25 February, 2011

နွေဦး


ဆောင်းကထွက်ခွာစ
နွေဦးရဲ့ ပန်းတွေ ဝေဖို့
ပုရစ်ဖူးတွေ အစီအရီ တောက်ပလို့။

ပြာလဲ့လဲ့ ကောင်းကင် အောက်
နွေနေရဲ့ အနမ်းသက်ရောက်မှုနဲ့
ကသစ်တွေ ဝေလို့ ကြွေလို့...
ပေါက်ပန်းတွေ ဝေလို့ ကြွေလို့...
လက်ပံတွေ ဝေလို့ ကြွေလို့...
မိုးမကြိုက်တဲ့ အနီရောင်ပန်းတွေ
ကြည်ကြည်သာသာ ဖူးပွင့်နေလေရဲ့။

မြူတွေကင်းသွားသလို
တို့ စိတ်တွေလည်း လင်းသွားစေချင်ရဲ့
နွေဦးပန်းတွေလို ရဲရဲရင့်ရင့်
ဘဝအပူတွေကို ရင်ဆိုင်လိုက်ဖို့ပဲ။

နှင်းစက်တွေ အဝေးသွားပြီးတဲ့နောက်
မိုးစက်တွေလည်း မလာနိုင်သေးချိန်
အေးစက်စက်ရာသီထဲ
ပျင်းရိနေတာတွေ ရပ်လိုက်ဖို့ သင့်ပြီပေါ့။
ညီအစ်မထက် ကောင်းတဲ့ သူငယ်ချင်းတွေနဲ့အတူ
နေရောင်နွေးနွေးအောက်မှာ လမ်းလျှောက်လို့
ကြယ်ရောင် ပြပြ အောက်မှာ အိပ်စက်လို့
ဘဝကို ဒီနေ့ကစပြီး ပျော်သလိုသာနေ...
ဒီလို နေ့ရက်တွေလည်း မဆုံးစေချင်။

သိင်္ဂါကျော်
 
(blog ကို ပစ်ထားတာ ကြာနေလို့  ... အိမ်ပြန်တုန်းက ကင်မရာလည်း မပါတာနဲ့   ဖုန်း နဲ့  ရိုက်ထားတဲ့ ပုံလေးတွေတင်ရင်း  ပုံနဲ့ လိုက်မယ့် ကဗျာလေး တစ်ပုဒ်လည်း တင်လိုက်ပါတယ်...။)

04 February, 2011

ရေဆုံး ရေဖျား


(၁)
စိမ်းဝတီ သည် အမြဲတစေ ဆံပင်အတိုနှင့် ယောကျ်ားလေးလို ဝတ်တတ်သော်လည်း ယောကျ်ားစိတ်ပေါက်နေသူတော့ မဟုတ်ပါ။ သူမ အရပ်ကလည်း ၅ပေ ၈လက်မမို့ ရုတ်တရက်ကြည့်လျှင် ယောကျ်ားလေး တစ်ယောက်လိုပင် ထင်ရသည်။ သူမ၏ ကားကလည်း မီးခိုးရောင် နောက်ဆုံးပေါ်မော်ဒယ် Sport ကားကလေး။ သူမ၏ ထုံးစံအတိုင်း ဂျင်းဘောင်းဘီရှည်နှင့် တီရှပ်ပေါ်က ရှပ်အင်္ကျီတစ်ထည် ထပ်ဝတ်ထားသည်။ ပခုံးသိုင်း အိတ်ထဲမှာတော့ သူမ၏ လက်စွဲတော် ပစ္စတိုတစ်လက် ပါသည်။

အမှန်တကယ်တော့ ဒီနေ့က သူမ၏ နားရက်။ သို့သော် သူမတို့ အကြီးအကဲ အန်ကယ်ကြီး က ခေါ်သဖြင့် လာရခြင်း ဖြစ်သည်။ အစည်းအဝေးခန်းထဲတွင် ရဲစွမ်းနိုင်ကတော့ ရောက်နှင့်နေပြီ။ ခဏနေတော့ ထက်အာကာ ရောက်လာသည်။ နေထွဋ် နှင့် နွယ်နီချိုကတော့ စစ်ဆင်ရေးတစ်ခုနှင့် တစ်နေရာ ရောက်နေသည်။

“ဒီနေ့ သားတို့ကို ခေါ်လိုက်ရတာ အရေးကြီးတဲ့ ကေ့စ်တစ်ခု ပြောစရာရှိလို့ကွယ့်၊ ဆယ်ကျော်သက် မိန်းကလေး ၅ ယောက်၊ အပျော်ခရီး ထွက်ရင်းနဲ့ လူကုန်ကူးတဲ့ အဖွဲ့ရဲ့ လက်ထဲကို ရောက်သွားတယ်။ ဘယ်သူ ဘယ်ဝါလို့ သိတာက ၅ ယောက် ဆိုပေမယ့် စုစုပေါင်း သူတို့ လက်ထဲမှာ ရှိနေတာ ၁၀ ယောက်လောက် ရှိတယ်လို့ သတင်းရတယ်။ အခု တို့ သတင်းရတဲ့ အချိန်မှာ သူတို့က နယ်စပ်ကို ရောက်နေလောက်ပြီ။ အဲဒီတော့ ဟိုဘက်ကို ရောက်မသွားခင် အမြန်ဆုံး တားရမယ်”

“ဒီလို လူကုန်ကူးတဲ့ အဖွဲ့တွေကို လွန်ခဲ့တဲ့ လေးနှစ်၊ ငါးနှစ်လောက်ကတည်းက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခဲ့တာ သားတို့ အသိပဲ၊ တော်တော်များများလည်း အဖမ်းအဆီး ခံခဲ့ရလို့ ငြိမ်သွားတယ်၊ အခုကိစ္စကို စီစဉ်တာက မိန်းကလေးတွေကို လိမ်လည်ခေါ်ဆောင်မှုနဲ့ ထောင်ကျနေရာက လွန်ခဲ့တဲ့ ခြောက်လလောက်က ထောင်က လွတ်လာတဲ့ ရိုစီတာသိမ့် ပဲ၊ သူက ခုတလော နယ်စပ်မှာ ပြန်ထလာတဲ့ မူးယစ်ဆေးနဲ့ လက်နက်ရောင်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် စောအောင်လ နဲ့ ပေါင်းပြီး ကြံတာပဲ”
အန်ကယ်ကြီးက powerpoint ထဲမှ ဓါတ်ပုံများကို ပြရင်း ပြောသည်။

“ပိုပြီး အရေးကြီးသွားတာက အခုအဖမ်းခံရတဲ့ မိန်းကလေးတွေ ထဲမှာ အစိုးရအရာရှိကြီး တစ်ယောက်ရဲ့ သမီးလည်း ပါတယ်၊ ဒီတော့ မင်းတို့ အနေနဲ့ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဒီမိန်းကလေးတွေကို ကယ်နိုင်ရမယ်၊ တို့ရဲ့ သတင်းပေး တစ်ယောက် အပြောအရ ဆိုရင် ကောင်မလေးတွေက စောအောင်လရဲ့ စခန်းထဲကို ရောက်နေပြီ၊ ဒီညနေမှာ မင်းတို့ကို အဲဒီစခန်းကနေ မမြင်နိုင်တဲ့ နေရာမှာ လေထီးနဲ့ ချပေးမယ်၊ အဲဒီမှာ ရှိတဲ့ တို့လူတစ်ယောက် လမ်းပြလိမ့်မယ်၊ မင်းတို့ သုံးယောက် အခြေအနေကြည့်ပြီး လှုပ်ရှားဖို့ပဲ”
အန်ကယ်ကြီးက နောက်ထပ် Slide များကို ထပ်ပြသည်။
“ဒါတွေက Satellite က ရထားတဲ့ စောအောင်လရဲ့ စခန်းပဲ၊ နောက် လေးရက်လောက် နေရင် ဒီစခန်းကို သိမ်းဖို့ စီစဉ်နေတယ်၊ ဒါပေမယ့် တို့က အဲဒီအချိန်ထိ စောင့်လို့မရဘူး၊ မိန်းကလေးတွေကို အချိန်မီ ကယ်နိုင်ဖို့ အရေးကြီးတယ်၊ သူတို့ စခန်းရဲ့ အင်အားကလည်း မသေးဘူး၊ ဒါပေမယ့် တို့ဘက်က အဖွဲ့လိုက်သွားပြီး လူသိအောင် လုပ်လို့လည်း မဖြစ်ဘူး၊ နားလည်တယ်နော်၊ မင်းတို့ ရည်ရွယ်ချက်ကို ဘယ်သူမှ မရိပ်မိစေနဲ့၊ တိတ်တဆိတ် လှုပ်ရှားပါ၊ ဟုတ်ပြီလား”
“ဟုတ်ကဲ့ နားလည်ပါတယ် အန်ကယ်ကြီး”
******
(၂)
တောအုပ်ထဲမှ အချက်ပြမီး ထွက်ပေါ်လာသော နေရာ အပေါ်မှာ စိမ်းဝတီ တို့ သုံးယောက်သား လေထီးဖြင့် ခုန်ဆင်းခဲ့ကြသည်။ ကောင်းကင်က မှောင်စပြုနေပြီ။ ကံကောင်းထောက်မ သဖြင့် သုံးယောက်သား ဘေးရန်ကင်းကင်းနှင့် မြေပြင်ရောက်သွားသည်။ စိမ်းတို့ကို အချက်ပြသူမှာ စိမ်းတို့၏ သတင်းပေး ဦးစောထီး ပင် ဖြစ်သည်။ လေထီးများကို ကိုယ်ပေါ်မှ ဖြုတ်၍ ချုံများကြားတွင် ဝှက်ထားလိုက်ကြသည်။ စိမ်းတို့မှာ စောအောင်လ စခန်းနှင့် ပတ်သက်၍ အသေးစိတ် မြေပုံများ ပါလာသော်လည်း အခုလို မှောင်နေပြီ ဖြစ်သော ညအခါတွင် ဦးစောထီး လမ်းပြသည့်နောက်ကို လိုက်သည်က ပို၍ မြန်မည် ဖြစ်သည်။

တဖြည်းဖြည်းနှင့် ညက ပို၍ ပီပြင်လာသည်။ ပိုးကောင်သံ စိုးစိုးစီစီ မှအပ ညက တိတ်ဆိတ်နေသည်။ လ ကလည်း မထွက်သေး။ လက်နှိပ်ဓါတ်မီး အသေးစားလေးများ အလင်းရောင်နှင့်သာ ရှေ့သို့တိုးသွားနေရသည်။ ဦးစောထီးက ရှေ့မှသွားသည်။ စိမ်းဝတီက နောက်ဆုံးက လိုက်သည်။ ဘာအစောင့် တစ်ယောက်တစ်လေ နှင့်မှ မတွေ့ရ။ စခန်းကို မြင်ရသော နေရာသို့ ရောက်သည်နှင့် ဦးစောထီးက ပြန်သွားသည်။

ညက စောသေးသည်။ စခန်းထဲတွင် မီးများ လင်း၍ လှုပ်ရှားသွားလာနေတုန်းပင် ရှိသေးသည်။ စိမ်းဝတီတို့သည် ချုံထဲတွင် ဝပ်၍ ညအနည်းငယ် နက်သည်အထိ စောင့်ရမည်။ စိမ်းသည် သူမ၏ ဖုန်းကိုဖွင့်ပြီး စခန်း အနေအထားကို ပြန်ကြည့်နေသည်။ Settelite က ရိုက်ထားသော ပုံများဖြစ်သည်။ ခက်တာက မိန်းကလေးများကို ဘယ်မှာ ထားသည်ကို အတိအကျ မသိရခြင်းပင်။ အန်ကယ်ကြီးကို ဆက်သွယ်၍ အခြေအနေကို ပြောလိုက်သည်။
“Engle မှ အသိုက်သို့ ကျွန်တော်တို့ အစာနားကို ရောက်နေပြီ၊ အခြေအနေ အားလုံးကောင်းတယ်၊ နောက်တစ်နာရီလောက် နေရင် ဝင်ယူမယ်”
“အသိုက် မှ Engle သို့ ၊ ကောင်းတယ်၊ Settelite ကရိုက်ထားတဲ့ အနီးကပ်ပုံတွေ ထပ်ရထားတယ်..၊ မင်းကို ပို့ပေးလိုက်မယ်၊ တို့ မှန်းဆရသလောက်ကတော့ အတွင်းဘက် သုံးခုမြောက် အဆောင်မှာ မိန်းကလေးတွေကို ထားမယ်လို့ ထင်ရတယ်”

စိမ်းဝတီတို့ ဆက်စောင့်နေတုန်း ထိုနေရာနားသို့ အစောင့်တစ်ယောက် လမ်းလျှောက်လာသည်။ သုံးယောက်သား ချုံပုတ်ထဲမှာ အသံမကြားအောင် ဝပ်နေလိုက်ရသည်။ နောက်ထပ်တစ်ယောက် ထပ်လျှောက်လာပြန်သည်။ နှစ်ယောက်သား စကားပြောပြီး အတွင်းဘက်သို့ပြန်လျှောက်သွားကြသည်။ အချိန်မတိုင်သေးသဖြင့် ငြိမ်နေလိုက်ရသည်။

ညက တဖြည်းဖြည်း ရင့်လာသည်။ တစ်ချို့အဆောင်များမှာ မီးမှိတ်သွားသည်။ သုံးယောက်သား ခွဲ၍ မီးမှိတ်သွားသော အဆောင်များဆီသို့ ချဉ်းကပ်လိုက်ပြီး ကျောပိုးအိတ်ထဲမှာ အသင့်ယူလာသော ကပ်မိုင်းလေးများကို ကပ်လိုက်ကြသည်။ သေးငယ်သော်လည်း ပေါက်ကွဲအားကောင်းသော အသေးစား ဗုံးငယ်များ ဖြစ်သည်။ တတ်နိုင်သမျှ ဗုံးများကပ်ပြီးနောက် စွမ်းနိုင် နှင့် ထက်အာကာကို တစ်ခုခု ဖြစ်လျှင် ကာပစ်ဖို့ထားပြီး စိမ်းက အတွင်းဘက်သို့ ချဉ်းကပ်ခဲ့သည်။ ဒုတိယမြောက် အဆောင်ဘေးသို့ အဆင်ပြေပြေ ရောက်သွားသည်။ အစောင့် တစ်ယောက်မှ အနီးအနားမှာ မရှိပါ။ အဆောင် အပေါက်ဝမှာ အစောင့် တစ်ယောက် ထိုင်ပြီး ငိုက်နေသည်။ ဆိုင်လင်ဆာ တပ် ပစ္စတိုနှင့် အစောင့်ကို ရှင်းလိုက်သည်။ အစောင့်က ခေါင်းငိုက်စိုက်ကျကာ ငိုက်နေသလို ပုံပဲမို့ အပြင်က ကြည့်လျှင် သေနေသည်ဟု မသိနိုင်။

ကံကောင်းထောက်မစွာပင် ထိုအဆောင်က မိန်းကလေးတွေကို ထားသော အဆောင် ဖြစ်နေသည်။ အတွင်းမှာ သော့ခတ်ထားသော အခန်းလေးများ ရှိသည်။ စိမ်းသည် သော့များကို သေနတ်နှင့် ပစ်၍ ဖျက်ပြီးနောက် မိန်းကလေးများကို ထွက်ခိုင်းလိုက်သည်။ ထို အခန်းထဲတွင် ရှိသော မိန်းကလေးများကို စစ်ဆေးကြည့်သောအခါ အရာရှိကြီး၏ သမီးမှာ ထိုအထဲတွင် မပါဝင်ကြောင်း တွေ့ရသည်။ မိန်းကလေးများ ပြောတာကတော့ ဒီည ဧည့်သည် တစ်ယောက် ရောက်နေ၍ ဧည့်သည်ဆောင်သို့ ခေါ်သွားသည် ဟု ဆိုသည်။ ဤမိန်းကလေးများကို စွမ်းနိုင်တို့ ရှိရာ အပြင်ဘက်သို့ အရင်ပို့ပြီးမှ ကျန်သော မိန်းကလေးကို ရှာရမည် ဖြစ်သည်။

မိန်းကလေးများကို ရှေ့ကသွားခိုင်းပြီး စိမ်းက အဆောင်ဘေးက ကာပစ်ပေးရန် အခြေအနေကြည့်နေသည်။ မိန်းကလေး များ ကွင်းတစ်ဝက်လောက် အရောက်မှာမှ တစ်ခြား အဆောင်က အစောင့်အချို့ သိသွားကြသည်။ မထူးတော့ပြီမို့ ပစ္စတိုကို သိမ်းကာ  စက်သေနတ်ကလေး ကို ထုတ်ပစ်လိုက်သည်။ စွမ်းနိုင် နှင့် ထက်အာကာ ကလည်း ပုန်းခိုနေရာမှ ကာပစ်ပေးသည်။ စိမ်းတို့ ထောင်ထားခဲ့သော ဗုံးများကို အဝေးထိန်း စနစ်နှင့် ဖောက်ခွဲပစ်လိုက်သည်။ ထိုဗုံး များ ပေါက်ကွဲသွားသောကြောင့် တော်တော် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သူတို့ဘက်က ကစဉ့်ကလျား ဖြစ်သွားချိန်မှာ မိန်းကလေးများလည်း အကာအကွယ်နောက်သို့ ရောက်သွားသည်။

စိမ်းကတော့ နောက်ဘက်က အဆောင်ကို ကူးခဲ့သည်။ အစောင့် နှစ်ယောက်ကို အသံတိတ် ရှင်းပစ်လိုက်ပြီး အိမ်တွင်းသို့ ဝင်လာခဲ့လိုက်သည်။ အတွင်းခန်း ဘက်မှ အသံတစ်ချို့ ကြားရသည်။ ထို အခန်းအတွင်းသို့ ဝင်လိုက်တော့ တဏှာဘီလူး မျက်နှာနှင့် တစ်ဘက် နိုင်ငံသား ယောကျ်ားကြီး တစ်ယောက်နှင့် တုန်တုန်ရီရီ အင်္ကျီချွတ်နေသော မိန်းကလေး တစ်ယောက်ကို တွေ့ရသည်။ စိမ်းကို မြင်သည်နှင့် ထိုလူက သေနတ်ကို ဆွဲထုတ်သည်။ သို့သော် စိမ်းက သူ့ထက် ပိုမြန်ပါသည်။ ပြဿနာက မိန်းကလေး ကို စိမ်းဝတီ မတားလိုက်နိုင်ခင်မှာ အခန်းအပြင်သို့ ထွက်ပြေးသွားသည်။

စိမ်းဝတီ အခန်းအပြင်သို့ ထွက်လိုက်တော့ သေနတ်သံများက ကြိုဆိုနေသည်။ ထောင့်စွန်းတစ်ခုကို အမြန်ပြေးကပ်လိုက်ရသည်။ လှမ်းကြည့်လိုက်တော့ ထွက်ပြေးသွားသော မိန်းကလေးကို လူတစ်ယောက်က ချုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သေချာကြည့်လိုက်တော့ ထိုသူမှာ စောအောင်လ ဖြစ်နေသည်။ စက်သေနတ်နှင့် လက်တစ်ဘက်က ပစ်ရင်း တစ်ဘက်က မိန်းကလေး၏ လည်ပင်းကို ချုပ်ကိုင်ထားသည်။ မိန်းကလေး သူ့လက်မှာ ရှိနေသောကြောင့် စိမ်းမှာ သူ့ကို ပြန်လှန် ပစ်လို့ မရပဲ ဖြစ်နေသည်။

စောအောင်လက မိန်းကလေးကို ခေါ်ဆောင်ရင်း ရဟတ်ယာဉ်ကွင်း ဆီသို့ သွားနေသည်။ စိမ်းကလည်း နောက်မှ လိုက်သွားသည်။ သေနတ်ကို စောအောင်လ တို့ နှစ်ယောက်ဆီသို့ ချိန်ထားသော်လည်း မြင်ကွင်းက မရှင်း။ မိန်းကလေးကို ထိသွားမည် စိုးသဖြင့် စိမ်းမှာ မပစ်ရဲပဲ ဖြစ်နေသည်။ သူတို့ နှစ်ယောက် အဆောက်အအုံဘေးမှ ကွင်းထဲတွင် ရပ်ထားသော ရဟတ်ယာဉ်ဆီသို့ ရောက်သွားသည်။ ရဟတ်ယာဉ်တွင် မောင်းမည့်သူ ကလည်း အဆင်သင့် ရှိနေပုံရသည်။ စောအောင်လ က မိန်းကလေးကို ခုံတစ်ခုံတွင် လက်ထိပ်ခတ် ထားလိုက်ပြီး သူကိုယ်တိုင်ကတော့ ရဟတ်ယာဉ် အပေါက်ဝမှ စက်သေနတ်နှင့် ရမ်းပစ်နေသည်။ စိမ်း ကွင်းပြင်သို့ ထွက်လိုက်သော အခါမှာ အစောင့်နှစ်ယောက်ကလည်း ထွက်လာပြီး ပစ်သည်။ သို့သော် စိမ်း လှမ်းဆွဲလိုက်သော စက်သေနတ်အတွဲက သူတို့ နှစ်ယောက်ကို မှန်သွားပြီး သူတို့ ပစ်လိုက်သော ကျည်ဆံက စိမ်း၏ ဘယ်ဘက် ပခုံးစွန်း အနီးမှ ဖြတ်သွားသည်။

စောအောင်လ၏ သေနတ်ပစ်ကွင်းမှ လွတ်ကင်းရာ အခြမ်းကို ကွေ့ပတ်၍ သွားလိုက်သည်။ စိမ်းဝတီ ရဟတ်ယာဉ်ဘေးသို့ ရောက်သည့်အချိန်မှာ ရဟတ်ယာဉ်က စက်နှိုးပြီး၍ မြေပြင်မှ တော်တော်မြင့်တက်နေလေပြီ။ သို့သော် စိမ်းက အောက်ဘက် ထောက်တန်းကို ခုန်ဆွဲ၍ လိုက်ပါသွားနိုင်ခဲ့သည်။ ထောက်တန်းကို လက်တစ်ဘက်နှင့် ခိုတွယ်ထားရင်း စွမ်းနိုင်ကို ဆက်သွယ်လိုက်သည်။
“မိန်းကလေးတွေကို ခေါ်ပြီး ဆုတ်တော့ စွမ်း၊ ငါ စောအောင်လ နောက်ကို လိုက်သွားတယ်။ အဓိက မိန်းကလေးက စောအောင်လ လက်ထဲမှာ ပါသွားတယ်လေ၊ ဒါပဲ နောက်မှ ဆက်သွယ်မယ်နော်”
*****
(၃)
စိမ်းဝတီ ကို မစောင့်ရတော့မှန်း သေချာသွားသောအခါ ရဲစွမ်းနိုင် နှင့် ထက်အာကာက မိန်းကလေးတွေကို ခေါ်ပြီး ဆုတ်ဖို့ ပြင်သည်။ မိန်းကလေးတွေက စုစုပေါင်း ၈ ယောက် ရှိသည်။ မိန်းကလေးတွေကို စောင့်နေရသောကြောင့် ခရီးက မတွင်ပဲ ဖြစ်နေသည်။ ခေါင်းဆောင်၏ စီမံ ကွပ်ကဲမှု မရှိသော်လည်း စွမ်းနိုင်တို့ နောက်မှာ လိုက်လာသူတွေ အတော်များများ ရှိသည်။ သူတို့ နှစ်ယောက် ကိုင်၍ ပစ်နေသော စက်ကလေးနှစ်လက်မှာလည်း ကျည်ကပ် အတော်များများ ကုန်နေလေပြီ။ ကံကောင်းသည်က မိန်းကလေးများကို ရှေ့မှ သွားခိုင်းပြီး သူတို့ နှစ်ယောက်က နောက်မှ ကာပစ်ပေးနေသောကြောင့် အခုထိတိုင် မိန်းကလေးများကို မထိခိုက်သေးပါ။ မိန်းကလေး တစ်ယောက် နှစ်ယောက်ကို ရှပ်မှန် သွားတာလောက်သာ ရှိပါသည်။

ရဟတ်ယာဉ် ကို message ပို့၍ လာခိုင်းထားပြီး ဖြစ်သော်လည်း ရဟတ်ယာဉ် ဆင်းမည့် နေရာသို့ ရောက်ဖို့က အတော်လိုနေသေးသည်။ မိန်းကလေးတွေထဲမှ တစ်ယောက်က ဖျတ်ဖျတ်လတ်လတ်နှင့် ကျန်သည့် မိန်းကလေးများကို ဦးဆောင်၍ ပုန်းကွယ်ဖို့ ပြေးဖို့ လိုက်လုပ်ပေးနေသောကြောင့်သာ တော်တော့သည်။

စွမ်းနိုင်ကတော့ သူ့ စက်ကလေး တစ်လက်ကို လွှတ်ပစ်လိုက်ပြီး တစ်လက်ကို ကျည်ကပ်လဲနေရသည်။ သူတို့ဘက်က ပစ်အားလျော့သွားသည့် အခိုက်အတန့်မှာ ကောင်မလေး တစ်ယောက်ကို ထိသွားသည်။ သူမ အနားက တစ်ယောက်က ဖေးမ၍ ရဟတ်ယာဉ်ဆီသို့ တွဲခေါ်သွားသည်။ နောက်တစ်ယောက်ကတော့ ရဟတ်ယာဉ်နား ရောက်ကာနီးမှ ပခုံးကို မှန်သွားသည်။ ကောင်မလေးတွေ အားလုံးနီးပါး ရဟတ်ယာဉ်ပေါ်သို့ ရောက်သွားသည့် အခိုက်မှာ သူမတို့ကို ဦးဆောင်ခဲ့သော ကောင်မလေးက နောက်ချန်နေခဲ့သောကြောင့် ကျန်နေသည်။ ဟိုဘက်မှလည်း ပစ်အားက ပိုကောင်းလာသောကြောင့် သူမလည်း ပြေးနေဆဲမှာပင် ခြေထောက် ထိမှန်ပြီး လဲကျသွားသည်။

ထက်အာကာက နောက်ကို လှည့်ပစ်နေရင်း သူမဆီ ပြေးသွား၍ ထူရသည်။ သူတို့ နှစ်ယောက် တွဲပြီး ပြေးနေသော အချိန်မှာ စွမ်းနိုင်က ကာပစ်ပေးထားသည်။ ရဟတ်ယာဉ်က အဆင်သင့် စက်နှိုး၍ ပျံတက်ရန် အသင့် ဖြစ်နေပြီ။ ထက်အာကာက ရဟတ်ယာဉ် တံခါးပေါက်မှာ ထိုင်ရင်း စွမ်းနိုင်ကို ကာပစ်ပေးရသည်။ ရဟတ်ယာဉ်ကို ဝိုင်းပစ်နေသော ကျည်ဆံများက ပလူပျံနေသည်။ နောက်ဆုံးတော့ ရဲစွမ်းနိုင် ရဟတ်ယာဉ်နားသို့ ရောက်လာသည်။ သူရောက်လာပြီကို သိသည်နှင့် တပြိုင်နက် ရဟတ်ယာဉ်က ပျံတက်တော့သည်။ ထက်အာကာက စွမ်းနိုင်ကို ဆွဲတင်နေစဉ် ပစ်မည့်သူ မရှိတော့သောကြောင့် လစ်ဟာသွားသော အချိန်ကလေးအတွင်း ကျည်ဆံတစ်ခုက စွမ်းနိုင်၏ ညာဘက် ကျော ပခုံးစွန်းကို လာရောက်ထိမှန်သည်။ နောက်ဆုံးတော့... အောက်ဘက်မှ ပစ်နေသော ကျည်ဆံများကြားမှပင် သူတို့ ရဟတ်ယာဉ် လွတ်လွတ်ကင်းကင်း ပျံတက်လာနိုင်ခဲ့သည်။
*****
(၄)

စိမ်း အပေါ်ဘက်သို့ တက်ဖို့ ကြိုးစားခွင့် မရခင်မှာပင် ရဟတ်ယာဉ်က မြေပြင်သို့ ဆင်းသက်ရန် ပြင်သဖြင့် စိမ်းလည်း အောက်ဘက် ဒေါက်တန်းပေါ်မှာပင် အသာ ငြိမ်နေလိုက်သည်။ စောအောင်လ က စိမ်းဝတီ ပါလာမှန်း သိပုံမပေါ်ပါ။ မြစ်တစ်ဖက်ကမ်းမှာ သိပ်မဝေးသဖြင့် ချက်ချင်းပင် ရောက်သွားသလို ထင်မိသည်။ စောအောင်လ က မိန်းကလေးကို ခေါ်ပြီး ဆင်းသွားသည်။ စိမ်းဝတီက အပေါက်ဝ မဟုတ်သည့် တစ်ဖက်ဘေးမှာ ကွယ်နေသဖြင့် စောအောင်လရော လာကြိုသူ များပါ မမြင်လိုက်ချေ။ ရဟတ်ယာဉ်မောင်းကတော့ မဆင်းသေး။ ရဟတ်ယာဉ်မောင်းသူ ဆင်းလျှင် စိမ်းကွယ်နေသောဘက်ရှိ ရှေ့တံခါးပေါက်မှ ဆင်းရမည် ဖြစ်သည်။

စိမ်းဝတီသည် ရဟတ်ယာဉ်မောင်းကို ရှင်းပြီး အနီးက ခြုံထဲသို့ သွင်းထားခဲ့သည်။  ရဟတ်ယာဉ်မောင်း၏ ဝတ်စုံကို ဝတ်၍ ထိုလူ၏ နေကာမျက်မှန် အကြီးကြီးကို တပ်ကာ ပါလာသော ဦးထုပ်ကို ဆောင်းလိုက်သောအခါ စိမ်းကို ဘယ်သူမှန်း မသိနိုင်တော့ပါ။ စိမ်းလည်း ခပ်တည်တည်ပင် စခန်းအတွင်းသို့ ဝင်လာခဲ့သည်။ အဆောင် တစ်ခု ဘေးမှ အစောင့်တစ်ယောက်က စိမ်းကို ဘယ်သူလဲ ဟု မေးသဖြင့် စောအောင်လ ၏ ရဟတ်ယာဉ်မောင်း ဖြစ်ကြောင်း ပြောရာ သူက ခပ်ဝေးဝေးမှ အဆောင်တစ်ခုကို ညွှန်ပြ၍ သွားနေရန် ပြောသည်။ သူပြောသည့် အဆောင်ဘက်သို့ ဣန္ဒြေမပျက် လျှောက်သွားလိုက်သည်။ သို့သော် သူ့မျက်ကွယ် ရောက်သည်နှင့် အဆောင် နံရံ မှောင်ရိပ်တစ်ခု တွင်းသို့ ဝင်နေလိုက်သည်။

အချိန်က လင်းအားကြီး သုံးနာရီလောက် ဖြစ်နေလေပြီ။ စိမ်းက ရဟတ်ယာဉ်မောင်းကို ရှင်းနေချိန်တွင် စောအောင်လက အဆောင်တစ်ခု အတွင်းသို့ ဝင်သွားသောကြောင့် ဘယ်အဆောင်ကို ဝင်သွားသည်ကိုတော့ သေချာမမြင်လိုက်ရပေ။ ကြားထားသော သတင်းအရ မနက်လင်းလျှင် မိန်းကလေးများကို လေလံတင်မည့် ပွဲတစ်ခု ရှိပုံပေါ်သည်။ အခုချက်ချင်း မိန်းကလေးကို ခေါ်ထုတ်သွားမည့် အစား မနက်လင်းမှ လေလံပွဲကို ဖျက်ရလျှင် ပိုကောင်းမည်ဟု စိမ်းထင်သည်။ သို့သော် အန္တရာယ်တော့ ပိုများလိမ့်မည်။ မနက်မလင်းခင်မှာပင် လုပ်စရာ ရှိတာကိုလည်း လုပ်ထားရလိမ့်မည်။

ဖုန်းကို ဖွင့်၍ ယခုရောက်နေသော စခန်း၏ တည်နေရာကို ရှာရင်း စခန်းနှင့် ပတ်သက်သည်များကို ရှာဖွေကြည့်တော့ ဒီဘက်ပိုင်းမှာ နာမည်ကြီးသော မူးယစ်ဆေး နှင့် မကောင်းတာ မှန်သမျှ အကုန်လုပ်သော ဂိုဏ်းကြီး တစ်ခု ဖြစ်မှန်းသိရသည်။ ဒီဘက် နယ်စပ်ရှိ စစ်တပ်များကိုပါ ပေါင်းထားနိုင်သောကြောင့် အတိုက်အခိုက်မရှိပဲ ကြာရှည်တည်တံ့နေသော ဂိုဏ်းကြီး တစ်ခုလည်း ဖြစ်သည်။

စိမ်းဝတီ၏ ကိုယ်ပေါ်မှာ ပစ္စတိုတစ်လက် အပြင် ကျည်ပို အနည်းငယ်သာ ပါလာသည်။ ရဟတ်ပေါ်ခိုတွယ်လိုက်စဉ်  လက်ထဲမှ စက်သေနတ်ကလေးကို ချပစ်ခဲ့မိသည်။ လက်နက်သိုလှောင်သော စတိုခန်းကို ရှာ၍ လက်နက်နှင့် ပေါက်ကွဲစေသော ပစ္စည်းတစ်ချို့ရနိုင်လျှင် ကောင်းမည်ဟု တွေးမိသည်။ Setallite မှ မြေပုံကို ကြည့်၍ ဖြစ်နိုင်မည့် အဆောင်ကို ရှာလိုက်သည်။ အပြင်ထွက်ပြီး အခြေအနေကြည့်တော့ အစွန်နားရှိ စတိုခန်းသဘော လုပ်ထားသော အဆောင်တစ်ခုကို တွေ့သည်။ ရှေ့တွင် စောင့်နေသော အစောင့်က အိပ်မောကျနေသဖြင့် အတွင်းဘက်သို့ ခပ်လွယ်လွယ်ပင် ဝင်လို့ ရသွားသည်။ စိမ်းထင်သည့် အတိုင်း လက်နက်ခန်းပင် ဖြစ်သည်။ မိုင်းအနည်းငယ် ယူပြီး မှောင်ရိပ်ခို၍ မိုင်းများကို လိုက်ကပ်သည်။ တည့်တည့်တိုးသော အစောင့်ကို ရှင်းမပြနိုင်သဖြင့် ရှင်းလိုက်ရသည်ကလွဲ၍ ဘယ်သူမှ မသိလိုက်ပါ။ အဆောင် တော်တော်များများမှာ ပေါက်ကွဲအား ပြင်းထန်သော မိုင်းများ ကပ်ခြင်းကို တတ်နိုင်သမျှ မြန်မြန် လုပ်လိုက်သည်။ အရုဏ် မတက်ခင်မှာပင် အားလုံး ပြီးသွားသည်။

ထို စတိုခန်းထဲမှာပဲ ခဏနေပြီး ဌာနချုပ်သို့ ဆက်သွယ်ပြီး ဤစခန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို တောင်းလိုက်သည်။ မိန်းကလေးများကို ဘယ်လို ရောင်းဝယ် ကြသည်ကိုလည်း မေးကြည့်ရာ တစ်ပတ်တစ်ခါ လေလံပွဲ အကြီးအကျယ် လုပ်ရာ မနက်ဖြန် မနက်သည် လေလံပွဲ လုပ်မည့် ရက် ဖြစ်ကြောင်း သိရသည်။ သို့သော် မိန်းကလေးကို ကယ်နိုင်သည် ဖြစ်စေ၊ မကယ်နိုင်သည် ဖြစ်စေ၊ စိမ်းကို ဘာမှ မလှုပ်ရှားပဲ ပြန်လာခဲ့ဖို့ သတိပေးသည်။ သူတစ်ပါး နယ်မြေတွင် ဒုက္ခရောက်လျှင် ဘယ်သူမှ မကယ်နိုင်ကြောင်း အန်ကယ်ကြီးက ပြောသည်။ စိမ်း ကိုယ်တိုင်ကလည်း ယောကျ်ားလေး တစ်ယောက် မဟုတ်ပဲ မိန်းကလေး တစ်ယောက် ဖြစ်နေသောကြောင့် အန္တရာယ်ကြီးလှသော ထိုစခန်းထဲမှ မြန်မြန်ထွက်ခဲ့ဖို့ ပြောခြင်းဖြစ်သည်။ အန်ကယ်ကြီး ဘာပဲပြောပြော စိမ်းဝတီကတော့ ထိုလေလံပွဲကို နှောက်ယှက်ဖျက်ဆီးပြီးမှ ပြန်လာဖို့ ဆုံးဖြတ်ပြီး ဖြစ်သည်။
*****

(၅)
စိမ်းဝတီသည် နယ်စပ် စခန်းထဲတွင် မှောင်ရိပ်ခို၍ သွားလာနေရင်း စောအောင်လ နေသော အဆောင်ကို ရှာတွေ့သွားသည်။ အရုဏ် မတက်ခင် ၄ နာရီလောက်မို့ အစောင့်အားလုံးက အိပ်မောကျနေကြသည်။ ထိုအဆောင်ထဲသို့ စိမ်း ဝင်သွားပြီး စောအောင်လ အခန်းကို ရှာသည်။ ပထမဆုံး စိမ်း ဖွင့်လိုက်သော နှစ်ခန်းက စောအောင်လ မဟုတ်သော အရာရှိနှစ်ယောက်က မိန်းကလေး ကိုယ်စီနှင့် အိပ်မောကျနေကြခြင်း ဖြစ်သည်။ တစ်ခန်းကတော့ ဖွင့်ရုံဖွင့်ကြည့်ရာမှာ မနိုးသောကြောင့် ပြန်ပိတ်ထားခဲ့သည်။ နောက်တစ်ခန်းကတော့ နှစ်ယောက်စလုံး နိုးသွားသောကြောင့် သေနတ်ပြပြီး ခြိမ်းခြောက်၍ ကြိုးတုပ်ထားခဲ့ရသည်။ သုံးခန်းမြောက်မှာတော့ စောအောင်လ ကို တွေ့ရသည်။ သူခေါ်လာသော မိန်းကလေးကိုတော့ မတွေ့ရပါ။

စောအောင်လက သေနတ်ထုတ်ဖို့ ကြိုးစားသေးသော်လည်း စိမ်းက ချိန်ထားပြီး ဖြစ်သည်ကို မြင်သောအခါ လက်လျှော့သွားသည်။ စောအောင်လလို လူမျိုးက ဘာမှ သတ္တိရှိသူ မဟုတ်။ သေနတ်နှင့် ချိန်ထားတော့ သူသိသမျှ အားလုံး ပြောသည်။ မိန်းကလေးကို တစ်ခြား မိန်းကလေးတွေနှင့် အတူ ထားလိုက်ကြောင်း သိရသည်။ လေလံချိန်က မနက် ၉ နာရီ။ စိမ်းအတွက် အကြာကြီး စောင့်စရာ မလိုတာ ကံကောင်းသည်။ စောအောင်လကို လေလံချိန် အထိ ကြိုးတုပ်ပြီး ထိန်းထားနိုင်သည်။

စိမ်းဝတီသည် စောအောင်လ ဆီက ဝတ်စုံ တစ်စုံ ယူဝတ်လိုက်သည်။ စောအောင်လကိုလည်း အဝတ်အစား လဲခိုင်းလိုက်သည်။ ထို့နောက် စိမ်း ၏ ကုတ်အင်္ကျီအောက်တွင် စောအောင်လ ကို သေနတ်နှင့် ချိန်ထားလျှက်နှင့် နှစ်ယောက်သား လေလံပွဲသို့ သွားသည်။ တမင်ပင် အနည်းငယ် နောက်ကျပြီးမှ သွားသဖြင့် လေလံပွဲက စတင်နေလေပြီ။ သူတို့ နှစ်ယောက်ကို ဘယ်သူကမှ သတိမထားမိကြ။ အပြင်မှ အစောင့်များကလည်း အတွင်းဘက်သို့ ချောင်းကြည့်ဖို့ ကြိုးစားနေကြသည်။

စိမ်းတို့ ဝင်သွားတော့ မိန်းကလေး တစ်ယောက်ကို လေလံတင်နေလေပြီ။ မြန်မာ မိန်းကလေး ပင် ဖြစ်သည်။ စိမ်း ရှာနေသော မိန်းကလေးတော့ မဟုတ်ပါ။ ထို တစ်ယောက် ပြီးတော့ နောက်တစ်ယောက်။ မိန်းကလေး အားလုံးက အရှက်လုံရုံလောက်သာ ဝတ်ထားကြသည်။ တစ်ဖက်နိုင်ငံမှ သဌေးများက အပြိုင်အဆိုင် လေလံဆွဲယူနေကြသည်။ ထိုကဲ့သို့ ဝယ်ယူခြင်း ခံရသော မိန်းကလေးများ၏ ဘဝမှာ ကယ်မည့်သူသာ မရှိပါက ပြန်လမ်းမရှိသော ဘဝသို့ ရောက်ရရှာတော့မည် ဖြစ်သည်။ အလုပ်ကြမ်းများ အဆမတန် ခိုင်းသလို သားဖောက်စက်လို အိပ်ရာဝင် အဖော်လို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရကာ သူတို့လက်မှ လွတ်အောင်လည်း ထွက်မပြေးနိုင်ပဲ ဒုက္ခဆင်းရဲ ခံနေကြရသည်။

နောက်ထပ် လေလံပစ်ခံရသော မိန်းကလေးမှာ စိမ်း ရှာနေသော မိန်းကလေး ဖြစ်သည်။ မိန်းကလေးမှာ ကိုယ်လုံးတီး ဖြစ်လုနီးနီး အချွတ်ခံထားရသော ကြောင့် ချမ်းလည်း ချမ်း ကြောက်လည်း ကြောက်ပြီး တုန်နေသည်။ စိမ်းဝတီ လည်း သဌေးများနှင့် အပြိုင်ဝင်ပြီး လေလံဆွဲရသည်။ တစ်ဖက်နိုင်ငံ စကားကို ထမင်းစားရေသောက်လောက် သင်ထားသောကြောင့်သာ တော်တော့သည်။ စိမ်းက သူတို့ထက် အများကြီး ပိုပေးလိုက်သောကြောင့် ထို မိန်းကလေးကို စိမ်း ရလိုက်သည်။ ပိုက်ဆံကို ဘယ်လို ပုံစံမျိုးနှင့် ပေးရမလဲတော့ မသိသေး။ ကောင်မလေးကတော့ စိမ်း လက်ထဲ ရောက်လာသည်။ တစ်ခြား မိန်းကလေးတွေကို ဆက်ပြနေတုန်း မသိမသာနှင့် စိမ်း ထွက်လာခဲ့သည်။ လေလံအခန်းကို သူတို့က မီးမှိတ်ထားပြီး မိန်းကလေး ကို ပြသော တစ်နေရာတည်းကိုသာ မီးထိုးပေးထားသောကြောင့် စိမ်းအတွက် အခွင့်အရေး ပိုရနေသည်။

စောအောင်လကို တစ်ဖက်က သေနတ်နှင့် ချိန်ရင်း မိန်းကလေးကို တစ်ဖက်က ဆွဲ၍ နောက်ဘက် အပေါက်မှ ထွက်လာခဲ့သည်။ ရဟတ်ယာဉ် ဆီသို့ သွားနေခြင်း ဖြစ်သည်။ ရဟတ်ယာဉ်ဆီသို့ ရောက်သွားတော့ စောအောင်လကို ရဟတ်ယာဉ်ပေါ် တက်ခိုင်းပြီး သေနတ်ဒင်နှင့် ထုကာ မေ့အောင်လုပ်လိုက်သည်။ မိန်းကလေးကို နားလည်အောင် ပြောပြီး ရဟတ်ယာဉ်ရှေ့ခန်းမှာ ထိုင်ခိုင်းထားခဲ့သည်။ စိမ်းက ကျန်နေသော မိန်းကလေးများထဲမှ ရနိုင်သလောက် ကယ်သွားချင်သေးသည်။

လေလံပွဲ ကျင်းပနေသော အခန်း ရှေ့မှ အစောင့် နှစ်ယောက်ကို လှဲသိပ်ပြီး သူတို့ဆီက စက်သေနတ်များကို ယူလိုက်သည်။ လေလံပွဲ အခန်းတွင်းသို့ ဝင်ပြီး ခေါင်မိုးကို ပစ်ကာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်လိုက်သည်။ အခန်းထဲတွင် လက်နက်ကိုင် အနည်းငယ်သာ ရှိနေရာ စိမ်းက စက်သေနတ် နှစ်လက်နှင့် ချိန်ထားရာတွင် လက်နက်ချ လိုက်ရသည်။ စိမ်းက ခပ်တည်တည်ပင် မိန်းကလေးများကို ခေါ်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ မိန်းကလေးများ အခန်းပြင်သို့ ရောက်မှ အခန်းတွင်းသို့ တစ်ချက်လောက် ဆွဲပစ်ခဲ့ရာ ဘယ်သူမှ ခေါင်းထောင် မလာရဲအောင် ဖြစ်နေသည်။

မြန်မာ မိန်းကလေးက စုစုပေါင်း ၄ယောက် သာ ရှိသည်။ စိမ်းက သူတို့ကို ရဟတ်ယာဉ် ဆီသို့ သွားခိုင်းလိုက်ပြီး ကျန်သော မိန်းကလေးများကိုတော့ သွားလိုရာ သွားခိုင်းလိုက်သည်။ လေလံပွဲ ကျင်းပရာ အဆောင်မှ သေနတ်သံများကို ကြားပြီး တစ်ခြား အဆောင်များမှ လက်နက်ကိုင်များ ထွက်လာကြသည်။ စိမ်းက ညက တပ်ထားခဲ့သော ဗုံးများကို ခလုတ်နှိပ်ပြီး ခွဲလိုက်ရာ ဟိုနေရာ ဒီနေရာမှ ထ ပေါက်ကွဲကုန်သဖြင့် သူတို့က သူတို့ စခန်းကို တစ်ဖွဲ့ဖွဲ့က လာတိုက်သည် ဟု ထင်သွားပြီး ပြာယာခတ်ကုန်သည်။ မိန်းကလေး လေးယောက်လုံး ရဟတ်ယာဉ်ပေါ် တိုးဝှေ့ တက်ရောက် သွားကြသည်။ သို့သော် စိမ်းက လက်ထဲမှ စက်သေနတ်ကို ရပ်ပြီး ရဟတ်ယာဉ်မောင်း ဖို့ရာ အခက်တွေ့နေရသည်။ အကွယ်တစ်ခုမှ စိမ်းကို လိုက်ပစ်နေသော လက်နက်ကိုင်သုံးယောက်ကို ရပ်အောင် မလုပ်နိုင်လျှင် ရဟတ်ယာဉ် ထွက်နိုင်ဖို့လည်း မလွယ်ကူနိုင်ပေ။

“မင်း ပစ်နိုင်မလား၊ ဒီ မောင်းခလုတ်လေးကို ဆွဲလိုက်ရုံပဲ” စိမ်းက ရှေ့ခန်းတွင် ထိုင်နေသော မိန်းကလေးကို မေးလိုက်သည်။ “ကျွန်မ တစ်ခါမှ မပစ်ဖူးဘူး” မိန်းကလေးက ကြောက်ကြောက်လန့်လန့် နှင့်ပြောသည်။ စိမ်းလက်ထဲမှ စက်သေနတ် တစ်လက်က ကျည်ကုန်သွားသဖြင့် ပစ်လိုက်ရသည်။ စိမ်းက ကျန်သော စက်ကလေး တစ်လက်ကို မိန်းကလေးကို ပေးရင်း ခါးကြားက ပစ္စတိုကို ထုတ်ပစ်လိုက်ရသည်။ ခဏလောက် အလွဲအပြောင်းမှာပင် ကျည်ဆံတစ်တောင့်က စိမ်းလက်မောင်းကို ရှပ်မှန်သဖြင့် ပစ္စတို လွတ်ကျမတတ် ဖြစ်သွားရသည်။ သို့သော် သေနတ်ပေးလိုက်သော မိန်းကလေးက ခလုတ်ကို မှန်မှန်ကန်ကန် ဆွဲနေသဖြင့် ပစ်မှတ်ကို မမှန်သော်လည်း အတားအဆီးတော့ ဖြစ်နေ၍ တော်သေးသည်။ စိမ်းက ရဟတ်ယာဉ်ပေါ်တက်ပြီး စက်နှိုးဖို့ ကြိုးစားနေစဉ်မှာပင် နောက်ခန်းမှ မိန်းကလေးကို ထိသွားသဖြင့် အော်သံတစ်ချက် ကြားလိုက်ရသည်။

နောက်ဆုံးမှာတော့ ရဟတ်ယာဉ် စက်နိုးသွားသည်။ မိန်းကလေး လက်ထဲမှ စက်သေနတ်လည်း ကျည်ဆံကုန်သွားသည်။ ရဟတ်ယာဉ် အပေါ်တက် သွားချိန်မှာ အောက် စခန်းက လူတွေလည်း စုစု စည်းစည်း ဖြစ်သွားလေပြီ။ သူတို့က ရဟတ်ယာဉ်ကို လောင်ချာနှင့် ပစ်ဖို့ ကြိုးစားနေကြသည်။ ကံကောင်းချင်တော့ စိမ်းမောင်းနေသော ရဟတ်ယာဉ်မှာလည်း မောင်းသူ ကိုယ်တိုင် ပစ်နိုင်သော စက်သေနတ်ကြီး တစ်လက်ပါသည်။ စိမ်းက စခန်းပေါ် ပတ်ပျံရင်း စက်သေနတ်ကြီးနှင့် မွှေ့ယမ်း ပစ်ခတ်လိုက်သည်။ လွယ်တာတော့ မလွယ်။ စက်ကြီးကို ထိန်းရသော လက်မှာ ဒဏ်ရာရနေသော လက်ဖြစ်သောကြောင့် ပစ်မှတ်ကို သေချာ ချိန်မပစ်နိုင်သလို ဖြစ်နေသည်။ သို့သော် လောင်ချာ ကိုင်ထားသော လူနှစ်ယောက်ကိုတော့ ဆက်မပစ်အောင် လုပ်လိုက်နိုင်သည်။ မိန်းကလေးက သူ့လက်ကိုင်ပဝါဖြင့် စိမ်း လက်မောင်းမှ ဒဏ်ရာကို စီးပေးနေသည်။ နောက်ခန်းမှ စောအောင်လကတော့ သတိမရသေး။ သူ သတိပြန်ရလာလျှင်လည်း နောက်ခန်းတွင် ပါလာသော မိန်းကလေးများက ထိန်းထားမည်သာ ဖြစ်သည်။
 
ရဟတ်ယာဉ်က မြန်မာနိုင်ငံဘက်သို့ ဦးတည်၍ ပျံသန်းလာခဲ့သည်။ ဌာနချုပ်ကိုလည်း ဆက်သွယ်ပြီး အခြေအနေကို ပြောပြလိုက်သည်။ သူတို့က ရဟတ်ယာဉ် ဆင်းဖို့ နေရာကို စီစဉ်ပေးသည်။ ရဟတ်ယာဉ်မှာ စောအောင်လ၏ ရဟတ်ယာဉ် ဖြစ်သောကြောင့် ထိုရဟတ်ယာဉ်ကို သိနေပြီးသား နယ်စပ် အစောင့်များ က ဘာမှ မတားဆီးပါ။ အစိမ်းရောင် မြစ်ပေါ်မှ ဖြတ်၍ ပျံသန်းပြီးနောက် မြန်မာပိုင် အစိမ်းရောင် တောအုပ်များ ရှိရာကို ရောက်လာသည်။ နယ်စပ်မှ တပ်များကိုလည်း အကြောင်းကြားထားပြီး ဖြစ်သဖြင့် စိမ်းတို့ ရဟတ်ယာဉ်ကို အတားအဆီးမရှိချေ။ ရေဆုံးရေဖျား လိုက်တတ်သော စိမ်းအကျင့်ကြောင့် တစ်နယ်မြေရပ်ခြားတွင် ရောင်းစားခံရတော့မည့် မိန်းကလေးများကို ကယ်နိုင်ခဲ့ရုံသာမက ဘိန်းမှောင်ခိုမှု၊ လူမှောင်ခိုမှု တို့ဖြင့် အလိုရှိနေသော စောအောင်လ ကိုလည်း ဖမ်းလာနိုင်ခဲ့ပြီ ဖြစ်သည်။
*****

(၆)
သို့သော် အန်ကယ်ကြီးတော့ သူ့အမိန့်ကို ဖီဆန်၍ နယ်ခြားမှာ ထင်ရာစိုင်းခဲ့သော စိမ်းကို အတော် ဒေါသ ထွက်နေခဲ့သည်။ အမှန်တကယ်တော့ အန်ကယ်ကြီးက သူ့အဖွဲ့မှ လူများကို ဘယ်တော့မှ မျက်နှာလွှဲ ခဲပစ် မလုပ်တတ်ပဲ စိုးရိမ် ကြီးလှသူ ဖြစ်သောကြောင့် အခု စစ်ဆင်ရေးမှာလည်း စိမ်းဘဝပျက်မှာ စိုးရိမ်၍ တားဆီးခြင်းလည်း ပါသည်။ နယ်ခြားနှင့် ပြဿနာ တက်မှာ စိုးတာလည်း ပါသည်။ ဘာပဲဖြစ်ဖြစ် ထိုစစ်ဆင်ရေး အပြီးမှာတော့ စိမ်းဝတီကို ဝမ်နင်ပေးပြီး လှုပ်လှုပ်ရှားရှား သိပ်မလုပ်ရပဲ တွေးတော ဆင်ခြင်ရသည့် Crime Investigation ဘက်သို့ ခဏ ပြောင်းရွေ့ စေခဲ့ရာ စိမ်းဝတီ ၏ အပေါင်းအသင်းများကလည်း အန်ကယ်ကြီးဆီက ခွင့်ပြုမိန့်တောင်းပြီး စိမ်း ဌာနပြောင်းရာနောက်ကို လိုက်ပါလာခဲ့ကြသည်။
*****

(ဇာတ်လမ်းလည်း သိပ်မခိုင် စွန့်စားခန်း ခပ်ဆန်းဆန်း တွေလည်း မပါတဲ့ သာမန် Action ဝတ္တုလေးပါ။ စိမ်းဝတီ ပါတဲ့ ဝတ္တုလေးတွေ မရေးတာကြာလို့...။ ဒါလေးကိုလည်း စထားတာကြာပြီ။ ကိုယ့်ဟာကိုယ် သိပ်မကြိုက်တာနဲ့ ခုမှပဲ အဆုံးသတ်ဖြစ်ပါတယ်။ လိုအပ်ချက်တွေ ဟာကွက်တွေလည်း အများကြီး ရှိမှာပါ။ “ဗိုင်းရပ်စ်” ဝတ္တုမှာ National Security Agency (NSA) က Agent စိမ်းဝတီကို “အဝေးပြေးကားပေါ်က လူသတ်မှု”နဲ့“အထင်မှား အမြင်မှား” မှာ CSI ရောက်သွားတဲ့ အဆက်အစပ်လေး ယုတ္တိရှိအောင် ရေးပါလို့ ပြောထားဖူးတဲ့သူလည်း ဒါနဲ့ပဲ ကျေနပ်လိုက်ပါနော်...။)

သိင်္ဂါကျော်


27 January, 2011

ပြိုလဲကောင်းကင်... ဒဏ်ရာရ ချစ်ခြင်း


ကောင်းကင်ပြာပြာကို မမြင်နိုင်လောက်အောင် မြူနှင်းတွေ ကျဆင်းနေတာ...။ ပတ်ဝန်းကျင် တခွင်က ဝေဝေဝါးဝါး မှုန်မှုန်မှိုင်းမှိုင်း...။ မြူနှင်းစက်တွေက လမ်းတွေကို စိုစွတ်စေလို့...။ နေရောင်တောက်တဲ့ ကောင်းကင်အောက်မှာမှ ရှင်သန်နိုင်တဲ့ ပန်းကလေးတွေ ဘယ်လို နေကြမလဲလို့ ပိုး သိချင်လှသည်။ ကောင်းကင်ပျောက်သော ဘဝမှာ လဲကျ သေဆုံး သွားမှာလား...၊ အပြာရောင် သမ်းတဲ့ ကောင်းကင် ပေါ်လာတဲ့ အချိန်ထိ ကြံ့ကြံ့ခိုင်မှာလား...။ ရှေ့တလံလောက် ကိုပင် မမြင်နိုင်လောက်တဲ့ နှင်းမြူကြားကို ငေးကြည့်နေရင်း ပိုးဘဝ အနာဂါတ်ကို ကြည့်နေရသလို ထင်လာမိသည်။ ဘာမှ မတွေးတတ်နိုင်လောက်အောင် မရေမရာ အနာဂါတ်ထဲ ပိုးရဲ့ ကောင်းကင်လည်း ပြိုလဲ သွားခဲ့ပြီးမှ ကိုယ့်ကိုယ့်ကိုယ် အားတင်းထားနိုင်မလားတောင် စမ်းတဝါးဝါး မသေမချာ စိတ်နဲ့ ရှင်သန်နေရမည့် ဘဝမှာ ပိုး ဘယ်အချိန်ထိ တောင့်ခံ နိုင်မလဲ ဆိုတာ...။
#####

ပိုး အတွက် ကောင်းကင်ဟာ ကိုကို ပဲ ဖြစ်သည်။ ပိုး အသက်ရှင် နေခဲ့တာ မိုးကောင်းကင် အောက်မှာ မဟုတ်ပဲ ကိုကို့ အရိပ်အောက်မှာလို့လည်း ပြောလို့ရသည်။ ပိုး အရွယ်ရောက်ကာစ ကတည်းက ပထမဆုံး အချစ်ဦး ဟာ ကိုကို။ ကိုကို မျက်နှာကလွဲလို့ ဘာကိုမှ မကြည့်တတ်ခဲ့သူ။ ကိုကို နဲ့ အတူတူ အလုပ်လုပ်ဖို့ ရည်ရွယ်ပြီး တက္ကသိုလ်မှာ ဆရာမ ဝင်လုပ်ဖြစ်တာလည်း ကိုကို့ စကားတစ်ခွန်းကြောင့်သာ ဖြစ်ပြီး ဘာရည်ရွယ်ချက်မှ ကြီးကြီးမားမား ရှိခဲ့တာ မဟုတ်ပါ။ ကိုကို က တစ်ခါတရံမှာ ပိုး အပေါ် မကြင်နာတာမျိုး၊ ပစ်ပစ်ကာကာ ပြောတတ်တာမျိုး ရှိပေမယ့် ကိုကို ပိုး ကို တကယ် ချစ်တာကိုတော့ မျက်စိမှိတ်ပြီး ယုံကြည်ခဲ့မိသည်။

ပိုးက ကိုကို့ အပေါ် တကယ်ကို မျက်စိမှိတ် ယုံကြည်ထားခြင်း သက်သက်...။ ကိုကို ရဲ့ သစ္စာကို ယုံကြည်ခြင်းဟာ ကိုကို့ အတွက် ရယ်စရာ  ဟာသ တစ်ကွက် ဖြစ်ခဲ့မယ်လို့ သိခဲ့ရင်တောင် ပိုးမှာ ပြောင်းလဲဖို့ စိတ်ကူးလည်း မရှိခဲ့သူ ဖြစ်သည်။ သို့ပေမယ့် တကယ်ပဲ ပိုးရဲ့ ယုံကြည်မှုက အားလုံးအမြင်မှာ သနားစရာ ကောင်းသော ကောင်မလေး ဖြစ်စေဖို့သာ ဖြစ်နေခဲ့သည် ဆိုတာ...။

ကိုကိုသာ ပိုးအတွက် ယုံကြည်ကိုးကွယ်ရာ...။ ကိုကို တော်တာကို အားကျကာ ကိုကို့ စိတ်ဓါတ်ကို ကောင်းမြတ် လှချည့်ရဲ့ လို့ လေးစား ကြည်ညို နေမိသည်မှာ ပိုး ခပ်ငယ်ငယ် ဘဝ ကတည်းက။ အမှန်တော့ ကိုကိုက ပိုးထက် ၂ နှစ် ကျော်ကျော်လောက်သာ ကြီးတာ။ သို့ပေမယ့် ကိုကို့ ရှေ့မှာ ပိုးက ဘာမှ မသိ နားမလည်သော သိုးမငယ်လေး တစ်ကောင်သာ။ ကိုကို ပြောသမျှလည်း ခေါင်းညိတ်ခဲ့သည်။ ကိုကို မလုပ်ရဘူး ဆိုတာမျိုးကိုလည်း ဘယ်တော့မှ ခိုးလုပ်ဖို့ မကြိုးစား။ ကိုကို မကြိုက်တာ သိလို့ ပိုး ကို စိတ်ဝင်စားသော တစ်ခြားကောင်လေးများကို ငဲ့စောင်း၍မှ မကြည့်ခဲ့။ ပိုး အနား တိုးလာပြီး ရည်းစားစကား ပြောသော ကောင်လေးတွေကတော့ ပိုးရဲ့ ပစ်ပစ်ကာကာ ပြောခြင်းကို ခံကြရသည်။

ကိုကိုသာ ပိုးအတွက် ဘဝ တစ်သက်စာ လက်တွဲဖော်။ ဒါက ဘယ်လိုမှ ပြောင်းလဲမရသော အမှန်တရား တစ်ခုရယ်လို့ ပိုးက တွက်ဆထားရင်း စိတ်ချ ထားခဲ့မိတာ ပိုး ဦးနှောက်က တစ်ခုခု လွဲမှားနေခဲ့သလား။ ပိုးတင်မက နှစ်ဖက်မိဘကလည်း ပိုးတို့ နှစ်ယောက် ဟာ တွဲဖက်ညီသော အဖော်မွန်တွေ ရယ်လို့ အသိအမှတ်ပြု စိတ်ချ လက်ချနဲ့ အတူနေခွင့် ပြုထားခဲ့တာကလည်း သူတို့ ပဲ မှားယွင်းခဲ့တာလား။

ကိုကို့ အတွက်ဆို ပိုးက ဘာမဆို ပေးဝံ့ခဲ့တာ...။ အသည်းနှလုံးသာမက ကိုကို လိုချင်သမျှ အားလုံးလည်း ပေးဆပ်ခဲ့သည်။ ပိုး ဘဝ၊ ပိုး ဂုဏ်သိက္ခာ ထက် ကိုကိုကသာ ပိုအရေးကြီးခဲ့သည်။ ကိုကို ဖြစ်စေချင်သမျှ အားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ကိုကိုကလည်း ပိုးကိုသာ တစ်သက်တာ ရည်ရွယ်သည်လို့ စကားချိုချိုများကို အမြဲတမ်း  ပြောတတ်ခဲ့သည် မဟုတ်လား။ သာယာသော ပိုးတို့ နှစ်ယောက် ကမ္ဘာကို ဘယ်လို အကြောင်းမျိုးက ပျက်စီးစေနိုင်မယ် ဆိုတာ တွေးကို မတွေးတတ်ခဲ့သော အရာသာ ဖြစ်ပါသည်။
#####

အသည်းနှလုံးမှာ ပထမဆုံး ဓါးဒဏ်ရာ တစ်ချက် အမွှန်းခံခဲ့ရတုန်းကလည်း အဲဒီ အချိန်အခါက အဆိုးဝါးဆုံးလို့ ထင်ခဲ့ဖူးသည်။ ကောင်မလေးက တစ်ခြားတက္ကသိုလ်က ဆရာမလေး တစ်ယောက်ပါပဲ။ အရိုးခံသက်သက် ယဉ်ကျေးသိမ်မွေ့သူကလေးပါ။ ယုံအောင်ပြုစားခဲ့သူက ကိုကိုသာ ဖြစ်ပါသည်။ ပိုးက ကောင်မလေးကိုသာ အပြစ်တင်ချင်မိသည်။ ကိုကို့ကိုတော့ မြူတစ်မှုန်စာအောင် အပြစ်မတင်ချင်သူက ပိုးရယ်ပါ။ သို့ပေမယ့် ဇာတ်လမ်းကို အတိအကျ သိအောင် လိုက်မိတော့ အပြစ်ဆိုချင်က ကိုကို့ကိုသာ အပြစ်ဆိုဖို့ အကြောင်းရှိကြောင်း သိလာရသည်။ ကောင်မလေးက ကိုကို့မှာ ပိုးရှိမှန်း တစ်စွန်းတစ်စမှတောင် သိခဲ့သူ မဟုတ်ပါ။ တက္ကသိုလ်ချင်းကလည်း ကွာခြားသည်မို့ ပိုးတို့ တက္ကသိုလ် အသိုင်းအဝိုင်းက ပိုးတို့နှစ်ယောက်အကြောင်း အူမချေးခါး မကျန် သိပေမယ့် ကောင်မလေးတို့ တက္ကသိုလ်ကတော့ မသိနိုင်လောက်ပါ။ ကိုကို နှင့် ကောင်မလေး ဘယ်လို စတွေ့ပြီး ဇာတ်လမ်းဖြစ်သွားသလဲတော့ ပိုးလည်း သေချာ စုံစမ်းမနေချင်တော့ပေမယ့် ကိုကို့ကို အလွယ်တကူ စွန့်လွှတ်လိုက်ဖို့ ဆိုတာ ပိုးအတွက် ဘယ်လိုမှ မဖြစ်နိုင်သော အရာ။

ကိုကို ပါးစပ်က ဝန်ခံစကားကို မကြားရသောအခါ ပိုးက ကောင်မလေးကို သွားတွေ့ပြီး ပိုးတို့ နှစ်ယောက် အကြောင်းကို စုံစုံစေ့စေ့ ပြောပြခဲ့ပါသည်။ ကောင်မလေးကလည်း သိက္ခာရှိသော မိန်းမကောင်း တစ်ယောက်မို့ အတွဲရှိလျက် ယောက်ျားတစ်ယောက်ကို မျက်စိစုံမှိတ်ပြီး ကပ်နေရလောက်အောင် မမိုက်မဲခဲ့ပါ။ ကောင်မလေး ဘက်က ကိုကို့ကို အပြီးအပြတ် ဖြတ်ခဲ့တော့လည်း ကိုကို တစ်ယောက်ကတော့ ဘာမှ ထူးထူးခြားခြား ခံစားရပုံလည်း မရပါ။ ကောင်မလေးဘက်ကသာ တစ်စုံတစ်ရာ အတိုင်းအတာ အထိ ခံစားရလိမ့်ကို ပိုးနားလည်ပါသည်။ အဲဒီနောက်ပိုင်းမှာ ကောင်မလေး နှင့် ပိုးပင် သူငယ်ချင်း ဖြစ်သွားသည်။ E-mail တွေ ဖုန်းနံပါတ်တွေ အချင်းချင်း ဖလှယ်ပြီး တစ်ခါတရံ ဆက်သွယ်ဖြစ်ကြသည်။ ကောင်မလေးနဲ့ ကိုကို ပြတ်ပြီး နောက်ပိုင်းမှာ ကိုကို့ရဲ့ မထင်မရှား ခပ်ဝါးဝါး ဇာတ်လမ်းတွေ အကြောင်း ပိုး သိလာရပေမယ့် ဘာမှ လိုက်ပြောမနေချင်တော့။ အပျော်တွေပါရယ်လို့ ကိုကို့ ပါးစပ်က ဝန်ခံထားတာလည်း အမှန်တရား ဖြစ်မှန်း သိသည်။ ပိုးသာ ကိုကို့ရဲ့ တစ်ဦးတည်းသော သခင်မ ပါလို့ ကိုကို့ အလိမ်အညာတွေကိုလည်း မယုံချင်ပဲ ယုံကြည်မိပြန်သည်။ ကောင်မလေးကတော့ Ph.D ဆက်တက်တော့မည်ဟု ပိုးကို ပြောသည်။
#####

ပိုးတို့နှစ်ယောက်လုံးလည်း ကျောင်းပြီးလို့ အလုပ်ဝင်နေတာတောင် အတော်ကြာနေခိုက်မှာ ဘာကြောင့် မင်္ဂလာပွဲ ကျင်းပဖို့ နှောင့်နှေး နေခဲ့သလဲ ဆိုတာတော့ ပြောမပြတတ်ပါ။ လက်ထပ်စာချုပ်ပေါ်က အချုပ်အနှောင်မျိုးလည်း မရှိပေမယ့် ပိုးအသည်းနှလုံးကိုတော့ ကိုကိုက ချုပ်ကိုင်ထားပြီး ဖြစ်နေခဲ့ပါပြီ။ မိဘတွေကလည်း အဝေးမှာမို့ ပိုးတို့ နှစ်ယောက် အကြောင်းကို သိပေမယ့် ဘာမှ ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ခဲ့။ တစ်ချိန်မှာတော့ အိမ်ထောင်ဖက် ဖြစ်ကြမှာပဲ ဆိုတာ နှစ်ဖက်မိဘက ယုံကြည်နေပြီးသားမို့ ခုနေခါမှာ လက်မထပ်သေးလည်း အတူတူ နားလည်မှု ရနေပြီးသားမို့ ဘာမှ မလောပါ။ ကိုကို့ ဘက်က ဘယ်လိုရှိတယ် မသိပေမယ့် ပိုးကတော့ Ph.D လေး ဆက်တက်ပြီးမှ တရားဝင် လက်ထပ်ချင်သည်။ တရားဝင်တာ မဝင်တာထက် ကိုကိုနှင့် အတူရှိနေရတာကိုပင် ကျေနပ်နေသူမို့ ဒီကိစ္စနှင့် ပတ်သက်ပြီး ကိုကို့ကိုလည်း ဘာမှ နားပူနားဆာ မတိုက်ဖြစ်ပါ။

ခုနောက်ပိုင်းမှာ ပိုးလည်း ကိုကို့ရဲ့ အပျော်အပါး ဇာတ်လမ်းတွေကို မကြည့်ဖြစ်အောင် မျက်စိမှိတ်ထားခဲ့သည်။ အချိန်တန်လို့ အိမ်ပြန်လာတာကိုပဲ ကျေနပ်စွာ ကြိုဖြစ်ခဲ့သည်။ မျက်စိမှိတ်ထားတာတောင် နားထဲ တည့်တည့် တိုးဝင်လာသည့် သတင်း စကားတွေကြောင့် ပိုးတို့ ခဏခဏ စကားများကြသည်။ ကိုကို့ဘက်ကလည်း ပိုးအပေါ် မကျေနပ်မှုတွေ များသထက် များလာသလို ခံစားမိသည်။ ဘာမဟုတ်သည့် အကြောင်းလေးတွေကြောင့် ပိုးကို ရိုက်နှက် သည်အထိ ဖြစ်လာသည်။ ပိုး အသည်းနှလုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေ သေးသေးမွှားမွှား ဆိုရင်တောင် မရေမတွက်နိုင်အောင် များလာသော်လည်း ပိုးဘက်ကတော့ ကိုကို့ကို ဘယ်သောအခါမှ စိတ်မကုန်နိုင်ခဲ့ပါ။ ကိုကိုက ပိုးအတွက် ကောင်းကင်တစ်ခု ဖြစ်နေသည့်အတွက် ကောင်းကင်ကပေးသည့် မိုးရွာခြင်း၊ နေပူခြင်းတွေကို လက်သင့်ခံရသလိုပင် ကိုကို့ဆီက ပေးလာသည့် ကောင်းခြင်း ဆိုးခြင်း အားလုံးကိုလည်း ပိုးက ခါးစည်း ခံဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
#####

ကိုကို နယ်ပြောင်းရတော့ အပြီးတိုင် ဝေးတာ မဟုတ်ပဲနဲ့တောင် ပိုးမှာ ငိုခဲ့ရသေးသည်။ ပိုးမှာလည်း ကိုယ့်အလုပ်တာဝန်နဲ့ ကိုယ်မို့ ကိုကို့နောက်ကို လိုက်မသွားနိုင်ခဲ့သောကြောင့် ကိုကို့ကို စိတ်မချနိုင်ခြင်းတွေနှင့် ပိုးမှာ သောကတွေ ပင်လယ်ဝေရသည်။ ကိုကိုကတော့ အနှောင်အဖွဲ့မှ ခဏပဲဖြစ်ဖြစ် လွတ်လပ်သော ငှက်တစ်ကောင်လို တက်ကြွနေခဲ့သည်။ ပိုးကိုတော့ ကတိတွေ အထပ်ထပ်နှင့် နှစ်သိမ့်ခဲ့သည်။

ဝေးနေရသော အချိန်တွေမှာ ပိုးဘက်ကတော့ နေ့တိုင်း ဖုန်းဆက်လိုလှသည်။ သို့ပေမယ့် ကိုကိုက အလုပ်များတာ အကြောင်းပြ၍ နေ့တိုင်း မဆက်စေချင်။ Online ပေါ်မှာလည်း ကိုကို့ကို မတွေ့တာ များသည်။ ပိုးမှာ လွမ်းလှပေမယ့်လည်း ဘာမှမတတ်နိုင်။ ကိုကို က သူများလို ကျောင်းပိတ်ရက် တစ်ရက် နှစ်ရက် ရှိလျှင်တောင် ပြန်မလာခဲ့ပါ။ အဲဒီရက်တွေမှာ ကိုကို့ဘေးနား ပိုးကိုယ်စား နှစ်သိမ့်မည့်သူ တစ်ယောက် ခပ်မြန်မြန်ပင် ရောက်နေခဲ့လိမ့်မည် လို့တော့ မထင်မိ။

အဲဒီနယ်မှာ ခြောက်လလောက်ပဲ နေခဲ့ရပြီးနောက် ကိုကို ပိုးတို့ဌာနကိုပြန်ရောက်လာသည်။ သို့သော် အမျှင်တန်းလန်း သံယောဇဉ် ဇာတ်လမ်းကတော့ မပြတ်မသား ပါလာခဲ့တာ ပိုးက တော်တော်နှင့် မသိခဲ့ပါ။ ကိုကို ပြန်လာပြီး နောက်လ အတန်ငယ်ကြာမှ ပိုးသိခဲ့ရသည်။ သူမက ကိုကိုတို့ ဌာနရဲ့ ဌာနမှူး ဖြစ်သည်။ လောလောဆယ်မှာ နံပါတ် လုံးဝ မရှိသည့် အပျိုကြီးမမ ဆိုပါတော့...။

ပိုးက ကိုယ့်ကိုယ်ကို ကိုကိုနှင့်ပတ်သက်ပြီ သည်းခံနိုင်စွမ်း ကောင်းလှပြီလို့ ထင်ခဲ့သော်လည်း အမှန်တကယ်တော့ မဟုတ်သေးပါ။ ပိုးလည်း ပုထုဇဉ် လူသားတစ်ယောက်သာ မဟုတ်လား။ မိန်းမပီသသော မိန်းမတစ်ယောက်သာပဲ မဟုတ်လား။ မထင်မရှား ဇာတ်လမ်းတွေတုန်းကသာ ခွင့်လွှတ်နိုင်ခဲ့ပေမယ့် ထင်ထင်ရှားရှားကြီး ဖြစ်လာပြန်တော့လည်း မုန့်သာဝေစားရင်စားမယ်၊ အချစ်ကို ခွဲဝေ မခံစားချင်တဲ့ မိန်းမ တစ်ယောက်ပီပီ စိတ်ဆင်းရဲရပြန်သည်။

ကိုကိုက သူ့ Mail Address နဲ့ password ကို ပိုးကို ပေးထားတာ အတော်ကြာခဲ့ပြီ။ သူ့ဘာသာ တစ်ခြား mail နဲ့ တစ်ခြား ကောင်မလေးတွေကို ဆက်သွယ်ချင် ဆက်သွယ်လိမ့်မည် ဖြစ်သော်လည်း သူ အမြဲတမ်း သုံးသော ဒီ mail ကိုတော့ ဘယ်ကောင်မလေးကိုမှ မပေးခဲ့။ သူ့ သူငယ်ချင်း အရင်းအနှီးများနှင့် ပိုးသာ သိသည်။ ပိုးကလည်း တစ်ခါတလေ ကိုကို့ mail ထဲကို ဝင်ကြည့်တတ်မြဲမို့ ကိုကိုက ဒီထဲမှာတော့ ဘာမှမဟုတ်တာ မလုပ်။ တစ်ခါတလေ ကိုကို mail မစစ်ဖြစ်တဲ့ အခါမျိုးမှာ ဝင်လာတဲ့ နိုင်ငံခြားက သူ့သူငယ်ချင်းတွေဆီက mail တွေဆိုလျှင် ပိုးက ဖတ်ပြီး ပြောပြဖြစ်သည်။ ပိုးတို့က နှစ်ကိုယ့်တစ်စိတ်ရယ်လို့ နှစ်ယောက်သား ကြည်နူးစဉ်အချိန်တွေမှာ ပြောဖြစ်ကြမြဲ။ ပိုး mail နှင့် password ကိုလည်း ကိုကို သိတာပင်။

တစ်နေ့မှာ ပိုးလည်း စိတ်ကူးပေါက်ပြီး ကိုကို့ရဲ့ Chat History ကို ဖွင့်ကြည့်မိသည်။ မိန်းကလေးတစ်ယောက်နှင့် ပြောဆိုထားမှုက ပုံမှန်ထက် တအားပိုများနေသည်။ ကိုကိုက သူမကို မမ ဟုခေါ်ပုံထောက်တော့ ကိုကို့ထက် အသက်ကြီးပုံရသည်။ နှစ်ယောက်သားက ဘယ်လို ရိုးရိုးသာမန် မိတ်ဆွေ မဟုတ်တာ သေချာသလောက် ရှိနေသည်။ ပိုးက အစကတော့ သူတို့ နှစ်ယောက်၏ conversation များကို အသေးစိတ် ဖတ်ဖို့ စိတ်ကူးမရှိသေးပါ။ သို့သော် ပိုးစိတ်ထဲမှာ သံသယက ဖယ်မရအောင် ဖိစီးလာသည့်နောက် တစ်ခုချင်း ဖွင့်ဖတ်မိသည်။ အဲဒီ အချိန်ကျမှ ကိုကိုနှင့် သူ၏ မမ တို့အကြောင်းကို ပိုး အသေအချာ သိခဲ့ရခြင်း ဖြစ်သည်။
#####

ကိုကို့ဝန်ခံစကားကို ကြားရမှာ ကြောက်လျှက်နှင့်ပင် မမေးလို့ မဖြစ်တော့သဖြင့် ဖွင့်မေးခဲ့ရသည်။ ကိုကိုကလည်း ပိုးကို သိစေချင်နေပုံတောင် ရသည်။ မြန်မြန်ဆန်ဆန်ပင် ဝန်ခံလိုက်သည်။ ပိုးကို တမင်သက်သက် သိစေချင်လို့သာ ဒီ mail account ကို သုံးပြီး ဆက်သွယ်ခဲ့တာပဲ မဟုတ်လား။ ဒါပေမယ့်လည်း ပိုးသိပြီးသည့်နောက်မှာတော့ အရင်လူတွေလိုပဲ ဖြတ်လိုက်လိမ့်မည် လို့ ပိုးက ကိုယ့်ကိုယ်ကို အထင်တကြီး ထင်လိုက်မိသေးသည်။
“အခု ပိုးသိသွားပြီ ကိုကို၊ အဲလို ရှုပ်တာတွေ ပိုးမကြိုက်ဘူး ဆိုတာ ကိုကို သိတယ်နော်.. ဒီတစ်ယောက်ကိုလည်း ဖြတ်လိုက်တော့၊ ပိုးက အချစ်ကိုတော့ ခွဲမချစ်နိုင်ဘူး..”
“ဒီတစ်ခါတော့ မဖြစ်ဘူး ပိုးရဲ့ မမကို ကိုယ် မဖြတ်နိုင်ဘူး၊ မမက ကိုယ့်ကို သိပ်ချစ်ရှာတာ၊ ကိုယ့်ဘက်က စဖြတ်လိုက်ရင် မမ စိတ်ထိခိုက်သွားလိမ့်မယ်”
“ဘာ ပြောတယ်ကိုကို၊ မမ စိတ်ထိခိုက်သွားလိမ့်မယ် ဟုတ်လား၊ ပိုး စိတ်ထိခိုက်မှာတော့ မစိုးရိမ်ဘူးပေါ့ ဟုတ်လား၊ ကောင်းတယ် ကိုကို၊ ကိုကိုက ပြောင်းလဲချင်နေပြီပေါ့၊ အဲဒီ မမကို မဖြတ်နိုင်ဘူး ဆိုရင် ပိုးကိုပဲ ဖြတ်လိုက်တော့၊ ပိုးကို ပြတ်ပြီလို့ ကိုကို့ ပါးစပ်က ပြောလိုက်၊ ပိုး ချက်ချင်း ဒီအိမ်ပေါ်က ဆင်းသွားမယ်”
“ပိုးကလည်း ကွာ၊ ဘာတွေ ပြောနေတာလည်း၊ ကိုကိုက ပိုးကိုလည်း မဖြတ်နိုင်ပါဘူး၊ ပိုးက ကိုကို့ အချစ်ဆုံး ဆိုတာ သိသားနဲ့၊ ပြဿနာ မလုပ်ချင်ပါနဲ့ကွာ”
“ဒါဖြင့် ကိုကိုက ဘယ်လိုလုပ်ချင်တာလဲ၊ အဲဒီမမ ကို ချစ်မှာလား၊ ပိုးကို ချစ်မှာလား ပြော”
“ကိုကိုကတော့ နှစ်ယောက်လုံးကို ချစ်တာပဲ၊ နားငြီးတယ်ကွာ.. စိတ်ရှုပ်တယ်... အပြင်သွားတော့မယ်”

ကိုကိုက မပြတ်မသားနဲ့ ပြဿနာကို ပြီးစီးအောင် ရှင်းမသွား။ ကိုကိုက ဘယ်မိန်းကလေးကိုမှ သူ့ဘက်က ထားခဲ့တာမျိုး မရှိခဲ့တာလည်း ပိုး အသိသားနဲ့ ထားဖို့ ဖြတ်ဖို့ ပြောမိပြန်သည်။ တစ်ဖက် မိန်းကလေးတွေက ကိုကို့ အကြောင်းကို သိသွားလို့သာ ဖြတ်သွားတာချည်းပဲ မဟုတ်လား။ အခု တစ်ခါလည်း ပိုးဘက်ကပဲ လူကြမ်းမကြီး လုပ်ရပြန်ဦးတော့မည် ထင်သည်။ အမှန်တကယ်တော့ အဲလို ကိုယ်သာလျှင် မူပိုင်ရှင်ပါ ဆိုတာမျိုး တစ်ခြားမိန်းကလေး တစ်ယောက်ကို လိုက်ပြောရတာ ပိုးရှက်လှသည်။ သို့ပေမယ့် ပိုးက ကိုကို့ကို မဆုံးရှုံးနိုင်သူမို့ တတ်နိုင်သမျှတော့ ဒီသံယောဇဉ်တစ်ကြိုးကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ထားရလိမ့်ဦးမည်။

ကိုကိုကတော့ ဘယ်သူ့ကိုမှ မဖြတ်နိုင်ပါ ဟု သူပြောထားသလိုပင် ပိုးကို အရေးကို မစိုက်တော့ပဲ ပိုးရှေ့မှာပင် သူ့မမ နှင့် ဖုန်းဆက်ကြသည်။ ပိုး ဘယ်လို ခံစားနေမလဲ ဆိုတာ လုံးဝ ထည့်မတွက်ပဲ နားရှက်စရာ စကားများကို ပြောင်ပြောင်တင်းတင်း ပင် ပြောကြသည်။

ထို မမ ကို ပိုးတွေ့ချင်လာသည်။ သူမ တကယ်ပဲ ပိုးနှင့် ကိုကို အကြောင်း မသိတာလား...။ သိသွားရင် ဘယ်လို ဆုံးဖြတ်မလဲ.. ဆိုတာ ပိုး သိချင်သည်။ သူမ ရှိသော မြို့ကို ပိုး လိုက်သွားရင် ကောင်းမလား တောင် စဉ်းစားမိသည်။ အခန့်သင့် ချင်တော့ သူမက ပိုးတို့ မြို့ကို အလုပ်နှင့် လာတုန်း သူငယ်ချင်း တစ်ယောက် အကူအညီနှင့် သွားတွေ့လို့ ရလိုက်သည်။ တွေ့ပြီးမှပင် မတွေ့တာ ပိုကောင်းသေးသည် လို့ ထင်လာသည်။ သူမက အရင်တစ်ခါ ကောင်မလေးလို မသိနားမလည် သူလေး မဟုတ်။ ခေါင်းမာတာလား၊ အစွဲအလမ်း ကြီးတာလား ဘာလား တော့ မသိပါ။ သူမ ဘက်ကတော့ အလျှော့ပေးဖို့ လုံးဝ မရှိတာကို တစ်ခွန်း နှစ်ခွန်း စပြောကြည့်ကတည်းကပင် သိလာသည်။

“မမ ဘက်ကတော့ မောင့်ကို ဘာအကြောင်းပြချက်နဲ့မှ ဖြတ်ဖို့ မရှိဘူးကွ၊ မင်းတောင် သူ့ချစ်သူ ဖြစ်နိုင်သေးရင် မမ လည်း သူ့ချစ်သူ ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ၊ မင်း နဲ့ တို့ နှစ်ယောက်ထဲက တစ်ယောက် ရွေးကြေးဆို မောင်ပဲ ရွေးပါစေ၊ မောင်က မမကို ဖြတ်လိုက်ပြီ ဆိုရင်တော့ မမ အေးအေး ဆေးဆေး ကျန်ခဲ့ပေးမယ်၊ မမ ဘက်ကတော့ ဘယ်တော့မှ စ မဖြတ်ဘူး ဆိုတာ မင်း သိထားလိုက်ပါ၊ မင်းဘက်က မောင့်ကို ပိုင်တယ် လို့ ထင်တယ်၊ မောင့်ကို မမ ဆီ မလာအောင် တားထားလိုက်လေ၊ အဲလို မင်းဘက်က မောင့်ကို မပိုင်ပဲနဲ့တော့ မမကို ဘာမှ လာမပြောပါနဲ့”

“မမ ပြောတာကို ပိုးနားလည်ပါတယ်၊ ဒါပေမယ့် ပိုးတို့က အတူတူ နေခဲ့တာ လေးနှစ်လောက် ရှိနေပြီ မမရဲ့၊ ပိုးဘက်ကတော့ ဘယ်လိုမှ နောက်ဆုတ်မပေးနိုင်တော့လို့ပါ၊ မမ ဘက်က ဘာမှ မလွန်သေးခင် နောက်ဆုတ်ပေးဖို့ ပိုးက တောင်းပန်ချင်တာပါ၊ ကိုကို့ကို ပိုးက ပြောပါတယ်၊ မမကိုပဲ ရွေးချင်တယ်ဆို ပိုးကို စွန့်လွှတ်လိုက်ပါ လို့...။ အဲလို ဆိုတော့လည်း ကိုကိုက ပိုးကို မစွန့်နိုင်ဘူး၊ မမကိုလည်း မဖြတ်နိုင်ဘူး၊ မမ အဲလို မပြတ်မသား ဘဝမှာ နေနိုင်သလား၊ တစ်ယောက် ဆို တစ်ယောက် ပြတ်ပြတ်သားသား ရှိသင့်တယ် မဟုတ်ဘူးလား၊ ပိုးကတော့ ရှင်းရှင်းပဲ ပြောမယ်၊ အဲလို အပြိုင်ဘဝမှာ လုံးဝ မနေနိုင်ဘူး”

“မင်း ဘက်က ဘယ်လို သဘောထားတယ် ဆိုတာ ငါ ဂရုမစိုက်ဘူး မိန်းကလေး၊ မောင်က ငါ့ကို ချစ်တယ်၊ ငါကလည်း မောင့်ကို ချစ်တယ်၊ မောင့်မှာ မင်း ရှိနေတယ် ဆိုရင်လည်း ငါကတော့ ခွင့်လွှတ်နိုင်တယ်၊ မင်းဘက်က အပြိုင် အနေနဲ့ မနေနိုင်ဘူး ဆိုရင် မင်း မောင့်ကို စွန့်လွှတ်လိုက်ဖို့ပဲ ရှိတာပဲ၊ ငါ့ဘက်ကတော့ မောင့်ကို စပြီး စွန့်လွှတ်ဖို့ လုံးဝ မမျှော်လင့်ပါနဲ့၊ ငါ့ သဘောထားကို ပြောပြီးပြီ၊ ဘာမှ ထပ်နားမထောင်နိုင်တော့ဘူး၊ ငါ့မှာလည်း အလုပ်တွေ ရှိသေးတယ်”

သူမက ပိုးကို စကားဆုံးအောင် ပင် ပြောခွင့်မပေးပဲ ယဉ်ယဉ်ကျေးကျေး နှင်ခြင်းကိုပင် ခံလိုက်ရသည်။ ပိုးမျှော်လင့်ခဲ့သည့် သူမ ဘက်က နားလည်စွာ ရှောင်သွားဖို့ ဆိုတာက ရေစုန်မှာ မျောသွားခဲ့ပြီ။
#####

“ကိုကို တစ်ယောက်ယောက်ကို အတည်တကျ လက်ထပ်ပြီး နေလိုက်ပါတော။့ ပိုးလား..၊ ကိုကို့ မမ လား..၊ ကိုကို ဆုံးဖြတ်ဖို့ ကောင်းပြီ၊ ပိုး ဒီအတိုင်း မနေနိုင်တော့ဘူး၊ နောက်ပြီး ကိုကို နောက်ထပ် တစ်ခြား မိန်းကလေးတွေ ကိုလည်း ဒုက္ခ မပေးပါနဲ့တော့”
“ကိုယ်က ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူး၊ အချစ် လိုချင်တဲ့ သူကို အချစ်ပေးတာပဲ၊ ကိုယ့်ဘက်ကတော့ ဒီလို နေတာလည်း အဆင်ပြေနေတာပဲ၊ ဘာဖြစ်လို့ တစ်ယောက်ယောက်ကို လက်ထပ်ပြီး အချည်အနှောင် ခံရမှာလဲ၊ ကိုယ့်မှာ လုံးဝ အစီအစဉ် မရှိသေးဘူး”
“အဲဒါ ကိုကို့ ဆုံးဖြတ်ချက်ပဲပေါ့၊ အတည်ပဲနော်”
ကိုကိုက ဘာမှ ပြန်မပြောပဲ ပခုံးတစ်ချက်သာ တွန့်ပြသည်။

ပိုးဘက်က ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည့် အချိန်ရောက်နေပြီ ဟု ထင်သည်။ ပိုး ဒီထက် ပိုပြီး ဒဏ်ရာ အနာတရ အဖြစ် မခံနိုင်တော့ပါ။ ပိုးအသည်းနှလုံးက ဒဏ်ရာ ခဏ ခဏ ရလွန်းသဖြင့် ခံနိုင်ရည် အားနည်းနေလေပြီ။ ပိုးက တစ်ချိန်မှာတော့ ကိုကို နှင့် လက်ထပ်ပြီး ပျော်ရွှင်သော ဘဝတစ်ခု ထူထောင်ဖို့ ယုံကြည်ချက် တစ်ခုနှင့် ရှင်သန်နေခဲ့ခြင်း ဖြစ်သည်။ အခုအချိန်မှာ... ကိုကိုက ပိုးကို လက်ထပ်ဖို့တောင် မသေချာတော့သော ဘဝမှာ ပိုးက ဘာကို ယုံကြည်ပြီး ဆက်နေရမလဲ...။

ကိုကို မရှိသည့် အချိန်မှာ ပိုး အိမ်က အပြီးအပိုင် ဆင်းလာခဲ့သည်။ ကိုကို့ ရှေ့မှာ ဆင်းဖို့ လုပ်လို့ ကိုကို က တစ်ခွန်းတားရင် ပိုး နှလုံးသားက ပျော့ညံနေမှာ စိုးရိမ်သည်။ အဲဒါကြောင့် ပိုး ဆုံးဖြတ်ချက် မပျက်အောင် ကိုကို မရှိချိန်မှာ ပစ္စည်းတွေ အကုန်ယူပြီး အိမ်က ဆင်းလာလိုက်သည်။ သူငယ်ချင်းတွေ နေသော ဆရာမ အဆောင်မှာပဲ သွားနေဖြစ်သည်။ အဆောင် ဆိုတော့ ကိုကိုလည်း အလိုက်မသိ လာသောင်းကျန်းလို့ မရနိုင်တော့ ပိုးအတွက် အကာအကွယ် ဖြစ်စေသည်။ ကိုကိုက ပိုးကို ဖုန်းဆက်သေးသော်လည်း ပိုးက မကိုင်။ အဆောင်ကိုလာသော်လည်း ပိုးက ထွက်မတွေ့။ နောက်တော့ ကိုကို လက်လျော့သွားသည်။

ကိုကို့အပေါ် သံယောဇဉ် မကုန်နိုင်သေးသော ပိုးက ကိုကို နှင့် သူမ အကြောင်း တစ်စွန်းတစ်စ စုံစမ်းကြည့်တော့ အဆင်ပြေလျှက်ပဲ ဆိုတာ သိရသည်။ တကယ်လို့များ ကိုကို့ဘက်က နောင်တ ရပြီး သူမကို ဖြတ်ကာ ပိုးကိုပဲ လက်ထပ်ပါတော့မည် ဟု ပြောလာမည့် အချိန်များ ရှိခဲ့လျှင် ပိုးဘက်က ခေါင်းညိတ်ဖို့ အဆင်သင့် ရှိနေခဲ့သေးသည်။ ကိုကို့ဘက်က အခြေအနေကို သေချာသိပြီးသည့် နောက်မှာတော့ ပိုးဘက်က မျှော်လင့်ချက် လက်ကျန်ကို အပြီးတိုင် စွန့်ပစ်ဖို့က လွဲလို့ မရှိတော့ပါ။

ပိုးဘက်ကလည်း ကိုကို့ကို လွယ်လွယ်ကူကူ နှင့်တော့ စွန့်လွှတ်နိုင်ခဲ့တာ မဟုတ်ပါ။ ဌာနမှာ ကိုကို့ကို မတွေ့အောင် ရှောင်ရတာကပင် ပိုးအတွက် ကြီးမားသော ဒုက္ခ တစ်ခု။ ကိုကို့ကို မေ့နိုင်ဖို့ဆိုတာ ဘယ်ကာလ အထိ ကြိုးစားရဦးမယ်လည်း မသိနိုင်။ ပိုး သေချာပေါက် ကြိုးစားနေပါသည်။ သို့ပေမယ့် နှလုံးသား ဆိုတာလည်း အချိန်ကိုက် ပြောင်းလဲနိုင်သည့် ပစ္စည်း တစ်ခု မဟုတ်တော့ ခက်သားပင်။ ကိုကို မရှိသည့် နေ့တွေ ညတွေကို ပိုး ရူးမတတ် ရင်ဆိုင်နေရသည်။ တစ်ခါတလေလည်း အနာဂါတ် ဆိုတာကို ထည့်မတွေးပဲ ကိုကို့ ဘေးမှာ အောက်ကျ နောက်ကျ ခံပြီးပဲ ဖြစ်ဖြစ် နေသွားချင်စိတ် ပေါ်မိသည်။ အဲလို ပြန်မလုပ်တော့ဘူး ဆိုတာလည်း ပိုး ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် အသေအချာ ချထားပြီးသားမို့ ပြန်ပြင်ဖို့ စိတ်ကူးလည်း မရှိပါ။

တစ်နေ့ကတော့ ကိုကို့ တိုက်ခန်းမှာ ကျန်ခဲ့သည့် ပစ္စည်းတစ်ခု လာပို့ပေးဖို့ ကိုကို့ကို ဖုန်းဆက်တော့ လာပို့ပေးမည် ဟုပြောသည်။ တမင်ပင် တိုက်ခန်းကို မသွားချင်သည်နှင့် စားသောက်ဆိုင် တစ်ခုမှာ ချိန်းဖြစ်သည်။ တွေ့ကြတော့လည်း ခံစားချက်က ပြင်းပြလာဆဲ။ နှစ်ယောက်သား စားရင်း သောက်ရင်း .. ပိုးလည်း စိတ်ညစ်ညစ်နှင့် တော်တော် များများ သောက်မိသည်။ ပိုးကို ပြန်လိုက်ပို့ရင်း နှစ်ယောက်သား အဆောင်ရှေ့မှာ ရန်ဖြစ်ကြပြန်သည်။ ကိုကို့က ပြန်လာခဲ့ဖို့ ခေါ်သည်။ သို့သော် လက်ထပ်ဖို့နှင့် သူမကို ဖြတ်ဖို့တော့ ကတိမပေးနိုင် ဟု ဆိုသည်။
#####
 
ပတ်ဝန်းကျင် အသစ် ဆိုလျှင် ကိုကို့ မေ့နိုင်ဖို့ ပိုပြီး လွယ်ကူလေမလား... ထင်မိသောကြောင့် ဘွဲ့လွန် ဆက်တက်ဖို့ ဝင်ခွင့် ဖြေမိသည်။ ကိုကိုလည်း ဖြေတာကို သိတော့ ပတ်ဝန်းကျင် အသစ်မှာပင် ကိုကိုနှင့် ထပ်တွေ့နေလျှင် ပိုးဘက်က ဆက်လက် တင်းမာဖို့ ခက်နေတော့မှာကို ကြောက်မိသေးသည်။ ကံကောင်းချင်တော့ ဝင်ခွင့်မှာ ပိုးက ပါလာပြီး ကိုကိုက ကျန်ခဲ့သည်။ ကိုကို နှင့် ဘာမှ မဆိုင်သည့် ပတ်ဝန်းကျင် ဆိုသော်လည်း...၊ ဘာ အကြောင်းတိုက်ဆိုင်မှုမှ မရှိပါပဲနှင့်လည်း.. ရုတ်တရက် သတိရမိသည့် အချိန်ဆို ပိုးက လူရှေ့ သူရှေ့ မရှောင် မျက်ရည် ကျချင် ကျမိတတ်သေးသည်။ လူ တကာက ပိုးကို အချစ်ရူးမလေး၊ အချစ်ရှုံးသမားလေး ရယ်လို့ သိသွားမှာကိုလည်း ဂရုမစိုက်ချင်တော့။ အရင် အဆောင်မှာတော့ သူငယ်ချင်းများက ပိုးခံစားချက်ကို သိပြီးသား ပေမယ့် ဒီအဆောင်သစ်မှာတော့ ပိုး သူငယ်ချင်း ရင်ဖွင့်စရာ အဖော်က တစ်ယောက်တစ်လေသာ ပါလာသည်။

ဘာပဲဖြစ်ဖြစ် ပိုးရွေးချယ်တာ မှန်ကန်ခဲ့ပါသည်။ ပတ်ဝန်းကျင် အသစ်မှာ ပိုး ကိုကို့ကို အချိန်တိုင်း သတိမရနိုင်တော့ပါ။ ကိုကို သူမ နှင့် လက်မထပ်သေးတာ သိပေမယ့် အရူးအနှမ်း မျှော်လင့်ချက်မျိုးကို မမျှော်လင့်မိတော့ပါ။ ကိုကို့ စိတ်သဘောထားကို ခုနေခါမှာတော့ ပိုး ကောင်းကောင်း သိခဲ့ပါပြီ။ ကိုကို မရှိသော ဘဝဟာ ပိုးအတွက် ကောင်းကင်ပျောက်သော အချိန်များ ရယ်လို့ တမ်းတ လွမ်းဆွတ် ခွင့်ကိုပင် ပိုးကိုယ်ပိုး မပေးချင်တော့ပြီ။ ကိုကို ဟာ ပိုးရဲ့  ကောင်းကင် မဖြစ်ထိုက်လို့သာ မဖြစ်ရခြင်း ရယ်လို့ သဘောထားနိုင်ဖို့ ကြိုးစားနေပါသည်။ သို့ပေမယ့်လည်း ပိုးရဲ့ ချစ်ခြင်းဒဏ်ရာတွေ အကင်းသေဖို့ ဆိုတာတော့ အချိန်တစ်ခုက ကုစားပေးမှသာ ဖြစ်နိုင်လိမ့်မည်။ နှလုံးသား က ချစ်ခြင်း တစ်ခုကို အမုန်းပြောင်းဖို့ဆို ဘယ်လို အကြောင်းပြချက်တွေ ပြည့်ဝနေပေမယ့်လည်း သင်္ချာ အီကွေးရှင်း တွေလို အလွယ်တကူ ပြောင်းလဲလို့ ရတာမှ မဟုတ်ပဲလေ...။
#####

မြူနှင်းတွေ ပြယ်လွင့် သွားတော့ ကောင်းကင်ပြာကို အသစ်လို ပြန်မြင်လာရသည်။ လှိုင်းတွန့်လို လမ်းမကြီး ပေါ်က နှင်းစက်တွေလည်း နေရောင် ဖြိုးဖြအောက်မှာ ခြောက်သွေ့စပြုလို့ ...။ မြူငွေ့တွေ သမ်းနေတုန်းက ခေါင်းငုံနေတဲ့ ပန်းကလေးတွေလည်း အပြင်ကို မော့ကြည့်လာပြီ။ အရင် တစ်မိနစ် တုန်းက ပိန်းပိတ်အောင် မှောင်နေတဲ့ ဝန်းကျင်က ခုတော့ သူမဟုတ်သလိုပင်။ လောကမှာ ဘယ်အရာမှ အမြဲဖြစ်မနေနိုင်... အမြဲရှိမနေနိုင်တဲ့ အကြောင်း... ပိုးကို ပြလိုက်သလားတောင် ထင်မိရဲ့။ ပိုးမှာလည်း အနာဂါတ် တစ်ခု သေချာပေါက် ရှိနေမှာပါ။ အခု မမြင်နိုင်သေးရင်တောင် တစ်ချိန်မှာတော့ ထင်ရှားလာမှာကို ပိုး ယုံကြည်နေပါသည်။ မြူမှုန်ကင်းတဲ့ တစ်နေ့.. ပိုးရဲ့ ကောင်းကင်အသစ် အောက်မှာ လမ်းလျှောက်နိုင်ဖို့ အင်အားတွေ ပိုးမှာ ရှိနေပါလိမ့်ဦးမည်။

သိင်္ဂါကျော်