27 January, 2012

စိုးဟာ ကျွန်တော်ချစ်တဲ့ မိန်းကလေး ဖြစ်တယ်


စိုးဟာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့
အိပ်မက်မျှားသူ တစ်ယောက် ဖြစ်တယ်။
အဲဒါကြောင့်ပဲ
စိုးဟာ
ကိုယ့်ကိုယ်ကိုယ်ကလွဲရင်
ဘယ်သူ့ကိုမှ မယုံကြည်သူလည်း ဖြစ်တယ်။

အချုပ်အချယ်ထဲက အမြဲတမ်း ရုံးထွက်နိုင်သူ
စိုးဟာ
လွတ်လပ်စွာ မျောလွင့်နေတဲ့ တိမ်တိုက်တစ်ခု ဆိုရင်
ကျွန်တော်ဟာ
သူ့ကို ပိုင်ဆိုင်နိုင်တဲ့ ကောင်းကင်တစ်ခု မဖြစ်ခဲ့ဘူး။

လှလှပပ မိတ်ကပ်ပြင်တတ်တဲ့ စိုးဟာ
အသတ်အဖြတ် အလှုပ်အရှား သွေးသံရဲရဲ ရုပ်ရှင်တွေကို
အဲဒီလောက် ကြိုက်တတ်မယ်လို့ မထင်ရဘူး။
အဲဒါကြောင့်ပဲ
စိုးရဲ့ အသည်းနှလုံးက မနူးညံတော့သလား လို့
ကျွန်တော်ထင်တယ်။

သူမ ဝန်းကျင်က လူတွေကို ရင်းနှီးနွေးထွေးအောင်
စကားတစ်စွန်းတစ်စ နဲ့ ဆွဲဆောင်နိုင်တဲ့ စိုးကို
ကျွန်တော်က စကားအများကြီးနဲ့လည်း
မဆွဲဆောင်နိုင်ခဲ့ဘူး။

သူမ လုပ်ချင်ရာ လုပ်ဖို့ဆိုရင်
ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ စိုးဟာ
သူမ မလုပ်ချင်တဲ့ အလုပ်တစ်ခုအတွက် ဆိုရင်တော့
ဆင်ခြေဆင်လက်တွေလည်း အပြည့် ရှိနေတတ်သတဲ့။

အများနဲ့ မတူတဲ့ ဆန့်ကျင်ဘက်အမြင်တွေနဲ့
မကြာခဏ ဆိုသလို ကန့်လန့်တိုက်တတ်ပေမယ့်
မှော်ဆရာမ တစ်ယောက် အစွမ်းမျိုးနဲ့ စိုးဟာ
အားလုံးက ချစ်ခင်နေမြဲ ဖြစ်အောင်လည်း ပြုစားတတ်သူ ဖြစ်ရဲ့။

သူ့ကိုယ်သူ မချစ်တတ်သူလို့
ကင်ပွန်းတတ် တတ်တဲ့ စိုးဟာ
Taylar Swift ရဲ့ A Place in this World ကို ဆိုပြရင်း
အချစ်ကို ရှာဖွေနေတယ်လို့ တစ်ခါတရံ ရင်ဖွင့်တတ်သေးရဲ့..
အဲဒီ အချစ်ဟာ ကျွန်တော် မဟုတ်ဘူး ဆိုတာကိုလည်း
သက်သေပြချင်ခဲ့သေးတယ်။

ဘာပဲဖြစ်ဖြစ်
စိုးဟာ အထီးကျန်နေတဲ့ မိန်းကလေး ဆိုတာတော့ ငြင်းလို့ မရပါဘူး။
အချစ်ကို ရှာရင်းနဲ့ ကိုယ့်အတ္တထဲမှာကိုယ် ပျောက်ဆုံးနေသူပေါ့။
ဘာပဲဖြစ်ဖြစ်
စိုးဟာ ကျွန်တော်ချစ်တဲ့ မိန်းကလေး ဖြစ်တယ်။
ခုထိလည်း ကျွန်တော့်ရဲ့ soul mate ဟာ သူမပါ ဆိုတာကို
သက်သေ မပြနိုင်ခဲ့သေးဘူး။
 

သိင်္ဂါကျော်

20 January, 2012

တခြမ်းပဲ့စွယ်တော်

နေလုံးက တစ်ဖက်ကမ်းက တောင်တန်းတွေပေါ်ကို ရောက်လုလု။ မြစ်ကို ဖြတ်တိုက်လာသော ညနေလေက သူတို့ နှစ်ဦးကို ကလူကျီစယ် သွားသည်။ စနေ တနင်္ဂနွေ ပိတ်ရက်တိုင်း၊ တစ်ခါတရံတော့ လဲ့ဝေ ကျောင်းပြန်ချိန်၊ ကိုသူ့အလုပ်ဆင်းချိန်မှာ ဒီမြစ်ကမ်းနားမှာ သူတို့ နှစ်ဦး တွေ့လေ့ရှိသည်။ သို့ပေမယ့် သူတို့၏ အနေအထိုင် သိုသိပ်မှုကြောင့် သူတို့ အကြောင်းကို ရင်းနှီးသူများပင် သေချာ မသိကြပါ။ သူတို့ ချစ်လာတာ သုံးနှစ် ပြည့်တော့မည် ဆိုပေမယ့် နှစ်ဦးလုံးက ပတ်ဝန်းကျင်မှာ ထင်ထင်ပေါ်ပေါ် မဖြစ်စေချင်ပဲ တိုးတိုးတိတ်တိတ်သာ ချစ်လာခဲ့ကြသည်။ နှစ်ဦးရဲ့ ပတ်ဝန်းကျင်ကလည်း တစ်ခြားစီမို့ တွဲစပ် မကြည့်မိကြတာလည်း ဖြစ်နိုင်သည်။ ပတ်ဝန်းကျင်ကို ရဲရဲတင်းတင်း မကြေငြာရဲ သည်ကလည်း သူတို့မှာ လက်ထပ်ဖို့က အဆင်သင့် မဖြစ်ကြသေး၍ပင်။ သုံးနှစ်တာ အတွင်း ခန့်မျိုးသူ ကလည်း တစ်ခါမှ ကိုယ့်တို့ လက်ထပ်ရအောင် လို့ မပြောခဲ့သလို လဲ့ဝေကလည်း လက်ထပ်ဖို့သင့်ပြီရယ်လို့ မတိုက်တွန်းခဲ့ပါ။ နှစ်ယောက်လုံးက အိမ်ထောင်တစ်ခုကို ဖြစ်သလို တည်ထောင် လိုက်ရမှာ ကြောက်နေသည်။ အိမ်ထောင်တစ်ခု တည်ထောင်ဖို့ ဆိုတာ အချစ်တစ်ခုတည်းနှင့် ပြီးသော အရာမှ မဟုတ်ပါပဲလား။ ဒါကို နှစ်ယောက်လုံး နားလည်နေခဲ့သည်။

 
လဲ့ဝေရဲ့ မူလတန်းပြ ဆရာမ လစာလေး နှင့် အလုပ်မရှိသော အဖေနှင့် ပင်စင်စား အမေ့ကို လုပ်ကျွေးနေရသည်။ လဲ့ဝေရဲ့ ကျောင်းကလည်း မြို့ထဲက ကျောင်းကြီးတွေလို ကျူရှင်ကောင်းသော ကျောင်း မဟုတ်တာမို့ အပိုဝင်ငွေ ဘာမှ မရှိ။ လဲ့ဝေရဲ့ လစာ နှင့် အမေ့ရဲ့ ဦးစီးအရာရှိ ပင်စင်လစာ ပေါ်မှာသာ မိသားစု စားသောက်နေရသည်။ လဲ့ဝေ မသိသော ဘိုးဘေးတို့ လက်ထက်ကတော့ တော်တော် ချမ်းသာခဲ့ဖူးသည် ဆိုပါရဲ့။ လဲ့ဝေ သိတတ်သော အရွယ်ကစလို့ မိသားစုမှာ မပြည့်စုံတွေမှုတွေနှင့်သာ တွေ့ကြုံနေရသည်။ လေးခန်းတွဲ တိုက်ကိုလည်း ဖဲ့ဖဲ့ ရောင်းခဲ့ရသည်မှာ လဲ့ဝေ ဘွဲ့ရတော့ ခုနေနေတဲ့ တစ်ခန်းသာ ကျန်တော့သည်။ ဖေဖေကလည်း ခပ်ငယ်ငယ်ကတော့ ပွဲစားယောင်ယောင် ဘာယောင်ယောင် လုပ်ဖူးသည်။ နောက်ပိုင်းမှာတော့ ဘာမှ မလုပ်ပဲ မေမေ့ လုပ်စာ ထိုင်စားနေတာပင်။ သောက်စား မူးယစ်ပြီး ရမ်းကားတတ်သော ယောက်ျား မဟုတ်တာ တစ်ခုကိုပင် ကျေးဇူးတင်ရဦးမည်။

ကိုသူကလည်း သူ့ရဲ့ အရောင်းစာရေး လစာ နှင့် သူ့အိမ်ကို တတ်နိုင်သလောက် ထောက်ပံ့ရသည်။ ကိုသူ့မှာ အဖေ မရှိတော့။ ကိုသူ့အမေက အိမ်ရှေ့မှာပဲ အထည်ဆိုင် ခပ်သေးသေးကလေး ဖွင့်ထားသော်လည်း သိပ်ကြီး အရောင်းတွင်ကျယ်သော ဆိုင်မျိုး မဟုတ်။ ဈေးဖိုးလောက်သာ ရသော  ဆိုင်မျိုး ဖြစ်သည်။ ညီလေးက ဂျီတီအိုင် တက်နေပြီး ညီမလေးက ခုမှ ရှစ်တန်းသာ ရှိသေးသည်။ ကိုသူ့မှာ ဆယ်တန်း အောင်ပြီးကတည်းက အလုပ်လုပ် ခဲ့ရပြီး တက္ကသိုလ်တောင် မတက်နိုင်ပဲ အဝေးသင်သာ တက်ခဲ့ရသည်။ ကလေး နှစ်ယောက် ကို သူများတန်းတူ ဖြစ်အောင် ကျောင်းစားရိတ် ကျူရှင်စားရိတ် ပေးရသည်မှာလည်း သက်သာလှသည် မဟုတ်ချေ။ ကိုသူ့အမေက ကိုသူ့ကို အိမ်ထောင် မပြုစေချင်သေးတာလည်း မပြစ်မဆိုသာပါ။ ဒါတွေကို သိနေလို့လည်း လဲ့ဝေက လက်ထပ်ကြရအောင်လို့ ဘယ်သောအခါကမှ မပြောခဲ့တာပါ။ ကိုသူ့ကို အကျပ်အတည်း မတွေ့စေချင်ပါ။

ခုတော့ ကိုသူ ကိုယ်တိုင်က ဒီစကားလုံးကို စသုံးလိုက်ခြင်း ဖြစ်သည်။
“ပြန်လာရင်တော့ ကိုယ်တို့နှစ်ယောက် လက်ထပ်နိုင်မှာပါ လဲ့ဝေ၊ နှစ်နှစ်လောက်ပဲ စောင့်နော်၊ အဆင်ပြေရင် လဲ့ဝေလည်း လိုက်ခဲ့လို့ ရတာပဲ၊ ဒီမှာ ဒီလို နေနေလို့ကတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။ ကိုယ် အားလုံးစီစဉ်ပြီး သွားပြီ။ ဒီနေ့ အလုပ်က ထွက်စာ တင်ခဲ့ပြီ။ မနက်ဖြန် ညနေ ရန်ကုန် ဆင်းတော့မယ်”

လဲ့ဝေ ဘာပြန်ပြောရမှန်းမသိ။ ကိုသူ ပြောထားလို့ သူ နိုင်ငံခြား ထွက်ဖို့ လုပ်နေတာကို သိပါသည်။ ကိုသူ့ ဦးလေး ဝမ်းကွဲ တစ်ယောက်က စင်ကာပူ မှာ ရှိသည်။ ကိုသူ့ကို အလုပ်ရှာပေးမည် ပြောထားသည် တဲ့။ ကိုသူ အင်္ဂလိပ်စကားပြော သင်တန်းတွေ၊ ကွန်ပျူတာ သင်တန်းတွေ တက်နေတာလည်း သိသည်။ လဲ့ဝေကိုပါ လိုက်တက်ခိုင်းသော်လည်း သူ စတက်သည့် အချိန်က လဲ့ဝေမှာ ကျောင်းက စာမေးပွဲကြီး နီးတဲ့ အချိန်မို့ အနီးကပ် ခေါ်သင်သည့် ဝိုင်းတစ်ဝိုင်းကို ရှားရှားပါးပါး လက်ခံထားမိသည်နှင့် ကိုသူ နှင့်အတူ သင်တန်း လိုက်မတက်နိုင်ခဲ့ပါ။ လဲ့ဝေကလည်း တစ်နိုင်ငံ တစ်ရပ်ခြားမှာ ဘယ်တော့မှ အလုပ်လုပ် ဖြစ်လိမ့်မည် မထင်ပါ။ ကိုသူ သွားလိမ့်မည် ဆိုတာ သိပေမယ့် ဒီလောက် မြန်လိမ့်မည် မထင်ထားခဲ့သောကြောင့် ဘာပြောရမည် မသိပါ။ “နှစ်နှစ်လောက်” တဲ့။ အင်းလေ... သုံးနှစ်လောက်တောင် စောင့်လာခဲ့ပြီးမှ နှစ်နှစ်လောက် ထပ်စောင့်ရတာကတော့ စောင့်ရမှာပေါ့။ ဒါပေမယ့်လည်း အဲဒီ နှစ်နှစ်လုံးလုံးက ကိုသူ နှင့် မတွေ့ပဲ နေရမှာ ဆိုတာကတော့ လဲ့ဝေ အတွက် နည်းနည်း ခက်ခဲလိမ့်မည် ထင်သည်။


“ကိုယ်လည်း လဲ့ဝေနဲ့ မခွဲချင်ပါဘူးကွာ၊ ဒါပေမယ့် ကိုယ်တို့ နှစ်ယောက် လက်ထပ်နိုင်ဖို့ ဆိုရင် ဒီလို စွန့်စားမှပဲ ရမယ်လေ”
“လဲ့ဝေ နားလည်ပါတယ် ကိုသူရယ်၊ လဲ့ဝေ မတားပါဘူး၊ ဒါပေမယ့်လည်း ဒီလောက် အကြာကြီး ကိုသူနဲ့ မတွေ့ရဘူး ဆိုရင် လဲ့ဝေ ဘယ်လို နေရမှာလဲ”
ကိုသူက လဲ့ဝေ ပခုံးလေးကို ဖက်ရင်း နှစ်သိမ့်သည်။ သူ့ရင်ခွင်မှာ လဲ့ဝေ ငိုမိသေးသည်။
“ကိုယ့်ကို ယုံထားနော်.. ကိုယ့်မှာ လဲ့ဝေ တစ်ယောက်တည်း ရှိတာ၊ အဆင်ပြေရင် လဲ့ဝေကို ဆက်သွယ်မှာပေါ့”
“ကိုသူ့ကို ယုံပါတယ်၊ လဲ့ဝေ စောင့်နေမှာပါ၊ လဲ့ဝေ ဘဝမှာလည်း ကိုသူ တစ်ယောက်ပဲ ရှိတာပဲလေ”
“လဲ့ဝေ ကားဂိတ်ကို လိုက်မပို့တော့ဘူးနော်..၊ ကိုသူ့ အမေ လိုက်ပို့မှာ မဟုတ်လား”
“အင်း၊ မေမေက အစက သိပ်မကြိုက်ဘူး၊ ကိုယ်ပြောလွန်းမက ပြောမှ လိုတဲ့ ငွေ ရှာပေးတာ”
လဲ့ဝေ အကြောင်း ပြောတော့ မေမေက သိပ်သဘောမကျဘူး လို့တော့ ခန့်မျိုးသူက သွားကာနီး လာကာနီးမှာ ချစ်သူကို စိတ်အနှောက်အယှက် ဖြစ်အောင် မပြောချင်ပါ။

ညနေခင်းက အကုန်မြန်လွန်းသည် ထင်၏။ နေလုံးက တောင်တန်းများနောက်သို့ လုံးလုံးလျားလျား ဝင်ရောက် ပျောက်ကွယ် သွားလေပြီ။ နှစ်ယောက်သား စက်ဘီး ကိုယ်စီ စီးပြီး ပြန်လာခဲ့ကြသည်။
******

ကိုသူ သွားတာ ၁ လ နီးပါး ရှိတော့မည်။ ဘာသတင်းမှ မကြားရသေး။ သူ့အိမ်ကိုတော့ ဆက်သွယ်လေသလား မသိပါ။ လဲ့ဝေကလည်း သူ့အိမ်နှင့် မနီးစပ်တော့ ဘာမှ မသိရပါ။ တစ်နေ့က လဲ့ဝေ အသက် ၃၁ နှစ် ပြည့်ခဲ့သည်။ ဒီနှစ်တော့ ကိုသူ့ဆီက မွေးနေ့ လက်ဆောင် မရတော့ဘူးပေါ့။ တန်ဖိုးကြီးတာ မပေးနိုင်ပေမယ့် ကိုယ့်ချစ်သူ ဆီက လက်ဆောင် တိုင်းကို လဲ့ဝေ တန်ဖိုးထားခဲ့ပါသည်။ ကိုသူကတော့ လွန်ခဲ့သော ငါးလက ၃၁ နှစ် ပြည့်ခဲ့ပြီး လေပြီ။ Tri တံဆိပ် ရှပ်အင်္ကျီ တစ်ထည် မွေးနေ့ လက်ဆောင် ပေးဖြစ်ခဲ့သည်။ လဲ့ဝေတို့ လူတန်းစားတွေက မွေးနေ့ပွဲရယ်လို့လည်း တစ်ခါမှ ကျင်းပဖူးကြသူတွေမှ မဟုတ်တာလေ။ ရင်းနှီးသူတွေကို ဆိုင်ကလေး တစ်ဆိုင်မှာ ကျွေးတာလောက်သာ အလွန်ဆုံး လုပ်ဖြစ်ကြတာပါ။ တစ်ခါတလေတော့လည်း ရုပ်ရှင်တွေ ဝတ္တုတွေထဲက ဂါဝန်လှလှလေး ဝတ်ထားတဲ့ မွေးနေ့ရှင်မျိုး တစ်ခါမှ မဖြစ်ခဲ့ရပါလား လို့ လဲ့ဝေက စိတ်ရူးပေါက်ပြီး တွေးမိသေးသည်။ ကိုသူ နှင့် မင်္ဂလာဆောင်လျှင်တော့ မင်္ဂလာဆွမ်းကျွေးပဲ လုပ်ဖြစ်လျှင်တောင် အဲဒီလို ဂါဝန်လှလှလေးနှင့် အလှဓါတ်ပုံလောက်တော့ ရိုက်ရမည်။ မင်္ဂလာဆောင် ဖြစ်သည့် အချိန်မှာ လဲ့ဝေ အရွယ်က အဲဒီလို ဂါဝန်လှလှ ဝတ်ဖို့ သင့်တော်သည့် အရွယ်မှ ဟုတ်ပါတော့မလား။

လဲ့ဝေက သာမန် လူတန်းစား တစ်ယောက်ကိုမှ ချစ်မိခဲ့သည်ကိုး။ လဲ့ဝေ ကိုယ်တိုင်လည်း သာမန် လူတန်းစား တစ်ယောက်ပဲမို့ ဒီလို လူမျိုးကပဲ လဲ့ဝေကို ကြိုက်မှာပေါ့။ ကိုရီးယား ရုပ်ရှင်တွေ ထဲကလို သဌေးသားနဲ့ လမ်းဘေးက မိန်းကလေး ဆိုတာမျိုးကတော့ အဲဒီ ရုပ်ရှင်တွေ ထဲမှာသာ ရှိပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် လဲ့ဝေ နဲ့ ကိုသူ ကတော့ ကိုယ့်ရဲ့ လိုက်ဖက်ညီတဲ့ တစ်ခြမ်းဟာ သူပါ ဆိုတာကို အချင်းချင်း ယုံကြည်ထားကြသည်။ လဲ့ဝေတို့ နှစ်ယောက်က အကြိုက်ချင်းလည်း တူတာများသည်။ ဝါသနာချင်းလည်း တူတာများသည်။ စတွေ့တာတောင် စာအုပ် အငှားဆိုင်မှာ တွေ့ခဲ့ကြခြင်းဖြစ်သည်။ လဲ့ဝေတို့ နှစ်ယောက်လုံးက ဘာသာပြန် စုံထောက် ကအစ ဂမ္ဘီရ မဂ္ဂဇင်း ပါမကျန် စာစုံ ဖတ်သူတွေ ဖြစ်သည်။ စာဖတ်လွန်းလို့ပဲ အတွေးခေါင်ကြ သလားတော့ မသိပေ။ နှစ်ယောက်လုံးက အိမ်ထောင်တစ်ခုကို ဖြစ်သလို စတင်လိုက်ရမှာကို ကြောက်နေကြသည်။ နှစ်ယောက်လုံးမှာလည်း အလုပ်ရှိသည်။ အသက်တွေကလည်း ငယ်ကြတော့တာ မဟုတ်။ လဲ့ဝေတို့ အကြောင်းကို သိသွားသော အရင်းနှီးဆုံး သူငယ်ချင်းများက ဘာကြောင့် မယူကြသေးတာလဲလို့ အံ့သြကြသည်။

လက်ထပ်ပြီ ဆိုမှတော့ သီးသန့် နေကြဖို့ နှစ်ယောက်လုံးက စဉ်းစားသည်။ ဘယ်သူ့ဘက်မှ လိုက်မနေချင်ကြပါ။ အဲဒီပြင် ဘယ်ဘက်က မှလည်း တစ်အိမ်ထောင် ထပ်ပေါင်းထည့် နေဖို့ရာ အဆင်ပြေသော အခြေအနေမှာ မရှိပါ။ နှစ်ဖက်လုံးက အိုးပိုင် အိမ်ပိုင် ဆိုပေမယ့် လောလောဆယ် ရှိသည့် မိသားစုဝင်တွေပင် မလှုပ်သာ မလှည့်သာ နေကြရသော အိမ်မျိုး ဖြစ်သည်။ ကိုယ့်ဟာကိုယ် သီးသန့် နေဖို့ ကျပြန်တော့လည်း စပေါ်နှင့် အိမ်ငှားခ က မသက်သာသည့်ပြင် အဲဒီလို နှစ်ယောက်သား ရုံးကန်ပြီး နှစ်ဘက်မိဘကို မထောက်ပံ့ပဲ တကိုယ်ကောင်း ဆန်လို့ ရသော အခြေအနေမျိုးလည်း မဟုတ်ပါချေ။ နှစ်ဘက်လုံးက ကိုယ်တွေရဲ့ လစာကိုပါ မှီခိုကာ စားဝတ်နေရေး ဖြေရှင်းနေရတာကို အသိပဲမို့ ကိုယ့်အဆင့်နှင့်ကိုယ် မနည်း လောက်ငအောင် သုံးနေရသော အခြေအနေမှာ အိမ်ထောင်တစ်ခု ထူထောင်လိုက်လျှင် ပိုပြီး ဒုက္ခ များလာဖို့ပဲ ရှိသည်။ အိမ်ထောင်တစ်ခု ထူထောင်ပြီးလျှင် နှစ်ဦးတည်းလည်း ကြာရှည်နေမှာ မဟုတ်။ သားသမီး ဆိုတာက လာဦးမည်။ ဒီ သားသမီးတွေကို လူလားမြောက်အောင် ကျွေးမွေး နိုင်ပါ့မလား ဆိုတာက ရှိသေးသည်။ ကိုယ့်သားသမီးတွေကို ကိုယ့်လို ခြစ်ချုပ် ချွေတာ ရမည့် ဘဝမျိုးမှာ မကြီးပြင်းစေချင်ပါ။ လဲ့ဝေက အဲလို ပြောပြလိုက်လျှင် သူငယ်ချင်းတွေက “နင့်လိုဖြင့်ု ချမ်းသာတဲ့ လူတွေပဲ အိမ်ထောင်ပြု ရတော့မှာ ကျနေတာပဲ၊ ဒီလိုပဲ ဖြစ်သွားမှာပေါ့ ဟာ အဲလောက်လည်း မစဉ်းစားပါနဲ့” တဲ့။ သူတို့ ပြောတာလည်း ဟုတ်ပါသည်။ လမ်းဘေးက လူတွေတောင် အချိန်တန် အရွယ်ရောက်လာတော့ သူလူနဲ့လူ အိမ်ထောင်ရက်သား ကျကြတာပဲ။ အဲ နောက်တော့သာ လမ်းဘေးက ကလေးတွေ တိုးလာတာပေါ့။

လဲ့ဝေက မစဉ်းစားရင်တောင် ကိုသူက စဉ်းစားသည်။ သူ ပိုက်ဆံစုဖို့ ကြိုးစားသေးတာလည်း လဲ့ဝေ သိသည်။ အရောင်းဝန်ထမ်း အလုပ်အပြင် ညဘက် ဂိမ်းဆိုင်မှာ အချိန်ပိုင်း လုပ်သေးသည်။ သို့ပေမယ့် သူ့ ညီမလေး ဆေးရုံတက်ရတုန်းက တော်တော်ကုန်သွားသည်။ သူ့ ညီလေးရဲ့ ကျူရှင်ခတွေလည်း ပေးရသည်။ အဲဒါနဲ့ပဲ ပိုက်ဆံ စုဖို့ ဆိုတာ မဖြစ်နိုင်သော အခြေအနေမျိုးမှာ ရောက်ရောက်နေသည်။ သူ့အမေကလည်း သူ့ကို အတော်အားကိုးသည်။ အိမ်ထောင်ပြုလျှင်တောင် မိသားစုကို ထောက်ပံ့နိုင်မယ့် မိန်းမမျိုးကို ယူပါ လို့ ပြောထားရသည် ဆို၏။ တစ်ခါက  သူ့အမေနှင့် ပက်ပင်းတိုး၍ ကိုသူက သူ့သူငယ်ချင်းပါ ဆိုပြီး လဲ့ဝေကို မိတ်ဆက် ပေးတုန်းက သူ့အမေက စကားအဆက်အစပ် မရှိ ပြောခဲ့သော စကား ဖြစ်သည်။ အဲဒီကတည်းက သူ့အမေ၏ သဘောထားကို လဲ့ဝေ နားလည် ခဲ့သည်။ လဲ့ဝေတို့သာ လက်ထပ်ဖြစ်လျှင် သူ့အမေက ဘာမှ ပံ့ပိုးမှာ မဟုတ်ဘူး ဆိုတာကိုပင်။ ပံ့ပိုးစရာလည်း တကယ် မရှိတာ ဖြစ်နိုင်သည်။

လဲ့ဝေ ဘက်ကရော အိုကေ သလား ဆိုတော့ မေမေ့ကို စကားတောက် ကြည့်တိုင်းမှာ လဲ့ဝေကို အိမ်ထောင် မပြုစေချင်ပုံ ပြသည်။ ဒီအသက်အရွယ် ရောက်မှတော့ ဒီတိုင်းပဲ နေပါတော့ သမီးရယ်တဲ့။ လဲ့ဝေ ဘက်ကလည်း လဲ့ဝေ ချစ်သူက ဘယ်သူ၊ မေမေ ခွင့်ပြုရင် လာတောင်းပါလိမ့်မယ် လို့ မပြောနိုင်သူ ဆိုတော့ သေချာ မပြောသေးပဲ ထားရသည်။ လွန်ခဲ့သော သုံးလလောက် ကတော့ ဘာနေနေ ပြောဖြစ်အောင်တော့ ပြောကြည့်မည် လို့ ဆုံးဖြတ်ပြီး လဲ့ဝေမှာ ချစ်သူ ရှိကြောင်း ပြောပြလိုက်သည်။ ကိုသူ့ အကြောင်း ပြောတော့ မေမေက သဘောကျပုံ မရပေ။ မိသားစုကလည်း ထောက်ပံ့နိုင်မည့် အင်အားမရှိ၊ အလုပ်အကိုင်ကလည်း အာမခံချက် မရှိသော အလုပ်နှင့် အိမ်ထောင်တစ်ခုကို ဘယ်လို တည်ထောင်မလဲ တဲ့။ ဒီအရွယ်အထိ စဉ်းစားလာပြီးမှ သမီးရွေးချယ်တဲ့ အိမ်ထောင်ဘက်က ဒီထက်တော့ ပြည့်စုံ လိမ့်မယ် လို့ မေမေ မျှော်လင့် ထားတာ တဲ့။ ဘယ်လို လုပ်မလဲ။ လဲ့ဝေလည်း အနည်းဆုံး တိုက်တစ်လုံး ကားတစ်စီး နှင့် ကိုယ့်ကို ထားနိုင်မည့်လူကို ချစ်သူ တော်ချင်တာပေါ့ မေမေ။ ဒါပေမယ့်လည်း အဲလို လူမျိုးနဲ့မှ ဖူးစာက မပါခဲ့ပဲ ကိုး။ မေမေ ကပြောသေးသည်။
“မေမေ့ ဘဝမှာ ပြင်လို့မရတော့တဲ့ အကြီးမားဆုံး အမှားတစ်ခုက သမီးအဖေကို လက်ထပ်မိတာပဲ၊ မေမေ့ အမှားကြောင့် ငါ့သမီးလေးကို ပြည့်ပြည့်စုံစုံ မထားနိုင်ခဲ့ဘူး ဆိုပြီး အမြဲတမ်း စိတ်မကောင်း ဖြစ်နေရတယ်၊ အခုလည်း သမီးက ဒီလို အမှားမျိုး မှားဦးမှာလား သမီး၊ သေချာ စဉ်းစားပါ၊ သမီးတို့ နှစ်ယောက်တည်း မဟုတ်ပဲ နောက်လာမယ့် မျိုးဆက် အတွက်ပါ စဉ်းစားပါ” တဲ့။
လဲ့ဝေ ငယ်ငယ် ကတည်းက ဖေဖေ နဲ့ မေမေ ရဲ့ ရန်ပွဲများ ထဲမှာ ကြီးပြင်းခဲ့ရသည်။ မေမေက ဖေဖေ အလုပ်မရှိသည်ကို အပြစ်တင်သည်။ ဖေဖေကလည်း သူ့ဘက်က ချို့ယွင်းချက်ရယ်လို့ ဘယ်တော့မှ အလျှော့ပေးလေ့မရှိ။ လဲ့ဝေ ကတော့ ဘယ်သူ့ဘက်ကမှ မပါပဲ တတ်နိုင်သမျှ မကြားရာ မမြင်ရာမှာသာ နေလိုက်သည်။ သို့ပေမယ့် လဲ့ဝေရဲ့ အတွင်းစိတ်ထဲမှာ စကားများရမှာ ကြောက်ရွံစိတ်ကြောင့် တတ်နိုင်သမျှ စကားနည်းနိုင်သမျှ နည်းနည်းပဲ ပြောသူ တစ်ဦး ဖြစ်လာသည် ထင်ရဲ့။ ဒါပေမယ့်လည်း ကိုသူ နှင့် လဲ့ဝေကတော့ ချစ်သူ သက်တမ်း တစ်လျှောက်မှာ တစ်ခါမှ ခွန်းကြီး ခွန်းငယ် စကားမများဖူးပါ။ ဘယ်သူကမှ စိတ်ကောက်တာ ဘာညာလည်း မရှိဘူးပါ။ နောင်ကျရင်ကော ဒီလိုပဲ တစ်ယောက်ကို တစ်ယောက် အပြစ်မတင်ပဲ နေသွားနိုင်မှာလား.. မသေချာဘူး ထင်သည်။
******

လဲ့ဝေ ကျောင်းအပြန်လမ်းမှာ ကိုသူ့ကို တွေ့လိုက်ရတော့ အတော်လေး အံသြသွားမိသည်။ လွမ်းတဲ့စိတ်နဲ့ အမြင်များ မှားတာလားလို့ ထင်လိုက်မိပေမယ့် မဟုတ်ပါချေ။
“ကိုယ် ပြန်ရောက်နေတာ သုံးရက်လောက်တော့ ရှိပြီ၊ လဲ့ဝေကို ဘယ်လို မျက်နှာပြရမှန်း မသိလို့၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ပြောရတော့မှာပဲလေ၊ ပြီးတော့ လဲ့ဝေကိုလည်း တွေ့ချင်လို့”
“ဘာဖြစ်လို့လဲ ကိုသူ၊ အဆင်မပြေခဲ့ဘူးလား”
“ဟုတ်တယ်၊ ကိုယ်လျှောက်ထားသမျှ အလုပ်တွေ ဘာမှမရဘူး၊ ကိုယ်လည်း ထပ်စောင့်နေဖို့ မဖြစ်နိုင်တော့ဘူး၊ ခိုးကြောင်ခိုးဝှက် အလုပ်တွေ၊ part time အလုပ်တွေလည်း ကြိုးစားခဲ့ပါသေးတယ်၊ ကြာရှည် အဆင်မပြေနိုင်ဘူး ထင်တာနဲ့ ပြန်ခဲ့တာပဲ၊ မေမေလည်း တော်တော် စိတ်ထိခိုက်နေတယ်။ ကိုယ်လည်း အရမ်းစိတ်ညစ်တယ်ကွာ၊ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး”
“ဖြစ်မှဖြစ်ရလေ ကိုသူရယ်၊ ဒါပေမယ့်လည်း ဖြစ်လာပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ၊ ယောက်ျားပဲ ကိုသူရယ်၊ ဒီလိုပဲ အစကနေ ပြန်ကြိုးစားရမှာပေါ့၊ ဘဝ ဆိုတာ ဒီလိုပဲပေါ့”
လမ်းဘေးက အအေးဆိုင်မှာ သူတို့ ခဏ ထိုင်ဖြစ်ကြသည်။
လဲ့ဝေလည်း သူ့ကို ဘယ်လို နှစ်သိမ့်ပေးရမှန်းမသိ။ တစ်ချို့လူတွေက နိုင်ငံခြားကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလာနေနိုင်သည့် အချိန်မှာ တစ်ချို့တွေကတော့ လေယာဉ်လက်မှတ်ဖိုးကိုတောင် မနည်းစုဆောင်းပြီး ရှာထားရသည့် အဖြစ်တွေ...။
“တစ်ခါတလေတော့လည်း ဘာမှ စဉ်းစားမနေချင်တော့ဘူးကွာ၊ သားလိမ္မာလည်း မဖြစ်ချင်တော့ဘူး၊ လဲ့ဝေ နဲ့ နှစ်ယောက် အတူတူ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ပစ်လိုက်ရင် ကောင်းမလားလို့ တွေးမိတယ်”
“အဲလိုလည်း မဟုတ်သေးဘူးလေ ကိုသူရယ်၊ အဲလောက် အရင်လိုစရာလည်း မလိုပါဘူး၊ လဲ့ဝေတို့ စဉ်းစားနေတာ မှန်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ထပ်စောင့်ကြတာပေါ့၊ လဲ့ဝေ လတိုင်း ထီထိုးတယ်၊ ထီပေါက်ရင်လည်း အကောင်းသားနော်”
နွေလေအေးက တစ်ချက်ဝှေ့လာသော်လည်း သူတို့ နှစ်ယောက်ကို မအေးမြစေနိုင်ပါ။
******

“ဒီကလေးဟာ အမေကို အမြဲတမ်း စိတ်မချမ်းသာအောင် လုပ်တယ်အေ၊ မူကြိုရင် နေ့တိုင်း ငိုပြီး ကျန်နေခဲ့တာ၊ ငါ့မှာ စိတ်မကောင်းဖြစ်ပြီး ထွက်ထွက်လာရတာ၊ အမေ ကွယ်သွားရင်တော့ သူ့ဟာသူ နေတာပဲတဲ့ မူကြို ဆရာမက ပြောတယ်”
“သြော် မတိုးရယ်၊ ကလေးက ငယ်ငယ်လေး ရှိသေးတာကို အခုမှ ၁ နှစ် မဟုတ်လား”
“ဘယ်တတ်နိုင်ပါ့မလဲ ဟယ်၊ အဲလိုမှ မပို့လို့လည်း မရဘူးလေ၊ ကိုအောင်ရော ငါရောက အလုပ်သွားရမှာ အိမ်မှာ စိတ်ချလက်ချ ထားနိုင်မယ့် ကလေးထိန်းကလည်း မရဘူးလေ၊ မေမေကလည်း အိမ်မှာ လာမနေနိုင်ဘူး၊ ဖေဖေ့ကို တစ်ယောက်တည်း ပစ်ထားလို့လည်း မရဘူးလေ၊ အဲလို ကလေးငယ်ငယ် ထိန်းပေးတဲ့ ကျောင်းရှိတာပဲ ကျေးဇူးတင်ရသေးတယ်”
နှစ်ယောက်လုံး အလုပ်လုပ်တဲ့ မိသားစုမှာ ဒါမျိုး ဒုက္ခကလည်း ရှိသေးသည်။ လဲ့ဝေ အလိုဖြင့် ကလေး ငယ်ငယ်ကို တစ်နေကုန် မူကြိုမှာ မထားခဲ့ချင်ပါ။ သို့ပေမယ့် မတိုး ပြောသလို မထားလို့ မရသည့် အခြေအနေ ဆိုတော့လည်း ထားရတာပင်။ ဒီလို ငယ်တုန်းမှာ စိတ်မချရတာက တစ်မျိုး။ ကြီးတော့ ပူရတာလည်း တစ်မျိုး။ မမခင် မှာ ကျတော့ သားနှစ်ယောက် ရှိသည်။ နှစ်ယောက်လုံးက တစ်ယောက် တစ်မျိုး ဆိုးသည်။ သားကြီးက ဆယ်တန်းဖြေပြီးတာနှင့် မိန်းမ ခိုးလာသည်။ နှစ်ယောက်လုံးကို မမခင်က အိမ်မှာ တင်ကျွေးထားရသည်။ သားငယ်က ကျတော့လည်း ကိုးတန်းပဲ ရှိသေးပေမယ့် စာမကြိုးစား၊ အပြင်မှာ ညနက်အောင် နေသည်။ ထစ်ကနဲရှိ ရန်ဖြစ်ချင်သည်။ ရဲစခန်း ရောက်တာလည်း နှစ်ခါ သုံးခါ မကတော့ပေ။ အဲဒါမျိုး အဆိုးလေးတွေ မွေးလာမှာလည်း လဲ့ဝေ ကြောက်သည်။

လွန်ခဲ့သော သုံးလလောက်က မင်္ဂလာဆောင်ခဲ့သော သူငယ်ချင်း ဆရာမ နှင်းရည် ကလည်း ခုတလောမှာ အမြင်တွေ ပြောင်းနေသည်။ “လဲ့ဝေလို တစ်ယောက်တည်း သမားပဲ ကောင်းတယ်၊ ဘာမှ ပူပင်စရာမရှိ၊ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘူး” တဲ့။ အရင်က လဲ့ဝေကို “ဘာမှ အဲလောက် စဉ်းစားမနေပါနဲ့၊ နှစ်ယောက်သား ချစ်ကြရင် ပြီးတာပဲ ယူသာ ယူလိုက်ကြ” လို့ ပြောခဲ့တာ သူ မဟုတ်သလိုပင်။ “နေပါဦး၊ နင်ကရော ဘယ်သူ့မျက်နှာ ကြည့်နေရလို့လဲ” မေးတော့ “ယောက္ခမ မျက်နှာပေါ့” တဲ့။
“အိမ်ခွဲ နေရအောင် ပြောတော့လည်း မရဘူးလေ၊ သူက တစ်ဦးတည်းသောသား၊ ဝတ္တုတွေ ထဲကလိုပဲ သူ့အမေ မုဆိုးမကြီးက သူ့ကို အရမ်း လွှမ်းမိုးတယ်၊ သူ ရသမျှလည်း သူ့အမေကို တစ်ဝက် အပ်တယ်၊ ငါ့ကို တစ်ဝက် အပ်တယ်၊ သူ့အမေကို အကုန်မအပ်တာပဲ တော်သေးတယ် အောက်မေ့ရတယ်၊ ပြီးတော့ နေရာတိုင်းမှာ သူ့အမေက လိုက်လိုက်ပါ နေတာပဲ၊ အငြိမ်းစား ဆရာမကြီး ဆိုတော့ သိတဲ့အတိုင်း ဆရာက လုပ်သေးတယ်၊ ငါက နဂိုတည်းက ငါ့ကို ဆရာ သိပ်လုပ်ရင် ကြိုက်တာ မဟုတ်ဘူး၊ အခု မနည်း သည်းခံနေရတယ်”
သူပြောတာကို လဲ့ဝေ ကိုယ်ချင်းစာသည်။ အဲဒါကြောင့်လည်း လဲ့ဝေတို့က နှစ်ယောက်တည်း မနေနိုင်မချင်း လက်မထပ်ကြဖို့ ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

မမဆွေကတော့ အစဉ်သဖြင့် အပျိုကြီး လုပ်တာ ကောင်းကြောင်း ထောက်ခံသူ ဖြစ်သည်။ သူက လဲ့ဝေမှာ ချစ်သူ ရှိမှန်းမသိ။ အပျိုကြီး လုပ်ချင်လို့ လုပ်နေတယ်လို့ အောက်မေ့နေသည်။ မမဆွေကို ကြည့်လိုက်ရင် အမြဲတမ်း ဖိုသီဖပ်သီနှင့် စိတ်ရှုပ်နေပုံ ရသည်။ “ငါ ဘာလို့များ သုံးယောက်တောင် မွေးမိသလဲ မသိဘူးနော်၊ တစ်ယောက်လောက်ပဲ မွေးခဲ့ရင် ကောင်းမှာ” တဲ့။ အဲလိုလည်း ပြောတတ်သေးသည်။ ဒါတောင် သူ့ ကလေးတွေက အဆိုးလေးတွေ မဟုတ်ရှာပါ။ စာလည်း တော်ရှာသည်။ သူက သူ့ကလေးတွေကို လဲ့ဝေတို့ အထက်တန်းကျောင်းမှာ မထားပဲ မြို့ထဲက နာမည်ကြီး ကျောင်းမှာ ထားသည်။ ထိုကျောင်းက ဘာပဲဖြစ်ဖြစ် လဲ့ဝေတို့ ကျောင်းထက် အောင်ချက်လည်း ကောင်းသည်။ ဆယ်တန်းဆိုလည်း ဂုဏ်ထူးထွက်သူ များသည် ဆိုတော့ မမဆွေက သူ့ကလေးတွေကို သူ့အိမ်နှင့်လည်း နီးသော အဲဒီကျောင်းမှာ ထားတာ သဘာဝကျပါသည်။ လဲ့ဝေတို့ ကျောင်းက မြို့ထဲနှင့် နည်းနည်းဝေးသော မြို့သစ် ဘက်မှာ ရှိသည်။ လဲ့ဝေ နှင့် မမဆွေ အပါအဝင် ဆရာမ တော်တော်များများက မြို့ထဲမှာ နေကြသူများ ဖြစ်သည်။ မမဆွေ အမျိုးသား အလုပ်က အပိုဝင်ငွေ အတော်ရသော အလုပ်ဖြစ်ပါသည်။ သို့သော် မမဆွေကို ကြည့်ရသည်မှာ ဘယ်တော့မှ တောက်တောက်ပပ မရှိ။ ကလေးတွေကို နာမည်ကြီး ကျောင်းမှာ ထားရတာ အတော်ကုန်သည် ဆိုသည်။ အကြီးကောင်က ရှစ်တန်း၊ အလတ်မက ငါးတန်း၊ အငယ်လေးက ခုမှ သုံးတန်းသာ ရှိသေးသည်။ မမဆွေ အပြောအရ မူလတန်း သားငယ်က အစ နှစ်စကတည်းက ကျူရှင်ယူရသည် ဆို၏။ သားကြီး ဆိုလျှင် ဘာသာစုံ ကျူရှင်ယူရသည် ဆိုသည်။ “အမှန်တော့ ငါလည်း ဆရာမ တစ်ယောက်ပဲဟယ် ကိုယ့်သားသမီးကိုယ် သင်ပေးနိုင်ပါတယ်၊ ဒါပေမယ့် သူတို့ ဆရာမတွေက ကျူရှင်မယူရင် မကြိုက်ဘူးဟဲ့၊ အတန်းထဲမှာ မျက်နှာငယ်တယ်၊ ကျောင်းစစ် ဆိုတော့ သူတို့ စိတ်ထဲ ခုနေရင် ကလေးတွေ ဒုက္ခရောက်မှာ စိုးလို့ ထားရတာ၊ တစ်လ တစ်လ ငါတို့မှာ ကျူရှင်ဖိုး ပေးရတာ မနည်းဘူး၊ ကိုမြင့် ရသမျှလည်း အခုနောက်ပိုင်း စုတောင် မစုနိုင်ပါဘူး ဟယ်၊ အိမ်စားရိတ်က အတော်ကြီးနေတာ”  မမဆွေက ပြောတော့ လဲ့ဝေလည်း သက်ပြင်းတစ်ချက်သာ ချမိပါတော့သည်။

အိမ်ထောင်ကျပြီးရင် အပူအပင်တွေ များလှပါလားလို့ လဲ့ဝေ တွေးမိသည်။ သူတို့ သာယာ ပျော်ရွှင်တယ် ဆိုတာ မင်္ဂလာဆောင်ပြီးစ ခဏလောက်ပဲ မဟုတ်လား။ ငွေကြေးပြည့်စုံသူရော၊ မပြည့်စုံသူရော တစ်ခုမဟုတ် တစ်ခုတော့ ပူပန် စရာတွေ ရှိနေကြတာပဲ။ ဒါကို ငြင်းချက်ထုတ်ချင်သူတွေလည်း ရှိနေနိုင်ပါသည်။ ဒါပေမယ့် အပျိုကြီး ဘဝနှင့် ယှဉ်လို့တော့ ဘယ်ရပါ့မလဲ။ အပျိုကြီးဘဝလောက် အေးချမ်းတာ ဘယ်မှာ ရှိမလဲ။ ဒါပေမယ့်လည်း ခုနေ ကိုသူက သူ့မှာ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောလာရင် လဲ့ဝေ ကောက်ကနဲ နေအောင် ပါသွားမှာပဲ မဟုတ်လား။ ဒါကြောင့်လည်း ပိုးဖလံမျိုး မီးကိုတိုးလို့ ပြောကြတာပေါ့။

ခုနောက်ပိုင်းတော့ လဲ့ဝေ တကယ့်ကို အလေးအနက် စဉ်းစားနေမိပါသည်။ ခုအတိုင်းပဲ တစ်သက်လုံး နေသွားနိုင်မလား လို့ ကိုယ့်ကိုယ်ကို မေးနေမိတာပါ။ နေနိုင်တယ် လို့ ကိုယ့်ဟာကိုယ် ပြန်ဖြေနေပါသည်။ ဒါဆိုလည်း ကိုသူ့ကို လွှတ်ပေးလိုက်ပါတော့။ ဆွဲထားမနေပါနဲ့တော့။ လက်မထပ်ချင်တော့ဘူး ဆိုလျှင် ဘာကြောင့် ချစ်သူ တစ်ယောက်ကို တွဲနေဦးမှာလဲ။ ဟုတ်တယ်။ ကိုသူ့ကို ဖြတ်တော့မယ်။ အဲဒီလို တွေးထားပေမယ့်လည်း ကိုသူ နှင့် တွေ့လျှင် ဘယ်က ဘယ်လို စပြောရမှန်း မသိပဲ မပြောဖြစ်တော့ပြန်။ ကိုသူက အရင် အလုပ်မှာပဲ ပြန်လုပ်နေသည်။ လဲ့ဝေတို့ လက်ထပ်ဖို့ အရေးက အရင်လိုပဲ ဝေးနေဆဲ။
******
တွေ့နေကြ နေရာမှာ နှစ်ယောက်သား တွေ့ဖြစ်ကြသည်။ လေအဝှေ့မှာ ရွက်ကြွေ တစ်ချို့ ဖြတ်ပြေးသွားကြသည်။ တစ်ဖက်ကမ်းမှ စေတီတော်က ဆည်းဆာနေ အောက်တွင် ရွှေရောင် တောက်နေသည်။ ဒီမြို့ရဲ့ ကမ်းနားမှာလည်း ခုလို ဟိုဘက်ကမ်းကို လှမ်းမြင်ရသည့် နေရာဆိုတာ မရှိသလောက်တောင် ဖြစ်နေပြီ။ မြစ်ကမ်းနားကို ပိတ်ကွယ်ပြီး ဆိုင်ခန်း၊ အိမ်ခန်းတွေ အတည်တကျ ဆောက်နေကြသောကြောင့် ဖြစ်သည်။ ဒီနေရာက မြို့လည်နှင့် အတန်ငယ် ဝေးသော နေရာမို့သာ ခုလို ရှုခင်းမျိုး မြင်ရဆဲ ဖြစ်နေတာ။  မြစ်က မကြမ်းတမ်းလို့သာ ကမ်းပါးတွေ မြန်မြန်ဆန်ဆန် မပြိုကျခြင်း ဖြစ်သည်။ ဘယ်နေရာမှာမှ အကာအကွယ် နံရံမရှိ။ ကျောက်စီနံရံ ဆောက်လုပ်ရေး ဆိုတာက လဲ့ဝေတို့ လက်ထပ်ရေး လိုပင် ဘယ်တော့မှ ဖြစ်မလာသော စီမံကိန်း တစ်ခု ဖြစ်သည်။ အဲဒီလို မြစ်ကမ်းပါးကို နောက်ခံထားပြီး အခိုင်အခန့် တိုက်အိမ်များ ဆောက်ရဲကြခြင်းမှာ အံသြစရာ ကောင်းသည်။

“ကိုသူ့ကို လဲ့ဝေ ပြောစရာ နှစ်ခု ရှိတယ်၊ good news နဲ့ bad news ဆိုပါတော့”
“ထူးထူး ဆန်းဆန်းပါလား လဲ့ဝေရဲ့၊ ဘာတွေလဲ ပြောစမ်းပါဦး၊ လဲ့ဝေ ပြောပြီးရင် ကိုယ်လည်း ပြောစရာ ရှိတယ်”
“လဲ့ဝေ အလယ်တန်းပြ ရာထူး တိုးသွားပြီ၊ ဒါပေမယ့် ဒီကျောင်းမှာတော့ မဟုတ်တော့ဘူး၊ နည်းနည်း ဝေးဝေး သွားရမယ်၊ နေ့ချင်းပြန်လို့တောင် မရဘူး၊ ဟိုမှာ နေပြီး တစ်ပတ် တစ်ခါ လောက်ပဲ ပြန်လာလို့ ရမယ်”
“ဟာ ဟုတ်လား၊ ဝမ်းသာစရာကြီး၊ ဒီမှာပဲ ပြန်ရရင် ကောင်းမှာနော်၊ ဘာဖြစ်လဲ တစ်ခြားကျောင်း ဆိုတော့လည်း အတွေ့အကြုံရတာပေါ့ ဟုတ်ဖူးလား၊ ကိုယ်လည်း တစ်ခြားမြို့ကို ခရီးသွားဖို့ ရှိတယ် အဲဒီမှာ branch အသစ် ဖွင့်လို့လေ၊ Supervisor လည်း ဖြစ်သွားတယ်၊ ခြောက်လလောက်တော့ သွားလုပ်ပေးရမယ်တဲ့၊”
“ကောင်းတယ်၊ လဲ့ဝေတို့ မတွေ့ကြတော့ပဲ နေရအောင်”
“လဲ့ဝေ ပြောတာကြီးကလည်း ဘယ်လိုကြီးတုန်း၊ ကိုယ်တို့ ခုလို တွေ့နိုင်တော့မှာ မဟုတ်ဘူး ဆိုတော့ ဖုန်းတော့ ဆက်ကြတာပေါ့ ဟုတ်လား၊ ဖုန်းတစ်လုံးလောက် လိုချင်တယ်ကွာ၊ ကိုယ့်ဖုန်းနဲ့ ကိုယ်ဆို ပြောရတာ ကောင်းတာပေါ့”
“မဟုတ်ဘူး ကိုသူ၊ လဲ့ဝေတို့ ဖြတ်ကြရအောင်လို့ ပြောတာ၊ ဖုန်းလည်း မဆက်ကြစို့နဲ့၊ လဲ့ဝေ တကယ်ကို အိမ်ထောင်ပြုဖို့လည်း စိတ်မပါတော့ဘူး၊ အဲဒါကြောင့် ကိုသူ့ကိုလည်း မျှော်လင့်ချက်နဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်မနေစေချင်ဘူး၊ လဲ့ဝေတို့ ကိုယ့်လမ်းကိုယ် လျှောက်ကြရအောင်”
“ဟာ ဘာလဲကွာ၊ လဲ့ဝေကလည်း အဓိပ္ပါယ် မရှိတာ၊ ဘာတွေ လျှောက်ပြောနေတာလည်း၊ ဘာလို့ ဖြတ်ရမှာလဲ၊ လဲ့ဝေ အသစ်တွေ့နေလို့လား ပြော”
“ကိုသူကလည်း အသစ် တွေ့စရာလား၊ လဲ့ဝေ အပျိုကြီးပဲ လုပ်တော့မှာပါဆို၊ အဲဒါကြောင့် ကိုသူ့ကို ဖြတ်တော့မယ် လို့ ပြောနေတာ၊ ကိုသူ သာ အသစ်တွေ့လို့ ယူချင်လည်း ယူ၊ လဲ့ဝေကို ငဲ့စရာ မလိုတော့ဘူး”
“လဲ့ဝေက အတည် ပြောနေတာလား၊ လဲ့ဝေက ကိုယ့်ကို ပြတ်နိုင်တယ်ပေါ့၊ ကိုယ်ကတော့ မပြတ်နိုင်ဘူးကွာ”
“ပြတ်နိုင်လို့တော့ ဘယ်ဟုတ်ပါ့မလဲ၊ ဒါပေမယ့် လဲ့ဝေ ဆုံးဖြတ်ပြီးသွားပြီ၊ လဲ့ဝေ အိမ်ထောင်မပြုတော့ဘူး၊ လဲ့ဝေ အသက် ၃၂ ထဲကို ရောက်နေပြီ၊ အရင်တုန်းက စဉ်းစားဖူးတယ်၊ အသက် ၃၀ လောက်မှာ လက်ထပ်မယ်လို့ အဲဒီ အရွယ်လောက်မှာမှ လက်မထပ်ဖြစ်ရင် ဘယ်တော့မှ လက်မထပ်တော့ဘူးလို့”
“လဲ့ဝေက အသက်ကြီးမှ လက်မထပ်ချင်တော့တာ မဟုတ်လား၊ ဒါဆိုလည်း မနက်ဖြန်ပဲ ရုံးတက် လက်မှတ်ထိုးပြီး လက်ထပ်လိုက်ရအောင်ကွာ၊ ပြီးရင် တစ်အိမ်အိမ် တက်နေလိုက်ရင် ရတာပဲ၊ ကိုယ်တို့က စဉ်းစားလွန်းလို့ ပြဿနာ ဖြစ်နေတာ၊ ကိုယ့်ညီလေးကတော့ ပြတ်ပြတ်ပဲ သူ့မှာ ချစ်သူရှိတယ်တဲ့ နောက်နှစ်ကျောင်းပြီးရင် မိန်းမယူမှာတဲ့”
“အဲလို လုပ်လို့ မဖြစ်ဘူးလေ ကိုသူရာ လဲ့ဝေ သဘောမတူပါဘူး၊ တကယ်ပဲ ခုတော့ လက်ထပ်ဖို့ စိတ်မပါဘူး၊ ခုလို မပြည့်မစုံ အခြေအနေမျိုးမှာဆို ပိုဆိုးတယ်၊ ကိုသူ့ကို အပြစ်မတင်ဘူးနော်၊ လဲ့ဝေတို့ ဘဝတွေကိုပဲ စိတ်နာတာ၊ လဲ့ဝေတို့ ပြတ်ကြည့်ကြရအောင်၊ တကယ်ပြောတာ”
“ဟုတ်တော့ ဟုတ်တယ်၊ ကိုယ်လည်း တစ်ခါတလေတော့ ဒီတိုင်း နေရတာမှ ပိုကောင်းသလိုပဲ အိမ်ထောင်တစ်ခု တာဝန်ကို ယူမှ ယူနိုင်ပါ့မလားလို့ စိုးရိမ်တယ်၊ ဒါပေမယ့်ကွာ.. ကိုယ်တို့ တစ်ယောက်ကို တစ်ယောက် ချစ်နေရဲ့နဲ့ ဘာလို့ ပြတ်ရမှာလဲ”
“ကိုသူ့ စိတ်ထဲမှာ လဲ့ဝေကို တစ်နေ့ လက်ထပ်ကို လက်ထပ်ရမယ် ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးမျိုး မရှိစေချင်ဘူး၊ ပြီးတော့ လဲ့ဝေ စိတ်ရှင်းရှင်းနဲ့ တစ်ယောက်တည်း နေကြည့်ချင်တယ်၊ အဲတော့ ခုလို တစ်ယောက်နဲ့ တစ်ယောက် ဝေးနေတုန်းမှာ ပိုကောင်းတယ်၊ ဖြတ်ကြရအောင် ကိုသူ၊ အတည်ပြောနေတာ”
“ဟုတ်ပြီလေ၊ ဒါဆိုလည်း လဲ့ဝေ သဘောအတိုင်း လိုက်နာရမှာပေါ့၊ ဒီနေ့ကပြီး မတွေ့ဘူး၊ ဖုန်းလည်း မဆက်ဘူး၊ လဲ့ဝေနဲ့ ကိုယ်နဲ့ ပြတ်ပြီ၊ ဟုတ်ပြီလား”
“လမ်းမှာ မတော်တဆ တွေ့ရင်တော့ နှုတ်ဆက်လို့ ရပါတယ်နော်.. မိတ်ဆွေတွေပေါ့”
“လမ်းမှာ တွေ့လည်း နှုတ်မဆက်နဲ့တော့”
ကိုသူ စိတ်ဆိုးသွားပြီလား ဟု လဲ့ဝေ စိတ်ထဲ မကောင်း ဖြစ်သွားပြန်သည်။ ကိုသူက ဘယ်တော့မှ စိတ်ဆိုးတတ်သူ မဟုတ်။ အို.. ဆိုးပါစေလေ၊ အဲဒါမှပဲ အပြီး ပြတ်ကြမှာပေါ့ မဟုတ်လား။ မဟုတ်ရင် လဲ့ဝေတို့ နှစ်ယောက် ချစ်သူတွေ ဆိုတာကို လူတွေ တော်တော်များများ သိကုန်တော့မယ်။ လဲ့ဝေတို့ကလည်း ခုချိန်ထိ လက်ထပ်ဖို့ ဝေးနေဆဲ မဟုတ်လား။ တစ်ယောက်တည်း နေတာ အချိန်တွေကြာလေ အိမ်ထောင်တစ်ခု တာဝန် ထမ်းဖို့ကိုလည်း ပိုပြီး ဝန်လေးလေ ဖြစ်နေပြီ။


နှစ်ယောက်သား စက်ဘီးကိုယ်စီ စီးပြီး လမ်းခွဲခဲ့ကြသည်။ မြို့ကြီးကတော့ လွန်ခဲ့တဲ့ သုံးနှစ်ကထက်စာရင် အများကြီး တိုးတက်လာခဲ့သည်။ စတိုးဆိုင်အသစ်တွေ အများကြီး ပေါ်လာသည်။ ဘဏ်အသစ်တွေ အများကြီး ပေါ်လာသည်။ ဆိုင်ကယ် အရေအတွက်တွေ ပိုပိုများလာသည်။ လဲ့ဝေတို့ နှစ်ယောက်ကတော့ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကလိုပဲ စက်ဘီးဟောင်းလေးတွေ စီးနေရဆဲ...။ နောက်ထပ် စက်ဘီးအဟောင်း စီးရဦးမယ့် မျိုးဆက်အသစ်တွေကို မမွေးဖွားစေချင်တာ လဲ့ဝေရဲ့ စိတ်ရောဂါပဲ ဆိုပါစို့။ သူ့အလိုလို ထွက်သွားတာ မဟုတ်သည့် အချစ်ဆိုသည့်အရာကို နှလုံးသားထဲက တမင် လှည်းကျဉ်း ဖယ်ထုတ်တဲ့ အလုပ်က ဘယ်လောက် ခက်မယ် ဆိုတာ လဲ့ဝေ မသိပါ။ စွယ်တော်ရွက် အကောင်းတစ်ရွက်ကို တစ်ခြမ်းစီဖဲ့တယ်ပဲ ပြောပြော လဲ့ဝေကတော့ အဲဒီ စွယ်တော်တစ်ခြမ်း ဘဝမှာပဲ နေတတ်အောင် နေဖို့ ကြိုးစားရပါဦးမည်။

သိင်္ဂါကျော်

10 January, 2012

Coconut Tree

Mohombi Feat. Nicole Scherzinger – Coconut Tree 




I'll always remember
our summer in Hawaii  
Aloha Nui Loa
 
Under the coconut tree 
we stay Fall and crush into me like a wave  
You bring the fool out my cool
Baby, use your tools  
Make me wanna change my ways
 
Under the coconut tree,  
you be chilling with me  
Making love to you in a bedford room  
made of sand and sea
 
No place I'd rather be  
no one else I wanna please  
No one but you, boo I got you  
Got the best of me
 
Heey-ey-ey!
Usually I'll be gone before the morning lights
 
Ooh-oh-oh!
But your eyes keep telling me it's not the case tonight
 
You gon' make me stay  
You gon' make me stay  
You gon' make me stay forever  
You gon' make me stay  
2x
 
Under the coconut tree we stay
watch as the night turns into day

We let the fire be the light  
Sky's the floor tonight
Fly me with your gentle sway
Under the coconut tree,  
you be chilling with me  
Making love to you in a bedford room
Made of sand and sea
 
No place I'd rather be  
No one else I wanna please  
No one but you, boo I got you
Got the best of me
 
Heey-ey-ey!
Usually I'll be gone before the morning lights
Ooh-oh-oh!
But your eyes keep telling me it's not the case tonight
 
You gon' make me stay You gon' make me stay You gon' make me stay forever You gon' make me stay 2x
 
Sing it to me baby, that melody  
While I hit the drums  
You gon' make me stay  
We gon' let it play  
Baby, turn it up, up  
It sounds just like love  
You gon' make me stay  
We gon get away  
Baby, turn it up, up  
It sounds just like love Just like love
 
Heey-ey-ey!
Usually I'll be gone before the morning lights
Ooh-oh-oh!
But your eyes keep telling me It's not the case tonight
You gon' make me stay You gon' make me stay You gon' make me stay forever You gon' make me stay 2x
 
Heey-ey-ey!  
Usually I'll be gone before the morning lights
Ooh-oh-oh!  
But your eyes keep telling me It's not the case tonight
You gon' make me stay You gon' make me stay You gon' make me stay forever You gon' make me stay 2x
 
I'll always remember our summer in Hawaii  
Aloha Nui Loa