05 March, 2012

မှောင်သွားတဲ့ နေ့


ထားခဲ့ရက်တာ ကျွန်တော့်အပြစ်လို့ပဲ
ဆိုပါတော့ မ ရယ်..
တကယ်တော့
မ အတွက် နန်းတော်တစ်ခု
ဖန်တီးနိုင်စွမ်း မရှိတဲ့
ကျွန်တော့်အားနည်းချက်က
ကျွန်တော့်ကို ပြန်သတ်ခဲ့တာပါ။

မ မရှိတဲ့ နေ့ရက်တွေမှာ
အသားကျနေပြီ လို့
ကိုယ့်ကိုယ်ကို လိမ်ညာရင်း...
ပျော်မယ် ထင်လို့ စကြည့်ခဲ့တဲ့
ထင်ယောင်ထင်မှား အချစ်တွေနဲ့
ပျော်ဟန် ဆောင်ကြည့်ဖူးပါရဲ့။
ကျွန်တော့် ဆဲလ်တိုင်းကကို ငြင်းဆန်
ဘယ်တော့မှ ပြောင်းပြန်လှန်လို့ မရတဲ့ အဖြစ်။

အစားထိုး မရနိုင်တဲ့ အချစ်တစ်ခု ဟာ
တစ်သက်မှာ မ အတွက် တစ်ခါသာ လို့
ပြောခွင့် မရှိတော့ပေမယ့် ပြောချင်သေးရဲ့။
တမြေ့မြေ့ လှိုက်စားတဲ့ ဒဏ်ရာတွေနဲ့
ကျွန်တော့် နှလုံးသားလည်း
အကောင်းပကတိ မဟုတ်တော့တာ ကြာခဲ့ပေါ့။

စောင့်ခဲ့ပါတယ် လို့
မ ကပြောရင်လည်း
ကျွန်တော့်မှာ
ပြောစရာ စကား တစ်ခွန်းတောင် မရှိတာပါ၊
ကျွန်တော့် ဘဝ မြေပြင်ထဲ
မ ဆင်းလာ လျှောက်ရဲမှာ မသေချာတဲ့ အဖြစ်အတွက်
လက်မကမ်းခဲ့တာ ကျွန်တော့်အပြစ်လို့ပဲ
ဆိုပါတော့ မ ရယ်..။

ကျွန်တော့်နှလုံးသား လျှို့ဝှက်ခန်းထဲ
မ ကို သိမ်းဆည်းထားဆဲမှာ...
၃၅၆ ရက် မှာ တစ်မိနစ်လောက်များ
မ ကျွန်တော့်ကို သတိရနေဦးမလားလို့
ထင်ခဲ့မိဆဲ နေ့တွေထဲမှာ...
ကျွန်တော် ရှင်သန်ရင်း။

အိပ်မက်တွေ အဆုံးသတ်ရမယ့် အချိန်က
ဖျတ်ခနဲ လှုပ်နှိုးလိုက်တဲ့အခါ
မ ကို ထားပြီး အဝေးထွက်ပြေးခဲ့တာ
မနေ့တစ်နေ့ကလို

ကျွန်တော့် နောင်တတွေက
တနင့်တပိုး ဖိစီးလို့ပေါ့။

ကျွန်တော် မဟုတ်တဲ့
တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ
မ က အပြီးခိုဝင်တော့မယ် တဲ့...။
အခန်းကျဉ်းထဲ ရုတ်တရက် မှောင်မိုက်သွားခဲ့
အချိန်မီ ပြင်ခွင့်ရှိရင်တောင် 

ပြင်နိုင်စွမ်း မရှိခဲ့တဲ့
ကျွန်တော့် အပြစ်လို့ပဲ ဆိုပါတော့ မ ရယ်..။

မ ဘဝ လှနေရင်ပဲ
ကျွန်တော့် နောင်တ တွေကို
သိမ်းထားရကြိုး နပ်ပါလိမ့်မယ်။
ကျွန်တော့် နှလုံးသား လျှို့ဝှက်ခန်းကို
အပြီးတိုင် ခတ်ဖို့
သော့ခလောက် တစ်လုံးလောက်တော့
နောက်ဆုံး လက်ဆောင်ပေးလိုက်ပါ။
“မ အချစ်တွေ ကျွန်တော့် အပေါ်က
ရုပ်သိမ်းလိုက်တာ
ရက်ပေါင်း ကြာလှပြီ” လို့ပဲ ဖြစ်ဖြစ်...။

သိင်္ဂါကျော်



(ဝတ္တု ရေးဖို့ရာ မအားလပ်သေးလို့ပါ။ နေ့လည်က မောင်ဝမ်းကွဲ တစ်ယောက်နဲ့ online မှာ တွေ့တော့ သူထားခဲ့တဲ့ ချစ်သူ မိန်းကလေး လက်ထပ်တော့မှာမို့ မခံစားနိုင်တော့ဘူး လို့ ပြောလို့ ကိုယ်က ပြောင် လိုက်သေးတယ်။ သူက ကိုယ့်ကို မချစ်တတ်တဲ့ အပျိုကြီး လို့ သြဘာ ပေးသွားတယ်။ ညကျတော့ သူ့ အကြောင်းကို ကဗျာ ရေးဖြစ်သွားပါတယ်။)

7 comments:

ချစ်စံအိမ် said...

ကဗျာလေးကတကယ်ထိတယ်..
မျက်ရည်တောင်ဝဲချင်လာပြီးး

မဒမ်ကိုး said...

ချစ်သူတိုင်းလဲညားကြပါစေး)

ခရစ္စတလ် said...

ခံစားတတ်သူမှာတော့ ခံစားချက်ဆိုတာ တနင့်တပိုးပဲ

စံပယ်ချို said...

ကဗျာထဲကကောင်းလေးက
သူ့ချစ်သူ မ ကိုချစ်တတ်လိုက်တာနော်
ခင်မင်တဲ့ jasmine

မြတ်မွန် said...

ဒီအချိန်ကတော့ ကြေကွဲစရာအကောင်းဆုံးပေါ့..။

sosegado said...

မ မ တွေကြောင့်ခက်ပါတယ် ခံစားသွားတယ်ဗျာ

mstint said...

ရင်တွင်းကဗျာလေးအားပေးသွားတယ် ကျော်ရေ။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်