14 September, 2009

ညှိုးချိန်မတိုင်ခင် (ဇာတ်သိမ်း)

(၅)

အဲဒီအပတ် တနင်္ဂနွေ မှာပဲ နီလာဦးက မမေ့မလျော့ ခေမာညိုဆီ ဖုန်းဆက်လာပါသည်။ သူမတို့ နှစ်ယောက် မြေနီကုန်း မှာပဲ တွေ့ဖြစ်ကြပြန်သည်။

“နင် ဒီနေ့တော့ တကယ်အားတယ်ပေါ့၊ အရင်တစ်ခါလို ငါ့ကို တစ်ပိုင်းတစ်စ မလုပ်နဲ့နော်၊ ဇာတ်လမ်းဆုံးအောင် ပြောတော့၊ စောသွင် နဲ့ သက်စိုးထွဋ် ညီမ ဘယ်လို ဖြစ်ကြသေးလဲ”

“သက်စိုးထွဋ် နဲ့ ပတ်သက်တဲ့ အကြောင်းမို့ နင်က အရမ်းသိချင်နေတာလား ခေမာရဲ့ ဟီ ဟီ...”

“ငါ့တပည့်နဲ့ ပတ်သက်တယ်လေ သိချင်ရမှာပေါ့၊ လုပ်ပါ ဈေးမကိုင်နဲ့ ဆက်ပြောတော့...”

“ပြောပါ့မယ် ပြောပါ့မယ်၊ ပြောချင်လွန်းလို့ကို ချိန်းရတာပဲဟာ...

“အဲဒီနှစ်က သူတို့ ခြောက်ယောက်လုံး ဆယ်တန်း ကျတယ်၊ နောက်နှစ်ကျတော့ သက်စိုးက ရန်ကုန်မှာ ဘော်ဒါ သွားတက်တယ်၊ စောသွင်ကတော့ ကျောင်းမှာပဲပြန်တက်တယ်၊ သက်စိုး ညီမ သက်မြတ် ကလည်း ကျောင်းမှာပဲလေ၊ စောသွင်က ဗျူဟာ ပြောင်းလိုက်တယ်၊ အတန်းထဲမှာ ငြိမ်ငြိမ်သက်သက် နေတယ်၊ အသက်ကို တစ်ခါ နှစ်ခါ စာလိုက်ပေးတယ်၊ နင့်တုန်းကလောက်တော့ အနှောက်အယှက် မပေးဘူးတဲ့၊ အသက်ကလည်း စောသွင်လို ကောင်မျိုးကို ဦးနှောက်ထဲ မထားပါဘူး၊ သက်စိုး က ဒီကောင်တွေနဲ့ ပေါင်းနေပေမယ့် သူ့ညီမကို သူ့ သူငယ်ချင်းတွေနဲ့ လုံးဝ မပတ်သက်အောင်ထားခဲ့တာ၊ သူ့ညီမကို သိပ်တိုတတ်တာ...၊ အဲဒီတော့ စောသွင်အတွက် အကွက်ကောင်းပဲပေါ့၊”

“သက်စိုးထွဋ်ကို မကျေနပ်တာနဲ့ သူ့ညီမကို ချဉ်းကပ်တာလား ယုတ်မာလိုက်တဲ့ကောင်”

“အဲလောက်ဆိုရင် မယုတ်မာသေးဘူး၊ ခုမှ ယုတ်မာမှာ၊ စာမေးပွဲကြီး မဖြေခင်ပဲ အသက်ကို စောသွင်က အဓမ္မ ခိုးပြေးသွားတယ်၊ အသက် မိဘတွေ ခမျာ အမျိုးမျိုး စုံစမ်းပေမယ့် ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး၊ သက်စိုးကလည်း စာမေးပွဲ နီးနေပြီ ဆိုတော့ မပြောပဲ ထားထားတာ...၊ နောက် သုံးလလောက်ကြာမှ စောသွင်က စာရေးပြီး ဆက်သွယ်မှ အသက်ကို ပြန်ခေါ်နိုင်ခဲ့တယ်၊ ဘယ်လို ရေးခဲ့လဲ ဆိုတော့ ခေမာညိုကို ခိုးပြေးဖို့ လုပ်တုန်းက သက်စိုးက အပြင်းအထန် တားခဲ့လို့...အစားအနေနဲ့ သက်စိုး ညီမကို ခိုးပြေးသွားတာ ဆိုတဲ့အကြောင်း၊ အခု စွန့်ပစ်လိုက်ပြီမို့ လာခေါ်ဖို့ ရေးထားတာပဲ၊ အသက် အဖေ အမေတွေ ဘယ်လောက် ရင်ထုမနာ ဖြစ်မလဲ ဆိုတာ နင် စဉ်းစားသာကြည့်ပေတော့...”

“လူမဆန်တဲ့ အကောင်၊ သူများသားသမီးကို ပန်းကောင်းအညွန့်ချိုးပြီး ပစ်ထားတယ် ဟုတ်လား... ပြီးတော့ ဒီပြဿနာက ငါ့ကို မုန်းရာက စတာ... ဖြစ်မှ ဖြစ်ရလေ၊ ငါ ဒီကောင်ကို သတ်ပစ်ချင်တယ်....”

ဘယ်လို စကားလုံး သုံး၍ ပြောရမှန်း မသိအောင်ပင် စောသွင်ကို မုန်းသော စိတ်က ခေမာညို တစ်ကိုယ်လုံး ပြန့်နှံလာသည်။ အသက်က ကိုယ့်အစား သဘောမျိုး ဓားစာခံ ဖြစ်ရရှာတာကို တွေးပြီး ကိုယ့်ကိုကိုယ် မုန်းသည်။ ဘာဖြစ်လို့များ ခေမာညိုက စောသွင်လိုကောင်မျိုးကို ရန်သူဖြစ်အောင် လုပ်ခဲ့မိသလဲ...။

နီလာဦး ဆက်ပြောသော စကားများကိုပင် မကြားနိုင်လောက်အောင် ဖြစ်ရသည်။

“အသက် အိမ်ပြန်ရောက်လာတော့ ဟိုအကောင့်သွေးသားက ပါလာခဲ့တယ်၊ သူ့ အမေကလည်း သားဖွားမီးယပ် အထူးကု တစ်ယောက်မို့ အပြစ်မရှိတဲ့ ကလေးကို မဖျက်ဆီးပဲနဲ့ တစ်ခြားမှာ သွားမွေးစေခဲ့တယ်၊ အသက်ခမျာ စိတ်ရော ကိုယ်ရော မကျန်းမာတဲ့ အထဲက အဲဒီကလေးကို မွေးခဲ့တယ်၊ မကြာပါဘူး အသက် ဆုံးသွားတယ်၊ ကလေးကတော့ ကျန်းကျန်းမာမာပဲ ကျန်ရစ်တယ်၊ သူတို့ မိသားစုလည်း ရန်ကုန် အပြီးပြောင်း သွားကြတယ်လေ”

“သက်စိုးထွဋ် သိတော့ရော ဘယ်လိုနေလဲ၊ စောသွင်ကို သွားမသတ်ချင်ဘူးလား”

“သူ ဘယ်လို ခံနိုင်ရည် ရှိအောင် ကြိုးစားခဲ့လဲတော့ ငါမသိဘူး၊ စောသွင်ကို သွားမသတ်တာတော့ အမှန်ပဲ၊ အခုတော့ စောသွင်လည်း သူ့ အကုသိုလ်နဲ့သူ သွားပါပြီ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကပဲ အသည်းကင်ဆာနဲ့ သေပြီလေ၊ အသက်နဲ့ ကွဲပြီးမှ နောက်ထပ် မိန်းမ တစ်ယောက် ရသေးတယ်၊ အဲဒါလည်း မကြာပါဘူး ကွဲတာပဲ၊ သူ့မိဘ အိမ်ကလည်း နှင်ချထားတော့ အရက်တွေ မတရားသောက်ပြီး တေပေ လေလွင့်နေရင်းနဲ့ ဖြစ်တာပဲ”

“သက်စိုးထွဋ် နေရာမှာ ငါသာ ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် စောသွင်ကို သတ်မိမှာပဲ”

“ကဲ ကဲ တော်ပါပြီဟာ၊ ငါလည်း နင့်ကို စိတ်ညစ်စရာ တွေ ပြောနေမိတယ်၊ အဓိက ငါပြောချင်တဲ့ အကြောင်းက သက်စိုးထွဋ်က နင့်ကို တကယ် ချစ်တာ၊ ကလေးတစ်ယောက်အဖေ အမည် ခံနေရပေမယ့် အခုထက်ထိ ဘယ်သူနဲ့မှ အိမ်ထောင်ပြုခဲ့သေးတာ မဟုတ်ဘူး”

“တော်စမ်းပါ နီလာရယ်၊ အောင်သွယ်ဖို့ စဉ်းစားမနေပါနဲ့၊ ငါက အိမ်ထောင်ပြုဖို့ စိတ်ကိုမဝင်စားပါဘူး၊ တစ်ယောက်တည်း နေရတာ ဘယ်လောက်ငြိမ်းချမ်းလည်း နင်တို့လို ကလေးအတွက် ယောင်္ကျား အတွက် ပူစရာလည်း မရှိဘူး၊ သူ့မှာလည်း သူ့ဟာသူ ရှိမှာပါ၊ ငါ့ကို စောင့်နေတယ်တော့ မထင်ပါဘူးနော်...”

“နင်က ငါပြောတာကို မယုံဘူးပေါ့၊ သူပြောရင်တော့ ယုံမှာပါ”

“နင်လုပ်တာနဲ့ပဲ နောက်တစ်ခါတွေ့ရင် အနေခက်တော့မှာပဲ၊ သူ့ကို တကယ် ကျေးဇူးတော့ တင်ပါတယ်...၊ ငါ့ဘဝ ပျက်ရင်ပျက် မပျက်ရင်တောင် အရှက်ရပြီး အမည်းစက် ဖြစ်ရမယ့် အရေးက သူကာကွယ်ပေးခဲ့တာပဲ၊ ငါ့ကို ကာကွယ်ခဲ့တဲ့ အတွက် သူ့ညီမကို ဖျက်ဆီးခံခဲ့ရတယ်၊ ငါ တကယ် စိတ်မကောင်းဘူး ဟာ၊ ဘယ်မိန်းကလေးကိုမှ ဒီလို အဖြစ်မျိုး မဖြစ်စေချင်ဘူး”

“တကယ်တော့ စောသွင် ငါ့ကို ကားတင်ပြေးဖြစ်ခဲ့ရင် ကောင်းမှာ... ဒါဆို ဒီအညှိုးက အသက်ဆီအထိ ရောက်စရာ မလိုတော့ဘူး၊ ငါက အသက်လို ခပ်ပျော့ပျော့ မိန်းမ မဟုတ်ဘူး၊ အဲဒီတုန်းက ငါ့မှာ မောင်းချဓား တစ်ချောင်း အမြဲပါတယ်၊ အဲဒီခြောက်ကောင် နှောက်ယှက်နေတယ် ဆိုလို့ ဖေဖေက ဝယ်ပေးထားတာ၊ ငါ သူ့ကို အသေသတ်ပစ်ခဲ့မှာ၊ သူ့ကို မသတ်နိုင်တဲ့ အဆုံး ငါ့ကိုယ်ငါ ထိုးသတ်လိုက်မှာ သူ့ အစော်ကားတော့ မခံနိုင်ဘူး”

“နင်ကတော့ ပြောသလို လုပ်မယ့်လူပဲ ငါယုံတယ်... ပြီးခဲ့တာတွေ ထားလိုက်ပါတော့ဟာ၊ လျှောက်တွေးမနေပါနဲ့တော့၊ ငါတို့ စကားကောင်း နေတာလည်း ကြာသွားပြီ၊ ပြန်ကြရအောင်”

နီလာဦး နှင့် လမ်းခွဲပြီး ပြန်လာသော လမ်းမှာလည်း သက်စိုးထွဋ် ညီမလေး အကြောင်း တွေးနေမိဆဲပင်။ အညှိုးအတေးများ၏ အရင်းအမြစ်က သူတစ်ပါးကို နစ်နာစေအောင် ပြောတတ် လုပ်တတ်ခဲ့သော ခေမာညိုကြောင့်ပင် ဖြစ်သည်လေ။ “နှုတ်ကြောင့်သေ ဟူသော စကားပင် ရှိသည် မဟုတ်ပါလား...။

**********
(၆)

နောက်နှစ်ရက်လောက် အကြာ ညဦးပိုင်း တစ်ခုမှာ ခေမာညို ဘယ်လိုမှ မနေနိုင်သဖြင့် သက်စိုးထွဋ် အိမ်ကို ဖုန်းဆက်ဖြစ်သည်။ ကျော်ကျော်သက်လည်း မရှိသဖြင့် အေးအေးဆေးဆေး ပြောဖြစ်ကြသည်။ နီလာဦး နဲ့ တွေ့ဖြစ်ပြီး ကျော်ကျော်သက် အကြောင်း အားလုံး သိပြီးပြီ ဟု ပြောပြလိုက်သည်။ သူက ခေတ္တတော့ ငြိမ်သက်သွားသည်။ နောက်တော့မှ ကျော်ကျော်သက်ကို တစ်သက်လုံး မပြောဖို့ ခေမာညိုကို ကတိတောင်းလိုက်သည်။ ခေမာညိုကလည်း ပြောဖို့ရည်ရွယ်ချက် မရှိပါ။ သူ့အဖေ အရင်းဟာ စောသွင်လို လူမျိုးပါလို့ သိသွားမည့် အစား သက်စိုးထွဋ်ကို အဖေ အရင်းဟု ထင်နေတာက ပိုကောင်းပါသည်။

“အဲဒီနှစ်တွေမှာ စောသွင်ကို မသတ်ပဲ ရှင် ဘယ်လို နေနိုင်ခဲ့သလဲ ဆိုတာ ကျွန်မ အံသြတယ်၊ ကျွန်မသာ ဆိုရင် စောသွင်ကို သတ်ရမှ ကျေနပ်နိုင်မယ် ထင်တာပဲ”

“ကျွန်တော်လည်း အဲဒီတုန်းကတော့ ဒီလို စိတ်မျိုး ပေါ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် စောသွင်ကို သတ်လိုက်လို့ ကျွန်တော် ထောင်ကျသွားခဲ့ရင် မိဘတွေခမျာ ညီမလေး အတွက် စိတ်ဆင်းရဲ ရတဲ့ကြားမှာ ကျွန်တော့်အတွက် ထပ်ပြီး ပူပန်ရဦးမှာလေ၊ ညီမလေး ဆုံးသွားတော့လည်း ကျွန်တော် အရမ်းခံစားရပါတယ်၊ ဒါပေမယ့် လည်း စိတ်ဓာတ်ရေးရာ ချုံးချုံးကျနေတဲ့ မိဘနှစ်ပါးကို အားပေးဖို့... အပြစ်မရှိတဲ့ ကျွန်တော့် တူလေးကို စောင့်ရှောက်ဖို့ ကျွန်တော် စိတ်လိုက်မာန်ပါ လုပ်လို့ မဖြစ်ဘူး၊ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ၊ ကံကံ၏ အကျိုးကို ယုံကြည်သူတွေပါ၊ မကောင်းတာပြုတဲ့သူဟာ မကောင်းတဲ့ ပြစ်ဒဏ် ခံရမှာ ရှောင်လွှဲလို့ မရပါဘူး၊ အဲဒီလို သဘောပေါက်အောင် မေမေကလည်း နားချခဲ့တယ်လေ”

“ဟုတ်ပါတယ်၊ ရှင်ပြောတာ မှန်ပါတယ်၊ အမှန်တော့ ကျွန်မလည်း အခုမှ သိပြီး စိတ်ဆိုးလွန်းလို့ ပြောမိတာပါ၊ ရှင့်ကို စိတ်မကောင်းစရာ အတိတ် အကြောင်းတွေ ပြန်သတိရအောင် လုပ်မိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်နော်... ရှင့် အဖေနဲ့ အမေရော နေကောင်းကြရဲ့လား”

“ကောင်းပါတယ်၊ စင်ကာပူ ရောက်နေတာ ကျွန်တော်ကျောင်းပြီးကတည်းကပဲ၊ သူတို့အနေနဲ့ ကျော်ကျော့်ကို မြင်နေရရင် ညီမလေးကို သတိရပြီး စိတ်ဆင်းရဲရတယ်တဲ့လေ၊ ဒီမှာ နေတုန်းကလဲ သူများ အဘိုးအဘွားတွေလို မဟုတ်ဘူး၊ ခပ်စိမ်းစိမ်း ခပ်ခွာခွာပဲ နေခဲ့တာ၊ သားက သနားဖို့ ကောင်းပါတယ်”

“သြော်... ကျော်ကျော်က အဘိုးအဘွား ရဲ့ မေတ္တာလည်း မခံစားခဲ့ရဘူးပေါ့၊ ဒါနဲ့ အမေနာမည် ဒေါ်နန်းမူ ဆိုတာ ကရော”

“အဲဒါက၊ ကလေးမွေးရင်းနဲ့ ကလေးရော လူကြီးပါ ဆုံးသွားတဲ့ မေမေ့ လူနာ တစ်ယောက်ရဲ့ နာမည်ပဲ၊ သူ့ယောင်္ကျားကလည်း သူ ကိုယ်ဝန်ခြောက်လ လောက်ကပဲ အက်ဆီးဒင့်နဲ့ ဆုံးသွားခဲ့တာတဲ့”

“သြော်”

“ကျွန်တော်က အခုထက်ထိ တစ်ယောက်သောသူ ကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ခဲ့သေးသလို၊ ဘယ်သူနဲ့ မှလည်း လက်မထပ်ရသေးပါဘူးဗျာ၊ လက်ထပ်မယ်ဆိုရင်လည်း အဲဒီ တစ်ယောက်သောသူပဲ ဖြစ်ချင်တာ... ပြီးတော့ ကျွန်တော့်ကို ကလေးတစ်ယောက် အဖေ အနေနဲ့ လက်ခံနိုင်ပြီး၊ သားကိုလည်း မိခင်မေတ္တာနဲ့ ကြင်နာနိုင်မယ့်လူ ဖြစ်စေချင်တယ်”

အဲဒီ တစ်ယောက်သောသူက ဘယ်သူလဲလို့ ခေမာညိုက မမေးပါဘူး။ သူ့စကားက ဘယ်ကို ရည်ရွယ်တယ် ဆိုတာ သိသိကြီးပဲ။ နေပါဦးလေ။ ပြန်တွေ့ကြတာမှ မကြာသေးပဲ ဒီလောက်လောဖို့ မလိုပါဘူးနော...။ အဲဒီမြို့ကလေး အကြောင်း ပြန်တွေးမိတိုင်း အခင်ဆုံး သူငယ်ချင်း နီလာဦးတို့ အရင် သူ့မျက်နှာကိုပဲ အမြဲ ပြေးမြင်မိခဲ့ပေမယ့် အချစ်ဆိုတာ ဘာလဲလို့ ခေမာညို တကယ်ကို မသိသေးတာပါ။

**********
(၇)

ခေမာညိုသည် သက်စိုးထွဋ်၏ တောင်းပန်ချက်အရ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ မှာ တစ်နေ့ (၃) နာရီလောက် ကျော်ကျော်သက်တို့ အိမ်သို့ သွား၍ guide လုပ်ပေးဖြစ်သည်။ ကျော်ကျော်သက် နှင့်အတူ အတန်းထဲမှ စာအသင့်အတင့် တော်သော ကောင်မလေး နှစ်ယောက်၊ ကောင်လေး နှစ်ယောက် ကိုပါ အတူတူ guide လုပ်ပေးခြင်း ဖြစ်သည်။ တကယ်တော့ ကျော်ကျော်သက်မှာ ညံဖျင်းသော ကလေး တစ်ယောက် မဟုတ်ပါ။ ဥာဏ်ထက်မြက်သော်လည်း ကြိုးစားလိုစိတ် မရှိသဖြင့် မတော်ခြင်း ဖြစ်သည်။ သူ့ကို အပေါင်းအသင်း ပတ်ဝန်းကျင်ကောင်း တွင် ဝင်ဆံစေခြင်း ဖြင့် အပြိုင်အဆိုင် စာကြိုးစားသော သူငယ်ချင်းများနှင့်အတူ စာကြိုးစားလာခဲ့ပါသည်။

အဌမတန်း အောင်စာရင်းများထွက်တော့ ကျော်ကျော်သက်က ဂုဏ်ထူး သုံးဘာသာ၊ အောင်ကောင်းက သုံးဘာသာ၊ ဟိန်းခန့်က နှစ်ဘာသာ၊ မိုးနှင်းဖြူ နှင့် တူးတူးက ဘာသာစုံဂုဏ်ထူး ထွက်ကြသည်။

နောက်နှစ်မှာလည်း သူတို့ ငါးယောက်ကို ခေမာညိုပဲ guide လုပ်ပေးရပါသည်။ ဒီနှစ်တော့ သူတို့အိမ်မှာပဲ လုပ်ပါဟု မိုးနှင်းဖြူ မိဘများက ပြောသဖြင့် စုရပ်က ထိုအိမ်သို့ ရောက်သွားသည်။ ပွင့်သစ်စ ပန်းလေးလို လှလာပြီ ဖြစ်သော သူတို့ သမီးလေးကို စိတ်မချသဖြင့် မျက်စိအောက်မှာသာ ထားလိုခြင်းကို ခေမာညို နားလည်ပါသည်။ ကျော်ကျော်သက် နှင့် အောင်ကောင်း ကလည်း မိုးနှင်းဖြူလေး ပိုလှလာသည်ကို သတိပြုမိပြီး အရေးတယူ ရှိလာသည်ကို ခေမာညို ရိပ်မိတော့ သူတို့ စိတ်ကလေးတွေ အရောင် မပြောင်းရလေအောင် နားဝင်လွယ်မည့် စကားလေးတွေနှင့် အလိမ္မာသုံးကာ ဆုံးမရပါသေးသည်။

ကျော်ကျော်သက် တစ်ယောက်ကတော့ ရှစ်တန်းကျ ကျန်ခဲ့သည့် အပေါင်းအသင်းဟောင်းများနှင့် လုံးဝ အဆက်ပြတ်သွားပြီး လက်ဖက်ရည်ဆိုင် ကြာကြာထိုင်ခြင်း၊ ညဘက် ဂစ်တာတစ်လက်နှင့် အချိန်ဖြုန်းခြင်း၊ ရန်ဖြစ်ခြင်း တို့အစား အားလပ်ချိန်တွင် စာအုပ်ဖတ်ခြင်း၊ အားကစားလုပ်ခြင်း များဘက်သို့ ပြောင်းသွားသည်။ သက်စိုးထွဋ် ကိုယ်တိုင်လည်း သူ့သားကို ပို ဂရုစိုက်လာတာလည်း ပါသည်။

သက်စိုးထွဋ် ကတော့ ကျော်ကျော်သက် ပြောင်းလဲလာသည့် အတွက် ခေမာညိုကို ကျေးဇူးတင်လျက် ရှိပြီး လက်ထပ်ခွင့်ကိုတော့ အခွင့်သင့်တိုင်း တောင်းဆိုတတ်မြဲ။ ကိုယ့်ဘဝ အချိန်မတိုင်ခင် မနွမ်းခဲ့ရသည်မှာ သူ့ကျေးဇူးပါပဲ လို့ စိတ်ထဲမှာ အမြဲမှတ်ထင်လျက် ကျော်ကျော်သက်ကိုလည်း ကိုယ့်တူ ကိုယ့်သားလေးလိုပဲ သဘောထားနိုင်ခဲ့သော်လည်း သူ့ကို လက်ထပ်ဖို့ကိုတော့ ခုထိ စဉ်းစားနေဆဲပင်။ တကယ်တော့ လွတ်လပ်တဲ့ ကိုယ့် တစ်ကိုယ်တော် ဘဝကို စွန့်လွှတ်ဖို့ နှမြောနေသေးတာပါ။

**********

နွေကျောင်းပိတ်ရက်မို့ အိမ်မှာ မြဲနေသော ခေမာညို့ထံသို့ ကျောင်းစာနှင့် အစားမှ လွဲ၍ တစ်ခြား ဘာမှ စိတ်မဝင်စားတတ်သော ဟိန်းခန့် တစ်ယောက် မောကြီး ပန်းကြီး ပုံစံနှင့် ရောက်ချလာပါသည်။

“တီချယ် တီချယ်၊ ကျော်ကျော် နဲ့ မိုးနှင်း ခိုးရာလိုက် သွားကြပြီ”

“ဘာ၊ ဘာ ဖြစ်တယ်”

“ဒီကျောင်းပိတ်ရက် မှာ အောင်ကောင်း နဲ့ မိုးနှင်းကို စေ့စပ်ပေးကြတော့မလို့ သူတို့မိဘတွေက စီစဉ်နေကြတယ်တဲ့၊ အဲဒါ မိုးနှင်းက ကျော်ကျော့်ကိုပဲ ကြိုက်တာ၊ အောင်ကောင်းကို မကြိုက်လို့ သူတို့ နှစ်ယောက် ထွက်ပြေးကြတော့မယ်၊ ကျော်ကျော့် သူငယ်ချင်းတွေက ကူညီမယ် ပြောတယ်၊ တူးတူးလည်း သိလို့ နောက်က လိုက်သွားပြီ၊ ကျွန်တော်က တီချယ့်ကို လာပြောတာ…”

“ဒါဆို တို့လိုက်သွားကြရအောင်… နေဦး ကျော်ကျော့်အဖေ ဆီ ဖုန်းဆက်လိုက်ဦးမယ်”

အရေးကြီးကာမှ သက်စိုးထွဋ်“ ဟန်းဖုန်းမှာ ဘယ်လိုမှ ဆက်မရပါ။ လိုင်းမမိသော နေရာသို့ ရောက်နေပုံရသည်။ မတတ်နိုင်တော့။ ဟိန်းခန့်လာသော တက္ကစီနှင့်ပင် နှစ်ယောက်သား သွားရတော့သည်။ ဟိန်းခန့်၏ လမ်းပြမှုနှင့် ခေမာညိုတို့ ထိုခြံဝင်းနှင့် အိမ်လေးဆီသို့ ရောက်သွားသည်။ နီးနီးကပ်ကပ်တွင် လူနေအိမ်များ မရှိ။ တစ်နိုင် မွေးမြူရေး ခြံတစ်ခု ဖြစ်ပုံရပြီး ခြံရှင်များကိုတော့ မတွေ့ရ။

ခြံရှေ့ရောက်ရောက်ချင်း တူးတူ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ့ကို ဆီးမေးတော့..

“မိုးနှင်းတို့ ထွက်သွားကြပြီ တီချယ်၊ သမီးကို ဖိုးထူးတို့ အုပ်စုက မလိုက်နိုင်အောင် တားထား ရုံမကဘူး.. အနိုင်ကျင့်ဖို့ ကြိုးစားကြတယ်၊ သမီး အတင်းရုံးကန်ပြီး ထွက်ပြေးလာရတာ”

တူးတူးက ဒေါသသံဖြင့် ပြောပြသည်။

အိမ်ထဲမှ ကောင်လေး သုံးယောက် ပြေးထွက်လာကြပြီး ခေမာညို့ကို တွေ့တော့မှ အရှိန်သတ် သွားကြသည်။ ဖိုးထူး၊ ဟန်ဌေး နှင့် တိုးဝင်း ဆိုသော ခေမာညို့ တပည့် ကျော်ကျော်သက် သူငယ်ချင်း လူဆိုးကလေးများ ဖြစ်သည်။

ထိုအချိန်မှာပင် တက္ကစီ တစ်စီး ထိုးစိုက်လာပြီး ကျော်ကျော်သက်နှင့် မိုးနှင်းဖြူ တို့ ဆင်းလာကြသည်။

“နင်တို့ မသွားဖြစ်တော့ ဘူးလား” တူးတူးက ဝမ်းသာအားရမေးသည်။

“သွားမှာ၊ နင့်ကို စိတ်မချလို့ ပြန်လာကြည့်တာ တူးတူး၊ ဟိုကောင်တွေ ကြားမှာ နင်တစ်ယောက်တည်း ဖြစ်နေလို့”

“ငါက သူတို့ လုပ်တိုင်း ငြိမ်ခံနေမယ့် ပျော့ပျော့ နွဲ့နွဲ့ မိန်းမမျိုး မဟုတ်ဘူး၊ ငါ့ကို စော်ကားလာလို့ကတော့ သူသေ ကိုယ်သေပဲ၊ တော်သေးတယ်၊ တီချယ်ညို တို့ရောက်လာလို့”

ထိုအခါမှ မိုးနှင်းဖြူ နှင့် ကျော်ကျော်သက်က ခေမာညိုကို သတိထားမိသွားသည်။

“သမီး မိုးနှင်း၊ တီချယ်နဲ့ ပြန်လိုက်ခဲ့ပါ၊ သမီး မိဘတွေဘက်က သမီး မနှစ်သက်တဲ့လူနဲ့ အတင်းအကျပ် မလုပ်အောင် တီချယ် တာဝန်ယူပြီး ပြောပေးပါ့မယ်၊ သမီးတို့ စဉ်းစားကြည့်စမ်းပါ၊ ဒီလို ငယ်ငယ်ရွယ်ရွယ် ပညာမစုံသေးတဲ့ အရွယ်မှာ နှစ်ယောက် တစ်ဘဝ နေကြမယ် ဆိုတာ စိတ်ကူးယဉ်တာ သက်သက်ပါပဲကွယ်၊ မင်းတို့ ဘာလုပ်ကိုင် စားသောက်ကြမလဲ၊ နှစ်ယောက်စလုံးလည်း အသက် မပြည့်ကြသေးဘူး၊ အဲဒီတော့ တီချယ်စကားကို နားထောင်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြမယ်နော်…”

သူတို့ နှစ်ယောက်ကို တော်တော်လေး နားချတော့မှ အိမ်ပြန်ဖို့ သဘောတူကြသည်။ သူတို့ ပြီးတော့ ဖိုးထူး တို့ကိုလည်း ပြောရသေးသည်။

“ကဲ ဖိုးထူး… မင်းတို့က ကိုယ့်သူငယ်ချင်း မိန်းကလေး တစ်ယောက်ကို အနိုင်အထက် ကျင့်ဖို့ ကြိုးစားကြတယ်ပေါ့… မင်းတို့ အပြစ်ကို သိကြရဲ့လား… မင်းတို့ မိဘတွေကို တိုင်မယ်၊ ရဲစခန်းမှာ အမှုဖွင့်မယ်ဆို မင်းတို့ အပြစ်ကျခံရမှာပဲ၊ အဲဒါဆို မင်းတို့ မိဘတွေလည်း သိက္ခာကျမယ်၊ အရှက်ကွဲမယ်၊ မင်းတို့ အသက်အရွယ်နဲ့ ဒီလို အပြုအမူမျိုး လုပ်စရာကို အကြောင်းမရှိဘူး၊ ဘာကြောင့်များ လုပ်တာလဲကွယ်”

“ကျွန်တော်တို့ တကယ်လုပ်မလို့ မဟုတ်ပါဘူး အန်တီ၊ တူးတူး လိုက်သွားမှာ စိုးလို့ ခြိမ်းခြောက်ရုံ သက်သက်ပါ၊ ခွင့်လွှတ်ပါ တီချယ်၊ မိဘတွေကို မတိုင်ပါနဲ့နော်..”

“တီချယ့်ကို တောင်းပန်ရမှာ မဟုတ်ဘူး၊ တူးတူးကို တောင်းပန်ရမှာ”

“ငါတို့ မှားပါတယ် တူးတူး၊ နင်ကျေနပ်အောင် တောင်းပန်ပါ့မယ်၊ အမှုမဖွင့်ပါနဲ့နော်”

သုံးယောက်စလုံးက တစ်ယောက်တစ်ပေါက် ပြော၍ တောင်းပန်ကြသည်။ တူးတူးက မကျေနပ်ပေမယ့် ဘာမှမပြောတော့။

“တီချယ်က ဒီကိစ္စကို မင်းတို့မိဘတွေလည်း မတိုင်ဘူး၊ အမှုလည်း မဖွင့်ဘူး၊ အဲဒီ အတွက် မင်းတို့ဘက်က ကတိ တစ်ခုတော့ ပေးရလိမ့်မယ်၊ နောက်နောင် မိန်းကလေး တစ်ယောက်ကို အလိုမတူပဲ ခိုးပြေးတာတို့၊ အဓမ္မကျင့်တာတို့ လုံးဝမလုပ်တော့ပါဘူး ဆိုတဲ့ ကတိပဲ၊ ပါးစပ်က လွယ်လွယ်ပြောရုံနဲ့ မပြီး ဘူးနော်၊ တကယ် တည်မတည် တီချယ် စောင့်ကြည့်နေမှာ”

“ဟုတ်ကဲ့၊ ကျွန်တော်တို့ ကတိ ပေးပါတယ် တီချယ်”

“ကျော်ကျော်ရော အဲဒီ ကတိ ပေးနိုင်မလား…”

“ကျွန်တော်လည်း ပေးနိုင်ပါတယ် တီချယ်”

“မင်းတို့ အနေနဲ့ ရှေ့ဆက်ရမယ့် ဘဝခရီးက အရှည်ကြီး ရှိသေးတယ်၊ လမ်းမှားကို လျှောက်မိရင် ဘယ်လိုမှ ပြင်လို့ မရပဲ ဖြစ်လိမ့်မယ်၊ ဒီအရွယ်မှာ ချစ်သူထားတာ အိမ်ထောင်ပြုတာတွေ လုပ်ရမယ့် အရွယ် မဟုတ်သေးဘူး၊ ဘွဲ့တစ်ခု ရပြီး၊ ကိုယ့် အလုပ်အကိုင်နဲ့ ကိုယ် ဖြစ်လာပြီ ဆိုတော့မှ ကိုယ်ရွေးချယ်ထားတဲ့လူ နဲ့ လက်တွဲကြပေါ့ကွယ်၊ ခုချိန်မှာတော့ ဒါတွေခဏလောက် မေ့ထားလိုက်ပါဦး၊ ကိုယ့်ဖူးစာဖက် မှန်ရင် အချိန်ဘယ်လောက်ကြာကြာ ဒီပတ်သက်မှုက မပျက်စီးနိုင်ပါဘူးကွယ်…”

“ကျွန်တော်တို့ နားလည်ပါပြီ၊ တီချယ်”

ဖိုးထူးတို့ သူတို့ကားနှင့် သူတို့ ပြန်သွားကြသည်။ သူတို့ ပြန်သွားမှ တူးတူးကို ပြောရသည်။

“တူးတူး၊ သမီး အမှုမဖွင့်နဲ့တော့နော်၊ ကိုယ့်ကို မုန်းနေတဲ့ ယောင်္ကျား တစ်ယောက်ဟာ ကိုယ့်အတွက် အကြီးအကျယ် အန္တရာယ်ပဲ၊ သူတို့ သမီးအပေါ် အမုန်းစ ရှည်မှာစိုးလို့ တီချယ်က ကျေအေးလိုက်တာပါ”

“သမီးလည်း ဘာမှမှ မဖြစ်တာ၊ အမှု မဖွင့်ချင်ပါဘူး တီချယ်”

“သမီးကို အောင်ကောင်းနဲ့ မစေ့စပ်ရအောင်တော့ အိမ်ကို ပြောပေးနော် တီချယ်” မိုးနှင်းဖြူကပြောသည်။

“စိတ်ချပါ မိုးနှင်းရယ်၊ ဒီနေ့ ကိစ္စကိုလည်း သမီး မိဘတွေကို မပြောပါဘူး”

သူတို့ကို ကိုယ့်အိမ်ကို ပြန်ပို့ပြီးမှ ခေမာညို ပြန်ခဲ့သည်။ သက်စိုး ကိုတော့ ညကျမှ ဖုန်းဆက်ပြီး ပြောပြရသည်။ သူက အံသြနေသည်။ ခေမာညိုက တော့ ကလေးတွေ အခြေအနေပြောင်းနေတာကို ရိပ်မိသင့်သလောက် ရိပ်မိပြီးသား။ ကလေးတွေ ငယ်ကြသေးသည်က လွဲလို့ မိုးနှင်းဖြူတို့ အခြေအနေကလည်း ဘာမှ ကန့်ကွက်စရာ မရှိသော အခြေအနေ။

နောက်တစ်နေ့မှာ မိုးနှင်းဖြူ မိဘများထံ နှစ်ယောက်သား သွားကြသည်။ ကံကောင်းချင်တော့ မိုးနှင်းဖြူ အမေနှင့် ခေမာညိုက တက္ကသိုလ်မှာ ကျောင်းနေဖက် ဖြစ်ခဲ့ဖူးသည်။ မိုးနှင်းဖြူက အောင်ကောင်းကို သဘောမကျပဲ တခြားကို သဘောကျနေကြောင်း အရိပ်အမြွက် ပြော၍ အတင်းအကျပ် မစီစဉ်သင့်ကြောင်း ပြောပြရသည်။ အတင်းအကျပ် စီစဉ်လျှင် မဖြစ်သင့်တာတွေ ဖြစ်ကုန်နိုင်ကြောင်း ပြောပြရသည်။ သူတို့ကလည်း အတင်းအကျပ် မစီစဉ်တော့ပါ ဟု ကတိပေးကြသည်။ အမှန်တော့ အောင်ကောင်း ကိုယ်တိုင်က သူ့မိဘများကို ပူဆာ၍ နှစ်ဖက်မိဘ တွေ့ကြပြီး လက်ခံနိုင်လောက်သော အခြေအနေမို့ အောင်ကောင်း နှင့် မိုးနှင်းဖြူ တို့ကိုယ်တိုင်လည်း အချင်းချင်း သဘောကျသည် ထင်၍ စီစဉ်ရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်။ အဲလို ဆိုတော့လည်း သက်စိုးကို ကျော်ကျော့် အဖေ အနေနှင့် မိတ်ဆက်ပေးပြီး ကလေးတွေ အခြေအနေကို အမှန်အတိုင်း ပြောပြလိုက်တော့သည်။ နောက်ဆုံးတော့ နှစ်ဖက်မိဘ လက်ခံထားပြီး ကလေးတွေ ကျောင်းမပြီးခင် မဖြစ်သင့်တာ မဖြစ်ရအောင် တည့်မတ်ပေးကြဖို့ သဘောတူလိုက်ကြသည်။

ကျောင်းတွေဖွင့်တော့ ခေမာညို guide လုပ်ခဲ့သည့် ကျော်ကျော်သက်တို့ ငါးယောက်လုံး အမှတ်ကောင်းကောင်းနှင့် ၉ တန်းအောင်ခဲ့ကြသောကြောင့် ဆယ်တန်း တန်းခွဲ A မှာ တက်ကြရသည်။ ဖိုးထူး တစ်ယောက် ရှစ်တန်းကို တစ်နှစ်ထပ်ကျခဲ့ပြီး ကျောင်းထွက်၍ သူ့အဖေ ဝပ်ရှော့တွင် ကူလုပ်နေသည်။ ဟန်ဌေး နှင့် တင်ဝင်း ကတော့ ရှစ်တန်း အောင်၍ ကိုးတန်း တက်ကြသည်။ ခေမာညိုလည်း ဘီအီးဒီ စာပေးစာယူ ဝင်ခွင့် အောင်၍ တက်ရမည်။ အရေးကြီးသော အတန်းမို့ ကျော်ကျော်သက်တို့ အားလုံး ဘာသာစုံ ကျူရှင် တက်ကြသော်လည်း ခေမာညိုကတော့ guide လုပ်ပေးနေရဆဲ ဖြစ်သည်။

သက်စိုးကို လည်း ခေါင်းညိတ်လိုက်ပေမယ့် လွတ်လွတ်လပ်လပ်နေချင်သေးသော ခေမာညိုက လက်ထပ်ဖို့ကို အချိန်ဆွဲနေဆဲ။ ခေမာညိုကို အလွန်တိုထွာ၍ အိမ်ထောင်မပြုစေချင်သော ဖေဖေ နှင့် မေမေ ကိုလည်း ဘယ်လို စပြောရမှန်းမသိပဲ ဖြစ်နေသည်။ နောက်ပြီး သက်စိုးက အများ အမြင်မှာ အရွယ်ရောက် ကလေးတစ်ယောက်၏ အဖေလည်း ဖြစ်နေသေးသည်လေ။

**********
(၈)
နှစ်နှစ်ကြာပြီးနောက်။

ကျော်ကျော်သက် က နည်းပညာ တက္ကသိုလ်၊ မိုးနှင်းဖြူနှင့် ဟိန်းခန့်က ကွန်ပျူတာတက္ကသိုလ်၊ တူးတူးက သူနာပြုတက္ကသိုလ် အသီးသီး တက်ရောက်လျက် ရှိကြသည်။ အောင်ကောင်းက တော့ စင်ကာပူမှာ ကျောင်းသွားတက်နေသည်။ တင်ဝင်း နှင့် ဟန်ဌေးလည်း ဖိုးထူး နှင့် အတူ ဝပ်ရှော့မှာ အလုပ်လုပ်ရင်း အဝေးသင် တက်နေကြသည်။ အရင်လို လူဆိုးလေးတွေ မဟုတ်ကြတော့။ ခေမာညို ရှစ်တန်းမှာ သင်ခဲ့ရသော ကလေးတွေက ခုဆို တက္ကသိုလ် အသီးသီး တက်နေကြပြီ။ ဆရာ ဆရာမ ဆိုသည်မှာ ပန်းပုဆရာ တစ်ယောက်၊ ဥယျာဉ်မှုး တစ်ယောက်လိုပင်..။ ကိုယ်ထုသော ပန်းပုရုပ်လေးတွေ တင့်တယ်လှပနေသည်ကို မြင်ရလျှင် ကိုယ်ပျိုးသော ပန်းပင်ကလေးများကို အဖူးအငုံ ဘဝတွင် ပိုးမကိုက်စေရအောင်၊ အချိန်မတိုင်ခင် မညှိုးနွမ်းစေရအောင် ပြုစုယုယ၍ အချိန်သင့် အခါသင့် ဝေဆာစွာ ပွင့်လာသည်ကို မြင်ရလျှင် ကျေနပ်ဝမ်းမြောက် ကြရသူများ ဖြစ်သည်။

ခေမာညိုလည်း ဘီအီးဒီ စာပေးစာယူ နှစ်နှစ်သင်တန်းကို ကွာလီဖိုင်းဖြင့် အောင်မြင်ခဲ့ပါသည်။ ခေမာညို့ မိဘများက သားတစ်ယောက် ကြီးကြီးမားမား ရှိနေသော ကလေးတစ်ယောက် အဖေ သက်စိုးထွဋ် နှင့် သဘောမတူချင်သလို သက်စိုး မိဘများ ကလည်း ခေမာညို နှင့် သက်စိုး ၏ ပတ်သက်မှု အပြည့်အစုံ ကို ဘယ်လိုက ဘယ်လို သိသွားမှန်း မသိပဲ လုံးဝ သဘောမတူနိုင် ဖြစ်နေသည်။ ဒီအတောအတွင်း သူလည်း သူ့အလုပ်နဲ့သူ ရှုပ်၊ ခေမာညို လည်းကျောင်းတစ်ဖက်၊ သင်တန်းက စာတစ်ဖက် မအားမလပ် ဖြစ်နေကြပြီး တစ်ပတ် တစ်ခါ တွေ့ဖြစ်ဖို့ပင် မနည်းချိန်းနေရသည်။ ညတိုင်းလို ဖုန်းတော့ ဆက်ဖြစ်ပါသည်။ မိဘတွေ သဘောတူလာအောင် ကြိုးစားကြဖို့ နှစ်ယောက်သား တိုင်ပင်ထားကြသော်လည်း ဘာမှ ရှေ့မဆက်ဖြစ်သေးပါ။

ကျော်ကျော်သက် နှင့် မိုးနှင်းဖြူ ကတော့ နှစ်ဖက်မိဘများ သဘောတူညီမှုနှင့် သူ့အိမ် ကိုယ့်အိမ် သွားလာ လည်ပတ်ခွင့် ပြုထားပါသည်။ ကျောင်းပြီးလျှင် လက်ထပ်ကြဖို့ အားလုံး စီစဉ်ပြီးသားမို့ သူတို့ ချစ်ခရီးလမ်းက ဖြောင့်ဖြူး နေပါပြီ။ ခေမာညိုတို့ နှစ်ယောက် အကြောင်းကို ကျော်ကျော်သက် တို့လည်း သိရှိနေကြပြီ ဖြစ်သော်လည်း ဘာကြောင့် လက်မထပ်သေးသည်ကိုတော့ သေချာမသိကြပါ။

**********

သက်စိုး၏ မိဘများ ခေတ္တပြန်လာကြသည်။ သူတို့က ခေမာညိုနှင့် ပတ်သက်ပြီး အသက် အပေါ် စောသွင်က လက်စားချေခဲ့သည် ကို သိနေကြသောကြောင့် သက်စိုးနှင့် ခေမာညိုကို လုံးဝ သဘောမတူနိုင်ကြောင်း လာရောက်နားချကြခြင်း ဖြစ်သည်။ သက်စိုးထွဋ်က ထိုကိစ္စမှာ ခေမာညို နှင့် လုံးဝ မပတ်သက်ကြောင်း၊ သူ နှင့် စောသွင်၏ ရန်ညှိုးသာ ဖြစ်ကြောင်း သူတို့ကို နားလည်အောင် မနည်းပြောရသည်။ ကျော်ကျော်သက် နှင့် ပတ်သက်၍လည်း ရှစ်တန်းဖြေပြီးကာစက ခိုးရာမလိုက်အောင် ခေမာညို ကိုယ်တိုင် လိုက်သွားပြီး ပြန်ခေါ်လာခဲ့ရသည့် အကြောင်း၊ ကျော်ကျော်သက်ကို သားတစ်ယောက်လို သဘောထားသည့် အကြောင်း… ပြောပြရသည်။ နောက်ဆုံးတော့ ခေမာညို နှင့် တွေ့ကြည့်ဖို့ သူတို့ သဘောတူကြသည်။

ကျော်ကျော်သက်ကတော့ အဘိုး အဘွားကို စိတ်နာနေသည်။ တကယ်တော့ သူ့ဘဝ အကြောင်းစုံကို သိခဲ့တာ ကြာလေပြီ။ ပထမဆုံး သက်စိုးနှင့် ခေမာညိုတို့ ဖုန်းပြောဖြစ်စဉ်ကပင် သူ့အဖေဘက်က ပြောသော စကားများကို ကျော်ကျော်သက်က အမှတ်တမဲ့ကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့အဖေက မသိစေချင်သော အကြောင်းအရာကို သူကလည်း သိကြောင်း မပြောခဲ့ပါ။ ထိုအကြောင်းကြောင့် သူ့ကို မကြည့်ချင်ကြဟု ဆိုသော သူ့အဘိုးအဘွားများကိုတော့ သူကလည်း တမ်းတစရာ အကြောင်းမရှိတော့ပါ။ အရင်ကတော့ သူ့အဘိုးအဘွား များက သူ့ကို တစ်ခါမှ လာမကြည့်တာ၊ သူတို့ဆီ အလည်လာဖို့ မခေါ်တာကို အံသြနေခဲ့သည်။ ခုတော့ မအံသြတော့။ စာလုပ်ဖို့ အကြောင်းပြပြီး သူငယ်ချင်းအိမ် သွားနေလိုက်သည်။ သက်စိုးကတော့ သူ့သားစိတ်ကိုလည်း နားလည်သည်။ သူ့အဖေ အမေတွေကိုလည်း သူ နားလည်သည်။ ကြားထဲက ဘာမှလုပ်မပေးနိုင်တာကိုသာ စိတ်မကောင်း ဖြစ်ရသည်။

ကျော်ကျော်သက် ပြောပြလို့ သက်စိုး မိဘတွေ ရောက်နေမှန်း ခေမာညို သိရသည်။ ကျော်ကျော်သက် ကလည်း သူတစ်ခုခု ခံစားရလျှင် ခေမာညိုကို ပြောပြနေကြ။ အဘိုး နှင့် အဘွားကို စိတ်မခုဖို့ ခေမာညိုက တော်တော် ဖြောင်းဖြ လိုက်ရသည်။ သို့ပေမယ့် သူက သူ့အိမ်ကိုတော့ မပြန်ချင်သေး ဆို၍ အိမ်မှာ ထမင်းလာစားခိုင်းရင်းနှင့် ခေမာညို့ မိဘတွေကိုပါ တစ်ခါတည်း မိတ်ဆက်ပေးလိုက်သည်။ အရင်က ရောက်ဖူးပေမယ့် အများနှင့် ဆိုတော့ ဘယ်သူဘယ်ဝါ သိပ်မသိခဲ့ပါ။ အဲဒီမှာတင် မေမေ တို့ကလည်း သူတို့ သဘောထားတွေကို ကျော်ကျော်သက် သိအောင်ပါ ပြောကုန်ကြသည်။ ခေမာညို့မှာ မိတ်ဆက်မပေးမိလျှင် ကောင်းမှာလို့ပင် ထင်မိသည်။ အခြေအနေကို သိသွားသော ကျော်ကျော်သက်က သက်စိုးထွဋ်က သူ့အဖေအရင်း မဟုတ်ကြောင်း၊ သူ့ဦးလေးသာ ဖြစ်ကြောင်း ပြောပြတော့မှ သက်စိုးကို သူ့အဖေအရင်း မဟုတ်တာ သူသိနေမှန်း ခေမာညို သိရသည်။ သူတို့က ကလေးတစ်ယောက် အဖေမို့ သဘောမတူကြောင်း ပြောနေပါလျက် ခေမာညိုက မဖြေရှင်းခဲ့ခြင်းကို အံသြနေကြသည်။ ခေမာညိုက ကျော်ကျော်သက်ကို မသိစေချင်သဖြင့် တမင် မပြောခဲ့တဲ့ အကြောင်း ရှင်းပြရသည်။

**********
“သက်စိုး နင့်မိဘတွေကို တွေ့ရမှာ ကြောက်တယ်ဟာ.. ဖြစ်ပါ့မလား”

“မကြောက်ပါနဲ့ ညိုရယ်၊ ငါ့ကို ယုံစမ်းပါ၊ အားလုံး အဆင်ပြေသွားမှာပါ”

အစကတော့ သူ့ကို လက်မထပ်ရလည်း ခေမာညို ဘာမှမဖြစ်လို့ ထင်ခဲ့သည်။ ခုကျတော့လည်း ခေမာညို့ကို လက်မခံမှာ စိုးထိတ်နေသည်။

သက်စိုးထွဋ် မိဘများ နှင့် ခေမာညို သွားတွေ့တော့ နှစ်ယောက်စလုံးက ဖော်ဖော်ရွေရွေ ဆက်ဆံကြသဖြင့် တွေ့ဆုံပွဲမှာ အဆင်ပြေပြေ ပြီးဆုံး သွားခဲ့သည်။ ကိုယ်နှစ်ယောက် အကြောင်းသာ မဟုတ်ပဲ ကျော်ကျော်သက် ၏ ခံစားချက်ကို ပါ သူတို့ သိအောင် ပြောပြဖြစ်သည်။ ကျော်ကျော်သက် က တမင် အိမ်မှာ မနေပဲ သူငယ်ချင်းအိမ် သွားနေသည့် အကြောင်း၊ မနေ့ညကတော့ ခေမာညို့ အိမ်မှာ ညအိပ်ခဲ့ကြောင်း ပြောပြလိုက်သည်။ သူတို့လည်း သူတို့ အမှားကို သိသွားကြပုံပါ။ ကျော်ကျော်သက်ကို လိုက်ခေါ်လိုက်ပါမည် ဟု ကတိပေးကြသည်။

သူ့မိဘတွေနှင့်တွေ့ပြီးတော့ ခေမာညို့မိဘတွေနှင့်လည်း တရားဝင် မိတ်ဆက်ပေးရအောင် ခေါ်သွား ရတော့သည်။ အရင်ကလည်း ခေမာညို့ကို အိမ်လိုက်ပို့တာ၊ ကျော်ကျော့် အဖေ အနေနှင့် လာဖူးတာတော့ ရှိပေမယ့် ခေမာညို့ ချစ်သူရယ်ပါလို့တော့ မိတ်ဆက် မပေးခဲ့သေးပါ။ သူ့အလှည့်ကျတော့ သူကလည်း ကြောက်နေသည်။ သို့ပေမယ့် ဖေဖေတို့ မေမေတို့ကလည်း သူ့အကြောင်း သိထားပြီးပြီမို့ ခေမာညိုတို့ အချစ်ကို အသိအမှတ်ပြုပြီး သဘောတူလိုက်ပါပြီ။

သဘောတူကြပြန်တော့လည်း နှစ်ဖက်မိဘက ခေမာညိုတို့ကို အသက်မငယ်တော့ဘူး ဆိုပြီး အချိန်သိပ်မဆွဲပဲ လက်ထပ်စေချင်ကြသည်။ အတားအဆီး မရှိတော့ဘူး ဆိုပြန်တော့ ခေမာညိုက လက်မထပ်သေးပဲ M.Ed ဆက်တက်ချင်သေးသည်။ ဒါပေမယ့်လည်း သူတို့ အလိုကို လိုက်ကာ ရက်ရွေးဖို့ သဘောတူ လိုက်ရပါတော့သည်။

(အရင် လက်ရေးမူ ကို မကြိုက်တော့တာနဲ့ တစ်ချို့ နောက်ဆုံးပိုင်းတွေကို ပြင်လိုက်ပါတယ်။ သူငယ်ချင်း တစ်ယောက်ကတော့ ကိုယ့်အရေးအသားက eassy လိုပဲတဲ့။ ကိုယ်က သိပ်လည်း မဖွဲ့နွဲ့တတ်တဲ့သူမို့ အချစ်အကြောင်း သိပ်ဝေဝေဆာဆာ မရေးနိုင်တာ ခွင့်လွှတ်ကြပါနော် :D)

သိင်္ဂါကျော်

6 comments:

ဝက်ဝံလေး said...

အော် ငါ ၁ လား မမရေ ခဏ အစ အဆုံး ပြီးအောင် ဖတ်လိုက်ဦးမယ် အရင်က update မတက်လို့ အခု မှ တက်လာတယ် သိလား မပြီးသေးတာတွေ ဖတ်လိုက်ဦးမယ်နော်

ဝက်ဝံလေး said...

မရယ် ဖတ်ရတာ ကောင်းလိုက်တာ မြုပ်ကွက်တွေ ဘာတွေနဲ့ ဟိဟိ ကောင်းတယ်နော် ပထမအပိုင်း ဖတ်ပြီးတော့ မန့်တောင် မမန့်နိုင်ဘူး ဆက်ပြီး ဖတ်ဖြစ်တယ်လေ ဟိဟိ

အားပေးလျှက်ပါ
ခင်တဲ့ ညီမငယ်
ဝံလေး

မယ်ကိုး said...

မရေ..လုံးချင်းလိုင်းမှာ ပေါက်မယ့် လက်မျိုးလို့ ထင်ပါတယ်။ ဇာတ်အိမ်ခိုင်ခိုင်နဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ရွှေပြည်သူ said...

ဇာတ်သိမ်းလေးကို အရမ်းကျေနပ်မိပါတယ် အစ်မ... မဖွဲ့နွဲ့တတ်ဘူးလို့ အစ်မကပြောပေမယ့် ဇာတ်လမ်းထဲက သက်စိုးထွဋ်အချစ်က သိပ်ပေါ်လွင်နေတာပါပဲ...။ ဇာတ်ကောင်တွေ အများကြီးနဲ့ ဇာတ်အိမ်ကောင်းကောင်း အရေးအသားကောင်းကောင်းဖတ်ရလို့ ကျေးဇူးတင်ပါတယ် အစ်မ။

ဆောင်းယွန်းလ said...

ဟုတ်ပါ့.ညီမလေးမယ်ကိုးပြောသလိုပါပဲ
ကျနော်ဒီလိုဝတ္ထုမျိုးတွေမဖတ်ဖြစ်တာ ၁၀နှစ်ရဲ့အထက်ဟိုးဖက်မှာရှိနေခဲ့ပြီ။ အခု မသိင်္ဂါကျော်ရဲ့
ဝတ္ထုကိုအစအဆုံးဖတ်မိပြီး အရင်က အချစ်ဝတ္ထုတွေဖတ်ရသလိုပြန်ခံစားရတယ်
ရုပ်ရှင်တကားကိုကြည့်ရသလိုပဲဗျာ
အရေးအသားရော တင်ပြပုံပါ တော်တော်ကောင်းတယ်ဗျာ...

Law Shay said...

Essay နဲ့ မတူပါဘူး။ ဒါဟာ စာပေသဘောအရ ပြောရရင် Epic Drama ဖြစ်ပါတယ်။ ဇာတ်အိမ် ကြီးတဲ့ သဘောပေါ့။