18 September, 2009

ဂမ္ဘီရမြင်းရိုင်း











သူ့ဇက်ကြိုးကို
လွှတ်ပေးလိုက်ရတာ
ငါမှမဟုတ်ပါဘူး။

ဘယ်တော့မှ မသေတဲ့
ပျံနေတဲ့ငှက်ဟာ
သူပဲပေါ့၊

မီးပုံထဲကလည်း
အနာတရနဲ့ ခုန်ထွက်
ရှင်သန်တတ်သေးရဲ့။

သစ္စာမရှိတဲ့
လိပ်ပြာတစ်ကောင်
သူဟာ
ဝတ်ရည်မစားပဲ
ပွင့်ဖတ်ခြွေတတ်သူပေါ့။

သူ့ခွာသံတွေအောက်မှာ
ရိုးစင်းအိပ်မက်ကြွေကျ
သူ့ပါးစပ်က
သွေးသံရဲရဲအာရုံတွေ
ဝါးစားဆဲ။

သူ့ပေါက်ကွဲသံစဉ်တွေ
ကောင်းကင်ထဲ
ပဲ့တင်ထပ်လို့။

တိမ်တွေကို ဥပေက္ခာပြု
အမှောင်ထုထဲဝင်တိုး
သက်ဆိုးရှည်နေတဲ့ မြင်းရိုင်း၊
ပဉ္စလက်အတတ်နဲ့
သားကောင်ကို ညှို့ယူ
အပိုင်းအစစ ဖြစ်သွားတာ
ဖြူစင်မှုတွေပေါ့။

လျှို့ဝှက်တတ်တဲ့
မီးခိုးငွေ့တွေထဲ
သူ ကခုန်ဖို့ကြိုးစားဆဲ။
ညတွေဟာ
မသိချင်ယောင်ဆောင်ပေးထား
သူ ကဆုန်စိုင်းလိုက်တော့
ကြယ်တွေငိုကြပေါ့။

စိတ်ကူးထည်တွေကို ဆုတ်ဖြဲ
တစ်ခါတစ်လေလည်း
သူ တဟဲဟဲ ရယ်နေတတ်၊
နေ့လည်နေ့ခင်းတွေတုန်းက
ရခဲ့တဲ့ ဒဏ်ရာတွေ အကြောင်း
မြည်တမ်းရင်း
သူ ဟစ်ကြွေးစဉ်မှာ
ကမ္ဘာကြီး တုန်ယင်သွားပေါ့။

သူ့ခြေထောက်တွေကို
ရိုက်ချိုးသိမ်းပြီး
ပုံစံခွက်ထဲ ပြန်နေရတဲ့အခါ
မြုံနေတဲ့ အနာတစ်ခုလို
လှိုက်စားလို့....။

(သိင်္ဂါကျော်)

(ရှစ်တန်း၊ ကိုးတန်း လောက်က ရေးထားတဲ့ ကဗျာလေးပါ။ စာအသစ် မရေးနိုင်သေးတာနဲ့ တင်လိုက်တာပါ။ ဘာအဓိပ္ပါယ်လည်းတော့ လာမမေးနဲ့နော်... သိတော့ဘူး :D)

ပုံလေးကို ဒီက ယူထားပါတယ်။

5 comments:

ဖြိုးငယ် said...

အင်း .. ဒီကဗျာကို ဖတ်ပြီး အောက်က စာကို ဖတ်လိုက်ရတော့ ငယ်ငယ်တည်းက ကဗျာစပ် ကောင်းတယ်လို့ မှတ်ချက်ချမိတယ် ...
တိမ်တွေကို ဥပေက္ခာပြု
အမှောင်ထုထဲဝင်တိုး
သက်ဆိုးရှည်နေတဲ့ မြင်းရိုင်း၊
ပဉ္စလက်အတတ်နဲ့
သားကောင်ကို ညှို့ယူ
အပိုင်းအစစ ဖြစ်သွားတာ
ဖြူစင်မှုတွေပေါ့။

လျှို့ဝှက်တတ်တဲ့
မီးခိုးငွေ့တွေထဲ
သူ ကခုန်ဖို့ကြိုးစားဆဲ။
ညတွေဟာ
မသိချင်ယောင်ဆောင်ပေးထား
သူ ကဆုန်စိုင်းလိုက်တော့
ကြယ်တွေငိုကြပေါ့ ဆိုတဲ့ အပိုဒ် ၂ ပိုဒ်ကို တော်တော်လေး ကြိုက်တယ်ဗျာ ...

ရွှေပြည်သူ said...

ရှစ်တန်းကိုးတန်း အရွယ်ကတည်းက ဒီလိုကဗျာမျိုး စပ်နိုင်တာကို သိပ်ကိုလေးစားမိပါတယ် အစ်မ သိင်္ဂါကျော်...

Anonymous said...

ငယ်ငယ်တုန်းက ရေးထားလို့ပြောလို့သာ ယုံလိုက်ရတာ အင်.... အခုဆိုဘယ်လောက်ရေးလက်စ ရှိနိုင်ပ... မှန်ဆရင်း မျှော်.......
လေးစားစွာဖြင့်
ကန

ဗီလိန် said...

၈တန်း လက်ရာတဲ့လား။ မလွယ်ပါ့လား

purplemay said...

အစ်မရေ...ကဗျာတွေ တ၀ကြီးဖတ်သွားတယ်...။
ဖတ်လို့အရမ်းကောင်း....:)