ပန်းနုရောင် တိမ်တွေကို ငေးကြည့်ရင်း
ညနေခင်းတွေ အဓိပ္ပါယ်မဲ့နေတာ ကြာပြီ
ကိုယ့်ကိုယ်ကိုယ် ခိုကိုးရာမဲ့အောင်လည်း မလုပ်ပါဘူး။
မြေကြီးလို မကျင့်ကြံနိုင်တာ တစ်ခုပဲ ပြောစရာ ရှိတယ်။
ကြီးကြီးကျယ်ကျယ် ဆိုရိုးတွေ ဖတ်ဖတ်ပြီး
ကိုယ့်ကိုယ်ကို စိတ်ဓါတ်ခိုင်မာ သယောင်
ဟန်ဆောင်ဖို့ ကြိုးစားရင်း
အတွင်းလှိုက်ပြီး ပြိုလဲနေချိန်တွေလည်း ရှိရဲ့။
နာရီသံတွေ ကြားတယ်
မိုးသံတွေ တိတ်ဆိတ်နေတယ်
ငါ့ကိုယ်ငါ အပြည့်အဝ ယုံကြည်ပါတယ်
တိမ်တွေကို ခိုစီးပြီးလိုက်ပါမသွားနိုင်တာတစ်ခုပဲ။
အများကတော့ ပုံမှန်ပဲလို့ ထင်ချင်ထင်လိမ့်မယ်
အခုထက်ပိုပြီး အသုံးကျသင့်တယ်လို့
ငါ့ကိုယ်ငါ အမြဲတမ်း အားမရဖြစ်နေတုန်းပဲ..။
တကယ်ပါ
ဘယ်နေရာမှာမှ တစ်ဖက်ကမ်းမခပ်ခဲ့ဘူး။
ချစ်ခြင်းတစ်ခု သိမ်းပိုက်ဖို့ကစလို့
ဘဝတစ်ခု ခပ်မြင့်မြင့်မှာဆောက်ဖို့ အဆုံး
ဘာတစ်ခုမှ
မည်မည်ရရ မရှိခဲ့ဘူး..။
မရေရာတဲ့ အိမ်မက်တွေ မက်တတ်ရုံနဲ့
မျှော်လင့်ချက်တစ်ခုက ပီပြင်မလာနိုင်တာလည်း သိရဲ့နဲ့
လက်တွေ့ထဲ ဆင်းမလာတဲ့ အိပ်မက်တွေထဲ
လမ်းလျှောက်ဆဲ။
ဒီလိုပါပဲ
ဘဝလမ်း ဆိုတာ
တစ်ချို့တစ်ချို့ အတွက်
အဆင်သင့် ခင်းပြီးသား ဆိုပေမယ့်
ဘယ်တော့မှ ခင်းမပြီးတော့မယ့် လမ်းတွေကို
လျှောက်သူတွေလည်း
အမြောက်အမြားပါ။
ရေစုန်အတိုင်း အလိုက်သင့်မျှောချင်သူတွေ အတွက်
အဲဒီမြစ်က ခေါ်ဆောင်တဲ့ အတိုင်းပဲ
တစ်နေရာတော့ ရောက်မှာပ။
သီးသန့် ခွဲထွက်ချင်သပဆို
ရေဆန် ကူးခတ်မှ ဖြစ်နိုင်မယ်လေ။
ငါသိပါတယ်၊ ငါသိပါတယ် နဲ့
အဲဒီအသိတွေကပဲ ရူးသွပ်အောင်ပြုစား
ဘယ်တော့မှလဲ ရင့်ကျက်မလာနိုင်တဲ့ စိတ်ကူးတွေနဲ့
အဲဒီမြစ်ထဲ
မြုပ်ချီ ပေါ်ချီ စုန်ဆင်း မျောပါနေဆဲ။
သိင်္ဂါကျော်