13 August, 2008

မစစ်မှန်သောချစ်ခြင်းတို့မည်သည်


ခက်ဝေလွင် က လူတိုင်းကို ကိုယ့်လိုပဲ ထင်ပြီး ယုံကြည်မိသည်။ အရာတိုင်းမှာ တူမျှသော အသွားအပြန် ရှိလိမ့်မည်ဟု ထင်ခဲ့မိသည်။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံရကြောင်း အချိန်နှောင်းမှ သိလာရသောအခါ လုပ်ရက်သူတို့ အပေါ် အတော်စိတ်ပျက်သွားသည်။ ပြန်လှည့် မကြည့်ချင်လောက်အောင် စိတ်ကုန်တာကို ဘယ်လို စကားလုံးနဲ့ ပြောရမှန်းတောင် မသိပါ။
##########
ခက်ဝေ နှင့် ဟိန်း ဆိုတာက ဟိုးငယ်ငယ်လေးကပင် အတူစား အတူသွား ပြောမနာ ဆိုမနာ ခင်မင်ခဲ့သူတွေပါ။ အရွယ်ရောက်လာတော့ အဖြူရောင်ကို နှစ်ဦးသဘောတူ အရောင်ဆိုး ခဲ့မိကြသည်။ ငယ်တုန်းကတော့ ခက်ဝေ မိဘတွေက နှစ်ဦးသား ခင်မင်မှုကို သိပေမယ့် ဖြူစင်သော အရွယ်မို့ ဘာမှ မတားမြစ်ခဲ့။ ချစ်သူတွေ ဖြစ်သွားတာ သိသွားချိန်ကစပြီး သဘောမတူတာကို ခက်ဝေ သိအောင် ပြတ်ပြတ်သားသား ပြောပြခဲ့သည်။ ခက်ဝေ ဆိုတာကလည်း အိမ်ကို ဘာပဲဖြစ်ဖြစ် ပြောပြတတ်သူ၊ ဘာတစ်ခုမှ ကြာကြာ လျှို့ဝှက်မထားတတ်သူ ဖြစ်သည်။
ခက်ဝေ ဘ၀မှာ ဟိန်း တစ်ယောက်ကိုသာ ချစ်ခဲ့ဖူးးတာ..။ တစ်သက်တာလည်း ရည်ရွယ်ခဲ့မိတာ…။ သို့ပေမယ့် အိမ်ကို လွန်ဆန်ဖို့ ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်သော အရာ။ အစစ အရာရာ လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့သော မိဘတွေကလည်း သူများတကာ မိဘတွေထက်ပင် ပိုသေးတာ။ အ၀တ်အစား အသုံးအဆောင် အသေးအမွှားလေးကအစ ခက်ဝေ ဘာလိုမလဲဆိုတာ ကြိုသိပြီး အဆင်သင့်ဖြစ်စေခဲ့တာ။ ဒီလို မိဘတွေကို ခြေစုံကန်ပြီး ဘ၀ကို ဆက်လျှောက်ဖို့ဆိုတာ ခက်ဝေ အတွက် ဘယ်လိုမှ မဖြစ်နိုင်။ သူတို့ပြောသလို ဟိန်းကို ဖြတ်ဖို့ ဆိုတာလည်း စဉ်းစားယုံနဲ့ပင် မခံစားနိုင်။
ဟိန်းတို့ အသိုင်းအ၀ိုင်းက ဆင်းရဲမွဲတေနေလို့ သဘောမတူတာတော့ မဟုတ်။ သူ့ မိဘ အလုပ်အကိုင်၊ စရိုက် သဘာဝကို ခက်ဝေ ဖေဖေ နဲ့ မေမေ က ဘယ်လိုမှ သဘောမကျနိုင်တာ။ (ခုချိန်မှာတော့ ဖေဖေတို့ မေမေတို့က လူကြီးပီပီ အမြော်အမြင် ကြီးခဲ့တာပဲလို့ ကျေးဇူးတင်သည်။) ဟိန်းဘက်ကလည်း ဒါကို သိတော့ နည်းနည်းတော့ မခံချင် ဖြစ်သည် ထင်ပါရဲ့။ ဒါပေမယ့် သူလည်း ပညာမစုံ၊ အလုပ်အကိုင် မရှိသေးချိန်မို့ ဘာမှတော့ မပြောနိုင်။ ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်ယောက်သားကတော့ တိတ်တဆိတ် အဆက်အသွယ် မပြတ်ခဲ့ပါ။
ခက်ဝေ ကျောင်းပြီးလို့ ဆရာမ အလုပ်ဝင်တော့ နယ်ကို သွားရသည်။ ဟိန်းက တစ်ခါမှ လိုက်မလာ ခဲ့ပေမယ့် စာအဆက်အသွယ် ဖုန်းအဆက်အသွယ် မပြတ်ခဲ့ပါ။ အဲဒီ အချိန်ကတော့ ခက်ဝေတို့အချစ်က အနေဝေးလည်း မပျက်နိုင်တဲ့ အချစ်၊ တစ်သက်တာတည်မယ့် အချစ်ရယ် လို့ ထင်မှတ်ခဲ့ပါရဲ့။ ခက်ဝေ အိမ်ကတော့ သူနဲ့ မပြတ်သေးတာသိတော့ စိတ်ပူကြသည်။ ခက်ဝေကို နားပူအောင် အမျိုးမျိုးသော စကားတွေနဲ့ နားချသည်။ နောက်ဆုံးတော့ သူ့ကို ဖြတ်ပါတော့မယ်လို့ ကတိပေးခဲ့ရသည်။ “နင့်ကို ပြတ်ပြီ ပြတ်ပြီ” လို့ သူ့ကို ဘယ်လောက်ပြောသော်လည်း သူက အတည်မထင်။ ခက်ဝေ ကလည်း ခက်ဝေပင်။ ပြတ်ပြီ ဆိုတာက ရန်ဖြစ်တိုင်းလည်း ပြောနေကြစကား…။ နှစ်ယောက်သားက အမြဲလိုလည်း ရန်ဖြစ်တတ်ပြီး ရန်ဖြစ်တိုင်းလည်း မနာနာ အောင် စကားလုံးတွေ ရှာကြံပြောနေကြ မဟုတ်လား…။ တကယ်တန်း ကျတော့လည်း ခက်ဝေက သူ့ကို ပြတ်နိုင်တာမှ မဟုတ်ပဲ။ သူကလည်း ဒါကို သိပြီးသား။
ခက်ခက်ခဲခဲ ကြိုးစားပြီး သူ့ဖုန်းတွေကို ရှောင်သည်။ ကျောင်းပိတ်ရက် အိမ်ပြန်ချိန်မှာတောင် သူနဲ့ မတွေ့ရအောင် နေသည်။ ခံစားရတာတော့ ပြောပြမရအောင်ပင်။ နောက်တော့ သူ အလုပ်လုပ်ဖို့ နိုင်ငံခြား ထွက်သွားကြောင်း ကြားရသည်။ သူနှင့် တကယ်ပင် ပြတ်သလိုဖြစ်သွားသည်။ ခက်ဝေ စိတ်မှာတော့ တစ်နေ့ပြန်တွေ့မယ်လို့ မျှော်လင့်ခဲ့ပါသည်။ သူ့ဘက်ကလည်း ခက်ဝေလိုပင် မပြောင်းမလဲ ချစ်နေမယ်လို့ ယုံကြည်ခဲ့ပါသည်။
##########
ခက်ဝေ ဘွဲ့လွန် ပြန်တက်နေသည့် အချိန်မှာ ဟိန်း နှင့် အဆက်အသွယ် ပြန်ရခဲ့ပါသည်။ ခက်ဝေ mail ကို သူ တစ်နေရာက ရပြီး စဆက်သွယ်လာခြင်းဖြစ်သည်။ နောက်တော့ talk ပေါ်မှာ တွေ့ကြသည်။ သူ အရင်က ဘယ်သူနဲ့မှ chat လေ့မရှိ၊ ခက်ဝေ တစ်ယောက်နဲ့ပဲ ပြောဖို့ chat ပေါ်တက်တယ် ဆိုတာကိုလည်း အကြွင်းမဲ့ ယုံခဲ့ပါသည်။ ခက်ဝေ အတွက် သူနှင့် online မှာ တွေ့ရသော နေ့တိုင်း နေ့တိုင်းက နေချင်စဖွယ် သာယာသောနေ့များ ဖြစ်လာခဲ့သည်။ ခက်ဝေက ဘာကိုမှ အထူးတလည် လျှို့ဝှက်တတ်သူ မဟုတ်တော့ အရင်းနှီးဆုံး သူငယ်ချင်းများလည်း ဒီအကြောင်းကို သိကြပါသည်။ အထူးသဖြင့် နဒီ့ ကိုတော့ အကုန်လိုလို ပြောပြဖြစ်သည်။ နာမည်နဲ့ လိုက်အောင် မာယာများသော စိတ်ထားမျိုးရှိလိမ့်လို့ မထင်ခဲ့လို့ပေါ့။
ဟိန်းနှင့်ကတော့ ထုံးစံအတိုင်း online ပေါ်မှာတောင် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ပါပဲ။ သူ့ကို ပြတ်ပြီ ပြတ်ပြီ ဆိုပြီး chat ထဲမှာ block လုပ်ထားတဲ့ နေ့လည်း သူ့ဆီက mail ကိုတော့ မဖတ်ပဲ မနေနိုင်။ သူကလည်း ဒါကို သိလို့ပဲ mail ပို့ပြီး ပြောချင်တာတွေ ပြောတာပေါ့။ ခက်ဝေကတော့ သူလည်း ကိုယ့်လိုပဲ ဒီ online အဆက်အသွယ်ကို အလေးအနက်တန်ဖိုးထားသည်လို့ ထင်ခဲ့ပါသည်။ ခက်ဝေမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ အီစီကလီ လုပ်မယ့် လူရယ်လို့ ဘယ်လိုမှကို မထင်ရက်ခဲ့။ အထူးသဖြင့် ခက်ဝေက မိတ်ဆက်ပေးထားတဲ့ ခက်ဝေ အရင်းအနှီးဆုံး သူငယ်ချင်း နဲ့ ပတ်သက်နေခဲ့မယ်လို့ ဘယ်လိုများ ထင်မိမှာလဲ။ နောက်ဆုံးတော့ ခက်ဝေက အရူးတစ်ယောက်လို သူတို့ နှစ်ယောက်ရဲ့ အလှည့်အပတ်ကို ခံခဲ့ရတာပေါ့။
ခက်ဝေက ဘယ်လောက် အ လိုက်သလဲဆို ထင်ချင်စရာတွေ ရှိတာတောင် မထင်ရက်ခဲ့ပဲ သူကိုယ်တိုင်က မထီမဲ့မြင် အသိပေးတော့မှပဲ သိရတော့သတဲ့။ ဟိုတစ်ယောက်ကတော့ အဲဒီအချိန်အထိ ဟန်ဆောင် ကောင်းနေတုန်း။ ဒီလိုကိစ္စုမျိုးကို သူငယ်ချင်း ချင်း မျက်နှာချင်းဆိုင် ဘယ်လိုမှ မရှင်းနိုင်။ ခက်ဝေ လည်း မသိချင်ယောင် ဆောင်ပြီး အရင်လို ဖြစ်အောင် ကျိတ်မှိတ်နေခဲ့ပါသည်။ သို့ပေမယ့် ဟိန်းဆိုတဲ့ အကောင်က ဘာရည်ရွယ်ချက်နဲ့မှန်းမသိ ပို့ပို့ နေတဲ့ သူတို့ နှစ်ယောက်ရဲ့ chat history တွေ ဖတ်ဖတ်ပြီးတော့လည်း နဒီ့ အပေါ်မှာ အရင်လို ခင်မင်မှုမျိုး မထားနိုင်။ ခက်ဝေက အရာရာတိုင်း သည်းခံ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ တရားရှင်လည်း မဟုတ်သေး။ သူတို့ရဲ့ စကားတွေက ရိုးရိုးသားသား net friend တွေ ပြောနေကြ စကားမျိုးမဟုတ်။ ခက်ဝေ အတွက်တော့ အပြင်မှာ မတွေ့ဖူးတဲ့ လူတစ်ယောက်ကို ပြောဖို့ နေနေသာသာ ဖတ်ရတာကိုပင် ရှက်လာမိသည် အထိ ဖြစ်ရသည်။
အစကတော့ ဟိန်းဟာ တမင်ရွဲ့ပြီး လုပ်နေတာ…၊ ခက်ဝေအပေါ် သူ့ အချစ်က အရင်အတိုင်း ကျန်နိုင်သေးရဲ့ လို့ ထင်ခဲ့မိတာ ခုတော့ ကိုယ့်ကိုယ်ကို ပြန်ရှက်မိသည်။ ခက်ဝေ ကိုဆို ဖုန်းဖိုးကုန်မှာ စိုးလို့ ဘယ်တော့မှ မဆက်။ ခက်ဝေ ဖုန်းနံပါတ်ပေး တော့ တစ်ခါ နှစ်ခါ လားပဲ ခေါ်ဖူးပါသည်။ ပြောတာလည်း ခဏတဖြုတ်ပါ။ ခု တစ်ယောက်ကျတော့မှ ခဏခဏ သူဘက်က ဖုန်းခေါ်ပြီး အကြာကြီးပြောကြသည်။ အစကတော့ ခက်ဝေ မသိ။ နဒီ တစ်ခြားတစ်ယောက်နှင့် ပြောနေသည်ပဲ ထင်ခဲ့သည်။ သူ့မှာ တခြား mail တစ်ခု ရှိပြီး အဲဒီ နာမည်ကိုပဲ နဒီကပြောခဲ့သည်။ အဲဒီလူဟာ ဟိန်းပဲ ဖြစ်နေတာကို ခက်ဝေ အတော်ကြာမှ သိခဲ့ရပါသည်။
အံ့သြစရာ အရမ်းကောင်းသည်။ ခက်ဝေရဲ့ စိတ်ကို နဒီ ကောင်းကောင်း နားလည်ပါသည်။ ဟိန်း အပေါ်မှာ ဘယ်လို သဘောထားခဲ့သလဲ ဆိုတာ…။ ပြတ်ပြီ လို့ ပြောတိုင်းလည်း တကယ်မပြတ်နိုင်ခဲ့သူ ဆိုတာ သူတို့ နှစ်ယောက်လုံးသိပါသည်။ ခက်ဝေ အပေါ်မှာ ဘာကြောင့် ဒီလို လုပ်ရက်ခဲ့သလဲ…၊ စဉ်းစားလို့ပင် မရနိုင်။ ဟိန်း ဘက်က ခက်ဝေဟာ မိဘတွေဘက်ကိုပဲ ဦးစားပေးသူ အနေနဲ့ ချိုးချင် လက်စားချေချင်တယ် ဆိုရင်တော့လည်း ထားပါတော့လေ။ နဒီ ကရော ဘာအတွက်လဲ…။
##########
ခက်ဝေ အတွက် တစ်ယောက်ယောက်ကို ဖွင့်မပြောပြရလျှင် ရူးသွားမလားတောင် ထင်ရသည်။ တစ်ယောက်တည်း ကျိတ်ခံစားရတာ မခံစားနိုင်လောက်အောင်ပင်။ ခက်ဝေဟာ ဟန်ဆောင်ကောင်းသူလည်း မဟုတ်။ နဒီ ရှေ့မှာ ဘာမှ မဖြစ်သလို နေရတာလည်း ပင်ပန်းသည်။ နောက်ဆုံးတော့ Lab ခန်းတစ်ခန်းထဲဝင်ရတဲ့ သူငယ်ချင်း တစ်ချို့ကို ဒီအကြောင်း ဖွင့်ဟမိသည်။ ဒီသူငယ်ချင်းတွေက နဒီနဲ့ရော ခက်ဝေနဲ့ပါ ရင်းနှီးသူတွေပါ။ ဒီအကြောင်းကြားရတော့ အားလုံးက ခက်ဝေဘက်ကို စာနာကြသည်။ နဒီနဲ့ အရင်လို တတွဲတွဲ မနေဖို့ တတ်နိုင်သလောက်ရှောင်ပြီး အခေါ်အပြော ဖြတ်ဖို့ သူတို့က ၀ိုင်းတိုက်တွန်းကြသည်။ ခက်ဝေလည်း သူတို့ ပြောမှ အားရှိပြီး နဒီနဲ့ ဝေးဝေးနေဖို့ ကြိုးစားရသည်။
အဲဒီအခါကျတော့လည်း အံ့သြစရာကောင်းလောက်အောင် သူ့ဆီက ဒေါသသင့်သောစာများ ခက်ဝေဆီ ရောက်လာသည်။ အဲဒီမိန်းကလေးက သူ့လူကို ဘာတွေ ကုန်းချောသလဲတော့ မသိနိုင်။ ခက်ဝေကလည်း သူ့ဆီကစာကို ဖတ်ရင် ဒေါသထွက်ရမယ်မှန်း သိရဲ့နဲ့ မဖတ်ပဲ မနေနိုင်။ ဒီတစ်ခါတော့ သူ့ကို တကယ်ပင် စိတ်ကုန် စိတ်ပျက်သွားသည်။ ခက်ဝေက သူ့ကောင်မလေးရဲ့ အတင်းတွေ လူတကာကို လိုက်ပြောလို့ ဟိုတစ်ယောက်မှာ သူငယ်ချင်းတွေရဲ့ အထင်အမြင်လွဲတာ ခံရတယ် ဆိုတာမျိုးတွေ…၊ ခက်ဝေ အကြောင်းတွေ သူငယ်ချင်းတွေ ဆွေမျိုးတွေကို လျှောက်ပြောပြီး နာမည် ဖျက်မယ် ဆိုတာမျိုးတွေ…၊ ယောင်္ကျားတစ်ယောက် တန်မဲ့ ပက်ပက်စက်စက် စကားတွေပြောထွက်တာကို အရမ်း အံ့သြသည်။ သူ့ရဲ့အခု တစ်ယောက်ကတော့ သနားစရာလေး၊ ခက်ဝေကပဲ လူဆိုးမကြီး ပေါ့လေ…။ သူ ဘယ်လိုလူမျိုးဆိုတာ ခက်ဝေ နားလည်သွားသည်။ တန်ဖိုးတစ်စက်မှ မရှိသည့် ယောင်္ကျား၊ သူ့ကို ခက်ဝေ ချစ်ခဲ့မိသည့် အချိန်တွေ၊ သူ့အတွက် ခံစားခဲ့ရသည့်အချိန်တွေကိုနှမြောသည်။ နောက်ထပ်ချစ်ရမှာ ကိုလည်း ခက်ဝေ ကြောက်သွားသည်။ သူလိုလူနှင့် စောစောစီးစီး ခုလိုဖြစ်သွားတာပဲ ကျေးဇူး တင်ရမလို။
နှစ်ပေါင်း များစွာက သံယောဇဉ် ဆိုတာ online ပေါ်က အတီအတာတွေကို မယှဉ်နိုင်ပါလား ဆိုတာ ခက်ဝေ ကောင်းကောင်း သဘောပေါက်သွားသည်။ သူ့အချစ် မစစ်လို့သာ online ပေါ်က အီစီကလီ လုပ်တတ်တဲ့ မိန်းကလေး တစ်ယောက်ဆီ ပါသွားတာပေါ့။ ဒီလိုလူမျိုးအပေါ် ခက်ဝေရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတွေ ပေးအပ်ဖို့လည်း မထိုက်တန်။ သူ့ mail မှန်သမျှကို filter လုပ်ပြီး ဖျက်ပစ်လိုက်သည်။ သူနှင့် ဆက်သွယ်နေကျ mail account ထဲက mail တွေကို account အသစ်ထဲ လွှဲထည့်လိုက်သည်။ Account အဟောင်းကို လုံးဝမသုံးတော့။ နဒီ့ နာမည်ကိုလည်း မမြင်ချင်။ တခြား သူငယ်ချင်းတွေကို account အသစ်ပေးထားပြီး အဲဒါနဲ့ပဲ chat တော့သည်။ Trash ထဲက စာတွေ ဖျက်တော့မှ သူ့ဆီက စာတွေ ဆက်လာနေမှန်း သိသည်။ လုံးဝ ဖွင့်မကြည့်တော့။ သူကသာ သစ္စာဖောက်ချင်ဖောက်မည်၊ ခက်ဝေကိုတော့ သူ့အပေါ် ဆက်ချစ်၊ ဆက်ခံစား နေစေချင်ပုံရသည်။ အဲဒီလိုတော့ဖြင့် လုံးဝ မဖြစ်နိုင်တော့။ မုန်းတာထက်ဆိုးသည့် နာတာက ဘယ်တော့မှ အရင်အတိုင်း မဖြစ်နိုင်။ ခက်ဝေရဲ့ အချစ်က အဲဒီ အချစ်နဲ့ ထိုက်တန်သူ အတွက်သာ ဖြစ်စေရမည်။ ဒီတစ်သက်အတွက်တော့ စစ်မှန်သော ချစ်ခြင်းများဆီကို ခက်ဝေ ရောက်နိုင်ပါ့မလား ဆိုတာ မသေချာပါ။

သိင်္ဂါကျော်

(သူ့ အကြောင်း ရေးပါဦး လို့ ပြောပြောနေတဲ့ အစ်မ တစ်ယောက် အတွက်…)

2 comments:

Anonymous said...

It touches my very heart. I think I m crying now.

ANd said...

အလှည်.ကျရင်တော့မနွဲ.ကြစတမ်းပေါ့