09 September, 2009

ညှိုးချိန်မတိုင်ခင် (၁)



(၁)
ဒီကလေးကို ခေမာညို အကြိမ်ကြိမ် ခေါ်ယူ၍ ဆုံးမပြီးပြီ။ ဆူဆူပူပူ တစ်လှည့်၊ ချော့ချော့မော့မော့ တစ်ခါ ဆိုသလို အာပေါက်အောင်လည်း ပြောခဲ့သည်။ မကြာခဏ ခွင့်မတိုင်ပဲ ကျောင်းပြေးတတ်ပြီး အရင်လပတ် စာမေးပွဲတွင်လည်း ခေမာညို သင်သော အင်္ဂလိပ်စာ တစ်ဘာသာတည်းသာ အောင်ခဲ့သည်။ ကျော်ကျော်သက် ဆိုသော သည်ကောင်ကလေးသည် ခေမာညို ဆူပူသမျှကို ပန်း နှင့် ပေါက်သလောက်သာ သဘောထားသည်။ ဆရာ၊ ဆရာမများကို ကလန်ကဆန် ပြန်မပြောတတ်တာ တစ်ခုကတော့ တော်သေးသည် ဆိုရမည်။ ထိုကလေးက ပြန်မပြော နားမထောင် အစားထဲက ဖြစ်သည်။
ခေမာညို အတန်းပိုင် လုပ်ရသော အဌမတန်း (A) သည် အမှတ်နှင့် စီထားခြင်း မဟုတ်သောလည်း တော်သူများသည်။ လိမ္မာကြသည်။ လူ ၆၀ လောက်ထဲတွင် ဆိုးသူက နှစ်ယောက် သုံးယောက်လောက်သာ ရှိသည်။ ထိုအထဲတွင် ကျော်ကျော်သက် ပါသည်။ သူ့ အပေါင်းအသင်းများက အဆိုးဆုံး၊ အညံဆုံး အတန်းဟု ဆရာများက သတ်မှတ်ထားသော (F) တန်းမှ ဖြစ်သည်။ ကျောင်းပြေးသည်။ သူ မတက်ချင်သည့် အချိန်ဆို အတန်းလစ်သည်။ အိမ်စာ ပေးသမျှကို မှန်မှန်မလုပ်။ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများက သူတို့ ကိုယ်တိုင် ဆူပူ ဆုံးမရုံမက အတန်းပိုင်ဖြစ်သော ခေမာညိုကို တိုင်ကြသည်။ ခေမာညိုက သူ့ကို အုပ်ထိန်းသူ အဖေဖြစ်စေ၊ အမေ ဖြစ်စေ ခေါ်လာခိုင်းသော်လည်း ဘယ်သူမှ လိုက်မလာပါ။ သူက အိမ်ကို ပြောမပြသောကြောင့် ဖြစ်နိုင်သည်။
ဆရာ၊ ဆရာမ အားလုံးက ဆူပူကြပ်မတ်ထားသဖြင့် ယခုလပတ်မှာတော့ ဘာသာစုံအောင်သည်။ အမှတ်ကတော့ သိပ်များများ မဟုတ်။ အောင်ရုံသာ။ ဘာပဲ ဖြစ်ဖြစ် တော်သေးသည် ဟု အောက်မေ့နေဆဲ... ယခု ခွင့်မတိုင်ပဲ ကျောင်းပျက်နေသည်မှာ လေးရက်ရှိပြီ။ ဒီတစ်ခါတော့ ခေမာညိုက သူ့အိမ်ကို စာပို့လိုက်ပြီ။ စာရင်းထဲတွင် သူ့အဖေ နာမည်က ဦးသက်စိုးထွဋ်၊ အင်ဂျင်နီယာ၊ စိုးဆောက်လုပ်ရေး၊ အမေက ဒေါ်နန်းမူ၊ ကွယ်လွန်။ သူက တစ်ဦးတည်းသော သားဖြစ်သည်။ အဖေက အလုပ်များပြီး သားကို လှည့်မကြည့်နိုင်သည့်ပြင် မိတဆိုး ဖြစ်သဖြင့်လည်း အလိုလိုက်ထားပုံ ရသည်။ သို့ကြောင့်သာ ကလေးက ဆိုးနေခြင်း ဖြစ်ပုံရသည်။
ဦးသက်စိုးထွဋ် ဆိုသော အမည်ကို ကြည့်၍ လွန်ခဲ့သော ဆယ့်လေး ငါးနှစ်က ခေမာညိုနှင့် တစ်တန်းတည်း နေခဲ့ဖူးသော သက်စိုးထွဋ် ဆိုသော ကောင်လေး တစ်ယောက်ကို ပြန် အမှတ်ရမိသည်။ အခင်ဆုံး သူငယ်ချင်း ဖြစ်သောကြောင့် သတိရခြင်းတော့ မဟုတ်ပါ။ ခေမာညို ကြည့်မရသော၊ တစ်တန်းလုံး၊ တစ်ကျောင်းလုံး အော့ကြောလန် အဖွဲ့ထဲမှ ဖြစ်သောကြောင့်သာ မှတ်မိနေခြင်း ဖြစ်ပါသည်။
**********
(၂)
ခေမာညို့ မိဘများက အစိုးရဝန်ထမ်းများ ဖြစ်သည်မို့ တစ်နယ်ပြီး တစ်နယ်၊ တစ်မြို့ပြီး တစ်မြို့ ပြောင်းနေခဲ့ရသည်။ ခေမာညို ကိုးတန်းနှစ်တွင် မြေလတ်မြို့လေး တစ်မြို့မှ အထက်တန်း ကျောင်းတွင် နေခဲ့ရသည်။ အသစ်ပြောင်းလာသူ ဖြစ်သော်လည်း စာတော်သူမို့ မကြာခင်မှာပင် ဆရာ ဆရာမများနှင့် အတန်းဖော် သူငယ်ချင်းများ၏ ချစ်ခင်မှု ခေမာညို ရရှိပါသည်။ ထိုစဉ်က ခေမာညိုတို့အထက်ကျောင်းတွင် ရင်ဖုံးအင်္ကျီနှင့် ထမီရှည်ရှည် ဝတ်ရမည်ဟု စည်းကမ်းချက် မရှိသော်လည်း မြန်မာဆန်ပြီး မိန်းမပီသလွန်းသော မေမေ့ကြောင့် ခေမာညိုက ရင်ဖုံးနှင့် ထမီကိုပဲ ဝတ်ခဲ့ရပါသည်။ ထိုပုံစံကြောင့်လည်း ယောင်္ကျားလေးများ၏ စိတ်ဝင်စားမှုကို ပိုခံခဲ့ရပါသည်။ မေမေ့ကြောင့်သာ အဲဒီလို ပုံစံ ဝတ်သော်လည်း ခေမာညိုက ရှက်တတ် ကြောက်တတ်သော ယဉ်ကျေးသိမ်မွေ့သူလေးတော့ မဟုတ်ခဲ့ပါ။ ခေမာညိုကို စနောက်သော၊ စာပေးသော ကောင်လေးများကို ရှက်ရွံပုံ လုံးဝမပါသော ခပ်တည်တည် အကြည့်၊ ခပ်တင်းတင်း မျက်နှာနှင့် သာ တုံ့ပြန်ခဲ့ပါသည်။ လွန်လာလျှင်တော့ ခေမာညို့ ပါးစပ်မှ ရက်ရက်စက်စက် ချိုးချိုးဖဲ့ဖဲ့ ပြောပစ်လိုက်ဖို့ ဝန်လေးသူ မဟုတ်ပါ။
ခေမာညိုကို စိတ်အနှောက်အယှက် အပေးဆုံးမှာ ကောင်လေး ခြောက်ယောက် အဖွဲ့ ဖြစ်သည်။ သူတို့လည်း ကိုးတန်းပေမယ့် ခေမာညို နှင့် တန်းခွဲခြင်းတော့ မတူပါ။ သူတို့က ခေမာညိုကိုသာ မဟုတ်၊ ကောင်မလေး တိုင်းကို ခြေလှမ်းမှားအောင် ပြောင်လှောင် စနောက်ကြသူများဖြစ်သည်။ ကိုးတန်းအောင်ပြီး ဆယ်တန်းတက်သော အခါမှာလည်း အမှတ်နှင့် ခွဲထားခြင်း မဟုတ်သဖြင့် ခေမာညို နှင့် လူဆိုးလေး ခြောက်ယောက်ထဲမှ နှစ်ယောက်က အတန်းချင်းတူသွားသည်။  ကျောင်းမှန်မှန်တက်ပြီး စာမှန်မှန် မကြိုးစားသော ထိုခြောက်ယောက်သည် ဥာဏ်ကောင်း ၍သာ ကိုးတန်းကို နှစ်ချင်းပေါက် အောင်လာခြင်း ဖြစ်မည်။ အရင်က နာမည်တွေ မသိပေမယ့် ခေမာညိုတို့ အတန်းထဲရောက်လာမှ ထိုနှစ်ယောက်မှာ သက်စိုးထွဋ် နှင့် ဟန်ဝင်း ဖြစ်ကြောင်း သိလာသည်။
ခေမာညိုတို့ သူငယ်ချင်း တစ်စုက အရေးကြီးသော အတန်း ဖြစ်သည့်အတွက် အသည်းအသန် စာကြိုးစားနေသလောက် ကောင်လေးများကတော့ အစွမ်းကုန် ဆိုးပေတေနေသည်။ ကျောင်းပြေးသည်။ ရန်ဖြစ်သည်။ ဆေးလိပ် နှင့် အရက်ကို စမ်းသတ်ကြသည်။
အဲဒီလို နေလာရင်း...သက်စိုးထွဋ်က ခေမာညိုကို မရိုးမသား စိတ်ဝင်စားသယောင် အမူမယာများ ပြလာသလို ဟန်ဝင်း ကလည်း ခေမာညို့ သူငယ်ချင်းတစ်ယောက်ကို စာလိုက်ပေးသည်။ သူငယ်ချင်းက မယူသဖြင့် သုံးရက်မြောက် နေ့တွင် လွယ်အိတ်ထဲ ခိုးထည့်ထားသည်။ သူငယ်ချင်းက လွှင့်ပစ်ရန် ပြင်သော်လည်း ခေမာညိုက ဆရာမကို ပေးလိုက်သဖြင့် စာပေးသော အကောင် ကောင်းကောင်း အဆူခံလိုက်ရသည်။ အဲဒီနောက် သူတို့က ခေမာညို့ကို အကြီးအကျယ် မကျေမနပ်ဖြစ်ကာ ပစ်မှတ်ထားလာသည်။
သူတို့ထဲမှ စောသွင် ဆိုသော တစ်ယောက်က ခေမာညိုကို စကားလိုက်ပြောသည်။ သူတို့ အဖွဲ့ထဲမှပဲ မင်းနိုင် ဆိုသော တစ်ကောင်ကလည်း ရိသဲ့သဲ့ လုပ်လာသည်။ တစ်ခြားတစ်ကောင်ကလည်း တိတိလင်းလင်း မဟုတ်ပဲ မကြားတစ်ကြား ရည်းစားစကား လိုလို ဘာလိုလို ပြောချင်လာသည်။ ခေမာညိုကို တကယ်ကြိုက်တာ မဟုတ်ပဲ သက်သက် နှောက်ယှက်နေတာ အသိသာကြီးပင် ဖြစ်သည်။ စောသွင်က အဆိုးဆုံး ဖြစ်သည်။ အတန်းပိုင် ဆရာမ ကိုပင် တိုင်ပြောရသည့် အဆင့် ရောက်လာသည်။ ဆရာမက သတိပေး ဆုံးမသော်လည်း သူတို့ အလေးမထား။ တစ်ခါတလေ ခေမာညိုတို့ အိမ်ရှေ့တွင် ဂစ်တာ လာတီးကာ သံသေးသံကြောင်နှင့် ဆိုတတ်ကြသေးသည်။
သူတို့ ခြောက်ယောက်ထဲတွင် နည်းနည်းပါးပါး အေးသည် ဟုဆိုနိုင်သော သက်စိုးထွဋ်ကပါ ခေမာညို့ကို ရည်းစားစကား ပြောလာသောအခါ ဒေါသက ထိန်းမရတော့ပါ။ သူ့ကို တော်တော်ကြီး နစ်နစ်နာနာ ရက်ရက်စက်စက် ပြောပစ်လိုက်သည်။ ဘာတွေပြောခဲ့သလဲ ဆိုတာ ယခုပြန်စဉ်းစားတော့ မမှတ်မိတော့ပါ။ အသားဖြူသော သူ့မျက်နှာမှာ ခပ်နီနီ ဖြစ်ကျန်ခဲ့သည်ကို မှတ်မိသည်။ သက်စိုးထွဋ်က အဲသည့်တစ်ခါ နှင့်ပင် တော်တော်လန့်သွားပုံရပြီး နောက်ထပ် လာမစတော့ပါ။ မျက်နှာပြောင်ပြီး အရှက်မရှိသော စောသွင်နှင့် တစ်ခြား နှစ်ကောင်ကတော့ ခေမာညို ဘယ်လောက်ပြောပြော လိုက်ပတ်သက်ကြတုန်းပင်။
စာမေးပွဲကြီး နီးလာသောကြောင့် ခေမာညိုတို့မှာ စာတွေရဲ့ ဖိအားဖြင့် မအားမလပ် ဖြစ်နေသောအချိန်။ တစ်နေ့ ညနေဘက် ကျောင်းဆင်းချိန်တွင် စောသွင်က ပြဿနာရှာလာသည်။ ဆရာမ၏ ဆူပူမှုကြောင့် လဝက်လောက် ငြိမ်နေရာမှ တစ်စခန်းထ လာခြင်းဖြစ်သည်။ ခေမာညို့ ရှေ့မှ ပိတ်ရပ်၍ ရည်းစားစကား ပြောသည်။ လမ်းဖယ်ခိုင်း သော်လည်း ဖယ်မပေးပဲ ထုပ်ဆီးတိုးသလို လုပ်နေသည်။ တစ်ခွန်း နှစ်ခွန်း ပြော၍ မရသောအခါ ခေမာညို သည်းခံနိုင်စွမ်းကုန်သွားသည်။ သူ့ကို ပါးရိုက်လိုက်သည်။ ထိုအကောင်ကလည်း လျင်သလား မပြောနှင့်။ ခေမာညို့ လက်ကို ဖမ်းကိုင်ထားသည်။ သူ့ပါးကို မရိုက်မိ။ သို့ပေမယ့် ခေမာညိုက ချက်ချင်း ဆိုသလို ဘယ်လက်နှင့် သူ့မျက်နှာကို ရိုက်ချလိုက်တော့ သူခံလိုက်ရသည်။ ခေမာညို့ လက်ကိုလည်း လွှတ်ပေးလိုက်ရသည်။ နောက်ဘက်တွင် ကျောင်းသား ကျောင်းသူ တစ်ဖွဲ့ကြီး လာနေသဖြင့် သူဘာမှ ထပ်မလုပ်ရဲပဲ ပြန်လှည့်သွားသည်။
ခေမာညိုက ဆရာမကို တိုင်သဖြင့် ဆရာမလည်း စိတ်ဆိုးပြီး ကျောင်းအုပ်ဆရာမကြီှးဆီ တင်လိုက်သည်။ ဆရာမကြီးက စောသွင်၏ မိဘများကိုပါ ခေါ်၍ သတိပေးသည်။ စောသွင်ကို နောက်နောင် ထိုကဲ့သို့ အနှောက်အယှက် မပြုတော့ပါကြောင်း ခံဝန်ချက်တွင် လက်မှတ်ထိုးခိုင်းသည်။ နောက်တစ်ကြိမ် ဖြစ်ခဲ့လျှင် ကျောင်းထုတ်မည် ဟု သတိပေးလိုက်သည်။
အဲဒီနောက်ပိုင်းကျမှ ခေမာညို့ အတွက် အနှောက်အယှက် ကင်းသွားသည်။ သက်စိုးထွဋ်ကလည်း ကျန်ငါးယောက်နှင့် သိပ်မတွဲပဲ ရှောင်ဖယ်ဖယ် လုပ်နေပုံရသည်။ တခြား ဘယ်မိန်းကလေးကိုမှလည်း သိပ်မစ မနောက်ရဲတော့ပဲ သူတို့ ခြေငြိမ်သွားသည်။ စားမေးပွဲ နီးနေ၍လည်း ဖြစ်လိမ့်မည်။
စာမေးပွဲကြီး စစ်သောအခါ ခေမာညိုသည် အပြည့်အဝ စိတ်တိုင်းမကျ သော်လည်း တော်တော် ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်ခဲ့ပါသည်။ ခေမာညိုတို့ တုန်းက မြို့ရှိ အထက်တန်းကျောင်း သုံးကျောင်းတွင် ခုံနံပါတ် နှင့် အမည် လိုက် ခွဲချ၍ ကျရာ စာစစ်ဌာနတွင် ဖြေဆိုရခြင်း ဖြစ်ရာ ဟိုခြောက်ယောက်နှင့် ခေမာညိုမှာ ကျောင်းချင်းမတူသဖြင့် သူတို့ မျက်နှာတွေကို မြင်မနေရခြင်းကလည်း ပို၍ စိတ်ချမ်းသာစရာ ကောင်းသည်။
စာမေးပွဲ နောက်ဆုံးနေ့တွင် ထိုခြောက်ယောက် အချင်းချင်း ရန်ဖြစ်သဖြင့် ရဲဌာန အချုပ်ခန်းထဲပင် ရောက်သွားသေးသည် ဟုကြားသည်။ ဘာအကြောင်းကြောင့်လဲတော့ ခေမာညို မသိပါ။ စာမေးပွဲပြီး၍ နောက်သုံးရက် အကြာမှာ ခေမာညိုတို့ မိသားစု ထိုမြို့ကလေးမှ ပြောင်းရွှေ့ခဲ့ရသည်။ ထိုမြို့မှ သူငယ်ချင်းများနှင့် မဆုံဖြစ်သည်မှာလည်း ပြောင်းခဲ့သော အချိန်မှစ၍ ယခုထိပင် ဖြစ်သည်။
**********
 (၃)
နောက်တစ်နေ့တွင် ကျော်ကျော်သက်၏ အဖေ ဦးသက်စိုးထွဋ် ဆိုသူ လာတွေ့ပါသည်။ ခေမာညိုတို့ ဆရာမများ နားနေခန်းတွင် သူ့ကို ခေါ်၍ စကားပြောကြသည်။ တွဲဖက်အတန်းပိုင် နှင့် ခေမာညို ပဲ ရှိသည်။ တစ်ခြား ဆရာ ဆရာမများက အတန်းဝင်နေကြသည်။
ခေမာညိုသည် ထိုလူ့မျက်နှာကို တွေ့ဖူးသလို ထင်မိသည်။ ထိုလူကလည်း ခေမာညို့ကို တွေ့တော့ အံသြသွားပုံဖြင့် သေချာကြည့်နေသည်။ တည်ကြည်သန့်ပြန့်သော လူကြီးလူကောင်း ပုံစံအပြည့်နှင့် ထိုအင်ဂျင်နီယာကို တစ်ချိန်က လူဆိုးလေး သက်စိုးထွဋ် ဖြစ်လိမ့်မည် ဟု ခေမာညိုက လုံးဝ မထင်မိခဲ့ပါ။ ကျောင်းဝင်းရှေ့တွင် ရပ်ထားသော မီးခိုးရောင် surf ကားရပ်၍ သူဆင်းလာသည်ကိုလည်း ခေမာညိုတို့ လှမ်းမြင်ခဲ့ရသည် မဟုတ်လား။
“ကျွန်တော် ကျော်ကျော်သက် အဖေပါ၊ ဆရာမနာမည် ခေမာညို များလား”
“ဟုတ်ပါတယ်ရှင်”
တိုင်စာထဲတွင် အတန်းပိုင်ဆရာမ ဟုသာ ရေးခဲ့သည်။ ခေမာညို့နာမည်ကို ထည့်မရေးခဲ့ပါ။
“ဆရာမ ကျွန်တော့်ကို မမှတ်မိဘူးလား၊ ဟိုအရင် ကိုးတန်း ဆယ်တန်း တုန်းက ကျွန်တော်တို့ တစ်ကျောင်းတည်း နေဖူးတယ်လေ”
သူက ပြောလာတော့မှ သူ့မျက်နှာကို ခေမာညို မှတ်မိသွားသည်။
“သက်စိုးထွဋ်၊ ကျွန်မက နာမည်တူတာပဲလို့ အောက်မေ့နေတာ၊ ရှင်ဖြစ်မယ်လို့ မထင်မိဘူး”
“ကျွန်တော်လည်း ဟုတ်မှဟုတ်ပါ့မလားလို့၊ ခင်ဗျားကို ခုချိန်မှာ ဆရာဝန် ဖြစ်နေလိမ့်မယ်လို့ ထင်ထားတာ”
“ဒီလိုပေါ့ရှင်၊ ကျွန်မ ဆေးတက္ကသိုလ် အမှတ် မမှီခဲ့ပါဘူး၊ စက်မှုတော့ မီပေမယ့် ဝါသနာမပါတာနဲ့ ရိုးရိုးမေဂျာပဲ ယူခဲ့တာ...၊ ထိုင်ပါဦး”
“ဟုတ်ကဲ့၊ သားနဲ့ ပတ်သက်ပြီး ပြောစရာ ရှိတာ ပြောပါ၊ ကျွန်တော်လည်း အခုတလော အလုပ်များနေတာနဲ့ သားကို ဂရုမစိုက်မိသလို ဖြစ်နေပါတယ်”
“ကျော်ကျော်သက်က ဥာဏ်ကောင်းပေမယ့် ကြိုးစားချင်စိတ်က မရှိဘူး၊ ခွင့်မတိုင်ပဲ ကျောင်းပြေးတာကလည်း ခဏခဏပဲ၊ သူပေါင်းတဲ့ အပေါင်းအသင်းတွေကလည်း ပြောရမယ်ဆိုရင် ကလေကချေ လူဆိုးလေးတွေချည်းပဲ၊ ကျွန်မတို့လည်း ဆုံးမပေမယ့်...ကျွန်မတို့မှာက ဒီကလေး တစ်ယောက်တည်း ကြည့်ရှု ဆုံးမရတာ မဟုတ်ဘူးလေ၊ အဲဒါကြောင့် မိဘတွေ အနေနဲ့လည်း တစ်ဖက်က ကူပြီး ပြောဆို ဆုံးမ ပေးဖို့ပါ။”
“ဟုတ်ကဲ့ ကျွန်တော် ပြောပါဦးမယ် ဆရာမ”
“သူက ဆရာမတွေကို ကလန်ကဆန်တော့ ဘယ်တော့မှ ပြန်မပြောဘူး၊ ဒါပေမယ့် သူက ပြန်မပြော နားမထောင် လူစားမျိုး၊ အတန်းထဲမှာ စာမေးရင်လည်း ဘယ်တော့မှ မရဘူး၊ ပထမ လပတ်မှာ ကျွန်မ ဘာသာ ၅ မှတ်ပဲ ရတယ်လေ၊ အဲဒါ သူ့ကို အတင်းမောင်းတော့မှ ဒီလပတ်တော့ ၄၀ ရတယ်။”
“နောက်ပြီးတော့ ရန်ပွဲတွေ၊ ရိုက်ပွဲတွေ မှာလည်း သူ အမြဲ ပါတယ်လို့ ကျွန်မတို့ကြားတယ်၊ ဒီကလေး အကြောင်းကို ကျွန်မတို့ သိသလို သူ့မိဘတွေ သိမှ သိပါ့မလားလို့ ... ကျွန်မတို့ ခေါ်ပြောတာပါ”
တွဲဖက်အတန်းပိုင် သိပ္ပံဆရာမ ကလည်း ဝင်ပြောသည်။
“ဟုတ်ပါတယ်၊ ကျွန်တော် မသိပါဘူး၊ နေ့တိုင်းလည်း ကျောင်းသွားမယ် ဆိုပြီး သွားနေတာပဲ၊ ရန်ဖြစ်တာ ကျွန်တော့် ပတ်ဝန်းကျင်မှာ မဖြစ်တော့ မသိပါဘူး၊ ပြောပြတာ ကျေးဇူးပါပဲဗျာ၊ ကျွန်တော် သူ့ကို ဆုံးမပါ့မယ်”
အဲဒီနောက် သိပ္ပံဆရာမက အတန်းရှိသောကြောင့် ထွက်သွားသည်။ ခေမာညို နှင့် သူပဲ ဆက်ပြောဖြစ်ကြသည်။
“ကလေးကို ဆူပူ အပြစ်တင်တာမျိုးလည်း အရမ်းကြီး မလုပ်ပါနဲ့၊ ကျွန်မတို့ ရှင်တို့လည်း တစ်ချိန်က လူငယ် ဖြစ်ခဲ့တာပဲ၊ လူငယ်တွေရဲ့ စိတ်ကို နားလည်အောင် ကြိုးစားပြီး ပြုပြင်ပြောင်းလဲ ပေးရမှာ ကျွန်မတို့ တာဝန်ပဲလေ၊ ဟင်း ဟင်း၊ တကယ်တော့ ကျော်ကျော်က ရှင် ငယ်ငယ်ကလောက်တောင် ဆိုးတာ မဟုတ်ပါဘူး”
“ကျွန်တော့် တုန်းကတော့ ခင်ဗျားပြောခဲ့တဲ့ စကားတွေကြောင့် အသိဝင်ခဲ့တာ ဗျ”
“ကျွန်မက ဘာတွေများ ပြောခဲ့မိပါလိမ့်”
“တစ်ချို့ စကားလုံးတွေကို ကျွန်တော် မှတ်မိနေတုန်းပါဗျာ၊ မိဘ ဆွေမျိုး၊ ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာတဲ့၊ လူတစ်ယောက် ဖြစ်ပြီး ကိုယ့်တာဝန်ကိုယ် မကျေရင် တန်ဖိုးမဲ့တဲ့ လူပဲတဲ့၊ တန်ဖိုး မရှိတဲ့ လူတစ်ယောက်ကို သယ်ထားရတာ ကမ္ဘာမြေကြီး သက်သက် လေးနေတာတဲ့၊ အဖိုးတန်တဲ့ အချိန်တွေကို ပျော်ပါးဖို့၊ ရန်ဖြစ်ဖို့ ဖြုန်းတီးနေတာ တော်တော် နှမြောဖို့ကောင်းတယ်တဲ့...၊ အမှန်တရား တွေ ဆိုတာ ကျွန်တော် လက်ခံလိုက်မိတယ်”
“ငယ်ငယ်တုန်းက ကျွန်မက တော်တော် ဆိုးတယ်၊ ကိုယ့်စိတ်နဲ့ မတွေ့ရင် ပက်ကနဲ ပြောလိုက်မိတာပဲ၊ သူများ နာမယ့် စကားမျိုးဆို စဉ်းစားစရာ မလိုပဲ အလိုလို ပါးစပ်က ထွက်တတ်တယ်၊ ကျွန်မ ဒီလောက်ပြောတာတောင် စောသွင်လို ကောင်မျိုးကတော့ မမှုပါဘူး၊ အသက်ကြီးလာတော့လည်း စိတ်ထဲရှိတဲ့ အတိုင်း လွှတ်ကနဲ မပြောမိအောင် ထိန်းနိုင်သွားပါပြီ”
ခေမာညို စိတ်ထင်လို့ပဲလား မသိပါ။ စောသွင် နာမည်ကို ကြားလိုက်တော့ သူ့မျက်နှာ တစ်မျိုးဖြစ်သွားသည်။
“ဒါနဲ့ ကလေးအမေက ဘယ်တုန်းက ဆုံးသွားတာလဲ”
ခေမာညိုက စကားလမ်းကြောင်းပြောင်းလိုက်သော အခါ သူ့မျက်နှာက ပိုပျက်သွားသည်။
“သားကို မွေးပြီး ကတည်းကပါပဲ”
“သြော်၊ ဖြစ်မှ ဖြစ်ရလေ...”
သူ့အမူအယာက ပျက်နေသောကြောင့် ခေမာညိုမှာ ကလေးအမေ အကြောင်းကို ထပ်မမေးရဲတော့ပါ။ ကြည့်ရတာ... အခုအချိန်အထိ နောက်ထပ်အိမ်ထောင်လည်း မပြုသေးပုံ ထောက်လျှင် ကလေးအမေကို လွမ်းဆွတ် နေဆဲ ဖြစ်ပုံရသည်။
“ကျွန်တော် အလုပ်ရှိသေးလို့ ပြန်လိုက်ပါဦးမယ် မခေမာညို၊ သားအတွက် ကျွန်တော် အချိန်ပေးပြီး ဆွေးနွေးကြည့်ပါ့မယ်၊ ဒါ ကျွန်တော့် Address Card ပါ၊ ကျော်ကျော်သက် အကြောင်းကို တိုင်ချင်ရင် အိမ်ဖုန်းပဲ ဖြစ်ဖြစ်၊ ဟန်းန် ဖုန်းပဲဖြစ်ဖြစ် ဆက်လို့ ရပါတယ်”
“ဟုတ်ကဲ့၊ ခုလို အချိန်ပေးပြီး လာတဲ့ အတွက် ကျေးဇူးပါ”
**********
(၄)
ခေမာညိုသည် ကျောင်းကအပြန် မေမေ မှာသော ပစ္စည်း တစ်ချို့ကို မြေနီကုန်း City Mart ဝင်ရာမှ ဆယ်တန်း တုန်းက တစ်တန်းတည်း အတူတူလည်း ထိုင်ခဲ့သော နီလာဦး နှင့် တွေ့သည်။ ထိုမြို့မှ ထွက်လာပြီးနောက် ပထမဆုံး တွေ့ဖြစ်သော သူငယ်ချင်းပင် ဖြစ်သည်။ နီလာသည် အရင် ဆယ်ကျော်သက်က ကိုယ်လုံးနှင့် ဘာမှ မဆိုင်အောင် ဝလာသည်။ သူတို့နှစ်ယောက် Season မှာပင် ခဏထိုင်ဖြစ်ကြသည်။
“နင် အိမ်ထောင်ကျပြီလား နီလာ”
“အင်းပေါ့၊ ဘယ်သူ ဖြစ်မလဲ မှန်းကြည့်၊ ဆယ်တန်းတုန်းက ငါတို့ အတန်းထဲကပဲ”
ဆယ်တန်းတုန်းက တစ်တန်းသား ကောင်လေးတွေ အကုန်လုံးကိုတော့ ခေမာညို မမှတ်မိတော့ပါ။ အတန်းထဲမှာ စာတော်သော ကျောင်းသားနှစ်ယောက် သုံးယောက်နှင့် လူဆိုးလေး ခြောက်ယောက်ကိုသာ သေချာသိခဲ့တာ...။ သူတို့တော့ မဖြစ်နိုင်ဘူး ထင်ပါသည်။
“ငါ မမှန်းတတ်ပါဘူး ဟာ”
“ဟင်း ဟင်း ဟန်ဝင်းလေ...၊ နင်အမြင်ကပ်တဲ့ ခြောက်ယောက် အဖွဲ့ထဲကပဲ”
“သြော်သိပြီ၊ နင့်ကို စာပေးဖူးတဲ့ တစ်ယောက်ပဲ၊ ငါ ဆရာမကို ပေးလိုက်လို့ ဆူခံလိုက်ရတဲ့ကောင်ပဲ မဟုတ်လား၊ နင်က သူ့ကိုကြိုက်တယ်ပေါ့၊ မထင်မိပါဘူး ဟယ်”
“ငါလည်း စဉ်းစားပါသေးတယ်၊ ဒါပေမယ့် သူက ငါ ကောလိပ် တက်တဲ့ တစ်လျှောက်လုံး လိုက်နေတာ ဆိုတော့ သနားပြီး ပြန်ကြိုက်လိုက်တာ”
“နင့်အိမ်က သဘောတူရဲ့လား”
“ဘယ်တူမှာလဲ၊ ငါကျောင်းပြီးသွားတော့ သူနဲ့ငါ ခိုးပြေးတာလေ၊ ငါ့အိမ်က ခုထိ မခေါ်ဘူး”
“နီလာရယ် နင်မိုက်လိုက်တာ..၊ အခု ဘယ်လိုလဲ အဆင်တော့ ပြေတယ် မဟုတ်လား”
“သူက ငါ့ကို တကယ်ချစ်တာပါ၊ ငါ့အပေါ်မှာလည်း ကောင်းပါတယ်၊ သူက ဆယ်တန်းမအောင်တော့ အခု ကွန်တိန်နာ ကားကြီးတွေမောင်းနေတယ်၊ ငါက ကုမ္ပဏီ တစ်ခုမှာ ဝင်လုပ်နေတယ်၊ ကလေး နှစ်ယောက် ရနေပြီ၊ နင်ရော အခုထိ အပျိုကြီးပဲလား”
“အင်း၊ ငါလည်း အဲဒီမြို့က ထွက်လာပြီးကတည်းက ဘယ်သူနဲ့မှ မတွေ့ဘူး၊ ဆုံမယ့် ဆုံတော့လည်း ... ဟိုတလောက သက်စိုးထွဋ် နဲ့ တွေ့တယ်၊ အခု နင်နဲ့ တွေ့တယ်”
“သက်စိုးထွဋ်နဲ့ ဘယ်မှာ တွေ့တာလဲ”
“ငါ့အတန်းထဲက ကောင်လေးရဲ့ အဖေ ဖြစ်နေတယ်လေ၊ ကျောင်းပြေးလွန်းလို့ တိုင်စာပို့တော့ လာတွေ့ရင်းနဲ့မှ သိတာ၊ သူက အခု အင်ဂျင်နီယာ ဖြစ်နေတယ် ဟဲ့၊ အရင်ကနဲ့ တခြားစီပဲ..”
“ငါသိပါတယ်၊ ငါတို့ ရန်ကုန် ရောက်ပြီး မကြာဘူး သူနဲ့ တွေ့တယ်လေ၊ သုံးနှစ်လောက် ရှိပြီပေါ့၊ သက်စိုးထွဋ် အကြောင်းကို သူကလွဲရင် အသိဆုံးက ငါတို့ နှစ်ယောက်ပဲ၊ နင့်ကို လည်း ပြောပြစရာတွေ ရှိသေးတယ်၊ အဲဒီ နင့်အတန်းက ကလေးကို ဘယ်သူ့ ကလေး မှတ်သလဲ”
“သူ့ကလေး ပဲလေ မဟုတ်ဘူးလား”
“မဟုတ်ဘူး၊ သူ့သားမဟုတ်ဘူး၊ သူ့တူလေးပါ”
“ဘယ်လို၊ ဘာလို့...”
“နင် အံသြသွားလား၊ သူ့ညီမကိုတော့ နင် မှတ်မိတယ် မဟုတ်လား ငါတို့ ထက် တစ်တန်းငယ်တယ်လေ၊ စာလည်းတော်တယ်၊ ဒါပေမယ့် သူ့အစ်ကိုရဲ့ ညီမ ဖြစ်လို့ ကံဆိုးရရှာတယ်”
“ဒါဖြင့် အဲဒီ သူ့ညီမ သားပေါ့ ဟုတ်လား၊ နင်လေသံ နားထောင်ရတာ ပုံမှန် မဟုတ်တဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ ရှိပြီနဲ့တူတယ်”
“အမှန်ပဲ၊ အဲဒီ ဇာတ်လမ်းက နင်နဲ့လည်း ပတ်သက်တယ်”
“ဘာ... ငါနဲ့”
ခေမာညို အတော်ကို အံသြသွားပါသည်။ သက်စိုးထွဋ် ညီမ နှင့် ခေမာညို ဘာများ ပတ်သက်မှု ရှိနိုင်ပါမည်နည်း။
“ငါ အစက စပြောမှ နင် ဇာတ်ရည်လည်လိမ့်မယ်၊ ငါတို့ ဆယ်တန်း စာမေးပွဲ ပြီးတဲ့နေ့က သူတို့ အဖွဲ့ ရန်ဖြစ်ကြတာ နင်သိတယ်မဟုတ်လား၊ အားလုံး အချုပ်ထဲတောင် ရောက်သွားကြသေးတယ်“
“အင်း၊ ငါကြားမိပါတယ်”
“ဘာကိစ္စနဲ့ ဖြစ်ကြတာလဲ ဆိုတာရော နင်သိလား”
“မသိဘူး၊ အဲဒါနဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်လို့ပေါ့ ဟာ၊ အဲဒီ စာမေးပွဲပြီးတဲ့ နေ့က စောသွင်က နင့်ကို ကားတင်ပြေးဖို့ စီစဉ်ထားတာ၊ ညနေဘက် နင် စာအုပ်ဆိုင် သွားမှာပဲ ဆိုပြီး စာအုပ်ဆိုင် သွားတဲ့လမ်းက လူလည်းရှင်းတော့ နင့်ကို အဲဒီမှာ ကားတင်ပြေးဖို့ လုပ်ထားတာ၊ သူ့အစ်ကို ဝမ်းကွဲ လူမိုက်က ကားမောင်းပေးမယ်၊ နောက် တစ်ယောက်လည်း ပါဦးမယ်၊ အဲဒီအကြောင်းကို သူ့ဟာသူ စီစဉ်ထားပြီးမှ သူ့အဖွဲ့ကို ပြောပြတော့ သက်စိုးထွဋ်က အပြင်းအထန် ကန့်ကွက်တယ်၊ မိုက်ရိုင်းတဲ့ အကောင် ဆိုပြီး စောသွင်ကို ထိုးရာက သူတို့ ရန်ဖြစ်ကြတယ်လေ၊ သက်စိုးထွဋ် ဘက်က ဟန်ဝင်းနဲ့ ထက်ခေါင်၊ စောသွင်ဘက်က မင်းနိုင်နဲ့ စိုးမင်းဝင်း သုံးယောက်စီ အကြီးအကျယ် ဖြစ်ကြတာပဲ၊ အချုပ်ထဲမှာကို ထိန်းသိမ်းခံလိုက်ရသေးတယ်၊ နင့်ကို ခိုးပြေးမယ့် အစီအစဉ်လည်း ပျက်သွားတာပေါ့ဟာ”
“ငါ တစ်စွန်းတစ်စမှ မသိခဲ့ရပါလား ဟယ်”
ကံကောင်းလို့ပေါ့။ ကံကောင်းလို့ ဆိုတာထက် သက်စိုးထွဋ် ကျေးဇူးကြောင့်သာ လူယုတ်မာရဲ့ လက်က ခေမာညို သီသီလေး လွတ်ခဲ့ရတာပါလားနော်...။
နီလာဦးက ဆက်ပြောပြန်သည်။
“ရဲဌာနမှာ သက်စိုးထွဋ် က နင့်နာမည်ကို လုံးဝမပြောခဲ့ဘူး၊ စောသွင်ကလည်း သူ့အကြံ မအောင်တော့ မပြောတော့ဘူးလေ၊ အဲဒါကြောင့် ဘယ်သူမှ မသိလိုက်တာ...”
“တကယ် မိုက်ရိုင်းတဲ့အကောင်ပဲ၊ ငါက သူ့ကို ပက်ပက်စက်စက် ပြောခဲ့ရုံတင်မက ပါးလည်း ရိုက်ခဲ့သေးတယ်၊ ဆရာမကြီးဆီလည်း တိုင်ခဲ့သေးတယ် ဆိုတော့ ငါ့ကို အညှိုးအတေးထားပြီး လက်စားချေချင်တာ ဖြစ်မှာပေါ့”
“အဲဒီအကောင်က တကယ်အညှိုးကြီးတဲ့ကောင်ပဲ၊ သူ့အကြံအစည် သက်စိုးထွဋ်ကြောင့် ပျက်သွားတော့ အဲဒီကတည်းက သက်စိုးထွဋ်ကို အတေးအမှတ်ထားခဲ့တာပဲ”
“အဲ ၅ နာရီတောင် ထိုးတော့မှာပဲ၊ ငါ့ကလေး မူကြိုက သွားကြိုရဦးမယ်၊ ဇာတ်လမ်းကလည်း ပြောလို့ကောင်းနေတာ... နောက်မှ တွေ့ကြမယ် ဟေ့ နင့်ဖုန်းနံပါတ် ပေးထား၊ ငါဆက်ပြီး ချိန်းမယ်လေ၊ ခုတော့ သွားပြီနော်”
နီလာဦးသည် ခေမာညို့ ဖုန်းနံပါတ်ကို တွေ့ရာစာရွက်မှာ မှတ်သွားပြီး သူ့ဖုန်းနံပါတ်လည်း ပြန်မပေးပဲ ပျာယီးပျာယာ ထွက်သွားသဖြင့် ခေမာညို့မှာ သူ့ကို မေးချင်တာတွေ ရှိသေးသော်လည်း မမေးရတော့ပဲ ကျန်ခဲ့ရသည်။ သက်စိုးထွဋ် ညီမ က ဘာဖြစ်သွားလို့ သူ့သားက ဦးလေးဖြစ်သူထံမှာ နေနေရတာလဲ...။ ခေမာညိုသည် တစ်ပိုင်းတစ်စ ထားခဲ့သော ဇာတ်လမ်းကို သိချင်စိတ် ပြင်းပြနေသော်လည်း ဘာမှ မတတ်နိုင်တာမို့ နီလာဦး ဖုန်းဆက်လာမှာကိုပဲ မျှော်ရတော့မည်။
**********

(အရင်က ရေးထားတဲ့ ဝတ္တုလေးပါ၊ ပြီးအောင် မရိုက်နိုင်သေးတာနဲ့ ပြီးသလောက်လေး အရင်တင်လိုက်ပါတယ်...)


သိင်္ဂါကျော်

2 comments:

ရွှေပြည်သူ said...

စာရေးသိပ်ကောင်းတာပဲ အစ်မရယ်။ ဆက်ရေးပါဦး။ သက်စိုးထွဋ်ကို ကြားက သနားပြီး ခေမာညိုနဲ့ ဆုံစေချင်နေမိတယ်။ စောင့်ဖတ်နေပါ့မယ် အစ်မ...

ဝက်ဝံလေး said...

ပထမပိုင်း ဖတ်ပြီးတော့ မမန့်နိုင်ဘူး မမရေ ဆက်ပြီး ဖတ်ချင်နေလို့ ဟိဟိ အားလုံး ပြီးသွားမှ မန့်ရတော့တယ် ဟက်