08 August, 2008

သူငယ်ချင်းလို့ ဆက်မခေါ်ချင်

သူမနှင့်ကိုယ် တွေ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီမှာက သူငယ်ချင်းလည်းသိပ်မရှိ၊ အပြင်လည်း သိပ်မထွက်ဖြစ်တော့ ကျောင်းမသွားရသည့် နေ့များမှာ online မှာသာ တစ်နေကုန်ရှိနေဖြစ်သည်။ Course Subject တွေကုန်အောင် ဖြေနေစဉ် ကတည်းက သူမနှင့် သိခဲ့ခြင်းဖြစ်သည်။ အစပိုင်းကတော့ Internet ပေါ်မှာ စာနှင့် ပတ်သက်တာပဲ ရှာဖြစ်သည်။ Chatting လည်း မရိုက်တတ်။ မြန်မာ သူငယ်ချင်း တစ်ချို့၏ အကြံဥာဏ်ပေးမှု နှင့် Personal Websites များမှာဝင်သည်။ သူငယ်ချင်းတွေ ရလာသည်။ Chatting လုပ်ရခြင်း ကို ပျော်မွေ့လာသည်။ အားသည့်အချိန်များမှာ လေ့လာရင်းနှင့် Computer ၊ Internet တို့နှင့် အကျွမ်းဝင်လာသည်။ Thesis သက်သက် လုပ်နေရချိန်ကျတော့ အချိန်ပိုရလာသည်။

Online Friend တွေ အများကြီး ရှိသော်လည်း တစ်ချို့က ၀ါသနာမတူ၊ အသက်အရွယ် အတွေးအခေါ် အတော် ကွာခြားသူတွေ ပါသည်၊ အမှန်မပြောပဲ အလိမ်အညာ တွေနှင့် အပျော်သဘော Chat ကြသူတွေများသည်။ နိုင်ငံခြားသား တွေလည်း ပါသည်။ အဲဒီလို အများကြီး ထဲကမှ သူမတစ်ယောက်ကတော့ မှတ်မှတ်ထင်ထင် နှင့် အချိန်အတော်ကြာ သူငယ်ချင်း ဖြစ်နေခဲ့သည်။

ပုန်းညက်ဖြူ ဆိုသော ချစ်စရာ နာမည်ကလေးကြောင့် သူ့ဘက်က စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ သူမ နှင့် ကိုယ်က စာဖတ်ဝါသနာ ပါတာခြင်း တူသည်။ ကြိုက်တတ်တဲ့ ၀တ္တု တွေ အတော်များများ တူသည်။ သီချင်းတွေ ကြိုက်တာချင်း တူသည်။ သူမက တစ်ခါတလေ ကိုယ်ကြိုက်တတ်တဲ့ သီချင်းတွေလည်း ပို့တတ်သေးသည်။ သူမ ကြည့်နေကြ ကိုရီးယား Series တွေကိုတော့ ကိုယ်မသိ။ ခုတော့ တစ်နေ့တစ်ခါမှ သူမနှင့် နှုတ်ဆက်စကား မပြောရလျှင် မနေတတ်သလိုပင်။ သူမ ဆီက forward mail မလာတာ ကြာလျှင် သတိရသည်။ သူမ အိမ်ပြန်နေလို့ Net မသုံးသည့် အချိန်တွေက ကိုယ့်အတွက် အတော်ရှည်ကြာလှသည်။ တဖြည်းဖြည်းနှင့် သူမ အပေါ် ကိုယ့်သဘောထားက သိပ်မရိုးသားတော့မှန်း ကိုယ့်ကိုကိုယ် သိလာသည်။

***************

ခင်ပွင့် ၏ Chat List ထဲမှာ Online Friend တွေအများကြီး ရှိသော်လည်း သူတစ်ယောက်ကိုတော့ သူများတကာ တွေထက် ပိုခင်မင်မိတာ အမှန်ပါ။ မနက် မနက် စက်ဖွင့်ပြီး Chat ထဲဝင်လိုက်လို့ သူ့ကို Online ပေါ်မှာ မတွေ့ရလျှင်ကို စိတ်ထဲမှာ တစ်မျိုးပင်။ သူဆိုတာလည်း Lecture တက်ချိန်၊ Seminar တက်ချိန်၊ လျှောက်လည်နေချိန် ကလွဲလို့ တစ်နေကုန် Online ပေါ်မှာ ရှိနေသူပင်။ သူ့ကိုတော့ ခင်ပွင့်က ကျောင်းက အခက်အခဲတွေ၊ စိတ်ညစ်တာ တွေ အကုန် ပြောပြမိသည်။ ကျောင်းနှင့်၊ ခင်ပွင့် ရဲ့ သင်တန်းနှင့် ပတ်သက်ပြီး အတိအကျကြီး မပြောတာက လွဲလို့ပေါ့။ သူကလည်း သူ့ကျောင်းက အခြေအနေ တွေ အကုန်ပြောသည်။ လူချင်းသာ မတွေ့ရပေမယ့် ခင်ပွင့် တို့ အချင်းချင်း ငယ်ပေါင်း ကြီးဖော်လို ရင်းနှီးသည်။ Chat ပေါ်က ၀ိုးတိုးဝါးတား ပုံကိုသာ မြင်ဖူးသော သူ့ကို အပြင်မှာ တွေ့လျှင်လည်း မှတ်မိမှာ မဟုတ်ပါ။ မြန်မာနိုင်ငံမှာ မရှိသူမို့လည်း အပြင်မှာ မတွေ့နိုင်ဖူး ထင်ပြီး ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောဖြစ်တာဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ပြည့်စုံသာ ဆိုသည့် သူ့အပေါ်မှာ Online Friend သက်သက်ထက်တော့ ပိုမိတာ အမှန်ပင်။

***************

သစ်လွင် Thesis တင်ပြီးပြီးချင်းမှာပင် ဒက်ဒီ ကျန်းမာရေး မကောင်းသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရသည်။ ဒက်ဒီ့ အလုပ်ကို ချက်ချင်း ၀င်ဦးစီး ခဲ့ရသည်။ ကျောင်းသားဘ၀ကလို Net ပေါ်မှာ ဖြုန်းဖို့ အချိန်မပေးနိုင်။ အလုပ်တွေ ဖိစီးနေသည့် ကြားကပဲ သူမကိုတော့ သတိတရ ရှိနေခဲ့ပါသည်။ ညဘက် အားချိန်မှာ Chat ပေါ်တက်တော့ သူမက ညဘက် Net မသုံးသဖြင့် မတွေ့ရ။ သူမ ဆီက Forward mail တွေကတော့ ပုံမှန် ရောက်သည်။ သစ်လွင် က သူ နေ့ဘက် မအားသဖြင့် မသုံးဖြစ်ကြောင်း message ပို့ထားတော့ သူမကလည်း Thesis အတွက် အလုပ်ရှုပ်နေသည် ဟု offline message ပြန်ထားသည်။


ဒယ်ဒီက သူ ကျန်းမာရေး မကောင်းတာ အကြောင်းပြ၍ သစ်လွင်ကို အခြေတကျ အိမ်ထောင် ပြုစေချင်နေသည်။ သူ့စီးပွားဖက် မိတ်ဆွေ တစ်ယောက်၏ သမီးနှင့် သစ်လွင်ကို သဘောတူနေသည်။ ရည်ရွယ်ထားတာ ရှိရင်တော့ အိမ်ကို ခေါ်လာဖို့ပြောသည်။ ကိုယ့်မှာက ခေါ်လာပြစရာလည်း ဘယ်သူမှ မရှိ။ Graduate တုန်းက အပျော်သဘော လိုက်ဖူးတာ၊ တွဲဖူးတာ တွေက လွဲလို့ တစ်သက်တာရည်၇ွယ်တဲ့ ချစ်သူရယ်လို့ တစ်ခါမှကှို မရှိခဲ့တာပါ။ ဒက်ဒီ ပြောပြောချင်း ဖြတ်ခနဲ သတိရမိတာ သူမကိုပင် ဖြစ်သည်။ ဘာမှတော့ မဆိုင်။ ကိုယ်ဘက်ကတော့ ဆိုင်ချင်နေသည် ထင်ပါရဲ့။ ကျောင်းပြီးလျှင် နယ်ပြန်ရမည် ဟု သူမက ပြောဖူးသည်။ နယ်မပြန်ခင် သူမနှင့် အပြင်မှာ ဆုံချင်သည်။ ကိုယ်က အပြင်မှာ တွေ့ဖို့ တစ်ကြောင်းတလေ ရေးမိလျှင် သူမက မသိချင်ယောင်ဆောင်ကာ ဘယ်တော့မှ ပြန်မဖြေ။ ဘယ်နေရာမှာ နေတယ်ဆိုတာလည်း သေချာ ရေရာ မပြော။ ကိုယ့်ဘက်ကသာ တစ်ဖက်သက် ဖြစ်နေသလား ဟု မရိုးသားတာကိုလည်း အရိပ်အမြွက်ပင် မပြောရဲ။ ဒီလိုနဲ့ပဲ ဒက်ဒီ တွေ့ပေးမယ့် မိန်းကလေးကို တွေ့ကြည့်ဖို့ သဘောတူလိုက်ရသည်။

ခင်ပွင့် ဆိုတာ အပြစ်ဆိုစရာ မရှိသော မိန်းကလေး တစ်ယောက်ပါ။ Ph.D တက်နေသော နည်းပြဆရာမလေး တစ်ယောက် ဖြစ်သည်။ ၀တ်စားဆင်ယင်မှုကအစ ခေတ်မီပေမယ့် ယဉ်ကျေးပြီး အဆင့်အတန်းမြင့်သော ပုံစံပေါက်သည်။ အချောအလှကြီး မဟုတ်သော်လည်း အေးချမ်းပြီး ချစ်စဖွယ်ကောင်းသည်။ သူမဖေဖေ နှင့် ကိုယ့်ဒက်ဒီက သူငယ်ချင်းတွေလည်း ဖြစ်သည်၊ စီးပွားဖက်တွေလည်း ဖြစ်သည်။ သူမက ငြင်းဆိုစရာ အပြစ်မရှိသော်လည်း ကိုယ်က တစ်စုံတစ်ယောက်ကို မျှော်လင့်ချင်သေးသည်။

***************

ခင်ပွင့်၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ု မိဘတွေ စီစဉ်သမျှ လက်ခံမည်ဟု ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သူမ အကြိုက်ဆိုတာလည်း ခုချိန်အထိ ရှာမှ မတွေ့ခဲ့ပဲ။ ခင်ပွင့် မိဘတွေကလည်း အရင်ကတော့ သမီးကို နှမျောစိတ်ဖြင့် ဘာမှ မစီစဉ်ခဲ့သော်လည်း ခုတော့ စိတ်ကူးပြောင်းသွားပုံရသည်။ သမီး သဘောမကျရင်တော့ အတင်းအကျပ်ကြီး မစီစဉ်ပါ ဟုတော့ ပြောရှာပါသည်။

ကိုသစ်လွင်ကို တွေ့တော့ ခင်ပွင့် အတွက် ငြင်းစရာ မရှိဟုမြင်သည်။ လူကြီးလူကောင်းဆန်ဆန်… ပြီးတော့ ခင်ပွင့် မှန်းထားတာ ထက်ပင် သူက ကြည့်ကောင်းသေးသည်။ လူကြီးတွေက လူငယ်ချင်း တစ်ယောက်ကို တစ်ယောက် အရင်လေ့လာ ပြီးမှ ဆုံးဖြတ်ပါ ဟု သဘောကောင်းစွာ ခွင့်ပေးထားပါသည်။ သူက ကျောင်းပိတ်ရက် တွေမှာ အဆောင်ကို လာခေါ်ပြီး ဘုရားသွားကြသည်။ တစ်ခုခု စားပြီး တစ်ခါတလေ City Mart မှာ လိုတာတွေဝယ်ဖို့ လိုက်ပို့သည်။ သူ့ဘက်ကလည်း ခင်ပွင့်ကို လက်ခံထားသည် ဟုထင်ခဲ့သည်။

ဒီအတောအတွင်း ပြည့်စုံသာနှင့် online မှာ နှစ်ခါ သုံးခါ တွေ့သည်။ သူ့ကိုတော့ ခင်ပွင့်က သစ်လွင် အကြောင်း မပြောပြချင်။ သူက အပြင်မှာ တွေ့ဖို့ ခဏခဏ ပြောသည်။ ချစ်တယ် ဆိုတာမျိုးကိုပင် မသိမသာ ပြောချင်လာသည်။ ခင်ပွင့် စိတ်ထဲမှာ တစ်မျိုးဖြစ်မိ သဖြင့် သူ့ကို အပြင်မှာ မတွေ့ချင်။ online ပေါ်မှာ ပြောထားတာထက် အသက်ပိုကြီးနေတာရော၊ Chat ပေါ်မှာ အမြဲတင်နေကြ ပုံထဲက ကိုရီးယား မင်းသမီးလေး လို အပြင်မှာ မလှပတာကိုရော၊ သူ့ကို မသိစေချင်။ သူ စိတ်ပျက်သွားမှာ စိုးသည်။ သူနှင့် အမြဲတမ်း သူငယ်ချင်းပဲ ဖြစ်ချင်သည်။

ကိုသစ်လွင် နှင့် တွေ့ပြီး နှစ်လ ကျော်ကျော် အကြာမှာ နှစ်ဖက်မိဘက စေ့စပ်ကြောင်းလမ်းထားဖို့ လောလာသည်။ ခင်ပွင့် ကျောင်းပြီးတာ နှင့် လက်ထပ်ကြဖို့ဖြစ်သည်။ အဲဒီမှာတင် ကိုသစ်လွင်ဆီက မမျှော်လင့်သော စကားကို ကြားရသည်။ နှစ်ဦးသဘောတူ ငြင်းကြရအောင်ဟု ဆိုလာသည်။ သူ့မှာ တစ်ဖက်သက် ရည်ရွယ်ထားသော မိန်းကလေး တစ်ယောက် ရှိပါသည် တဲ့။ ခင်ပွင့် အငြင်းခံလိုက်ရပြီ ဟုခံစားရသည်။ သို့ပေမယ့် သူ့ကိုတော့ မသိစေရပါ။ ခင်ပွင့် ဘက်မှာလည်း အဖြေပေးတော့မည့် တစ်ယောက်ယောက် ရှိသယောင် ပြောခဲ့ပြီး သူ့စကားကို သဘောတူခဲ့သည်။

ပြန်လာပြီး အခန်းထဲ တစ်ယောက်တည်း ရှိချိန်မှာ ဘာကြောင့်မှန်း မသိ ခင်ပွင့် ငိုမိသည်။ သူ့အပေါ်မှာ ခင်ပွင့်က မျှော်လင့်ခဲ့မိ သလား…။ အရှက်သည်း မိတာပဲလား…။ ဒါမှမဟုတ် သူကပဲ ခင်ပွင့် နှလုံးသားကို တိတ်တဆိတ် ခိုးသွားလေ သလား…။ သူက ပြောသည်။ အမြဲတမ်း သူငယ်ချင်းကောင်းတွေ ဖြစ်ရအောင် ပါတဲ့။ သူငယ်ချင်းကောင်း ဖြစ်စေချင်သူကကျတော့ စိတ်ထားတွေ အရောင်ဆိုးလာသည်။ တစ်သက်တာ ရယ်လို့ ရည်ရွယ်မိသူ ကျတော့ သူငယ်ချင်း တဲ့။ ခင်ပွင့် ဘ၀မှာ ဘာဖြစ်လို့များ အလွဲတွေ ဖြစ်ရပါလိမ့်နော်…။ နှစ်ည လောက်တော့ စာမလုပ်နိုင်ပဲ စိတ်လေသွားသည်။ နောက်တော့လည်း ပုံမှန်ပေါ့နော်။

***************

သစ်လွင်သည် ခင်ပွင့်ကို အားနာလှပေမယ့် ဇာတ်လမ်းကို ကြာရှည်ဆွဲ၍ မကောင်းတာမို့ သူ့သဘောထားကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်သည်။ တော်သေးတာက သူမဘက်ကလည်း ကိုယ့်နည်းတူပဲ ရည်ရွယ်သူ ရှိနေပြီး ငြင်းဆန်ဖို့ကို ချက်ချင်း လက်ခံခဲ့သည်။ ကိုယ်ကတော့ online က သူငယ်ချင်းမလေးကိုပဲ ပေါ်ပေါ်တင်တင် ပြောပြီး ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။ ကိုယ့်အလုပ်ချိန်တွေထဲက နည်းနည်းခိုးပြီး သူမ ရှိတဲ့ နေ့ခင်းပိုင်းတွေမှာ online ပေါ်တက်ရသည်။ ကြာလာရင်တော့ ကိုယ့်စိတ်ရင်း အမှန်ကို သူမလေး နားလည်လာမည် ဟုထင်သည်။ ကိုယ့်ကို အဆက်အသွယ် မဖြတ်သေးတာပဲ ကျေးဇူးတင်ရဦးမည်။ ကိုယ့်အပေါ် ပြန်မချစ် နိုင်သေးရင်တောင် စိတ်တော့ ဆိုးပုံမရပါ။ ဒါပေမယ့်လည်း phone နံပါတ်တောင် မပြောချင်တာကတော့ ကပ်စေးနဲ လွန်းပါသည်။

သစ်လွင်က ပြောပါများလွန်းတော့ အားနာလာပုံရသည်။ ပုန်းညက်ဖြူက ကော်ဖီဆိုင်တစ်ခုမှာ တွေ့ဖို့ကို လက်ခံလိုက်သည်။ ကတိတစ်ခုတော့ တောင်းသည်။ ရည်းစားစကား လုံဝ မပြောရပါ တဲ့။

***************

ခင်ပွင့်၏ အရင်နှီးဆုံး သူငယ်ချင်း နီနီဇင် ကတော့ Online Friend တွေနှင့် အဆက်အသွယ်လုပ်တာ မကြိုက်။ အပြင်မှာ တွေ့ဖို့ ကို တော့ လုံးဝ သဘောမတူ။ ပြည့်စုံသာကို အားနာတာနဲ့ပဲ နီနီ မသိအောင် တစ်ကြိမ်လောက်တော့ တွေ့ပြီး သူ ခင်ပွင့်ကို စိတ်ပျက်ရင်လည်း ပျက်ပါစေရယ်လို့ စိတ်ကူးခဲ့ပါသည်။ သွားရကောင်းနိုး၊ မသွားရကောင်းနိုး တွေဝေခဲ့ပါသည်။ သို့ပေမယ့် အဲဒီနေ့က ခင်ပွင့် မသွားလိုက်ရပါ။ ကျောင်းမှာ လူကြီးလာမှာမို့ အရေးကြီးတယ် ဆိုပြီး လာခိုင်းတာနှင့် ခင်ပွင့်မှာ အပြင်ထွက်ခွင့် မသာခဲ့ပါ။ သူ့ စောင့်နေမှာပဲ ဟု စိတ်ထဲကတော့ သတိတရ ဖြစ်နေသည်။ သူပေးထားဖူးသော mobile phone ကိုလည်း မဆက်ချင်ပါ။ ဆက်ဖို့ စိတ်ကူးကို မရှိခဲ့တာမို့ ဘယ်နားမှာ မှတ်ထားမိမှန်းလည်း မသိတော့။

အဲဒီနောက်တော့ နေ့ခင်းဘက်တွေမှာ သူ့ကို လုံးဝ မတွေ့ရတော့။ ခင်ပွင့် ရေးထားတဲ့ စာကိုလည်း Reply မပြန်။ သူ အတော် စိတ်ဆိုးသွားတာလား… ဘာကိစ္စတွေများ ဖြစ်နေသလဲ ရယ်လို့… တွေးတွေးပြီး သတိရ နေမိသည်။ ခင်ပွင့်တော့ သူငယ်ချင်း တစ်ယောက် ဆုံးရှုံးသွားပြီ ထင်သည်။

ဒီအတောအတွင်း ကိုသစ်လွင် အဖေ အတော်ဖြစ်နေသဖြင့် ကျောင်းပိတ်ရက်မှာ သွားကူစောင့်ပေးရသည်။ သူတို့နှစ်ယောက်ကိစ္စမှာ ငြင်းတာ လက်ခံတာ ဘာမှ ပြောခွင့် မသာပဲ ကိုသစ်လွင် အဖေ ဆုံးသွားသည်။ ဦးလေးရင်းလို ခင်မင်နေသူမို့ အတော်ကြီး စိတ်မကောင်းဖြစ်ရသည်။

***************

သစ်လွင် နှင့် ခင်ပွင့် မှာ သူငယ်ချင်းကောင်း အနေနှင့် ခုထိ ခင်မင်စွာ ဆက်ဆံကြဆဲပါ။ သူ့ဒက်ဒီ တစ်လပြည့် အတွက် အိမ်မှာပဲ လုပ်ဖို့ လိုတာတွေ ၀ယ်ရန် သူတို့ နှစ်ယောက် Ocean ကို လာတော့ ကိုကြီးထူး နှင့်တွေ့သည်။ ကိုကြီးထူး ဆိုတာ မေမေ့ တူ၊ မွေးစားသားလို့လည်း ပြောလို့ရသည်။ ပြည့်စုံသာ ဆိုတဲ့ ခေါ်သံကို မကြားရတာ ကြာလှပြီမို့ ကိုယ့်ကို ခေါ်သည်လို့ပင် မထင်။ မေမေ အိမ်ပေါ်က ဆင်းသွားကတည်းက ဒက်ဒီက မေမေ့နာမည် သာ ပါသော ပြည့်စုံသာ ဆိုသည့်နာမည် ကို ပြည့်စုံသစ်လွင် ရယ်လို့ ပြောင်းစေခဲ့သည်။ လူတိုင်းကလည်း သစ်လွင်ပဲ ခေါ်ကြသဖြင့် ကိုယ့်နာမည်ထဲ ပြည့်စုံပါတာကိုတောင် မေ့နေခဲ့သည်။

“အန်တီက မင်းကို တွေ့ချင်နေတယ် ပြည့်စုံ၊ အန်ကယ်လ် အကြောင်းကြားကာစက အန်တီလည်း အိပ်ရာထဲတောင် လဲသွားသေးတယ်၊ မင်းကို တွေ့ချင်ပေမယ့် လာမတွေ့ရဲဘူးဖြစ်နေတယ်၊ မင်းပဲ သွားလိုက်ပါ၊ မင်းသိတဲ့ ရန်ကုန် တိုက်ခန်းမှာပဲ”
ကိုကြီးထူးက ပြောသည်။
“ကျွန်တော် စဉ်းစားပါရစေဦး ကိုကြီးရာ”
“မာန ပြိုင်ကြတဲ့ အထဲမှာ မင်းတော့ မပါနဲ့တော့ကွာ၊ အန်တီက မင်းသိတဲ့ ကွန်ဒို တိုက်ခန်းမှာပဲ နေတယ် သွားလိုက်ပါ”

ခင်ပွင့်သည် ပြည့်စုံသာ ဆိုသော နာမည်ကို ကြားလိုက်ရတော့ အတော် အံ့သြသွားသည်။ နာမည်တူတာပဲ ဖြစ်ပါလိမ့်မည်။ ကိုသစ်လွင်ကို မေးတော့ အကြောင်းစုံ ပြောပြသည်။ သူ့ဒက်ဒီ နိုင်ငံခြားသွားပြီး ပြန်လာတော့ သူ့မေမေ ကို အရင်နှီးဆုံးမိတ်ဆွေ တစ်ယောက်နှင့် အထင်လွဲသည်။ မာနကြီးသော သူ့မေမေ ကလည်း မဟုတ်မမှန် စွပ်စွဲ ရပါ့မလားလို့ စိတ်နာသည်။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး အိမ်ပေါ်က ဆင်းသွားသည်။ သစ်လွင် က သူ့ ဒက်ဒီနှင့် ကျန်ခဲ့သည်။ သူ့ကိုပါ အဆက်ဖြတ်ပြီး ပစ်ထားသော သူ့အမေကို သစ်လွင်ကလည်း စိတ်နာနေသည်။ တစ်ယောက်တည်း ကျန်တော့တဲ့ အမေကို ဂရုစိုက်ဖို့ ကိုသစ်လွင်ကို ဖျောင်းဖျရသည်။

***************

ဆွမ်းကျွေးတဲ့နေ့က ကျောင်းပိတ်ရက်မို့ တစ်နေကုန်လိုလို ကိုသစ်လွင်အိမ်မှာ ၀ိုင်းလုပ်ပေးရင်း နေဖြစ်သည်။ ခင်ပွင့် ဖေဖေ ကလည်း အဲဒီမှာ ရောက်နေသည်။ ဆရာတော်တွေ ဆွမ်းကျွေးပြီး သွားတော့ ဖေဖေက အရေးကြီးသော mail တစ်ခု စစ်စရာ ရှိသည် ဆို၍ ကိုသစ်လွင်က သူ့ Laptop မှာပဲ စစ်လိုက်ဖို့ ပြောပြီး ဆရာတော်တွေကို လိုက်ပို့ဖို့သွားသည်။ အတွင်းရေးမှုးကို ခိုင်းနေကျ ဖေဖေက ခင်ပွင့်ကို ဖွင့်ကြည့်ပေးဖို့ ပြောသည်။ Mail ဖွင့်နေရင်းနှင့် ပင် Desktop ပေါ်က Gtalk icon ကိုတွေ့တော့ မနေနိုင်ပဲ ဖွင့်လိုက်မိသည်။ Name အကွက်မှာ ကျန်နေသော နာမည်က pyisonethar ။ ဘာမှမှားနိုင်စရာမရှိတော့၊ ဒါဟာ သူဝင်နေကြ mail ပဲ ။ ခင်ပွင့် ကလည်း သူ့ mail ကို တစ်ခါမှ မမေးမိပဲကိုး…။ ခုတော့ သိရပြီ။ သူကတော့ မသိသေး…။ ခင်ပွင့်၏ နာမည် အပြည့်အစုံ ခင်ပုန်းညက်ဖြူ ဆိုတာ သူမသိဘူး ထင်သည်။ ခင်ပုန်းညက်ဖြူ ဆိုတာ မှတ်ပုံတင်ထဲမှာသာ ရှိလျက် အိမ်မှာရော ကျောင်းမှာရော ခင်ပုန်းညက်ကို အမြန်ခေါ်ရင်းက ခင်ပွင့် ရယ်လို့ တွင်နေခဲ့တာ။ တစ်ချို့ ကျောင်းသူတွေကတောင် ဒေါ်ခင်ပွင့် လို့ပဲ ခေါ်နေကြတာဆိုတော့ သိနိုင်စရာ အကြောင်းမရှိ။ ရယ်စရာ ကောင်းလိုက်တာနော်…၊ အပြင်မှာ ရင်းနှီးသားတွေ ဖြစ်ပြီး online ပေါ်က မတွေ့ဖူးသေးသူတွေ ဟုထင်နေကြတာ…။ မပြောသေးဘူး။ သူရည်ရွယ်ထားသူ ဆိုတာ ဘယ်သူလဲလို့ အစ်အောက်ရဦးမည်။

***************

သူရည်ရွယ်ထားသူက ပုန်းညက်ဖြူ ဆိုတာ သိရတော့ သူ့အပေါ် အံ့သြရသည်။ အပြင်က ခင်ပွင့်က online ပေါ်က ပုန်းညက်ဖြူ ကြောင့် အငြင်းခံ လိုက်ရတာကိုး…။ online ပေါ်မှာ သူ ချစ်ခွင့်တောင်းနေတဲ့ ပုန်းညက်ဖြူက အပြင်မှာ သူငြင်းလိုက်တဲ့ ခင်ပွင့် ဖြစ်နေမှန်း သူသိရင် ဘယ်လိုနေမှာပါလိမ့်နော်…။

သူနှင့် Online မှာ ပြန်တွေ့တော့ သူ့အဖေဆုံးပြီး အလုပ်တွေလည်း အရမ်းများနေသည့် အကြောင်း ပြောသည်။ ဒီတစ်ခါတော့ ခင်ပွင့်က ကျောင်းကို အလည်လာဖို့ ချိန်းလိုက်သည်။ ကိုသစ်လွင် ကိုတော့ သူငယ်ချင်းတွေလည်း သိပြီးသားပဲလေ…။

***************

ပုန်းညက်ဖြူ ကသာ သူမ၏ ကျောင်းကို စောစောတည်းက သေချာ ပြောခဲ့ရင် ကိုယ်စောစောကတည်းက လာလည်ဖြစ်တာပေါ့။ သူမက ခုမှပဲ အတိအကျ လမ်းညွှန်တော့သည်။ သူမကျောင်းကို ရောက်တော့ မမျှော်လင့်ပဲ State ကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်နှင့် အ၀င်အ၀မှာ တွေ့သည်။ သူ ဆရာလုပ်နေမှန်း ကြားတော့ကြားသည်၊ ဘယ်ရောက်နေမှန်း မသိခဲ့။ ဒေါ်ပုန်းညက်ဖြူ ကိုသိသလား မေးတော့ မရှိပါဘူး လို့ ငြင်းသေးသည်။ နောက်မှ ဒေါ်ခင်ပုန်းညက်ဖြူ လား ဟုမေးသည်။ ဟုတ်တယ်လို့သာ ပြောလိုက်ရသည်၊ သူမ ကိုယ့်ကို အရူးများ လုပ်သလားဟု စိုးရိမ်ပြီး “မင်း အဲဒီ ဆရာမရဲ့ e-mail ကို သိလား” ဟု မေးဖို့မသင့်မှန်းသိပေမယ့် မေးမိသည်။ “သိတာပေါ့ same batch တွေပဲဟာ pn.phyu79 လေ၊ သြ… မင်းတို့က online friend တွေလား” သူငယ်ချင်းက ပြောတော့မှ ကိုယ့်မှာ စိတ်အေးရသည်။

“Seminar တစ်ခု တက်စရာ ရှိတယ်ကွ ဒါပေမယ့် ရပါတယ် ငါခေါ်ပေးမယ်” ဟုသူငယ်ချင်းက ပြောတုန်းရှိသေးသည်။ အခန်းတစ်ခုထဲမှ ဆရာမတစ်ယောက် ထွက်လာတော့ သူငယ်ချင်းက “ဟိုမှာ ထွက်လာတာနဲ့ အတော်ပဲ” ဟုဆိုသည်။ ကြည့်လိုက်တော့ ခင်ပွင့် ဖြစ်နေသည်။ ဟုတ်သားပဲ၊ ဒီကျောင်းမှာ ခင်ပွင့် လည်းရှိတာပဲ။ သူမက သူတို့ကို မမြင်ပဲ တစ်ဖက်အဆောင် ဆီသို့ ထွက်သွားသည်။ သူငယ်ချင်းက “ဒေါ်ခင်ပွင့်ရေ ဒီမှာ ခင်းဗျား ဧည့်သည် ရောက်နေတယ်” ဟုလှမ်းခေါ်သည်။

“ဟေ့ မင်း ဘယ်သူ့ကို ခေါ်နေတာတုန်း၊ ငါပြောတာ ခင်ပွင့်မဟုတ်ဘူး ခင်ပုန်းညက်ဖြူ လေကွာ”

“အေး အတူတူပဲလေ ခင်ပုန်းညက် ဆိုတာ ခေါ်ရခက်လို့ ထင်ပါရဲ့ ခင်ပွင့်လို့ပဲ အားလုံးက ခေါ်ကြတာကို”

“ဗျာ”

ခင်ပွင့်ကတော့ သူတို့ဆီသို့ လာနေပြီ။ ကိုယ့်မှာသာ ဘယ်မျက်နှာနဲ့ ဘယ်သူရယ်လို့ မိတ်ဆက်ရမှာပါလိမ့်နော်…။

သိင်္ဂါကျော်


( စိတ်ကူး သက်သက်သာ ဖြစ်ပါသည်။ e-mail များ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ )

1 comments:

April said...

မိုက်တယ်ကွာ ...