ပုံစံခွက်တွေထဲ
အခြေကျနေတာကြာတော့လည်း
ပျင်းပျင်းရိရိနဲ့
စိတ်တွေ ခြေဆန့်ချင်လာတယ်။
အမြဲ ရှင်းလင်းထားတဲ့
ကွက်လပ်ထဲ
တစ်ရံတစ်ခါတော့လည်း
သံယောဇဉ်နွယ်တွေ
စည်ပင်ခွင့် ပေးချင်ပြန်ရော၊
ရေလောင်းပေါင်းသင်ရင်းနဲ့ပဲ
မရှင်သန်နိုင်တော့တာလည်း
ရှိမယ်။
လောကဓံ
ခက်ခဲလာတဲ့ အချိန်တွေကြား
မေ့လျော့ပြီး
ပစ်ထားမိလို့
ခြောက်သွေ့သေဆုံးသွားတာလည်း
ရှိမယ်။
အဲဒီအခါ
ဝမ်းမနည်းကြေးလို့
ကိုယ့်ကိုယ်ကို
အားပေးရင်း
ပျော်သလို
နေခဲ့သူပေါ့။
သံယောဇဉ်တွေ
အခက်ဝေလို့ ခုတ်မပစ်ရက်တဲ့အခါ
ရှင်သန်ခြင်းတွေ
လှပလို့…။
နှလုံးသားကို
အဖြူရောင် ကျောက်သားလို
ကာကွယ်ထားချင်သူ
ဖြစ်လျှက်
ပတ်ကြားနက်အောင်
တိုးဝင်ချင်တဲ့
နွယ်မြစ်တွေကို
သတ်မပစ်နိုင်ခြင်းဟာ
ပြင်မရတဲ့
အားနည်းချက် တစ်ခုသာ။
ကိုယ်ဘက်ကမပေးနိုင်တဲ့
အရာကို
သူတစ်ပါးဆီက
မလိုချင်ပါနဲ့လို့
ကိုယ့်ကိုယ်ကို
ပြန်ဆုံးမနေရင်းနဲ့ပဲ
အနေအထိုင်မတတ်တဲ့
စိတ်ကူးတွေကြောင့်
ဟိုမရောက်
ဒီမရောက်ထဲမှာပဲ လွင့်လွင့်နေတယ်။
တကယ်တမ်းတော့လည်း
ကိုယ့်လမ်းကို
သွေဖည်ဖို့ သတ္တိမရှိသူပါ၊
ကမ်းမယ့်လက်ကို
လှမ်းဖြစ်ခဲ့ရင်
လျှောက်နေကြလမ်းထက်
ပိုကြမ်းချင်ကြမ်းနိုင်တဲ့အခါ
သတိရခြင်းတွေကို
ဖြတ်သင့်သလောက်ဖြတ်ရင်း
ပိုးဖလံ
အဖြစ်မခံနိုင်တဲ့သူမှာ
အကောင်အထည်ပြစရာမရှိတဲ့
စိတ်ကူးတွေပဲ တိုးတိုးလာလေရဲ့။
သိင်္ဂါကျော်