20 January, 2010

မှန် ၁၀၀၀ နဲ့ အိမ်




ဟိုးရှေးရှေးတုန်းက ဝေးလံတဲ့ နေရာမှာရှိတဲ့ ရွာငယ်ငယ်လေးရွာမှာ… မှန် ၁၀၀၀ အိမ် လို့ ခေါ်တဲ့ နေရာတစ်ခု ရှိပါတယ်။ သေးငယ်ပြီး ပျော်တတ်တဲ့ ခွေးငယ်လေး တစ်ကောင်ဟာ အဲဒီနေရာကို လေ့လာချင်တာနဲ့ သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ အဲဒီကို ရောက်တဲ့အခါ အိမ်ရဲ့ တံခါးပေါက်ကိုရောက်အောင် လှေကားထစ်တွေကို ပျော်ပျော်ရွှင်ရွှင် တက်သွားခဲ့ပါတယ်။ တံခါးကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ သူ့နားရွက်တွေ ထောင်ပြီး အမြီးလည်း ထောင်လာပါသည်။ သူ့လိုပဲ အမြီးထောင်ပြီး ပျော်ရွှင်နေတဲ့ တစ်ခြားခွေး ၁၀၀၀ ကို တွေ့လိုက်ရတဲ့ အတွက် သူအတော် အံသြသွားပါတယ်။ သူက တောက်တောက်ပပ ပြုံးပြလိုက်တော့ တစ်ဖက်က နွေးထွေးလှိုက်လှဲတဲ့ အပြုံး ၁၀၀၀ ကို သူပြန်ရခဲ့ပါတယ်။ သူ အဲဒီအိမ်က ထွက်လာတော့ “တကယ် အံသြစရာကောင်းတဲ့ နေရာပဲ၊ ငါပြန်လာဦးမယ်၊ မကြာခဏကို လာလည်ဦးမယ်” လို့ သူ့ဟာသူ စဉ်းစားနေပါတယ်။

အဲဒီရွာမှာပဲ အမြဲတမ်း မပျော်မရွှင် ဖြစ်နေတဲ့ တခြား ခွေးငယ်လေး တစ်ကောင်ကလည်း အဲဒီအိမ်ကို သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ဖြည်းဖြည်းလေးလေး အိမ်ပေါ်ကို တက်လာခဲ့ပြီး ခေါင်းငိုက်စိုက်နဲ့ အိမ်ထဲကို ကြည့်လိုက်ပါတယ်။ မဖော်ရွှေ မပျူငှာတဲ့ မျက်နှာ ၁၀၀၀ က သူ့ကို ကြည့်နေတာကို မြင်လိုက်ရတော့ သူကလည်း သူတို့ကို မာန်ဖီလိုက်ပါတယ်။ တစ်ဖက်က ခွေးကလေး ၁၀၀၀ ကလည်း သူ့ကို ပြန်ပြီး မာန်ဖီပြနေတာကို ကြောက်စရာ တွေ့လိုက်ရပါတယ်။ သူပြန်ထွက်လာတဲ့အခါမှာတော့ “ဒီနေရာက တကယ့်ကို ကြောက်စရာ နေရာပဲ၊ ငါနောက် ဘယ်တော့မှ ထပ်မသွားတော့ဘူး”လို့ သူ့ဟာသူ ပြောလိုက်ပါတယ်။

ဒီကမ္ဘာပေါ်က မျက်နှာတိုင်းဟာ ကြည့်မှန်တွေပါပဲ။ သင်နဲ့တွေ့ဆုံတဲ့ လူတွေရဲ့ မျက်နှာတွေပေါ်ကနေ ဘယ်လို တုန့်ပြန်မှုမျိုးကို သင်မြင်ချင်ပါသလဲ…။

ဂျပန်ရိုးရာ ပုံပြင်တစ်ပုဒ် ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်


10 comments:

ဝက်ဝံလေး said...

ဟုတ်တယ် မှန်တယ် အမ ရေ ဘာသာပြန်လေး အတွက် ကျေးဇူးးးနော်

ကိုလူထွေး said...

ဟီးဟီးဟီး...

မှန် ၁၀၀၀ ကို ရယ်ပြသွားပါသည်...

းဝ)

ကိုဇော် said...

ဂွတ်တယ်ဗျာ..။
ဒါကို မျက်နှာလို့ ပြောတာပဲ..။

ကျနော်ကတော့ လူမှု ဆက်ဆံရေး ၂ မျိုးဆိုပြီး ရေးထားမိသေးတယ်.။

ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ။

မြတ်မွန် said...

ဟုတ်တာပေါ့။
ကိုယ်ပြုံးရင်ပြုံးမှာပဲ။
လူတိုင်းက ကိုယ်ရဲ့ ကြည့်မှန်တွေပါပဲ။
ပိုစ့်ကောင်းလေးတစ်ပုဒ်ပဲနော်။

တောင်ပေါ်သား said...

မှန်ဆိုတဲ့ အတိုင်းပေါ့ လူတိုင်းကိုယ့်လုပ်ရပ်ကို ကိုယ်ဆီပြန်လာမှာပါပဲ တန်ပြန်အကျိုးပေးပေါ့နော့်
မှတ်ထားမိပါတယ် ကျေးဇူး


လေးစားလျက်
တောင်ပေါ်သား

ဒဏ္ဍာရီ said...

ကိုယ့်အရိပ်နဲ့ ကိုယ့်အတိတ်က ကိုယ်ထံမှာပဲ ပြန်မြင်ရတယ်လေ..။ ကိုယ့်ကိုယ်ကို လိမ်ဖို့ ကြိုးစားလို့ မရဘူးဆိုတာပေါ့။

ခင်မင်လေးစားလျှက်

ရီမိုးပြည့်  said...

မှတ်သားစရာလေးပါ..
ကျေးဇူးတင်ပါတယ်...

ရွှေရတုမှတ်တမ်း said...

သတိ..ခွေးကိုက်တတ်သည်း)))

Flower said...

ဖတ်ရတာ ကောင်းလိုက်တာ သိဂါင်္ရေ..
ကျေးဇူးပါ..ဖတ်ခွင့်ရလို့

Khyl said...

ပြုံးတာနဲ့ မဲ့တာ နှစ်မျိုးပဲ လုပ်လို့တော်တေးတယ်နော်..... ဟီးဟီး နောက်တာ....

ဒီပို့စ်လေး တကယ်ကြိုက်တယ်... ကျေးဇူး...