မှောင်သွားတဲ့ နေ့


ထားခဲ့ရက်တာ ကျွန်တော့်အပြစ်လို့ပဲ
ဆိုပါတော့ မ ရယ်..
တကယ်တော့
မ အတွက် နန်းတော်တစ်ခု
ဖန်တီးနိုင်စွမ်း မရှိတဲ့
ကျွန်တော့်အားနည်းချက်က
ကျွန်တော့်ကို ပြန်သတ်ခဲ့တာပါ။

မ မရှိတဲ့ နေ့ရက်တွေမှာ
အသားကျနေပြီ လို့
ကိုယ့်ကိုယ်ကို လိမ်ညာရင်း...
ပျော်မယ် ထင်လို့ စကြည့်ခဲ့တဲ့
ထင်ယောင်ထင်မှား အချစ်တွေနဲ့
ပျော်ဟန် ဆောင်ကြည့်ဖူးပါရဲ့။
ကျွန်တော့် ဆဲလ်တိုင်းကကို ငြင်းဆန်
ဘယ်တော့မှ ပြောင်းပြန်လှန်လို့ မရတဲ့ အဖြစ်။

အစားထိုး မရနိုင်တဲ့ အချစ်တစ်ခု ဟာ
တစ်သက်မှာ မ အတွက် တစ်ခါသာ လို့
ပြောခွင့် မရှိတော့ပေမယ့် ပြောချင်သေးရဲ့။
တမြေ့မြေ့ လှိုက်စားတဲ့ ဒဏ်ရာတွေနဲ့
ကျွန်တော့် နှလုံးသားလည်း
အကောင်းပကတိ မဟုတ်တော့တာ ကြာခဲ့ပေါ့။

စောင့်ခဲ့ပါတယ် လို့
မ ကပြောရင်လည်း
ကျွန်တော့်မှာ
ပြောစရာ စကား တစ်ခွန်းတောင် မရှိတာပါ၊
ကျွန်တော့် ဘဝ မြေပြင်ထဲ
မ ဆင်းလာ လျှောက်ရဲမှာ မသေချာတဲ့ အဖြစ်အတွက်
လက်မကမ်းခဲ့တာ ကျွန်တော့်အပြစ်လို့ပဲ
ဆိုပါတော့ မ ရယ်..။

ကျွန်တော့်နှလုံးသား လျှို့ဝှက်ခန်းထဲ
မ ကို သိမ်းဆည်းထားဆဲမှာ...
၃၅၆ ရက် မှာ တစ်မိနစ်လောက်များ
မ ကျွန်တော့်ကို သတိရနေဦးမလားလို့
ထင်ခဲ့မိဆဲ နေ့တွေထဲမှာ...
ကျွန်တော် ရှင်သန်ရင်း။

အိပ်မက်တွေ အဆုံးသတ်ရမယ့် အချိန်က
ဖျတ်ခနဲ လှုပ်နှိုးလိုက်တဲ့အခါ
မ ကို ထားပြီး အဝေးထွက်ပြေးခဲ့တာ
မနေ့တစ်နေ့ကလို

ကျွန်တော့် နောင်တတွေက
တနင့်တပိုး ဖိစီးလို့ပေါ့။

ကျွန်တော် မဟုတ်တဲ့
တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ
မ က အပြီးခိုဝင်တော့မယ် တဲ့...။
အခန်းကျဉ်းထဲ ရုတ်တရက် မှောင်မိုက်သွားခဲ့
အချိန်မီ ပြင်ခွင့်ရှိရင်တောင် 

ပြင်နိုင်စွမ်း မရှိခဲ့တဲ့
ကျွန်တော့် အပြစ်လို့ပဲ ဆိုပါတော့ မ ရယ်..။

မ ဘဝ လှနေရင်ပဲ
ကျွန်တော့် နောင်တ တွေကို
သိမ်းထားရကြိုး နပ်ပါလိမ့်မယ်။
ကျွန်တော့် နှလုံးသား လျှို့ဝှက်ခန်းကို
အပြီးတိုင် ခတ်ဖို့
သော့ခလောက် တစ်လုံးလောက်တော့
နောက်ဆုံး လက်ဆောင်ပေးလိုက်ပါ။
“မ အချစ်တွေ ကျွန်တော့် အပေါ်က
ရုပ်သိမ်းလိုက်တာ
ရက်ပေါင်း ကြာလှပြီ” လို့ပဲ ဖြစ်ဖြစ်...။

သိင်္ဂါကျော်



(ဝတ္တု ရေးဖို့ရာ မအားလပ်သေးလို့ပါ။ နေ့လည်က မောင်ဝမ်းကွဲ တစ်ယောက်နဲ့ online မှာ တွေ့တော့ သူထားခဲ့တဲ့ ချစ်သူ မိန်းကလေး လက်ထပ်တော့မှာမို့ မခံစားနိုင်တော့ဘူး လို့ ပြောလို့ ကိုယ်က ပြောင် လိုက်သေးတယ်။ သူက ကိုယ့်ကို မချစ်တတ်တဲ့ အပျိုကြီး လို့ သြဘာ ပေးသွားတယ်။ ညကျတော့ သူ့ အကြောင်းကို ကဗျာ ရေးဖြစ်သွားပါတယ်။)

27 February, 2012

လွမ်းလို့

လွမ်းလို့ လွမ်းတာပေါ့
မင်း မသိနိုင်ပေမယ့်
ငါ့ကိုယ်ငါ နားလည်ခဲ့ရပြီ
တွယ်ငြိမှုရဲ့ သိပ်သည်းဆတွေ
အုံဖွဲ့ များပြားလာပြီ ဆိုတာ...။

လွမ်းလို့ လွမ်းတာပေါ့
ရှင်းပြလို့ မရနိုင်တဲ့
တစ်စုံတစ်ရာ
နှလုံးသားမှာ လစ်ဟာနေသလို...။

လွမ်းလို့ လွမ်းတာပေါ့
သက်သေပြချက် မတောင်းပါနဲ့၊
အလွမ်းကို သင်္ချာလို တွက်လို့မရနိုင်ဘူး
ထပ်တူညီတဲ့ နှလုံးသားနဲ့မှ
နားလည်နိုင်မယ့် အရာ။

လွမ်းလို့ လွမ်းတာပေါ့
ဒါလောက်ပါပဲ
အကြောင်းပြချက် မပေးနိုင်ဘူး၊
ဘာမှ ဆက်ပြီးလည်း ဝန်ခံစရာ မရှိဘူး၊
လွမ်းရတဲ့ အရသာကို ကြိုက်လို့
လွမ်းတယ်...။
လွမ်းရတဲ့ အရသာကို ခါးသီး သွားချိန်မှာလည်း
လွမ်းနေရတုန်းပဲ...။

သိင်္ဂါကျော်
 

21 February, 2012

ရပ်တန့်နေတဲ့ နေ့တွေ


သွားတော့ သွားနေပါရဲ့
ရောက်ကို မရောက်နိုင်တာ...။

ဦးနှောက်ထဲမှာလည်း
သုံးလို့ စားလို့ ရတာ တစ်ခုမှ ထွက်မလာအောင်
အသုံးမကျတာတွေပဲ ပြည့်နှက်နေသလား။
Intel ရေ
ငါ့ ဦးနှောက်ကို
မြန်မြန် မှန်မှန် process လုပ်ဖို့
processor တစ်ခု လောက် ထွင်ပေးပါဦး။

ငါ့ကိုယ်ငါ မတော်မှန်းလည်း သိပါရဲ့
မပြည့်စုံမှုထဲက ပျော်ရွှင်မှုကို ရှာရင်းနဲ့
ပျင်းပျင်း လာသလား...
အိပ်မက်တောင် မမက်ချင်လောက်အောင်
ပျင်းနေသူ ဖြစ်မှန်းမသိ ဖြစ်နေပေါ့။

ကြီးကြီးကျယ်ကျယ် ပြောဖို့တောင်
ခါတိုင်းလို စကားလုံးတွေ မရှာချင်တော့ဘူး။
ဘယ်အရာကိုမှ သိမ်းပိုက်မထားပါပဲ
နှလုံးသားလည်း အမှိုက်တွေ ပြည့်နေဆဲ။

အစ တစ်ခု စ စ ပြီး
အဆုံးမသတ်ချင်တဲ့ အကျင့်ဆိုးတွေ
မကောင်းမှန်းသိရက် အဖယ်ခက် နေတုန်းပေါ့။

ငါ့ရဲ့ guardian angel လေး ရေ..
ငါ့ရဲ့ ခြေလှမ်းတွေ တည့်မတ်ပေးဖို့
နင်ကိုယ်တိုင်တောင် ပျင်းနေပြီလား..။

ဘာပဲဖြစ်ဖြစ်ပါ
ငါက ရပ်နေလိုသူ မဟုတ်ဘူး
သွားတော့ သွားနေတာပါပဲ
ရောက်ကို မရောက်နိုင်တာ...။

သိင်္ဂါကျော်


(ဘာရယ် မဟုတ်ပါဘူး... ရုံးမှာ ပျင်းပျင်းနဲ့ ပြန်ကာနီး ရေးတဲ့ ကဗျာ။ ကိုယ့်ကိုယ့်ကို အားမရလို့ ရေးဖြစ်တဲ့ ကဗျာပါ။)