22 March, 2012

ကဗျာနတ်သမီး


ကဗျာမဖတ်တဲ့လူတွေ တိုးချင်တိုး လျှော့ချင်လျှော့၊
ကဗျာ ကတော့ နေရာတိုင်းမှာ ရှိနေလေရဲ့။
ကဗျာမရှိတဲ့ မြို့
ကဗျာမရှိတဲ့ ရွာ
ကဗျာမရှိတဲ့ နိုင်ငံ
ခင်ဗျားတို့ ရှာပြစမ်းပါ၊
အနည်းဆုံး
ကဗျာကို ပွေ့ဖက်သူ
တစ်ယောက်တလေတော့..
ရှိခဲ့တယ်၊ ရှိနေတယ်၊
ထွက်ပေါ်လာဦးမှာပဲ။
ကဗျာကို ချစ်မြတ်နိုးသူတွေ ရဲ့
နှလုံးသားထဲက ပွင့်လာတဲ့ ပန်း
ဘယ်တော့မှ မညှိုးနွမ်းဘူး။

ဘာသာစကားတွေ
တင်စားချက်တွေ
စကားလုံးတွေ
အမည်တပ်ပုံကွဲလွဲတာတွေ
တိုတာ ရှည်တာ
ဘာညာသာရကာတွေ
ကဏ္ဍတွေ ခွဲချင်သလိုခွဲ
ကဗျာကတော့ ကဗျာပါပဲလေ။

စစ်မီးလျှံတွေထဲမှာ ရေစင်ဖြစ်တယ်
စနစ်ဆိုးတွေထဲမှာ ထွက်ပေါက်ဖြစ်တယ်
ခေတ်ရေစီးထဲမှာ အသာတကြည်မျောခဲ့တယ်
အချစ်အလွမ်းတွေနဲ့လည်း နုရွတတ်သူဖြစ်တယ်
ဝမ်းနည်းအားငယ်မှုတွေကိုလည်း ဖြေသာစေသူဖြစ်တယ်
လူတိုင်းအတွက် ထပ်တူညီတဲ့ကြယ် ဖြစ်တယ်
သူဟာ ငါတို့ အားလုံးရဲ့ နတ်သမီးဖြစ်တယ်။

သိင်္ဂါကျော်


(World Poetry Day မကုန်ခင်လေးမှာ ရေးဖြစ်လိုက်တဲ့ အမှတ်တရ ကဗျာပါ)
 

11 comments:

ချစ်စံအိမ် said...

ကဗျာဟာကဗျာပါပဲနော်..
စိတ်ကူးကောင်းလေးပါ
ခံစားသွားပါတယ်...

ရင်ဆူး said...

နေ့မှာ ကဗျာ မရေးဖြစ်လိုက်ဘူးဗျာ......ရေးဖြစ်လိုက်တဲကလူတွေရဲ့ ကဗျာတွေဘဲ လိုက်ဖတ်ဖြစ်တယ်.....ဒီကဗျာလေး ကြိုက်တယ်ဗျာ....အားပေးသွားပါတယ်.....

mstint said...

ကဗျာနှစ်သက်သူတွေတိုးနေသမျှ
ကဗျာဖတ်သူတွေပိုလို့သာများနေမှာပါ ကျော်ရေ။
ကဗျာမစပ်တတ်တဲ့တီတင့် ကဗျာကိုနှစ်သက်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ကဗျာနေ့အတွက် ကဗျာမရေးတတ်တော့ ရေးတတ်တဲ့သူတွေဆီမှာပဲ လာခံစားတော့တယ်...။

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာမရှိတဲ့ရွာ ကဗျာမရှိတဲ့မြို့ ... ကောင်းတယ်ဗျာ စာသားတွေ ..

sosegado said...

ကဗျာဟာကဗျာပါပဲ ….
ကဗျာမရှိတဲ့ရွာ ကဗျာမရှိတဲ့မြို့………..
စာလုံးလေးတွေကောင်းလိုက်တာ၊
ကဗျာကိုကြိုက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်၊

blackroze said...

ကဗျာနတ်သမီး တဲ့
လှလိုက်တဲ့ခေါင်းစဉ်လေး
အမရေ လာဖတ်သွားတယ်နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာသိပ်မရေးတတ်ပေမဲ့
ကဗျာကို ချစ်တယ်
ကဗျာကို ခံစားလို့ရတယ်
ကဗျာဖတ်ရတာပျော်တယ်။
ကဗျာဟာ စိတ်ကိုနူးညံ့ပျော့ပြောင်းစေတယ်။

Anonymous said...

စိတ်တွေရဲ့ တစ်ခုတည်းသော ထွက်ပေါက်လေး ..

ခင်မင်လျှက်
ဂျူ

ခရစ္စတလ် said...

ကဗျာမဖွဲ့တတ်ပေမယ့် ကဗျာတွေတော့ ခံစားတတ်ပါတယ်....

မောင်သီဟ said...

နှလုံးသားထဲက ပွင့်လာတဲ့ပန်း ဘယ်တော့မှမညိုးဖူးတဲ့
ကောင်းလိုက်တဲ့ စာသားဗျာာာ